Wednesday, September 5, 2012

ဘုန်းဘုန်း ဓမ္မအလင်း သို့ ပြန်ကြားချက် (မိုးပြာဓမ္မတရား သုံးသပ်ချက်)


မနေ့ က ဓမ္မနဒီ မှာ ဘုန်းဘုန်း ဓမ္မအလင်း တင်ထားတဲ့ ပို့စ် တစ်ခု ကို ဖတ်မိတော့ ဒီ ပြန်ကြားချက် လေး ကို ရေးချင်စိတ် ဖြစ်ပေါ်လာ လို့ ရေးလိုက် ပါတယ်။ ဘုန်းဘုန်းတင်ထားတဲ့ ပို့စ် က မိုးပြာ ဦးဥာဏ ကို ဝေဖန် ထား တဲ့ ပို့စ်ပါ။ ဘုန်းဘုန်း တင်ပြထားတာ တွေ ကို အနှစ်ချုပ် ရင် အောက်ပါအချက်တွေ ကို ရပါတယ်။

(၁) မိုးပြာ ဦးဥာဏ က ဥာဏ်ထက် ရင် ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူလို့ ရ တယ်။ အခုတော့ မိုးပြာ ဦးဥာဏ က ဥာဏ်မထက် တော့ ဒီလို မလုပ်နိုင်ခဲ့ ဘူး။
(၂) ခန္ဓာတွေ ဟာ အရှိတရားတွေ မဟုတ်ကြဘူး။ အဖြစ်တရားတွေ သာ ဖြစ်တယ်။
(၃) အဗျာကတ ၀ိပါက်ခန္ဓာ တွေ နဲ့ ကိလေသာ ဥပါဒါနက္ခန္ဓာ တွေ ကို ခွဲခြား မြင်နိုင်ရင် သမုဒယ နဲ့ ဒုက္ခ ဆက်စပ် ပုံ ကို မြင်လိမ့်မယ်။ နိဗ္ဗာန် အသိလဲ ကွဲပြားလိမ့်မယ်။
(၄) မိုးပြာ ဦးဥာဏ က ဒါတွေ ကို မမြင်ပဲ ထေရ၀ါဒ ကို အပေါ်ယံ ရှပ်ပြီးတော့ တိုက်ခိုက်တဲ့ အခါ မှာ လူ အများ ကို လမ်းလွဲစေတယ်။
(၅) ဒီ အတွက် ဘုန်းဘုန်း က မိုးပြာ ဦးဥာဏ အရမ်း သနား မိတယ်။
(၆) ဒါတွေ ကို မိုးပြာ နဲ့ နီးစပ်သူတွေ ကို တွေက ရင် ပြောဆို ဖျောင်းဖြ ပေးကြပါ။ ပြန်လည် စည်းရုံးကြပါ။ ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စည်းလုံးညီညွတ်ရေး က အလွန် အရေးကြီး ပါတယ်။

ဒီအချက်တွေ ကို ဖတ်ရတော့ ဘုန်းဘုန်း ဓမ္မအလင်း ဟာ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို အပြည့်အ၀ မသိမြင်သေး ပါလား ဆို တာ သဘော ပေါက်မိတယ်။ ဒါကြောင့် ဒီ ပြန်ကြားချက် ကို ရေးလိုက် တာ ဖြစ် တယ်။

ဒီရှင်းလင်းပြန်ကြားချက် ဟာ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ရှေ့နေလိုက် ပြီး ဘုန်းဘုန်း ကို ချေပ ထားတာ မဟုတ် သလို မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ကြော်ငြာ တာ လဲ မဟုတ်ဘူး ဆို တာ သိစေချင်တယ်။ တစ်ချို့ က မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား ကို ရေးတိုင်း မိုးပြာ လို့ ရမ်းတုတ်စွပ်စွဲ တတ်ကြလို့ ပါပဲ။ တစ်စုံတစ်ရာ ကို မသိနိုးနား ၀ိုးတစ်ဝါး ဖြစ်နေရမဲ့ အစား ပီပီပြင်ပြင် ကြည်ကြည်လင်လင် မြင်ပြီးတော့ မှ လက်ခံချင်လဲ လက်ခံ ငြင်းဆန်ချင်လဲ ငြင်းဆန်ပေါ့။ ငှက်မသိ ပဲ ဆက်ရက် ကို ချိုးထင် နေကြမှာစိုးလို့ ဖြစ်ပါတယ်။

မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား  တွေ က သူရေးခဲ့ တဲ့ စာအုပ် ၄၀ လောက် နဲ့ တရားခွေ ၁၅၀ လောက် မှာ ပြန့်ကျဲ နေတာ မို့ အားလုံး အမြင်ရှင်းအောင်  ဦးဥာဏ ရဲ့ ဓမ္မတရား တစ်ခု လုံး ရဲ့ အခြေခံ အုတ်မြစ်ကျောက်တုံး အယူ အဆ က နေ စပြော မယ်။ ဒါကို မသိ ရင် ကျန်တာ မှန်သမျှ စမ်းတ၀ါးဝါး ဖြစ်နေကြလိမ့်မယ်။ မိုးပြာ ဦးဥာဏ ဟာ မြတ်စွာဘုရား မဟောကြားတဲ့ အဗျာကထန တရား (၁၀) ချက် နဲ့ သူ့ ရဲ့ ဒဿန ကို စ တည်တယ်။ လောက အစရှိမရှိ အဆုံးရှိမရှိ အတ္တ နဲ့ ရုပ်နာမ် အတူတူ ဟုတ် မဟုတ် သတ္တ၀ါသေပြီး ရင် ထပ် ဖြစ်မဖြစ် ဆို တာ တွေ ပဲ။ ဒီ အဗျာကထန တရား (၁၀) ချက် ကို အခြေခံ လို့ ဗုဒ္ဓ ဟာ ခေတ်ပြိုင် လောကအမြင် တွေ ဘ၀သံသရာ အမြင်တွေ အတ္တ အမြင်တွေ ကို ပယ်ခဲ့ တယ် လို့ မိုးပြာ ဦးဥာဏ က ယူဆ ပုံ ပေါက်ပါတယ်။ သူ့ တရားခွေ တွေ မှာလဲ ကြားမိတယ်။

တကယ်တော့ အဗျာကထန တရား (၁၀) ချက် ကို ဗုဒ္ဓ မတုန့် ပြန်တာ က မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား တစ်ခု လုံး ရဲ့ အခြေခံ အုတ်မြစ်ကျောက်တုံး အယူ အဆ မဟုတ်သေးဘူး။ ဒါကို မူတည် ပြီး သတ္တ၀ါသေ ရင် ပြန်ဖြစ်-မဖြစ် ကို ဘုရားမဟော ဘူး ဆို တဲ့ အချက် မှာ မိုးပြာ ဦးဥာဏ က သတ္တ၀ါ သေရင် ပြန် မဖြစ်ဘူး ဆို တဲ့ အမြင်ဖက် ကို ဆွဲယူ သွားတယ် ဆို တာ တွေ့ ရတယ်။ ပါဠိလို ပြော ရင် တော့ ဥစ္ဆေဒ ဒိဋ္ဌိ ပေါ့ နော်။ မသေခင် အတ္တ ရှိတယ်..ဒီ အတ္တ က သေရင် ချုပ်ပြီ ဆို တဲ့ အမြင် ပါပဲ။ ရှင် ဥက္ကဌ ရဲ့ အမြင် က လူသေ လူဖြစ် ဆို ရင် မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က လူသေ ဘာမှ မဖြစ် လို့ ပဲ ပြောရ မယ်။

ဒီ အချက် က ဘယ်မှာ ထင်ရှား သလဲ ဆို ရင် လူတစ်ဦးချင်းစီ မွေးဖွားဖြစ်ပေါ်တည်ရှိ လာ တာ နဲ့ ပတ်သက် တဲ့ မိုးပြာ ဦးဥာဏ ရဲ့အမြင် မှာ ထင်ရှားနေပါတယ်။ အစဉ်အလာ ဗုဒ္ဓဘာသာရဲ့ အမြင် မှာ လူတစ်ဦးချင်းစီ မွေးဖွားဖြစ်ပေါ် လာ ဖို့ အကြောင်း တရား အခြေခံ (၃) ခု လို တယ်။

(၁) မိဘ နှစ်ပါး သံဝါသပြုခြင်း
(၂) မိခင်းလောင်း ဥတုပန်းပွင့်ခြင်း
(၃) ဂဗ္ဘ သေယျက ခေါ်တဲ့ ဘ၀ဟောင်း က စုတေပျက်ကြွေ လို့ အမိဝမ်းထဲ ၀င်စားမည့် သတ္တ၀ါ...တို့ ပါပဲ။

မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က နံပါတ် (၁) နဲ့ (၂) အကြောင်းတရားတွေ ကို အစဉ်အလာ ဗုဒ္ဓဘာသာရဲ့ အမြင် အတိုင်းလက်ခံ ပေမဲ့ နံပါတ် (၃) ဂဗ္ဘ သေယျက နဲ့ ပါတ်သက်လို့ ဘ၀ဟောင်း က စုတေပျက်ကြွေ လို့ အမိဝမ်းထဲ ၀င်စားမည့် သတ္တ၀ါ.လို့ မယူဆဘူး ဆို တာတွေ့ ရတယ်။ ဂဗ္ဘ သေယျက ရဲ့ တိုက် ရိုက် အနက် ဖြစ်တဲ့ သားအိမ် အတွင်း ကပ်ငြိကျရောက်မည့် သူ ဆို တာ ကို ပဲ ယူ ပြီး ဂဗ္ဘ သေယျက ဟာ အခြားမဟုတ်= ဖခင်လောင်း ရဲ့ မျိုးအောင် နိုင်တဲ့ သုတ်ပိုး (စပန်း) ပဲ ဖြစ်တယ်လို့ ကောက်လိုက် ပါတော့ တယ်။ ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒ အလို အရ လဲ ကိုက် သလို ဖြစ်နေတယ်။ သန္ဓေဗေဒ အလို အရ နံပါတ် (၁) နဲ့ (၂) အကြောင်းတရားတွေရှိ ရုံ နဲ့ သန္ဓေမတည်နိုင် ပဲ နံပါတ် (၃) ဂဗ္ဘ သေယျက =ဖခင်လောင်း ရဲ့ မျိုးအောင်နိုင်တဲ့ သုတ်ပိုး (စပန်း)လဲ အဓိက လို အပ် နေတာ ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒ က  အတည်ပြုပြီး ဖြစ်တဲ့ အပြင် အခြားသော ဇီဝကမ္မဆိုင်ရာ လိုအပ်ချက် တွေ လဲ များစွာ ရှိ သေးကြောင်း တွေ့ ရှိ ထားပြီး ဖြစ်လို့ ပါပဲ။

ဒီတော့ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင် က ခေတ်သိပ္ပံ ဆေးပညာ သန္ဓေဗေဒသက်သက် ကို မူတည် ပြီးတော့ လူ့ဇာတိ ဖြစ်ပေါ်လာပုံ ကို ရှင်းပြတဲ့ အခါ ဟိုး ရှေး အတိတ် က ဘ၀ဟောင်းနဲ့ ကမ္မသတ္တိတွေ ဆို တာ မလိုအပ်တော့ တဲ့ အပို ၀ိဘာဂတွေ သဖွယ် ဖြစ်ခဲ့ ပါတယ်။ ဒါကို ဒဿန ပညာ မှာ သဘာဝအခြေပြုရှင်းပြနည်း ( Naturalistic Explanation) လို့ လဲ ခေါ်တယ်။ သဘာဝ ကို သဘာဝ သက်သက် ရုပ် ကို ရုပ်သက်သက် နဲ့ ပဲ ရှင်းပြတဲ့ နည်းပါ။ နောက်တစ်ခါ ဒါ ကို အုက္ကာမ် ရဲ့ သင်တုန်းဓါးနည်း (Ockham's Razor) လို့ လဲ ခေါ်ကြသေးတယ်။ ဥပမာ မိုးကြိုးပစ် တာ ကို လုံလောက်တဲ့ သဘာဝ အကြောင်းတရား တွေ (မိုးတိမ် လျှပ်စစ်ဓါတ် )နဲ့ ရှင်းပြနိုင်ရင် သဘာဝလွန် အကြောင်း တရား တွေ ထည့် စဉ်းစားဖို့ မလို ဘူး ဆို တဲ့ နည်းပဲ   ဖြစ်တယ်။ မိုးပြာ ဦးဥာဏ ရဲ့ ဓမ္မတရား အမြင်က ဒီ အချက်တွေ ကို အခြေခံလိုက်တဲ့ အခါ မှာ လူ--လူ ဘယ်က လာ အမိအဖတွေ ဆီ က လာ ဆို တဲ့ အမြင် ကို ရောက်တော့ တာပဲ။

မိုးပြာ ဦးဥာဏ ဟာ ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်လို့ လူသားရဲ့ ဒုက္ခ=ဒုက္ခ အကြောင်းတရား=ဒုက္ခချုပ်ငြိမ်းမှု
=ဒုက္ခငြိမ်းရာ လမ်း အမှန် ဆို တာ တွေ ကို ဆက် စဉ်းစားတဲ့ အခါ မှာ အထက်ပါ သဘာဝတ္တ အမြင် ကို အခြေခံ ပြီး စဉ်းစားပါတော့ တယ်။ မိုးပြာ ဦးဥာဏ ဟာ ရုပ်ကြမ်းဝါဒီ တစ်ယောက် တော့ မဟုတ်ဘူး။ ရုပ်ဆင့်ပွားဂုဏ်ရည်ဝါဒီ (Epiphenomenalist) တစ်ယောက် ဖြစ်တာ ကို တော့ တွေ့ ရတယ်။ မိုးပြာ ဦးဥာဏ ရဲ့ အမြင် မှာ စိတ် ဟာ ရုပ် မဟုတ် တဲ့ ဂုဏ်သတ္တိထူး တစ်ခု ဖြစ်ပေမဲ့ ရုပ်မရှိပဲ စိတ်မရှိနိုင် ရုပ်ကို အခြေခံလို့ ရုပ်ရဲ့ ဆင့်ပွားဂုဏ်ရည် အနေနဲ့ စိတ် က ပေါ်ထွက်လာတာ ဖြစ်တယ် လို့ မြင် တယ်။ ဥပမာ ကြေးပြား တစ်ချပ် ကို ပြောင်လက် အောင် တိုက်ချွတ်လိုက် ရင် ကြေးမုံ  ဖြစ်သွားပြီး ပတ်ဝန်းကျင်ဝတ္တုတွေ ကို အရိပ်ထင်နိုင်တယ်..ဒီ အရိပ်ထင်နိုင်တဲ့ ဂုဏ်သတ္တိ ဟာ မူလကြေးပြားပေါ် မှာ ပဲ တည်မှီ ရှိ နေပြီးတော့ ကြေးပြား က တစ်ဆင့် ထွက်ပေါ်လာတဲ့ ဆင့်ပွားဂုဏ်ရည်(Epiphenomenon) တစ်ခု သာ ဖြစ်တယ်..ထိုနည်းတူ ပဲ ရုပ် ကို မှီ ပြီး ဖြစ်တဲ့ စိတ် ကို မြင် ကြည့်ပါ။

ဒီ အတွက် ကြောင့်  မိုးပြာ ဦးဥာဏ ဟာ စိတ် ရဲ့ အရှိတရား ကို လက်ခံ တယ် (ရုပ်ကြမ်းဝါဒီ မဟုတ်) စိတ် ကို စနစ်တကျ လေ့ကျင့် ပေးရင် ထူးကဲတဲ့ အဘိညာဉ်တန်ခိုးသတ္တိတွေ ရနိုင်တယ် ဆို တာ ကို လဲ လက် ခံ တယ်။ စိတ် ရဲ့ ကြံစည်အားထုတ်မှု နဲ့ သိပ္ပံ ၀ိဇ္ဇာ ပညာ တွေ ဖေါ်ထုတ်နိုင်တယ် ဆို တာ လဲ လက်ခံ တယ်။ နောက် ဆုံး လူသားရဲ့ ဒုက္ခ=ဒုက္ခ အကြောင်းတရား=ဒုက္ခချုပ်ငြိမ်းမှု= ဒုက္ခငြိမ်းရာ လမ်း အမှန် ဆို တာ တွေ ကိုသိပြီး လွတ်မြောက်မှု ရသ ကို ခံစား နိုင်တာ လဲ စိတ် ပဲ လို့ လက်ခံတယ်။ ဟုတ်ပြီ..ဒါဆို မိုးပြာ ဦးဥာဏ ရဲ့ အမြင် မှာ လက်မခံ တာ က ဘာ လဲ ဆို တော့ ရုပ်ကို မတည်မှီတဲ့ စိတ်သက်သက် ရှိမှု နဲ့ လူ မမွေးခင် ရှိ နေတဲ့ စိတ်-လူသေပြီး ဘ၀ ပြောင်းသွားတဲ့ စိတ် စတာ တွေ ကို လက်မခံ ဘူးဆိုတာ တွေ ရတယ်။ ဒီ အချက် တွေ က မိုးပြာ ဦးဥာဏ ရဲ့ အမြင် တစ်ခု လုံးရဲ့ အတွင်း အနှစ်သား (Core) ပါပဲ။ ကျန်တာတွေ က ဒီ အချက် က နေ ဖြာထွက် သွား ရ တာ ပါ။

ထေရ၀ါဒ အမြင် က နေခွဲထွက်ခဲ့ တဲ့ မိုးပြာ ဦးဥာဏ ရဲ့ အမြင် ဟာ ဒီနေရာ မှာ အခက်ခဲ ဆုံး အလုပ် တစ်ခု ကို လုပ်ရပါတော့တယ်။ ထေရ၀ါဒ အမြင် က သံသရာ ကို ဘောင် အကျယ်ကြီး ထားတယ်..အချိန် ကာလ အရဆိုလဲ အစမထင် တဲ့ အတိတ် ကာလ အနမတဂ္ဂ ကာလ ကစလို့ နိဗ္ဗာန်ဝင်တဲ့ အထိ ( ပကတိ သံသရာ က အဆုံး တောင် မရှိပါ) နဲ့ နေရာဌာန အရ ဆို လဲ စကြာဝဠာတစ်ခု ကို (၃၁) ဘုံ နဲ့ စကြာဝဠာ ပေါင်း အနန္တ မှာ (၃၁) ပေါင်း အနန္တ ရှိပြီးတော့ သတ္တ၀ါ တွေ က လဲ မရေမတွက်နိုင်အောင် အနန္တ ကျယ်ပြန့် စွာ ရှိ နေ ပါတယ်။ ဒီလို ကာလ-ဒေသ အနန္တ သဘော ထဲ မှာ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း အဖန်တလဲလဲ မွေးသေ လည်ပတ် နေတယ်လို့ ထေရ၀ါဒ မဟာယာန စသည်တို့ က မြင်တာ ဖြစ်ပါတယ်။ ဒါတွေ အားလုံး ကို ဦးဥာဏ က အုက္ကာမ် ရဲ့ သင်တုန်းဓါးနည်း (Ockham's Razor)နဲ့ တိ ကနဲ ဖြတ်ချ လိုက် ပါတယ်။ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ် အတိုင်း အဖန်တလဲလဲ မွေးသေ လည်ပတ် နေတယ့် ဖြစ်စဉ်ကို ရှင်းပြရန် ကာလ-ဒေသ အနန္တ သဘော မလို အပ်ဘူး လို့ သူ က ဆို တယ်။

ရောဟိတဿ နတ်သား ကို ဟောတဲ့ ((ဤ တစ်လံ မျှ သော ကိုယ်ကာယ မှာ လောက-လောကဖြစ်ကြောင်း-လောကချုပ်ကြောင်း နဲ့ လောကချုပ်ရာ လမ်း တွေ ကို ငါပညတ် တယ်)) လို့ ဟောခဲ့ တာ ကို ထောက် ပြီးတော့ သတ္တ၀ါ တွေ ရဲ့ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ က ပဋိစ္စသမုပ္ပါဒ် ဖြစ်စဉ်ရဲ့ တည်မှီ ရာ ဟာ ဒီ အမိ နဲ့ အဖ ကြောင့် မွေးဖွားလာ ရ တဲ့ မွေးလူ ရဲ့ ရုပ်စိတ်တွေ ပေါ် မှာ ပဲ မှီ နေတယ် လို့ အခိုင်အမာ ပြော တော့ တာ ပဲ ဖြစ်တယ်။ ဘ၀သံသရာ ကြီးတစ်ခု လုံး ၃၁ ဘုံး အားလုံး ကို မိတ္တူချုံ့ ပြီး လူသားပေါ် တင်ကြည့် တဲ့ အမြင် ဖြစ်လာ ပါတော့ တယ်။
ဒီတော့ ချုပ်လိုက် ရင် ရုပ်ခန္ဓာကိုယ် က မိဘ တွေ ကြောင့် ဖြစ်လာတယ် ထမင်း မုန့် အာဟာရ နဲ့ ကြီးထွားတယ်..ဒီ ဇီဝရုပ် ကို အမှီပြု လို့ သိစိတ် က ဆင့်ပွားဂုဏ်ရည် အနေနဲ့ ဖြစ်ပေါ်လာတယ်။ ဘုန်းဘုန်း ဓမ္မအလင်း ပြော သလို ထေရ၀ါဒ အမြင် က အတိတ် ကံ အကျိုးပေးကြောင့် ဖြစ်ပေါ်လာတဲ့ အဗျာကတ ၀ိပါက်ခန္ဓာ တွေ ဖြစ်တယ် ဆိုတဲ့ အမြင် ကို မိုးပြာ ဦးဥာဏက လက်မခံ ပါဘူး။ သူ့ အမြင်မှာ ကမ္မသတ္တိ တွေ ဟာ ဒီဘ၀ ဒီခန္ဓာ ကို မကျော် ပါဘူး။ ဒါကြောင့် ထေရ၀ါဒ ရဲ့ ကမ္မသတ္တိကြောင့် ဖြစ်တဲ့ အဗျာကတ ၀ိပါက်ခန္ဓာ တွေ ကို သူ က သဘာဝတ္ထခန္ဓာ= ပရမတ္ထခန္ဓာ တွေ အဖြစ် ယူ ပါတယ်။ ဒီခန္ဓာ တွေ ဟာ အကောင်း အဆိုး မဟုတ် ကြလို့ အဗျာကတ တွေ လို့ တော့ ဆို နိုင် ပါတယ်။

ဟုတ်ပြီ။ သဘာဝတရား ကြီး က အမိ အဖ တွေ ကနေ တစ်ဆင့် ပစ်လွှင့်လိုက်လို့ လူသား ဟာ လောကကြီးထဲ ကျရောက်လာခဲ့ တယ်။ ပတ်ဝန်းကျင် တစ်ခု မှာ ကြီးပြင်းလာရ တယ်။ သူ့ ရဲ့ မွေးရာပါ လူသား ရုပ် နာမ်ခန္ဓာ တွေ က သူ့ ရဲ့ ပကတိ အတ္တ ပဲ ဖြစ်တယ်။ သူ ဟာ သူ ဖြစ်ကြောင်း ထပ်တူစွဲ နိုင်တဲ့ အမှတ်သရုပ် (Personal Identity) ဖြစ်တယ်။ ဒီ အတ္တဟာ သဘာဝ အတ္တ ဖြစ်လို့ ကိုယ်လုပ်တာ လဲ မဟုတ် သူ့ သဘော သူဆောင် နေတဲ့ အတ္တ ပဲ ဖြစ်တယ်။ ဒီ အတ္တ ရဲ့ အလိုဆန္ဒတွေ နဲ့ တုန့်ပြန်မှု တွေ က သဘာဝ သာ ဖြစ်လို့ ကုသိုလ် အကုသိုလ် မဟုတ်တဲ့ အဗျာကတတွေ သာဖြစ်တယ် ပယ်စရာလဲ မလို ဘူး လို့ ဦးဥာဏ က ပြော ပါတယ်။ ဒီ အပြစ်မဲ့ လူသား သဘာဝ ကလေးငယ်လေးဟာ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ ပြွမ်းတီးနေတဲ့ လူ့ ပတ်ဝန်းကျင်ထဲ ကို ရောက်လာ တဲ့ အခါ ကိလေသာ-ကံ-၀ိပါက် တရားစုတွေ  ရဲ့ ကူးစက်မှု ကို စပြီးခံ ရပါတော့ တယ်။

သူ့ပတ်ဝန်းကျင်မှာ လူ တွေ ကံကျူး နေတာ တွေ ကို မြင်တယ်။ ဒီနေရာ မှာ ကံကျုးတယ်ဆို တာ ကို မိုးပြာ ဦးဥာဏက မိမိ သဘာဝ မဟုတ်ပဲ အလွန်အကျွံ ထပ်ခါတလဲလဲ လုပ် တာ တွေ ကို ဆို ပါတယ်။ ကာမဘ၀ မှာ ကံလွန်ကျူး မှု တွေ က တော့ သတ်-ခိုး-မှား-လိမ်-မူး စတဲ့ ဂရုဓမ္မသီလ ချိုးဖေါက်မှု တွေ အပြင် အခြားသော အပုည ကိရိယာ တွေ ချိုးဖေါက်မှု တွေ ကာမဂုဏ်အာရုံ တွေ ကို သဘာဝလွန်အကျူးအကျော်ထပ်ဖန်တလဲလဲ ခံစားလို မှု တွေ အပြင် အနာဂတ်ကာလ အတွက် ကာမဘ၀ အကျိုးပေးတွေ ကို စိတ္တဇ နဲ့ စိတ်ကူးယဉ် မျှော်မှန်းပြီး လုပ် တဲ့ ပုည ကိရိယာ တွေ ပါ ပါဝင်ပါတယ်။ ရူပဘ၀-အရူပဘ၀ ဆိုင်ရာ ကံလွန်ကျူး မှု တွေ က တော့ရူပဈာန် အရူပဈာန်တရားတွေ မှာ ရုပ်နာမ်ပျောက်ဆုံး ပြီး မဟဂ္ဂုတ် သုခ ဈာန်ချမ်းသာတွေ ထဲ မှာ သာယာနစ်မွန်း နေတာ တွေ ကို ဆို လို ပါသတဲ့။ ဒါတွေ အားလုံး က ဒုက္ခ နဲ့ ဒုက္ခ ချုပ်ငြိမ်းမှု အမှန် ကို မသိတဲ့ အတွက် ဖြစ်ပွား နေရ တဲ့ လွန်ကျူးမှု တွေ ပါ။

ဒါကို တွေ့မြင်ကြုံသိ ရတဲ့ လူသားဟာ ဒီ ကံကျုးမှု တွေ ကူးစက်ပြီး သူ့ စိတ်သဏ္ဍာန်မှာ လဲ အချစ် အမုန်း အမိုက် ကိလေသာ တွေ ကပ်ငြိလာ ပါတယ်။ အချစ် အမုန်း အမိုက် ကိလေသာတွေ ရဲ့ တွန်းအားကြောင့် သူများတွေ နည်းတူ သူလဲ ကံကျူးမှု တွေ ကို လုပ်ပါတယ်။ ဒီ ကံကျူးမှုတွေ က ရရှိလာတဲ့ ဝေဒနာ တွေ အပေါ် တပ်မက်သာယာတာ ကြောင့် အစွဲဥပါဒါန်တွေ ဖြစ်လာပါတယ်။ဒီ အစွဲ တွေ ဟာ ကံကျူးသူ ရဲ့ သန္တာန် မှာ အနုသယဓါတ် အနေနဲ့ ပြန်ကိန်းပြီး တော့ ကံဝိပါက်တွေ ကြွင်းရစ်စေပါတယ်။ ဒီ အနုသယတွေ ကြောင့် အကြောင်းတိုက်ဆိုင်တဲ့ အခါ ကိလေသာ အသစ်တွေ တစ်ဖန် ဖြစ်လာပြန် ပြီးတော့ ကံကျူးမှု အသစ် တွေ ကို ထပ်လုပ်ပြန်ပါတော့ တယ်။ ဒီလို နဲ့ ကိလေသာ==ကံကျူးမှု==ဝေဒနာ==သာယာမှု==စွဲလန်းမှု==အနုသယ==၀ိပါက် စတာတေါ ဟာ လူသား ပေါ်မှာ တရစပ် လည် နေတာ ကို ပဲ သူ က သံသရာ လို့ ခေါ်ခဲ့ ပါတယ်။

ဒီလို့ ကံကျုးမှု နဲ့ ဥပါဒါန်အစွဲ ၀ိပါက် တွေ ကြောင့် ဖြစ်ပေါ်လာရတဲ့ အသွင်အပြင် အစုအဝေးကြီး ကို ပဲ သတ္တ၀ါ လို့ ခေါ်တယ်။ သတ္တ၀ါ ဆို တာ သိမှတ်ခွဲခြားနိုင်လောက် အောင် ထင်ရှားပေါ်လွင်လာတာ ကို ဆို ပါတယ်။ အင်္ဂလိပ်ဘာသာ နဲ့ Personality လို့ ဆို နိုင်မယ် ထင် တယ်။ လူ တစ်ကိုယ် မှာ ဘ၀ တစ်လျှောက်လုံး သတ္တ၀ါ တွေ အများ ကြီး ရှိ နိုင်ပါတယ်။ ဘ၀ကဏ္ဍတွေ ဟာ သတ္တ၀ါတွေ ပါပဲ။ ကိုယ်ပြုသော ကံ က ကိုယ်ထံ ပြန်လာပြီး ဆိုင်ရာ သတ္တ၀ါ အသွင် ကို ပေါ်ပေါက် စေပါတော့ တယ်။ ဒါကိုပဲ ဦးဥာဏ က ဥပါဒါနက္ခန္ဓာ တွေ လို့ လဲ ဆို ပါတယ်။ ကံလွန်ကျူးမှု ဆို တဲ့ ကမ္မဘ၀ ကြောင့် ဖြစ်ပွားပေါ်လွင်ထင်ရှားလာရတဲ့ ဇာတိ တွေ လို့ လဲ ဆိုပါတယ်။ သူ့ အမြင် မှာ သတ္တ၀ါ ရယ် ဥပါဒါနက္ခန္ဓာ ရယ် ဇာတိ ရယ် ဟာ အနက်တူ ပါတယ်။ လူ တစ်ကိုယ် မှာ ဘ၀ တစ်လျှောက်လုံး ဇာတိ တွေ အများ ကြီး ရှိ နိုင် ပါတယ်။

ဥပမာ လူတစ်ယောက် ဟာ သူများတွေ ခိုးဝှက်ပြီး ချမ်းသာနေကြတာ ကို မြင်ပြီး အားကျလာ တယ် ဆိုပါဆို့။ ဒါက သူတပါး ကံကျုးမှု က ကိုယ်ထံ ကူးစက် လာ တာပါ။ ဒီတော့ သူ လဲ ခိုးချင်လာတယ် ကိလေသာတွေ သောင်းကျန်းတယ်။ ဒီတော့ ခိုးတဲ့ ကံကိုယ် သူ ကိုယ်တိုင် ကျူးလွန်တယ်။ ခိုးရာပါပစ္စည်းတွေ ရလာတော့ ပျော်ရွှင်တယ် သုခဝေဒနာ ရတယ်။ ဒီကို စွဲမက်တဲ့ စိတ် ဖြစ်တော့ ဒါကို ကောင်းတယ်ထင်တဲ့ ဥပါဒါန် က ၀ိပါက်ကြွင်းပြီး သူ့ သန္တာန် မှာ ကပ် နေတော့ တယ်။ အနုသယ ဖြစ်လာ တယ်။ ဒီ အခါ မှာ သူ ဟာ သူခိုး ဇာတိ ဖြစ်သွားပြီ==သူခိုး မျက်လုံး သူခိုးနား တွေ နဲ့ သူခိုး ဥပါဒါနက္ခန္ဓာ တွေ ပဲ ဖြစ်ပွားလာပြီးတော့ သူခိုးဆိုတဲ့ သတ္တ၀ါ သဘော ပီပြင် ထင်ရှားလာပါတော့ တယ်။ 

မိုးပြာ ဦးဥာဏ က ဆက်ရှင်းတာ က တော့ လူရဲ့ သဘာဝ အဗျာကတ ခန္ဓာ မှာ သူမဟုတ်တဲ့ သူ့ ကံကျူးမှု တွေ က တည်ဆောက်ထားတဲ့ ဥပါဒါနက္ခန္ဓာ တွေဟာ ပယောဂကြောင့် ဖြစ်တဲ့ အပ မှီ နေသလို ပဲ တွယ်ကပ်နေကြတာ ဖြစ်တယ်လို့ မြင်တယ်။ လူမှာ လူမဟုတ်တဲ့ သတ္တ၀ါတွေ ဇာတိတွေ က လာရောက်စွဲ ကပ်ပြီး သူတို့ အမိန့်ပေးစေစားတဲ့ အတိုင်းလူ က လိုက်လုပ် နေရ တယ် သူတို့ ကျေးကျွန် ဖြစ်နေတဲ့ အခြေအနေ နောက် ဒါကို လဲ အကောင်းထင်ပြီး သာယာနေတဲ့ အခြေအနေ ဟာ လူ့ ဒုက္ခ= ဒုက္ခအရိယသစ္စာ ဖြစ်တယ်လို့ ဆို တယ်။ Human Situation and His Predicament လို့ ဆို နိုင်ပါတယ်။

ဒီနေရာ မှာ ဘုန်းဘုန်း ဓမ္မအလင်း ကို တင်ပြချင်တာ က တော့ (( မိုးပြာ ဦးဥာဏ က ဥာဏ်ထက် ရင် ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူလို့ ရ တယ်)) ဆို တာ နဲ့ ပတ်သက်လို့ ပါပဲ။ မိုးပြာ ဦးဥာဏ က ဥာဏ်ထက်ခဲ့ ပါတယ်။  ထေရ၀ါဒ ရဲ့ ပရမတ် အမြင် က နေ ကံ တွေ အထိ ထုတ်ယူခဲ့ ပါတယ် လို့ ပြော ပါရစေ။ သူ ဘယ်လို ထုတ်ယူခဲ့ သလဲ ရှင်းပြပါ့မယ်။

မိုးပြာ ဦးဥာဏ က အရှိတရား ကို အလွှာ အထပ် (၃)ခု ခွဲ တယ် ။

(၁) အခြေခံ အကျဆုံး အလွှာ က ပရမတ္ထသစ္စာ အလွှာ ဖြစ်တယ်။ ရုပ်နာမ်ဓမ္မတရားတွေ အခြေခံ ယူနစ်တွေ အဖြစ် ဖွဲ့စည်းထားတဲ့ အစိတ်အစိတ်တွေ ရဲ့ လောက ဖြစ်တယ်။ အဘိဓမ္မာ ရူပဗေဒ စိတ္တဗေဒ ဓါတု ဗေဒ စတဲ့ ဘာသာရပ်တွေ က လေ့လာ တယ့် နယ်ပယ် ဖြစ်တယ်။ ဒီနေရာ မှာ ခန္ဓာတွေ ဟာ အရှိတရားတွေ မဟုတ်ကြဘူး။ အဖြစ်တရားတွေ သာ ဖြစ်တယ်။ ဆိုတဲ့ ဘုန်းဘုန်း ဓမ္မအလင်း ရဲ့ အမြင် ကို လက်ခံတယ်။ ထပ်ပြီး နက်နက် ရှိုင်းရှိုင်း ပြောရရင် အဖြစ်တရား တွေ ဆို တာ မရှိတရား တွေ ဖြစ်တယ် (ဖမ်းဆုပ်ညွှန်ပြမရအောင်ပြောင်းလဲနေလို့ ပဲ ဖြစ်တယ်)==မရှိတရားတွေ ဆို တာ လဲ မဖြစ်မပျက် တဲ့ တရားတွေ ပဲ ဖြစ်တယ်။(အရှိသဘာဝ ညွှန်ပြစရာ မရှိလို့ ဒီအရာ ဖြစ်တယ် လို့ တောင် မပြော နိုင်ပါ)==ဒီတော့ ပရမတ္ထသစ္စာ အလွှာ ကို စူးစိုက် လေ့လာမယ် ဆို ရင် နောက်ဆုံးမှာ ထပ်တူစွဲမှုတွေ မရှိတော့ တဲ့ ဖြစ်ခြင်းပျက်ခြင်း အမူအယာတွေ ကင်းဆိတ် နေတဲ့ အနိမိတ္တ သုညတ သဘော ဆီ ကို ပဲ ဆိုက် ရောက် မှာ ဖြစ်တယ်။
မိုးပြာ ဦးဥာဏ ရဲ့ စကား အတိုင်းပြော ရ ရင် ဒြပ် (သမ္မုတိ) ကို ဖေါက်ခွဲ ရင် ကာလတရား (ဖြစ်ပျက်တရား) ကို ရ မယ်။ ကာလတရား (ဖြစ်ပျက်တရား) ကို ဖေါက်ခွဲ ရင် အာကာသ တရား (မဖြစ်မပျက်တရား) ကို ရ မယ်။

(၂) ပရမတ္ထသစ္စာ အလွှာ ဖြစ်တဲ့ ရုပ်နာမ်ဓမ္မတရားတွေ အခြေခံ ယူနစ်တွေ အဖြစ် ဖွဲ့စည်းထားတဲ့ အစိတ်အစိတ်တွေ ကို ပေါင်းစုပြီး နာမပညတ်တင်လိုက်တဲ့ အခါ သမ္မုတိ သစ္စာ အလွှာ က ပေါ်လွင်လာတယ်။ လှည်း ရဲ့ အစိတ်အပိုင်းတွေ ကို ပေါင်းစု လိုက်တဲ့ အခါ လှည်းအသွင် ပေါ်လာပြီး လှည်းလို့ နာမပညတ် ရတဲ့ အခြေအနေ ဖြစ်လာပါတယ်။ လူ ခွေးကြောင် အိမ် တိုက်တာ အဆောက်အဦ စတာ တွေ ပေါ်လွင် လာ လို့ ဒီ သမ္မုတိ သစ္စာ အလွှာ ကို အစိတ်အပိုင်းတွေ ပေါ် အခြေခံ တဲ့ အစု အရှိတရား လို့ ဆို နိုင်ပါတယ်။ ဒီ နေရာ မှာ ထေရ၀ါဒ နဲ့ မိုးပြာ ဦးဥာဏ အမြင်ကွာခြားချက် ရှိပါတယ်။ ထေရ၀ါဒ အနေနဲ့ က သမ္မုတိ သစ္စာ အလွှာ ဖြစ်တဲ့ အစု အရှိတရား တွေ ဟာ ပညတ်သက်သက် တွေ ပဲ ဖြစ်လို့ တကယ်မရှိတဲ့ တရားတွေ ဖြစ်ပြီး ရုပ်နာမ် ဖြစ်ပျက် စတဲ့  အစိတ်အစိတ်တွေ ရဲ့ လောက -ပရမတ္ထသစ္စာ အလွှာ က တော့ အဟုတ်ရှိ အမှန်ရှိတဲ့ အရာ တွေ ဖြစ်တယ် ဆိုတာ ပါပဲ။ ငါ-သူတပါး-ယောကျာ်း-မိန်းမ မရှိ ရုပ် နဲ့ နာမ် သာ ရှိ တယ်လို့ ထေရ၀ါဒ ၀ိပဿနာ သမားတွေ ပြော လေ့ ရှိပါတယ်။

မိုးပြာ ဦးဥာဏ ရဲ့ အမြင် က တော့ သမ္မုတိ သစ္စာ အလွှာ နဲ့ ပရမတ္ထသစ္စာ အလွှာ နှစ်ခုလုံး ဟာ သူ့ရှုထောင့်နဲ့သူ ရှိ ကြတဲ့ သစ္စာတွေ ဖြစ်ပါတယ်။ ပရမတ္ထသစ္စာ ရှုထောင့် ကကြည့်ရင် ပရမတ္ထသစ္စာ ပဲရှိပြီး သမ္မုတိ သစ္စာ က မရှိ သလို သမ္မုတိ သစ္စာ ရှုထောင့် ကကြည့်ရင် သမ္မုတိ သစ္စာပဲရှိပြီး ပရမတ္ထသစ္စာ ကို မရှိဘူးလို့ မြင်နိုင်တာ ပါပဲ။ အစိတ်သဘော နဲ့ အစုသဘော တွေ ဟာ နိုင်းရ တွေ ပဲ ဖြစ်တယ်။ အစိတ်မပါ ပဲ အစု မဖြစ်နိုင်သလို အစု လို့ ပြောလိုက် ရင် လဲ အစိတ် သဘော က ပါပြီးသား ဖြစ် ပါတယ်။ အနောက်တိုင်း ဒဿနပညာ နယ်ပယ် မှာ Parts and Whole ပြဿနာ ကို အကျယ်တ၀င့်ဆွေးနွေးကြပါတယ် ဒီနေရာ မှာ တော့ မသက်ဆိုင်လို့ မပြော တော့ ပါ။

သတ္တ၀ါတွေ ဟာ အဆင့်မြင့်လာတဲ့ အခါ မှ သမ္မုတိ သစ္စာ အလွှာ ကို သိလာတာ ပါ။ ဘာသာစကား သင်္ကေတစနစ်တွေ ကို သင်ကြားလေ့လာ လာရတာပါ။ ပရမတ္ထတရား တွေ ကတော့ အဆင်းအနံ့ အရသာ စတာ တွေ ဖြစ်လို့ ခရု ပက်ကျိနဲ့ က စလို့ နို့စို့ ကလေး တောင် သိတယ် လို့ ဆို ရမှာ ဖြစ်တယ်။ပရမတ္ထတရား တွေ ကို ပရမတ္ထတရား တွေအနေနဲ့ သစ္စာ ဖွဲ့ ပြီး သိတဲ့ အခါ သမ္မုတိ သစ္စာ အလွှာ ထဲ ကို ရောက်သွား ပါပြီ။ အဘိဓမ္မာ စာပေ တွေ ဖြစ်ထွန်းလာပါတော့ တယ်။

(၃) မိုးပြာဦးဥာဏ ရဲ့ အမြင် မှာ ဖေါ်ပြခဲ့တဲ့ အစိတ်အရှိတရား (ပရမတ္ထသစ္စာ အလွှာ) နဲ့ အစုအရှိတရား (သမ္မုတိ သစ္စာ အလွှာ) တွေ အပြင် နောက်ထပ် သစ္စာ အလွှာ တစ်ရပ် ရှိနေပါသေးတယ်။ ဒါက တော့ အမှုကိစ္စ အရှိတရားတွေ ရဲ့ အရိယသစ္စာ အလွှာ ဖြစ်ပါတယ်။ ဥပမာ လှည်း အစိတ်အပိုင်းတွေ ပေါင်းစု လို့ လှည်း ဆို တဲ့ ပညတ် ဖြစ်လာတယ်။ ဒီလှည်းဟာ ပညတ် သက်သက် မဟုတ်ပဲ စီးနင်းသူ ကို လိုရာ ရောက်အောင် ပို့ ဆောင်ပေးနိုင်ခြင်း ဆို တဲ့ အမှုကိစ္စ/ Function ကို ဆောင်ရွက် ပေးပါတယ်။ ဒီလိုပဲ လူမှာ လဲ အစိတ်သဘော ရုပ်နာမ်တွေ ကို အခြေခံပြီး မောင်ဖြူမောင်နီ ပညတ် တွေ အစုအရှိ တွေ ဖြစ်လာ တယ်။ ဒီ အစု လူသား က ကံကျူးခြင်း မကျူးခြင်း ဆို တဲ့ ကမ္မအမှုကိစ္စ တွေ ကို လုပ်ဆောင် ပါတော့ တယ်။ အစိတ် ကို အခြေခံ လို့ အစု ဖြစ် အစု ကို အခြေခံ လို့ အမှု ဖြစ် ဆို တာ က မိုးပြာဦးဥာဏ ရဲ့ ပရမတ် က နေ ကံ အထိ အောင် ဆက်စပ်ယူသွားတဲ့ အမြင် ပါပဲ ဘုန်းဘုန်းရေ။

အရိယာ ဆို တာ ဖြူစင်သူ ဆို တဲ့ အနက် ကြောင့် အရိယသစ္စာ အလွှာ ဟာ ကံကျူးမှု အစွန်းတွေ ကို ရှောင်ရှားပြီး တော့ မိမိ ကမ္မတရားတွေ ကို ဖြူစင်စေသူ ပါပဲ။ ဒီတော့ ဥပါဒါနက္ခန္ဓာ တွေ နဲ့ ကပ်ငြိ နေတဲ့ လူ သာ ဖြူစင်ရိုးသား ယဉ်ကျေးမြင့်မြတ်သူ အရိယာ အဖြစ် ကို ရောက် အောင် ဘယ်လို အားထုတ်မလဲ။ ဒါကို မိုးပြာဦးဥာဏ ရဲ့ သင်ကြားချက် မှာ ဓမ္မာနုဓမ္မာ ပဋိပတ္တိ လို့ ခေါ်ပါတယ်။ ဓမ္မာ= သူတော်ကောင်းဆရာသမားထံ က ပရေတောဃောသ ကြားခဲ့ ရသော တရားသဘောတို့ ကို ဆင်ခြင်မှတ်သားပြီး + အနုဓမ္မ ပဋိပတ္တိ = မိမိ ၏ သန္တာန်၌ ကံကျူးမှု တွေ မဖြစ်အောင် အဖန်ဖန် လေ့ကျင့် အားထုတ်ခြင်း ပါပဲ ။

ဒီလို အားထုတ်နိုင်ဖို့ ဆရာထံ က နေ ကိလေသာ=ကံ=၀ိပါက်=ဥပါဒါန်=ဇာတိ စတာတွေ အဖန်ဖန် လည် ပတ် နေပုံ နဲ့ ဒါတွေ ရပ်တန့်ချုပ်ငြိမ်းပုံတွေ ကို သင်ကြားရပါတယ်။ သစ္စာလေးပါးရဲ့ ခွင် ထဲ မှာ ပဋိစ္စသမုပ္ပါဒ် အင်္ဂါတွေ ကို တင်လို့ ကမ္မ၀ိပဿနာ ဥာဏ် နဲ့ မြင်နိုင်အောင် ရှု ပွား ရ ပါတယ်။

(၁) ပွား ရ မှာ က မဂ္ဂ အရိယသစ္စာ ဖြစ်ပါတယ်။ သမာသော ကောင်းမြတ်သော မလွန်ကျူးသော ကံ (၈) ပါး ကို အားထုတ် ရမှာ ဖြစ်တယ်။ လူသား ရဲ့ နေ့စဉ်ဘ၀ မှ ရှိတဲ့ အယူအမြင်၊ အတွေးအကြံ။ အပြော အဆို။ အလုပ်အဆောင်။ သက်ဝင်ရှင်သန်မှု။ အားထုတ်မှု။ သတိရှိမှု နဲ့ တည်ကြည်မှု စတာ တွေ ကို သမာသော ကောင်းမြတ်သော မလွန်ကျူး သော ကံတွေ ဖြစ် အောင် တရပ်စပ် နေထိုင် အားထုတ် နေရ မှာ ဖြစ်ပါတယ်။ သတိ ပညာ ၀ီရိယ သမာဓိ စတာ တွေ ဦးစီးတဲ့ နေထိုင်မှု ဘ၀ဟန် ကို တည်ဆောက် ရ မှာ ဖြစ်တယ်။

(၂) အပွားခံ တရား က ဒုက္ခ အရိယသစ္စာ ဖြစ်ပါတယ်။ ကံ (၈) ပါး မှာ လွန်ကျူး မှားယွင်းနေခဲ့ ရင် ကာမသုခလ္လိက အစွန်း နဲ့ အတ္ထကိလိမထ အစွန်းတွေ ကို ကျရောက် မယ်။ လုပ်ပြီးတိုင်း ဆာလောင်လို့ ထပ်ထပ် လုပ်ချင် တဲ့ အနုယောဂ အကျင့်တွေ စွဲ နေမှာ ဖြစ် ပါတယ်။ ဒီ အကျင့် တွေ ကမ္မဘ၀ တွေ ကြောင့် ဇာတိတွေ ဖြစ်လဲ ဒီ ဇာတိတွေ က ကြာကြာမခံ ပဲ ပျက်စီးတယ် (အနိစ္စ) မိမိ ကို နှိပ်စက် နေတယ် (ဒုက္ခ) မိမိ ဘ၀ မိမိ အစိုးမရ အောင် သူတို့ က ကြိုးကိုင် ချယ်လှယ် နေတယ် (အနတ္တ) ဆို တဲ့ ဒုက္ခ အရိယသစ္စာ လက္ခဏာ တွေ ကို ပေါ်လွင် ထင်ရှားလာ အောင် မပြတ်သော သတိ နဲ့ စောင့်ကြည့်ပွားများ နေရ မှာ ဖြစ်ပါတယ်။

(၃) ပယ်အပ်တဲ့ တရား က သမုဒယ အရိယသစ္စာ ဖြစ်ပါတယ်။ ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် တွေ ကို ဖြစ်ပေါ်စေတဲ့ ကိလေသာ အစွဲတွေ ဖြစ်ပါတယ်။ ဒီနေရာ မှာ မိုးပြာဦးဥာဏ ရဲ့ အမြင် အရ ဆာလောင်မှုတိုင်း လိုချင်မှု တိုင်း ကို ကိလေသာ လို့ မသတ်မှတ်ပါဘူး။ သဘာဝတ္ထခန္ဓာတွေ (ဘုန်းဘုန်းစကားနဲ့ ဆို အဗျာကတ၀ိပါက် ခန္ဓာတွေ) က တောင်းဆို တာ မှန်သမျှ က သဘာဝ က တောင်း တာ ဖြစ်လို့ ပယ်ရန်မထိုက်တဲ့ (၀ါ) သမုဒယ အရိယသစ္စာ မဟုတ်တဲ့ တရားစုတွေ ပါပဲ။ အတ္တ မဟုတ်တဲ့ အတ္တ (သို့မဟုတ်) သဘာဝအတ္တ မှာ လာကပ်ငြိ နေတဲ့ အနတ္တ ဥပါဒါနက္ခန္ဓာ တွေက နေ တရိရှားရှား ဆာလောင် မွတ်သိပ် တောင့်တ နေ တာ တွေ က သာ ကိလေသာတွေ ပါပဲ။ ကာမတဏှာ နဲ့ အပို ဆာဒါး ကာမဂုဏ် သာယာမှု တွေ ကို တောင့်တ မယ်။ ဘ၀တဏှာ နဲ့ မိမိ ရဲ့ ဇာတိ သဏ္ဍာန် သတ္တ၀ါ ဘ၀ တည်မြဲ မှု တွေ ကို တောင့် တမယ် ၀ိဘ၀တဏှာ နဲ့ ဒီ ဘ၀ တွေ ကို အရှိမှတ်ထင်ပြီး ချုပ် မှ အေးမယ် ဆို ပြီးတောင့်တမယ် ပေါ့ ။ အစဉ်အလာ သမထ ၀ိပဿနာ အားထုတ်မှု တွေ ဟာတောင် ဒီ ကမ္မဘ၀ အမြင် ကို မရပဲ ရုပ်နာမ်ချုပ်ပြတ်ရေး ကို ဦးတည် အားထုတ် နေရင် ၀ိဘ၀တဏှာ ဖြစ်စေတယ်လို့ မိုးပြာဦးဥာဏ က ကောက်ယူ ပါတယ်။

(၄) ဆိုက်ရောက် အပ် တဲ့ တရား က တော့ နိရောဓ အရိယသစ္စာ ဖြစ်ပါတယ်။ ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် တွေ ရဲ့ ငြီးငွေ့ဖွယ် အနိစ္စ ဒုက္ခ အနတ္တ အသုဘ တွေ ကို မြင် ပြီး ကံကျူးမှု နဲ့ ၀ိပါက် အလေ့အကျင့် ကို ထပ် မကျော့ တော့ တဲ့ အခါ ကိလေသာ-ကံ-၀ိပါက် စက်ဝိုင်းကြီး ဟာ ကျိုးပျက် သွား ရပါတော့ တယ်။ ကိလေသာတွေ ကင်းစင် ငြိမ်းအေးတဲ့ အစွန်းလွတ်နေတဲ့ ကံ မကျူးတော့ တဲ့ လူသား ဟာ အရိယာ ဖြစ်ပါပြီ။ ဖြူစင်ရိုးသားယဉ်ကျေးမြင့်မြတ်သူ လို့ သတ်မှတ်လို့ ရ ပါပြီ။ ဒီလူ သား ဟာ လူ့ အောက် လျှော့ကျ လို့ ကာမတဏှာ တွေ နဲ့ ရစ်ပတ်နှောင်ဖွဲ့ ပြီးတော့ ကာမဘုံသားဆုံလည်နွား ဖြစ် နေရ တဲ့ ဘ၀ ကို လဲ ပယ်စွန့် ခဲ့ ပါပြီ။ လူ့ အထက် ကျော်လွန်မြင့်တက်လို့ ဘ၀တဏှာ ၀ိဘ၀တဏှာ ရူပရာဂ အရူပရာဂ တွေ နဲ့ ဈာန် မဟဂ္ဂုတ်တွေ ပဲ ပျော်ဝင် နစ်မွန်း နေတဲ့ လူလွန် အဖြစ် ကို လဲ ပယ်စွန့် ခဲ့ ပါပြီ။သူ ဟာ လူသား နဲ့ အတူ ဆုံး လူသား လူ့ယဉ်ကျေးမှု အဖွဲ့ အစည်းတိုင်း က လက်ခံ နိုင်တဲ့ လူသား ပရိုတိုတိုက်ပ် ဖြစ်လို့ သူ့ ကို သာမညလူသား (Universal Man) လို့ ပဲ ခေါ်နိုင် ပါတော့ မယ်။ ဤ ကမ္ဘာ မြေ၀ယ် နေခွင့် ရသမျှ နေရက် တွေ ကို လွတ်လပ် ပေါ့ပါးချမ်းမြေ့အေးငြိမ်းစွာ ရှင်သန် နေထိုင်သွားမဲ့ လူသား သာ ဖြစ်ပါတော့ တယ်။

မိုးပြာ ဦးဥာဏ က ဒါတွေ ကို မမြင်ပဲ ထေရ၀ါဒ ကို အပေါ်ယံ ရှပ်ပြီးတော့ တိုက်ခိုက်တဲ့ အခါ မှာ လူ အများ ကို လမ်းလွဲစေတယ် ဆိုတဲ့ဘုန်းဘုန်း ရဲ့ မှတ်ချက် နဲ့ ပတ်သက်ပြီးတော့ ပြော ရ ရင် မိုးပြာ ဦးဥာဏ က လဲ ထေရ၀ါဒ မဟာယာန စသည် တို့ ကို ထပ်တူ ပဲ စွပ်စွဲ ထား ပါတယ်။ သူ့ အမြင်မှာ ဘုရားရှင် ရဲ့ ကမ္မ၀ါဒ သာသနာ ဟာ ဘုရားရှင် လွန်တော်မူပြီးနောက် နှစ်ပေါင်း ၂၀၀ လောက် ပဲ တည်တယ်လို့ ဆို တယ်။ နှစ်ပေါင်း ၂၃၀၀ လောက် ဘုရားရှင် ရဲ့ ကမ္မ၀ါဒ သာသနာ ဟာ အကွယ်ခံ ရပြီး ဒီနေရာ မှာ ထေရ၀ါဒ မဟာယာန စသည် တို့ ရဲ့ ပရမတ္ထသာသနာ ပဲ ထွန်းကားခဲ့ တယ်လို့ ဆိုတယ်။ ဒီ ဟာ က အလွန် ၀န်လေး သော အဆို ဖြစ်ပါတယ်။ ထေရ၀ါဒ မဟာယာန စသည် တို့ ဟာ ဗုဒ္ဓဓမ္မ ကို နက်နဲစွာ မသိမြင်ပဲ လူ အများ ကို လမ်းလွဲစေတယ် လို့ ဆို တာ ဖြစ်လို့ ပါပဲ။ ဒီ အချက် က တော့ ထရ၀ါဒ မဟာယာန စသည် တို့ က ဆရာတော်ကြီးတွေ နဲ့ မိုးပြာ ဦးဥာဏ အကြိတ် အနယ် ဆွေးနွေးသင့်တဲ့ အချက်ပါ။ မိုးပြာ ဦးဥာဏ က ထေရ၀ါဒ က ဟိုး အတွင်း ကလီစာ အထိ အောင် ထိုးနှက် ထား တာ ဖြစ်ပါတယ်။ ဘုန်းဘုန်း က မိုးပြာ ဦးဥာဏ အရမ်း သနား မိတယ် လို့ ဆို သလို ပဲ မိုးပြာ ဦးဥာဏ က လဲ ထေရ၀ါဒ မဟာယာန စသည် တို့ ကို သနားမိတယ် လို့ ဆို ပါတယ်။ ဒါတွေ က တော့ ပုဂ္ဂလ ဓိဋ္ဌာန် အမြင်တွေ ပဲ မို့ တပည့်တော် အကျယ် မဆွေးနွေးတော့ ပါဘူး။
ဒီလောက် ဖတ်ရရင်တော့ မိုးပြာဓမ္မတရား ဘာလဲ ဆို တာ အကြမ်းဖျင်း သဘော ပေါက် လောက်ပီထင်ပါတယ်။ ရိုးရာ ထေရ၀ါဒ နဲ့ မဟာယာန တွေ ဟာ အခြေခံ အားဖြင့် သဿတဒိဋ္ဌိ ကို အခြေခံ ပြီး ဒါန သီလ တွေ ပါရမီတွေ ဟော နောက်မှ သမထ ၀ိပဿနာ နဲ့ သဿတဒိဋ္ဌိ ကို ဖြုတ်တဲ့ လမ်းစဉ် ဖြစ်ပါတယ်။ မိုးပြာဓမ္မတရား က ဥစ္ဆေဒ ဒိဋ္ဌိ ကို အောက်ခံ ကျောက်တုံး အနေနဲ့ တည်ဆောက် ထားတဲ့ ဓမ္မတရား ဖြစ်ပါတယ်။ ဒီ နှစ်ခု က တစောင်းစေး နဲ့ မျက်ချေး လို ပဲ ဖြစ်ပါတယ်။ အတူတကွ ယဉ်တွဲ လက်ခံ ဖို့ မဖြစ်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ် ဘုန်းဘုန်းဘုရား။

တပည့်တော် ကြုံကြိုက် ရင် မိုးပြာဓမ္မတရား ဝေဖန်ချက် တွေ ရေးပြီးတင်ပါဦးမယ်။ အလွန်ရှည်လျှားသော  ပြန်ကြားချက် ကို ခန္တီ မေတ္တာ လက်ကိုင်ထား ဖတ် ရှု ပေးသော ဘုန်းဘုန်း ဓမ္မအလင်း နဲ့ ဓမ္မ မိတ်ဆွေ အားလုံး ပျော်ရွှင်ချမ်းမြေ့ တရားတွေ့ ကြ ပါစေလို့ ဆု တောင်း လိုက်ပါတယ်။

မေတ္တာဖြင့်

အောင်ကျော်မိုး (ဓမ္မနဒီ)