Wednesday, April 11, 2012

နိဗ္ဗာန် ၏ တရားကိုယ် သဘာဝ ကို စူးစမ်းလေ့လာခြင်း


(လင်းထက်ဆွေ-စုစည်း လေ့လာတင်ပြသည်)

ဗုဒ္ဓဘာသာဝင်သူတော်စင်တွေ အတွက် ဘ၀ ရဲ့ပန်းတိုင် ဟာ ဘာလဲ ဓမ္မကျင့်စဉ်ခရီးလမ်း ရဲ့ အဆုံး ဟာဘာလဲ လို့ မေးရင် နိဗ္ဗာန် လို့ ပဲ ဖြေဆိုကြမှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင် တွေ အကြားမှာ နိဗ္ဗာန် နဲ့ ပတ်သက်လို့ ခံယူချက် အမျိုးမျိုး ဖြစ်နေပါတယ်။

အချို့ ကလဲ နိဗ္ဗာန် ဆိုတာ ကိုယ်တိုင် ကျင့်ကြံအားထုတ်ပြီးမှ တွေ့ နိုင်တဲ့ ဓမ္မတရား ဖြစ်လို့ နိဗ္ဗာန် အကြောင်း ကို ပြောဆို ဆွေးနွေးနေကြတာ ဟာ သိပ် အကျိုးမရှိလှဘူးလို့ မြင်ကြတယ်။ အချို့ ကတော့ မိမိ ကိုးကွယ်ကျင့်သုံးတဲ့ ဘာသာတရား ရဲ့ နောက်ဆုံး ပန်းတိုင် ဟာ ဘယ်လို သဘောသဘာဝ ရှိသလဲ ဆိုတာ အနုမာနသိလောက်နဲ့ တော့ သိသင့်တယ်လို့ မြင်ကြတယ်။ ဒါမှလဲ ကိုယ် က ဘယ်ကို ဦးတည်ပြီးသွားနေတယ် ဘာအတွက် ကျင့်ကြံအားထုတ်နေကြရတယ် ဆိုတာ အဓိပ္ပါယ် ရှိလိမ့်မယ်လို့ ယူဆကြပါတယ်။

ဟုတ်ပြီ။ ဗုဒ္ဓဘာသာဝင် တွေ ရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန် ပဲ လို့လဲ သိရပြီ။ ဒီနိဗ္ဗာန် တရား ကို လဲ ဘာဆိုတာ သိချင်တယ် သိထိုက်တယ် လို့လဲ မြင်ပြီ ဆိုရင် နောက်တစ်ဆင့်တက်လို့ နိဗ္ဗာန် ဆိုတာ ဘာလဲ လို့ မေးရင် နိဗ္ဗာန် ဆိုတာ ဒုက္ခ ရဲ့ အကြောင်းတရား ဖြစ်တဲ့ တဏှာ ဥပါဒါန်တရား တွေ အကြွင်းမဲ့ချုပ်ငြိမ်း ခြင်း နဲ့ ယင်းရဲ့ အကျိုးဆက်တရား ဖြစ်တဲ့ ဥပါဒါနက္ခန္ဓာတွေ အကြွင်းမဲ့ချုပ်ငြိမ်း ခြင်း လို့ ပဲ ဖြေဆိုကြမှာ ဖြစ်ပါတယ်။

နိဗ္ဗာန်တရားရဲ့ ဂုဏ်လက္ခဏာများ
ဒီထက်နောက်တစ်ဆက်ထပ်တက်လို့ တဏှာ ဥပါဒါန်တရား တွေ ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း ဖြစ်တဲ့ နိဗ္ဗာန် ရဲ့ သဘော သဘာဝ တွေ က က ဘာတွေများ လဲ လို့ ထပ်မေးခဲ့ ရင်တော့ ကိယ့် အသိက တော်တော်လေး ဝေေ၀၀ါးဝါး ဖြစ်သွားပြီ လို့ထင်တယ်။ ဗုဒ္ဓဘာသာဝင် တွေ အနေနဲ့ အားလုံး သဘောတူညီတဲ့ နိဗ္ဗာန် အယူအဆ တစ်ခု ကို ဒီ ကနေ့အထိ မရ နိုင်ကြသေးလို့ ပါပဲ။ အများအားဖြင့်တော့ ကိုယ်ဖတ်ဖူး မှတ်ဖူးတဲ့ နိဗ္ဗာနတရားရဲ့ ဂုဏ်လက္ခဏာတွေ ကို ပဲ ရွတ်ဆိုပြကြ မှာ အမှန်ပါပဲ။  ထိုထို ဓမ္မစာပေတွေ မှာတော့ နိဗ္ဗာန်တရားရဲ့ ဂုဏ်လက္ခဏာတွေ ကို အမျိုးအမည်နာမ (၈၀) လောက် အခုလို ဖေါ်ပြထား တာ တွေ့ ရပါတယ်။

၁။ မာန်မယစ်ရာ နိဗ္ဗာန်။ (မဒနိမ္မဒနော)
၂။ တဏှာမွတ်သိပ်ခြင်းကို ပယ်ဖြောက်ရာ နိဗ္ဗာန်။ (ပိပါသ၀ိနယော)
၃။ ကာမဂုဏ် အာလယကို အကြွင်းမဲ့ခွာရာ နိဗ္ဗာန်။ (အာလယသမုဂ္ဃါဋော)
၎။ ၀ဋ်သုံးပါးမှ ကင်းပြတ်ရာ နိဗ္ဗာန်။ (၀ဋ္ဋုပစ္ဆေဒေါ)
၅။ တဏှာကုန်ငြိမ်းရာ နိဗ္ဗာန်။ (တဏှာက္ခယော)
၆။ ရာဂကင်းလွတ်ရာ နိဗ္ဗာန်။ (၀ိရာဂေါ)
၇။ တဏှာ၏ချုပ်ရာ နိဗ္ဗာန်။ (နိယောဓော)
၈။ အမြဲခိုင်ခန့်သော နိဗ္ဗာန်။ (ဓုဝံ)
၉။ အိုခြင်းမရှိသော နိဗ္ဗာန်။ (အဇရံ)
၁၀။ သံသရာချဲ့တတ်သော တရားမရှိသော နိဗ္ဗာန်။ (နိပ္ပပဉ္စံ)
၁၁။ မဖောက်မပြန် မှန်ကန်သော နိဗ္ဗာန်။ (သစ္စံ)
၁၂။ သံသရာ၏ ဟိုမှာဘက်ကမ်းဖြစ်သော နိဗ္ဗာန်။ (ပါရံ)
၁၃။ ဉာဏ်နုံ့သူတို့ အလွန်မြင်နိုင်ခဲသော နိဗ္ဗာန်။ (သုဒုဒ္ဒသံ)
၁၄။ ကိလေသာကင်းဝေး ချမ်းအေးသော နိဗ္ဗာန်။ (သိဝံ)
၁၅။ သေခြင်းကင်းရာ နိဗ္ဗာန်။ (အမတ)
၁၆။ ငြိမ်းချမ်းရာ ဘေးကင်းရာ နိဗ္ဗာန်။ (ခေမံ)
၁၇။ သင်္ခါရကင်းဖွယ် အံ့ဖွယ်သူရဲ မဖြစ်ဖူးသော နိဗ္ဗာန်။ (အဗ္ဘုတံ)
၁၈။ ဘေးမရှိသော နှောက်ယှက်ပူပန်ခြင်းကင်းရာ နိဗ္ဗာန်။ (အနီတိကံ)
၁၉။ ၀ဋ်ဆင်းရဲမှ စောင့်ရှောက်ရာ နိဗ္ဗာန်။ (တာဏံ)
၂၀။ ဘေးရန်လွတ်ရှောင်း ပုန်းအောင်းရာ နိဗ္ဗာန်။ (လေဏံ)
၂၁။ သြဂမလွှမ်းသော ကျွန်းတည်းဟူသော နိဗ္ဗာန်။ (ဒီပံ)
၂၂။ ကိလေသာမှ စင်စစ် စင်ကြယ်သော နိဗ္ဗာန်။ (၀ိသုဒ္ဓိ)
၂၃။ သူတော်ကောင်းတို့ တောင့်တအပ်သော နိဗ္ဗာန်။ (၀ရံ)
၂၄။ သိမ်မွေ့နူးညံ့သော နိဗ္ဗာန်။ (နိပုဏံ)
၂၅။ အကြောင်းတရား မပြုပြင်အပ်သော နိဗ္ဗာန်။ (အသင်္ခတ)
၂၆။ ကိလေသာမှ လွတ်သော နိဗ္ဗာန်။ (မောက္ခော)
၂၇။ အထူးသဖြင့် ချီးမွမ်းအပ်သော နိဗ္ဗာန်။ (သေဋ္ဌော)
၂၈။ အတုမရှိ အလွန်မြတ်သော နိဗ္ဗာန်။ (အနုတ္တရော)
၂၉။ လောကသုံးပါး၏ ဆုံးရာ နိဗ္ဗာန်။ (လောကဿန္တော)
၃၀။ ပြုလုပ်ဆောင်ရွက်မှု သဘောတို့ မရှိရာ နိဗ္ဗာန်။ (အကတ)
၃၁။ မီး ၁၁ ပါး တို့ ကြောင့် မတုန်လှုပ်ရာ နိဗ္ဗာန်။ (အကမ္ပိတ)
၃၂။ ကံ အကြောင်းတရား အကျိုးတရား တိုပ မရှိရာ နိဗ္ဗာန်။ (အကမ္မဇ)
၃၃။ မကုန်ခမ်းနိုင်သော နိဗ္ဗာန်။ (အက္ခယ)
၃၄။ ပျက်စီးခြင်း အလျဉ်းမရှိသော နိဗ္ဗာန်။ (အက္ခရ)
၃၅။ အပြစ်အနာအဆာမရှိသော နိဗ္ဗာန်။ (အကာစ)
၃၆။ အချိန်ကာလ မရွေးမျက်မှောက်ပြုနိုင်ရာ ဖြစ်သော နိဗ္ဗာန်။ (အကာလိက)
၃ရ။ ကိလေသာတို့ မနှိပ်စက်အပ်သော နိဗ္ဗာန်။ (အကိဉ္စန)
၃၈။ ကြောက်ဖွယ်ဘေးဘျမ်းတို့ ကင်းရာ ကုန်ရာ နိဗ္ဗာန်။ (အကုတောဘယ)
၃၉။ ဆုတ်ယုတ်ပျက်စီးခြင်းမရှိလွတ်မြောက်ရာနိဗ္ဗာန်။ (အကုပ္ပ၀ိမောက္ခ)
၄၀။  အထုံးအဖွဲ့ အိုင်းအနာ မရှိသော နိဗ္ဗာန်။ (အဂဏ္ဍ)
၄၁။ ယာဉ်ရထားစသည်ဖြင့် မသွားရောက်နိုင်သော နိဗ္ဗာန်။ (အဂတ)
၄၂။ လားရာဂတိ ဟူသမျှမှ ကင်းဆိတ်သော နိဗ္ဗာန်။ (အဂတိ)
၄၃။ အရိယာမဂ်၏ အမွန်မြတ်ဆုံးထောက်တည်ရာ နိဗ္ဗာန်။ (အဂ္ဂပဒ)
၄၄။  လောကဓမ်တရားတို့ကြောင့်မတုန်လှုပ်သော နိဗ္ဗာန်။(အစလ)
၄၅။ စုတ်ပြတ်ကြွေလွင့်ခြင်းမရှိသော နိဗ္ဗာန်။ (အစ၀နဓမ္မ)
၄၆။ စိတ်စေတသိက်တရားတို့ ချုပ်ငြိမ်းရာ နိဗ္ဗာန်။ (အစေတသိက)
၄၇။ အရာခပ်သိမ်း၏ အဆုံးစွန်သောသဘော ဖြစ်သော နိဗ္ဗာန်။ (အစ္စန္တ)
၄၈။ တွေးတောကြံဆမှု အားဖြင့်မသိနိုင်သော နိဗ္ဗာန်။ (အတက္က၀စာရ)
၄၉။ အလွန်အကဲ သိမြင်နိုင်ခဲသော နိဗ္ဗာန်။ (အတိဒုဒ္ဒဿ)
၅၀။ မျက်စိ စသည်တို့ ဖြင့် မမြင်အပ်သော နိဗ္ဗာန်။ (အနိဒဿန)
၅၁။ ယုတ်ညံ့သောတရားများမရှိရာ နိဗ္ဗာန်။ (အနင်္ဂဏ)
၅၂။ မိမိ နှင့်အတူ တရားတစ်ခု မရှိနိုင်သော နိဗ္ဗာန်။ (အတုလ)
၅၃။ အဆုံး အကန့်အသတ်အပိုင်းအခြားမရှိသော နိဗ္ဗာန်။ (အနန္တ)
၅၄။ ထူးကဲမွန်မြတ်စွာ နှစ်သက်အပ်သော နိဗ္ဗာန်။ (အတိပဏီတ)
၅၅။ အချည်းနှီးတန်ဖိုးမဲ့တရားများ မရှိရာ နိဗ္ဗာန်။ (အတုစ ၦ)
၅၆။ တဏှာ၏ ကိုင်းညွှတ်မှု မရှိသော နိဗ္ဗာန်။ (အနတ)
၅၇။ သံသရာအဓွန့် ကို ပိုင်းခြားသိသော နိဗ္ဗာန်။ (အဒ္ဓါနပရိညာ)
၅၈။ မဂ်ဥာဏ်တို့ ဖြင့်သာရောက်အပ်သော နိဗ္ဗာန်။ (အတ္ထ)
၅၉။ ပျင်းမုန်းငြီးငွေ့ဖွယ် သင်္ခါရတရားများ ဆိတ်ရာ နိဗ္ဗာန်။ (အနာဒီန၀)
၆၀။ ကိလေသာခန္ဓာတို့၏ နှိပ်စက်ခြင်းဘေးမှ ကင်းရာ နိဗ္ဗာန်။ (အနာဗာဓ)
၆၁။ ပေါင်းစုအားထုတ်မှု မရှိရာ နိဗ္ဗာန်။ (အနာယူဟန)
၆၂။ ယိုစီးမှုအာသ၀တရားများ ချုပ်ရာ နိဗ္ဗာန်။ (အနာသ၀)
၆၃။ ကံနှင့်ယှဉ်သော ၀ိရိယမရှိရာ နိဗ္ဗာန်။ (အနာရမ ၻ)
၆၄။ ကပ်ငြိမှု အာလယတရားများ မရှိရာ နိဗ္ဗာန်။ (အနာလယ)
၆၅။ အကြောင်းတို့ကြောင့် မဖြစ်ပေါ်သော နိဗ္ဗာန်။ (အနိပ္ဖန္န)
၆၆။ ဖြစ်ပျက်သင်္ခတတရားတို့ နိမိတ် အမြိတ်အစွန်းတို့ မရှိရာ နိဗ္ဗာန်။ (အနိမိတ္တ)
၆၇။ ဆာလောင်တောင့်တမှု များ ကို လွန်ရာ နိဗ္ဗာန်။ (အပ္ပဏီဟိတ)
၆၈။ တစ်ခုတည်းသော လွတ်မြောက်ရာတရားဖြစ်သော နိဗ္ဗာန်။ (ဧကတ္တ၀ိမောက္ခ)
၆၉။ ဒုက္ခ၏ညင်းဆဲမှုတို့မရှိရာ နိဗ္ဗာန်။ (အနီဃ)
၇၀။ ရန်မျိုးစုံတို့ ကင်းဝေးရာ နိဗ္ဗာန်။ (အနီကိတ)
၇၁။ ဥတုတရား၏ လွှမ်းမိုးခြင်းကင်းရာ နိဗ္ဗာန်။ (အနုတုဇ)
၇၂။ ဥပါဒါန် ၏ စွဲလမ်းခြင်းတို့ ချုပ်ရာ ကုန်ရာ နိဗ္ဗာန်။ (အနုပါဒါန)
၇၃။ ပူဆွေးသောကတို့ ငြိမ်းအေးရာ နိဗ္ဗာန်။ (အနုပါယာသ)
၇၄။ အသစ်ဖြစ်ပွားမှုတို့ ချုပ်ရာ နိဗ္ဗာန်။ (အနုပ္ပါဒ)
၇၅။ ကံ အကျိုးဝိပါက်တို့ ဆက်လက် မဖြစ်ပေါ်ရာ နိဗ္ဗာန်။ (အနုပပတ္တိ)
၇၆။ ဘေးအန္တရာယ်ရန်စွယ်တို့ မှ ကင်းဝေးရာ နိဗ္ဗာန်။ (အနုပ္ပဒ္ဒ၀)
၇၇။ လောကီတရားစုတို့ အထက် မြင့်တက်လွန်မြောက်သော နိဗ္ဗာန်။ (ကေ၀လ)
၇၈။ မာရ် ၅ ပါး ကို ကျော်လွန်ရာ နိဗ္ဗာန်။ (အနောက)
၇၉။ မိမိ မှ ပြင်ပတရားတစ်ခုခု ကို မမှီခိုသော နိဗ္ဗာန်။ (အပရပစ္စယ)
၈၀။ မှားယွင်း သုံးသပ်မှု တို့ မရှိရာ နိဗ္ဗာန်။ (အပရာမဋ္ဌ)

နိဗ္ဗာန်တရားရဲ့ ဂုဏ်လက္ခဏာတွေ ကို ကြည့် တော့ ကိလေသာဒုက္ခတရားတွေ နဲ့ ပြည့်နှက်နေတဲ့ ဘ၀သံသရာ ပြတ်စဲ ချုပ်ငြိမ်းရာ ငြိမ်းချမ်းအေးမြရာ ဆို တဲ့ အနက်ပဲထွက်တယ်။ နိဗ္ဗာန်တရားရဲ့ ပကတိသဘော တရားကိုယ်သဘော ဆီ ကို တော့ မရောက်သေးတော့ နိဗ္ဗာန် ဆိုတာ ဘာလဲ ဆို တဲ့ အဖြေစစ်စစ် ကို တော့ မရ သေးပါဘူး။

နိဗ္ဗာန်တရားရဲ့ ပကတိသဘော တရားကိုယ်သဘော ကို သိဖို့ အတွက် တော့ ဗုဒ္ဓစာပေပညာရှင်တွေ ဓမ္မစာပေ တွေ ကို မွေနှောက်ရှာဖွေ လို့ ရှုထောင့် အမျိုးမျိုး က တင်ပြခဲ့ ကြတာ ကို တွေ့ ရလေတယ်။

·         နိဗ္ဗာန် ဟာ အရှိ-ဘာဝ တရားလား။ မရှိခြင်း-အဘာဝတရားလား။
·         နိဗ္ဗာန် ဟာ ဘုံဘ၀ ဋ္ဌာန တစ်ခုလား။ ဘုံဘ၀ဋ္ဌာန မရှိတဲ့ သဘောတရား တစ်ခုလား။
·         နိဗ္ဗာန် ဟာ ခန္ဓာ တွေ အတွင်းက တရားလား။ ခန္ဓာ တွေ အပြင်ဖက် က တရားလား။
·         နိဗ္ဗာန် ဟာ နဂိုကတည်းက ထာဝရတည်ရှိနေတဲ့ တရားလား။ ရဟန္တာရဲ့ စုတိနောင် မှာ အသစ် ဖြစ်ပေါ်လာတဲ့တရားလား။
·         နိဗ္ဗာန် ဟာ ကာလ လွတ် ကာလ၀ိမုတ်တရားလား။ အတိတ် ပစ္စုပ္ပန် အနာဂတ် တရား လား။
·         နိဗ္ဗာန် ဟာ အဖြစ်အပျက် တရားတွေ မရှိတဲ့ တရားလား။ ဖြစ်ပျက်သဘောတွေ ရပ်စဲသွားမှုလား။
·         နိဗ္ဗာန် ဟာ တစ်သီးပုဂ္ဂလ ဆန်တဲ့ တရား လား။ အများနဲ့ ဘုံ ဆိုင်တဲ့ ယေဘုယျ သာမညတရား လား။

မြန်မာ ဗုဒ္ဓဘာသာ စာပေ လောကမှ နိဗ္ဗာန်ဝါဒ (၄) ပါး
နိဗ္ဗာန်တရားရဲ့ ဂုဏ်လက္ခဏာတွေ နဲ့ ပတ်သက်လို့ ဘယ်သူမှ အငြင်းမပွားကြပေမဲ့ အထက်ပါ မေးခွန်းတွေ ကို ဖြေဆိုကြ ရာမှာ တော့ နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ အယူဝါဒ အမျိုးမျိုး ကွဲပြားခြားနားသွားကြတာ ကို တွေ့ ရပါတယ်။ မြန်မာ ဗုဒ္ဓဘာသာ စာပေ လောက မှာ တော့ အထင်ရှားဆုံး နိဗ္ဗာန်ဝါဒ (၄) ပါး ကို အခုလို တွေ့ ရပါတယ်။

အမှတ်(၁) နိဗ္ဗာန်ဝါဒ (နိဗ္ဗာန်ဟူသည် ပရိနိဗ္ဗုတပုဂ္ဂိုလ် ဖြစ်သည်ဟူသော အယူအဆ)
ပထမဆုံးတင်ပြချင်တာ က တော့ အုတ်ဖိုဆရာတော်ကြီး နဲ့ ပထမရွှေကျင်သာသနာပိုင် ဆရာတော်ကြီး တို့ ရဲ့ နိဗ္ဗာန် ဟူသည် ပရိနိဗ္ဗုတပုဂ္ဂိုလ် ဖြစ်သည်ဟူသော အယူအဆ ပဲ ဖြစ်ပါတယ်။ ပထမဆုံး အာဒိကမ္မိက ဒွါရသာသနာပိုင် ဖြစ်တဲ့ အုတ်ဖိုဆရာတော်ကြီး ဟာ “စန္ဒမဏ္ဍလသုက္ကနိဗ္ဗာန်စာတမ်း”ကိုရေးသားခဲ့ပါတယ်။ ဒီစာတမ်းမှာ ဘုရား၊ ရဟန္တာတို့သည် နိဗ္ဗာန်ပြည်သို့ရောက်ကာ ကံစသောအကြောင်းလေးပါးတို့ ပြုပြင်စီရင်ခြင်းကင်းသော အမတ နာမ်ဝိသေသ၊ ရုပ်ဝိသေသ ဖြင့် စံနေတော်မူကြကြောင်း၊ ဤသို့ယူဆပါမှ ဥစ္ဆေဒ၊ နတ္ထိက၊ အကြိယ၊ အဟေတုက၊ သဿတဒိဋ္ဌိ တို့မှ ကင်းလွတ်မည် ဖြစ်ကြောင်း၊ နိဗ္ဗာန်သို့ရောက်သော ဘုရားရှင်ကို ပဓာနနည်း အဝုတ္တသိဒ္ဓိနည်းဖြင့်သွင်း၍ နိဗ္ဗာန်၌သွင်း၍ နိဗ္ဗာန်ဟုပင်ခေါ် ရကြောင်း ရေးသားပြဆိုခဲ့ပါတယ်။

အုတ်ဖိုဆရာတော်ကြီး နည်းတူပဲ ပထမရွှေကျင်သာသနာပိုင် ဆရာတော်ကြီး  ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတဒီပနီကျမ်းတော်ကို ရေးသားပြုစုခဲ့ပါတယ်။ ဆရာတော်ကြီး ရဲ့ နိဗ္ဗာန်ဝါဒ မှာ အဓိကထင်ရှားတဲ့ အချက်တွေ က အောက်ပါအတိုင်းပဲဖြစ်တယ်။

·         နိဗ္ဗာန်ဟူသည် (၁၁) ပါးသော မီးအပေါင်းတို့မှငြိမ်းအေးခြင်း ဓာတ်အစုကိုခေါ်ခြင်း ဖြစ်သည်။ ယင်းနိဗ္ဗာန်သည် လုံးလုံးချည်းဘာတစ်ခုမျှမရှိသော အဇာတဘာဝမျိုး မဟုတ်၊ရုပ်ကြမ်းစွာဖြစ်သော ဇာတဘာဝပုံမျိုး မပေါ်ဘဲ နူးညံ့သိမ်မွေ့လှသည်။
·         နိဗ္ဗာန်ထင်ရှားပုံမှာ  ပရိနိဗ္ဗာန်ပြုမည့် ပုဂ္ဂိုလ်မပေါ်မီကပင် ကမ္ဘာကမ္ဘေဖြစ်၍ နေနှင့်သော အရှိမျိုးမဟုတ်။
ပရိနိဗ္ဗ န္တပုဂ္ဂိုလ် တို့၏ ကိုယ်ခန္ဓာကိုစွဲ၍သာ ထိုခန္ဓာကိုယ်က ကွယ်လွန်သောအခါ ဖြစ်ပေါ်လာသော တရားထူးဝိသေသ ဖြစ်သည်။
·         နိဗ္ဗာန်သည် ခန္ဓာ၌ပင်ဖြစ်သည်။ ခန္ဓာနှင့်စပ်၍နေသည်ဟူရာ၌ ခန္ဓာနှင့်မုချအားဖြင့် မစပ်၊ ခန္ဓာငြိမ်းခြင်းနှင်သာ မုချစပ်သည်။ ခန္ဓာမငြိမ်း မပျောက်လျှင် နိဗ္ဗာန်မပေါ်မရောက်လာပါ။
·         နိဗ္ဗာန် ရောက် သည်ဟု ဆိုရာ၌ နိဗ္ဗာန်ရှိရာသို့ ပုဂ္ဂိုလ်ကသွားရသည်မဟုတ် ပုဂ္ဂိုလ်ရှိရာသိုသာ နိဗ္ဗာန်က ရောက်လာကြောင်း
·          နိဗ္ဗာန်သို့ရောက်သောသူတို့သည် အလုံးစုံပြတ်တောက်သည့်အဖြစ်သို့ ရောက်၍သွားခြင်း မျိုးမဟုတ်၊ မိမိတို့ရောက်ရာ နိဗ္ဗူတာ၌ပင် မအို၊ မသေအမြဲတည်စံနေကြရသည်။
·          ပရိနိဗ္ဗာန်ပြုသွားသော ဘုရား၊ ရဟန္တာဟူသမျှ ပျောက်၍၊ ပြတ်၍မသွား၊ နိဗ္ဗာန်၌ သဿတလည်းမဟုတ်၊ ဥစ္ဆေဒလည်းမကျ၊ မဇ္ဇျတ္တာကာရ နက်နဲ သောသဘောဖြစ်၍ အမြဲတည်နေတော်မူကြကြောင်း

ဒီ ဆရာတော်ကြီး တွေ ရဲ့ နိဗ္ဗာန်ဝါဒ မှာ ဗဟိုအချက်အချာ အယူအဆ ကတော့ နိဗ္ဗာန် ဆိုတာ ရုပ်နာမ်ခန္ဓာတွေ အလုံးစုံကင်းမဲ့ ချုပ်ပြတ် သွားတဲ့ အချည်းနှီး တုစ္ဆ အဘာဝ အဖြစ် ကို ရောက် သွားတာမဟုတ်ဘူး ဆိုတဲ့ အချက် ပါပဲ။ ဒီလို ဖြစ်ရင်ရင် ဗုဒ္ဓဓမ္မ ရဲ့ ပန်းတိုင် ဟာ အလုံးစုံကင်းမဲ့ ချုပ်ပြတ်တဲ့ ဥစ္ဆေဒ၀ါဒကြီး ဖြစ်နေပြီးတော့ နှစ်သက်မြတ်နိုးဖွယ် တရားတစ်ခု ဖြစ်တော့မှာ မဟုတ်တော့လို့ ပါပဲ။

နိဗ္ဗာန် ဆိုက်ရောက်တဲ့ အခါ သံသရာထဲ က ဥပါဒါနက္ခန္ဓာ တွေ ဆင်းရဲဒုက္ခတရားစုတွေ က အပြီးတိုင်ချုပ်သွားပေမဲ့လဲ ထူးခြားတဲ့ နူးညံ့သိမ်မွေ့တဲ့ ရုပ်နာမ်ဝိသေသတရားတွေ နဲ့ နိဗ္ဗာန်ချမ်းသာ ကို စံစားနေတဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ် ကြွင်းကျန်ရစ် တယ် လို့ ယူဆတဲ့ အချက် က ဒီ နိဗ္ဗာန်ဝါဒ ရဲ့ ပဓါန အမြင် ပါပဲ။

အမှတ်(၂) နိဗ္ဗာန်ဝါဒ ( နိဗ္ဗာန်ဟူသည် တစ်သီးတစ်ခြားတည်နေသော အသင်္ခတဓမ္မ ဖြစ်သည်ဟူသော အယူအဆ)

ဒုတိယ နိဗ္ဗာန်ဝါဒ ကတော့ အဘိဓမ္မတ္ထ သရူပဒီပကကျမ်းကို ပြုစုရေးသားခဲ့တဲ့ မြို့ပြင်ကြီးဆရာတော် (မြန်မာသက္ကရာဇ် ၁၁၈၉-၁၂၆၃) ပဲ ဖြစ်ပါတယ်။ ရွှေကျင်ဆရာတော်ကြီးနှင့် အုတ်ဖိုဆရာတော်ကြီးတို့ ရဲ့ နိဗ္ဗာန်အယူအဆပေါ်လာပြီးနောက် မန္တလေးမြို့လေးပြင်လေးရပ် ဆရာတော်ကြီး များက တောင်းးပန်လျှောက်ထားကြတာကြောင့်  ၄င်းတတိယတွဲ နိဗ္ဗာနသရူပဒီပက ကဏ္ဍကို အချိန်ယူ၍ရေးသားခဲ့ ပါတယ်။

ဆရာတော်ကြီးက ရွှေကျင်ဆရာတော်ကြီးနှင့် အုတ်ဖိုဆရာတော်ကြီးတို့ ရဲ့ နိဗ္ဗာန်အယူအဆ တွေ မှာ ပါဝင်တဲ့ အသင်္ခတ ဓာတ်နိဗ္ဗာန်သည် အကြောင်းနှင့်ကင်း၍ မိမိအလိုအလျောက် ဖြစ်ပေါ်လာနိုင်သော တရားမဟုတ်ဟူ ၍လည်းကောင်း၊ ရုပ်နာမ်တရားကဲ့သို့ ဥပါဒ်ဌီဘင်ဒြပ်ပေါ်အောင် ရုန်းရင်းထင်ရှားစွာပေါ်သည်မဟုတ်၊ နူးညံ့သိမ်မွေ့စွာ ဖြစ်သည် ဟူ၍ လည်းကောင်း ဘုရားရဟန္တာတို့၏ စုတိ ဘင်္ဂက္ခဏ၏ အခြားမဲ့ကာလသို့ ရောက်မှဖြစ်သည်ဟူ၍ လည်းကောင်း ဖြစ်ပြီး နောက် နိစ္စ ဓုဝ သဿတ အားဖြင့် အမြဲတည်သော တရားဖြစ်သောကြောင့် ပျက်စီးခြင်းမရှိ ဟူ၍၄င်း ယူဆကြခြင်းသည် ပိဋကတ်ကျမ်းဂန်များနှင့်မညီဟု ပယ်တော်မူခဲ့ ပါတယ်။

·         အရဟတ္ထမဂ် အရဟတ္ထဖိုလ်ကို “ခယ” ဟုဟောသောအရာလည်းရှိသည်။ အရဟတ္ထဖိုလ်ကို နိဗ္ဗာန်ဟုဟောသော အရာလည်းရှိသည်။ အရိယာမဂ်ဖြင့် နိဗ္ဗာန်ကို မျက်မှောက်ပြုမှသာ ရာဂစသည်တို့ ချုပ်ခြင်းသို့ရောက်ခြင်း ဖြစ်ရာသောကြောင့် အရိယာမဂ်က ရာဂစသည်ကို ကုန်စေသည်ဟု ဆိုရသည်။ ဤ၌ ချုပ်ခြင်းသို့ရောက်ခြင်းဟူသည်“ဘင်” သဘောမျှဖြင့် ချုပ်ခြင်းသို့ရောက်ခြင်းမဟုတ်၊ တစ်ဖန်အသစ် မဖြစ်သောအားဖြင့်မဖြစ်ခြင်းဟူသော ချုပ်ခြင်းသို့ရောက်ခြင်းကိုသာယူရမည်။ နိဗ္ဗာန်သည် အရိယာမဂ်အား အာရမ္မဏပစ္စည်း၊ အာရမ္မဏာဓိပတိပစ္စည်းတို့ဖြင့် ကျေးဇူးပြုတတ်သည်။ (နိဗ္ဗာန်သည် ကြောင်းပစ္စည်းတရား၊ မဂ်ဖိုလ်သည် အကျိုး ပစ္စယုပ္ပန်တရားဟု ဆိုလိုသည်။)

·         နိဗ္ဗာန်ရမည့်ပုဂ္ဂိုလ်တို့ စုတိမကျမီ နိဗ္ဗာန်မဖြစ်သေး၊ မရှိသေး၊ စုတိဘင်္ဂက္ခဏ၏ အခြားမဲ့သို့ရောက်မှ ဖြစ်ပေါ်လာသည်။ နိဗ္ဗာန် ရံခါသာရှိသည်။ ရံခါမရှိဟူသော အယူသည်မမှန်ပါ။ ဘုရားရှင်၏ အလိုတော်အတိုင်းမဟုတ်ပေ။ နိဗ္ဗာန်သည် မည်သည့်ကာလကစ၍ ဖြစ်သည်ဟု ဆိုရအောင် စ၍ဖြစ်ခြင်းအစွန်းအပိုင်းအခြားမရှိပေ။ နိဗ္ဗာန်ကို ပစ္စုပ္ပန်အတိတ်အနာဂတ်ဟူ၍ မဆိုအပ်၊ မဆိုထိုက်။ ကာလသုံးပါးမှလွတ်သော ကာလဝိမုတ်တရားသာ ဖြစ်သည်။ဥပါဒ်ဌီဘင်မရှိ။ အမြဲရှိနေ၊ တည်နေသောတရားသာဖြစ်သည်။

·         ကိလေသပရိနိဗ္ဗာန် ကိလေသာတို့ထက်ဝန်းကျင် အကြွင်းမဲ့ချုပ်ငြိမ်းခြင်း၊ ခန္ဓပရိနိဗ္ဗာန် ခန္ဓာငါးပါးတို့ တစ်ဖန်အသစ်မဖြစ်ခြင်းဟူသော ထက်ဝန်းကျင် အကြွင်းမဲ့ ချုပ်ငြိမ်းခြင်း ဓာတုပရိနိဗ္ဗာန-် ဓာတ်တော်တို့ ထက်ဝန်းကျင်အကြွင်းမဲ့ ချုပ်ငြိမ်းခြင်းဟူသော ပရိနိဗ္ဗာန်သုံးမျိုးအကြောင်း အဂုင်္တ္တိုရ် အဋ္ဌကထာ စသောကျမ်းဂန်များ၌ ပြဆိုသည်။ ထိုသုံမျိုးလုံးပင် အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်မဟုတ်။ တဏှာနိရောဓ၊ ကိလေသနိရောဓ၊ ကိလေသပရိနိဗ္ဗာန်၊ သဥပါဒိသေသနိဗ္ဗာန် စသည်ဖြင့်ခေါ်ဝေါ်ကြသည်။ တစ်ဖန်မဖြစ်ဖြင်းဟူသော ချုပ်ပြတ် ကုန်ငြိမ်းခြင်း ဟူသမျှသည် အသင်္ခတဓာတ်၊ ပရမတ်နိဗ္ဗာန်မဟုတ်၊ အနုပါဒိသေသ နိဗ္ဗာန်၊ သမ္ပရာယိကနိဗ္ဗာန်ဟု ဆိုခြင်းသည်လည်း သဘာဝပညတ်မျှသာဖြစ်သည်။ အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန်မဟုတ်ပေ။

·         မဂ်ဖိုလ်တို့၏ အာရုံဖြစ်သော ပရမတ်နိဗ္ဗာန်အစစ်သည် ဖြစ်ခြင်း၊ ပျက်ခြင်းမရှိသောကြောင့် မြဲသောသဘော ရှိသည်။ မြဲသောသဘောရှိသောကြောင့် အစဉ်မပြတ် အခါခပ်သိမ်းထင်ရှားရှိသည်။ အစဉ်မပြတ် အမြဲထင်ရှားရှိ သောအားဖြင့် တည်နေရသည် စသည်ဖြင့်ရေးသားတော်မူခဲ့သည်။

မြို့ပြင်ကြီးဆရာတော် ရဲ့ အမြင် ကတော့ ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ ပိဋကတ် အဋ္ဌကထာ ဋီကာ အရပ်ရပ် နဲ့ စာပေသဘော ကိုက်ညီအောင် ယုတ္တိကွင်းဆက်မလွတ်အောင်တည်ဆောက် ထားဟန်တူပါတယ်။ အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန် ဆိုတဲ့ အရှိတရားဟာ ကာလ၀ိမုတ် ဒေသ၀ိမုတ် ပုဂ္ဂလ၀ိမုတ် ဖြစ်ပြီးတော့ မိမိ ကိုယ်ပိုင်သဘာဝနဲ့ သီခြား ထာဝရတည်ရှိနေတဲ့ သဘောလို မြင်ပါတယ်။ အထက် က ရွှေကျင်ဆရာတော်ကြီးတို့ မြင်သလို ရုပ်ထူးနာမ်ထူး ၀ိသေသတရားများ နဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ်တွေ ကျန်ရစ်တယ် ဆို တာ ကို လက်မခံခဲ့ပါဘူး။

အသင်္ခတဓာတ် ပရမတ်နိဗ္ဗာန် ဟာ ပဋ္ဌာန်းပစ္စည်း ပစ္စယုပ္ပန်တွင် ပစ္စည်းအကြောင်းတရား ဘက်တွင်သာရှိနေပြီး အကျိုး ပစ္စယုပ္ပန် တွင် မပါဝင်ပါ။ ဒါကြောင့် မဂ်ဥာဏ်ဖိုလ်ဥာဏ် တွေ ကို ဖြစ်စေသော အကြောင်းတရား အနေနဲ့ ကောက်ယူ ပါတယ်။ အာရမ္မဏပစ္စည်း အရလဲ မဂ်ဥာဏ်ဖိုလ်ဥာဏ် တွေ တည်ရာမှီရာ အာရုံတရား အဖြစ် ရှိနေတဲ့ အတွက် ခန္ဓာတွေ ရဲ့ ပြင်ပဗဟိဒ္ဓတရား အနေနဲ့ ပဲ တရားကိုယ်ကောက်ယူပါတယ်။

နိဗ္ဗာန်ဟာ ရဟန္တာ ပရိနိဗ္ဗာန်ပြုတဲ့ အခါ  စိတ်စေတသိက်ရုပ်တရားတို့ အပြီးသတ်အဖြစ်ငြိမ်းမှုဟု ယူဆခဲ့ရင် မဂ္ဂဝီထိတွင် ဂေါတြဘူ၊ မဂ်နှင့်ဖိုလ် စိတ်တို့ဟာ နိဗ္ဗာန်ကိုအာရုံပြုရတဲ့ အခါ ဘယ် နိဗ္ဗာန် ကို အာရုံပြုရတာလဲ ဆိုတဲ့ ပြဿနာ ဖြစ်ပေါ်လာပါတယ်။  မဂ္ဂဝီထိဆိုရာမှာလည်း သောတာပတ္တိမဂ္ဂဝီထိစသည်ဖြင့် လေးပါးရှိမှာ ဖြစ်ပါတယ်။ ထိုဂေါတြဘူနှင့် မဂ်စိတ်၊ ထိုဖိုလ်စိတ်တို့သည် မည်သည့်နိဗ္ဗာန်ကို အာရုံပြုရမည်နည်းလို့ စဉ်းစားလျှင်လည်း နိဗ္ဗာန်သည် ကာလတရား ကို လွတ်ပြီး အမြဲတည်ရှိနေတယ်လို့ ယူဆ မှ သာ အဆင်ပြေမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် နိဗ္ဗာန်ကို မျက်မှောက်ပြုကြတဲ့ အရိယာပုဂ္ဂိုလ်တွေဟာ ပရိနိဗ္ဗ န္တရဟန္တာတို့၏ ခန္ဓာဝန်အဖြစ် ချုပ်ငြိမ်းခြင်းကိုမှန်း၍ အာရုံပြုရသလို ဖြစ်နေလိမ့်မယ်။ ဒါမှမဟုတ်လဲ မိမိကိုယ်တိုင် တစ်နေ့နေ့ တစ်ချိန်ချိန်တွင် ရဟန္တာဖြစ်၍ ပရိနိဗ္ဗာန်ပြုခြင်းကို ရည်မှန်းအာရုံပြုရမဲ့သဘောမျိုး ဖြစ်နေပါလိမ့်မယ်။

အမှတ်(၃) နိဗ္ဗာန်ဝါဒ (နိဗ္ဗာန်ဟူသည် ရုပ်နာမ်ခန္ဓာတို့ ရပ်စဲချုပ်ငြိမ်းမှု အသင်္ခတဓမ္မနယ်ကြီး ဖြစ်သည်ဟူသော အယူအဆ)
တတိယ နိဗ္ဗာန်ဝါဒ က တော့ မြန်မာဗုဒ္ဓဘာသာစာပေလော က မှာ နေမင်းကြီးပမာ ထွန်းလင်းခဲ့တဲ့ လယ်တီဆရာတော် ဘုရားကြီးရဲ့ အမြင်ပဲ ဖြစ်ပါတယ်။ လယ်တီဆရာတော်ဘုရားကြီး ကလဲ နိဗ္ဗာန်နှင့်ပတ်သတ်ပြီးတော့ နိဗ္ဗာနဒီပနီကျမ်းကို ရေးသားခဲ့ ပါတယ်။

လယ်တီဆရာတော်ဘုရားကြီး က အုတ်ဖိုဆရာတော်ကြီး နဲ့ ရွှေကျင်ဆရာတော်ကြီး တို့ ရဲ့ ထူးခြားတဲ့ နူးညံ့သိမ်မွေ့တဲ့ ရုပ်နာမ်ဝိသေသတရားတွေ နဲ့ နိဗ္ဗာန်ချမ်းသာ ကို စံစားနေတဲ့ ပရိနိဗ္ဗုတပုဂ္ဂိုလ် ကြွင်းကျန်ရစ် တယ် လို့ ယူဆတဲ့ နိဗ္ဗာန်ဝါဒ ကို ပယ်မြစ်ပြီးတော့ နိဗ္ဗာန်ဟူသည် ရဟန္တာပုဂ္ဂိုလ်၏ ရုပ်နာမ်ခန္ဓာတို့ ရပ်စဲချုပ်ငြိမ်းမှု ဖြစ်သည်ဟူသော အယူအဆ ကို တင်ပြတော်မူခဲ့ပါတယ်။ လယ်တီဆရာတော်ဘုရားကြီး ရဲ့ အယူအဆတွေ ကို သတ္ထုချ ရင် ဒီ အချက်တွေ ကို တွေ့ ရပါတယ်။

·         အကြောင်း ကိလေသာတို့ ၏ ချုပ်ငြိမ်းမှု နှင့် အကျိုးဝိပါက်ခန္ဓာအစဉ်တို့ ၏ ချုပ်ငြိမ်းမှု သည်ပင် နိဗ္ဗာန် ဖြစ်၏။

·         အနာရောဂါတို့ သည် အရေအတွက်မည်မျှ ရှိရှိ ယင်းတို့ အားလုံး ကင်းပျောက်၍ ကျန်းမာခြင်းသဘော သည် တစ်ခုတည်းသာ ရှိဘိသကဲ့သို့ သနိမိတ္တ (အဖို့အစွန်းရှိသော) ကိလေသာ နှင့် ခန္ဓာ တို့ သည် အရေအတွက် မည်မျှ ရှိရှိ ယင်းတို့ အားလုံးချုပ်ငြိမ်းခြင်း သဘောဖြစ်သော နိဗ္ဗာန် သည် ကား အနိမိတ္တ (သဏ္ဍာန် နိမိတ် အမြိတ်အဖို့အစွန်းမရှိသော) တရား ဖြစ်၏။

·         ပုဂ္ဂိုလ်တစ်ဦးချင်းစီ ၏ ကိလေသာ နှင့် ခန္ဓာ ချုပ်ငြိမ်းမှုသဘော သည် ပုဂ္ဂိုလ်အလိုက် သီးခြားသဘော ဖြစ်သည် ရှေ့ အဖို့ အစွန်း (အစကာလ ပညတ်) ရှိ သည် ဟူ၍ ဆို နိုင်သော်လည်း ချုပ်ငြိမ်းခြင်းဟူသော နိဗ္ဗာန်မှာ အစ အစွန်း ဟူ၍ မရှိ။

·         နိဗ္ဗာန် ကို ရောက်သည် ဆိုရာတွင် ခန္ဓာ ဗဟိဒ္ဓ တွင် ရှိသော အသင်္ခတသဘောဓမ္မ ကို အာရုံပြုသောအားဖြင့် ဥာဏသစ္ဆိကရဏအား ဖြင့် ရခြင်းရောက်ခြင်း မျှ မဟုတ်ပဲ မိမိ သဏ္ဍာန်၌ ကာယသစ္ဆိကရဏ သဘောအားဖြင့် အငြိမ်းဓါတ်သဘာဝ ကို ထိတွေ့သိမြင်ခြင်း ဖြစ်၏။

·         ရဟန္တာတို့ စုတိကမ္မဇရုပ်ချုပ်ပြီးနောက် ထိုရဟန္တာတို့၏ ခန္ဓာမှနိဗ္ဗာန်သို့ ကူးတတ်ဆက်နွယ်၍ သွားသော ပရမတ်တရား ဟူ၍ အမြွတ်လေသံမျှမရှိ၊ ပညတ်တရားဟူ၍လည်း အမြွတ်လေသံမျှမရှိ၊

·         သေခြင်းသို့ရောက်လေ၏။ သေလေ၏၊ အိုခြင်းသို့ရောက်လေ၏။ အိုလေ၏၊ အိုလေ၏ဆိုသည်မှာ အတူတူပင်ဖြစ် သကဲ့သို့ နိဗ္ဗာန်ရောက်လေ၏ ဆိုသည်နှင့် ချုပ်ငြိမ်း၏ဆိုသည်မှာ အတူတူပင်ဖြစ်သည်။ နိဗ္ဗာန်သို့ရောက်သည်၊ ချုပ်ငြိမ်းခြင်းသို့- ကွယ်ပခြင်းသို့ ရောက်သည်ဟုဆိုခြင်းမှာလည်းအတူတူပင်ဖြစ်သည်။

·         နိဗ္ဗာန်ဟူသည် အစဉ်ဖြစ်ပေါ်နေသော စိတ် စေတသိက် ရုပ်တရားတို့၏အဖြစ် ငြိမ်းမှုပေတည်း။ ထိုအဖြစ်ငြိမ်းအေးမှုအား ကျေးဇူးပြုနေသော ဓာတ်သဘာဝကြီး သီးခြားရှိသည်။ နိဗ္ဗာန်ကြီး အစစ်ဖြစ်သည်။ ကိလေသာ ခန္ဓာတို့၏ အဖြစ်ငြိမ်းမှုသည် ထိုနိဗ္ဗာန်ကြီး၏ အကျိုးတရားမျှသာဖြစ်သည်ဟူသော အယူအဆသည် ပါဠိတော်အရပ်ရပ်တို့နှင့် မညီပေ။

·          နိဗ္ဗာန်ဟူသည် ကိလေသာ-ခန္ဓာ တို့၏ ရှုထောင့်မှ ကြည့်လျှင် မရှိတရား-အဘာဝ ဖြစ်သော်လည်း အသင်္ခတပရမတ် အငြိမ်းဓါတ်သဘော အားဖြင့်ကာ မုချဆတ်ဆတ် အရှိ သဘော-ဘာဝတရားဖြစ်၏။ ရောဂါပျောက်ကင်းမှု ကျန်းမာခြင်း ဟူ၍ မရှိပါက အနာရောဂါမှ မလွတ်မြောက်နိုင် သကဲ့သို့ ဤ သန္တိသုခ အသင်္ခတပရမတ် အငြိမ်းဓါတ်သဘောကြီး မရှိပါ က ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ ၏ တရားဓမ္မသိမြင်မှု နှင့် သံသရာဝဋ်ဆင်းရဲ မှ ကျွတ်လွတ်မှု ဟူ၍ အထင်အရှားရှိမည်မဟုတ်။

·         ဤ အသင်္ခတဓမ္မဓါတ်ကြီးသည် တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ် သတ္တ၀ါ ခန္ဓာဓမ္မ နှင့် ထိခြင်းငြိခြင်း စပ်ယှက်မရှိ ဘုရား ပစ္စေကဗုဒ္ဓါ ရဟန္တာတို့ သည် ခန္ဓာဓမ္မချုပ်စဲလျှင် ထို အသင်္ခတဓမ္မနယ်ကြီးသို့ ဆိုက်သည် ရောက်သည် ဟူ၍သာ ဆိုရသည်။ ထို အသင်္ခတဓမ္မဓါတ်ကြီးသည် “အနိမိတ္တိဓမ္မ” ကြီးဖြစ်၍ ဘယ်မှစသည်ဟုညွန်ပြရာ ညွန်ပြရန် ဥပါဒ်-ဘင် ဟူသော ရှေ့ နောက် အဖို့အစွန်းလည်း မရှိ ။ အရပ် (၁၀)မျက်နှာတွင် ဘယ်မှာ သာ ရှိသည် ဘယ်မှာ မရှိဟု ညွှန်ပြရန် အမြိတ်အစွန်းလည်းမရှိ အနမတဂ္ဂသံသရာ နှင့်အမျှ တစ်ပါးတည်း တစ်ခုတည်း အမြဲတည်နေသော အသင်္ခတဓမ္မနယ်ကြီး ပေတည်း။

·         သဥပါဒိသေသနိဗ္ဗာန် ဟူသည်မှာ နိဗ္ဗာန်ကို မျက်မှောက်ပြုပြီးသော်လည်း ခန္ဓာ ၅ ပါး ကြွင်းကျန်နေသေးသော အရိယာပုဂ္ဂိုလ် (၈) ယောက် ၏ နိဗ္ဗာန် ဖြစ်၏။ ရဟန္တာပုဂ္ဂိုလ် ပရိနိဗ္ဗာန်ပြုပြီးသည့်နောက် တဏှာပဏီဓိ နှင့် ဆန္ဒပဏီဓိတရားများ ၀ိပါက၀ဋ် ခန္ဓာများ အလုံးစုံချုပ်ငြိမ်း သော အခါတွင် ရအပ်ရောက်အပ်သော နိဗ္ဗာန် ကို အနုပါဒိသေသနိဗ္ဗာန် ဟု ခေါ်၏။ ဤ နိဗ္ဗာန် (၂)မျိုး သည်ခန္ဓာဥပဓိတရားတို့ အကြွင်းရှိမရှိ ပေါ်တည်၍သာ ခွဲခြားခြင်း ဖြစ်ပြီး တရားကိုယ်စင်စစ်အားဖြင့် တစ်ခုတည်းသော မဟာပရမတ္ထအသင်္ခတဓမ္မဓါတ်ကြီး ပင်ဖြစ်၏။


လယ်တီဆရာတော်ကြီး ရဲ့ နိဗ္ဗာန် အမြင် က ရွှေကျင်ဆရာတော် နဲ့ မြို့ပြင်ကြီးဆရာတော် တို့ ရဲ့ အမြင်တွေ နဲ့ ကွဲပြား နေပါတယ်။ သံသရာ မှ နိဗ္ဗာန် ကို ကူးတက်ဆက်နွယ်သွားတဲ့ ရုပ်တရားနာမ်တရား စိုးစဉ်းမရှိလို ယူဆတဲ့ အတွက်  ရွှေကျင်ဆရာတော် ရဲ့ ရုပ်ထူးနာမ်ထူးပရိနိဗ္ဗုတပုဂ္ဂိုလ် အယူ ကို ပယ်ပါတယ်။ နိဗ္ဗာန် ဆိုတာ အစဉ်ဖြစ်ပေါ်နေတဲ့ စိတ် စေတသိက် ရုပ်တရား တွေ ရဲ့ အဖြစ်ငြိမ်းမှုမျှသာပဲ လို့ ယူဆတဲ့ အတွက် ဒီ အဖြစ်ငြိမ်းမှု ကိလေသာပရိနိဗ္ဗာန် နဲ့ ခန္ဓာပရိနိဗ္ဗာန် တရားတွေ ကို ကျေးဇူးပြုတည်ရှိနေသော ဓါတ်သဘာဝကြီး သီးခြားရှိတယ် မဟာအသင်္ခတ ပရမတ္ထ နိဗ္ဗာနဓါတ်ကြီး အစစ် ဖြစ်တယ် ကိလေသာပရိနိဗ္ဗာန် နဲ့ ခန္ဓာပရိနိဗ္ဗာန် သဘောတွေ က ဒီ နိဗ္ဗာန်ကြီး ကို မြင်ခြင်း ရဲ့ အကျိုးဆက် မျှသာ ဖြစ်တယ် ဆိုတဲ့ မြို့ပြင်ကြီးဆရာတော် တို့ ရဲ့ အယူအဆ ကို လဲ ပယ်တော်မူပါတယ်။

အမှတ်(၄) နိဗ္ဗာန်ဝါဒ (နိဗ္ဗာန်ဟူသည် ကိလေသာ ကမ္မသတ္တိ နှင် ၀ိပါက်ရုပ်နာမ်ခန္ဓာတို့ ရပ်စဲချုပ်ငြိမ်းခြင်း သက်သက်မျှ ဖြစ်သည် ဟူသော အယူအဆ)

စတုတ္တ နိဗ္ဗာန်ဝါဒ က တော့ မဟာစည်ဆရာတော်ဘုရားကြီး ရဲ့ အမြင်ပါပဲ။ ဆရာတော်ကြီး ရဲ့ နိဗ္ဗာန် အမြင်ဟာ လယ်တီဆရာတော်ကြီး ရဲ့ အမြင် နဲ့ အများကြီး မကွာခြားပါဘူး။ ဒါပေမဲ့လဲ တင်ပြပုံ ကျစ်လစ်တဲ့ အပြင် နိဗ္ဗာန်ရဲ့ သဘာဝနဲ့ ပတ်သက်လို့ အတော်လေး စုံစုံလင်လင်တင်ပြတော်မူခဲ့တာမို့ သီးခြား အမြင်တစ်ရပ် အနေနဲ့ ခွဲထုတ်ပြီး ဖေါ်ပြလိုက်ပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီး ရဲ့ နိဗ္ဗာန်ဆိုင်ရာတရားတော်ကြီးအမည်နဲ့ ဟောစဉ်တရားတစ်ခု ရှိပါတယ်။ နိဗ္ဗာန် ရဲ့ သဘော သဘာဝ ကို ပဋိသမ္ဘိဒါမဂ် ပါဠိတော် ဥဒါန်းပါဠိတော် အစရှိသည်တို့ မှာ ရှိတဲ့ နိဗ္ဗာန်နဲ့ ပတ်သက်တဲ့ ဟောကြားချက် တွေ ကို အနက်ဖွင့်ပြခဲ့တဲ့ တရားတော် ဖြစ်ပါတယ်။

ဒီတရားတော်မှာ မဟာစည်ဆရာတော်ဘုရားကြီး က နိဗ္ဗာန် ကို ငြိမ်းရာ-ငြိမ်းကြောင်း-ငြိမ်းခြင်း ဆိုတဲ့ အနက် ရိုးရိုးလေးပဲ ဖွင့်ခဲ့တယ်။ ဒီ သုံးခုမှာ လဲ ငြိမ်းရာ-ငြိမ်းကြောင်း ဆိုတာတွေ က နိဗ္ဗာန် ရဲ့ သွယ်ဝိုက်အနက်တွေ ပဲ ဖြစ်ပြီး ငြိမ်းခြင်းသဘော က သာ မုချအနက် ဖြစ်တယ်လို ဆိုပါတယ်။ ဘာတွေငြိမ်းတာ က နိဗ္ဗာန်လို့ ခေါ်တာလဲ ဆိုတော့ ကိလေသာဝဋ် ကမ္မ၀ဋ် ၀ိပါက၀ဋ် ဆိုတဲ့ သံသရာဝဋ်ဒုက္ခတွေ တရစပ်လည်ပတ်နေတာတွေ ရပ်စဲချုပ်ငြိမ်း သွားတာပဲ ဖြစ်ပါတယ်။

ကိလေသာဝဋ် ဆိုတာ က သတ္တ၀ါတွေ ရဲ့ အတွင်းသန္တာန်မှာ ရှိနေတဲ့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တရားတွေ ပါပဲ။ အာရုံဒွါရ တံခါးတွေ က နေ ၀င်ရောက်လာတဲ့ ခန္ဓာတွေ ဟာ နဂို က ပုံသဏ္ဍာန် မရှိပါဘူး။ မိမိ အတွင်းသား မှာ ရှိနေတဲ့ အာသာဝတရားတွေ နဲ့ အ၀ိဇ္ဇာ တဏှာ ဥပါဒါန်တရားတွေ ရဲ့ ချယ်လှယ်ပြုပြင်မှု ကြောင့် မမြဲတဲ့ ဆင်းရဲတဲ့ အနှစ်သာရမရှိတဲ့ အရာတွေ ကို မြဲတဲ့ အရာ ချမ်းသာတဲ့ အရာ အနှစ်သားရှိတဲ့ အရာတွေ အဖြစ် ကိလေသာဝဋ် က မှားမှားယွင်းယွင်း မြင်စေ တပ်မက်စွဲလန်းစေပါတယ်။

ဒီအခါမှာ ကိလေသာဝဋ် ကြောင့် ကောင်းမှု မကောင်းမှု အဘိသင်္ခါရတရားတွေ ကို ပြုလုပ်တဲ့ ကမ္မ၀ဋ် က ဖြစ်ပေါ်လာ ပါတယ်။ ဒီ အဘိသင်္ခါရတရားတွေ ကြောင့် ဖြစ်ပေါ်လာရတဲ့ ကမ္မသတ္တိတွေ က ကိလေသာဝဋ် တရားတွေ နဲ့ ပေါင်းစပ်ပြီး ၀ိပါက၀ဋ် ကို ဖန်တီးပြန်ပါတယ်။ ၀ိပါက၀ဋ် ဆိုတာကတော့ ကမ္မ၀ဋ် (ကုသိုလ်အကုသိုလ် ကံတရားတွေ) ရဲ့ အကျိုးတရား တွေ အဖြစ်နဲ့ ပေါ်ပေါက်လာတဲ့ ၀ိညာဏ် နာမ်ရုပ် သဠာယတန ဖဿ ဝေဒနာ တွေ ရယ် နောက် ဇာတိ ဇရာ မရဏ စောက ပရိဒေ၀ ဒေါမနဿ စတဲ့ ဆင်းရဲဒုက္ခတရားစုတွေ ရယ်ပါ။

မဂ္ဂင် (၈) ပါး အကျင့်တရားကြောင့် နောက်ဆုံးမှာ အရဟတ္တမဂ် က ကိလေသာဝဋ် အားလုံးကို ဖြတ်တောက်ပယ်ရှား လိုက်တဲ့ အခါ  ကိလေသာဝဋ် ကို မှီနေတဲ့ ကမ္မ၀ဋ် ကလဲ မဖြစ်ပေါ်တော့ပါဘူး။ ကမ္မ၀ဋ် မဖြစ်ပေါ်ခြင်းရဲ့ အကျိုးဆက် တရား အဖြစ် ၀ိပါက၀ဋ်တွေ အားလုံးလဲ အသစ်တဖန် ပြန်လည်ဖြစ်ပေါ်နိုင်ခွင့် မရှိတော့ပဲ အပြီးတိုင်ချုပ်ငြိမ်းရပ်တန့် ရတာ ဟာ နိဗ္ဗာန် ရဲ့ အခြေခံအကျဆုံး တရားကိုယ် အနက် ပဲ ဖြစ်ပါတယ်။  နိဗ္ဗာန် ကို သိမြင်မျက်မှောက်ပြုလို့ ၀ဋ်သုံးပါး ငြိမ်းရ တာမို့ သွယ်ဝိုက်သော အနက် အားဖြင့် နိဗ္ဗာန် ကို ၀ဋ်သုံးပါးငြိမ်းရာ နေရာ ၀ဋ်သုံးပါးငြိမ်း စေတဲ့ ငြိမ်းကြောင်း အနေ နဲ့ ပြောဆိုတာပဲ ဖြစ်ပါသတဲ့။

ပဋိသမ္ဘိဒါမဂ် ပါဠိတော် လာ နိဗ္ဗာန်
မဟာစည်ဆရာတော်ဘုရားကြီး က နိဗ္ဗာန် ကို ဆက်လက်ဖွင့်ဆိုရာမှာ ပဋိသမ္ဘိဒါမဂ် ပါဠိတော် ကို ကိုးကားပြီးတော့ နိဗ္ဗာန် ကို ယင်းနဲ့ ဆန့်ကျင်ဖက် သဘော ဖြစ်တဲ့ သံသရာ (သင်္ခတ ပရမတ္ထဓမ္မ) များ ရဲ့ အမူအရာ လက္ခဏာ တွေ နဲ့ နိုင်းယှဉ်ပြီးလင်းပြခဲ့ ပါတယ်။ အောက်ဖေါ်ပြပါ ဇယား ကို ကြည့် ပါ။


သံသရာ (သင်္ခတ ပရမတ္ထဓမ္မ)
နိဗ္ဗာန် (အသင်္ခတ ပရမတ္ထဓမ္မ)
ဖြစ်ပေါ်ခြင်းသဘော (ဥပ္ပါဒ ဓမ္မ)
အဖြစ်ငြိမ်းခြင်း သဘော (အနုပ္ပါဒ ဓမ္မ)
စီးဆင်းလည်ပတ်ခြင်းသဘော (ပ၀တ္ထ ဓမ္မ)
ရပ်တန့်ချုပ်ငြိမ်းခြင်းသဘော (အပ၀တ္ထ ဓမ္မ)
သင်္ခါရနိမိတ်အသွင်ရှိခြင်းသဘော (နိမိတ္တဓမ္မ)
သင်္ခါရနိမိတ်အသွင်ကင်းဆိတ်ခြင်းသဘော(အနိမိတ္တဓမ္မ)
ပေါင်းစုအားထုတ်ခြင်းသဘော(အာယူဟန ဓမ္မ)
အားထုတ်ပြုလုပ်မှုများမရှိခြင်းသဘော (အနာယူဟနဓမ္မ)
ပဋိသန္ဓေ နေရခြင်း
ပဋိသန္ဓေ မနေရခြင်း

သံသရာ (သင်္ခတ ပရမတ္ထဓမ္မ) မှာ အပါအ၀င် ဖြစ်တဲ့ ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် တရား တွေ ဟာ အကြောင်း အခြေခံအထောက့်အပံ့တရားတွေ ပေါင်းဆုံတဲ့ အခါ ဖြစ်ပေါ်ရတဲ့တရားတွေဖြစ်ပါတယ်။ နိဗ္ဗာန် (အသင်္ခတ ပရမတ္ထဓမ္မ) က တော့ ဒီလို အကြောင်းတရားတွေ ကြောင့် မဖြစ်ပေါ်တဲ့ တရား ဖြစ်ပါတယ်။

ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် တရား တွေ ဟာ ဖြစ်ပေါ်ခဲ့ ပြီးရင်လဲ ခဏတောင် တည်မနေနိုင်ပဲ ပျက်စီးချုပ်ငြိမ်းကြရပါတယ်။ မိမိ တို့ ကြောင့် နောက် ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် တရား တွေ ကို ထပ်ကာ ထပ်ခါ ဖြစ်ပေါ်စေပြန်ပါတယ်။ ဒီလိုနည်း နဲ့ ဖြစ်ပျက် လည်ပတ် စီးဆင်း နေတဲ့ သဘောဓမ္မ တွေ ဖြစ်ကြ ပါတယ်။ နိဗ္ဗာန် (အသင်္ခတ ပရမတ္ထဓမ္မ) က တော့ ဖြစ်ပေါ်တတ်တဲ့ တရားမဟုတ်လို့=မဖြစ်တရား ဖြစ်လို့ ပျက်စီး  ချုပ်ငြိမ်းခြင်းလည်းမရှိပါဘူး။ ဖြစ်ပျက် လည်ပတ် စီးဆင်း နေခြင်း မရှိတဲ့ ဓမ္မတရား ဖြစ်ပါတယ်။

ဖြစ်လိုက်ပျက်လိုက် နဲ့ စီးဆင်းပြောင်းလဲ နေတဲ့ ရုပ် စိတ် စေတသိက် တရား တွေ ဟာ သင်္ခါရတရားတွေ ရဲ့ နိမိတ်တွေ ဖြစ်တဲ့ ဖြစ်ခြင်း ပျက်ခြင်း အစွန်းအဖို့ တွေ ရှိနေပါတယ်။ ဖြစ်ပျက်သဘောဓမ္မတွေမရှိတဲ့ နိဗ္ဗာန် က တော့ သင်္ခါရနိမိတ် အသွင်ကင်းဆိတ်ခြင်းသဘော သက်သက်ပဲ ရှိနေပါတယ်။ ရုပ် စိတ် စေတသိက် တရား တွေ ဟာ အချင်းချင်း ပေါင်းစည်းဆက်စပ် အားပြုပြီး အသစ်ဖန်တီးမှုတွေ လုပ်ရပါတယ်။ နိဗ္ဗာန် က တော့ ဘယ် သင်္ခတတရားတွေ နဲ့ မှ ဆက်စပ်မှု မရှိတာကြောင့် အားထုတ် ပေါင်းစပ်ဖွဲ့စည်းမှုတွေ မရှိနိုင်ပါဘူး။

နောက်ဆုံး အချက်ကတော့ ရုပ် စိတ် စေတသိက် တရား တွေ ဟာ သင်္ခါရတရားတွေ ရဲ့ သဘာဝ အတိုင်း တဖန်ပြန်လည် မွေးဖွားရခြင်း ပဋိသန္ဓေနေရခြင်း သဘောတွေ ဖြစ်ပါတယ်။ နိဗ္ဗာန် က တော့ ရုပ် စိတ် စေတသိက် တရား တွေ ရဲ့ အကြွင်းမရှိ ချုပ်ငြိမ်း သဘော ဖြစ်လို့ အတိုင်း တဖန်ပြန်လည် မွေးဖွားရခြင်း ပဋိသန္ဓေနေရခြင်း တွေ အလျှဉ်းမရှိတဲ့ သဘာဝပဲ ဖြစ်ပါတယ်။

အကြောင်း နိဗ္ဗာန် နှင့် အကျိုးနိဗ္ဗာန် မခွဲခြားသင့်ကြောင်း
မဟာစည်ဆရာတော်ဘုရားကြီး ကလဲ လယ်တီဆရာတော်ကြီး လိုပဲ အကြောင်း နိဗ္ဗာန် နှင့် အကျိုးနိဗ္ဗာန် မခွဲခြားသင့် ကြောင်း တင်ပြခဲ့ပါတယ်။ သံသရာ ရုပ်နာမ်ခန္ဓာတရားတွေ နဲ့ တစ်သီးတစ်သန့် ကင်းလွတ်ပြီး ပကတအရှိတရား အနေနဲ့ တည်ရှိနေတဲ့ ထာဝရမဟာနိဗ္ဗာန်တော်မြတ်ကြီး က အကြောင်းတရား မဂ်ဖိုလ်တို့ ရဲ့ အာရုံတရားဖြစ်ပြီး ကိလေသာ ပရိနိဗ္ဗာန် (သဥပါဒိသေသနိဗ္ဗာန်) နဲ့ ခန္ဓာ ပရိနိဗ္ဗာန် (အနုပါဒိသေသနိဗ္ဗာန်) တို့ က ဒီ နိဗ္ဗာန်ကြီး ကို အာရုံပြု၍ သိခြင်း ရဲ့ အကျိုးတရား ဖြစ်တယ် ဆိုတဲ့ (မြို့ပြင်ကြီးဆရာတော်ရဲ့) အယူအဆ ကို လက်မခံခဲ့တာ ကို တွေ့ ရပါတယ်။

မဟာစည်ဆရာတော်ဘုရားကြီး အမြင်မှာ မဂ်ဖိုလ်တို့ ရဲ့ အာရုံဖြစ်တဲ့ ငြိမ်းမှုသဘော က သာမညနိဗ္ဗာန် ဖြစ်ပြီး ကိလေသာ ပရိနိဗ္ဗာန် (သဥပါဒိသေသနိဗ္ဗာန်) နဲ့ ခန္ဓာ ပရိနိဗ္ဗာန် (အနုပါဒိသေသနိဗ္ဗာန်) တို့ က ၀ိသေသ နိဗ္ဗာန်တွေ ဖြစ်ပြီးတော့ ဒီ ၀ိသေသနိဗ္ဗာန် (၂) ပါး ကလဲ မဂ်ဖိုလ်တို့ ရဲ့ အာရုံဖြစ်တဲ့ ငြိမ်းမှုသဘော က သာမညနိဗ္ဗာန် အငြိမ်းဓါတ် အတွင်း ၀င်ကြ တယ်လို့ ယူသင့်တဲ့ အကြောင်း တင်ပြပါတယ်။ ဒီလို ယူဆ မှလဲ ဒီ နိဗ္ဗာန် သုံးပါးစလုံး ဟာ နိဗ္ဗာန်ရဲ့ ငြိမ်းအေးခြင်းသဘာဝ သန္တိလက္ခဏာ နဲ့ ပြည်စုံ မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ မဟာစည်ဆရာတော်ဘုရားကြီး ဟာ ရှေ့ က ဆရာတော်ကြီးများ လိုပဲ နိဗ္ဗာန်ဟာ ကာလ၀ိမုတ် တရား ဖြစ်လို့ အတိတ် ပစ္စုပ္ပန် အနာဂတ် တရားတွေက နေ လွန်မြောက်တည်ရှိနေတာကို လက်ခံခဲ့ ပါတယ်။ ကိလေသာ ပရိနိဗ္ဗာန် (သဥပါဒိသေသနိဗ္ဗာန်) အခိုက် ကိလေသာတွေ ငြိမ်းကြတယ်လို့ ဆိုရာမှာ ငြိမ်းတဲ့ ကိလေသာတွေ က အတိတ် ပစ္စုပ္ပန် အနာဂတ် သတ်မှတ်လို့မရ တဲ့ အနုသယ သဘောတွေ ကာလသုံးပါးမှ အလွတ်ဖြစ်တဲ့ ကာလ၀ိမုတ် ဖြစ်လို့ပါပဲ။

မဂ်ဥာဏ်ဝီထိဖြစ်ပေါ်ခိုက် မှာ မဂ်စိတ်ဟာ သာမညနိဗ္ဗာန် အာရုံ ကို အာရုံပြုနေတဲ့ အတွက် မဂ်က ပယ်တဲ့ ကိလေသာ တရားတွေ က ပစ္စုပ္ပန်တရားတွေ လဲ မဟုတ်ဘူး။ အတိတ် အနာဂတ် ကိလေသာတွေ ကလဲ အရှိတရားတွေ မဟုတ်လို့ ပယ်လို့ မရပြန်ဘူး။ အကြောင်းညီညွတ်ရင် ဖြစ်ပေါ်ခွင့်ရှိတဲ့ အနုသယ ကိလေသာ တွေ ထပ်ဖြစ်ခွင့်မရှိအောင် ပယ်တာပဲ ဖြစ်ပါတယ်။ အနုသယ ကိလေသာ တွေ ကိုကလဲ ကာလသုံးပါး က အလွတ်ဖြစ်နေတဲ့ ကာလ၀ိမုတ်တရား ဖြစ်လို့ အနုသယ ကိလေသာတရားတွေ ရဲ့ ချုပ်ငြိမ်းမှု နိဗ္ဗာန် တရား ကလဲ ကာလ၀ိမုတ်တရား ဖြစ်တယ်လို့ မဟာစည်ဆရာတော် ဘုရားကြီး က ဆိုပါတယ်။

နိဗ္ဗာန်သည် ချုပ်ငြိမ်းခြင်း အရှိတရား
နိဗ္ဗာန်သည် ချုပ်ငြိမ်းခြင်း သဘောတရားမျှပဲ လို့ ဆက်တိုက်ပြောလာခဲ့တဲ့ အတွက် တစ်ချို့ က နိဗ္ဗာန်တရားဆိုတာ ရုပ်နာမ်ဓမ္မ သင်္ခါရ တွေ ချုပ်ဆုံးရပ်စဲတဲ့ သဘောမျှပဲ ဘာမှမရှိတဲ့ အဘာဝတရား သက်သက်ပဲ ဖြစ်လို့ ဘာမှ အသုံးမကျ တဲ့ အလဟဿအချည်းနှီးသဘောပဲ လို့ ထင်ကြပါတယ်။ မဟာစည်ဆရာတော်ဘုရားကြီးရဲ့ အလိုအရ နိဗ္ဗာန်တရား ဆိုတာ ဘာမှမရှိတဲ့ အဘာဝတရား သက်သက်မျှ မဟုတ်ပဲ ခန္ဓာတွေ ရဲ့ ငြိမ်းခြင်းတရားအဖြစ် အမှန်တကယ် ရှိနေတဲ့ တရားလို့ ဆိုပါတယ်။ မဂ်ဥာဏ်ဖိုလ်ဥာဏ် တို့ အာရုံပြုရာ အကြောင်းတရားအဖြစ် တကယ်စင်စစ်ရှိနေတဲ့ ပရမတ္ထတရား လည်း ဖြစ်တယ်လို့ ဆိုပါတယ်။

မဟာစည်ဆရာတော်ကြီးရဲ့ အလိုအရ နိဗ္ဗာန်ဟာ တကယ်စင်စစ်ရှိနေတဲ့ ပရမတ္ထတရား မဟုတ်ခဲ့ ရင် မဂ်ဥာဏ်ဖိုလ်ဥာဏ် တို့ အာရုံပြုရာ လဲ ရှိမှာ မဟုတ်ဘူး။ ဒီလို နိဗ္ဗာန် ကို မမြင်နိုင် ရင် ကိလေသာတွေ ချုပ်ငြိမ်းမှု ဆိုတာ လဲ မဖြစ်နိုင်လို့ ဘုရားတွေ ရဟန္တာပုဂ္ဂိုလ်တွေ လဲ ရှိနိုင်မှာ မဟုတ်ဘူး။ဒါပေမဲ့ ကိလေသာချုပ်ငြိမ်းမှုတွေ ကြောင့် ကံတွေ ၀ိပါက်တွေ ရဲ့ ချုပ်ငြိမ်းမှု သဘောတွေ ဧကန် ရှိ နေတဲ့ အတွက်  နိဗ္ဗာန်ဟာ တကယ်စင်စစ်ရှိနေတဲ့ ပရမတ္ထတရား အဖြစ်နဲ့ မလွဲ မသွေ တည်ရှိနေ ပါတယ်လို့ ဆိုပါတယ်။

ဒါနဲ့ပတ်သက်လို့ ဥဒါန်းပါဠိတော်ထဲ က နိဗ္ဗာန်ဆိုင် ရာ သုတ်တွေ ကို အခုလို ထုတ်ပြတော်မူပါတယ်။

''ရဟန်းတို့ အကြင်နိဗ္ဗာန်အရပ်၌ ပထဝီဓာတ် အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ် မရှိ၊ အာကာသာနဉ္စာယတနဈာန် ဝိညာဏဉ္စာယတနဈာန် အာကိဉ္စညာ ယတနဈာန်နေဝသညာနာသညာယတနဈာန်လည်း မရှိ၊ ပစ္စုပ္ပန်လောက တမလွန် လောကလည်း မရှိ၊ နှစ်ပါးစုံသော လနေတို့သည်လည်း မရှိကုန်။ ထိုနိဗ္ဗာန်သည် ရှိသည်သာတည်း။ ရဟန်းတို့ ထိုနိဗ္ဗာန်၌ လည်းတစ်စုံတစ်ခုသော ဘဝမှလာခြင်းကို ငါမဟော၊ တစ်စုံတစ်ခုသော ဘဝသို့ သွားခြင်းကိုလည်း ငါမဟော၊တစ်စုံ တစ်ခု သောအရပ်၌ တည်ခြင်းကိုလည်း ငါမဟော၊ ရွေ့လျောစုတေခြင်းကိုလည်း ငါ မဟော၊ ပဋိသန္ဓေအားဖြင့် ဖြစ်ခြင်း ကိုလည်း ငါမဟော၊ ထိုနိဗ္ဗာန်သည် တည်ရာ မရှိ ဖြစ်ခြင်းမရှိအာရုံပြုမှုမရှိသည်သာတည်း။ ဤသဘောသည်သာ ဆင်းရဲ၏ အဆုံးတည်း'' ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။[1]

''ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ရဟန်းတို့ ဖြစ်ပေါ်မှုမရှိသော ထင်ရှားဖြစ် နေမှု မရှိသော ပြုလုပ်ထားမှုမရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် အကယ်၍ မရှိပါမူ ဤလောက၌ ဖြစ်ပေါ်လာမှု ထင်ရှားဖြစ်နေမှုပြုလုပ်ထားမှု စီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက်ရာသည် မထင်ရှားရာ။ ရဟန်းတို့အကြင့်ကြောင့် ဖြစ်ပေါ်မှု မရှိသော ထင်ရှားဖြစ်နေမှုမရှိသော ပြုလုပ်ထားမှု မရှိသော စီရင်ထားမှုမရှိသော နိဗ္ဗာန်သည် ရှိ၏။ ထို့ကြောင့် သာ ဖြစ်ပေါ်လာမှု ထင် ရှားဖြစ်နေမှု ပြုလုပ်ထားမှုစီရင်ထားမှု သဘောရှိသော ခန္ဓာပဉ္စကမှ ထွက်မြောက် ရာသည် ထင်ရှား၏''ဟု ဤဥဒါန်းကို ကျူးရင့်တော်မူ၏။[2]

ဒီ သုတ်တွေ အလို အရဆို ရင် ဘုရားရှင်ဟာ နိဗ္ဗာန် ကို ပကတိ အရှိတရားအနေနဲ့ ဟောတော်မူခဲ့တဲ့ ပုံပါပဲ။ အကြောင်း အထောက်အပံ့တရားတွေ ရဲ့ နယ်ပယ် ပေါင်းစုပြုပြင်တည်ဆောက်ဖန်တီးအပ်တဲ့တရား တွေရဲ့ နယ်ပယ် အပြင်ဖက်မှာ 
အကြောင်း အထောက်အပံ့တရားတွေမရှိတဲ့ ပေါင်းစုပြုပြင်တည်ဆောက်ဖန်တီးအပ်တဲ့တရား တွေမရှိတဲ့ နိဗ္ဗာန်ဆိုတဲ့ ပကတိအရှိတရား ရှိနေပါတယ်။ ဒီ အရှိတရား က ဘယ်လို အနေနဲ့ ရှိနေတာလဲ ဆိုတော့ ခန္ဓာတွေ ရဲ့ ငြိမ်းခြင်းတရား အဖြစ် အမှန်တကယ် တည်ရှိနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရုပ်ရှင်ပိတ်ကားက နဂို အရိပ်မရှိတဲ့ သဘော ဥပမာ
ဥပမာတစ်ခု အနေနဲ့ ပြောရ ရင်တော့ ပြစက် က အလင်းနဲ့ ဖလင်ကော်ပြားခွေ ကို ဖြတ်ထိုးတော့ ရုပ်ရှင်ပိတ်ကားပေါ်မှာ လူ သစ်ပင် အဆောက်အဦ စတဲ့ အရိပ်တွေထင်တဲ့ သဘော ကို ကြည့်ပါ။ ရုပ်ရှင်ပိတ်ကားက နဂို အရိပ်မရှိတဲ့ သဘော ဖြစ်တယ်။ ပြစက် က အလင်းနဲ့ ဖလင်ကော်ပြားခွေ ကို ဖြတ်ထိုးတော့မှသာ ယာယီသဘော အဖြစ် လူ သစ်ပင် အဆောက် အဦ စတဲ့ အရိပ်တွေထင် ကြ ရတယ်။ ရုပ်ရှင်မပြခင် ကတည်းကလဲ ပိတ်ကားမှာ အရိပ်မရှိတဲ့ သဘော ကရှိနေတယ်။ ပြနေတဲ့ အခိုက်မှာလဲ အရိပ်တွေသာ ထင်နေတယ် ကြည့်နေသူတွေ က ရုပ်ရှင်ကိုကြည့်နေတယ်ဆိုပေမဲ့ တကယ်တော့ ပိတ်ကား ကြီးကို ပဲကြည့်နေတာပါပဲ။ ရုပ်ရှင်ပြနေရင်း နဲ့ ရုတ်တရက် ဖလင်ကြိုးခွေ က ပြတ်ထွက်သွားလို့ ထင်နေတဲ့ အရိပ်တွေ ဖျတ်ကနဲပျောက်ကာ ပိတ်ကား ရဲ့ နဂို အရိပ်မရှိတဲ့ သဘော ထင်ရှားလာရတယ်။ ဒီလိုနဲ့ ဆက်ပြီး ရုပ်ရှင်ပြ လို့ ပြီးသွားတဲ့ အခါ လူ သစ်ပင် အဆောက်အဦ စတဲ့ အရိပ်တွေ က ပျောက်ကွယ်သွားလို့ ပိတ်ကားပေါ်မှာ နဂို အရိပ်မရှိတဲ့ သဘော ပဲ ကျန်ရစ်တယ်။

ဒီ ဥပမာ မှာ ရုပ်ရှင်ပြစက် နဲ့ ဖလင်ကြောင့် ယာယီထင်ရတဲ့ အရိပ်တွေ က ရုပ်နာမ် သင်္ခတ တရားတွေ နဲ့ အလားတူ ပါတယ်။ ရုပ်ရှင်ပြစက် နဲ့ ဖလင် စတဲ့ အကြောင်းအထောက်အပံ့တွေ ကို မှီ ပြီး ဖြစ်ပေါ် ရတယ် ချုပ်ပျက်ရတယ်။ ပိတ်ကားပေါ်မှာ နဂို အရိပ်မရှိတဲ့ သဘော က တော့ အသင်္ခတ နိဗ္ဗာန် နဲ့ အလားတူပါတယ်။ နဂို အရိပ်မရှိတဲ့ သဘော မို့ အကြောင်းအထောက်အပံ့တွေ ကို မှီ ပြီး ဖြစ်ပေါ် ရတယ် ချုပ်ပျက်ရတယ် ဆိုတာလဲ မရှိဘူး။ ဖလင်ကြိုးခွေက ပြတ်ထွက် သွားလို့ ထင်နေတဲ့ အရိပ်တွေ ဖျတ်ကနဲပျောက်ကာ ပိတ်ကား ရဲ့ နဂို အရိပ်မရှိတဲ့ သဘော ထင်ရှားလာပုံ ကတော့ မဂ်ဥာဏ် နဲ့ နိဗ္ဗာန်အာရုံ  ကို မျက်မှောက်ပြုပြီးတော့ ကိလေသာတွေ ချုပ်ငြိမ်းရတာနဲ့ အလားတူပါတယ်။ ပိတ်ကားရဲ့ နဂို အရိပ်မရှိတဲ့ သဘော က သာမညနိဗ္ဗာန် (မဂ်ဥာဏ် အာရုံပြုတဲ့ နိဗ္ဗာန်) ဆိုရင် ရုပ်ရှင်ပြပြီးသွားတဲ့ အခါ အရိပ်တွေ ပျောက်ကွယ်သွားတဲ့ သဘောက တော့ ရဟန္တာပုဂ္ဂိုလ်များ ပရိနိဗ္ဗာန်ပြုတဲ့ သဘော နဲ့ အလားတူပါတယ်။

ဒါကတော့ ချုပ်ငြိမ်းမှု နိဗ္ဗာန်သဘော အမှန်ရှိနေပုံ ကို ရုပ်ရှင်ပိတ်ကား ဥပမာ နဲ့ နှိုင်းယှဉ်ကြည့်တဲ့ သဘောပါ။ တစ်ထပ်တည်းတူညီမယ်လို့ တော့ မဆိုလို ပါဘူး။

နိဗ္ဗာန်ဝါဒအမြင်များ နှိုင်းယှဉ်ချက်
နိဗ္ဗာန် ရဲ့ တရားကိုယ် သဘောသဘာဝ နဲ့ ပတ်သက်ပြီး မြန်မာ ဗုဒ္ဓဘာသာလောမှ ဆရာတော်ကြီး အသီးသီး ရဲ့ အမြင် အကောက် အယူ တွေ ကို အတိုင်းအတာ တစ်ခု ထိတော့ ရေးသားဖေါ်ပြခဲ့ ပါပြီ။ ဒီ ဆရာတော်ကြီးတွေ ရဲ့ အမြင်မှာ ဘုံတူညီချက်တွေ တော့ ရှိနေတာ အမှန်ပါပဲ။ နိဗ္ဗာန် ဟာ အမှန်တကယ် ရှိနေတဲ့ ငြိမ်းအေးခြင်း သဘောတရား ဖြစ်တယ် ဆိုတာ ကို အားလုံး ရဲ့ ဘုံတူညီချက် အမြင် အဖြစ် တွေ့ ရပါတယ်။ နိဗ္ဗာန်ရဲ့ တရားကိုယ်သဘောသဘာဝနဲ့ ပတ်သက်ပြီး အသေးစိတ် အကောက်အယူ တွေ မှာ တော့ ကွဲလွဲ နေကြတာ တွေ့ ရပါတယ်။

အုတ်ဖို-ရွှေကျင် နိဗ္ဗာန် အမြင်
မြို့ပြင်ကြီး နိဗ္ဗာန် အမြင်
လယ်တီ-မဟာစည် နိဗ္ဗာန် အမြင်
ရုပ် နာမ် ၀ိသေသ ပရိနိဗ္ဗုတပုဂ္ဂိုလ် ရှိ
ရုပ် နာမ် ၀ိသေသ ပရိနိဗ္ဗုတပုဂ္ဂိုလ်မရှိ
ရုပ် နာမ် ၀ိသေသ ပရိနိဗ္ဗုတပုဂ္ဂိုလ်မရှိ
ရဟန္တာစုတိနောင်တွင်သိမ်မွေ့စွာဖြစ်ပေါ်
နဂိုပရမတ်အားဖြင့်တည်သောအရှိတရား
ဖြစ်ပေါ်မှု မရှိသော ကာလ၀ိမုတ်တရား
ကိုယ့်နိဗ္ဗာန်နှင့်ကိုယ်ထာဝရစံနေခြင်းသဘော
သီးသန့်တည်သောနိဗ္ဗာန်ကြီး ရှိ
သီးသန့်တည်သောနိဗ္ဗာန်ကြီး မရှိ
သဿတ ဥစ္ဆေဒ မှ လွတ်၍တည်နေသောအရှိ
ရုပ် နာမ် ချုပ်ခြင်းသည် အကျိုးနိဗ္ဗာန်
ရုပ် နာမ် ချုပ်ခြင်းသည် ပကတိနိဗ္ဗာန်

ဒီ အယူအဆ (၃) မျိုး ကို ရှေးဟောင်း အိန္ဒိယ ဒဿန အမြင်တွေ နဲ့ နိုင်းယှဉ်ကြည့်တဲ့ အခါ အုတ်ဖို-ရွှေကျင် နိဗ္ဗာန် အမြင် က ဂျိန်းဝါဒ အမြင်နဲ့ ဆင်တူတယ်လို့ပြောနိုင်ပါတယ်။ ဂျိန်းဝါဒ မှာဆိုရင် လူဟာ ဇီဝအတ္တ နဲ့ ရုပ်ကိုယ်ခန္ဓာ ပေါင်းစပ် နေတာ ဖြစ်တယ်။ ရုပ်တရားတွေ ကို စွဲလန်းတပ်မက်လို့ ငါ-ငါ့ခန္ဓာ လို့ စွဲလန်းနေတဲ့ ဇီဝအတ္တ ဟာ ကိုယ်နုတ် စိတ် ကံတွေ ကို ကျူးလွန်ပါတယ်။ ကံအကျိုးဖြစ်တဲ့ ရုပ်တွေ က ဇီဝအတ္တ မှာ လာရောက် ကပ်ငြိနေတဲ့အခါ လူဟာ ကံစေရာ ဘ၀ သံသရာ ကို လည်ရတယ်။ တပ အကျင့် ကို အားထုတ်တဲ့ အခါမှာ ကံ ရုပ်တွေက ဇီဝအတ္တ ကနေ ဝေးလွင့် ကွာကျ ပြီးတော့ နောက်ဆုံးမှာတော့ ကံရုပ်တွေ ကင်းစင်သွားလို့ ဇီဝအတ္တ ဟာ ဘ၀သံသရာ ကနေ ထာဝရ လွတ်မြောက် သွားတော့တယ်။ လွတ်မြောက်သွားတဲ့ ဇီဝအတ္တ တွေ ကို ကေ၀လီ (ရုပ်တရားမှ သီးခြားဖြစ်သူ) လို့ ခေါ်ပါ တယ်။ ကံ ရဲ့ အနှောင်အဖွဲ့မှ လွတ်မြောက်သူ (နိဂဏ္ဍ) လို့လဲ ခေါ်ပါတယ်။ လောက အစွဲ အလမ်းတွေ ကို အောင်နိုင်သူ (ဇိန) လို့လဲ ခေါ်ပါတယ်။ သူဟာ ဘယ်အရာနဲ့ မှ မပေါင်းစပ်တော့ပဲ လောကာကာသ ရဲ့ အပြင်ဖက်က လောကုတ္တရာ အာကာသ မှာ မပျက်မစီးအမြဲထာဝရတည်နေ စံနေပါတယ်လို့ ဆိုတယ်။ အုတ်ဖို-ရွှေကျင် နိဗ္ဗာန်အမြင် မှာ လာတဲ့ ရုပ်နာမ်ဝိသေသ တွေနဲ့ မအိုမနာမသေ စံတော်မူနေတဲ့ ပရိနိဗ္ဗုတ ပုဂ္ဂိုလ် ဆိုတဲ့အမြင် က ဖေါ်ပြခဲ့တဲ့ ဂျိန်းဝါဒနဲ့ အလွန်နီးစပ်မှု ရှိတာ ကို မြင်တွေ့ ရပါတယ်။

မြို့ပြင်ကြီး နိဗ္ဗာန်ဝါဒ တော့ ရှေးဟောင်း အိန္ဒိယ မှာ ပေါ်ထွန်းခဲ့ ဖူးတဲ့ ဒွိတ္တ ဝေဒန္တ ဒဿန သဘောနဲ့ ခပ်ဆင်ဆင် တူတယ်။ ဒွိတ္တ ဝေဒန္တ ဒဿန အရ အရှိတရားမှာ နယ်ပယ်နှစ်ခု ရှိတယ် ။ တစ်ခုက ပြောင်းလဲပျက်စီးတဲ့ မာယာလောက ကြီးဖြစ်တယ်။ နောက်တစ်ခုကတော့ အမြဲထာဝရတည်တဲ့ ခိုင်မာစွာမပြောင်းလဲတတ်တဲ့ တစ်ခုတည်းတည်ရှိတဲ့ ပရမတ္တမ အရှိတရား ဖြစ်တယ်။ ဒီ နှစ်ခု ဟာ သီးခြားဖြစ်နေတဲ့ အရှိတရားရဲ့ နယ်ပယ်ကြီး နှစ်ခု ဖြစ်တယ်။ မာယာ လောက ထဲမှာ ကျင်လည်နေရတဲ့ သတ္တ၀ါ ဟာ  ပရမတ္တမ အရှိတရား ကို မသိမချင်း မာယာလောက ကိုပဲ စွဲလန်း တပ်မက်လို့ ဘ၀ သံသရာမှာ ကျင်လည်နေရတယ်။ နောက်ဆုံး ယောဂအကျင့် ကြောင့် စွဲလန်းမှုတွေ ကင်းစင်သွား တဲ့ အခါ သတ္တ၀ါ ဟာ  ပရမတ္တမ အရှိတရား ကို သိမြင်ပြီးတော့ မာယာလောက ကနေ လွတ်မြောက် သွားတယ်။ သတ္တ၀ါ ဟာ  ပရမတ္တမ အရှိတရား နဲ့ တစ်သားတည်းပေါင်းစည်းသွားတယ်လို့ ဆိုပါတယ်။ မြို့ပြင်ကြီး နိဗ္ဗာန်ဝါဒ က ဒွိတ္တ ဝေဒန္တ ဒဿန နဲ့ ထပ်တူဖြစ်တယ်လို့ မဆိုနိုင်ပေမဲ့ ပြောင်းလဲတတ်တဲ့ သင်္ခါရလောကကြီးက သပ်သပ် မဟာ အသင်္ခတဓာတ်၊ ပရမတ်နိဗ္ဗာန်တရားကြီး ကသပ်သပ် ယူဆပုံက ဒွိတ္တ ဝေဒန္တ ဒဿန သဘောနဲ့ ခပ်ဆင်ဆင် တူတယ် လို့ တော့ပြောနိုင် ပါတယ်။

လယ်တီ မဟာစည် နိဗ္ဗာန်ဝါဒ ကတော့ အထူးပြုတူတယ် ပြောရလောက်တဲ့ ရှေးဟောင်း အိန္ဒိယ ဒဿန အမြင် မရှိပါဘူး။ ရှေးဦး မူလ ဗုဒ္ဓ၀ါဒ ရဲ့ အမြင်နဲ့ အနီးစပ် ဆုံးလို့ ပဲ ပြောရမှာ ဖြစ်ပါတယ်။ ရှေးဟောင်း အိန္ဒိယ မှာ စာရ၀က ဒဿနဂိုဏ်း ဆိုတာ ရှိခဲ့တယ်။ လူသတ္တ၀ါဟာ ရေမြေလေမီး မဟာဘုတ်ဓါတ်ကြီးလေးပါး ရယ် ဒီ မဟာဘုတ်တွေ ပေါင်းစပ်မှုကြောင့် ဆင့်ပွားဖြစ်ပ်ါလာရတဲ့ စိတ် ရယ် ရှိတယ်။ စာရ၀က ဒဿနဂိုဏ်း က လဲ ဗုဒ္ဓ၀ါဒ လိုပဲ ထာဝရဘုရား ကို လက်မခံ ဝေဒကျမ်းတွေ ကို လက်မခံ ဇီဝအတ္တ ကိုလဲ လက်မခံ ပါဘူး။

ဗုဒ္ဓ၀ါဒ နဲ့ ခြားနားချက် ကတော့ စာရ၀က ဒဿနဂိုဏ်း ဟာ လူရဲ့ ပစ္စုပ္ပန်ဘ၀တစ်ခုတည်း ကို ပဲ လက်ခံ ပြီး အတိတ်ဘ၀ အနာဂတ်ဘ၀ ကံ ကံရဲ့ အကျိုး နဲ့ သံသရာလည်မှု တွေ ကို လက်မခံတာပဲ ဖြစ်တယ်။ လူသားသေဆုံးတဲ့ အခါ လူကို ဖွဲ့စည်းထားတဲ့ ရေမြေလေမီး မဟာဘုတ်ဓါတ်ကြီးလေးပါး က ပြင်ပ က မဟာဘုတ်ဓါတ်တွေ ထဲ ကို ပြန်လည်ဝင်ရောက် သွားကြတယ်။ စိတ် ဆိုတာလဲ ရေမြေလေမီး မဟာဘုတ်ဓါတ်ကြီးလေးပါး မရှိတော့တဲ့ အခါ ထောက်တည်ရာမရှိလို့ ပျောက်ကွယ်ချုပ်ငြိမ်း သွားရတယ် လို့ဆိုပါတယ်။

ရှေးခေတ် ဗြဟ္မဏတွေ ရဲ့ အမြင်မှာ ဗုဒ္ဓ၀ါဒ နဲ့ စာရ၀က ဒဿနဂိုဏ်း နှစ်ခု လုံး ကို အတ္တပယ် တဲ့ နတ္ထိက ၀ါဒ တွေ အဖြစ် သတ်မှတ်ထားတာ ကို ကြည့် ရင် ဒီ အမြင်နှစ်ရပ် ရဲ့ နီးစပ်မှု ကို မြင်ရပါတယ်။ ဗုဒ္ဓ၀ါဒ ရဲ့ ရှုထောင့် က ကြည့်ရင် တော့ စာရ၀က ဒဿနဂိုဏ်း အမြင်ဟာ အလွန်လွဲမှားနေတဲ့ နိယတမိစ္ဆာဒိဋ္ဌိ အမြင် လို့ ပဲ ပြောရမှာ ဖြစ်တယ်။ ရုပ်ဝါဒ ကို အခြေခံတဲ့ ဘ၀ပြတ် အမြင် (ဥစ္ဆေဒ ဒိဋ္ဌိ) လဲ ဖြစ်ပါတယ်။ ကံ နဲ့ သံသရာ ကို လက်မခံ သော်လည်း သတ္တ၀ါ သေဆုံး ရတဲ့ အခါ ရုပ်နာမ်တွေ ပြတ်စဲ လို့ အကြွင်းမဲ့ချုပ်ငြိမ်းရတယ် ဆိုတဲ့ အဖြစ် ဟာ ရှေးဦးဗုဒ္ဓ၀ါဒ ရဲ့ ရဟန္တာ ပရိနိဗ္ဗာန် စံဝင်တဲ့ သဘော (ဆီမီး ငြိမ်းသလို ငြိမ်းတဲ့ သဘော) နဲ့ ဆင်တူကြောင်း ပညာရှင်အများ ယူဆကြပါတယ်။

နိဗ္ဗာန်သည် အစွန်းလွတ်တရား ဖြစ်သည်ဟူသော အမြင်
အခု အထိ တင်ပြရေးသားခဲ့တဲ့ နိဗ္ဗာန်ဝါဒ တွေ က နိဗ္ဗာန် အကြောင်း ကို တော်တော်လေး ထောင့်စုံအောင် ဖေါ်ပြခဲ့တာ ကို တွေ့ ရပါတယ်။ နိဗ္ဗာန် ရဲ့ တရားကိုယ် သဘာဝ နိဗ္ဗာန် နဲ့ မဂ်ဥာဏ် ဆက်စပ်မှု နိဗ္ဗာန် နဲ့ ပရိနိဗ္ဗာန် ဆက်စပ်မှု နိဗ္ဗာန် ရဲ့ အရှိသဘော နဲ့ နိဗ္ဗာန် မှာ မတည်ရှိတဲ့ တရားတွေ အကြောင်း စသဖြင့် တော်တော်လေး စုံလင်ပါတယ်။ လေ့လာသူ တွေ အနေနဲ့ လဲ နိဗ္ဗာန် ရဲ့ သဘာဝ ကို အတန်အသင့် နီးစပ်အောင် မှန်းဆ နိုင်ကြလိမ့်မယ်လို့ တော့ မြင်မိပါတယ်။

ဒါပေမဲ့ ကျမ်းဂန်စာပေအသိ (သဒ္ဒ ပမာဏ) မှန်းဆတွေးခေါ်အသိ (အနုမာန ပမာဏ) တို့ နဲ့ မှန်းဆကြည့် ရတာ တွေ က တော့ အစွန်းတရား တွေ နဲ့ ငြိ နေဆဲ ပါပဲ။ လောက သတ္တ၀ါတွေ ဟာ အရှိအမြင် (အတ္ထိ ၀ါဒ) နဲ့ မရှိအမြင် (နတ္ထိဝါဒ) ဆို တဲ့ အစွန်းတရား နှစ်ခု က နေမလွတ်နိုင်ကြောင်း ကစ္စာနဂေါတ္ထ သုတ် မှာ ဘုရားရှင်ဟော တော်မူပါတယ်။ နိဗ္ဗာန် ကို အရှိတရား (အတ္ထိဘာဝ) လို့ ပဲ ယူယူ မရှိတရား (နတ္ထိဘာဝ) လို့ပဲ ယူယူ အစွန်းမလွတ်တဲ့ အမြင်တွေ ပဲ ဖြစ်ပါတယ်။

နိဗ္ဗာန် ကို အရှိတရား (အတ္ထိဘာဝ) လို့ မြင် တဲ့ အမြင် ကို စဉ်းစားကြည့် ရင် ယုတ္တိလွဲဟန်တွေ ပေါ်ပေါက်လာတာ တွေ့ရ မှာ ဖြစ်တယ်။ လောကမှာ အရှိတရားလို့ သတ်မှတ်နိုင်အောင် ထင်ရှားတဲ့ အရာမှန်သမျှဟာ အကြောင်းတရား အထောက် အပံ့တွေ နဲ့ ကင်းပြီး ဖြစ်ပေါ်လာရိုးမရှိ ပါဘူး။ အကြောင်းတရား အထောက်အပံ့တွေ နဲ့ ကင်းပြီး သူ့ အလိုလို ပကတိ တည်ရှိနေတဲ့ အတ္တ ဇီဝ ပရမတ္တမ စတဲ့ အရှိတရားတွေ ဟာ လူအသိ နဲ့ မျက်မှောက် မပြုနိုင်တဲ့ စိတ်ကူးယဉ် အရှိတရား တွေ ပဲ ဖြစ်လို့ပါပဲ။ နိဗ္ဗာန် ဟာ အကြောင်းတရား အထောက်အပံ့တွေ နဲ့ ဖြစ်ပေါ်လာတယ် လို့ ယူဆ ရင် နိဗ္ဗာန် ဟာ ခန္ဓာတွေ လိုပဲ မမြဲ ဆင်းရဲ အနှစ်မဲ့တဲ့ တရား ဖြစ်ရတော့ မယ်။ အကြောင်းတရား အထောက်အပံ့တွေ နဲ့ ကင်းပြီး သူ့ အလိုလို ပကတိ တည်ရှိနေ တယ်လို့ ဆို ရင် လဲ အတ္တ ဇီဝ ပရမတ္တမ စတဲ့ စိတ်ကူယဉ်အရှိသဘောတွေ နဲ့ မထူးတော့ဘူး ဖြစ်မယ်။ ဒါကြောင့် နိဗ္ဗာန် ကို အရှိတရား (အတ္ထိဘာဝ) လို့ မြင် တဲ့ အမြင် ကလဲ လက်ခံ နိုင်ဖွယ်မရှိ တဲ့ အစွန်း လို့ ဆိုရမှာ ဖြစ်တယ်။

နိဗ္ဗာန် ကို မရှိတရား (နတ္ထိဘာဝ) လို့ မြင် တဲ့ အမြင် ကို စဉ်းစားကြည့် ရင် ပိုလို့တောင် ယုတ္တိကင်းမဲ့ တာတွေ တွေ့ ရပါတယ်။ မရှိတရား (နတ္ထိဘာဝ) ဆိုတဲ့ အမြင်အသိ က အရှိတရား (အတ္ထိဘာဝ) ဆိုတဲ့ အမြင်အသိ ကို တည်မှီ ပြီး ရှိနေလို့ပါပဲ ( အရိပ် ရဲ့ တည်ရှိမှု က ဆိုင်ရာ ၀တ္တုပစ္စည်း ရဲ့တည်ရှိမှု ကို မှီနေရ သလိုပါပဲ)။ အရှိတရား (အတ္ထိဘာဝ) ဆိုတဲ့ အမြင်အသိ ကို တောင် အခိုင်အမာ မလုပ်နိုင် ရင် မရှိတရား ဆိုတာ ကလဲ စိတ်ကူးသက်သက် စကားလုံးဝေါဟာရ သက်သက်ထက်မပိုတဲ့ ဖေါ်ပြချက်သာ ဖြစ်ပါလိမ့်မယ်။ နိဗ္ဗာန် ကို မရှိတရား (နတ္ထိဘာဝ) လို့ မြင်တဲ့ အမြင်က အတိအကျ ပြောရရင်တော့ ရုပ်တရား နာမ်တရား တွေ ကို အရှိတရား အဟုတ်ရှိပရမတ်တရား တွေ လို့ မြင်တာ အပေါ် အခြေခံလို့ နေပါတယ်။ အဟုတ်ရှိပရမတ်တရား တွေ ဖြစ်တဲ့ ရုပ်နာမ်တရားတွေ ရဲ့ ချုပ်ငြိမ်းမှု မရှိမှု ဖြစ်လို့ နိဗ္ဗာန် ကို မရှိတရား (နတ္ထိဘာဝ) လို့ မြင်ကြတာ ပဲ ဖြစ်ပါတယ်။ ဘ၀မရှိခြင်း (ဘ၀နိရောဓ) အဖြစ်ဖေါ်ပြကြပါတယ်။

ဒီနေရာမှာ ဖေါ်ပြချင်တာ တစ်ခုကတော့ စိတ္တဇအမြင် တွေ ရဲ့ ဆန်းဆန်းကျယ်ကျယ် ယူဆတတ်တဲ့ သဘော ကို ပါပဲ။ မုန့်ဆိုင် မှာ ကလေး က မုန့်လာဝယ်တယ် အချိန်မှာ မုန့် က ကုန်ပြီ မရှိတော့ဘူးပေါ့။ ဒါနဲ့ ဆိုင်ရှင် က ကလေး ကို မရှိဘူး လို့ ဖြေတယ်။ ကလေး က ဟုတ်ကဲ့ အဲဒီ မရှိဘူး ဆိုတဲ့ မုန့်ပဲ ပေးပါ စားမယ် လို့ ပြန်ပြော သတဲ့။ ဒီ သဘောလိုပါပဲ နိဗ္ဗာန်မှာ ကိလေသာတွေ ရုပ်နာမ်ခန္ဓာတွေ ချုပ်ငြိမ်း ရတယ် မရှိ အဘာဝ အဖြစ်ကို ရောက်တယ်ဆိုပေမဲ့ ဒီ ရုပ်နာမ် ဆင်းရဲ မရှိတဲ့ သဘော ကတော့ ရှိနေတယ် (အဘာဝ ရဲ့ ဘာဝ= နတ္ထိ ရဲ့ အတ္ထိ) လို့ လဲ ယူကြပြန်တယ်။ မရှိတဲ့ သဘော ကိုပဲ တစ်ခါ အရှိလို့ လုပ်ကြပြန်တော့ ဆန်းကျယ်လွန်းတဲ့  စိတ္တဇအမြင် သက်သက် ပဲ ဖြစ်ရပါတယ်။
ဒီလို ဆိုရင် နိဗ္ဗာန် ဟာ ဘာလဲ။ ဘယ်လို ဖေါ်ပြနိုင်မဲ့ တရားလဲ။ ဆိုခဲ့ ပြီးတဲ့ နိဗ္ဗာန်ဝါဒတွေ က နိဗ္ဗာန် ကို ရှိမှု ရှုထောင့် က နေ တင်ပြခဲ့ကြတာတွေ ဖြစ်တယ်။ အခု နိဗ္ဗာန် ကို သိမှု ရှုထောင့် က နေလေ့လာကြည့် ရအောင်။ ယေဘုယျ အနက် ဖွင့်ဆိုချက်တွေ အရ နိဗ္ဗာန် ဆိုတာ အ၀ိဇ္ဇာတဏှာ မာန ဒိဋ္ဌိ စတဲ့ ပပဉ္စတရား တွေ ရဲ့ ချုပ်ငြိမ်းမှု လို့ ဆိုကြတယ်။
ပပဉ္စတရား တွေ ကြောင့် လောက ကို လဲ အရှိ မရှိ လို့ ယူတယ်။ သတ္တ၀ါ ကို လဲ အရှိ မရှိ စသဖြင့် မြင်တယ်။ လောက နဲ့ သတ္တ၀ါတွေ ကို ဖွဲ့စည်းထားတဲ့ ရုပ်နာမ်တရားတွေ ကို လဲ အရှိ မရှိ စသဖြင့် မြင်တယ်။

အဲဒီ ပပဉ္စတရား တွေ ချုပ်ငြိမ်းတဲ့ အခါ စိတ် ဟာ ရှိ-မရှိ ဖြစ်-မဖြစ် စတဲ့ အစွန်းတရားတွေ က နေ လွတ်မြောက် သွားပါတယ်။ဘယ်အရာ ကို မှ ရှိ-မရှိ ဖြစ်-မဖြစ် စတဲ့ အစွန်းတရား အမြင်တွေ နဲ့ မချည်နှောင် မဆုပ်ကိုင်တော့ပါဘူး။ ဘ၀သံသရာမှာ ဖြစ်ပွား နေတဲ့ ရုပ်နာမ်တရား တွေ ကို သော်မှ ရှိ-မရှိ ဖြစ်-မဖြစ် စတဲ့ အစွန်းတရား အမြင်တွေ နဲ့ မဆုပ်ကိုင် မဖေါ်ပြနိုင်ရင် ဒီတရား တွေ ရဲ့ ကင်းရာ ချုပ်ရာ ငြိမ်းရာ ဆိုတဲ့ နိဗ္ဗာန် တရား ဟာလဲ ရှိ-မရှိ ဖြစ်-မဖြစ် စတဲ့ အစွန်းတရား အမြင်တွေ နဲ့ သတ်မှတ်မှုတွေ ကို လွန် နေတဲ့ တရားပဲ မုချ ဖြစ်မှာ ပါပဲ။

နိဗ္ဗာန်သည် သံသရာ ၏ အနှစ်သာရတရား
ယောဂီပုဂ္ဂိုလ် တစ်ယောက်ဟာ နိဗ္ဗာန်ကို ဘယ်လို သိမြင်ပါသလဲ။ တရားရှုမြင် သူတော်စင်ဟာ ပထမတော့ သမ္မုတိသစ္စာ တရား ရဲ့ နယ်ပယ်မှာ ရှိတဲ့ လူ တိရိစ္ဆာန် အဆောက်အဦ စတာတွေ ကို မြင်သိနေပါတယ်။ ဒါကတော့ သတ္တ၀ါဘ၀ ရဲ့ အခြေခံ သိစိတ်အမြင်ပါပဲ။ ဒီ အရာတွေ ကို တကယ် ပကတိအနှစ်သာရသဘောနဲ့ ရှိနေတဲ့တရားတွေ လို့ ပဲ မြင်မှာ ဖြစ်ပါတယ်။

ဒီ က နေတစ်ဆင့်တက်လို့ အပ္ပမာဏ အမြင် ကို ရလာတဲ့ အခါ တစ်ဦးချင်း ပုဂ္ဂိုလ်သဘော ကွဲပြားမှု တွေ ကို မမြင်တော့ပဲ သတ္တ၀ါ နဲ့ လောက ဆိုတဲ့ အတိုင်းအဆအကန့်အသတ်မရှိတဲ့ ယေဘုယျသဘော တရားဆီ ကို အသိရောက်ပါတယ်။ အားလုံးသော သတ္တ၀ါတွေ ဟာ မိမိ နဲ့ ထပ်တူ ချစ်ခင်ကြင်နာ အပ်တဲ့ အရှိတရား တွေ အနေနဲ့ မြင်လာတဲ့ အဆင့်ပါပဲ။

ဒီလို နဲ့ တရားရှုမြင် သူတော်စင် ဟာ မိမိ ရဲ့ သန္တာန် ကို ပြန်လည် လေ့လာကြည့်တဲ့ အခါ သမာဓိတရားတွေ ဖြစ်ထွန်း လာပါတယ်။ သမာဓိအမြင် ကို ရရှိလာတဲ့ အခါမှာ မိမိ ရဲ့ သန္တာန် မှာ ပြောင်းလဲ ဖေါက်ပြန်တတ်တဲ့ ရုပ်တရားအစု နဲ့ သိမှတ်ခံစားတုန့်ပြန်တတ်တဲ့ နာမ်တရားအစု တွေ ပဲ ရှိတယ် ဆိုတာ ကို မြင်လာပါတယ်။ ဒီ ရုပ်နာမ်တရားစုတွေ ဟာလဲ သီးခြားရပ်တည် နေတာ မဟုတ်ပဲ တစ်ု နဲ့တစ်ခု အပြန်အလှန် ချိတ်ဆက်မှီတွယ် ဆက်နွယ်လို့ တည်ရှိနေကြတာ ကို လဲ မြင်ပါတယ်။

ဒီ က နေတစ်ဆင့်တက်လို့ ၀ိပဿနာ အမြင် ကို ရရှိလာတဲ့ အခါမှာ မိမိ ရဲ့ သန္တာန် မှာ ပြောင်းလဲ ဖေါက်ပြန်တတ်တဲ့ ရုပ်တရားအစု နဲ့ သိမှတ်ခံစားတုန့်ပြန်တတ်တဲ့ နာမ်တရားအစု တွေ ဟာ အကြောင်းအထောက်အပံ့တွေ ကို မှီပြီး ဖြစ်ပေါ်လာလိုက် ခဏလေးတောင်မတည်ပဲ ပျောက်ကွယ်သွားလိုက် နဲ့ ဖြစ်-ပျက် ပေါ်-ပျောက် တရားတွေ ရဲ့ အစဉ်တန်းသဘောတွေ ပဲ ဆိုတာ မြင်လာ ပါတယ်။ ပုဂ္ဂိုယ်ဘာဝ ကို ခွဲစိတ်ကြည့်တော့ ရုပ်နာမ်ဒြပ်သား တွေ ကို တွေ့ရတယ်။ ရုပ်နာမ်ဒြပ်သား တွေ ကို ဖြစ်-ပျက် ပေါ်-ပျောက် တရားတွေ ကို တွေ့ရတယ်။ ပုဂ္ဂိုလ်ထဲ မှာ ဒြပ် (အာကာသဓမ္မ) က တည်ရှိနေတယ်။ ဒြပ် (အာကာသဓမ္မ)ထဲ မှာ ဖြစ်-ပျက် ပေါ်-ပျောက် ပြောင်းလဲခြင်း (အချိန်ကာလဓမ္မ) က တည်ရှိနေတယ်။

ဝိပဿနာ အမြင် က ရင့်သန်လာလေလေ သမာဓိ အားကလဲ ကောင်းလာလေလေ ဖြစ်ပါတယ်။ ဖြစ်-ပျက် ပေါ်-ပျောက် ပြောင်းလဲခြင်း (အချိန်ကာလဓမ္မ) ဖြစ်စဉ် က လဲ မြန်သထက်မြန်လာပါတယ်။ ပန်ကာ က မွတ်နေအောင်လည်တဲ့ အခါ ပန်ကာအရွက်တွေ သီးခြားသဘောပျောက် ပြီး လည်ပတ်နေတဲ့ အ၀န်းအ၀ိုင်းသဏ္ဍာန် အနေနဲ့ မြင်တွေ့ ရသလိုပဲ ပုဂ္ဂိုလ် ဒြပ်သားအရှိတရားတွေ ပျောက်လို့ ဖြစ်ပျက်အစဉ် ကိုပဲ တစ်ရိပ်ရိပ်တစ်သဲသဲ မြင်လာ ရပါတယ်။ အရင် က အခိုင်အမာ တည်ရှိတယ်ထင်ရတဲ့ အရာတွေ ပျောက်ကွယ် ပြီး မမြဲတဲ့ မခိုင်ခံ့တဲ့ သဘာဝတွေ ကို ပဲ တွေ့ လာရတဲ့ အခါ ဒီ အရာတွေ အပေါ် အရသာခံစားမှု နဲ့ တပ်မက်စွဲလန်းမှု တွေ တစ်စစ လျှော့ပါးလာ ပါတယ်။ ဒီလို လျှော့ပါးခြင်း ရဲ့ နောက်ဆုံးအဆင့် က တော့ ဒီဖြစ်စဉ်တွေ ကို ချစ်ခြင်းလဲ မရှိ မုန်းခြင်းလဲမရှိတော့ပဲ အညီအမျှရှုမြင်တဲ့ ဥပေက္ခာစိတ် သက်သက် နဲ့ ပဲ ကြည့် နေပါတော့တယ်။

ဖြစ်-ပျက် ပေါ်-ပျောက် ပြောင်းလဲခြင်း (အချိန်ကာလဓမ္မ) ဖြစ်စဉ် ဆိုတာ ဒုက္ခသစ္စာတရား သံသရာတရား ပါပဲ။ ဒီ  ဒုက္ခသစ္စာတရား အပေါ် ပယ်လဲမပယ် တွယ်လဲမတွယ် တဲ့ အညီအမျှရှုမြင်တဲ့ ဥပေက္ခာစိတ် က အားကောင်းရင့်သန် လာတဲ့ အခါမှာ ဒီ ဒုက္ခသစ္စာတရား ဖြစ်စဉ်သဘောထဲ မှာ ထပ်တူစွဲစရာ ဆုပ်ကိုင်ညွန်ပြစရာ ပကတိအနှစ်သားရယ်လို့ မြူမှုံမျှ ရှာမတွေ့ ဘူး ဆိုတာကို ရှုသိစိတ် က မြင်လာတယ်။ ရှုသိစိတ် ကိုယ်တိုင် က ဒီ ဒုက္ခသစ္စာတရား ဖြစ်စဉ်သဘော ထဲ မှာ အစိတ်အပိုင်း အနေနဲက ပါဝင် နေတဲ့ အတွက် မိမိ ကိုယ်တိုင်ကလဲ ထပ်တူစွဲစရာ ဆုပ်ကိုင်ညွန်ပြစရာ ပကတိ အနှစ်သားရယ်လို့ မြူမှုံမျှ ရှာမတွေ့ နိုင်တဲ့ သဘာဝသာ ဖြစ်တယ်ဆိုတာ ကို မြင် ပါတယ်။

ဒီလို မြင်လိုက်တာ ဟာ ဒုက္ခသစ္စာတရားကို ကမ်းကုန် တန်းကုန်အောင် မြင်လိုက်တာပါပဲ။ မိမိ ရှုသိနေတဲ့ ဒုက္ခ ဆိုတာ ဖြစ်စွန်းပျက်စွန်း နိမိတ်တွေ အထည်ဒြပ်သဘော တွေ လုံးလုံးမရှိတဲ့ အနိမိတ္တ သဘာဝ ဖြစ်တယ်။ လိုချင်နှစ်သက်လို့ ဆုပ်ကိုင်သိမ်းဆည်းဖွယ် သဘောတွေ လုံးလုံးမရှိတဲ့ အပ္ပဏီဟိတ သဘာဝ ဖြစ်တယ်။ အခိုင်အမာ အရှိသဘော ညွန်ပြစရာ အနှစ်သား အမာခံ လုံးလုံးမရှိတဲ့ သုညတ သဘာဝ ဖြစ်တယ် လို့ သိလာ ရပါတယ်။ ဒီ သဘာဝ တွေ က နိဗ္ဗာန် ရဲ့ သဘာဝ တွေ ပဲ ဖြစ်တယ်။ ဒုက္ခ ကို ကမ်း ကုန်အောင်သိခြင်း ဆို တာ နိဗ္ဗာန်သဘာဝ ကို မြင်ခြင်း ပါပဲ။

ဒီလို မြင်တဲ့ ၀င်းလက်တောက်ပတဲ့ အခိုက်အတန့်ခဏလေးမှာ သိနေတဲ့ ဖြစ်ပျက်အစဉ် က ပြောင်းပြန်လန် ပြီးတော့ ဖြစ်ခြင်းပျက်ခြင်းမရှိတဲ့ သိသူ အသိခံ ရှုစိတ် အရှုခံ နှစ်ခုမပြား တော့တဲ့ အာရုံတစ်ခုထဲကို စိတ်က နစ်မြုပ်ကျရောက် သွားပါတော့တယ်။ အရာခပ်သိမ်းရဲ့ အခိုင်အမာ အရှိသဘောညွန်ပြစရာ အနှစ်သား အမာခံ လုံးလုံးမရှိတဲ့ ပရမာနုတ္တရ သုညတ သဘောတစ်ခုပဲ ပေါ်လွင်နေတဲ့ အသိအခိုက် လေးပါပဲ။ ဒီတရားကို မြင်ခြင်းနဲ့ အတူ အစွဲဥပါဒါန်တွေ က ကွာကျပျောက်ကွယ် ရပါတယ်။  တစ်ချို့ ဂျာကင် အင်္ကျီ တွေ မှာ ပြောင်းပြန်လှန်ပြီး နှစ်ဖက်လှ ၀တ်လို့ ရတာ တွေ ဖူး မှာ ပါ။ ဒီ ဥပမာ လိုပဲ ဒုက္ခသစ္စာတရား ကို ပြောင်းပြန်လှန် လိုက်တော့ နိရောဓသစ္စာ တရား ကို မြင်ရတာပါပဲ။ ကိုယ်ရှာဖွေ နေတဲ့ အရာ နဲ့ ကိုယ်လွတ်မြောက်ချင်တဲ့ အရာ နိရောဓသစ္စာ နဲ့ ဒုက္ခသစ္စာ တရားတွေ ဟာ တစ်နေရာထဲ မှာ အစဉ်အမြဲ အတူရှိနေတာ ကို သိလိုက်ရတာပါပဲ။ ဒီ ကိစ္စ နဲ့ ပတ်သက်လို့  မြို့မိဆရာတော်ဘုရားကြီး က “အတ္တ ကို ဖေါက်ခွဲသော် ခန္ဓာကို တွေ့ ရမည် ခန္ဓာ ကို ဖေါက်ခွဲသော် ဒုက္ခ ကို တွေ့ ရမည်။ ဒုက္ခကို ဖေါက်ခွဲသော် နိဗ္ဗာန် ကို တွေ့ ရမည်။ အတ္တ ခန္ဓာ ဒုက္ခ နှင့် နိဗ္ဗာန် ဤ လေးတန်သော တရားတို့ သည် ဘယ်အခါ မှ မကွဲ အစဉ်တွဲ၍ နေပေ၏” လို့ မိန့်ဆို ပါသတဲ့။ နိဗ္ဗာန်တရား ဟာ အတ္တ ခန္ဓာ ဒုက္ခ တွေ ကို အဆုံးစွန် အထိ ရှာဖွေတဲ့ အခါ နောက်ဆုံး တွေ့ ရတဲ့ သစ္စာဓမ္မ ဖြစ်တာ ကြောင့် အတ္တ ခန္ဓာ ဒုက္ခ သံသရာတရားစု တွေ ရဲ့ အနှစ်သာရ ဟာ နိဗ္ဗာန်တရားပဲ ဖြစ် ပါတော့တယ်။

ရည်ညွန်းကျမ်းများ
ဂမ္ဘီရာ ဂမ္ဘီရ မဟာနိဗ္ဗုတဒီပနီ (ပထမ ရွှေကျင်သာသနာပိုင် ဆရာတော်ဘုရားကြီး)
နိဗ္ဗာနသရူပဒီပက ကဏ္ဍ (မြို့ပြင်ကြီးဆရာတော်)
နိဗ္ဗာန ဒီပနီ (လယ်တီဆရာတော်ဘုရားကြီး)
နိဗ္ဗာန်တရားတော်ကြီး (နိဗ္ဗာနပဋိသံယုတ္တကထာ) (မဟာစည်ဆရာတော်ဘုရားကြီး)
အမြင်များပြောင်းလဲခြင်း (ဦးရွှေအောင်)
Fundamental Wisdom of the Middle Way ( Jay Garfield)


[1] ပဌမနိဗ္ဗာနပဋိသံယုတ္တသုတ်
[2] တတိယနိဗ္ဗာနပဋိသံယုတ္တသုတ်