Wednesday, December 14, 2011

ဗုဒ္ဓအဘိဓမ္မာ ရဲ့ ကမ္မ၀ါဒ ကို စူးစမ်းလေ့လာခြင်း


ရှေးဟောင်း အိန္ဒိယမှာ ပေါ်ပေါက်ခဲ့ သမျှ ဘာသာတရား ဖြစ်ကြတဲ့ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ နဲ့ ဗုဒ္ဓဘာသာ တွေ က တစ်နည်းနည်း နဲ့ တော့ ကမ္မ၀ါဒ ကို လက်ခံခဲ့ ကြတာပဲ။ သတ္တ၀ါတွေအားလုံးဟာ ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်သိမ်းရမယ် တစ်နည်းအားဖြင့်   မိမိပြုသမျှ အတိတ်ကံ အကျိုးပေး မှန်သမျှဟာ မိမိထံ ကို မလွဲ မသွေပြန်လာ မှာ အမှန်ပဲ လို့   ရှေးဟောင်း အိန္ဒိယမှာ ပေါ်ပေါက်ခဲ့ သမျှ ကမ္မ၀ါဒ တွေ က ခံယူကြတယ်။ 

ဟိန္ဒူဘာသာ ကတော့  ဖန်ဆင်းရှင်ဘုရားသခင် (ပရမတ္တမ) ကို အခြေခံပြီး ကမ္မ၀ါဒ ကို လက်ခံခဲ့ တယ်။ ဖန်ဆင်းရှင် ဘုရားသခင် ကိုရည်စူးပြီး ပူဇော်တဲ့ယာဇ်မှန်သမျှဟာ ကံပဲလို့  ခံယူခဲ့တယ်။ ဖန်ဆင်းရှင်ဘုရားသခင် (ပရမတ္တမ) က ဖန်ဆင်းထားတဲ့ ၀ိညာဉ် (အတ္တမ) တွေ မိမိ နဲ့ ဖန်ဆင်းရှင်ဘုရားသခင် (ပရမတ္တမ) ကို တစ်ကွဲစီသဘော ရှုမြင်နေသမျှ ကာလပတ်လုံး လူဟာ ကံသစ်တွေကို ပြု ပြီး ကိုယ်ပြုတဲ့ ကံတရားအတိုင်း ဘ၀သံသရာမှာကျင်လည် နေကြရတယ် လို့ ဆိုတယ်။
ဂျိန်းဘာသာ ကတော့ ဟိန္ဒူဘာသာ ရဲ့  ဖန်ဆင်းရှင်ဘုရားသခင် (ပရမတ္တမ) ကို လက်မခံပေမဲ့ ၀ိညာဉ် (ဇီဝ-အတ္တမ) ရဲ့   အရှိတရားကိုတော့ လက်ခံခဲ့ တယ်။ ကံ ဆိုတာကိုလဲ ဟိန္ဒူဘာသာမှာလို ယာဇ်ပူဇော်မှုလို့ အနက်မဖွင့် ပဲ လူ လုပ်သမျှ ကံတရားချည်းပဲလို့  ပြောင်းလဲခံယူလာခဲ့တယ်။  ဂျိန်းဘာသာ ရဲ့   အလိုအရ ၀ိညာဉ် (ဇီဝ-အတ္တမ) တွေ ဟာ ကာယ-၀စီ-မနော စတဲ့ ဒွါရတွေကနေ ကံ (ဒဏ်) တွေကို ပြုမိတာနဲ့ (စေတနာ ပါ ပါ မပါပါ ) ကံရုပ်တွေက ၀ိညာဉ် (ဇီဝ-အတ္တမ) ထံမှာ လာရောက် ကပ်ငြိ ပြီးတော့ ကိုယ်ပြုတဲ့ ကံတရားအတိုင်း ဘ၀သံသရာမှာကျင်လည် နေကြရတယ် လို့ ဆိုတယ်။ 

ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကတော့ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ စတာတွေနဲ့ မတူပဲ မိမိရဲ့   ကမ္မ၀ါဒ ကို အနတ္တ၀ါဒ ပေါ်မှာ အခြေခံထားတာ ကို တွေ့  ရတယ်။ ဗုဒ္ဓဘာသာ ဟာ ဖန်ဆင်းရှင်ဘုရားသခင် (ပရမတ္တမ) ကိုရော ၀ိညာဉ် (အတ္တမ) ကိုပါ မရှိတရားတွေအဖြစ် ရှုမြင်ပြီးတော့ ပယ်ခဲ့ပါတယ်။ ဂျိန်းဘာသာ လိုပဲ ကာယ-၀စီ-မနော စတဲ့ ဒွါရတွေကနေ ကံ တွေ ဖြစ်ပွား နေတယ်လို့ မြင်ပေမဲ့ (စေတနာ ပါ ပါ မပါပါ ) ကံရုပ်တွေက ကံပြုသူထံမှာ လာရောက်ကပ်ငြိ တယ်ဆိုတာကိုတော့ လက်မခံခဲ့ပါ။
ဗုဒ္ဓအဘိဓမ္မာရဲ့   အမြင်မှာ ကံ ဆိုတာဟာ အပြုအမူတစ်ခုကို ဖြစ်ပေါ်စေတဲ့ စေတနာစေတသိက် ကိုသာ ရည်ညွန်းပါတယ်။ ဗုဒ္ဓဘာသာ ရဲ့   အဘိဓမ္မာကျမ်းတွေမှာ ဗုဒ္ဓဘာသာ ရဲ့   ကမ္မ၀ါဒ အယူအဆကို အသေးစိတ် အနက်ဖွင့်ဆိုချက်တွေ နဲ့ ပြည့်နှက် နေပါတယ်။ အကျိုးပေးချိန်ကာလအပိုင်းအခြား ကိုလိုက်ပြီး ကံအမျိုးမျိုး အကျိုးပေးတဲ့ စွမ်းရည်သတ္တိ ကိုလိုက်ပြီး ကံအမျိုးမျိုး ကျင်လည်ရတဲ့ ဘုံဘ၀ (ကာမ ရူပ အရူပ လောကုတ္တရာ) အဆင့်အတန်း ကိုလိုက်ပြီး ကံအမျိုးမျိုး စသဖြင့် အသေးစိတ် ပိုင်းခြားဝေဖန် ပြထားတာကို တွေ့  ရတယ်။
အချုပ်အားဖြင့်ဆိုရရင် ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ အရဆိုရရင် ပြုလုပ်မှုအရာမှာ စေတနာစေတသိက်သာလိုရင်း ပဓာန ဖြစ်ပါတယ်။ စေတနာပါရှိမှသာလျှင် အထမြောက် ကံမြောက် တယ်လို့ ဆိုတယ်။ ဥပမာ- မိမိလမ်းလျောက် သွားတဲ့အခါမှာ ခြေဖဝါးအောက်တွင် ဖိမိပြီးအသက်သေသွားကြရတဲ့ ပိုးကောင်ပေါင်းများစွာရှိပေမဲ့ သေစေလိုတဲ့ စေတနာနှင့်သတ်ခြင်းမဟုတ် တာကြောင့်ပါဏာတိပါတ အသက် သတ်ခြင်းကံမမြောက်ပါ၊ ဒါပေမဲ့ ခြင်တကောင်ကို သေစေလိုတဲ့စေတနာနဲ့ သတ်လိုက်လို့ သေသွားခဲ့ရင်တော့ ပါဏာတိပါတ သူများအသက်သတ်ခြင်းကံထိုက် သွားတယ်လို့ ယူဆပါတယ်။ ဒါကြောင့် စေတနာဟံ ဘိက္ခဝေ ကမ္မံ ဝဒါမိ = စေတနာကို ကံဟု ငါဘုရားဟော တော်မူ၏ ဟုမြတ်စွာဘုရား ဟောကြားခဲ့ တယ်လို့   ဗုဒ္ဓဘာသာ ရဲ့   ကမ္မ၀ါဒ က ဆိုပါတယ်။
နာနာက္ခဏိကကံ အယူအဆ
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ အရဆိုရရင် ကံရဲ့  သဘောဟာ သိမ်မွေ့ ပြီးတော့  အင်အားသတ္တိလည်းကြီးမားပါတယ်။ ကမ္ဘာများစွာခြားသော်လည်းအကြောင်းတိုက်ဆိုင်လာတဲ့ အခါ ထိုကံမျိုးစေ့မှ အကျိုးပေးသဖြင့် ပဋ္ဌာန်းဒေသနာအရ နာနာက္ခဏိကကံ ဟုခေါ်ကြောင်း ဖေါ်ပြထားပါတယ်။အကြောင်းဟာအကျိုးနဲ့ကာလဘယ်လောက်ခြားခြား အကျိုးသက်ရောက် နိုင်စွမ်း ရှိတဲ့ အပြင် အကျိုးဟာအကြောင်းနဲ့ ယုတ္တိသဘောကိုလွန်လောက်အောင် ဆပွားကြီးမားကွာခြားစွာ အကျိုးပေးသက် ရောက် နိုင်စွမ်းရှိတယ်လို့   အဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကဆိုပါတယ်။ အဘိဓမ္မာအရပြောရလျှင် ဝီထိစိတ်အစဉ်တွင် ၂၉ ပါးသောဇောစိတ်တို့ ၌ယှဉ်သည့် စေတနာသာလျှင် နောင်ဘဝ အတွက်အကျိုးပေးနိုင်စွမ်းရှိသော ကံသတ္တိဖြစ်တာကြောင့်   ထိုဇောစိတ်များဟာ ပုထုဇဉ်၊ အရိယာအားလျော်စွာ ဇောစိတ်( ၅၅ ) ပါးမှ လောကီကုသိုလ်ဇော (၁၇ ) ပါး - ( မဟာကုသိုလ် ၈ပါး နှင့် မဟဂ္ဂုတ်ကုသိုလ် ၉ ပါး) နှင့် အကုသိုလ်ဇော (၁၂) ပါး ပေါင်း ၂၉ ပါးသည်သာ ကံဆိုသော စေတနာဖြစ် တယ်လို့ ဆိုပါတယ်။
မိမိတို့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ ဟာ ဖေါ်ပြခဲ့တဲ့ ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကို အရင်းတိုင်း ပဲ မသိနိုးနား လက်ခံထားကြတာ တွေ့ရတယ်။ ကမ္မ၀ါဒ ဟာ ဘာလဲလို့  မေးရင်အားလုံးက ကိုယ်စိုက်တဲ့ အပင် ကိုယ်ရိတ်ရမယ် တစ်နည်းအားဖြင့်   မိမိပြုသမျှ အတိတ်ကံ အကျိုးပေး မှန်သမျှဟာ မိမိထံ ကို မလွဲ မသွေပြန်လာ မှာ အမှန်ပဲ လို့   အလွယ်တကူ အဖြေပေးကြမှာပါပဲ။ ဗုဒ္ဓဘာသာ ရဲ့   အဘိဓမ္မာကျမ်းတွေ ကို လေ့လာတတ်ကျွမ်းသူတွေကလဲ မိမိ ဖတ်မှတ် လေ့လာသင်ကြားဖူးခဲ့တဲ့အတိုင်း အဖြေပေးကြမှာပါပဲ။
ဒီလို မသိနိုးနား လက်ခံထားကြတာ ကာလကြာညောင်းလာတော့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတွက် ကမ္မ၀ါဒ ဟာ အရာရာကို ရှင်းပြလို့ရတဲ့ သီအိုရီ တစ်ခု (A Theory of Everything) လိုပဲ ဖြစ်လာတော့ တယ်။ ဗုဒ္ဓ ကိုယ်တိုင်က သံယုတ္တနိကာယ် ဝေဒနာသံယုတ် သီဝကသုတ်မှာ ကံဟာ များစွာသော အကြောင်းတရားတွေ အနက်က တစ်ခုသော အကြောင်းတရားသာ ဖြစ်တယ်လို့   ဟောခဲ့ ပေမဲ့ အဘိဓမ္မာကျမ်းတွေကတော့ ကမ္မတရား ဟာ သတ္တ၀ါတွေ ရဲ့  ဘ၀သံသရာတစ်ခုလုံးကို ချုပ်ကိုင်မောင်းနှင် နေတဲ့ တစ်ခုတည်းသော အကြောင်းတရား သဖွယ် ရေးသားလာခဲ့ကြတာကို တွေ့  ရပါတယ်။ 

ကမ္မ၀ါဒ ရဲ့  လွှမ်းမိုးမှု
ဘုရားရှိဝါဒတွေမှာ ဖန်ဆင်းရှင်ထာဝရဘုရားသခင် က လောကရဲ့ ခပ်သိမ်းသော အရာတွေ အပေါ်မှာ ပိုင်သလွှမ်းမိုး နိုင်သလိုမျိုး အလားတူပဲ ကမ္မနိယာမတရား ဟာ သတ္တ၀ါတွေ ရဲ့  ဘ၀သံသရာတစ်ခုလုံးကို ပိုင်သလွှမ်းမိုးနိုင်တယ် လို့ ထင်မြင် ယူဆ လာခဲ့ကြတယ်။ ကံစီမံရာ၊ ကံဇာတ်ဆရာ အလိုကျ၊ ကံသာအမိ ကံသာအဖ၊ ကံမခိုင်သံတိုင်အိမ်ဆောက်သော်လဲ ကံမှောက်ရင်းကျိုး၊ ကံမရှိဥာဏ်ရှိတိုင်းမွဲ၊ ကံချင်းပြိုင်လို့မရ၊ ဆိုးလဲကံ ကောင်းလဲကံ၊ ဥစ္စာကံပေး၊ ဥစ္စာကံစောင့်၊ စတဲ့ ကံရဲ့   တန်ခိုးသတ္တိနဲ့ ပတ်သက်တဲ့ စကားတွေက မြန်မာ ဗုဒ္ဓဘာသာဝင်တွေ့ ရဲ့   နုတ်ဖျားမှာ တစ်ဖွဖွ ရွတ်ဆိုလေ့  ရှိ တဲ့ စကားတွေ ဖြစ်လာခဲ့ပါတယ်။ ကံယုံဆူးပုံမနင်းရာ၊ ကျားရဲရာကြမ္မာမရိုးသာ စတဲ့ ကံကိုမျက်ကန်းမယုံကြဖို့ စကားပုံတွေရှိပေမဲ့ ဒီစကားပုံတွေက ကံရဲ့  စွမ်းအားကို ကိုးစားယုံကြည်တဲ့ စိတ်တွေကို မလွှမ်းမိုးနိုင်ကြပါဘူး။
ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ ရဲ့  အမှန်တရားကို ဝေဖန်ဆန်းစစ်တဲ့သူ ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ က ဘ၀အပေါ် အကျိုးသက်ရောက်မှု တွေကို တီးခေါက်လေ့လာတဲ့သူရယ်လို့ မရှိသလောက်ပါပဲ။ ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ အပေါ် ယုံကြည်မှုကို ဗုဒ္ဓဘာသာ ရဲ့   အခြေခံအကျဆုံး အယူအဆ (ကမ္မဿကတာသမ္မာဒိဌိ) အနေနဲ့ သတ်မှတ်ထားလေ တော့  မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ကမ္မ၀ါဒ ရဲ့  အမှန်တရားကို ဝေဖန်ဆန်းစစ်ကြည့် ဖို့ဆိုတာ အတော်ကို ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာ ဟာ ၀ိဘဇ္ဇ၀ါဒ ပါလို့ ကြွေးကြော်နေပေမဲ့ ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ ကိုတော့ ဝေဖန်ဆန်းစစ် နေစရာ မလိုပဲ သူ့ အလိုလိုထင်ရှား နေတဲ့ အမှန်တရား လို့ပဲ သတ်မှတ်ပြီးလက်ခံထားခဲ့ကြတယ်။ အနီးမှုန်ဖြစ်နေကြတယ်။ တကယ်တော့ ဗုဒ္ဓဘာသာဝင်တွေ ဟာ အခြားသော ဖန်ဆင်းရှင်ဘုရားသခင်ဝါဒ များအပေါ် ဝေဖန်ဆန်းစစ်တဲ့ နည်းတူ ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ ကို ဝေဖန်ဆန်းစစ် ကြည့်သင့်ကြတာအမှန်ပါပဲ။ ဒါမှသာ ကိုယ့်ပေါင်ကိုယ် လှန်ထောင်းရဲတဲ့ သတ္တိရှိလာကြပြီးတော့ ဗုဒ္ဓဘာသာ ဟာ ၀ိဘဇ္ဇ၀ါဒ စစ်စစ် ဖြစ်ပါတယ် လို့    သက်သေထူ နိုင်ကြမှာဖြစ်ပါတယ်။ဒီလိုမှမဟုတ်ရင် မျက်ကန်းယုံ ဘာသာရေး နဲ့ ဘာမျှပိုပြီး မထူးခြားနိုင်တော့ပါဘူး။

ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ မှ စိတ်ဝင်စားဖွယ်ရာအချက်များ
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကို စေ့ငုလေ့လာကြည့်တဲ့အခါ စိတ်ဝင်စားဖွယ်ရာ အောက်ပါ အချက်တွေကို တွေ့  လာရပါတယ်။
(၁) ဗုဒ္ဓအဘိဓမ္မာ ရဲ့   ကမ္မ၀ါဒ ဟာ လောက ရဲ့   မညီမျှမှုတွေ မတရားမှုတွေကို တရားဝင်အောင် အတည်ပြုပေးသလို ဖြစ်လာတယ်။
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ က ဖန်ဆင်းရှင်သည် ကံသာလျှင် ဖြစ်တယ်လို့   ယူဆပါတယ်။ ဒါကြောင့် လောကမှာ ရှိနေတဲ့ မညီမျှမှုတွေ ကို ဒီလိုရှင်းပြပါတယ်။
အသက်တိုခြင်း၊ အသက်ရှည်ခြင်း၊ (သူတပါးအသက်သတ်ခဲ့၊ကြမ်းကြုတ်ရက်စက် ၊ သွေးစွန်းလက်များက အသက်တို၍ နဲက အသက်ရှည်ရသည်။)
အနာရောဂါများခြင်း၊ နည်းခြင်း၊ (သတ္တဝါများကိုညှင်းပန်းနှိပ်စက် ရက်စက်မှုများများခဲ့လျှင် အနာရောဂါများ၍  မများခဲ့လျှင်ကျမ်းမာ၏။)
အဆင်းချောလှသူ၊  ရုပ်ဆိုးသူဖြစ်ရခြင်း၊(အမျက်ဒေါသ မကြီးက မေတ္တာစိတ်အားများခဲ့က ချောလှရသလို အမျက်ဒေါသများ စိတ်တိုစိတ်မချမ်းသာမှုများသူ ရုပ်ဆိုးရပေသည်၊)
 ချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ (ရဟန်း၊သူတော်ကောင်း ကိုအစားအစာ၊ အဝတ်အထည်၊ ယာဉ်ရထားပေးလှုခဲ့မှုကြောင့် ချမ်းသာရ၊ မပေးလှုခဲ့သူ ဆင်းရဲရ၏)
 အမျိုးညံ့ ခြင်း၊ အမျိုးမြတ်ခြင်း၊(ခက်ထန်မာနကြီးမားက အမျိုးညံ့ရာမွေးဖွားကာ မာန်မာနမကြီး ရိုသေသူကို ရိုသေတတ်သူ အမျိုးမြတ် ဘဝ မွေးဖွားရ၏)
ဥာဏ်ထိုင်းခြင်း ၊ ဥာဏ်ကောင်းခြင်း၊(ပညာရှိသူတော်ကောင်းများထံ မသိသည်များ ကုသိုလ်၊ အကုသိုလ်၊ အပြစ်ရှိ၊ အပြစ်မရှိတရားများ၊ ပြုသင့် မပြုသင့်အရာများကို လေ့လာချည်းကပ် မေးမြန်းစုံစမ်းမှုမပြုခဲ့က ဥာဏ်ထိုင်းရ၊ပြုခဲ့က ဥာဏ်ကောင်းရ၏)
ဒီလို ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ အမြင်ကို အခြေခံပြီးတော့ လူအများက ကံအကျိုးကနေ အကြောင်းကို ပြောင်းပြန် ဆင်ခြင်ကြည့်ကြတာကိုတွေ့  ရတယ်။ ဒီဘ၀မှာ အသက်တိုတဲ့သူဟာ အရင်ဘ၀တွေ က သူ့အသက်သတ်ခဲ့ သူတွေဖြစ်မယ်။ ဒီဘ၀မှာ အနာများတဲ့သူဟာ အရင်ဘ၀တွေ က သူများကိုညင်းဆဲခဲ့သူတွေဖြစ်မယ်။ ဒီဘ၀မှာ ဆင်းရဲသူဟာ အရင်ဘ၀တွေ က သူ့ဥစ္စာခိုးခဲ့သူတွေဖြစ်မယ်။ ဒီဘ၀မှာ အမျိုးညံ့သူဟာ အရင်ဘ၀တွေ က မာနထောင်လွှားခဲ့သူတွေဖြစ်မယ်။..စသဖြင့်   ပေါ့ 
ဒီလိုနည်းနဲ့ စဉ်းစားတော့   လောကမှာ ရှိသမျှ ဒုက္ခခံစားနေရသူတွေ ဘ၀နိမ့်ကျနေသူတွေဟာ သူတို့   ရဲ့  ဆင်းရဲဒုက္ခတွေ နဲ့   ထိုက်တန်လို့ ဒီလိုခံစားနေကြရတာလို့  မြင်လာကြတယ်။ လောက ရဲ့   မညီမျှမှုတွေ မတရားမှုတွေက ရှိသင့်ရှိထိုက်လို့ ရှိနေတာလို့ မြင်လာကြတယ်။ ဒါဟာ အတော် ရက်စက်ပြီးတော့  တာဝန်မဲ့တဲ့ အမြင်လို့  ပဲဆိုရမှာပါ။ အရာရာဟာ အတိတ်ကံကြောင့် ဖြစ်ရတယ်ဆိုတဲ့ ဘုရားပယ်ခဲ့တဲ့ ပုဗ္ဗေကတဟေတုဝါဒ အမြင်သာဖြစ်ပါတယ်။ တပ်အပ်မသိနိုင်တဲ့ အတိတ်ကံကို ညွန်ပြပြီး ဘ၀နိမ့်ကျနေသူတွေကို နင်ထိုက်နဲ့နင့်ကံ နင်သာခံပေရော့လို့ ပြောရင် တရားမှာမဟုတ်ပါဘူး။ လူသားတွေရဲ့   သမိုင်းမှာ ဖြစ်နေတာတွေဟာ ဖြစ်သင့်လို့ဆိုပြီး ကံကိုရိုးမယ်ဖွဲ့ကာ လက်ခံခဲ့ကြမယ်ဆိုရင် လူမှုပြုပြင်ပြောင်းလဲတိုးတက်မှုတွေ ဖြစ်နိုင်ခဲ့မှာ မဟုတ်ပါဘူး။ တကယ်တော့ လောကမှာရှိနေတဲ့ မတရားမှုတွေ ဖိနှိပ်မှုတွေ ရက်စက်ကြမ်းကြုတ်မှုတွေက အတိတ်ကံ နဲ့ မသက်ဆိုင်တဲ့ အခြားအခြားသော (လူမှုရေး စီးပွားရေးနိုင်ငံရေး ) အကြောင်းရင်းမြစ်တွေကို အဓိက အခြေခံပြီး ဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒီပြဿနာတွေရဲ့အဖြေဟာ ပစ္စုပ္ပန်လောကမှာပဲရှိပါတယ်။အတိတ်ကံဝါဒကို မှားယွင်းစွာ ဆုပ်ကိုင်မိရင် တစ်မျိုးသားလုံးအညွန့်တုံးပြီး တစ်သာသနာလုံး အမှောင်ဖုံးတော့မဲ့ အန္တရာယ်ကြီးရှိနေပါတယ်။

(၂) ) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ အနိစ္စတရား နဲ့ ဆန့်ကျင်ပြီး ကမ္မသတ္တိ ရဲ့   အဓွန့်ကာလတစ်ခုထိအောင်မြဲတဲ့ သဘောကို လက်ခံထားတယ်။
ဗုဒ္ဓအဘိဓမ္မာရဲ့   အမြင်မှာ ရုပ် နှင့် နာမ်တို့ သည် ချက်ချင်းဖြစ်၍ချက်ချင်းချုပ်ပျောက်နေကြပါတယ်။ နိဗ္ဗာန်ကလွဲလို့ သင်္ခတ တရားမှန်သမျှဟာ ဌီရယ်လိုတောင် တည်ခွင့် မရှိပဲ တရစပ်ပြောင်းလဲ နေကြပါတယ်။ ဒါကြောင့်နာမ်တရား ဟူသော စေတနာ စေတသိက်သည် ဖြစ်ပေါ်ကာချုပ်ပျောက်ကြပါတယ်၊ ဒါပေမဲ့ တခြားနာမ်စေတသိက်များနှင့် မတူသောအချက်မှာ ထို စေတနာစေတသိက် ချုပ်ပျောက်သောအခါ ကံ၏စွမ်းရည်-သတ္တ္တိဓါတ်များကျန်ရစ်ခဲ့တယ်လို့ ဆိုပါတယ်။ 
ထိုစွမ်းရည်သတ္တိဓါတ်ကို ဘယ်နေရာတွင်သိမ်းထားလိုက်သည်ကို မသိနိုင် မပြောနိုင်၊ ဒါပေမဲ့ အကျိုးပေးဖို့ အ ခွင့်သာ လာသောအခါ ထိုကံစေတနာ၏ စွမ်းရည်သတ္တိ သည် အကျိုးအဖြစ်ပေါ်ပေါက်လာတော့တယ်လို့ ။ ကောင်းသောစေတနာကံက ကောင်းကျိုးပေး၍ မကောင်းစေတနာကံ ကတော့  မကောင်းကျိုးရစေပါတယ်။
ဒီအယူအဆက သိသိသာသာကြီး အနိစ္စတရား နဲ့ ဆန့်ကျင်ပြီး ကမ္မသတ္တိ ရဲ့   အဓွန့်ကာလတစ်ခုထိအောင်မြဲတဲ့ သဘောကို လက်ခံထားတယ် ဆိုတာကို တွေ့  ရပါတယ်။ ရုပ် နှင့် နာမ်တို့ သည် ချက်ချင်းဖြစ်၍ ချက်ချင်းချုပ် ပျောက်နေကြတယ်ဆို ပေမဲ့ ကံ၏စွမ်းရည်-သတ္တ္တိဓါတ်များက တော့ အနိစ္စတရား ကိုလွန်ပြီး တည်မြဲနေသလို ဖြစ်နေပါတယ်။ အချို့   ကတော့  ဒီ ကံ၏စွမ်းရည်-သတ္တ္တိဓါတ်တွေဟာ ဥပါဒ်ဌီဘင် မရှိပဲ အကျိုးအဖြစ်ပေါ်ပေါက်လာဖို့  စောင့်စားနေသလို ဆိုကြပြန်တော့ ဥပါဒ်ဌီဘင်ဆိုတဲ့ သင်္ခတ တရားတွေရဲ့  အပြင်ဖက်မှာ ဒီ ကံ၏စွမ်းရည်-သတ္တ္တိဓါတ်တွေ ရှိနေသလိုဖြစ်နေတော့မယ်။ ဒါဆိုရင် ကံ ကို နိဗ္ဗာန် နဲ့ ထပ်တူပြုရမလို ဖြစ်နေပြီပေါ့  ။ အချို့   ကတော့  ဒီ ကံ၏စွမ်းရည်-သတ္တ္တိဓါတ်တွေဟာ ဥပါဒ်ဌီဘင် ရှိပြီး သတ္တ၀ါတွေရဲ့  ဘ၀င်စိတ် အလျဉ်ထဲမှာ ပြောင်းလဲရင်း လိုက်ပါလာနေတယ်လို့   ဆိုကြပြန်တယ်။ ဒီလို လိုက်ပါနိုင်အောင် ဘယ်လိုစွမ်းအင်တွေက ထောက်ပံ့ထားသလဲ ဆိုတာ ဘယ်သူမှ မရှင်းပြနိုင်ပြန်တော့   ကံ ဆိုတာ မကြံစည်အပ်တဲ့ အစိန္တေယျတရားပဲ ဆိုပြီး လုံးချလိုက်ကြပြန်တယ်။

(၃) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ ပရမတ္တတရားအနေနဲ့ ထည့်သွင်းမရေတွက်နိုင်တဲ့ ကမ္မသတ္တိ ကို အခြေခံထားတဲ့ အယူအဆဖြစ်တယ်။
ဗုဒ္ဓအဘိဓမ္မာရဲ့   အမြင်မှာ ရှိသမျှတရားတွေ အားလုံးကို ပညတ် နဲ့ ပရမတ် ဆိုပြီး နယ်ပယ် (၂) ခုခွဲတယ်။ ပရမတ်နယ်ပယ် ကို တော့   ရုပ် စိတ် စေတသိက် (သင်္ခတဓမ္မ) နဲ့ နိဗ္ဗာန် (အသင်္ခတဓမ္မ) ဆိုပြီး နယ်ပယ် (၂) ခုခွဲတယ်။ဒီနေရာမှာ ကမ္မသတ္တိ ကို ဘယ်နယ်ပယ်ထဲထည့်  ကြမလဲ။ ကမ္မသတ္တိ ကိုစေတနာစေတသိက် က  ချန်ထားခဲ့တာမှန်ပေမဲ့ စေတနာစေတသိက် လဲမဟုတ်ဘူး။ စေတနာစေတသိက် ကလဲ ချုပ်ခဲ့ပြီ ဆိုတော့   ကမ္မသတ္တိရဲ့   အဟုန် ဆိုတာ စကားပမာ ပြောစရာသာရှိပြီးတော့ ပရမတ်နယ်ပယ်ထဲလဲ မ၀င်ပြန်ဘူး ဆိုတော့ ကမ္မသတ္တိ ဟာ ပညတ် ပဲ လို့ ဆိုရမလိုဖြစ်နေပါတယ်။ ပညတ်ဆိုရင်လဲ ကမ္မသတ္တိ ဟာ ဘယ်လို လုပ်ပြီး အကျိုးပေးနိုင်မှာလဲ။ ကမ္မသတ္တိအဟုန် ဆိုတာ ဘ၀သံသရာဆက်မှုအတွက်ထည့်  တွေးထားတဲ့ ပြုချက်တစ်ခုပါပဲ။

(၄) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ ယုတ္တိဗေဒ အမှားတစ်ခုဖြစ်တဲ့ ကရွတ်ကင်းလျှောက်အမှား (Fallacy of Circular Reasoning) ကို ကျူးလွန်ထားတာ ကို တွေ့   ရတယ်။
ယုတ္တိဗေဒ အမှားတစ်ခုဖြစ်တဲ့ ကရွတ်ကင်းလျှောက်အမှား (Fallacy of Circular Reasoning) ဆို တာ ကတော့ ဒီလိုပါ။ A ကြောင့် B ဖြစ်တယ်  B ကြောင့် C ဖြစ်တယ်  C ကြောင့် A ဖြစ်တယ်  လို့  ဆိုရင် နောက်ဆုံး A ကြောင့် A ဖြစ်တယ်  လို့ ပြောသလိုဖြစ်လို့  ဒါကို ကရွတ်ကင်းလျှောက်အမှား လို့ ခေါ်ပါတယ်။
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ အမြင် အတိုင်း ပြောရရင် ၀ီထိစိတ် တွေထဲမှာပါတဲ့ စေတနာစေတသိက် ကြောင့် ကမ္မသတ္တိ ဖြစ်လာတယ်။ ကမ္မသတ္တိ ရဲ့   အဟုန်နဲ့ သတ္တ၀ါတွေရဲ့  ဘ၀င်စိတ် က ရွေ့  လျားစီးဆင်းနေတယ်။ ဘ၀င်စိတ် ကို အခြေခံပြီးတော့ သာ ၀ီထိစိတ် ဆိုတာမျိုးက ဖြစ်ရ ပြန်တယ် ဆိုတော့ ဒီ (၃) ခုက ကရွတ်ကင်း လျှောက် ဆင်ခြင်မှုမျိုးဖြစ်နေပါတယ်။ ဗုဒ္ဓအဘိဓမ္မာရဲ့   အလိုအရ ဒီလို ကိလေသာ ကမ္မ ၀ိပါက စတဲ့ ၀ဋ် (၃) ပါး ကရွတ်ကင်းလျှောက် လည်ပတ်နေတာကိုပဲ ဘ၀ သံသရာ လို့   ဆိုချင်ပုံပါပဲ။ ယုတ္တိဗေဒ ရှုထောင့် ကကြည့် ရင် ဘ၀ သံသရာ အယူဝါဒဟာ ကရွတ်ကင်းလျှောက်အမှား ပေါ်မှာ တည်ဆောက်ထားတာကို တွေ့  ရပါတယ်။ 

(၅) ကမ္မ၀ါဒ ဟာ နောက်ထပ် ယုတ္တိဗေဒ အမှားတစ်ခုဖြစ်တဲ့ အကျိုးမှ အကြောင်းသို့  ပြောင်းပြန်ဆင်ခြင်ခြင်းအမှား (Fallacy of Modus Tollens) ကို ကျူးလွန်ထားတာ ကို တွေ့   ရတယ်။
ယုတ္တိဗေဒ အမှားတစ်ခုဖြစ်တဲ့ အကျိုးမှ အကြောင်းသို့  ပြောင်းပြန်ဆင်ခြင်ခြင်းအမှား (Fallacy of Modus Tollens) ဆိုတာကတော့   တကယ်လို့  P ဖြစ်ခဲ့ရင် Q ဖြစ်မယ် ဆိုတာ မှန်ရင် P ဖြစ်တာကို ထောက်ပြီး Q ဖြစ်လာမယ်လို့  အကြောင်းမှ အကျိုးသို့  ဆင်ခြင်လို့  ရ ပေမဲ့ Q ဖြစ်တာကို ထောက်ပြီး P ဖြစ်ခဲ့တယ်လို့  အကျိုးမှ အကြောင်းသို့  ဆင်ခြင်လို့   မရပါဘူး။ ဆင်ခြင်ခဲ့ ရင် အကျိုးမှ အကြောင်းသို့  ပြောင်းပြန်ဆင်ခြင်ခြင်းအမှားကိုကျုးလွန်ပါတယ်။
ဥပမာ- တကယ်လို့  မိုးရွာရင် ရေစိုမယ် ဆိုတာ မှန်ရင် မိုးရွာခဲ့ တာကို ထောက်ပြီး ရေစိုမယ်လို့ တပ်အပ် သေချာ ပြောနိုင်ပေမဲ့ ရေစိုတာ တွေ့တာနဲ့ မိုးရွာခဲ့ ရမယ်လို့ တပ်အပ်သေချာ ပြောမရတဲ့ သဘောပါ။  အမှတ် (၁) မှာ ပါတဲ့ တင်ပြချက်ကို ကြည့် ရင် ဒီ သဘောမျိုး ပြောင်းပြန် ယုတ္တိအစဉ်နဲ့ မြင်ထားတာကို တွေ့  ရမှာပါ။ လူတစ်ယောက်ကို ကံဆိုးသူလို့ ပြောရင် သူဟာ အတိတ်က မကောင်းခဲ့တဲ့သူ ဒုစရိုက်သမားလို့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြောသလို ပါပဲ။ 

(၆) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ နောက်ထပ် ယုတ္တိဗေဒ အမှားတစ်ခုဖြစ်တဲ့ အကန့်အသတ်မဲ့ထပ်ကျော့ ခြင်းအမှား (Fallacy of Infinite Regress) ကို ကျူးလွန်ထားတာ ကို တွေ့   ရတယ်။
ဒီ ယုတ္တိဗေဒ အမှား ကတော့ နံပါတ်စဉ် (၄) မှာ ဖေါ်ပြခဲ့တဲ့ ကရွတ်ကင်းလျှောက်အမှား နဲ့ ဆက်စပ်နေပါတယ်။ သတ္တ၀ါတွေရဲ့  ဘ၀င်စိတ် က အစ မရှိ သလို ဘ၀င်စိတ် ကို တွန်းနေတဲ့ ကမ္မသတ္တိ ဆိုတာ ကလဲ အစ မရှိ ဖြစ်ရတော့တယ်လေ။ ဒီ ကံ တွေ ရဲ့   ပကတိ အစ မရှိ ဘူး ဆိုရင် ကမ္မသတ္တိ က တကယ်ရှိတယ်လို့  ပြောဖို့  တော့ ခပ်ခက်ခက် ပါပဲ။ ပကတိ အစ မရှိတဲ့ ဘ၀သံသရာ ဟာ မာယာမျှသာ ဖြစ်သလို ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မသတ္တိ ဆိုတာကလဲ ဝေါဟာရ ပညတ် မျှသာ ပေလား။ ကမ္မသတ္တိက အုပ်စုဖွဲ့မရတဲ့ သင်းကွဲငှက်ဖြစ်နေပါတော့တယ်။

၇) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ လူသားရဲ့  ကိုယ်ကျင့်တရားရွေးချယ်မှုနဲ့ဆိုင်တဲ့ လွတ်လပ်မှုသဘော (Moral Freedom of Choice) ကို ငြင်းပယ်တဲ့ သဘောတရား ဖြစ်တယ်ဆိုတာကို တွေ့   ရတယ်။
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ ဟာ လူသားရဲ့  ကိုယ်ကျင့်တရားရွေးချယ်မှုနဲ့ဆိုင်တဲ့ လွတ်လပ်မှုသဘော (Moral Freedom of Choice) ကို ထောက်ခံ အားပေးတဲ့ အယူတစ်ခု အနေ နဲ့ ဗုဒ္ဓဘာသာဝင်တွေ ရဲ့   အမြင်မှာ လက်ခံထားခဲ့ကြတယ်။
မိမိရဲ့  ကံကောင်းလိုလျှင် မိမိကံကိုပြင် ဖန်ဆင်းရှင်ဟာ ကံသာလျှင်ဖြစ်လို့  မိမိရဲ့ဘဝသံသရာတွင် သုခနှင့် ဒုက္ခကို စံစား ခံစားဘို့ ရာ မိမိတစ်ဦးတည်းသာလျှင် တာဝန်ရှိတယ်လို့ ဆိုကြတယ်။ မိမိရဲ့  အနာဂတ် ကောင်းမွန်ရေး အတွက် မိမိသည်သာလျှင် စွမ်းဆောင်ရှင် မိမိတစ်ဦးတည်းသာ ဖန်ဆင်းရှင်ဖြစ် တယ်။ သူတစ်ပါး မည်သူ အခြားသူတစ်ဦးဦးကိုမှ မှီခိုအားထား အားပြုစရာမလိုကြောင်း ဗုဒ္ဓဘာသာဝင်တွေ က ယူဆကြပါတယ်။ ကမ္မနိယာမသဘောတရားကို သိရှိနားလည်လာသူဟာ မိမိဘဝကို မိမိကိုယ်တိုင် ရေးဆွဲနိုင်၊ ပုံသွင်းနိုင်စွမ်းရှိ လာမယ်လို့လဲမြင်ကြပါတယ်။
ဒါဟာ တကယ်ရောမှန်ရဲ့  လား ။ ဗုဒ္ဓဘာသာ ရဲ့   အဘိဓမ္မာကျမ်းတွေ က ပုံဖေါ် ပြတဲ့ သတ္တ၀ါတွေ ရဲ့   ရုပ်ပုံလွှာကတော့   ကံ နဲ့ ကံ ၀ိပါက်တွေ တရစပ် ဖြစ်ပျက်နေတဲ့ ဖြစ်စဉ် ကြီးလို့   တွေ့ရတယ်။ သတ္တ၀ါတွေရဲ့  ဘ၀မှာ ကုသိုလ် သို့  မဟုတ် အကုသိုလ် ကံ နဲ့  ကုသိုလ် သို့  မဟုတ် အကုသိုလ် ကံ ၀ိပါက်တွေ ပဲ ဖြစ်ပျက် နေတယ် လို့ ဆိုတယ်။
အဘိဓမ္မာ ဆရာတစ်ယောက် ကတော့  ဒီလိုတောင် ၀ီထိချပြတယ်။ အရက်သမားတစ်ယောက်က အရက်သောက် တာက အကုသိုလ် ကံ ဒုစရိုက် ဖြစ်ပေမဲ့   အရက်မူးလို့  ရတဲ့ သာယာမှုကာမသုခချမ်းသာ ကို ခံစားရတာက ကုသိုလ် ကံ ၀ိပါက် လို့  တောင် ဆိုပါတယ်။ ဒီလိုပဲ နေ့စဉ်ဘ၀ရဲ့  သုခဒုက္ခ တွေ့ကြုံခံစားရတာ တွေဟာ ကုသိုလ် သို့  မဟုတ် အကုသိုလ် ကံ ၀ိပါက်တွေ ပဲ ဖြစ်ပျက်နေတယ် လို့ ဆိုတယ်။
ဒီလိုဆိုရင် ရထား ကို ဗုံးထောင်လူသတ်တဲ့ အကြမ်းဖက်သမား တစ်ယောက်ရဲ့   လုပ်ရပ်ကိုလေ့လာကြည့်ရအောင်။ ဒီ အကြမ်းဖက်သမား ကြောင့် လူ (၁၀၀) လောက် သေဆုံးသွားတယ် ဆိုပါစို့။ ဒီ ဖြစ်ရပ် မှာ ဒီ အကြမ်းဖက်သမား က သူ့ဖာသာသူ လွတ်လပ်စွာ ရွေးချယ် ဆုံးဖြတ် လုပ်ဆောင်မှုကြောင့် လူ (၁၀၀) သေဆုံးသွား ရတာလား။ သေဆုံးသွား ရတဲ့ လူ (၁၀၀) လောက်ရဲ့   အတိတ်ကံ အကျိုးပေး (ဥပစ္ဆေဒက ကံ) ကြောင့် ဒီ အကြမ်းဖက်သမား ရဲ့  လုပ်ရပ် က ဖြစ်ပေါ်လာ တာလား။ အကြမ်းဖက်သမား ဟာ ကမ္မနိယာမ တရား ရဲ့  လက်ကိုင်တုတ် မျှသာ ပဲလို့   ဆိုမ လား။ လူ (၁၀၀) လောက် သေသွားလို့ ဒီ အကြမ်းဖက်သမား က ပျော်ရွင်ကြည်နူးနေမယ်ဆိုရင် ရော သူဟာ သူ့ အတိတ် ကုသိုလ်ကံ ၀ိပါက်ကို ခံစားနေရတယ် လို့ဆိုမလား။
ပုဗ္ဗေကတဟေတုဝါဒ ရဲ့  ရှုထောင့် ကနေကြည့် ရင် အကြမ်းဖက်သမား ဟာ အတိတ် ကံ စွမ်းအင်တွေ ရဲ့  သားကောင် မျှသာပဲလို့ ဆိုရမှာပါ။ အကြမ်းဖက်သမား ဟာ သနားစရာတောင် ကောင်း နေ သလို ဖြစ်တယ်။ လူ (၁၀၀) လောက်ရဲ့   အတိတ်ကံ အကျိုးပေး (ဥပစ္ဆေဒက ကံ) ကြောင့် သူက အဖြည့်ခံ အနေ နဲ့ ဒီ ဆိုးရွားရက်စက် ယုတ်မာလှတဲ့ မသမာ ဒုစရိုက်မှုကြီး ကို ပြုရသလိုတောင် ဖြစ်နေတယ်လေ။
ဒီလိုမျိုး ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မတရား ဟာ သတ္တ၀ါတွေ ရဲ့  ဘ၀သံသရာတစ်ခုလုံးကို ချုပ်ကိုင်မောင်းနှင် နေတဲ့ တစ်ခုတည်းသော အကြောင်းတရားဖြစ်တယ်လို့  ခံယူတာဟာ လူသားရဲ့  ကိုယ်ကျင့်တရားရွေးချယ်မှုနဲ့ဆိုင်တဲ့ လွတ်လပ်မှုသဘောကို ငြင်းပယ် တဲ့ သဘောများ ဖြစ်နေ လေ ရော့ သလားလို့  တွေးကြည့် စရာပါပဲ။

 (၈) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ အနတ္တ၀ါဒ နဲ့ ဆန့်  ကျင်နေတာကို တွေ့   ရတယ်။
ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ ဟာ အနတ္တ၀ါဒ အယူအဆကို အခြေခံထားတယ် ဆိုကြပါတယ်။ အနတ္တ၀ါဒ အမြင်နဲ့ ကြည့်ရင် လောကမှာ ငါ၊သူတစ်ပါး၊ ကျား၊မ ရယ်လို့   တကယ်မရှိပဲ ပရမတ်ဆတ်ဆတ် သဘောအရ ရုပ် တရား နာမ်တရား တွေ ပဲ အမှန် ရှိတယ်လို့ ဆိုတယ်။ ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာ သက္ကာယဒိဋ္ဌိ ရဲ့  အမြင်မှောက်မှားမှု မျှသာ ပဲလို့   အနတ္တ၀ါဒ က ဆိုတယ်။ ဒီတော့ ဗုဒ္ဓအဘိဓမ္မာရဲ့   အယူက ဒုက္ခခံစားသူမရှိ ဒုက္ခ သက်သက်သာရှိတယ်။ ကံကိုပြုသူမရှိ ကံ နဲ့ ကံ ၀ိပါက်တွေ သက်သက် သာရှိတယ်။ ဒုက္ခမှလွတ်မြောက်သူ မရှိ ဒုက္ခမှလွတ်မြောက်ခြင်း သက်သက်သာရှိတယ်။..လို့   ဆိုပါတယ်။
ဟိန္ဒူဘာသာ နဲ့  ဂျိန်းဘာသာ တွေမှာ ကံပြုသူ (ကတ္တား) နဲ့ ကံ နှစ်ပါးလုံး ကို လက်ခံတယ် ဆိုတာ ဆိုခဲ့ ပြီးပါပြီ။ ကံပြုသူ (ကတ္တား) နဲ့ ကံ နှစ်ပါး ဟာ ဓမ္မသဘော အရ တစ်ခုမရှိရင် အခြားတစ်ခု မရှိနိုင်အောင် အပြန်အလှန် မှီတွယ် ဆက်စပ်နေကြတဲ့ အရာတွေ ဖြစ်လို့   ကံ ရဲ့   အရှိတရားကိုပဲ လက်ခံပြီး ကံပြုသူ (ကတ္တား) ကို ငြင်းပယ် တယ် ဆိုတာ အစွန်းရောက်တဲ့ အမြင်လို့   ဆိုနိုင်ပါတယ်။ ကံပြုသူ (ကတ္တား) ရဲ့   အရှိတရားကိုပဲ လက်ခံပြီး ကံ ကို ငြင်းပယ် တယ်ဆိုတာဟာလဲ အစွန်းရောက်တဲ့ အမြင်လို့   ဆိုနိုင်ပါတယ်။
တကယ်လို့  ကံမြောက်တဲ့ အပြုအမူတစ်ခုဟာ လွတ်လပ်တဲ့ အသိဥာဏ်ရှိတယ့် လူသားရဲ့   ရွေးချယ်ဆုံးဖြတ် လုပ်ဆောင် ဖန်းတီးမှု ဖြစ်တယ်လို့   ယူဆမယ်ဆိုရင် ကံပြုသူ (ကတ္တား) ရဲ့   အရှိတရားကို လက်မခံလို့ မရနိုင်ပါဘူး။ ဒါကြောင့် ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ အနတ္တ၀ါဒ နဲ့ ဆန့်  ကျင်နေ သယောင် ဖြစ်နေပါတယ်။

(၉) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒ လိုပဲ ယုံကြည်သက်ဝင်မှုရဲ့  နယ်ပယ်ထဲကို ရောက်နေတယ်။
ဗုဒ္ဓဘာသာဝင်တွေ ဟာ အခြားသော ဖန်ဆင်းရှင်ဘုရားသခင်ဝါဒ များအပေါ် ဝေဖန်ဆန်းစစ်တဲ့ အခါမှာ မျက်ကန်းယုံကြည် သက်ဝင်မှုနဲ့ လက်ခံကြတဲ့ ဘာသာတရားများ အနေနဲ့ ပုံဖော်လေ့ရှိပြီးတော့ ဗုဒ္ဓအဘိဓမ္မာ ကိုတော့ ဝေဖန်ဆန်းစစ်မှု (၀ိဘဇ္ဇ၀ါဒ) အနေနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒါဟာ မှန်ကန်တဲ့ တရားမျှတတဲ့ ဓမ္မမိဌာန်ကျတဲ့ အဆိုဝါဒတစ်ခု ဟုတ်ရဲ့  လား။ စိတ်ကိုဖွင့်ထာပြီး တွေးကြည့်ကြစမ်းပါလား။
တစ်ခါက ဗုဒ္ဓအဘိဓမ္မာ လေ့လာတဲ့ မိတ်ဆွေတစ်ယောက်နဲ့ ဆွေးနွေးဖူးတယ်။ ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ကို စေ့ငုလေ့လာတဲ့ အခါမှာ လက်တွေ့  မသိနိုင်တဲ့ ကမ္ဘာများစွာခြားသော်လည်းအကြောင်းတိုက်ဆိုင်လာတဲ့ အခါ ကံမျိုးစေ့မှ အကျိုးပေးစွမ်းရှိတဲ့ နာနာက္ခဏိကကံ အကြောင်းကို ရောက်သွားတယ်။ ကံတရား နဲ့ သက်ဆိုင်ရင် ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ ငြင်းချက်ထုတ် စရာမလိုတဲ့ ထာဝရမှန်ကန်တဲ့ သစ္စာတရား ဖြစ်တယ်လို့ သူက အခိုင်အမာကြီး ဆိုနေပါတယ်။ ဒီလိုမျိုး ဘာကြောင့် ဆိုနိုင်ရပါသလဲလို့ မေးကြည့်တော့  မိတ်ဆွေ က ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဆိုတာ ဗုဒ္ဓရှင်တော် ဟောကြားတော်မူတဲ့ အတွက်ကြောင့် ငြင်းချက်ထုတ်စရာမလိုတဲ့ ထာဝရမှန်ကန်တဲ့ သစ္စာတရား ဖြစ်တယ်လို့ ပြောပြန်ပါတယ်။
ဒီလိုမျိုး ဘာကြောင့် ဆိုနိုင်ရပါသလဲလို့ သူ့ ကိုထပ်မေးကြည့်တော့  မိတ်ဆွေ က ဗုဒ္ဓရှင်တော် ဟာ သဗ္ဗညုတ ဥာဏ်တော်ရှင် ဖြစ် နေတဲ့ အတွက်ကြောင့် ဗုဒ္ဓရှင်တော် ဟောကြားတော်မူတာတွေဟာ ထာဝရမှန်ကန်တဲ့ သစ္စာတရား ဖြစ်တယ်လို့ ပြောပြန်ပါတယ်။ ဗုဒ္ဓရှင်တော် ဟာ သဗ္ဗညုတဥာဏ်တော်ရှင်ဖြစ်ကြောင်း ဘယ်လိုလုပ်သိသလဲ လို့   မေးတော့   သူ နည်းနည်းတော့တွေဝေသွားတယ်။ ပြီးတော့မှ လေးလေးကန်ကန် ပြောတယ်..သိတော့မသိဘူး ယုံတော့ယုံတယ် လို့  လေ။ နောက်ဆုံးတော့   ကမ္မသတ္တိ ရဲ့   သစ္စာတရား ဟာ ယုံတော့ယုံတယ် ဆိုတာနဲ့ ပဲ အဆုံးသတ်ရတော့တယ်။ နောက်ဆုံးတော့   ကမ္မသတ္တိ ရဲ့   သစ္စာတရား ဟာ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒ လိုပဲ ယုံကြည်သက်ဝင်မှုရဲ့  နယ်ပယ်ထဲကို ရောက်နေတယ် ဆိုရင် သိပ်ပြီး မလွန်ဘူးထင်ပါတယ်။ ရှမ်းကြိုက်ရင်နွားချောတာပဲ လို့ ဆိုသလို ကိုယ့် စိတ္တဇနဲ့ ကိုယ် ပါပဲလို့ သာပြောရမယ်။

(၁၀) ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ လောကထဲက မညီမျှမှုတွေကို အလွယ်တကူရှင်းပြနိုင်အောင် ပြုလုပ်ထားတဲ့ စိတ်ကူး တစ်ခုသာဖြစ်ပြီး လောကမှာ ထင်ရှားတဲ့ အမှန်တရား တစ်ခုမဟုတ်တာကို တွေ့ ရတယ်။
လောကမှာ ထင်ရှားတဲ့ အမှန်တရားဆိုတာ အရှေ့  ကနေထွက်တယ်ဆိုတာမျိုး မြောက်အရပ်မှာ ဓူဝံကြယ်ရှိတယ် ဆိုတာမျိုး ကစလို့ သိပ္ပံပညာ တွေမှာရှိတဲ့ အခိုင်အမာ ရပ်တည်နေတဲ့ သီအိုရီတွေလို အရာတွေကို ဆိုပါတယ်။ ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ ဒီလို လောကမှာ ထင်ရှားတဲ့ အမှန်တရား တစ်ခုမဟုတ်ဘူးလို့ ဆိုချင်တာပါ။
ကမ္မသတ္တိ ရဲ့   သစ္စာတရား ဟာ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒ လိုပဲ ယုံကြည်သက်ဝင်မှုရဲ့  နယ်ပယ်ထဲကို ရောက်နေတယ်လို့ အထက်မှာ ဆိုခဲ့တဲ့ အတိုင်း ယုံကြည်သက်ဝင်သူတွေရဲ့  လောကမှာ မှန်နေတယ်လို့ သာဆိုနိုင်မယ် ထင်ပါတယ်။ ဗုဒ္ဓအဘိဓမ္မာ ရဲ့  ကမ္မ၀ါဒ ဟာ လောကမှာ ထင်ရှားတဲ့ အမှန်တရား တစ်ခုသာဆိုရင် အခြားသော ဘာသာဝါဒတွေ ရှိနေမှာတောင်မဟုတ်ပါ။ ကမ္ဘာ့လူဦးရေရဲ့   ၈၀% လောက်က ဘ၀သံသရာဝါဒ နဲ့ ကမ္မ၀ါဒ ကို ယုံကြည်သက်ဝင်မှု မရှိကြတာကို ထောက်ရင် ကမ္မ၀ါဒ ဟာ ဒီလောကမှာ ထင်ရှားတဲ့ အမှန်တရား တစ်ခုမဟုတ်ဘူးလို့ ပြောတာကို နားလည်နိုင်လောက်မယ်ထင်ပါတယ်။

မိုဒယ်အခြေပြု ဘာသာရေးဗဟုဝါဒအမြင်
ဘာသာဝါဒတွေ ဟာ လောကထဲက မညီမျှမှုတွေကို ရှင်းပြဖို့ ကြိုးစားတဲ့ အခါ သန်ရာ မိုဒယ် (Model) တွေနဲ့ ရှင်းပြကြတယ်။ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒကို ယုံကြည်သက်ဝင်သူတွေက ဖန်ဆင်းရှင်ဘုရားသခင်ရဲ့   အလိုတော် အယူအဆနဲ့ ရှင်းပြကြတယ်။ ဖန်ဆင်းရှင်ဘုရားသခင်ဝါဒကို မယုံကြည် ပဲ ဘ၀ အဖန်တလဲလဲ ဖြစ်ပေါ်ပြောင်းလဲမှုကို ယုံကြည်သက်ဝင် သူတွေက လောကထဲက မညီမျှမှုတွေကို ကမ္မ၀ါဒ နဲ့ ရှင်းပြကြတယ်။
ဘာသာဝါဒတွေ ကွဲပြားသလောက် မိုဒယ် (Model) တွေလဲ မတူကြဘူးဆိုတာတွေ့   ရတယ်။ ဒီ မိုဒယ်တွေထဲ က ဘယ် မိုဒယ် က အမှန်ဆုံးဖြစ်မလဲဆိုတာ ဘယ်သူမှ ယတိပြတ် ဆုံးဖြတ်မပေးနိုင်တာ အမှန်ပါပဲ။ ဒီနေ့အထိ အမှန်ဆုံး သစ္စာတရား ကိုပြပါ ဆိုရင် ဒီလိုပဲ မိုဒယ်တွေအလိုက် သူ့ဟာနဲ့ သူမှန်နေတဲ့ သဘောတွေပဲလို့  ယူဆထားတဲ့ အမြင်ပဲဖြစ်မယ်ထင်ပါတယ်။ ဒါက ဘာသာရေးဗဟုဝါဒအမြင်(Religious Pluralism)ဖြစ်ပါတယ်။

အတိတ်ကံယုံ ၀ါဒ ကို ရှင်တော်ဗုဒ္ဓ ပယ်ခဲ့ ပုံ
မဇ္ဈိမနိကာယ်-မူလပဏ္ဏာသပါဠိတော်-စူဠဒုက္ခက္ခန္ဓသုတ် မှာ ဂျိန်းတွေ ရဲ့  အတိတ်ကံယုံ ၀ါဒ ကို ရှင်တော်ဗုဒ္ဓ ပယ်ခဲ့ ပုံကို အခုလို ဖော်ပြထားတာတွေ့ ရပါတယ်။ တစ်ခါက ရှင်တော်ဗုဒ္ဓဟာ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင် မှာ နေ ခိုက်မှာ များစွာသော နိဂဏ္ဌတို့ ဟာ ဣသိဂိလိတောင်နံဘေး ကျောက်ဖျာနက်ပေါ် မှာ ထိုင်နေခြင်းကို ပယ်ကြပြီးတော့ မတ်မတ်ရပ် တည်နေကြပါသတဲ့။ အားထုတ်မှုကြောင့်ဖြစ်တဲ့ ထက်မြက် ကြမ်းတမ်းစပ်ရှားသော ဆင်းရဲဝေဒနာတို့ကို ခံစားနေကြရပါသတဲ့ ။ ထိုအခါ မှာ ရှင်တော်ဗုဒ္ဓဟာ နိဂဏ္ဌတို့အထံသို့ ချဉ်းကပ်ပြီး-ငါ့သျှင်နိဂဏ္ဌတို့ အဘယ်ကြောင့် သင်တို့သည် ထိုင်နေခြင်းကို ပယ်၍ မတ်မတ်ရပ်တည်နေကြလျက် အားထုတ်ခြင်းကြောင့်ဖြစ်သော ထက်မြက် ကြမ်းတမ်း စပ်ရှားသော ဒုက္ခဝေဒနာတို့ကို ခံစားကြကုန်သနည်း- ရယ်လို့ မေးတော်မူပါတယ်။
အဲဒီအခါမှာ နိဂဏ္ဌတို့က ငါ့သျှင် နာဋ၏သား နိဂဏ္ဌသည်အလုံးစုံကို သိ၏၊ အလုံးစုံကို မြင်၏၊ သွားနေစဉ် ရပ်နေစဉ် အိပ်နေစဉ် နိုးနေစဉ်ဥာဏ်အမြင်သည်ငါ့အား အမြဲမပြတ် ရှေးရှုထင်၏ဟု ဥာဏ်အမြင်အကြောင်းကို အကြွင်းမဲ့ဝန်ခံ၏၊ ထိုနာဋ၏သား နိဂဏ္ဌသည် အိုနိဂဏ္ဌတို့ ရှေး၌ပြုထားသော မကောင်းမှုကံသည် ရှိသည်သာတည်း၊ ထိုမကောင်းမှုကံကို ဤစပ်ရှားလှသည့် ပြုနိုင်ခဲသော အကျင့်ကို ကျင့်ခြင်းဖြင့် ချေဖျက်ကြကုန်လော့၊ ယခုဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း နှုတ်ဖြင့်စောင့်စည်းခြင်း စိတ်ဖြင့်စောင့်စည်းခြင်းသည်ပင် နောင်ဘ၀၌ မကောင်းမှုကံကို မပြုခြင်းဖြစ်၏၊ ဤသို့လျှင် ကံဟောင်းတို့ကို အကျင့်ဖြင့် ဖျက်ဆီးခြင်းç ကံသစ်တို့ကို မပြုခြင်းကြောင့် နောင်ဘ၀၌ မတိုးပွားခြင်းဖြစ်၏၊ နောင်ဘ၀၌ မတိုးပွားခြင်းကြောင့် ကံကုန်၏၊ ကံကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခကုန်၏၊ ဆင်းရဲဒုက္ခကုန်ခြင်းကြောင့် ခံစားခြင်းဝေဒနာကုန်၏၊ ဝေဒနာကုန်ခြင်းကြောင့် ဆင်းရဲဒုက္ခအားလုံးသည် ပျက်ပြုန်းလတ္တံ့}ဟု ဆို၏။ ထိုစကားကို ငါတို့သည် ကျေနပ်လည်း ကျေနပ်ကုန်၏၊ နှစ်သက်လည်း နှစ်သက်ကြကုန်၏၊ ထိုစကားဖြင့်လည်း ၀မ်းမြောက်ကြကုန်၏}} ဟု ငါ့အား ပြောဆိုကြကုန်၏။
ဒီအခါမှာ ရှင်တော်ဗုဒ္ဓက နိဂဏ္ဌတို့ ကို - ငါ့သျှင် နိဂဏ္ဌတို့ -ငါတို့သည်ရှေးက ဖြစ်ဖူးကြကုန်သည်သာ၊ မဖြစ်ဖူးကြကုန်သည် မဟုတ်ဟု သင်တို့ သိကြကုန်သလော-လို့ မေးပါတယ်။ နိဂဏ္ဌတို့  က ဒီလို မသိတဲ့ အကြောင်း ပြန် ဖြေကြပါတယ်။ ရှင်တော်ဗုဒ္ဓက ငါ့သျှင် နိဂဏ္ဌတို့ ]ငါတို့သည် ရှေးက မကောင်းမှုကံ့ကို ပြုခဲ့ဖူးသည်သာ၊ မပြုခဲ့ကြဖူးသည် မဟုတ်}ဟု သင်တို့ သိကြကုန်သလော လို့ မေးပါတယ်။ နိဂဏ္ဌတို့  က ဒီလို မသိတဲ့ အကြောင်း ပြန် ဖြေကြပါတယ်။ နောက်တစ်ခါ ရှင်တော်ဗုဒ္ဓက နိဂဏ္ဌတို့ ကို--ငါ့သျှင် နိဂဏ္ဌတို့ ]ဤသို့ ဤသို့သော မကောင်းမှုကံကိုပြုခဲ့ကြဖူးကုန်ပြီ}ဟု သင်တို့ သိကြကုန်သလော- လို့ မေးပါတယ်။ နိဂဏ္ဌတို့  က ဒီလို မသိတဲ့ အကြောင်း ပြန် ဖြေကြပါတယ်။ ငါ့သျှင် နိဂဏ္ဌတို့ ဤမျှသော ဆင်းရဲဒုက္ခကား ကျေပျက်ပြီးပြီ၊ ဤမျှသောဆင်းရဲဒုက္ခကို ချေဖျက်ရ ဦးမည်၊ ဤမျှသော ဆင်းရဲဒုက္ခ ကျေပျက်သော် ဆင်းရဲဒုက္ခ အလုံးစုံသည်ကျေပျက်လတ္တံ့  ဟု သင်တို့ သိကြကုန်သလော- လို့ မေးပါတယ်။ နိဂဏ္ဌတို့  က ဒီလို မသိတဲ့ အကြောင်း ပြန် ဖြေကြပါတယ်။ ငါ့သျှင်နိဂဏ္ဌတို့ မျက် မှောက်ဘ၀၌ပင် အကုသိုလ်တရားတို့၏ ပျောက်ကင်းခြင်းကို ကုသိုလ်တရားတို့၏ ပြည့်စုံခြင်းကို သင်တို့ သိကြကုန်သလော- လို့ မေးပါတယ်။ နိဂဏ္ဌတို့  က ဒီလို မသိတဲ့ အကြောင်း ပြန် ဖြေကြပါတယ်။

 ရှင်တော်ဗုဒ္ဓက သူတို့ ရဲ့  အတိတ်ကံ နဲ့ ပတ်သက်ပြီးတော့ ဘာပဲမေးမေး နိဂဏ္ဌတို့ က မသိပါကြောင်း ပြန်ဖြေကြတော့ -ငါ့သျှင် နိဂဏ္ဌတို့ ဤသို့ဖြစ်သော် လောက၌ကြမ်းတမ်းသူ သွေးစွန်းသောလက်ရှိသူ ကြမ်းကြုတ် သောအမှုရှိသူတို့သည် လူဖြစ်လာကုန်လျက်နိဂဏ္ဌတို့၌ ရှင်ရဟန်းပြုကြလေကုန်ယောင်တကား- လို့  ရှင်တော်ဗုဒ္ဓက လှောင်ပြောင်သရော် မှတ်ချက်ချတော်မူပါသတဲ့။ အတိတ်ကံ ကိုပဲ ယိုးမယ်ဖွဲ့တတ်တဲ့ မြန်မာ ဗုဒ္ဓဘာသာဝင်တွေ အတွက် ဒီဖြစ်ရပ်လေးက စဉ်းစားစရာ တွေ ကို မီမောင်းထိုးပြနေပါတယ်။

ရှင်တော်ဗုဒ္ဓရဲ့  ပစ္စုပ္ပန်ဘ၀ကို အလေးပေးတဲ့ ကမ္မ၀ါဒ
အထက်မှာ ဖေါ်ပြခဲ့တဲ့ အချက်တွေဟာ ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကို ပုဗ္ဗေကတဟေတုဝါဒ အစွန်းထိရောက် အောင် ခံယူကျင့်သုံးကြတဲ့ အခါ ဖြစ်နိုင်တာတွေ ကို ဆန်းစစ်ဝေဖန်ကြည့်တဲ့ သဘောပါ။ ပန်းထိမ်သည်ဟာ ရွှေရဲ့  အရည်အသွေးကို စမ်းသပ်ကြည့်ဖို့   ရွှေကို ဖြတ်တောက်ပွတ်တိုက်ကြည့် မီးစားကြည့်  ရသလို ပဲ ကမ္မ၀ါဒ ကို ဆန်းစစ်ဝေဖန်ကြည့်တဲ့ သဘောပါပဲ။ ရင့်ကျက်တဲ့ စိတ်နှလုံးရှိသူတွေဟာ ဆန်းစစ်ဝေဖန်မှုတွေ ကိုကြိုဆိုကြမယ် ထင်ပါတယ်။ ဒီရေးသားတင်ပြချက်ရဲ့  ရည်ရွယ်ချက်ကလဲ ဘာသာရေးကိုလေ့လာဆန်းစစ်ချင်တဲ့လူငယ်တွေ ဘာသာရေးသုတေသီတွေကို ဗုဒ္ဓအဘိဓမ္မာရဲ့   ကမ္မ၀ါဒ နဲ့ ပတ်သက်ပြီး အမြင်ကျယ်ကျယ်ထားပြီးတော့ ပြန်လှန် ဝေဖန်သုံးသပ်ကြည့် စေလိုတဲ့ ရည်ရွယ်ချက် ပါပဲ။
တကယ်တော့ ရှင်တော်ဗုဒ္ဓဟာ ဟိန္ဒူဘာသာ နဲ့ ဂျိန်းဘာသာ တွေရဲ့   အတိတ်ကံ အယူအဆတွေကို မပယ်ခဲ့ပေမဲ့ ပစ္စုပ္ပန်ဘ၀ရဲ့  ကြီုးစားအားထုတ်မှုနဲ့ လက်တွေ့  ဘ၀ရဲ့  ကမ္မအမှု တွေ ကိုသာ ပိုပြီး အလေးပေးခဲ့ပါတယ် ဆိုတာတွေ့  ရပါတယ်။ ရှင်တော်ဗုဒ္ဓရဲ့  ပစ္စုပ္ပန်ဘ၀ကို အလေးပေးတဲ့ ကမ္မ၀ါဒ ဟာ မဂ္ဂင် (၈)ပါး အကျင့်မြတ်ကို ကျင့်သုံးဖို့အတွက် အခြေခံငြမ်း သဖွယ်ဖြစ်တဲ့ မိုဒယ်တစ်ခု တစ်ဖက်ကမ်းကိုကူးဖို့လိုအပ်တဲ့ လှေ ဖေါင်သဖွယ်ဖြစ်တဲ့ ဥပါယ်တံမျဉ် သီအိုရီ တစ်ခုသာ ဖြစ်ပါလိမ့်မယ်။ ဒီထက်ပိုပြီးဆုပ်ကိုင်ထားရင်တော့ ဒိဋ္ဌုပါဒါန် အစွဲဖြစ်တော့မှာ မလွဲပါဘူး။
ရှင်တော်ဗုဒ္ဓဟာ ဗောဓိဥာဏ်အလင်းရောင်ကို ရရှိပြီးစမှာ ကိုယ်တော်ဘာသာ ထီးတည်း ပဲ သန္တိသုခ နိဗ္ဗာနဓါတ်ကို ခံစားတော်မူ မလို့  ဆုံးဖြတ် တဲ့ အခါ သဟမ္ပတိဗြဟ္မာကြီးက ဒီလို နေတော်မမူဖို့  နဲ့ ဝေနေယျသတ္တ၀ါတွေကို တရားအမြိုက်ဆေး တိုက်ကျွေးဖို့  တောင်းပန်ပါတယ်။ ဒီအခါမှာ ရှင်တော်ဗုဒ္ဓဟာ ..အို ယုံကြည်မှုသဒ္ဓါတရားနှင့် ပြည့်စုံ ၍ ပညာဥာဏ်မျက်စိ အမြင်နှင့်  ပြည့်စုံသူတို့ လာကြကုန်လော့..သင်တို့  အလို့ငှာ နိဗ္ဗာန် တံခါးကို ငါ ဖွင့်ထားခဲ့လေပြီ…ရယ်လို့   ဥဒါန်းကျုးရင့်တော် မူခဲ့တယ် လို့   ဆိုပါတယ်။ ဒီ လို ဥဒါန်းကျုးရင့်တာကိုထောက်ဆရင် ရှင်တော်ဗုဒ္ဓဟာ သဒ္ဓါ ပညာ ၀ီရိယ သတိ သမာဓိ စတဲ့ ပစ္စုပ္ပန်ဘ၀ ကြိုးစား အားထုတ်မှုရဲ့   အပ မှာ ရှိတဲ့ ကြောင်းကျိုး မှားနေတဲ့ ဖန်ဆင်းရှင် ဘုရားသခင်ဝါဒ အတိတ်ကံယုံဝါဒတွေနဲ့ ကြောင်းကျိုးဖြစ်စဉ်ကို လက်မခံတဲ့ နတ္ထိက၀ါဒ အကိရိယ၀ါဒ အဟေတုက ၀ါဒ တွေ ကို လုံးဝ ပယ်ရှားတော်မူခဲ့တယ် လို့  ဆိုရင် ယုံမှားဖြစ် ဖွယ်ရာမရှိ ပါကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါတယ်။ ဓမ္မမိတ်ဆွေ အားလုံး ရွှင်လန်းချမ်းမြေ့   တရားတွေ့  ကြပါစေ။