Friday, October 19, 2012

အိန္ဒိယနိုင်ငံတွင် ပေါ်ထွန်းခဲ့သော မဟာယာနဗုဒ္ဓဘာသာအကြောင်း=အပိုင်း-၂



သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် မှ မဟာယာန အယူအဆများ
သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် ရှေးအကျဆုံးသော မဟာယာနဗုဒ္ဓဘာသာသုတ္တန်များ အနက်မှ တစ်ခုဖြစ်ပြီး ဤ သုတ္တန်မှ စတင်၍ မဟာယာန အယူအဆများ အပီအပြင် ထင်ရှားစွာ ပေါ်လွင်နေသည်ကို တွေ့ရလေသည်။ ဤသုတ္တန်သည် စကားပြေစုဏ္ဏိယတစ်ပိုင်း ဂါထာအဖွဲ့ တစ်ပိုင်း ရေးဖွဲ့ထားလေသည်။ မဟာယာနနွယ်သော ဗုဒ္ဓ၀င်ကျမ်းစာများ ဖြစ်သည့် လလိတာဝတ္တာရ မဟာဝတ္တု စသည်တို့ ပေါ်ပေါက်ပြီး အေဒီ (၁) ရာစု ၀န်းကျင်ခန့်ဖြစ်နိုင်ကြောင်း ပညာရှင်တို့ ခန့်မှန်းကြပါသည်။ အစောဆုံးတွေ့ရသော တရုပ်ဘာသာပြန်လက်ရာများကို အေဒီ(၂၈၆) တွင် ရဟန်းတော် ဓမ္မရက္ခ မှ ၎င်း  အေဒီ (၃၈၃) တွင် ရဟန်းတော် ကုမာရဇီဝမှ ၎င်း အေဒီ (၆၀၁) တွင် ဥာဏဂုတ္တ နှင့် ဓမ္မဂုတ္တ တို့က ၎င်း အသီးသီး ပြန်ဆိုခဲ့ကြလေ၏။ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် ၏ အရေးပါမှု ကို ၈ကြိမ်၉ကြိမ်မက အထပ်ထပ် ဘာသာပြန်ခဲ့ကြသည်ကို ထောက်ဆလျှင် သိနိုင်လေသည်။ ယနေ့ခေတ်ကာလတိုင် တင်းဒိုင် နိချိရင် ဇာန် စသော ဂျပန် ဗုဒ္ဓဘာသာ ကျောင်းတိုက်ကြီးများတွင် နေ့စဉ် အလေးအမြေတ် ရွတ်ဆိုပူဇော်လျှက်ရှိနေသော သုတ္တန် ဖြစ်လေသည်။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် ဟီနယာန မှ မဟာယာနသို့ အပြီးသတ် အသွင်ကူးပြောင်းမှုကို ဖေါ်ပြနေသော သုတ္တန်ဖြစ်၏။ ရှင်တော်ဘုရားသည် အသိဥာဏ် ပါရမီ အဆင့်နိမ့်သော သာဝကများအတွက် ဟီနယာန ကို ဟောကြား ခဲ့ရကြောင်း ကို ရှည်လျားစွာ ဖေါ်ပြထားလေသည်။ ဟီနယာန လမ်းစဉ်သည် ဗောဓိပက္ခိယတရား (၃၇)ပါး ကို ကျင့်သုံး ခြင်းဖြင့် ကိလေသာရ၀ဏ (ကိလေသာ အတားအဆီး) တို့ကို ဖယ်ခွာနိုင်ပြီး အရိယသစ္စာ(၄)ပါးကို သိမြင်နိုင်ခြင်း ပုဂ္ဂလသုညတာ ကို သိမြင်နိုင်ခြင်း ပဋိစ္စသမုပ္ပါဒ် ကို သိမြင်နိုင်ခြင်း စသည့် အကျိုးတရားများ ရရှိနိုင်ပေသည်။ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် အလိုအရ ဟီနယာန လမ်းစဉ်ကို ပေါက်ရောက်အောင်မြင်ပြီးသော သာဝကများသည် ဗောဓိသတ္တ မဟာယာန ပါရမီလမ်းစဉ် ကို ဆက်လက်ဖြည့်ကျင့်ခြင်းအားဖြင့် ဥေယျာဝရဏ (ဥာဏ်ပညာအတားအဆီး) ကို့ ဖယ်ခွာ နိုင်ပြီးလျှင် ဓမ္မသုညတာ ကို ထိုးထွင်းသိမြင်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရှိနိုင်သည်ဟု ဖေါ်ပြပါသည်။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန်၏ အဓိကအကျဆုံး အယူအဆမှာ ဧကယာန=ဗုဒ္ဓယာန=မဟာယာန ဖြစ်သည်။ ရှင်တော်ဘုရား သည် အသိဥာဏ် ပါရမီ အဆင့်နိမ့်သော သာဝကများအတွက် ဟီနယာနလမ်းစဉ်များ (သာဝကယာန နှင့် ပစ္စေကဗုဒ္ဓယာန) ကို ဟောကြားခဲ့ရ သော်လည်း အဆုံးစွန်သော တစ်ခုတည်းသော လမ်းစဉ် သည် ဧကယာန=ဗုဒ္ဓယာန =မဟာယာန ဖြစ်သည်ဟုဆိုပါသည်။

သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် သည် အခန်း (၂၇) ခန်းပါဝင်သော ရှည်လျားသော သုတ္တန်ဖြစ်သည်။ ပထမအခန်းတွင် ဤသုတ်သည် ရှေး ဘုရားရှင် အဆက်ဆက်ဟောကြားခဲ့သော မဟာဝေပုလ္လသုတ္တန် ဖြစ်ကြောင်း ဒီပင်္ကရာဘုရားရှင်ထံ သို့ ၀ရပြဘာ ဗောဓိသတ္တထံမှ တစ်ဆင့် ရောက်ရှိခဲ့ကြောင်း ၀ရပြဘာ ဗောဓိသတ္တ မှာ မဉ္ဇူသိရီ ဗောဓိသတ္တ၏ ရှေးဘ၀ဖြစ်ကြောင်း တို့ ကို ဖေါ်ပြထားလေသည်။

ဒုတိယ အခန်းတွင် သမ္မာသမ္ဗုဒ္ဓ ဘုရားရှင်တို့ ၏ တရားအသိ (ဓမ္မာဘိသယ) ကို ဗောဓိသတ္တ ပစ္စေကဗုဒ္ဓ သာဝကများ မည်သို့မှ အသိမရောက်နိုင်ကြောင်း တတိယ နှင့် စတုတ္တ အခန်းများတွင် ဘုရားရှင်တို့ ၏ ကရုဏာသည် ဝေနေယျတို့ အပေါ် တစ်ပြေးညီကျရောက် စေကြောင်းကို ပုံပြ၀တ္တုနှစ်ပုဒ်ဖြင့် တင်ပြထားလေသည်။

ပဉ္စမ အခန်းတွင် ရှင်တော်ဗုဒ္ဓသည် နေမင်း မိုးတိမ်တိုက် ကဲ့ သို့ ဝေနေယျတို့ အပေါ် တူမျှညီညာစွာ ကျင့်သုံးကြောင်း သာဝကတို့ ရရှိသော နိဗ္ဗာန်သည် အဆုံးစွန်လွတ်မြောက်မှု မဟုတ်ကြောင်း ဘုရားရှင်တို့ ၏ တရားအသိ နှင့် ရရှိသော နိဗ္ဗာန်သည် အဆုံးစွန်လွတ်မြောက်မှု ဖြစ်ကြောင်း ကို ဖေါ်ပြထားလေသည်။ သကျမုနိဘုရားရှင်က မိမိ၏ မဟာသာဝကများသည် တစ်ချိန်ကျလျှင် ဓမ္မသုညတာ ကို ထိုးထွင်းသိမြင်ပြီး သမ္မာသမ္ဗုဒ္ဓ ဘုရားအဖြစ်ကို ရောက်ရမည် ဖြစ်ကြောင်း ဗျာဒိတ်ပေးဟောကြားထားသည်ကို တွေ့ရသည်။ ရှင်တော်ဗုဒ္ဓက ဤ သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် ကို ရှေးဘ၀ဟောင်းတစ်ခုတွင် ဒေ၀ဒတ္တ အလောင်း ရသေ့ထံမှ ကြားနာခဲ့ဖူးကြောင်း ဤသုတ္တန်ကို ကဲ့ရဲ့ရှုတ်ချမည့်သူများ အနာဂတ်ကာလတွင် ပေါ်ပေါက်လာမည်ကို ကြိုတင်မြင်သိခဲ့ကြောင်း ဤသုတ္တန်ကို ကဲ့ရဲ့ရှုတ်ချမည့်သူများ အပယ်ငရဲသို့လားကြရမည့်အကြောင်း ဤသုတ္တန်ကို လေးမြတ်ကြည်ညို ရွတ်ဆိုပူဇော်ထိုက်ကြောင်း စေတီများနှင့်အတူ ဦးညွတ်ရိုသေထိုက်ကြောင်း တို့ ကို ဖေါ်ပြထားပါသည်။

နောက် အခန်း နှစ်ခန်းတွင်မူ ဘုရားရှင်၏ သက်တမ်းသည် အကန့်အသတ်မရှိ အနန္တ-ထာဝရ ဖြစ်ကြောင်း လူ့လောကတွင် မွေးဖွား-ဘုရားဖြစ်-တရားဟော-ပရိနိဗ္ဗာန်ပြု သော ဖြစ်ရပ်များသည် ဘုရားရှင်၏ အမှန်တကယ်ဖြစ်သော အဖြစ်အပျက်များ မဟုတ်မူပဲ ဝေနေယျတို့ကို တရားပြလိုသောကြောင်း ဖန်းတီးထားသော မာယာဝိရူပမျှသာ ဖြစ်ကြောင်း ဒီပင်္ကရာမှ သည် ဂေါတမဗုဒ္ဓ ထိ ဘုရားရှင်ဟူသမျှသည် မိမိ၏ အသွင်များသာ ဖြစ်ကြောင်း ဟောကြားထားသောကြောင့် လောကီလွန် လောကုတ္တရာ ဘုရားရှင်မျိုးဖြစ်ကြောင်း အတည်ပြုပြောဆိုသော အခန်းများဖြစ်လေသည်။ ကျန်အခန်းများအားလုံးသည်ကား ဤသုတ္တန်ကို လေးမြတ်ကြည်ညို ရွတ်ဆိုပူဇော် ခြင်းအားဖြင့်ရရှိနိုင်မည့် အကျိုးတရားများကို ၀ိတ္တာရချဲ့ ရှင်းပြထားချက်များဖြစ်လေ၏။

ထူးခြားချက်မှာ အခန်း (၂၄) တွင် ဗောဓိသတ္တ အ၀လောကိတေသွာရ ကို စတင်မိတ်ဆက်ဖေါ်ပြထားလေသည်။ ဗောဓိသတ္တ အ၀လောကိတေသွာရ ကို ရည်မှန်းဆုတောင်းပတ္ထနာပြုပါက ဘေးဥပါဒ်အန္တရာယ် အသွယ်သွယ်မှ လွတ်မြောက်နိုင်ကြောင်း သူသတ်သမား၏ ဓါးသည်ပင် အစိတ်စိတ်အမြွာမြွာ ကျိုးပဲ့ ရကြောင်း လက်ထိတ် ခြေထိတ်တို့မှ ကျွတ်လွတ်ရကြောင်း သင်္ဘောပျက်ခြင်းဘေးဆိုး ကန္တာရခိုးသူတို့၏ဘေး စသည်တို့မှ လွတ်မြောက်ရကြောင်း ကို ဖော်ပြထားလေသည်။ ဤ အခန်းကို အခြေခံလျှက် ဗောဓိသတ္တ အ၀လောကိတေသွာရ၏ အကြောင်းသက်သက် ကို သာ တစ်ကျမ်းလုံးဖော်ပြထားသော ကာရဏ္ဍဗျူဟာ အမည်ရှိ ကျမ်းကြီးတစ်စောင် ပေါ်ပေါက်ခဲ့လေသည်။ ကာရဏ္ဍဗျူဟာ သည်ကား ဖန်ဆင်းရှင် ဣဿရ၀ါဒ ဆန်ဆန် ရေးသားထားဟန်ရှိလေသည်။

အေဒီ ၃၉၉ တွင် အိန္ဒိယသို့ရောက်လာခဲ့သော တရုပ်ရဟန်းတော် ဖာဟီယန်သည်  သီဟိုဠ်မှ တရုပ်ပြည်သို့ သင်္ဘောနှင့်အပြန်လမ်း မုန်တိုင်းမိရာတွင်  အ၀လောကိတေသွာရ ကို ဆုတောင်းရာ လှီုင်းလေများ ချက်ချင်းငြိမ်သက်သွားကြောင်း မှတ်တမ်းတင်ထားလေသည်။

အ၀လောကိတေသွာရ သည် လောကသားတို့ ကို ကရုဏာဖြင့်ငုံကြည့်တော်မူနေသော အရှင်ဖြစ်သောကြောင့် သတ္တ၀ါအားလုံးကို ကယ်တင်၍ မပြီးမချင်း နိဗ္ဗာန်သို့ မ၀င်စံရန် အဓိဋ္ဌာန်ပြု ထားသော အရှင ဖြစ်ပြီး ဘုရားရှင် ဟူသမျှတို့၏ မဟာကရုဏာဓါတ်ကို ကိုယ်စားပြုထားသော ဗောဓိသတ္တ လည်းဖြစ်၏။ ကာရဏ္ဍဗျူဟာ ရှေ့ပိုင်းတွင် အ၀လောကိတေသွာရ သည် အ၀ီစိငရဲ၌ အနှိပ်စက်ခံနေရသော သတ္တ၀ါများကို အပါယ်ဒုက္ခမှ ကင်းအောင် အ၀ီစိငရဲပြည်သို့ ဆင်းသက် အ၀လောကိတေသွာရ ရောက်သည်နှင့် ငရဲမီးတောက်များ ငြိမ်းခဲ့ကြောင်း ထိုမှတဖန် သူ၏ မဟာကရုဏာ အစွမ်းဖြင့်  ပြိတ္တာများ ကို ငတ်မွတ်ပြေစေခဲ့ ကြောင်း သီဟိုဠ်ကျွန်းမှလူများ ကို ဘီလူးရန် လွတ်စေခဲ့ ကြောင်း ရေးသားထားလေ၏။

ကာရဏ္ဍဗျူဟာ ကျမ်းက ချယ်မှုန်းပြသသော အ၀လောကိတေသွာရ သည် စကြ၀ဠာ ကမ္ဘာ မိုးမြေ ကို ဖန်ဆင်းရှင်ကြီးပင် ဖြစ်နေတော့ပါသည်။  သူ၏ မျက်လုံးမှ နေ နှင့် လ သူ၏ မျက်မှောင်မှ မဟေဿရ နတ်မင်း သူ၏ ပုခုံးမှ နတ်ဗြဟ္မာ ကြီးများ သူ၏ စွယ်တော်မှ သူရဿတီနတ်ဒေ၀ီ သူ၏ ခံတွင်းမှလေနတ်မင်း သူ၏ ခြေထောက်မှ မြေထု သူ၏ အစာအိမ်မှ ၀ရုဏနတ်မင်း တို့ မွေးဖွားခဲ့ကြောင်း အလင်္ကာတန်ဆာဆင် ရေးသားထား၏။

ကာရဏ္ဍဗျူဟာ ကျမ်းတွင် အရေးအပါဆုံးမှာ အ၀လောကိတေသွာရ ကို ရှိခိုးပူဇော်သော ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ အကြောင်း ဖြစ်လေသည်။ ဤ အက္ခရာ (၆) လုံးမျှပါသော ပါထာငယ်လေးသည် နှစ်ထောင်ချီ၍ မဟာယာနဗုဒ္ဓဘာသာဝင် သန်းပေါင်းများစွာ၏ နှလုံးသားများကို စိုးမိုးခဲ့သည်။ တိဗက်မဟာယာနဗုဒ္ဓဘာ ယဉ်ကျေးမှု လွှမ်းမိုးသော နေရာတိုင်းတွင် ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ ကို အမြတ်တနိုး အကြိမ် သိန်းသန်းချီ၍ ရွတ်ဆိုပူဇော်ကြသည်။ ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ နှင့် ပတ်သက်၍ ယင်း ဂါထာသည် အလွန် တန်ခိုးအာနုဘော်ကြီးမားကြောင်း အ၀လောကိတေသွာရ ၏ တိုက်ရိုက် ကောင်းချီးပေးမှု ကို ရနိုင်ကြောင်း မိမိ သွေးကိုမင် ပမာပြု၍ မိမိအရေကို ပုရပိုက် ပမာပြု၍ မိမိ အရိုးကို ကလောင်ပမာပြု၍ ရေးသားပူဇော်သင့်ကြောင်း ဥုမ် မဏိ ပဒ္ဓမေ ဟုမ် ဂါထာ တစ်ကြိမ်ရွတ်ဆိုမှု သည် ဂင်္ဂါ သဲစုထက် ပိုများပြားသော ကောင်းမှု ကုသိုလ် အစုဖြစ်ကြောင်း ယုံကြည်ကြသည်။

မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် သုံးသပ်ချက်
မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် ငြင်းခုံစွပ်စွဲမှုများ ရှေးအခါကတည်း ရှိခဲ့လေသည်။
ယနေ့ခေတ်သုတေသီပညာရှင်တို့၏အမြင်တွင်လည်း မဟာယာနသုတ္တန်များသည် ဥာဏ်ပဋိဘာန်ထက်မြက်စူးရှသော က၀ိပညာရှိများ ရေးသားစီရင်ခဲ့ပုံပေါ်ကြောင်း သမိုင်းဝင်သကျမုနိ ဂေါတမဗုဒ္ဓကိုယ်တိုင် ဟောကြားခဲ့သော သုတ္တန် ဒေသနာများမဖြစ်နိုင်ကြောင်း ယူဆကြ၏။ အဋ္ဌသာဟာရှရိကာ ပညာပါရမိတာသုတ္တန် တွင်မူ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) မဟုတ် စွပ်စွဲမှုများ ကို ခုခံချေဖျက်ရန် နှင့် ထိုသို့စွပ်စွဲသူများ ကို မာရ်နတ်၏ ကျော့ကွင်းတွင် သက်ဆင်းမိသူများဟုဆိုထား ပုံကိုထောက်ရှုကာ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်-မဟုတ် စွပ်စွဲမှုများငြင်းခုံမှုများ ပြင်းထန်ခဲ့ကြောင်း သွယ်ဝိုက်ဆင်ခြင်သိနိုင် ပေသည်။[1]

ထိုသို့ဆိုခြင်းဖြင့် မဟာယာနသုတ္တန် မဟုတ်သော ရှေးဦးဗုဒ္ဓဘာသာ၏ သုတ္တန်အားလုံးကို ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်သည်ဟု အတည်ပြုပြောဆိုခြင်းမဟုတ်ပေ။ ပါဠိပိဋကတ်သည်ပင်လျှင် အလုံးစုံကို ဘုရားဟော (ဗုဒ္ဓ၀စန)ဖြစ်သည်ဟု အခိုင်အမာပြောဆိုရန်ခက်ခဲလှပေသည်။ စင်စစ်အားဖြင့်ဘုရားဟော (ဗုဒ္ဓ၀စန) မဟုတ်သော သုတ္တန်များကို ဘုရားဟော (ဗုဒ္ဓ၀စန)ကဲ့သို့ လက်ခံဆည်းကပ်ရန်မှာ ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးရန်လိုပါသည်။ မက်ကွင်း၏အလိုအရ ဘုရားဟော (ဗုဒ္ဓ၀စန)ဖြစ်သည်ဟု အတည်ပြုပြောဆိုနိုင်ရန် အခြေအနေ (၃)ခုရှိ၏။ ယင်းတို့မှာ--

·         သုတ္တန်ကို ဟောကြားပြီးသောအခါတွင် ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးခြင်း
·         သုတ္တန်ကို မဟောကြားမီ ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က ကြိုတင်ဗျာဒိတ်ပေးအတည်ပြုပေးခြင်း
·         သုတ္တန်ကို ဟောကြားသည့် ပုဂ္ဂိုလ်ကို ရှင်တော်ဗုဒ္ဓ ကိုယ်တော်တိုင်က အတည်ပြုပေးခြင်း

ဤအခြေအနေများနှင့်ပြည့်စုံနိုင်ရန်မှာ ရှင်တော်ဗုဒ္ဓ သက်တော်ထင်ရှားရှိနေချိန်မှသာ ဖြစ်နိုင်ပေလိမ့်မည်။ ရှင်တော်ဗုဒ္ဓ နှင့်တစ်ကွ ထိပ်တန်းသာဝကမထေရ်မြတ်ကြီးများ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးသောကာလတွင်မူ သဘောတရားအရ ပိဋကတ် သည် ထပ်မံဖြည့်စွက်ရန် မဖြစ်နိုင်တော့ချေ။

မဟာယာန ဗုဒ္ဓဘာသာဝင်များအနေဖြင့်မူ မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း ရှင်တော်ဗုဒ္ဓ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးသော်လည်း ရှင်တော်ဗုဒ္ဓသည် အမိတာဘဈာနိဗုဒ္ဓ အမိတာယုဈာနိဗုဒ္ဓ စသည့် ရုပ်နယ်လွန်ဈာန်ဘုရားများ (Cosmic Buddhas) အသွင်ဖြင့် ဆက်သွယ်ဟောကြားခဲ့သည်ဟု ယုံကြည်ကြလေသည်။
မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း သကျမုနိရှင်တော်ဗုဒ္ဓကိုယ်တော်တိုင် တစ်ချိန်ချိန် တစ်နေရာရာတွင် အမှန်တကယ် ဟောတော်မူခဲ့ကြောင်း (ဧ၀ံ မေသုတံ) အစချီသော သုတ်နိဒါန်းများဖြင့် ဖေါ်ပြလေ့ရှိ သော်လည်း သုတေသီပညာရှင်များအနေဖြင့် သမိုင်းအထောက်အထား ပိဋကတ်စာပေအထောက်အထား မရှိသော ကြောင့် မဟာယာနသုတ္တန်များသည် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် ခက်ခဲပေလိမ့်မည်။
ဤသို့ဆိုသော်လည်း မဟာယာနသုတ္တန်များသည် နောက်ပိုင်း ရဟန်းတော်များ၏ ထွင်လုံးသက်သက် ဟုမယူဆသင့်ပေ။
ဥပမာ-မဟာယာန ဗုဒ္ဓဘာသာ ဒဿနဂိုဏ်းတစ်ခုဖြစ်သော မာဓျာမိကဂိုဏ်း (မဇ္ဈိမိကဂိုဏ်း)၏ အခြေခံ အယူအဆများကို ပါဠိပိဋကတ်မှ သံယုတ္တနိကာယ် သုတ္တနိပါတ် စသည်တို့တွင် တွေ့ ရှိနိုင်သောကြောင့် ပညာပါရမိတာသုတ္တန်များက မာဓျာမိကဂိုဏ်း (မဇ္ဈိမိကဂိုဏ်း) က အခြေခံခဲ့သော ပညာပါရမိတာသုတ္တန်များ သည် ဘုရားဟော (ဗုဒ္ဓ၀စန)နှင့် လျှော်ညီသော ဟောကြားသွန်သင်ချက်များဖြစ်ကြောင်းထောက်ဆနိုင်ပါသည်။


မဟာယာနသုတ္တန်များ၏ဇစ်မြစ်ကို ရှေးကျသောမဟာယာနသုတ္တန် တစ်ခုဖြစ်သည်ဟုယူဆရသော ပစ္စုပ္ပန္နသုတ္တန်တွင် တွေ့ရ၏။ ဤသုတ္တန်တွင် အမိတာယုဈာနိဗုဒ္ဓ၏ ရူပါရုံကသိုဏ်း ကျင့်ပုံ  အမိတာယုဈာနိဗုဒ္ဓ၏ ဗုဒ္ဓခေတ္တ သို့ ကိန်းဝင် ရောက်ရှိပုံ အမိတာယုဈာနိဗုဒ္ဓထံတော်မှ တရားထူးများ နာကြားရပုံ များဖေါ်ပြထား လေသည်။
ဗောဓိသတ္တရဟန်းတော်သည် သမာဓိဝင်စားချိန်မှာ ရုပ်နယ်လွန် ဈာန်ဘုရားများနှင့် ဆက်သွယ်တွေ့ဆုံ ပြီးနောက် အဆင့်မြင့် မဟာယာနတရားတော်များ ကြားနာခဲ့ရပုံ ကို ဖေါ်ပြထားသည်။ ဤနည်းအားဖြင့် မဟာယာနသုတ္တန်များ သည် ဗောဓိသတ္တရဟန်းတော်၏ နက်ရှိုင်းသော သမာဓိစိတ်အတွင်းဝယ် ဓမ္မဗျာဒိတ်တော်များဆန်ဆန်ပေါ်ပေါက်လာဟန် တူပေသည်။ ထို့ကြောင့် ပေါလ် ဟာရစ်ဆန်၏ ထင်မြင်သုံးသပ်ချက်အရ မဟာယာနသုတ္တန်များသည် တောရ ဆောက်တည်နေသောအရည၀ါသီတောမှီ ဗောဓိသတ္တရဟန်းတော်များ၏ ဖေါ်ထုတ်မှုများဖြစ်နိုင်ပေသည်။[2]

ရှေးကျသောမဟာယာနသုတ္တန် တစ်ခုဖြစ်သော အရိယာသုပိနသုတ္တန်တွင် အိပ်မက် (၁၀၈)ပါး ကို ဖေါ်ပြထားပြီး ယင်းတိုပအနက် အောက်ပါတို့မှာ မဟာယာနသုတ္တန်များ၏ဇစ်မြစ် ကို အိပ်မက်လောကနှင် ဆက်သွယ်ထားဟန်ရှိကြောင်း တွေးဆနိုင်ပေသည်။

(၂၂)-တရားတော်နာကြားရခြင်း
(၂၄)-မတွေ့ဖူးသော ရဟန်း ကိုဖူးတွေ့ရပြီး တရားတော်နာကြားရခြင်း
(၂၅)-မိမိကိုယ်တိုင် ဓမ္မာသနပလ္လင်တွင်ထိုင်ပြီး တရားတော် ဟောာကြားခြင်း
(၂၉)-ရှင်တော်ဗုဒ္ဓ ကိုဖူးတွေ့ရပြီး တရားတော်နာကြားရခြင်း
(၅၆)-ဓမ္မကျမ်းစာ လက်ခံ ရရှိခြင်း
(၆၂)- သုတ္တန်ကျမ်းစာများ ဖေါ်ထုတ်ရန် ပဏိဓါနအဓိဋ္ဌာန်ပြုခြင်း
(၆၃)- ဓမ္မကျမ်းစာ ရတနာတစ်ဆူ၏ အမည်နာမကို ကြားသိရခြင်း
(၆၄)-အခြားသောလောကဓါတ်မှ ရှင်တော်ဗုဒ္ဓ တစ်ဆူ၏ အမည်နာမကို ကြားသိရခြင်း
(၉၅)-မင်းပရိသတ်အစုံကို တရားတော် ဟောာကြားခြင်း
ပေါလ် ဟာရစ်ဆန်၏ သုံးသပ်ချက်မှာ စာပေကျမ်းဂန်းသုတ္တန်လေ့လာမှု နှင့် ကမ္မဋ္ဌာန်းကျင့်စဉ် ပေါင်းစပ်မှုကြောင့် မဟာယာနလှုပ်ရှားမှုကိုစတင်ခဲ့ကြသော ရဟန်းတော်များသည် ထူးခြားဆန်းကြယ်သော အိပ်မက်များ ရရှိကာ ဓမ္မကျမ်းစာ သစ်များ ဖေါ်ထုတ်နိုင်ခြင်းဖြစ်ကြောင်းယူဆလေသည်။[3]

ဤသို့ဆိုလျှင်မဟာယာနသုတ္တန်များကို ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း မည်သည့်အထောက်အထားဖြင့် လက်ခံရမည်နည်းဟူသောမေးခွန်းဖြစ်ပေါ်လာခဲ့လေသည်။  အေဒီ (၈) ရာစုတွင် ပေါ်ထွန်းခဲ့သော မဟာယာန ရဟန်းတော် ဒဿနပညာရှင် သန္တိဒေ၀၏ သိက္ခာသမုစ္စယ ကျမ်းတွင် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် အကြောင်းတရား (၄) ပါးကို ဖေါ်ပြထားခဲ့သည်ကို အောက်ပါအတိုင်းတွေ့နိုင်သည်။

(၁) သစ္စာဓမ္မကိုညွန်ပြ ခြင်း မိစ္ဆာဓမ္မကို ပယ်ရှားခြင်း
(၂) ဓမ္မ၀ါဒ ကို သင်ကြားခြင်း အဓမ္မ၀ါဒ ကို မဟောကြားခြင်း
(၃) ကိလေသာတရား ခေါင်းပါးရေးကိုညွန်ပြခြင်း ကိလေသာတရား ပွားစီးရေးကို မညွန်ပြခြင်း
(၄) နိဗ္ဗာန်နှင့် အလျှော်ဖြစ်ခြင်း သံသရာလည်မှုနှင့် ဆန့်ကျင်ခြင်း

ဤ လေးချက်နှင့် ကိုက်ညီလျှင် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံရန် လုံလောက်ကြောင်းကောင်းမွန်စွာ အပြစ်ကင်းစွာ အကျိုးရှိစွာ ဟောကြားအပ်သော သုဘာသိတ မှန်သမျှသည်  ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း ဖြစ်လေရာ ထိုထိုသော မဟာယာနသုတ္တန်များကို ဤအချက်များနှင့်တိုက်ဆိုင်စစ်ဆေးလျှက် ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း လက်ခံနိုင်ပေသည်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် အဋ္ဌကနိပါက် မှ ဥတ္တရ၀ိပတ္တိသုတ် တွင် အလားတူဟောခဲ့ သည်ကိုတွေ့ရပါသည်။ ၀ိမုတ္တိ ကို ရောက်စေနိုင်သော ဓမ္မဟူသမျှ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်သည်ဟု ယူဆနိုင်ဖွယ်ရာရှိပါသည်။ ပါဠိပိဋကတ် အင်္ဂုတ္တရနိကာယ် စတုက္ကနိပါက်မှ မဟာပဒေသတရား(၄) ပါးတွင်လည်း ပေါ်ပေါက်လာသော တရားသစ် ဟူသမျှကို ချက်ချင်း လက်ခံခြင်း ငြင်းပယ်ခြင်းမပြုပဲ ဘုရားရှင်ဟောတော်မူခဲ့ပြီးသော ဓမ္မ၀ိနယ ပိဋကတ်များတွင် သွတ်သွင်းတိုက်ဆိုင်စစ်ဆေးကြည့်ပြီးမှ လက်ခံခြင်း ငြင်းပယ်ခြင်း ပြုကြရန် ဟောကြားချက် ရှိပါသည်။ မဟာယာနသုတ္တန်များကို ဤမဟာပဒေသတရား(၄) ပါး အချက်များနှင့်တိုက်ဆိုင်စစ်ဆေးလျှက် ဘုရားဟော (ဗုဒ္ဓ၀စန) ဟုတ်မဟုတ် ဆ၀ါးကြည့်နိုင်ပါသည်။

ဝိမုတ္တိ ကို ရောက်စေနိုင်သော ဓမ္မဟူသမျှ ဘုရားဟော (ဗုဒ္ဓ၀စန) ဖြစ်ကြောင်း မဟာယာန၀ါဒီတို့ ကခံယူခြင်းကြောင့် ကျယ်ပြန့်သော လွပ်လပ်သော အသစ်ဖန်တီးမှုများ ဖြစ်ခွင့်ရှိခဲ့ပုံပေါ်ပါသည်။ မဟာယာနဗုဒ္ဓဘာသာရေးလှုပ်ရှားမှုသည် တောရဆောက်တည် တရားကျင့်သုံးအားထုတ်ကြသော ဗောဓိသတ္တဆုပန်ရဟန်းတော်များ၏ အသစ်ဖန်တီးမှုများက ကာလရွေ့လျောသောအခါ ဘုရားဟော (ဗုဒ္ဓ၀စန) အဖြစ် ပြောင်းလဲလက်ခံခဲ့ကြဟန်တူ လေသည်။

မဟာယာနဗုဒ္ဓဘာသာရေးလှုပ်ရှားမှု ကို ဦးဆောင်ခဲ့သော ရဟန်းတော်များ သည် သမိုင်းဝင်ဗုဒ္ဓ(Historical Buddha) အပေါ် သက်ဝင်ယုံကြည်မှုမှ မှ ဈာနိဗုဒ္ဓများ (Cosmic Buddhas) အပေါ်သက်ဝင်ယုံကြည်မှုဆီသို့ ရွေ့လျှားခဲ့သောအခါ သမိုင်းဝင်ဗုဒ္ဓ မှ မဟာယာနသုတ္တန်များကို ဟောခြင်းမဟောခြင်းကိစ္စသည် အရေးမပါတော့ ချေ။ မဟာယာန၀ါဒီတို့ အတွက် သမိုင်းဝင်ဗုဒ္ဓ ၏ နိမ္မာနကာယထက် သမိုင်း နှင့် လောကီအချိန်ကာလ အတိုင်းအတာများ ကို ကျော်လွန်နေသော (ဈာန်သမာဓိစိတ်ကို အခြေခံသော ပညာဥာဏ်မျက်စိဖြင့်သာမြင်အပ်သော) ဗုဒ္ဓ၏ သမ္ဘောဂကာယ နှင့် ထာဝရတည်ရှိ နေသော ဗုဒ္ဓ၏ ဓမ္မကာယများ ကို ပိုလွန်ပြီး အလေးအမြတ်ထားခဲ့သောကြောင့်သာ ဖြစ်ပေလိမ့်မည်။

မဟာယာနဗုဒ္ဓဘာသာ တိုးတက်ထွန်းကားလာခြင်း
ဗုဒ္ဓဘာသာ၏ အစောဆုံး နှစ် (၃၀၀) ကာလအတွင်းမှာ ဗုဒ္ဓဘာသာ သည် လူ့လောကနှင့် များစွာ မဆက်စပ်သော ရဟန်းဗဟိုပြု ဘာသာတရားတစ်ခု အသွင်ဖြင့်ရှိခဲ့  မောရိယ အင်ပါယာကို ထူထောင်သော အာသောကမင်းကြီး လက်ထက်မှ စ တင် ဗုဒ္ဓဘာသာ သည် ပြန့်ပွား ရန် အားယူခဲ့နိုင်သည်ကို တွေ့ရသည်။ အိန္ဒိယပြည်တွင် ဗုဒ္ဓသာသနာတော်ကို ချီးမြှင့် ထောက်ပံသော သာသနာ့ဒါယကာ မောရိယမင်းဆက် ပြုတ်၍ ဗြဟ္မဏ ဘာသာဝင် ဘုရင်များနန်းတက်ခဲ့သည် ။

အာသောကမင်းကြီး နောက် သုန်ဂမင်းဆက်များနန်းတက်လာသော ဗုဒ္ဓဘာသာ သည် မင်းချီးမြောက်မှုမခံရတော့ချေ။ ပုရှမိတြသုန်ဂမင်း (Pusyamitra Sunga) သည် ဗုဒ္ဓဘာသာ ကို များစွာဖိနှိပ်ခဲ့ လေသည်။   ဗြဟ္မဏ ဘုရင် တို့၏ နှိပ်စက်မှူကြောင့် ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်း မှာ အိန္ဒိယအနောက် ပိုင်းသို့ပြောင်း ခဲ့ရ၍ ထေရ၀ါဒဂိုဏ်းမှာ အိန္ဒိယတောင်ပိုင်း ဆံချီသို့ ရွေ့ ခဲ့ရသည် ။ ဗြဟ္မဏ ဘုရင်တို့သည် သက္ကဋဘာသာကို ဦးစားပေးသောကြောင့် ဟီနယာန သဗ္ဗတ္တိ ၀ါဒဂိုဏ်း သည် ဘုရားဟောပါဠိတော်များကို သက္ကတ ဘာသာ ဖြင့်ပြောင်းလဲ မှတ်တမ်းတင်ခဲ့ကြသည်။

ဗုဒ္ဓဘာသာ သည် ဖိနှိပ်ခံရသော်လည်း ပြည်သူတို့၏ ကြည်ညိုသဒ္ဒါတရားကြောင့် မမှေးမှိန်ပဲ ဆက်လက် တိုးတက်ခဲ့ပါသည်။ သုန်ဂမင်းဆက်ခေတ်ကာလတွင် ဗုဒ္ဓဘာသာ ကို ပြည်သူတို့၏ လှူဒါန်းပူဇော်မှု အထောက်အထား များစွာ တွေ့ ရှိရလေသည်။ဘာရွတ်ထူပါ ဆန်ချီထူပါ ကာလေ လှိုဏ်ဂူ စသော ကြီးမားသော သာသနိကအဆောက် အအုံများ သည် သုန်ဂမင်းဆက်ခေတ်ကာလတွင် ပေါ်ထွန်းခဲ့သည်ကို ထောက်ချင့်လျှက် ဗုဒ္ဓဘာသာ သည် ဖိနှိပ်ခံရသော်လည်း ပြည်သူတို့၏ ကြည်ညိုသဒ္ဒါတရားကြောင့် မမှေးမှိန်ပဲ ဆက်လက် တိုးတက်ခဲ့ကြောင်းထင်းရှားသည်။ ဤသို့ဖြင့် ဗုဒ္ဓဘာသာ သည် တစ်ဖြည်းဖြည်း ရဟန်းဗဟိုပြု ဘာသာတရားတစ်ခု အသွင် မှ လူထုအများကိုးကွယ်သော ဘာသာတရားတစ်ခုအဖြစ်သို့ရောက်ခဲ့သည်။ ဓါတ်တော် မွေတော် စေတီ ပုထိုး ဆင်းတု ကိုးကွယ်သော လူထုအများကြိုက်ဘာသာတရားဖြစ်လာခဲ့လေသည်။

အိန္ဒိယပြည်မြောက်ပိုင်းမှာ ဂရိ ဘုရင် မိလိန္ဒကဲ့သို့သော ပုဂ္ဂိုလ်များသည်ပင် ဗုဒ္ဓဘာသာ ကို လက်ခံခဲ့ကြချိန်ဖြစ်၏။
ဂရိ ဘုရင် မိလိန္ဒ သည် သာဂလနေပြည်တော် တည်ထောင်ပြီးသော် ဗုဒ္ဓဘာသာ ကိုများစွာ ထောက့်ပံ့ ချီးမြောက်ခဲ့သည်။
ပန်ဂျပ်ပြည်နယ် သာဂလမြို့ တော်တွင် ဂရိနွယ်ဝင် မိလိန္ဒမင်းကြီး၏ အမေးကို ရဟန္တာ အရှင်နာဂသိန် ကဖြေဆိုသော မိလိန္ဒပဥှာ ပါဠိတော်ကျမ်းကြီးပေါ်ထွန်းခဲ့သည် ။ ဗုဒ္ဓဘာသာ ကို အိန္ဒိယပြည်မြောက်ပိုင်းမှာ နေထိုင်သောဂရိလူမျိုးများ ကိုးကွယ်ခဲ့ကြ ပါဠိစာပေ အထောက်အထားများအရ ကထာဝတ္တုကျမ်းပြု အရှင်မောဂ္ဂလိပုတ္တတိဿမထေရ်ကြီးသည် ယာဝနတိုင်း (ဂရိဒေသ) သို့ သာသနာပြုရန် အရှင်ဓမ္မရိက္ခိတမထေရ်ကို စေလွှတ်ခဲ့သည်။ ထိုမထေရ်သည် ယာဝနတိုင်း (ဂရိဒေသ) သာ မက အပန္တကတိုင်းတွင်လည်း သာသနာကိုထွန်းလင်းစေခဲ့ပါ၏။
အေဒီ (၁) ရာစု-ဂန္ဓာရတိုင်း ပက်သျှဝါမြို့ တွင် သကမင်းစိုးစံသည် ။ ထိုကာလ တွင် ဂန္ဓာရတိုင်းတွင်ဟီနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက လွှမ်းမိုးလာ သည်။ သကမင်းဆက်-သာတာဝါဟနမင်းဆက်တို့သည် အိန္ဒိယပြည် မထုရာ ၊ ဥဇေနီ ၊ ဒက်ကန်ဒေသ သို့တိုင်အောင် အာဏာစက်ပြန့်နှံ့ ခဲ့သည် သကမင်းဆက်၌ ကနိသျှကဘုရင်ကို ဒါယကာပြု၍ ဟိနယာန သဗ္ဗတ္တိဝါဒဂိုဏ်းက ရဟန်းတော်(၅၀၀) ဖြင့် သင်္ဂါယနာတင်ခဲ့သည် ။ ဤ သင်္ဂါယနာတင်ပွဲကို အရှင်ဝသုမိတြ က ဦးဆောင် ကာ ကျင်းပခဲ့သည်ဟုဆိုပါသည်။ ကနိသျှကဘုရင် သည် အာသောကမင်းကြီး ထေရ၀ါဒသာသနာ ကို ချီးမြောက် သည့် နည်းတူ သဗ္ဗတ္တိဝါဒဂိုဏ်း ကို ချီးမြောက်ခဲ့သည်။ ထေရ၀ါဒဖက်က အသိအမှတ်မပြုသော်လည်း စတုတ္တသင်္ဂါယနာဟု ခေါ်တွင်ကြသော ပိဋကတ်တော်ကျမ်းစာများ နှင့် အဖွင့် ၀ိဘာသာကျမ်းကြီးများကို သဗ္ဗတ္တိဝါဒဂိုဏ်းဝင် ရဟန်းတော်များ က စီရင်ကြပြီး ကြေးပြားများပေါ်တွင်ရေးထွင်းကာ ပူဇော်ခဲ့ကြသည်။
သဗ္ဗတ္တိဝါဒဂိုဏ်း၏ ပိဋကတ်တော်များကို တရုပ်ဘာသာ တိဗက်ဘာသာ တို့သို့ ပြန်ဆိုခဲ့ကြသောကြောင့် မဟာယာန ဗုဒ္ဓဘာသာ၏ ပိဋကတ်စာပေ အခြေခံအုတ်မြစ်သည် သဗ္ဗတ္တိဝါဒဂိုဏ်းလာ စာပေများဖြစ်သည်ဟုဆိုလျှင် မှားအံ့မထင်ပေ။ တစ်နည်းအားဖြင့် မဟာယာနဗုဒ္ဓဘာသာ၏ အဆင့်မြင့် ဒဿနဂိုဏ်းများဖြစ်ကြသော မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များသည် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အခြေခံအယူဝါဒရေးရာများ ကို ဝေဖန်းဆန်းစစ်တိုက်ခိုက်ရင်း ပေါ်ထွန်း လာခဲ့လေသည်။ ထို့ကြောင့် တိဗက် မဟာယာနဗုဒ္ဓဘာသာ၏ သင်ရိုးတွင် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ ကျမ်းများလာ သော ဝေဘာသိကဒဿနအမြင် သည် အခြေခံသင်ရိုးဖြစ်၍ မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များကို အဆင့်မြင့် သင်ခန်းစာများ အဖြစ် သင်ယူရလေသည်။ ဤ အချက်သည် ရှေ့တွင် ရေးသားဖေါ်ပြလတ္တံသော မဇ္ဈိမိက ဂိုဏ်း နှင့် ယောဂစာရ ဂိုဏ်း တို့၏ အမြင်များဆိုင်ရာ အခန်းများ ရောက်လျှင် ကောင်းစွာ ထင်ရှားလာပါလိမ့်မည်။
အေဒီ (၂) ရာစု ခန့်တွင် နာဂ္ဂဇ္ဖုန ရဟန်းတော်သည် နဂါးပြည်မှ ပညာပါရမိတာပိဋကတ်များရရှိပင့်ဆောင်ခဲ့ပြီး မဇ္ဈိမိက သုညတ ၀ါဒကျမ်းများကို ရေးသားသည် ။ နာဂ္ဂဇ္ဖုန ရဟန်းတော်သည်ကား အိန္ဒိယပြည်၏ နေမင်းကြီး လေးဆူဟု တင်စားခြင်း ခံရသော မဟာပညာရှိက၀ိအကျော်ပဂေးကြီး လေးပါးအနက်ပါဝင်သော ပုဂ္ဂိုလ်ကြီးဖြစ်ပြီး  မဟာယာနဗုဒ္ဓဘာသာလောကတစ်ခုလုံးက ဒုတိယဗုဒ္ဓတစ်ဆူအနေဖြင့် အလေးအမြတ်ပြုခြင်း ခံရသူဖြစ်လေသည်။ ၎င်းမှ မဟာယနဂိုဏ်းပေါ်ထွန်းခဲ့သည်ပြီးလျှင် အိန္ဒိယပြည်တပြည်လုံးတွင် မဟာယာနဗုဒ္ဓဘာသာဝါဒပြန့်နှံသည် ။ သီဟိုဠ်ကျွန်းတွင်မူ မဟာယာနဗုဒ္ဓဘာသာသည် ကံမကောင်းခဲ့လှပဲ ဝေါဟရတိဿ မင်းက ဝေတုလ္လပိဋက (သဒ္ဓမ္မပုဏ္ဍရိကကျမ်း)ကို မီးရှိ့ ဖျက်ဆီး၍ မဟာယနဂိုဏ်းကို တိုင်း ပြည်မှ နှင်ထုတ်ခဲ့ သည် ကိုတွေ့ရလေသည်။
အေဒီ (၄) ရာစု လောက်တွင် မဟာယာနဗုဒ္ဓဘာသာ၏ ယောဂစာရဂိုဏ်းကို စတင်တည်ထောင်သော ကျမ်းပြုဆရာ အသင်္ဂနှင့် ၀သုဗန္ဓု တို့ညီနောင်နှစ်ပါးပေါ်ထွန်းခဲ့သည် ။ အိန္ဒိယပြည်တွင် ဂုတ္တမင်းများက နာလန္ဒ တက္ကသိုလ် စသော မဟာယာန တက္ကသိုလ် ကျောင်းကြီးများ တည်ထောင်ပေးသည် ။ ဂုတ္တမင်းများမှာ ဟိန္ဒူဘာသာဝင်များဖြစ်ကြ ၍ ထိုခေတ်အိန္ဒိယပြည် ဗုဒ္ဓဘာသာမှာလည်းဟိန္ဒူဝါဒနှင့်ထွေးရောယှက်တင် ဖြစ်နေသည် ။ ဗုဒ္ဓဘာသာ၏ သုညတ၀ါဒ ၀ိဥာဏ၀ါဒတို့ က ဟိန္ဒူဘာသာ ကို လွမ်းမိုး သလို ဟိန္ဒူဘာသာ ထဲမှ ပူရာဏ်ကျမ်း အယူအဆများလည်း ဗုဒ္ဓဘာသာအတွင်းသို့ စိမ့်ဝင်ထိုးဖေါက် ၀င်ရောက်ခဲ့သည့်ကာလဖြစ်သည်။
မဟာယာန တက္ကသိုလ် ကျောင်းကြီးများ
မဟာယာနဗုဒ္ဓဘာသာ နှင့် ပတ်သက်၍ ရေးသားမည်ဆိုပါလျှင် မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ အကြောင်းကို ချန်လှပ်ထားဖို့ မဖြစ်နိုင်ချေ။ တရုပ်ရဟန်းတော် ရွှင်ကျန် အိန္ဒိယပြည်တွင် ရောက်ရှိခဲ့စဉ်က အထင်ကရ တည်ရှိခဲ့သော မဟာယာန တက္ကသိုလ် ကျောင်းကြီးနှစ်ခု မှာ အိန္ဒိယပြည် အရှေ့ပိုင်းတွင် နာလန္ဒာတက္ကသိုလ် နှင့် အိန္ဒိယပြည် အနောက်ပိုင်းတွင် ၀ါလာဗီတက္ကသိုလ် တို့ ဖြစ်သည်ဟုဆိုပါသည်။ တရုပ်ရဟန်းတော် ရွှင်ကျန်သည် နာလန္ဒာတက္ကသိုလ် တွင် ပါမောက္ခချုပ်ဆရာတော် သီလဘဒြ ထံတွင် မဟာယာနဗုဒ္ဓဘာသာ ယောဂစာရ အဘိဓမ္မာ နှင့် ပတ်သက်၍ လေ့လာသင်ကြားခဲ့လေသည်။

နာလန္ဒာတက္ကသိုလ်သည် စာသင်ခန်းမကြီးများ စာကြည့်တိုက်ကြီးများ နှင့်အတူ အဆင့်မြင့် စီမံအုပ်ချုပ်ရေး နှင့် နာလန္ဒာတက္ကသိုလ်စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများပါ ပြည့်စုံစွာ ရှိကြောင်း မှတ်တမ်းတင်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ် သည် ဆရာ ၁၅၀၀ ခန့် နှင့် ကျောင်းသာ ၁၀၀၀၀ ကျော်ရှိကြောင်း ဗုဒ္ဓဘာသာ (မဟာယာန နှင့် ဟီနယာနဂိုဏ်များ) ဗြဟ္မဏဘာသာ ဆိုင်ရာ စာပေကျမ်းဂန်များ အပြင် အခြား လောကီ သိပ္ပံ အတတ်ပညာများ (ဟေတုဝိဇ္ဇာ သဒ္ဒါဝိဇ္ဇာ အာထဗ္ဗဏဝေဒ စသည်) ကိုလည်း သင်ကြားကြောင်း ပါမောက္ခချုပ်ဆရာတော် သီလဘဒြ သည် ဥာဏ်အထက်မြက်ဆုံးနှင့် ပညာအကြီးဆုံးဖြစ်ကြောင်း တို့ ကို တရုပ်ရဟန်းတော် ရွှင်ကျန် က မှတ်တမ်းတင် ထားခဲ့လေသည်။

အခြား တရုပ်ရဟန်းတော်တစ်ပါးဖြစ်သော ယိချင် ၏ Record of the Buddhist Religion (Chapter XXXIV) ကျမ်းစာတွင်မူ မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ ပညာရေးစံနစ်တွင် သက္ကဋသဒ္ဒါသင်ကြားရေး အခြေခံကျပုံအကြောင်း ကို အသေးစိတ်ချယ်မှုန်းထားသည်ကိုတွေ့ ရ၏။ သက္ကဋသဒ္ဒါသင်ကြားရေးတွင် ပါဏိနီ၏ သုတ္တကျမ်းများဖြစ်သော ဓါတုပါထ အဋ္ဌဓါတု ဥဏာဒိသုတ္တ ကာသိကာဝီထိ အပြင် ဝေဒန္တဒဿနပညာရှင်ကြီး ဘာတြီဟာရီ၏ သျှတ္တရကျမ်းများ ၀ါကျပဒီပ ဘေဒ၀ီထိ တို့ ကို လဲ လေကလာရသည်။ ဟေတုဝိဇ္ဇာ သဒ္ဒါဝိဇ္ဇာ ဆိုင်ရာကျမ်းများ သဗ္ဗတ္တိဝါဒ အဘိဓမ္မာပညာရှင် ၀သုဗန္ဓု၏ အဘိဓမ္မာကောသကျမ်း ညာယျ ဒွါရ တက္က သျှတ္တရ စသော ရှေးဟောင်းအိန္ဒိယ ယုတ္တိဗေဒ ကျမ်းများ ဇာတကမာလာ နှင့် ၀ိနယဘာသာရပ် များကို ပါ ကျယ်ပြန့်စွာလေ့လာသင်ကြားကြ ရလေသည်။

မဟာယာန တက္ကသိုလ် ကျောင်းကြီးများ၏ ပညာရေးစံနစ်တွင် အာဂုံ လေ့ကျက်ခြင်း နည်းကို သုံး သည်သာမက ဆင်ခြေလျှောက်လဲခြင်းပညာရပ်လေ့ကျင့် ကြရလေသည်။ ပညာရပ်များလေ့လာသင်ကြားပြီးဆုံးသွားပါက
ဘွဲ့အပ်နှင်ခြင်းလဲ ရှိသည်။ စာသင်ခန်းများတွင် ရေနာရီသုံး အချိန်မှတ်သား မောင်းတီး ၍ အချိန်ကို ကြေညာပေး တစ်နေ့တာ သင်ကြားချိန် (၈) နာရီခန့်ရှိသည်ဟုဆို၏။  နာလန္ဒာတက္ကသိုလ်မှာ ဆင်ခြေလျှောက်လဲခြင်းပညာရပ်တွင် အလွန်ကျော်ကြားပြီး စာသင်သားများ အနေနှင့် ဆင်ခြေလျှောက်လဲခြင်း ကို လေ့ကျင့်ကြဖြင်းအားဖြင့် နေ့တာတို သည်ဟူ၍ တောင်ထင်ကြရကြောင်း လွတ်လပ်စွာ ဆင်ခြေတက် အဆိုအခြေများဖြင့် ငြင်းခုံကာ ပညာဆည်းပူး လေ့လာကြရကြောင်း ရေးသားထားလေသည်။

နာလန္ဒာတက္ကသိုလ်၏ ပညာသင်ကြားပုံသည် ရှေးခေတ် ဘုန်းတော်ကြီးကျောင်းတိုက်များမှ အမေးအဖြေ (ကထာ) သင်ကြားနည်း ကို အတုယူဟန်ရှိလေသည်။ နယ်အသီးသီးမှ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ကျောင်းသားများ တက်ရောက် လေ့လာသင်ကြားကြခဲ့သောကြောင့် ဗုဒ္ဓဘာသာ ကို  ဗြဟ္မဏဘာသာ နှင့်ထွေးရောယှက်တင် ပေါင်းစည်း စေရန် နာလန္ဒာတက္ကသိုလ် ပညာရေး က အခြေအနေပေးစေခဲ့ကြောင်း သမိုင်းပညာရှင်တို့က ကောက်ချက်ဆွဲကြ၏။

နာလန္ဒာတက္ကသိုလ် စာကြည့်တိုက်ကြီးများ အလွန်ကြီးကျယ်ကြောင်း တိဗက် ဆရာတော် လာမာ တာရာနာထ၏ မှတ်တမ်းများတွင် ဖေါ်ပြထားသည်ကို တွေ့ရပြီး ယင်းတို့ အနက် စာကြည့်တိုက်ကြီး (၃) ခု ထင်ရှားလေသည်။ ၎င်းတို့၏ အမည်များမှာ ရတနဒါဓီ (ရတနာပင်လယ်)၊ ရတနသာဂရ (ရတနာ သမုဒ္ဒရာ)၊ နှင့် ရတနာရဉ္ဖက  (ရတနာ မျက်ချယ်) ဟူ ၍ အသီးသီးဖြစ်ကြ၏။

ထိုစာကြည့်တိုက်ကြီးများကို တပ်ခ်များ က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း တိဗက်မှတ်တမ်းများက ဆိုရာတွင် လပေါင်းများစွာ မီးများလောင်နေခဲ့ကြောင်း ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ဆိုင်ရာ ကျမ်းဂန်စာပေများ မီးသင့် ပျောက်ကွယ်ခဲ့ရကြောင်း သိရပါသည်။ နာလန္ဒာတက္ကသိုလ်ကြီးသည် (၆) ရာစု ခေတ်တွင် အကျော်ကြားဆုံးဖြစ်ခဲ့ပြီး နောက် နှစ်သုံးရာ အတွင်း အသစ်ပေါ်ပေါက်လာခဲ့သော ၀ိကြမသီလတက္ကသိုလ် မတိုင်ခင်ကာလထိ နာမည်ကျော် တက္ကသိုလ်ကျောင်းတိုက်ကြီး ဖြစ်ခဲ့လေသည်။ နာလန္ဒာတက္ကသိုလ်သည် အေဒီ (၁၁၉၇) ခုနှစ်တွင် ဘီဟာပြည်နယ်ကို မိုဟာမေဒင်တို့ တိုက်ခိုက် သိမ်းပိုက်သည့် အခါတွင် ဂိုဏ်းပေါင်းစုံ ဗုဒ္ဓဘာသာ ရဟန်းတော် များ အသတ်ခံရပြီး လုံးဝပျက်သုဉ်းခဲ့လေသည်။

နာလန္ဒာတက္ကသိုလ် ၏ ဗိသုကာလက်ရာ (၇) ရာစုခေတ်၏ အခမ်းနားဆုံး သော လက်ရာအဖြစ် အသိအမှတ်ပြုကြရ လောက်အောင် ထည်ဝါခမ်းနားခဲ့လေသည်။ ဘုရင် ယသောဝါမာန် (Yasovarman) ရေးထိုးသော ကျောက်စာတွင် နာလန္ဒာတက္ကသိုလ် ၏ မြင့်မားလှသော ဘုံနန်းထွတ်ဆောင်များသည် မိုးကောင်းကင်မှ တိမ်လွှာညွန့်ဆိုင် များကိုပင် ထိတို့နမ်းရှုပ်နေလေဟန်ရှိကြောင်း ချီးကျူးရေးသားထားလေ၏။

နာလန္ဒာတက္ကသိုလ်နှင်ပတ်သက် အိန္ဒိယနိုင်ငံ ရှေးဟောင်းသုတေသနဌာန၏ တူးဖော်တွေ့ရှိချက်များတွင်ထူးခြားချက် တစ်ခုကိုတွေ့ ရ၏။  ၀င်္ဂတိုင်း ကို အုပ်စိုးခဲ့သော ပါလမင်းဆက်ဝင် တတိယမြောက် ပါလမင်းဖြစ်သော ဒေ၀ပါလမင်း (အေဒီ ၉၀၀ ခန့်) ရေးထိုးခဲ့သည်ဟုယူဆရသော ကြေးပုရပိုက် ထဲ တွင် သုဝဏ္ဏဘူမိ (သုမတြ) ကျွန်းကို စိုးစံသော ဘုရင် သိရိဗလပုတ္တဒေ၀မင်း သည် နာလန္ဒာတက္ကသိုလ် ကြီးတည်တံ့စေရန် ရဟန်းတော်များ ချမ်းသာစွာ ပညာသင်ကြား နိုင်ကျြေစရန် သီရိနာဂရခေါ် ပါဋလိပုတ် ခရိုင် နိုင်ငံအတွင်း ရွာ (၅) ရွာ ကို မိမိပိုင်ဆိုင်သည့် သုဝဏ္ဏဘူမိ မှ ရွာ (၅) ရွာ ဖြင့် အစားထိုး ပေးလှူကြောင်း ရေးထိုးထားသည်ကို ထောက်ချင့် ၍ နာလန္ဒာတက္ကသိုလ် သည် အိန္ဒိယနိုင်ငံတွင် သာမကပဲ သုဝဏ္ဏဘူမိ (သုမတြ) ကျွန်း ကဲ့ သို့ သော ဝေးလံသော တိုင်းနိုင်ငံများထိအောင် ကျော်ဇောသတင်းပျံ့ နှံ့ ခဲ့သော တက္ကသိုလ်ကြီး ဖြစ်ကြောင်းထင်ရှားလေသည်။

ဝိကြမသီလတက္ကသိုလ် သည်ကား နာလန္ဒာတက္ကသိုလ် နောက် ပေါ်ပေါက်လာသော ကျောင်းတိုက်ကြီးဖြစ်လေသည်။
ပိင်္ဂလတိုင်း (ဘင်္ဂလား) ကို စိုးစံခဲ့သော ပါလ မင်းဆက်များ ၏ အထောက်အပံ့ဖြင့် ပေါ်ထွန်းခဲ့ သော ဗုဒ္ဓစာပေတက္ကသိုလ်ကြီး ဖြစ်ပေသည်။ ၀ိကြမသီလတက္ကသိုလ် တည်နေရာ ကို ရှာဖွေ ရာတွင် ဂင်္ဂါမြစ် ယာဖက်ကမ်း မြစ်ကြီးမြောက်ဖက်အရပ်သို့ စီးဆင်းရာ မှာ တည်ရှိခဲ့ဟု ခန့်မှန်းသော်လည်း အတိအကျ မတွေ့ရ သေးချေ။ ရှေးဟောင်းမှတ်တမ်းများ အလိုအရ ၀ိကြမသီလတက္ကသိုလ် ကြီးဝယ်မုခ်တံခါး (၆) ပေါက် ရှိပြီးလျှင်   မုခ်တံခါးပေါက် အသီးသီး ၌ (ဒွါရ ပဏ္ဍိတ) ဟုခေါ်သော ပညာရှိက၀ိကြီးများ က စောင့်ရှောက်လျှက်ရှိခဲ့ကြောင် နှင့် စာသင်သားများ ပညာသင်ကြားပြီးမြောက်ခဲ့ပါက ပဏ္ဍိတ ဘွဲ့ ကို တက္ကသိုလ် မှ အပ်နှင်း ကြောင်း ဖေါ်ပြထားလေသည်။

ဝိကြမသီလတက္ကသိုလ် ၏ မွှေးပျံ့သောဂုဏ်သတင်းသည် တိဗက် သို့ သာသနာပြုကြွရောက်တော်မူခဲ့သော အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ (Dipankara Srijnana) (အေဒီ ၉၈၀-၁၀၅၃) နှင့် အဓိက ဆက်စပ်လျှက်ရှိခဲ့လေသည်။
အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ သည် သြဒန္တပူရီ တက္ကသိုလ် တွင် ပညာလေ့လာဆည်းပူးခဲ့ပြီးနောက် (အေဒီ ၁၀၃၄-၁၀၃၈) တွင် ၀ိကြမသီလတက္ကသိုလ် ၏ ပါမောက္ခချုပ် ဆရာတော်ကြီးဖြစ်လာခဲ့ပြီး တိဗက်ဘုရင် ၏ ပင့်ဖိတ်ချက်အရ တိဗက်ပြည်သို့ သာသနာပြုကြွရောက်ချီးမြှင့် ခဲ့သော သာသနာ့အာဇာနည် ဆရာတော်ကြီးတစ်ပါးဖြစ်၏။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏ သည် ကဒမ်ပဂိုဏ်း (Kadampa School) ကို တည်ထောင်ခဲ့ပြီး  တိဗက်ပြည်တွင် ဗုဒ္ဓဘာသာရောင်ဝါနေသို့လင်းစေခဲ့ သော ကျေးဇူးရှင် အဖြစ် တိဗက်ပြည်သူတို့ က အထူးလေးမြတ်ကြည်ညိုခြင်း ကို ခံရသူလည်းဖြစ်၏။ အရှင်မြတ်ဒီပင်္ကရာ သိရီဥာဏသည် (၁၃) နှစ်တိုင်အောင် တိဗက်ပြည်တွင် သာသနာပြုပြီး တိဗက်ပြည်မှာပဲ ပျံလွန်တော်မူခဲ့ လေသည်။

ဝိကြမသီလတက္ကသိုလ်နောက် ထပ်မံပေါ်ပေါက်ခဲ့ သော ဇဂဒ္ဒလ နှင့် သြဒန္တပူရီ တက္ကသိုလ် များသည်လည်း ထိုစဉ်က ဗုဒ္ဓသာသနာတော်ကို ထောက်ပံ့ခဲ့ကြသည့် ပါလ မင်းဆက်များ ပင် ထူထောင်ပေးခဲ့သော တက္ကသိုလ်များ ဖြစ်ပေ၏။ အေဒီ ၁၀၈၄ မှ ၁၁၃၀ ထိ စိုးစံခဲ့သော ရာမာပါလမင်း (King Ramapala) သည် ဂင်္ဂါမြစ်ဆုံဒေသ (ကာရာတိုဝါ) တွင် မင်းနေပြည်တော်တည်ထောင် ရာမာဝတီမြို့တော် (Ramavati) ဟု အမည်ပေးခဲ့ ၏။ နေပြည်တော် ဇဂဒ္ဒလ တက္ကသိုလ် ကိုလည်း တည်ထောင်ပေးခဲ့သည်။ ဇဂဒ္ဒလတက္ကသိုလ်သည် နှစ်ပါင်း (၁၅၀) ခန့်သာ ရှင်သန် နိုင်ခဲ့ပြီး ဘီဟာပြည်နယ်ကို မိုဟာမေဒင်တို့ တိုက်ခိုက်ချိန်တွင် အခြား ဗုဒ္ဓတက္ကသိုလ်ကြီးများ နည်းတူ ပျက်သုဉ်းခဲ့ ရပြန် လေသည်။

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း

အေဒီ (၆၀၀) ဘုရင် ဟာရှဝဒ္ဓန လက်ထက် အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ စတင်ကျဆင်းခဲ့ကြောင်း သမိုင်းပညာရှင်များက သတ်မှတ်ကြသည်။ ဟာရှဝဒ္ဓနမင်း သည် အာသောကမင်းကြီးကဲ့သို့ အိန္ဒိယပြည် ကို စုစည်းနိုင်ခဲ့သော ဘုရင်ဖြစ်၏။ ဗုဒ္ဓသာသာနာကို ချီးမြောက်ခဲ့ သလို စင်ပြိုင် ဟိန္ဒူဘာသာ နှင့် ဂျိန်းဘာသာတို့ ကိုလည်းထောက်ပံခဲ့သူဖြစ်၏

တရုပ်ရဟန်းတော် ရွှင်ကျန်  အေဒီ ၆၃၃ တွင် အိန္ဒိယပြည် တစ်ဝှမ်းသို့ ရောက်ရှိခဲ့ရာဝယ် သာဝတ္ထိ ကပိလ၀တ် ကုသိနာရာ ဗာရာဏသီ ဝေသာလီ ပါဋလိပုတ် ဗုဒ္ဓဂယာ စသည့် နေရာများသို့ ဘုရားဖူးရောက်ရှိခဲ့လေသည်။ တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် စွန့်ပစ်ထားသော ဘုရားကျောင်းများစွာတွေ့ခဲ့ ကြောင်း ဗုဒ္ဓသာသာနာ ဆိုင်ရာ ကျောင်းတော်များ ထက် ဟိန္ဒူဘာသာဝင်တို့၏ နတ်ကွန်း (မန္ဒာလိ) များ ကို ပိုမိုများပြားစွာ တွေ့ခဲ့ ရကြောင်း ဟိန္ဒူဘာသာ နှင့် နိုင်းစာလျှင် ဗုဒ္ဓဘာသာ သည် များစွာ အင်အားချိနဲ့ နေခဲ့ပြီးဖြစ်ကြောင်း ရေးသားဖေါ်ပြထားလေ၏။

တရုပ်ရဟန်းတော် ရွှင်ကျန်  သည် ဗုဒ္ဓဂယာ မှာ မြေကြီးထဲ တစ်ဝက်နစ်မြုပ်ဝင်နေသော အ၀လောကိတေသွာရ ဗောဓိသတ္တ ရုပ်ပွားတော်တစ်ဆူတွေ့ခဲ့ ပြီး ယင်း ဗောဓိသတ္တ ရုပ်ပွားတော် ကွယ်ပျောက်ချိန်တွင် ဗုဒ္ဓဘာသာ လည်း ကွယ်ပျောက်လိမ့်မည်ဟူသော တပေါင်စာချိုးရှိခဲ့ကြောင်း ကို မှတ်တမ်းတင်ခဲ့ပါသည်။

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း သည် အဓိကအားဖြင့် ဟိန္ဒူဘာသာ၏ သိမ်းသွင်း ၀ါးမြိုမှုကြောင့် ဖြစ်ပြီး စစ်မက်ရေးရာနှင့် ပတ်သက်မှု မရှိလှကြောင်း ပညာရှင်တို့ ယူဆ ကြသည်။ အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း၏ ပင်မ အကြောင်းတရားများကို အောက်ပါ အတိုင်းလေ့လာတွေ့ရှိ ရပါသည်။

(၁) ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားခဲ့ကြခြင်း
တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် အေဒီ ၆-၇ ရာစု ကာလများတွင် အိန္ဒိယပြည်ရှိ ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားခဲ့ကြခြင်းအကြောင်း ကို မှတ်တမ်းတင်ထားလေသည်။ ဘိုလာ နှင့် ဘော်လတီ (Bolor and Balti) အရပ်တွင် ရှိသော ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ သည် ၀ိနည်းအကျင့်ကို မလေးစားကြကြောင်း စာပေပရိယတ် ကိုလည်းကောင်းစွာ သင်ယူလေ့လာမှု မရှိကြကြောင်း ဆင်းဒ် (Sindha) ဒေသမှာ သမ္မိတိယဂိုဏ်းသား ဗုဒ္ဓဘာသာ ရဟန်း သံဃာတို့သည် ရဟန်းတို့ နှင့် မအပ်စပ်သော လောကီကာမဂုဏ်တရားများကို ခံစားကြသည့်အပြင် သားသတ်ခြင်း အိမ်ထောင်သားမွေးအလုပ်များလုပ်ခြင်းတို့ ကိုပါ ရဲရဲဝံ့ဝံ့ကျူးလွန်သူများပင်တွေ့ခဲ့ရကြောင်း ကို တရုပ်ရဟန်းတော် ရွှင်ကျန် က မှတ်တမ်းတင်ထားလေသည်။

ရွှင်ကျန် နည်းတူစွာ ကသ္မီရမှ သမိုင်းပညာရှင် ကာလ်ဟာဏ (Kalhana) ၏ သမိုင်းမှတ်တမ်းတွင်လည်း မေဃ၀ါဟနမင်း၏ မိဖုရားယူကဒေ၀ီဆောက်လုပ်လှူဒါန်းသော ၀ိဟာရကျောင်းတော်တွင် သီတင်းသုံးသော ရဟန်းတော်များအနက် တစ်ဝက် ခန့်သည်သာ ၀ိနည်းအကျင့် ကို တင်းရင်းညီညွတ်စွာကျင့်သုံးကြကြောင်း ကျန်တစ်ဝက်မှာဝိနည်းအကျင့်ကို မလေးစားသော အလဇ္ဇီ ဒုဿီလ ရဟန်းများဖြစ်ကြကြောင်း မှတ်တမ်းတင်ခဲ့လေသည်။

အေဒီ ၇-၈ ရာစုများတွင် ပေါ်ပေါက်ခဲ့သော စာပေမှတ်တမ်းများအရလည်း လောကီရေး နိုင်ငံရေး ကိစ္စများ၌ တက်တက်ကြွကြွ ပါဝင်ခဲ့ကြကြောင်းသိရ၏။ ဘ၀ဘူတိ ရေးသားစီရင်သော မာလာတိမာဓ၀ ၀တ္တု တွင် ကာမန္ဒာကီ အမည်ရှိသော ဘိက္ခူနီမကြီး တစ်ပါးသည် ချစ်သူတို့ပေါင်းဖက်ရန် အောင်သွယ်တမန် လုပ်ခဲ့ကြောင်း ရေးသားထားသည် ကိုတွေ့ရ၏။ ကာမန္ဒာကီ အမည်ရှိသော ဘိက္ခူနီမကြီး အစစ်အမှန် ရှိခဲ့သည်ဖြစ်စေ စာရေးသူ၏ စိတ်ကူးယဉ် သက်သက် ဖြစ်သည် ဖြစ်စေ ထိုကာလ ၀န်းကျင်တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ၏ ၀ိနည်းအကျင့် လျော့ရဲပျက်ပြားနေပြီ ဖြစ်ကြောင်း ထောက်ဆ သိနိုင်ပေသည်။

ထို့အတူဒန္တီ ရေးသားသီကုံးသော ဒသကုမာရစရိတ တွင်လည်း ဘိက္ခူနီ တို့ အောင်သွယ်တမန်ပြုကြပုံ လောကီရေးတွင် ထွေးထွေးရှုပ်ရှုပ် ပတ်သက်ကြပုံ များ ကို ဖေါ်ပြခဲပလေသည်။ ကာလီဒါသ ဆရာ ၏ မာလ၀ိကာဂနိမိတ္တ တွင် ဗုဒ္ဓဘာသာ ရဟန်းသံဃာတို့ ဖေါက်ပြန်ပျက်စီးပုံများ နှင့် ဗုဒ္ဓစာပေ နုတ်ငုံဆောင်ခြင်း (ဘာဏ) ဟူသော ဝေါဟာရ ကို ယုတ်မာ နိမ့်ကျသော ကာမဂုဏ်ခံစားမှုဖြင့် တင်စားရေးဖွဲ့ထားမှုများကိုပင်တွေ့ ရလေသည်။ အေဒီ ၈ ရာစုလက်ရာတစ်ခုဖြစ်သော စာတုဘာဏီ တွင် ကချေသည်ပြည့်တန်ဆာများထံ သို့ မင်းညီမင်းသားများ ဗြဟ္မဏပုရောဟိတ်များ အပြင် ဗုဒ္ဓဘာသာဝင် ရဟန်းများပင် သွားရောက်လည်ပတ်ကြကြောင်း ဖေါ်ပြထားလေ၏။

(၂)ဗုဒ္ဓဘာသာ ဂိုဏ်းကွဲပြားမှု များကြောင့် အင်အားချိနဲ့ခဲ့ရခြင်း
ဗုဒ္ဓဘာသာ၏ သမိုင်းသည်  ဂိုဏ်းကွဲပြားမှုများ၏ သမိုင်းဟု ဆိုရမလောက်ပင် သာသနာနှစ် ၃၀၀ အတွင်း ဂိုဏ်းများ အစိတ်စိတ်အမွှာမွှာ ကွဲထွက် ခဲ့ ရလေသည်။ ဗုဒ္ဓ လက်ထက်တော် ကတည်းက ယောက်ဖတော် ဒေ၀ဒတ်၏ ဂိုဏ်းခွဲထွက်မှု ရှိခဲ့သည်ကို ထောက်၍ ဂိုဏ်းကွဲပြားမှုများ၏ ဇာစ်မြစ်သည် ဗုဒ္ဓဘာသာ၏ အတွင်းသဏ္ဍာန်ဝယ် နက်ရှိုင်းစွာ သန္ဓေတည်ခဲ့ဟန်ရှိလေသည်။ ဒေ၀ဒတ်၏ နောက်လိုက်နောက်ပါ ရဟန်းများ အေဒီ (၇) ရာစုထိ ရှင်သန်တည်ရှိနေခဲ့ပြီး ကာဏှသုဝဏ္ဏ တွင် ဘိက္ခုနီကျောင်းများထူထောင်ခဲ့ကြောင်း မှတ်တမ်းများရှိလေသည်။[4]

ရှေးဦး ဗုဒ္ဓဘာသာမှ ထာဝီရ၀ါဒ (ရှေးဦးထေရ၀ါဒ) နှင့် မဟာသံဃိက ဂိုဏ်းများ စတင်ကွဲထွက်လေသည်။  မဟာသံဃိကဂိုဏ်း မှ ဂေါကုလိက၊ဧကောဗျာဟာရိက၊စေတိယ၊ ဗဟုသုတိယ၊ပညတ္တိဝါဒ၊ဂိုဏ်းကွဲ ၅ခု ထွက်ပေါ်ခဲ့၍ ထာဝီရ၀ါဒ မှ မဟိသာသက၊ သဗ္ဗတ္တ၀ါဒ၊ ဟေမ၀တ၊၀ဇ္ဇီပုတ္တက၊ ဓမ္မဂုတ္တက၊ ကဿပိယ၊ သုတ္တန္တိက၊သမ္မိတိယ၊ ထေရ၀ါဒ(၀ိဘဇ္ဇ၀ါဒ) စသည်ဖြင့် ၁၁ ဂိုဏ်း ကွဲ ထွက်ပြန်သည်။ ဂိုဏ်းကွဲ အသေး အဖွဲ့များကိုပါ ထည့်သွင်းရေတွက်ပါက သံဃာဂိုဏ်းပေါင်း ၃၀ အထက် အကွဲ အပြဲခေတ်စားခဲ့ သည်။

တရုပ်ရဟန်းတော် ရွှင်ကျန် ၏ မှတ်တမ်းတွင် ခေတ်ပြိုင် သံဃာဂိုဏ်းပေါင်း (၁၈) ဂိုဏ်းတည်ရှိကြောင်းကို ဖေါ်ပြထား လေသည်။ ဗုဒ္ဓဘာသာတရားတော်၏ သန့်စင်မှု နှင့် ညစ်နွမ်းမှုတို့ သည် သက်ဆိုင်ရာ ဂိုဏ်းနှင့်သာ သက်ဆိုင်ကြောင်း သံဃာဂိုဏ်းပေါင်း (၁၈) ဂိုဏ်းစလုံး က လည်း မိမိ တို့ ဂိုဏ်း တရားသည်သာ စစ်မှန်သော ဗုဒ္ဓဘာသာတရားတော် ဖြစ်ကြောင်း ၀န်ခံပြောဆိုကြကြောင်း အချင်းချင်းလည်း အညီအညွတ်မရှိ ငြင်းခုန်နေကြကြောင်း ဟီနယာနနှင့်   မဟာယာန ရဟန်းတော်များလည်း အယူအမြင် ကွဲပြားခြားနားနေကြကြောင်း ကို ပုံဖေါ်ရေးချယ် ခဲ့လေသည်။

ဟီနယာနဂိုဏ်းမှ ပညာဂုတ္တ အမည်ရှိသောရဟန်းတော်တစ်ပါးက ဂါထာ (၇၀၀) ပါရှိသော ကျမ်းတစ်စောင်ဖြင့် မဟာယာနအယူဝါဒ ကို တိုက်ခိုက်ခဲ့ကြောင်း မဂဓဒေသ မှ မဟာယာနရဟန်းတော်များ၏ အားပေးတိုက်တွန်းမှုကြောင့်
တရုပ်ရဟန်းတော် ရွှင်ကျန် က ဂါထာ (၁၆၀၀) ပါသော တန်ပြန်ကျမ်းတစ်ဆူ ရေးသားစီရင်၍ ဟီနယာနဂိုဏ်း အယူအဆ ကို နှိပ်ကွပ်ခဲ့ရကြောင်း မဟာယာနအယူဝါဒ ကို ထွန်းလင်းပြခဲ့ရကြောင်း မှတ်တမ်းပြုထားလေသည်။

မဟာယာနဗုဒ္ဓဘာသာ၏ ပညာရှိက၀ိအကျော်အမော်များ ဖြစ်ကြသော သန္တိဒေ၀ စန္ဒကိတ္တိ သန္တရက္ခိတ စသော ရဟန်းတော်များသည် ဟီနယာနဂိုဏ်း အယူအဆများ ကို ဝေဖန်ထိုးနှက်သော ဓမ္မကျမ်းစာများ စီရင်ရေးသား ခဲ့ကြလေသည်။ ဗုဒ္ဓဘာသာဂိုဏ်းကွဲများအကြား ၀ိဝါဒကွဲပြားပြိုင်ဆိုင်မှုသည် ဗုဒ္ဓဘာသာ နှင့် အခြား ဘာသာဝါဒများ အကြား ရှိသော ၀ိဝါဒကွဲပြားပြိုင်ဆိုင်မှုများထက် ပို၍ ပြင်းထန်ခဲ့ပါသည်။ ဤသို့ ဂိုဏ်းကွဲပြားမှု များကြောင့် ဗုဒ္ဓဘာသာ သည် အင်အားချိနဲ့ခဲ့ရခြင်းဖြစ်သည်ဟူ၍ သုတေသီများ တွေးဆခဲ့ကြပါသည်။

(၃) ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ အသွင်သဏ္ဍာန်ခြင်း ရောနှောလာခဲ့ခြင်း
မဟာယာနဗုဒ္ဓဘာသာ သည် ဟိန္ဒူဘာသာဝင်လူထုကို သိမ်းသွင်းနိုင်ရန် ဟိန္ဒူဘာသာမှ နတ်ဒေ၀တာများ ကို ဗုဒ္ဓဘာသာ နယ်ပယ်သို့ သွတ်သွင်းခဲ့ လေသည်။ သီဝ ဗိဿနိုး ကာလီ စသော ဟိန္ဒူ နတ်ဒေ၀တာများ သည် အ၀လောကိတေသွာရ တာရာဒေ၀ီ စသော ဗုဒ္ဓဘုရားများ အသွင် ကို ဆောင်လာခဲ့လေသည်။ ကာလရွေ့လျားလာသောအခါတွင်
ဟိန္ဒူဘာသာဝင်လူထု က ဗုဒ္ဓဘာသာ ကို ဟိန္ဒူဘာသာ ၏ အကိုင်းအခက် တစ်ခုအနေနဲ့ သာမြင်ခဲ့ကြလေတော့သည်။
ဗုဒ္ဓသည် ဟိန္ဒူဘာသာ၏ ဗိဿနိုး ဆင်းသက်သော န၀မမြောက် အ၀တာရအသွင် ဘုရား အနေဖြင့် ကိုးကွယ်လာခဲ့ ကြလေသည်။ မဟာယာနဗုဒ္ဓဘာသာ သည် ဟိန္ဒူဘာသာဝင်လူထုကို သိမ်းသွင်းနိုင်ရန် ကြိုးစားရင်း တိုင်းရင်းသားရိုးရာ ယုံကြည်မှု ထုံးဓလေ့များ၏ တန်ပြန်ဝါးမြိုခြင်းကို ခံခဲ့ ပုံရကြောင်း ဗုဒ္ဓဘာသာသမိုင်းပညာရှင်များက ကောက်ချက်ဆွဲ ကြပါသည်။

တန္တရယောဂ ကျင့်စဉ်များ မဟာယာနဗုဒ္ဓဘာသာ အတွင်း ရောနှောပေါင်းစပ်လာခြင်းသည်လည်း မဟာယာနဗုဒ္ဓဘာသာ ဆုတ်ယုတ်ခဲ့စေကြောင်း လူထုအများ ကိုးကွယ်သော မဟာယာနဗုဒ္ဓဘာသာ သည် ဗောဓိသတ္တများကိုယုံကြည်ကိုးကွယ်မှု နှင့် မဟာယာနသုတ္တန်များကို ရွတ်ဆိုပူဇော်မှု သက်သက်အဆင့်သို့ ဆုတ်ယုတ်ခဲ့ ကြောင်း ယိချင်၏မှတ်တမ်းတွင် ဖေါ်ပြထား လေသည်။

ရုပ်ပွားဆင်းတု ကိုးကွယ်မှု ဂါထာမန္တန်များ ရွတ်ဖတ်ဖြင်း ဆုတောင်းပတ္ထနာပြုခြင်း တို့ သည် မူလ ပါရမီ ကျင့်စဉ်များ၏ နေရာတွင် အစားယူလာကြကာ တိုင်းရင်းသားရိုးရာ ယုံကြည်မှု ထုံးဓလေ့များ နှင့် အသွင်သဏ္ဍာန် အားဖြင့် ရောနှောခဲ့ သည် မှာလည်း အကြောင်းတရားတစ်ခု ဖြစ်လေသည်။

(၄) ဗြဟ္မဏ တို့ ဗုဒ္ဓဘာသာ ကိုမုန်းတီးမှု နှင့်  ဗြဟ္မဏ၀ါဒ ပြန်လည် နိုးထလာခဲ့ခြင်း

အိန္ဒိယပြည်မှ (မဟာယာန) ဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်း ၏ ပြင်ပအကြောင်းတရားများ အနက် ဗြဟ္မဏ တို့ ဗုဒ္ဓဘာသာ ကိုမုန်းတီးမှု သည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ရှင်တော်ဗုဒ္ဓ လက်ထက် အခါ ကတည်းက ဗြဟ္မဏ တို့ နှင့် ထိပ်တိုက်တွေ့ ရခြင်းများ ရှိခဲ့ လေသည်။ ဗုဒ္ဓ၏ ဘ၀ဖြစ်စဉ်တွင် ပဉ္စသာလ ဟူသော  ဗြဟ္မဏ ရွာနိဂုံးသို့ ဆွမ်းခံကြွခဲ့ ရာဝယ် ဆွမ်းတစ်လုပ်စာမျှ မရခဲ့ကြောင်း မှတ်တမ်းရှိလေသည်။

ဗြဟ္မဏ တို့သည် ဗုဒ္ဓဘာသာ ရဟန်းများ ကို ဦးပြည်းယုတ် သူတောင်းစား စသဖြင့် နှိမ်ချခေါ်ဆိုမှု များရှိခဲ့ သည့် အပြင်
ဗုဒ္ဓ၏ အနတ္တ၀ါဒ ကမ္မ၀ါဒ အနိဿရ၀ါဒ နှင့် ပဋိစ္စသမုပ္ပါဒ၀ါဒ များ အပေါ် ဗြဟ္မဏ တို့ မျက်မုန်းကျိုးခဲ့လေသည်။ ဗုဒ္ဓ၏ အနတ္တ၀ါဒ သည် ဗုဒ္ဓ၏ အနတ္တ၀ါဒ ဗြဟ္မဏ၀ါဒ ၏ အခြေအမြစ်မှ တူးဖြိုဖျက်စီး ခဲ့သောကြောင့် ဤမျှ မျက်မုန်းကျိုးခဲ့ ရခြင်းဖြစ်ပါ၏။ ဗြဟ္မဏ၀ါဒ တွေးခေါ်ရှင် ယာဇညဗာလကျ အလိုအရ ဗုဒ္ဓဘာသာ ရဟန်းများ ကို အိပ်မက်ထဲတွင် ဆုံတွေ့ရလျှင်သော်တောင် အမင်္ဂလာကြီးဖြစ်ကြောင်း ဆိုထားပါသည်။

ဗြဟန္နာရာဒီယ ပူရာဏ် ကျမ်း ဗြဟ္မဏတစ်ယောက် အတွက် အကြီးမားဆုံးသော အပြစ်သည် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ နေအိမ်အတွင်းသို့ (အတိဒုက္ခ ရောက်ရှိချိန်တွင်၌ပင်) ၀င်ရောက်မိခြင်းဖြစ်သည်ဟု ဆို၏။ အဂ္ဂနိပူရာဏ် တွင် သုဒ္ဓေါဓနမင်း၏သား (ဂေါတမဗုဒ္ဓ) သည် ဗြဟ္မဏ၀ါဒီ များ ကို သွေးဆောင်၍ ဗုဒ္ဓဘာသာဝင်ဖြစ်စေခဲ့ကြောင်း ရေးသားပါရှိလေသည်။

ဗုဒ္ဓဘာသာ ရဟန်းတော်တို့ ကို နှိမ်ချ၍ “ဖြူစင်သောသွား ထိန်းချုပ်သောမျက်လုံးများ အနီရောင်သင်္ကန်းကိုဝတ်ဆင်လျှက် ဦးပြည်းကတုံး တို့သည် ဘာသာရေး အမှုတို့ ပြုကြကုန်၏ ” ဟူ၍ ၀ါယုပူရာဏ် တွင် ရေးထား လေ၏။ ဗိဿနိုးပူရာဏ် တွင်မူ ဂေါတမဗုဒ္ဓ သည် ဖျားယောင်းလှည့်စားတတ်သူ ဟု စွပ်စွဲထားပေသည်။ ၎င်း ကျမ်းစာ၌ ပင် ဆက်လက်၍ ဂေါတမဗုဒ္ဓ သည် ကြီးမားသော အမိုက်အမှောင် (မဟာမောဟ) ဖြစ်သည်ဟူ၍ ရက်ရက်စက်စက် ထောမနာပြုထား လေ၏။ ဂေါတမဗုဒ္ဓသည် မညင်းဆဲမှု (အဟိံသာဓမ္မ) နှင့် ငြိမ်းအေးမှု (နိဗ္ဗာန) တရားများဟောကြား၍ ဝေဒ ယဉ်ကျေးမှု အစဉ်အလာများကို ဖျက်ဆီးသူ ဖြစ်ပြီး ဤ ကြီးမားသော အမိုက်အမှောင် (မဟာမောဟ) ၏ နောက်လိုက် (ဗုဒ္ဓဘာသာဝင်များ) ကို နတ်ဒေ၀တာများက အပြစ်ဒဏ်ခတ်လိမ့်မည်ဖြစ်ကြောင်း သတိပေးထားသေး၏။

ဗြဟ္မဏ၀ါဒီ ကုမာရိလ သည် ဗုဒ္ဓဘာသာဝင်များ ကို အလွန်ရွံ့ရှာစက်ဆုပ်မုန်းတီးခဲ့ကြောင်း “ရှလောက၀ါတ္တိက” တွင် ဖေါ်ပြထား၏။ ကုမာရိလ သည် ဥဇ္ဇေနီမင်း ကို ဗုဒ္ဓဘာသာဝင်များအား သတ်ဖြတ်သုတ်သင်ရန် တိုက်တွန်းခဲ့ကြောင်း (ဤအချက်နှင့်ပတ်သက်၍ ပညာရှင်အများ လက်မခံ-ခိုင်လုံသောသမိုင်း အထောက်အထား မတွေ့ ရကြောင်း) ကုမာရိလ နည်းတူ ဗုဒ္ဓဘာသာဝင်များ ကို ခါးခါးသီး မုန်းတီးသူမှာ ဝေဒန္တဒဿနပညာရှင် ရှန်ကာရ ဖြစ်၏။

ရှန်ကာရ ၏ ဗုဒ္ဓဘာသာဝင်များ ကို နှိပ်စက်ခဲ့မမှု များ သမိုင်းတွင်ခဲ့၏။ သူသည် ဗုဒ္ဓဘာသာဝင်များ ကို မတရားလက်နက် ဓါးလက်နက် စကားလက်နက် များဖြင့် တိုက်ခိုက်ခဲ့သူဖြစ်၏။ ရှန်ကာရသည် ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ ကို မင်းအမိန့် အာဏာဖြင့် အတင်းအဓမ္မ ၀ါဒပြိုင်စေ ရှုံးသူတို့ ကို ဗုဒ္ဓဘာသာအယူ ကို စွန့်လွှတ်စေ မလိုက်နာသူများ ကို ရာဇ၀တ်သားများပမာ သတ်မှတ်၍ ကျက်ကျက်ပူသော ထောပတ်ဆီအိုးတွင် နှစ်သတ်စေခြင်း စသော အကုသိုလ်များ ကျူးလွန်ခဲ့ လေသည်။ ထို့ကြောင့် တိဗက်အစဉ်အလာ မှတ်တမ်းများ အရ ဗုဒ္ဓဘာသာဝင် ရဟန်းတော်များ သည် ရှန်ကာရ ၏ အသံကိုကြားရလျှင်ပင် လွန်စွာ ထိတ်လန့်တုန်လှုပ်ချောက်ခြားကြရကြောင်း ရေးသားထားသည်ကို ထောက်ချင့်၍ ရှန်ကာရ ၏ ဗုဒ္ဓဘာသာဝင်များ အပေါ် ရက်စက်ကြမ်းကြုတ်ခဲ့မှုများကို သိရှိနိုင်ပါသည်။ ရှန်ကာရ ရေးသားသော “ဗြဟ္မသုတ္တဘာသ” တွင် ဂေါတမဗုဒ္ဓ သည် ပြည်သူတို့၏ ရန်သူ ဖြစ်ကြောင်း အတွင်းသဘော ၀ိရောဓိ ဆန့်ကျင်နေသာ ရှုပ်ရှုပ်ထွေးထွေးတရားများ ကို သာ ဟောပြောသူဖြစ်ကြောင်း ဖေါ်ပြထားလေသည်။

ဤသို့ ဗုဒ္ဓဘာသာဝင်များ ကို သတ်ဖြတ်နှိပ်စက်နေခဲ့ သည့် တစ်ချိန်တည်းမှာပင် ဗြဟ္မဏ၀ါဒ ပြန်လည် နိုးထလာခဲ့ခြင်း လည်း ဖြစ်ပေါ်နေခဲ့၏။ ဥဒ္ဒေါတကာရ ကုမာရိလဘဒ္ဒ ရှန်ကာရ ဥဒါယန ၀ါစာပတိ မိရှရ စသော အကျော်ဒေးယျ ဗြဟ္မဏပညာရှင်များ ထွန်းတောက် နေခဲ့ချိန်လည်းဖြစ်ရာ ဗြဟ္မဏ၀ါဒ ကို ပိုမို ခိုင်မာသော အခြေခံသစ်များဖြင့် အားယူတည်ဆောက်နေခဲ့သော ကာလ ဖြစ်၏။ ဗုဒ္ဓဘာသာ ကို လှောင်ပြောင်သရော်လေ့ရှိသော ပူရာဏ် ကျမ်းများ ကို မြင့်မြတ်သော မုက္ခပတ်ဘာသာရေး ကျမ်းစာများ အဖြစ် တရားဝင် အတည်ပြုပေးခဲ့ သည်ကိုတွေ့ရ၏။

ဂုတ္တခေတ် နှင့် နောက်ပိုင်းကာလတွင် ခေတ်စားလာခဲ့ ကြသော ဘဂ၀တ (ဗိဿနိုးဂိုဏ်း) နှင့် သီဝဂိုဏ်း တို့၏ လွမ်းမိုးမှု များကလည်း ဗုဒ္ဓဘာသာ ကို များစွာ မှေးမှိန်စေခဲ့၏။ ဗုဒ္ဓဘာသာ ၏ ဝေဒကျမ်းများအပေါ် မယုံကြည်မှု ဇာတ်ခွဲခြားရေး စံနစ် ကို လက်မခံမှု နှင့် ဗြဟ္မဏသျှတ္တရ ကျမ်းပြုဆရာတို့၏ စစ်မှန်သောတန်ဖိုးကို လက်မခံခြင်း များသည်  ဗုဒ္ဓဘာသာ အပေါ် ဗြဟ္မဏတို့ အနေဖြင့် ပို၍ မုန်းတီးစရာဖြစ်ခဲ့၏။ အသောက ကနိရှက ဟာရှဝဒ္ဓန စသော ဗုဒ္ဓဘာသာ သာသနာ ပြုမင်းများကြောင့် ဗုဒ္ဓဘာသာ ကောင်းစားခဲ့စဉ်က ဗြဟ္မဏတို့ အနေဖြင့် နောက်ဆုတ်ကာ ခပ်ရို့ရို့လေး နေခဲ့ ရသည်ကို မမေ့နိုင်ပဲ အသာစီးရခိုက်ဝယ် ဗုဒ္ဓဘာသာ ကို လက်စားချေတော့၏။ ဗုဒ္ဓဘာသာ နှင့် ဆန့်ကျင်သော ဝေဒကျမ်းများ အပေါ်အကြွင်းမဲ့ယုံကြည်မှု ဇာတ်ခွဲခြားရေးစံနစ် နှင့် အိမ်ရာထောင်သော လူ့ဘောင်ဘ၀၏ တာဝန် ကျေပွန်မှု တရားများ ကို အဓိက ပေါ်လွင်အောင် ဟောပြောခဲ့ကြလေသည်။ ဗြဟ္မဏ တို့၏ တရားဓမ္မ ကို ဆန့်ကျင်၍ သမဏလမ်းစဉ် (အိမ်ယာစွန့်ခွာရေးလမ်းစဉ်) ကို လိုက်နာကျင့်သုံးသူတို့အား ကြီးလေးသော ပြစ်ဒဏ်များ ပေးရန် သတ်မှတ်ခဲ့လေသည်။

(၅) ဗုဒ္ဓဘာသာ ကို ဗြဟ္မဏဘုရင်များ၏ နှိပ်ကွပ်ဖျက်စီးမှု
အိန္ဒိယနိုင်ငံတွင် ဗုဒ္ဓဘာသာ တစ်ဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း၏ အဓိကအကြောင်းတရားများ အနက် ဗုဒ္ဓဘာသာ ကို ဗြဟ္မဏဘုရင်များ၏ နှိပ်ကွပ်ဖျက်စီးမှုသည် အရေးပါသော အကြောင်းတရားတစ်ခုဖြစ်လေသည်။

ရွှင်ကျန် ၏ မှတ်တမ်းတွင် ဗုဒ္ဓဒဿနပညာရှင် ၀သုဗန္ဓု ၏ ဆရာ ဖြစ်သော မနောရဋ္ဌ ကို ဘုရင် ၀ိကြမာဒိတျ ၏ အနိုင်ကျင့် နှိပ်စက်မှု ကို ဖော်ပြထား၏။ တစ်ခါက မနောရဋ္ဌ သည် သူ၏ ဆတ္တာသည် ကို လုပ်အားခ  အဖိုးတစ်သိန်း ပေးသည်ဟူ၏။ ထိုသတင်း ကို ဘုရင် ၀ိကြမာဒိတျ ကြားလတ်သော မနောရဋ္ဌ အပေါ် ကြီးစွာသော မနာလို စိတ် ဖြစ်လေသည်။ ၀ိကြမာဒိတျ သည် မနောရဋ္ဌ ၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေလျှက် ဗိုလ်ပုံအလည် တွင် အရှက် ရစေရန် မနောရဋ္ဌ ကို မင်းအမိန့်အာဏာဖြင့် နန်းတော်သို့ ဆင့်ခေါ်စေလျှက် မိစ္ဆာဝါဒီ (၁၀၀) ဖြင့် ၀ါဒ အခြေအတင် ပြိုင်ဆိုင် စေခဲ့၏။ အကယ်၍ ၀ါဒပြိုင်ဆိုင်မှုတွင် ရှုံးနိမ့်ခဲ့ပါလျှင် အသတ်ခံရမည်ဖြစ်ကြောင်း မတရား အမိန့်ထုတ်လေ၏။ မနောရဋ္ဌ သည် မိစ္ဆာဝါဒီ (၉၉) ယောက်ကို အနိုင်ယူခဲ့ပြီးသော အခါ ကောက်ကျစ်ယုတ်မာသော ဘုရင် ၀ိကြမာဒိတျ သည် မိစ္ဆာဝါဒီ တို့ နှင့်အတူ ပွဲသဘင်ကို ပျက်အောင် ဆူညံသောင်းကျန်းနှောက်ယှက်စေ၏။ ထိုအခါ မနောရဋ္ဌ မိမိ လျှာကို ကိုက်ဖြတ်၍ တပည့်ဖြစ်သူ ၀သုဗန္ဓုအား ဂိုဏ်းဂဏ အားကိုးဖြင့် အနိုင်ကျင့်သူများအလယ်တွင် တရားမျှတစစ်မှန်မှုဟူသည် မရှိပေ-ဟု စာဖြင့်ရေးသားပြောခဲ့လျှက် ကွယ်လွန်ခဲ့ရလေသည်။ ရွှင်ကျန် က ထပ်လောင်းဖြည့်စွက်ရေးသားခဲ့ရာတွင် ဘုရင် ၀ိကြမာဒိတျ ထီးနန်းကျ၍ သူ့ အရိုက်အရာ ကို ဆက်ခံသော မင်းသစ် သည် ပညာရှိပဏ္ဍိတ များကို လေးစားမှု ရှိသူ ဖြစ်သောကြောင့် ဗုဒ္ဓဒဿနပညာရှင် ၀သုဗန္ဓု သည် ထို ဘုရင်၏ လက်ထက်တွင် ဗုဒ္ဓဘာသာ ၏ ဂုဏ်ကို ပြန်လည်ဆောင်ကြဉ်းခွင့် ရခဲ့လေသည်။
ဤ ဇာတ်ကြောင်းသည် ဒဏ္ဍာရီဆန်ဆန် ဖြစ်နေသော်လည်း တကယ်ဖြစ်ရပ်မှန် သမိုင်းနောက်ခံ အကြောင်းအရာများပေါ် အခြေခ့ခဲ့ပုံရ၏။ ဘုရင် ၀ိကြမာဒိတျ ဆိုသူသည် အေဒီ (၅) ရာစုကာလ က စိုးစံခဲ့သော ဂုတ္တမင်းဆက်မှ ဘုရင် ခန္ဒဂုတ္တ ဖြစ်နိုင်ကြောင်း မှန်းဆကြ၏။ ဘုရင် ခန္ဒဂုတ္တ သည် ဗုဒ္ဓဘာသာကို မုန်းတီးသူ အဖြစ်နာမည်ကျော်ခဲ့၍ သူ့ နန်းဆက်ကို ဟူဏ (ဟုဏ်း) လူမျိုးတို့က ဖျက်ဆီးခဲ့ပြီး နောက်တွင် ဗုဒ္ဓဘာသာကို ထောက်ပံ့ချီးမြောက်သော ဘုရင် နရသီဟဂုတ္တ ဗာလာဒိတျ နန်းတက်ခဲ့လေသည်။ နရသီဟဂုတ္တ သည် ဟူဏ (ဟုဏ်း) လူမျိုးတို့ကို မောင်းထုတ်နိုင်ခဲ့၏။

ဗုဒ္ဓဘာသာ ကို နှိပ်ကွပ်ဖျက်စီးမှုအရာတွင် ဗြဟ္မဏဘုရင်များအနက် ဟူဏ (ဟုဏ်း) လူမျိုး ဘုရင် မိဟိရကုလ ဖြစ်၏။ ဤ ဘုရင်၏ ဗုဒ္ဓဘာသာ ကို ရက်စက်စွာ နှိပ်ကွပ်ဖျက်စီးမှု အကြောင်းများကို ကသ္မီရသမိုင်းပညာရှင် ကာဠာဏ က မှတ်တမ်းတင်းထားခဲ့သလို ရွှင်ကျန်၏ မှတ်တမ်းများ က လည်း ထောက်ခံအတည်ပြုနေ၏။ မိဟိရကုလ သည် ငရဲညပည်ကို အစိုးရသော ယမမင်းကြီးနှင့် အလားတူဖြစ်ကြောင်း ဤမင်းဆိုးမင်းညစ်၏ အကုသိုလ်ဒုစရိုက်မှုများကို ပြောဆိုရသော လျှာသည်ပင် ညစ်ထေးယုတ်ညံ့ရကြောင်း ကာဠာဏ က ရေးသားခဲ့၏။

ကသ္မီရသမိုင်းပညာရှင် ကာဠာဏ ၏ အလိုအရ မိဟိရကုလ သည် ဗြဟ္မဏဘာသာကို များစွာချီးမြောက်၍ ဗြဟ္မဏပညာရှိ များကို သူကောင်းပြုခဲ့၏။ မိဟိရကုလ သည် သီဝနတ်မင်း ကို ကိုးကွယ်၏။ သူ့အမည် မိဟိရ (=မိတြ) သည် နေမင်းနတ်ဘုရားနှင့် ဆက်စပ်မှုရှိကြောင်း ထောက်ဆ၍ ဤအချက်မှန်ကန်ကြောင်း သက်သေထူနေပါသည်။ တစ်ခါက ဘုရင် မိဟိရကုလ သည် ဗုဒ္ဓဘာသာကို လေ့လာသင်ကြားရန် ရဟန်းတော်တစ်ပါးစေလွှတ်ပေးရန် တောင်းဆိုရာ ၀ါနည်းသော ရဟန်းငယ်တစ်ပါးကို သာ စေလွှတ်ခဲ့သောကြောင့် ဗုဒ္ဓဘာသာကို များစွာ အမျက်သိုခဲ့သည်ဟုဆိုပါသည်။ မိမိ အုပ်ချုပ်မင်းလုပ်သော အာဏာစက်ဖြန့်ကျက်ရာ တိုင်းပြည်မြို့ရွာ အနှံ့တွင် လှည်းနေလှေအောင်းမြင်းဇောင်းမကျန် ရှိရှိသမျှသော ဗုဒ္ဓဘာသာဝင် ရဟန်းသံဃာတော်မှန်သမျှ တစ်ပါးမကျန် သုတ်သင်သတ်ဖြတ်ရန် မင်းအမိန့်အာဏာပြဋ္ဌာန်း ခဲ့သည်ဟုဆို၏။

ထိုအခါ မဂဓတိုင်းမှ ဗုဒ္ဓဘာသာကို ထောက်ပံ့ချီးမြောက်သော ဘုရင် နရသီဟဂုတ္တ ဗာလာဒိတျ က မိဟိရကုလ ၏ အမိန့် ကို ဆန့်ကျင်ကန့်ကွက်ခဲ့ သဖြင့် မင်းနှစ်ပါး စစ်မက်ဖြစ်ပွားခဲ့ရလေသည်။ မိဟိရကုလ စစ်ရှုံး၍ ဘုရင် နရသီဟဂုတ္တ ၏ အကျဉ်းစံဖြစ်ရလေသည်။ သို့သော်လည်း အချုပ်အနှောင်မှ လွတ်မြောက်၍ မိဟိရကုလ သည် ကသ္မီရတိုင်း သို့ရောက်ရှိခိုလှုံခဲ့၏။ ကျေးဇူးကန်းသော မိဟိရကုလ သည် ကသ္မီရ ဘုရင်ကို သတ်ဖြတ်၍ ထီးနန်းကို လုာူခဲ့ပြန်သည်။ ထိုအချိန်က ကသ္မီရတိုင်းတွင် ဗုဒ္ဓဘာသာထွန်းကားနေဆဲဖြစ်လေရာ မိဟိရကုလ သည် ဗုဒ္ဓဘာသာ ကို ဖျက်ဆီးရန် အခွင့်ရလေ၏။ ကျောင်းကန်ဘုရားစေတီပေါင်း (၁၆၀၀) ခန့် ကို မြေလှန်ဖျက်ဆီးခဲ့၏။ ဗုဒ္ဓဘာသာဝင် ဥပသကာပေါင်း သိန်းသန်းချီ၍ သုတ်သင်သတ်ဖြတ်ခဲ့၏။ မိဟိရကုလ သည် ဗုဒ္ဓဘာသာဝင် သုံးကုဋေခန့် သတ်ဖြတ်ပြီးနောက် မိမိကိုယ်လည်း အဆုံးစီရင်လျှက် ငရဲလမ်းသို့ ကြွမြန်းခဲ့လေတော့၏။ မိဟိရကုလ သည်
ဗုဒ္ဓဘာသာဝင် တို့ အထွဋ်အမြတ်ထားရာ မြတ်ဗုဒ္ဓ၏ သပိတ်တော် ကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ကြောင်း ပုဏ္ဍရိကမုခ သုတ္တန်တွင် မှတ်တမ်းတင်ထားလေသည်။

မိဟိရကုလနည်းတူ ဥဇ္ဇေနီမင်း သုဓာဝန် ဟူဏ (ဟုဏ်း) လူမျိုး ဘုရင် တောရမာဏ ဂေါဍ ဘုရင် ရှရှန်က တို့သည်လည်း ဗုဒ္ဓဘာသာကို အငြိုးအတေးကြီးစွာ တိုက်ခိုက်ဖျက်ဆီးခဲ့ကြသော ဗြဟ္မဏဘုရင်များ ဖြစ်လေသည်။

(၆) ကျူးကျော်ဝင်ရောက်လာသော တူရကီတို့ ဗုဒ္ဓဘာသာ ကို သုတ်သင်ဖျက်စီးခဲ့ကြခြင်း
ခေတ်ပြိုင် သမိုင်းမှတ်တမ်းများအရ မိုဟာမက်ဂေါရီ ဟူသော အာဖဂန်စစ်ဗိုလ်ချုပ်သည် အေဒီ ၁၁၉၁ တွင် အိန္ဒိယထဲ ၀င်ရောက်တိုက်ခိုက် နယ်မြေများသိမ်းပိုက်ခဲ့ ၃ ပုံ ၂ ပုံ ခန့်သော နယ်မြေများ သိမ်းခဲ့ ရာတွင် ဗာရာဏသီ ထိ သိမ်းပိုက်ခဲ့ ဟိန္ဒူ နှင့် ဗုဒ္ဓဘာသာ ကျောင်းကန် ဘုရားများစွာ မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဗာရာဏသီမြို့ကြီး ၁၅ ရက် တိုင်တိုင် မီးတဟုန်းဟုန်းလောင်ကျွမ်းခဲ့ကြောင်း ဖေါ်ပြထား၏။

တူရကီစစ်သည်တို့ ဖျက်ဆီးခဲ့သော ဗုဒ္ဓဘာသာ သာသနိက အဆောက်အအုံများမှာ
·         မိဂဒါဝုန်မှာ စေတီငယ် ၅၂ ဆူ ကျောင်းတိုက်ပေါင်း ၄၅
·         မိဂဒါဝုန်မှာ ကျောက် ခန္တီ စေတီ နှင့် ကစ်တိုးကျောင်းတော်ကြီး
·         မိဂဒါဝုန်မှာ ရှိသော ဓမ္မာရာဇိက စေတီတော်ကြီး
·         မိဂဒါဝုန်မှာ နန္ဒိယ ကျောင်းတော် ဓမ္မစက္ကဇိန၀ိဟာရ ကျောင်းတိုက်ကြီး
·         မိဂဒါဝုန်မှာ ရှိသော ဓမ္မေခ စေတီကြီး
·         ကုသိနာရုံ ကျောင်းတော်ကြီး
·         သာဝတ္ထိ နှင့် ပါဋလိပုတ် မှ ကျောင်းတိုက်များ
·         ရာဇဂြိုဟ် မှ ဝေဠုဝန်ကျောင်းတော် နှင့် ပိပ္ပလိလိုဏ်ဂူ

တူရကီစစ်သည်တို့၏ ကျူးကျော်စစ်ပွဲများ သည် ဟိန္ဒူဘာသာကြောင့် အင်အားချိနဲ့နေပြီဖြစ်သော ဗုဒ္ဓဘာသာ ကို အပြီးသတ်ထိုးနှက်ချက်ပေးခဲ့ လေသည်။ တူရကီတို့ ကျူးကျော်ဝင်ရောက်လာချိန် အေဒီ ၁၀၀၀ ၀န်းကျင်ခန့်တွင် ဗုဒ္ဓဘာသာ သည် အလွန်အားနည်းနေခဲ့ အဆုံးသတ်လုနီးအခြေကို ရောက်နေသော အနေအထားဖြစ်လေသည်။
အိန္ဒိယပြည် မြောက်ပိုင်းမှ ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ တက္ကသိုလ် ကြီးများသည် ထင်းရှားစွာတည်နေသော ပစ်မှတ်များဖြစ်ခဲ့ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရ၏။ စူလတန် မာမွတ် ရှာဘဒ္ဒင် ဂိုရီ (Mahmud Shabuddin Ghori (Muhammad Ghori-1162–1206) သည် ၁၁၉၇ တွင် နာလန္ဒာတက္ကသိုလ် ကို၎င်း ၁၂၀၃ တွင် ၀ိကြမသီလတက္ကသိုလ် ကို၎င်း မီးရှို့ဖျက်ဆီးခဲ့ ၏။ ဗုဒ္ဓဘာသာသည်  ဟိန္ဒူဘာသာကဲ့ သို့ ရပ်ရွာအခြေပြုဘာသာ မဟုတ်ပဲ တက္ကသိုလ်ကြီးများကို အခြေပြုသော ဘာသာဖြစ်သောကြောင့် ဗုဒ္ဓဘာသာ ကျောင်းတော်ကြီးများ တက္ကသိုလ် ကြီးများ ပျက်စီးသည်နှင့် တမဟုတ်ချင်းချုပ်ငြိမ်းခဲ့ရ လေတော့၏။

အိန္ဒိယမဟာယာနဗုဒ္ဓဘာသာသမိုင်း အနှစ်ချုပ်သုံးသပ်ချက်
ဘီစီ (၂) ရာစုခန့်တွင် အစပျိုးခဲ့လျှက် အေဒီ (၂) ရာစုတွင် အထင်အရှားပေါ်ထွန်းလာခဲ့သော အိန္ဒိယမဟာယာန ဗုဒ္ဓဘာသာ သည် နှစ်ပေါင်း (၁၀၀၀) ခန့် တိုးတက်ထွန်းကားခဲပြီးနောက်တွင် အမျိုးမျိုးအဖုံဖုံသော အတွင်းရန်အပြင်ရန် တို့ကြောင့်ချုပ်ငြိမ်းခဲ့ ရလေသည်။ အိန္ဒိယ မဟာယာနဗုဒ္ဓဘာသာ ၏ နှစ်ပေါင်း (၁၀၀၀) သမိုင်း ကို အနှစ်ချုပ်သုံးသပ်ကြည့်ပါလျှင် အောက်ပါ အချက်များကို တွေ့ရပေမည်။

(၁) မဟာယာနဗုဒ္ဓဘာသာ သည် ရှင်တော်ဗုဒ္ဓ ထွန်းငြိတော်မူခဲ့သော သစ္စာအလင်းရောင် ကို ထောင်စုနှစ်တစ်ခုတိုင် အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်ထွန်းလင်းတောက်ပစေနိုင်ခဲ့သည်။ ထေရ၀ါဒဗုဒ္ဓဘာသာ သည် သာသနာပြုမင်းများ မရှိသည့်နောက် ဘီစီ (၂) ရာစုဝန်းကျင်တွင် အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်မတောက်ပနိုင်တော့ပဲ များစွာ အားလျှော့ခဲ့သည်။ ရှင်မဟိန္ဒ အမှူးပြုသော သာသနာပြုရဟန်းတော်များစွာ၏ ကြိုးပမ်းအားထုတ်မှုကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ သည် သီဟိုဠ်ကျွန်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် ဓမ္မလင်းရောင်ခြည် ကို ဆောင်နိုင်ခဲ့ပေသည်။ အိန္ဒိယပြည်မြေပေါ်၌ ဆက်လက်ကျန်ရစ်သော မဟာယာနဗုဒ္ဓဘာသာ သည် ရံဖန်ရံခါ သာသနာပြုမင်းများ နှင့် ကြုံတွေ့ခဲ့ရသလို ဗုဒ္ဓဘာသာ ကို နှိပ်စက်ဖျက်ဆီးသော မင်းဆိုးမင်းညစ်များ၏ ဓါးထက်မှု ကိုလည်းခံခဲ့ရသည်။ သီဟိုဠ်ကျွန်းနှင့် အခြားအရှေ့တောင်အာရှနိုင်ငံများတွင် သာသနာပြုမင်းများ နှင့် အဆက်မပြတ် ကြုံတွေ့ကာ ချီးမြောက်ထောက်ပံ့မှုကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာ သည် များစွာစည်ပင်တိုးတက်ခဲ့ချိန်တွင် မဟာယာနဗုဒ္ဓဘာသာ သည် ဗြဟ္မဏပညာရှိပဏ္ဍိတများ၏ ထိုးနှက်ဝေဖန်မှုကို အလူးအလဲခံစားခဲ့ရပုံပေါ်သည်။
ဗြဟ္မဏဘာသာ နှင့် အပြိုင် သာသနာပြု ရင်း မဟာယာနဗုဒ္ဓဘာသာ သည် အပေါ်ယံကြောသဘော အရ မိမိ၏ ပြိုင်ဘက်နှင့် တစ်ဖြည်းဖြည်း ဆင်တူလာခဲ့သည်ကို တွေ့ရ၏။ ယင်းအချက်သည်ပင် မဟာယာနဗုဒ္ဓဘာသာ အတွက် အားနည်းချက်ဖြစ်စေခဲ့သည်ကို သမိုင်းအရ တွေ့ရပါသည်။

(၂) မဟာယာနဗုဒ္ဓဘာသာ သည် အိန္ဒိယပြည်၏ ပညာရေး နှင့် ဘာသာရေးဒဿနပညာရပ် များ ကို များစွာ တိုးတက်စေ ခဲ့ သည်။ အထက်တွင် ရေးသားဖေါ်ပြခဲ့ပြီးသော မဟာယာနဗုဒ္ဓဘာသာ တက္ကသိုလ်ကျောင်းတိုက်ကြီးများ အစီအရီ ပေါ်ထွန်းခဲ့ခြင်းက ဤအချက် ကို မီးမောင်းထိုးပြ နေလေသည်။ မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာ သုတ္တန်များ ကို အဖွင့် အဋ္ဌကထာဋီကာများ ရေးသားပြုစုဖွင့်ဆိုတော်မူခဲ့ကြသော မဟာယာနဗုဒ္ဓဘာသာ ဗောဓိသတ္တရဟန်းတော်များစွာ ၏ အလွန်ကြီးမားသော ဥာဏ်ပညာနှင့် ဇွဲလုံ့လ ၀ီိရိယ တို့ကြောင့် မဟာယာနဗုဒ္ဓဘာသာ တိုးတက်ပွင့်လန်းခဲ့ ရသည်ဟုဆိုလျှင် မှားအံ့မထင်ပေ။  နာဂဇ္ဇုန၊အရိယဒေ၀၊ အသင်္ဂ၊ ၀သုဗန္ဓု၊ ဗုဒ္ဓပါလိတ၊ ဘာ၀၀ိဝေက၊ စန္ဒကိတ္တိ၊ ဒိန္နာဂ၊ ဓမ္မကိတ္တိ၊ သန္တိဒေ၀၊သန္တရက္ခိတ စသည့် မဟာယာနဗုဒ္ဓဘာသာ ဗောဓိသတ္တရဟန်းတော်များစွာ တို့၏ အမည်နာမ များသည် အိန္ဒိယပြည်၏ ပညာရေး နှင့် ဘာသာရေးဒဿနပညာရပ် ဆိုင်ရာ သမိုင်းကျောက်သားပြင်ထက် ကမ္ဗည်းတင်နိုင်ခဲ့သော အမည်နာမ များ ဖြစ်ကြပါသည်။ ဗြဟ္မဏဘာသာ သည်ပင် မဟာယာနဗုဒ္ဓဘာသာ နှင့် တိုးတိုက်ထိတွေ့ အားပြိုင်ခဲ့မှု များကြောင့်   များစွာ ပြောင်းလဲခဲ့ရပါသည်။ ရှန်ကာရာစာရိယ ကဲ့ သို့သော ဝေဒန္တပညာရှင် မျိုးသည် မဟာယာနဗုဒ္ဓဘာသာ ၏ အထောက်အပံ့ကျေးဇူးမရှိပဲ ဖြစ်ပေါ်လာနိုင်စရာ အကြောင်းမရှိပေ (ရှန်ကာရာစာရိယ ကို ဗြဟ္မဏဘာသာဝင်ယောင်ဆောင်ထားသော ဗုဒ္ဓ၀ါဒီ ဟု စွပ်စွဲခဲ့ကြသည်ကို ထောက်၍ ဤ အချက် မှန်ကန်ကြောင်း သိနိုင်ပါ၏) ထေရ၀ါဒဗုဒ္ဓဘာသာသည်  မြတ်ဗုဒ္ဓ ပေးခဲ့သော ဓမ္မအမွေကို အထိခိုက်အပွန်းပဲ့မခံပဲ ထိန်းသိမ်းစောင့်ရှောက် နိုင်ခဲ့ သည်ဟုဆိုပါလျှင် မဟာယာနဗုဒ္ဓဘာသာ သည် မြတ်ဗုဒ္ဓ ပေးခဲ့သော ဓမ္မအမွေကိုအရင်းတည်၍ ဆပွားတိုးတက် ပြည့်စုံအောင် ထူထောင်ချဲ့ထွင်နိုင်ခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။ ဤအချက်သည် မဟာယာနဗုဒ္ဓဘာသာ၏ ဒဿနအမြင် နှင့် ဓမ္မ ကျင့်စဉ်များ အကြောင်း ဆက်လက်လေ့လာလျှင် ပိုမို၍ ပီပြင်ထင်ရှားလာပေလိမ့်မည်။

(၃) မဟာယာနဗုဒ္ဓဘာသာ လှုပ်ရှားမှု ကြောင့် ဗုဒ္ဓဘာသာ သည် သာမန် ကမ္မဋ္ဌာန်းအခြေပြုဘာသာတရား (Yogic/Ascetic Religion) အဖြစ်မှ လူအများနှင့်သက်ဆိုင်သော လောကီလွန်ဘာသာတရားကြီးတစ်ခု  (Transcendental/Theistic Religion) အဖြစ်သို့ ရောက်ရှိခဲ့လေသည်။ အိန္ဒိယပြည် အနောက်မြောက်ပိုင်းဒေသတွင် ဂရီဘုရင်ခံများ အုပ်စိုးခဲ့ချိန်က စ၍ ဂန္ဓာရတိုင်း တွင် ဗုဒ္ဓ ရုပ်ပွားဆင်းတုများ စတင် ထုလုပ်ကိုးကွယ်ခဲ့ကြလေသည်။ ရှင်တော်ဗုဒ္ဓ၏ ဘ၀ဖြစ်တော်စဉ် နှင့်တကွ ဇာတကစာပေ အ၀ဒါနစာပေ တို့ သည် ပန်းပု ပန်းချီ ပြဇာတ်စာပေ အနုပညာရှင် တို့ ကို ဆွဲဆောင်ခဲ့၏။

မဟာယာနဗုဒ္ဓဘာသာဝင် အနုပညာရှင်တို့၏ ဖန်တီးမှု လက်ရာကြောင့် မဟာယာနဗုဒ္ဓဘာသာ ဆိုင်ရာအယူအဆများ သည် သာမန်ပြည်သူများ အတွင်းသို့ နက်ရှိုင်းစွာ စိမ့်ဝင်ပျံ့နှံ့ခဲ့ပါသည်။ စေတီတည်ထားကိုးကွယ်မှု  ဗုဒ္ဓရုပ်ပွားဆင်းတု တော်များ ဗောဓိသတ္တရုပ်ပွားတော်များ ထုလုပ်မှုကြောင့် ပဋိမာသိပ္ပံပညာ (Buddhist Iconongraphy) လည်း များစွာ တိုးတက်ခဲ့လေသည်။ စေတီတည်ထားကိုးကွယ်မှု  ဗုဒ္ဓပွားဆင်းတုတော်များ ဗောဓိသတ္တရုပ်ပွားတော်များ ထုလုပ်ကိုးကွယ်မှုသည် ဗြဟ္မဏဘာသာဝင်များ အကြားတွင်ပင် ထိုးဖေါက်ကာ ဟိန္ဒူနတ်ကွန်းများ နတ်ဒေ၀တာ ရုပ်ပွားဆင်းတုများ ကို ထုလုပ်ကိုးကွယ်ကြလေသည်။

ဤသို့ သော ရုပ်ပွားတင်းတုများ ကိုးကွယ်ခြင်းနှင့် သာသနိကအဆောက်အအုံများ ဆောက်လုပ်နိုင်ခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာ၏ ခက်ခဲနက်နဲသော ဓမ္မသဘောများတွင် ဥာဏ်ဖြင့် မသက်ဝင် မထိုးထွင်းနိုင်သော ဥပသကာ ဗုဒ္ဓဘာသာဝင်တို့ အတွက် ဘာသာရေးလုပ်ငန်းများတွင် တက်တက်ကြွကြွ ပါဝင်ခွင့် ရခဲ့သည်။ သာသနာ့ ဒါယကာခံယူကြသော မင်းများ အနေနှင့်  မဟာယာနဗုဒ္ဓဘာသာ ပျံ့နှံ့ရောက်ရှိ ရာတွင် ကြီးကျယ်ခမ်းနားသော သာသနိကအဆောက်အအုံများ ဆောက်လုပ်နိုင်ခဲ့ ကြလေသည်။ ဘာမီယန်ဒေသ မှ ဗုဒ္ဓဆင်းတုတော်ကြီး ဂျာဗားကျွန်းမှ ဗောရောဗုဓေါ ပုထိုးတော်ကြီး အိန္ဒိယနိုင်ငံမှ အာဂျန်တာ နှင့် ဧလိုရာ လိုဏ်ဂူကြီးများမှ နံရံဆေးရေးလက်ရာများ ကို ကြည့်လျှင် ထိုအချက်သည် အလွန်ထင်ရှားနေပါသည်။

(၄) မဟာယာနဗုဒ္ဓဘာသာ ထွန်းကားလာခဲ့ခြင်းသည် အိန္ဒိယနိုင်ငံ၏ နိုင်ငံရေး နှင့် လူမှုရေး အယူအဆများ အပေါ်များစွာ လွမ်းမိုးခဲ့ သည်ကို တွေ့ရပါသည်။ မူလဗုဒ္ဓ၀ါဒ သည် အိန္ဒိယ မြောက်ပိုင်းမှ ဂဏ ဒီမိုကရက်တစ် နိုင်ငံ ငယ်လေးများ၏ မိုဒယ် အတိုင်း နမူနာယူပြီး သံဃအဖွဲ့အစည်းကို ထူထောင်ခဲ့ သည့် အပြင် ရှင်တော် ဗုဒ္ဓ က အဖွဲ့အစည်းတို့ မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇) ပါး ကို ဖေါ်ထုတ်ခဲ့ သည်။ မိမိ ၏ သံဃအဖွဲ့အစည်း သည်လည်း မဆုတ်ယုတ်ကြောင်း အပရိဟာနိယတရား (၇) ပါး ကို ကျင့်သုံးကြလျှင် သာသနာ အဓွန့်ရှည်စွာ တည်နိုင်ကြောင်း ဟောကြားခဲ့သည်။ မူလဗုဒ္ဓ၀ါဒ သည် သီလ ဖြူစင်မှု ကို အခြေခံသော ဒါနအားဖြင့် ပိုင်ဆိုင်မှု ကို မျှဝေခံစားသော အဆင့်မြင့်လူ့ဘောင်အဖွဲ့အစည်းတစ်ခု ၏ စံနမူနာ ကို ပြသခဲ့ သည်။ နိုင်ငံရေး နှင့် လူမှုရေး ကဏ္ဍများ တွင်
ရာဇဓမ္မ (၁၀) ပါး နှင့် အတူ နိုင်ငံ အာဏာစီးဆင်းပုံ ကို အများတင်မြောက်သည့် သမ္မတ မင်း စနစ် အစပြုပုံ ကို ညွန်ပြခဲ့ ခြင်း အားဖြင့် ဗြဟ္မဏ၀ါဒ ၏ ဇာတ် (၀ဏ္ဏ) ခွဲဖြားရေးဝါဒ ကို ထိုးနှက်ခဲ့ သည်ကို တွေ့ရပါသည်။ မင်္ဂလသုတ် သင်္ဂါလောဝါဒသုတ် စသည်တို့တွင် လူမှုရေး လမ်းညွန်ချက်များ ကို ညွန်ပြခဲ့ ရာ နောက်ပိုင်ခေတ် နီတိ သျှတ္တရ ကျမ်းများ ကို လွှမ်းမိုးခဲ့လေသည်။

အမ္ဗတ္တသုတ်တွင် ဗြဟ္မဏ အနွယ်တို့၏ ယုတ်ညံ့သော မျိုးဆက် အကြောင်း ကို ဟောခဲ့သည့် အပြင် ဒေါဏပုဏ္ဏား ကို ဟောကြားရာတွင် ဗြဟ္မဏ (၅) မျိုး အကြောင်း နှင့် ခေတ်ပြိုင်ဗြဟ္မဏ များသည် အနိမ့်ဆုံး အဆင့် ကို ပင်မမှီကြောင်း ထောက်ပြခဲ့သည်။ ထူးခြားသော အချက်မှာ မွေးရာဇာတိအားဖြင့် လူသား၏ အလုပ်အကိုင်ကိုမသတ်မှတ်ပဲ မိမိ၏ စွမ်းဆောင်နိုင်ရည်ပေါ် အခြေခံ၍ အလုပ်အကိုင် အဆင့်အတန်းကွဲပြားမှု ကို သတ်မှတ်သော အယူအဆ ကို ဖေါ်ထုတ်ခဲ့ သည်။ ရှေးအကျဆုံးသော မယ်ရစ်တိုကရေစီ (meritocracy) ခေါ် တော်သူအုပ်စိုးရေးဝါဒ ကို စတင်ခဲ့သည်ဟုပင် ဆိုနိုင်လေသည်။

ဆုန်ဂမင်းဆက် ကို ထူထောင်ခဲ့သော ပုရှမိတြဘုရင်ကဲ့သို့သောဗြဟ္မဏဇာတ်အနွယ်ဝင်များပင် မင်းအဖြစ်ကို ရနိုင်လာခဲ့ ကောတိလျ ၏ အတ္ထသျှတ္တရ ရုဒြဒါမန်ဘုရင် ရေးထိုးသော ဂျူနာဂါရှ်ကျောက်စာ များ အရ အေဒီ ၁၂ ရာစုထိ အချို့သော ပြည်နယ်များတွင် အများတင်မြောက်သည့် သမ္မတ မင်း စနစ် ကျင့်သုံးဆဲဖြစ်ကြောင်း အထောက်အထားများ တွေ့ရ ပါသည်။

မဟာယာနဗုဒ္ဓဘာသာ ၏ ဗောဓိသတ္တပါရမီဖြည့်သောလမ်းစဉ် သည် ဘုရင်များစွာ ကို ဘုရားလောင်းများအဖြစ် သတ်မှတ်စေခဲ့ပြီး နိုင်ငံသားများ ကို တရားနှင့်အညီ စီရင်အုပ်ချုပ်စေနိုင်ခဲ့သည်။ မင်း အဖြစ် တာဝန်ယူရခြင်း သည် ဗောဓိသတ္တပါရမီဖြည့်သောလမ်းစဉ် ၏ အသွင်ဖြစ်ကြောင်းခံယူခဲ့ကြသည် ကို တွေ့ရသည်။ အသောကမင်းကြီးမှစ၍
ကနိရှက ကရိရှန ဗုဒ္ဓဂုတ္တ တထာဂတဂုတ္တ နရသီဟဂုတ္တဘာလဒိတျ ပုဏ္ဏ၀ါမန်(မဂဓတိုင်း) ရာဇဘာတ (၀င်္ဂတိုင်း) ရာဂျဝဒ္ဓန ဟာရှဝဒ္ဓန (ဌာနေသွာရ) ဒရူဝါသေန သီလဒိတျ (မာလ္လ၀) မေဃ၀ါဟန (ကသ္မိရတိုင်း) သုဘာကရ (သြရိဿ) စသော မရေမတွက်နိုင်သော မင်းအပေါင်းသည် မဟာယာနဗုဒ္ဓဘာသာ ၏ လမ်းပြဦးဆောင်မှု ဖြင့် တိုင်းနိုင်ငံ စည်ပင် သာယာဝပြောအောင် အုပ်ချုပ်နိုင်ခဲ့ကြသည့်အပြင် သာသနာကိုလည်း များစွာ ထောက်ပံ့ချီးမြောက်ခဲ့ကြလေသည်။

အသောကမင်းကြီးလက်ထက်မှစ၍ ဗုဒ္ဓဘာသာဝင် ဘုရင်များသည် လောကရေး နှင့် ဓမ္မရေးကို ခွဲခြားထားသော စံနစ်နှင့်  ဘာသာရေး အယူဝါးပေါင်းစုံ ကို တစ်ပြေးညီ သဘောထားကြီးစွာ မျှတစွာ အုပ်ချုပ်မှုကို စံပြဖေါ်ဆောင် သည်ကို တွေ့ ရသဖြင့် ဗုဒ္ဓဘာသာဝင် ဘုရင်များသည် ဘာသာရေးလွတ်လပ်ခွင့် ကို ကောင်းစွာကျင့်သုံးခဲ့ကြပုံရပါသည်။ ဘာသာရေး နှိပ်စက်သတ်ဖြတ်မှုများပြုခဲ့သော ဗြဟ္မဏဘုရင် မင်းဆိုးမင်းညစ်များ ကဲ့သို့သော ဗုဒ္ဓဘာသာဝင် ဘုရင် တစ်ပါးတစ်လေမျှ အိန္ဒိယနိုင်ငံ၏သမိုင်းမှတ်တမ်းတွင် မတွေ့ ရသည်ကိုထောက်ဆ၍ လွတ်လပ်ခြင်း မျှတခြင်း ချစ်ကြည်စွာ အတူတကွနေထိုင်ခြင်း အကြမ်းမဖက်ခြင်း စသော တန်ဖိုးများမှာ မဟာယာနဗုဒ္ဓဘာသာ ၏ မဟာကရုဏာတန်ဖိုး ကို အခြေခံခဲ့ကြောင်း ထင်ရှားနေပါသည်။

မဟာယာနဗုဒ္ဓဘာသာ ၏ အမြင်၌ သံဃာ အဖွဲ့အစည်း ဟူသည် အိမ်ရာမထောင်သော ရဟန်းတော်များ ကိုသာ ဆိုသည်မဟုတ်ပဲ ရတနား(၃)ပါး နှင့်တကွ မြတ်ဗုဒ္ဓ၏ အဆုံးအမ၌ တည်သူအားလုံး ပါဝင် ကြောင်း ကျယ်ပြန့်စွာ အနက်ဖွင့်ဆိုခဲ့သောကြောင့် ဘာသာရေးယုံကြည်မှု ကို အခြေခံ၍ ကောင်းမြတ်သော လူ့ဘောင်လောက တည်ထောင် နိုင်ကြောင်း လက်တွေ့ပြသနိုင်ခဲ့ ပါသည်။

ရှေးဟောင်း အိန္ဒိယနိုင်ငံမှ မဟာယာနဗုဒ္ဓဘာသာ ကွယ်ပျောက်ခဲ့ရခြင်းသည် အိန္ဒိယနိုင်ငံ အတွက် ကြီးမာလှသော ဘာသာစာပေယဉ်ကျေးမှုဆိုင်ရာ ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့ ပျောက်ကွယ်ခဲ့သော်လည်း အိန္ဒိယနိုင်ငံ ပြင်ပတွင် မဟာယာနဗုဒ္ဓဘာသာ၏ မျိုးစေ့များ က ဆက်လက်ရှင်သန်ခဲ့၏။ အေဒီ(၁) ရာစုတွင် တရုပ်ပြည်သို့၎င်း အေဒီ (၄) ရာစုတွင် ကိုရီးယားပြည်သို့၎င်း အေဒီ (၆) ရာစုတွင် ဂျပန်ပြည်သို့၎င်း အေဒီ (၇) ရာစုတွင် အင်ဒိုနီးရှား (ဆုမားတြား နှင့်ဂျာဗား) သို့၎င်း အေဒီ (၈) ရာစုတွင် တိဗက်သို့၎င်း အသီးသီး ရောက်ရှိ ခဲ့ သော မဟာယာနဗုဒ္ဓဘာသာ သည် ဆိုင်ရာ တိုင်းပြည် အသီးသီးများ နောက်ခံအမျိုးသားယဉ်ကျေးမှု ဓလေ့များနှင့် လျှော်ညီစွာ ပေါင်းစပ်ဖွဲ့စည်း လျှက် မဟာယာနဗုဒ္ဓဘာသာ အသွင်သစ်များ ဖူးပွင့်ဝေဆာ ထွက်ပေါ်လာခဲ့ကြောင်းတွေ့ ရပါသည်။


[1] MacQueen 2005a: 313; 1981: 304

[2] Paul Harrison (2003: esp. 117–22)

[3] What I am suggesting here, then, is a convergence of meditation and textual transmission in the forest environment, stimulated into a new burst of creativity as a result of a technological development, the advent of writing. Here the specific circumstances of the real world combine with visions in deep states of meditation or dream to transform received oral tradition into a new kind of Buddhism. The resulting revelations are not completely novel, but deeply conditioned by context and by tradition. Although dismissed as poetic fabrications . . . or even demonically inspired nonsense by their opponents . . . they are in fact creative recasting of material already accepted as authentic buddhavacana [‘words of the Buddha’] by the wider community. (Harrison-2003: 142):


[4] I-tsing pp-6-7,