Friday, August 24, 2012

စိတ္တ-စိတ် ၏ အနှစ်သာရ သိခြင်းသဘာဝ


စိတ္တ-စိတ် ၏ အနှစ်သာရ သိခြင်းသဘာဝ
(လင်းထက်ဆွေ နားလည်မှုပြု၍ ပြန်ဆိုသည်။)

(ထိုင်း အရည၀ါသီဂိုဏ်း (Thai Forest Tradition) မှ ဆရာတော်ကြီးတစ်ပါးဖြစ်သော အာဂျန် မဟာဘိုးဝ (Ajahn Maha Boowa) ၏ စိတ်သဘာဝ ဆိုင်ရာ သင်ကြားချက်များစွာထဲ မှ အချို့ ကို ကောက်နုတ်ဖေါ်ပြအပ်ပါသည်။)

အရာခပ်သိမ်းတို့အနက် အရေးအပါဆုံးသောတရားသည်ကား  စိတ် ၏ အနှစ်သာရ သိခြင်းသဘာဝ (the mind’s essential knowing Nature)ပေတည်း။ ယင်း အခြေခံသဘာဝတရားသည် သိခြင်းသက်သက်သဘောမျှသာဖြစ်၏။ ကောင်းမှု နှင့် ဆိုးမှု တို့ ကို သိခြင်း ပိုင်းခြားဝေဖန်ဆုံးဖြတ်နိုင်ခြင်း တို့ သည် စိတ္တ ၏ အမူအရာ လက္ခဏာများ ဖြစ်ကြ၏။ တစ်ခါတစ်ရံတွင် ယင်း အမူအရာ လက္ခဏာများသည် သတိသမ္ပဇဉ် သဘော အနေဖြင့်ပေါ်လွင်လာတတ်၏။ တစ်ခါတစ်ရံ တွင်မူ ယင်း အမူအရာ လက္ခဏာများသည်ဥာဏ်ပညာ အသွင် ဖြင့်ပေါ်လွင်လာတတ်၏။

သို့သော်လည်း စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘော(The Nature of Mind) သည်ကား မည်သည့်အခါ မှ မည်သည့် အသွင်သဏ္ဍာန် လက္ခဏာ ဖြင့်မှ ဖေါ်ဆောင်လာတတ်ခြင်း မရှိချေ။ယင်းသည် အဖြစ်အပျက်တို့ ကို သိရုံမတ္တ သိနေခြင်းမျှ သာတည်း။ စင်စစ်အားဖြင့် စိတ္တသည် အစမရှိ (အနာဒိ) အဆုံးမရှိ (အနန္တ) အပိုင်းအခြားမရှိ (အပ္ပမာဏ) ပုံပန်းသဏ္ဍာန်မရှိ (အနိမိတ္တ) ဖြစ်ပေါ်ခြင်းမရှိ (အနုပ္ပါဒ) ချုပ်ပျက်ခြင်းမရှိ (အနိရောဓ) သော ပကတိ အတိုင်းတိုင်းရှိသော ဓမ္မတရားဖြစ်၏။

စိတ္တ မှ ထွက်ပေါ်လာသော ကောင်းမှု နှင့် ဆိုးမှု တို့ ကို သိခြင်း ပိုင်းခြားဝေဖန်ဆုံးဖြတ်နိုင်ခြင်း တို့ သည် ၎င်း ချမ်းသာခြင်း နှင့် ဆင်းရဲခြင်း ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်း တို့ ကို ခံစားတတ်ခြင်း တို့ သည်၎င်း အသိစိတ် (consciousness) ၏ သက်ဝင်လှုပ်ရှား နေမှုများသာ ဖြစ်ပြီး ယင်းတို့ သည် တည်ငြိမ်သော လက္ခဏာ မရှိကြချေ။

အကြောင်းအကျိုးတရားတို့ ၏ ဖြစ်ပေါ်ခြင်း ချုပ်ပျက်ခြင်း သဘောတို့ ကို သိရှိ မှတ်သား နေခြင်းသည် ၀ိညာဏ ၏ လုပ်ငန်း ဖြစ်ပါ၏။ ဥပမာအားဖြင့် ၀ိညာဏ သည် အဆင်း အနံ့ အသံ အရသာ အထိအတွေ့ စသော ဆိုင်ရာ အာရုံငါးပါး တရားစုတို့ နှင့် အတွင်းဒွါရများ တိုက်ဆိုင် ရာမှာ ဖြစ်သော အာရုံသိချက်များ ကို မှတ်တမ်းတင်၏။ ထို့ကြောင့် ၀ိညာဏ သည် စိတ္တ ၏ ပေါ်လွင်လာသော အခြေအနေ တစ်ခု ဖြစ်ပါ၏။ ၀ိညာဏ နည်းတူ သင်္ခါရ သည်လည်း စိတ္တ ၏ ပေါ်လွင် လာသော အခြေအနေ တစ်ခု ဖြစ်ပါ၏။

လိုအပ်သော အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းလေတိုင်း ၀ိညာဏ သင်္ခါရ သညာ ဝေဒနာ စသော စိတ္တ ၏ ယာယီ လက္ခဏာအသွင် များသည် (စိတ္တ မှ) ထွက်ပေါ်၍ လာတတ်၏။ အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှု မရှိလတ်သော စိတ္တ သည် မိမိ ၏ ပင်ကိုယ်ပကတိသဘာဝအတိုင်း သိမှုသဘောသက်သက် အနေဖြင့်သာတည်ရှိနေ၏။

သို့သော်လည်း သာမန်ပုထုဇဉ် သတ္တ၀ါ တို့၌ ရှိသော စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘောသည် ရဟန္တာ အရိယာ သူတော်စင်ပုဂ္ဂိုလ် တို့၌ ရှိသော စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘော နှင့် လွန်စွာခြားနားလေသည်။ သာမန် ပုထုဇဉ် သတ္တ၀ါ တို့၌ ရှိသော စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘောသည် ကိလေသာ အာသ၀ အညစ်အကြေး တို့ဖြင့်ကပ်ငြိ လိမ်းကျံလျှက် ရှိလေ၏။ ခီဏာသ၀ါ ဖြစ်တော်မူသော ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် တို့၌ ရှိသော စိတ်၏ ပကတိသဘာဝ အစစ်အမှန်သဘော သည်ကား ကိလေသာ အာသ၀ အညစ်အကြေးတို့လုံးဝ မရှိပဲ အလွန် သန့်ရှင်းစင်ကြယ်စွာ ဖြင့် တည်ရှိ၏။

ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် တို့၏ သိမှု သဘောသည် လွန်ကျူးဖေါက်ပြန်မှု အလျဉ်းမရှိသော သိမှုသဘော သက်သက် အနေဖြင့်သာတည်ရှိနေ၏။ ယင်းသိမှုသဘော သည် အမြတ်ဆုံးသော သိမှုသဘောလည်း ဖြစ်ပါ၏။ ပြည့်စုံသော ချမ်းမြေ့ ပျော်ရွှင်မှု ကိုလည်း ဖန်တီးပေး၏။ ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် ၏ ညစ်ကြေးကင်းစင်သော စိတ်နှင့်လည်း အလျှော် ဖြစ်စေ၏။ ယင်း ပြည့်စုံသော ချမ်းမြေ့ပျော်ရွှင်မှု သည် မည်သည့် အခါမှ ပျောက်ဆုံးရွေ့လျော ပျက်ပြယ် သွားခြင်းမရှိသော အစ္စုတသဘာဝတရား ဖြစ်ပါ၏။

ယင်း ပြည့်စုံသော ချမ်းမြေ့ပျော်ရွှင်မှု သည် လိုအပ်သော အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်ချုပ်ငြိမ်း တတ်သော သင်္ခတ တရားများကဲ့သို့ ပျက်းစီးပြောင်းလဲခြင်းမရှိချေ။မတည်မြဲခြင်းသဘော(အနိစ္စ) ဆင်းရဲခြင်းသဘော(ဒုက္ခ) အစိုးမရ အနှစ်သားမဲ့ခြင်းသဘော(အနတ္တ) တို့၏ ဖိစီးနှိပ်စက်ခြင်း လည်း အလျှဉ်းမရှိချေ။စိတ် ကို အဆုံးစွန်သော အခြေအနေ ထိ သန့်ရှင်းစင်ကြယ်စေပြီးသော အရိယာသူတော်စင်တို့ ၏ သဏ္ဍာန်တွင် ဤလောကီ သင်္ခါရတရားများ ၏ လက္ခဏာများသည် ၀င်ရောက်ပူးကပ်နိုင်ခြင်းမရှိချေ။

စိတ္တ သည် ဘ၀ သံသရာ ၏ အခြေခံအုတ်မြစ်ပမာလည်း ဖြစ်ပါ၏။ မွေး ခြင်း နှင့် သေခြင်း တို့ တရစပ် ပူးကပ်နှိပ်စက် အပ်သော ဒုက္ခဖြစ်စဉ် ကို ဖြစ်ပွားစေသူ လက်သည်တရားခံ အ၀ိဇ္ဇာ၏ တည်မှီရာလည်း ဖြစ်ပါ၏။ ဘ၀သံသရာ ဟူသည်ကား ဥပါဒါန်ကြောင့် ကမ္မဘ၀ ဖြစ် ကမ္မဘ၀ကြောင့် ဇာတိ ဖြစ်စေသော ကိလေသာ-ကမ္မ-၀ိပါက တရားတို့ မရပ်မစဲ တစ်ဝဲ၀ဲလည်ပတ်နေခြင်း သဘောသာ ဖြစ်ပါသည်။

ကမ္မသတ္တိ သည် စိတ္တ ကို စိုးမိုးချုပ်ကိုင်ထားလျှက် ကံစေရာသို့ ပြေးသွားနေရလေ၏။ ကမ္မသတ္တိ ၏ ကြိုးကိုင်ရာမှ မလွတ်နိုင်သေး သရွေ့ စိတ္တ သည် ကံ၏ ကျေးကျွန်သဖွယ်သာဖြစ်ပါ၏။ ဤနေရာတွင် ကံ၏ နှောင်ဖွဲ့မှုကို ဖြတ်တောက်ပြီးသော ခီဏာသ၀ါ ဖြစ်တော်မူသော ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် သည် ချွင်းချက်ဖြစ်၏။ သူ၏ စိတ္တ သည်ကား ကမ္မသတ္တိ စိုးမိုးချုပ်ကိုင် ရာ နယ်ပယ် ကို လုံးဝလွန်မြောက်လျှက် ရှိပြီး ဖြစ်ပေါ်ချုပ်ငြိမ်းတတ်သော သင်္ခတ တရားများ နှင့်လည်း လုံးဝ ဆက်စပ်မှီတွယ်မှု မရှိတော့ချေ။ ဤ အဆင့်တွင် ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ်တို့ ၏ စိတ္တ သည် မည်သည့်အရာ နှင့်မျှ တွယ်ငြိခြင်းမရှိ တော့ချေ။

စိတ္တ ၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်တွင် အာသ၀အညစ်အကြေးများ အကြွင်းမရှိအောင်စင်ကြယ်လတ်သော် စိတ္တ သည် မိမိ ၏ ပင်ကိုယ်ပကတိသဘာဝအတိုင်း သိမှုသဘောသက်သက်စွမ်းအား အပြည့် နှင့် သိနိုင်စွမ်းရှိပေ၏။ ထိုသို့သိရှိခြင်းသည် စိတ္တ၏ အထွဋ်အထိပ်သို့ ရောက်ရှိခြင်းလည်းဖြစ်၏။ အကြွင်းမဲ့ စင်ကြယ်မှု အဆင့်တွင် စိတ္တ သည် ထာဝရပြီးပြည့်စုံခြင်းသို့ ရောက်လေ ၏။ ဤသို့ အားဖြင့် စိတ္တ သည် တစ်ဘ၀ပြီးတစ်ဘ၀ ခန္ဓာ အစု တစ်ခုပြီးတစ်ခု ကူးပြောင်းကျင်လည် နေရသော ဘ၀ထိုထိုတို့၏ သံသရာ မှလည်း အပြီးတိုင်လွတ်မြောက်လေ၏။ အိုခြင်း နားခြင်း သေခြင်းတည်းဟူသော ဆင်းရဲဒုက္ခ အစုအဝေးတို့၏ တရစပ် လည်ပတ်နေမှုလည်း အပြီးတိုင် ရပ်စဲလေ၏။

အဘယ်ကြောင့်ဤသို့ ရပ်တန့်ချုပ်ငြိမ်းရပါသနည်း။ အဘယ်ကြောင့်ဆိုသော် စိတ္တ ၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်တွင် အာသ၀ အညစ်အကြေးများ အကြွင်းမရှိအောင်စင်ကြယ်သွားသောကြောင့် သာ ဖြစ်၏ ဟု ဆိုရပေမည်။ ခန္ဓာ အစု တို့ ၏ အပြီးတိုင်
ချုပ်ငြိမ်းမှု နောက်ဝယ် ကျန်ရစ်ခဲ့သည်ကား မွေးခြင်း နှင့် သေခြင်း တို့ မှ ထာဝရ လွတ်မြောက်ခဲ့ပြီဖြစ်သော သိမှုသဘော သက်သက်သာရှိသော စိတ္တ ပင် ဖြစ်၏။ စိတ္တ ၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်တွင် အာသ၀အညစ်အကြေးများ အကြွင်းမရှိအောင် မစင်ကြယ်သေးသရွေ့ ဘ၀သစ်တစ်ဖန်ပြန်လည် မွေးဖွားရခြင်းသည် မရှောင်လွဲနိုင်သော အရာဖြစ်၏။

အချို့က နတ္ထိက၀ါဒ လောကအမြင် ကို လက်ခံ၍ ဘ၀သစ်တစ်ဖန်ပြန်လည် မွေးဖွားရခြင်းသည် မဖြစ်နိုင်သော အရာ အဖြစ် ငြင်းဆန်လိုကြ၏။ သို့သော်လည်း မိမိ ၏ ဒိဋ္ဌိအမြင်သက်သက် သည် သဘာဝတရားအတိုင်း ရှိနေသော စိတ္တ ၏ ပကတိသဘာဝ သိမှုသက်သက်သဘော ကို ငြင်းပယ်ရန် မဖြစ်နိုင်ချေ။ စိတ် ၏ သိခြင်းသဘာဝ အနှစ်သာရ သည် တွေးတောကြံဆမှုသက်သက် ဖြင့် သိအပ်သော သဘောလည်း မဟုတ်ပေ။ လူအများ၏ အညီအညွတ်သတ်မှတ်ပညတ် အပ်သောအားဖြင့် တည်ရှိနေသည် လည်းမဟုတ်ပေ။ ကမ္မသတ္တိ ၏ စေစားမှု အတိုင်း ဖြစ်တည်နေရသော စိတ် ၏ သိခြင်းသဘာဝ အနှစ်သာရ သည် သတ္တ၀ါတိုင်း၏ သဏ္ဍာန်တွင် တူညီစွာ ကိန်းဝပ်တည်ရှိနေပြီး ၎င်း သည် တွေးတော ကြံဆမှုသက်သက်သဘောကို လွန်မြောက်နေသော ဓမ္မတရားလည်း ဖြစ်ပါသည်။

ယင်း သဘာဝတရား တည်ရှိနေ သောကြောင့်ပင် ဝေနေယျသတ္တ၀ါ အများသည် ကြမ်းတမ်းသောဘုံဘ၀ (ရေ မြေ လေ နေ တ္တ၀ါများ) နူးညံ့သိမ်မွေ့သော ဘုံဘ၀ (နတ်ဗြဟ္မာ ပေတ အသူရကာယ် ဘ၀) အသီးသီးတို့တွင် စုန်ချည်ဆန်ချည် ကျင်လည် လျှက် ရှိကြကုန်သည် သာဖြစ်၏။ နူးညံ့သိမ်မွေ့သော ဘုံဘ၀ များသည် သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သိမ်မွေ့ နူးညံ့ ကြသော် လည်း စိတ္တ အနေဖြင့် ကမ္မသတ္တိ၏ အစွမ်းအားဖြင့် ထို ဘုံဘ၀များ၌ မွေးဖွားရန် မခက်ခဲလှချေ။ ဆိုင်ရာ အကျိုးကို ပေးစေတတ်သော ကမ္မသတ္တိ၏ အစွမ်းအားဖြင့် သာ စိတ္တသည် ဘ၀ သံသရာချားရဟတ် ကို လည်ပတ်နေစေရလေ၏။

စိတ္တ၏ အရှိတရားသည် အလွန်တရာနူးညံ့သိမ်မွေ့လှသောကြောင့် စိတ္တ၏ သဘောသဘာဝ ကို သာမန်အားဖြင့်မသိနိုင်ပဲ အလွန်တည်ကြည်ငြိမ်သက်သော သမာဓိတွင်တည်နေသော အခြေအနေတွင်သာ စိတ္တ၏ သဘောသဘာဝ ကို အပြည့်အစုံ သိရှိနိုင်၏။ ကမ္မဋ္ဌာန်းဘာဝနာတွင် နာနေအောင်စိမ့်ထုံပွားများထားသူများပင် စိတ္တ၏ သဘောသဘာဝ ကို မသိနိုင်ကြပဲ ရှိ၏။ စိတ္တ သည် ရုပ်ကိုယ်ကာယထဲတွင် တည်ရှိနေသယောင်ဖြစ်သော်လည်း ၎င်း၏ တည်နေရာ အတိအကျ ကို မညွှန်ပြနိုင်ပေ။ ဤမျှလောက်ပင် စိတ္တ၏ အရှိတရားသည် အလွန်တရာနူးညံ့သိမ်မွေ့ ပါ၏။

စိတ္တသည် ရုပ်ကိုယ်ကာယ တစ်ခုလုံးတွင် နေရာမလပ် ဖုံးလွမ်းနေသောကြောင့် မည်သည့်နေရာ အပိုင်းသည် စိတ္တ၏ တည်နေရာ ဖြစ်ရမည်ဟု တပ်အပ် သေချာ ပြောဆို မရနိုင်အောင်ဖြစ်ပါ၏။ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု မှန်ကန်မှသာ စိတ္တ ၏ အရှိတရား နှင့် ရုပ်ကိုယ် ကာယ သည် တစ်သီးတစ်ခြားစီ ဖြစ်ကြောင်း ကို သိရှိနိုင်၏။ဤကဲ့သို့ ရုပ်တရား နှင့် နာမ်တရားတို့ သီးခြား ဖြစ်တည်သော သဘာဝသည်  ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု အဆင့်တစ်ခုတွင် သိရသော အသိအမြင် ဖြစ်၏။

နောက်တစ်ဆင့်တွင်မူ စိတ္တ သည် ရုပ်ကာယ (ရူပက္ခန္ဓာ) နှင့် တစ်သီးတစ်ခြား ကွဲပြားလျှက် ရပ်တည်နိုင်သော အဆင့်ဖြစ်၏။ ဤအဆင့်တွင် စိတ္တ သည် ရုပ်ကာယ (ရူပက္ခန္ဓာ) နှင့် မဆက်သွယ်တော့ သော်လည်း အခြားသော နာမက္ခန္ဓာတရားများ ဖြစ်သည့် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ စသော တရားစုများနှင့်မူ သီးခြားကွဲပြားစွာမရပ်တည် နိုင်သေးချေ။ ဤအဆင့်တွင် စိတ္တ သည် ပညာဥာဏ်၏ ပိုင်းခြားစိတ်ဖြာရှုမြင်နိုင်စွမ်းအားဖြင့် ရုပ်ကာယ (ရူပက္ခန္ဓာ) သည် အတ္တ-အတ္တနိယ မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာမြင်နိုင်သော်လည်း ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ စသော တရားစုများနှင့်မူ ကင်းကွာ၍ မတည်ရှိနိုင် သေးချေ။

စိတ္တ သည် ပညာဥာဏ်၏ ပိုင်းခြားစိတ်ဖြာရှုမြင်နိုင်စွမ်းအားကို ဆက်လက်တိုးချဲ့ နက်ရှိုင်းစေသောအခါတွင် စိတ္တ သည် နာမက္ခန္ဓာ တရားများ တစ်သီးတစ်ခြား ကွဲပြားလျှက် ရပ်တည်နိုင်သောအဆင့် ကို ရောက်ရှိလာပါသည်။ ယင်းသည် မိမိ ကိုယ်တိုင်ကျင့်ကြံ အားထုတ်ကာ လက်တွေ့သိမြင်နိုင်သော သန္ဒိဋ္ဌိက တရားဖြစ်ပြီး စိတ္တ သည် ခန္ဓာ (၅) ပါးစလုံး နှင့် ကင်းလွတ်တည်ရှိနိုင်သော အခြေအနေဖြစ်သည်။ ဤအဆင့် သည် တတိယအဆင့် အားဖြင့် သီးခြားကွဲပြားခြင်း ဖြစ်၏။

နောက်ဆုံး (အမြင့်ဆုံး) အဆင့်တွင် ကျွန်ုပ်တို့၏ အမြင်မှောက်မှားမှုအားလုံး ၏ မူလအခြေခံဖြစ်သော သိမှုသဘော အားလုံးတွင် စိမ့်ဝင်ပျံ့နှံ့နေသော အ၀ိဇ္ဇာ တရား ဆီသို့ စိတ်အာရုံ ကို စူးစိုက်စေ နိုင်သည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် အ၀ိဇ္ဇာ ၏ အမည် နာမ ကို သိသေည်လည်း ယင်း အ၀ိဇ္ဇာ သည် စိတ္တ ၏ အတွင်းအဇ္ဈတ္တ၌ ပုန်းကွယ်ကိန်းအောင်းနေသည် ကိုမူ မသိရှိကြချေ။ စင်စစ် ယင်း အ၀ိဇ္ဇာသ၀ တရားသည် ပြင်းထန်သော အဆိပ်ကဲ့သို့ စိတ္တ၏ သဏ္ဍာန်၌ စိမ့်ဝင်ပျံ့နှံ့နေလေသည်။  ယင်းသည် ကျွန်ုပ်တို့၏ အသိဥာဏ်တွင် မထင်ရှားသောလည်း စိတ္တအတွင်း ကိန်းအောင်းတည်ရှိနေ၏။

ယင်း အဆိပ်အတောက် ကို သတိ ၀ီရိယ ပညာ တို့၏ ပေါင်းစည်းစွမ်းအားဖြင့်သာ အကြွင်းမရှိနုတ်ပယ်နိုင် ပေ၏။ ဤသို့ နုတ်ပယ်ခြင်းအားဖြင့်  နောက်ဆုံးအဆင့်တွင် ကျွန်ုပ်တို့ သည် စိတ္တ ကို အ၀ိဇ္ဇာ နှင့် လုံးဝ တစ်သီးတစ်ခြား ကွဲပြားစေနိုင် ပါ တော့သည်။ စိတ္တ နှင့် တွဲစပ်နေသော အရာများ အားလုံး နှင့် စိတ္တ ၏ အတွင်းသဏ္ဍာန်တွင် ကပ်ငြိနေသော အရား အားလုံး ကို သန့်စင်ဖယ်ရှားနိုင်ခြင်းသည် နောက်ဆုံး အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခြင်းပင်ဖြစ်၏။ ဤအဆင့်၌ ရရှိအပ်သော သီးခြား ကွဲပြားခြင်း သဘောသည် ပြန်လည်ဆုံးရှုံးနိုင်ခြင်းမရှိတော့သော သီးခြားကွဲပြားခြင်းသဘော ဖြစ်သည်။ စိတ္တ ကို ထိုထက် ပို၍ သန့်စင်ရန် ထပ်မံအားထုတ်စရာလည်း မရှိတော့ချေ။ စိတ္တ၏ စစ်မှန်သော အဆုံးစွန်သောလွတ်မြောက်ခြင်း (ပရမာနုတ္တရ ၀ိမုတ္တိ) လည်း ဖြစ်လေသည်။

မိမိ ၏ ရူပကာယ ကိုယ်ခန္ဓာ ဖျားနာသော အခါ ရုပ်ဓါတ်သဘာဝတရားများ ကို သာ ထိခိုက်မှု ရှိကြောင်း ကျွန်ုပ်တို့ ကောင်းစွာ သိ၍ ရောဂါလက္ခဏာ များအပေါ်၌ တုန်လှုပ်မှုမရှိချေ။ သာမန်အားဖြင့် ရူပကာယ ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်သော ဒုက္ခဆင်းရဲ ဝေဒနာများသည် စိတ်ဆင်းရဲခြင်းနှင့် ဒေါမနဿဝေဒနာ များ ကို ဖြစ်ပေါ်စေ၏။

သို့ရာတွင် စိတ္တ သည် ခန္ဓာတရားစုများမှ ပကတိလွတ်မြောက်သွားသော အခါဝယ် ရုပ်နာမ်ခန္ဓာများ က ဆင်းရဲခြင်းကို ခံစားနေရ သော်လည်း စိတ္တသည် ၎င်းတို့ နှင်မရောစပ်ပဲ တစ်သီးတစ်ခြားစီဖြစ်တည်လျှက် ချမ်းသာစွာ နေနိုင်၏။ ခန္ဓာတရားစုများ မှ ခွာ၍ ရှိနေနိုင်စွမ်းသည် စိတ္တ၏ အဆုံးစွန်သော လွတ်လပ်ခြင်းလည်း ဖြစ်၏။

စိတ္တသည် ပင်ကိုယ်ပကတိသဘာဝအားဖြင့် တောက်ပ သန့်ရှင်းစင်ကြယ်သော ဓမ္မတရား ဖြစ်သောကြောင့် အရာရာကို သဘာဝ အလျှောက်ထိတွေ့တုန့်ပြန်ရန် အမြဲအသင့်ဖြစ်နေ၏။ အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်ချုပ်ငြိမ်းတတ် သော သင်္ခတ တရားများ သည် ယိုယွင်းပျက်စီးခြင်း (အနိစ္စ) ဆင်းရဲခြင်း(ဒုက္ခ) အစိုးမရ အနှစ်သာရမဲ့ခြင်း (အနတ္တ) တည်းဟူ သော သာမညလက္ခဏာတရားများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော်လည်း စိတ် ၏ ပကတိ အစစ်အမှန် သဘာဝတရား သည်ကား ယင်း လက္ခဏာ နိယာမတရားများမှ လုံးဝလွတ်မြောက်နေလေ၏။

စိတ္တ သည် အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်ချုပ်ငြိမ်းတတ်သော သင်္ခတ တရားများ နှင့် ရောယှက် ပေါင်းစပ် နေသော အခိုက်အတန်ပများတွင်သာ ယိုယွင်းပျက်စီးခြင်း (အနိစ္စ) ဆင်းရဲခြင်း(ဒုက္ခ) အစိုးမရ အနှစ်သာရမဲ့ခြင်း (အနတ္တ) တည်းဟူသော သာမညလက္ခဏာတရားများ၏ ထိုးကျင့်နှိပ်စက်မှု ကို ခံရ၏။ သို့ဖြစ်ပါသော်လည်း စိတ္တ ၏ ပကတိ သဘာဝ သည်  သင်္ခတ တရားများ ကဲ့သို့ ဖြစ်ပေါ်ခြင်း ပျက်စီးခြင်း မရှိချေ။

စိတ္တ ၏ တရားကိုယ်အနှစ်သာရ သည် သေပျက်ခြင်းမရှိသော အမတဓမ္မ ဖြစ်၏။ ယင်း သဘာဝ သည် မည်သည့်အခါမျှ ယိုယွင်း ဖေါက်ပြန်ပျက်စီးခြင်းမရှိတတ်ချေ။ ယိုယွင်းဖေါက်ပြန်ပျက်စီးခြင်းသဘော ကို ကျော်လွန်နေသော စိတ္တသည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော သင်္ခတဓမ္မ တို့၏ လက္ခဏာ နှင့် နိယာမ သဘောများ ကိုလည်း ကျော်လွန်နေ၏။ သို့သော်လည်း စိတ္တ သည် အနှီ သင်္ခတဓမ္မတရားများနှင့် တစ်သားတည်းထွေးရောယှက်တင်ပေါင်းစပ် နေသောကြောင့် ကျွန်ုပ်တို့သည် ယိုယွင်းဖေါက်ပြန် ပျက်စီး ခြင်း သဘော ကို ကျော်လွန်နေသော စိတ္တ ၏ သဘာဝအမှန်ကို အသိမရောက်နိုင်ကြခြင်းဖြစ်ပါ၏။                             

ကိလေသာ အညစ်အကြေးတို့ဖြင့် လိမ်းကျံကပ်ငြိနေသော စိတ္တသည် ဇာတိ နှင့် မရဏ တို့ ကို ကြုံတွေ့ဖြတ်သန်း နေရပါ၏။ သို့ရာတွင် ကိလေသာ အာသ၀တရားတို့သည် အ၀ိဇ္ဇာ ၏ အကြောင်းအမွန်အစတရားများ ဖြစ်ကြသော ကြောင့် ကျွန်ုပ်တို့သည် ဤ သစ္စာတရား ကို မသိနိုင်ကြခြင်းဖြစ်၏။  ကျွန်ုပ်တို့ ၏ အဓိက ပြဿနာ (စိတ္တ ၏ အဓိက ပြဿနာ) မှာ မိမိ ၏ ပကတိ သဘာဝအစစ်အမှန် ကို မိမိဘာသာမိမိ ပြန်မသိနိုင်ခြင်း ဖြစ်၏။ ဤသို့ဖြင့် စိတ္တသည် ကိလေသာတရားတို့ လှည့်စား ဖေါ်ပြသော အတုအယောင်တရား (မောသဓမ္မ) များနှင့် ထွေးလုံးရစ်ပတ်လျှက် မိမိ သဘာဝ အမှန် ကို မေ့လျှော့နေလေ၏။
ကိလေသာတရားတို့၏ ဖျားယောင်းမှုကို အဟုတ်အမှန်ထင်နေသော စိတ္တ သည် ချစ်ခြင်း မုန်းခြင်း ကြောက်ခြင်း စသော တရားစု များ ကို ရင်ဆိုင်နေရ၏။ရှင်ခြင်း နှင့်သေခြင်းတို့ ကို ကြောက်ရွံ့လာ တတ်၏။ နာကျင်မှု ကြီးငယ် ကိုလဲ ကြောက်ရွံ့ လာတတ်၏။ စိတ္တ သည် အသေးငယ်ဆုံးသော အနှောက်အယှက်ကလေး ကိုပင် ခံနိုင်စွမ်းမရှိ ဖြစ်လာခဲ့၏။ အကျိုးဆက်အားဖြင့် စိတ္တသည် စိတ်ဆိုးစိတ်ဆာစိတ်မိုက်များဖြင့်သာ အပြည့်အ၀ ဖုံးလွှမ်းခံနေရသော အဖြစ်သို့ရောက်ရှိလာလေ၏။ စိတ်ဆိုးစိတ်ဆာ စိတ်မိုက် များ သည် စိတ္တ ၏ ပင်ကိုယ်သဘာဝမဟုတ်သော်လည်း စိတ္တကို ကပ်လျှက် ဖိစီးနှိပ်စက်နေလေ၏။

စိတ္တ ၏ အတွင်းသဏ္ဍာန်တွင် ကပ်ငြိနေသော စိတ်ဆိုးစိတ်ဆာစိတ်မိုက်များ အားလုံး ကို သန့်စင်ဖယ်ရှားနိုင်ခြင်းဖြင့် သာ စိတ္တ သည် အကြောက်တရား နှင့် ပူလောင်မှု သောကပရိဒေ၀ ဒေါမနဿတရားစုများ မှ လွတ်မြောက်နိုင် ပေလိမ့်မည် ဖြစ်ပါ၏။ ဤသို့အားဖြင့်သာ စိတ်ဆိုးစိတ်ဆာစိတ်မိုက်များ ချုပ်ငြိမ်းပြီး စိတ္တ သည် အချိန်ကာလ နှင့် နေရာဒေသ တို့ မှ ကင်းလွတ်ရပ်တည် နေသော မိမိ ၏ ပကတိအစစ်အမှန်သဘာဝ ကို မျက်မှောက်ပြုနိုင်ပေမည်။ အဆုံးစွန်သော အခြေအနေ၌ ဤ ပကတိအစစ်အမှန် သဘာဝ မှ လွဲ၍ မည်သည့်အရာမျှ ပရမတ္ထသဘောအရ မရှိကြောင်းလည်း သိမြင်လာပေလိမ့်မည်။

ဤသဘာဝ သည်သာ “စစ်မှန်သော စိတ္တ” ဖြစ်၏။ “စစ်မှန်သော စိတ္တ” ဟူသည်မှာ လည်း ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် တို့၌ ရှိသော “သဥပါဒိသေသ နိဗ္ဗာနဓါတ်” ကိုပင် ဆိုလိုခြင်းဖြစ်၏။ အခြားမည်သည့် အရာကိုမျှ “စစ်မှန်သော စိတ္တ” ဟူ၍ နာမပညတ်ရန် မထိုက်တန်ချေ။

မူလပကတိစိတ္တ (Original Citta) ဟူသည် သံသရာ ဘ၀ ထိုထို ၌ ကျင်လည်ရွေ့လျားနေသော စိတ္တ၏ ပင်ကိုယ်မူလသဘာဝ ကို ဆိုလိုပါ၏။ ((ရဟန်းတို့ မူလပကတိစိတ္တ သည် အနှစ်သာရအားဖြင့် ပြိုးပြက်တောက်ပ သော်လည်း ကိလေသားတရားစုတို့ဖြင့် လိမ်းကျံကပ်ငြိသောကြောင့် ညစ်နွမ်းရလေ၏)) ဟု ရှင်တော်ဗုဒ္ဓကဟောကြားခဲ့ရာတွင် ဤ  စိတ္တ၏ ပင်ကိုယ်မူလသဘာဝ ကို ရည်ညွှန်းကာ ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။

ဤနေရာတွင် မူလပကတိစိတ္တ ဟူသည် သမ္မုတိသစ္စာ ကို ဖြစ်ပေါ်စေသော အရင်းမူလတရားအဖြစ် ညွှန်းဆိုပြီး အကြွင်းမဲ့ သန့်ရှင်းစင်ကြယ်မှု (ပရိသုဒ္ဓိ) (Absolute Purity) ကို ဆိုလိုသည်မဟုတ်ချေ။ ရှင်တော်ဗုဒ္ဓက မူလပကတိစိတ္တ ကို ပဘဿရ (တောက်ပ) သောအရာဟုသာဆိုခဲ့၏။ တောက်ပခြင်းသည် သန့်စင်ခြင်းမဟုတ်ပေ။ ရှင်တော်ဗုဒ္ဓက  မူလပကတိ စိတ်ကို တောက်ပသောစိတ် အနေဖြင့် သတ်မှတ်ခဲ့ပြီး စင်ကြယ်သောစိတ်အဖြစ် မဆိုခဲ့ခြင်းသည် အလွန် ကြောင်းကျိုးဆီလျှော်သော သင်ကြားချက်ဖြစ်လေသည်။

အကယ်၍ ရှင်တော်ဗုဒ္ဓက တောက်ပသောစိတ် နှင့် စင်ကြယ်သောစိတ် အတူတူပင် ဖြစ်သည်ဟု ဟောကြားခဲ့ပါက စိတ္တသည် နဂိုကတည်းက စင်ကြယ်နေပါက အဘယ်ကြောင့် ကိလေသာတို့နှင့်ရောစပ်၍ မွေး-သေ သံသရာ၌ ကျင်လည်ရပါသနည်း ဟု စောဒက တက်ကြပေလိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်၏ စိတ္တ သည် အကြွင်းမရှိ စင်ကြယ်သောကြောင့် မွေး-သေ သံသရာ၌ ကျင်လည် ရန်မလိုတော့ချေ။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်၏ စိတ္တသည် နဂိုမူလကတည်းက စင်ကြယ်ပြီးဖြစ်ခဲ့ပါက သူသည် အရိယာ မဂ္ဂ အကျင့်မြတ် ကို ကျင့်၍ စိတ္တကို စင်ကြယ်စေရန် အားထုတ်စရာလိုအပ်မည် မဟုတ်ပေ။

အဖြေမှန်မှာကား တောက်ပသောစိတ်သည် စင်ကြယ်သောစိတ် မဟုတ်ပဲ အနှစ်သာရသဘာဝ အားဖြင့် သစ္စာကိုမသိမှု တည်းဟူ သော အ၀ိဇ္ဇာတရား၏ သဘောသဘာဝ ပင်တည်း။တရားကျင့်ကြံအားထုတ်သူများ သည် နောက်ဆုံး ဤ တောက်ပ သော စိတ်သဘာဝ (အ၀ိဇ္ဇာတရား) ကို လွန်မြောက်၍ အဆုံးစွန်သောလွတ်မြောက်မှု (ပရမာနုတ္တရ၀ိမုတ္တိ) သို့ ဆိုက်ရောက်သော အခါတွင် တောက်ပသောစိတ် သည် စင်ကြယ်သောစိတ် မဟုတ်ကြောင်းကို ကြောင်ကြောင်ကြီး ထိုးထွင်း သိမြင်နိုင်ပေလိမ့်မည် ဖြစ်၏။ လွတ်မြောက်သော စင်ကြယ်သော စိတ္တ ၏ သဏ္ဍာန်တွင် တောက်ပသောစိတ်သဘာဝ (အ၀ိဇ္ဇာတရား) လည်း လုံးဝ ချုပ်ငြိမ်း ပြတ်စဲ သွားမည် ဖြစ်၏။ထို အခါတွင်မှ စိတ္တ ၏ အမြင့်ဆုံးသော အန္တိမသစ္စာတရား ကို အသိရောက် အမြင်ပေါက် နိုင်ပေလိမ့်မည်။

တရားခုံမင်သူတော်စင်သည် ဆိတ်ငြိမ်ရာသို့ကပ်ရောက်လျှက် အားထုတ်ရာတွင် စိတ္တသည် နီဝိရဏအညစ်အကြေးတို့ မှ ကင်းကွာနေသောအခါ မိမိသဘာဝ အတိုင်းတောက်ပ လာတတ်၏။ စိတ္တသည် သမာဓိ၌ မတည်သေးသော်လည်း စိတ္တ ၏ သိမှုဗဟိုချက် (the focal point of its awareness) သည် အထည်ဒြပ်မထင်ပေါ်လောက်အောင်အလွန် နူးညံ့သိမ်မွေ့စွာဖြင့် တည်ရှိနေလေ၏။ ယင်း နူးညံ့သိမ်မွေ့လှသော သိမှုဗဟိုချက် သည် တောက်ပသော အဇ္ဈတ္တအလင်းဓါတ် (Inner Radiance) အသွင်ဖြင့် ပေါ်လွင်နေပြီးလျှင် ထက်အောက်ဖီလာ အရပ်မျက်နှာအားလုံးကို ပျံ့နှံ့လင်းချင်းစေ၏။ စိတ္တသည် သမာဓိ၌ မတည် သေးသော်လည်း အဆင်း အသံ အနံ့ အရသာ အတွေ့ထိ အတွေး စသော ခြောက်ပါးသောဗဟိဒ္ဓအာရုံတရား တို့ ကို လုံးဝ လျစ်လျှူရှုနေသော အဖြစ်သို့ ရောက်ရှိနေ၏။ ဤ အခြေအနေ၌ စိတ္တသည် မိမိ ၏ အခြေခံအုတ်မြစ် ဖြစ်သော သိမှုသဘော သက်သက် ကို သာ ပြန်၍ အာရုံပြုနေသော အဖြစ် ဖြစ်၏။

ရူပကာယ မှ ကင်းလွတ်လျှက်တည်နေသော ယင်း နူးညံ့သိမ်မွေ့လှသော သိမှုဗဟိုချက် သည် စိတ္တ ၏ အတွင်းအဇ္ဈတ္တ တွင် (တောက်ပသောစိတ်အနေဖြင့်) တည်ရှိနေပါ၏။ နူးညံ့သိမ်မွေ့လှသောကြောင့် မိမိ ၏ သိတတ်မှုသဘောသက်သက်ကို ပြန်သိနေခြင်းမှတစ်ပါး အခြားသော အာရုံမရှိချေ။ ယင်းသည် စိတ္တ ၏ အသွင်လက္ခဏာတစ်ရပ် ဖြစ်၏။

အခြားသော အသွင်လက္ခဏာတစ်ရပ် မှာကား နီဝိရဏအညစ်အကြေးတို့ မှ ကင်းကွာနေသော စိတ္တ သည် သမာဓိ၌ အပြည့်အ၀ တည်ကြည်ငြိမ်သက်နေပြီး အတွေး နှင့် စိတ်ကူးတို့ အလုံးစုံချုပ်ငြိမ်းနေသော အခြေအနေဖြစ်၏။ သင်္ခါရိကတရား တို့ လုံးဝ ရပ်စဲချုပ်ငြိမ်းနေသည် ဖြစ်သောကြောင့် စိတ္တ သည် မိမိ သဘာဝသက်သက်၌သာ တန့်သက်နားနေလျှက် ရှိ၏။ ဤ အခြေအနေ ကို အစ္စ န္တသမာဓိ ၌တည်သော စိတ္တ (“the citta entering a state of total calm.”) ဟူ၍ ဆိုနိုင်ပါ၏။သိတတ်မှု သဘော သက်သက် သာ ကျန်သော အခြေအနေ ဖြစ်၏။ စကြ၀ဠာတစ်ခုလုံး ကို နေရာ အလစ်အလပ်မရှိ လုံးဝဥဿုံ လွှမ်းခြုံထားသော သိတတ်မှုသဘောသက်သက် မှ လွဲ၍ အခြား မည်သည် အရာမျှ တည်ရှိသည်ဟု မဆိုနိုင်သော အခြေအနေဖြစ်၏။

အားကောင်းသော ဆလိုက်မီးသည်ပင်လျှင် အဝေး သို့ ရောက်ရှိနိုင်သော်လည်း အကန့်အသတ် ရှိလေသည်။ စိတ္တ၏ သိမှု သဘော သည်ကား အကန့်အသတ်မရှိ အဝေးအနီး စိးဆင်းရောက်ရှိနိုင်၏။ ၀ပ်အားများသောလျှပ်စစ်မီးသည် ပိုမို ထွန်းလင်း တောက်ပနိုင်ပြီး ပို၍ အဝေးသို့ရောက်နိုင်၏ ၀ပ်အားနည်းသော လျှပ်စစ်မီးသည် တောက်ပမှုအားနည်းပြီး အဝေးသို့ မရောက် နိုင်ပေ။ စိတ္တ၏ သိမှုသဘော သည်ကား ကာလ-အာကာသ တရားတို့ ၏ နှောင်ဖွဲ့ကန့်သတ်မှု မရှိပဲ အချိန်တိုင်း နေရာတိုင်း သို့ နီးဝေးမဟူ ဖြန့်ကျက်ရောက်ရှိနိုင်စွမ်း၏။

ဤ အဆင့်၌ စိတ္တသည် စကြ၀ဠာတစ်ခွင်လုံးတွင် ရှိနေသမျှ ခပ်သိမ်းသောအရာဝတ္တုတို့ ကို ဖေါက်ထွင်းလွှမ်းခြုံသိမ်းဆည်းလျှက် တည်နေဟန်ရှိလေ၏။ အရာအားလုံးပေါင်းစည်းဆက်စပ်လျှက် တစ်ခုတည်းသော စိတ္တ အတွင်း၌ တည်ရှိနေ ဘိ သကဲ့သို့ ဖြစ်၏။ အရာခပ်သိမ်း ကို ဖေါက်ထွင်းလွှမ်းခြုံသိမ်းဆည်းထားအပ်သော စိတ္တ သည် ထိုထို အရာတို့၏ ဖုံးအုပ်ကာရံမှုဟူသမျှ ကို သန့်စင်နိုင်စွမ်းရှိသည် မှာ စိတ္တ ၏ တန်ခိုးသတ္တိပင် ဖြစ်၏။

အဆုံးစွန်သောလွတ်မြောက်မှု (ပရမာနုတ္တရ၀ိမုတ္တိ) သို့ ဆိုက်ရောက်သော ပကတိသန့်ရှင်းစင်ကြယ်သော စိတ္တ ကို စကားလုံး ဝေါဟာရများဖြင့် ဖေါ်ပြရန်မှာ သာ၍ပင် ခဲကပ်လှပေ၏။ ဤအဆင့်သို့ဆိုက်ရောက်နေသော စိတ္တသည် အနက် အဓိပ္ပါယ်ဖွင့်ဆိုမှု ဟူသမျှမှ လွန်မြောက်သောကြောင့် ဆိုရန် စကားပညတ် မရှိချေ။ ယင်းသည် သမ္မုတိယ အရှိတရားမဟုတ်လေ သောကြောင့် သမ္မုတိသစ္စာနယ်ပယ်မှ ဝေါဟာရပညတ်များ အားဖြင့် အတိအကျ ဖေါ်ပြရန် မဖြစ်နိုင်ပေ။ သမ္မုတိသစ္စာနယ်ပယ် ကို ကျော်လွန်ပြီးသူတို့ အသိရောက်ရာ၌ တည်သောကြောင့် စိတ္တသည် ဘာသာစကားနယ်ပယ် ၏ ပြင်ပ၌ တည်ရှိနေခြင်းဖြစ်၏။

ဤနေရာ၌ ရှင်းလင်းရန်လိုသည့်အချက်မှာ ကျွန်ုပ်တို့သည် စိတ္တ ကို နှစ်မျိုးခွဲခြားလျှက် သမ္မုတိနယ်ပယ်မှ စိတ္တ နှင့် ပရမတ္ထနယ်ပယ်တွင်ရှိသော အကြွင်းမဲ့ စင်ကြယ်သော စိတ္တ ဟူ၍ ဆိုခဲ့သောကြောင့် စိတ္တသည် အမှန်တစ်ကယ် နှစ်ပါး သီးသန့်ကွဲပြားနေမည် ဟူ၍ မထင်မှတ်သင့်ချေ။

တရားကိုယ်အားဖြင့် ဧကောဓမ္မော တစ်ခုတည်းသော စိတ္တ ဓမ္မတရားသာ ရှိပါ၏။ ယင်းစိတ္တ သည် ကိလေသာ အာသ၀တရား တို့ဖြင့် လိမ်းကျံနေသောအခါ သမ္မုတိနယ်ပယ်မှ စိတ္တ (သံသာရဓမ္မ) ဟု အမည်ရ၏။ ယင်းစိတ္တ သည်ပင်လျှင် ဥာဏ်ပညာ အစွမ်းဖြင့် ကိလေသာအာသ၀တရားတို့ ကို သုတ်သင်သန့်စင်စေပြီးသောအခါ သိမှုသဘောသက်သက်အားဖြင့်တည်ရှိသော အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) ဟု အမည်ရ၏။

သမ္မုတိနယ်ပယ်မှ စိတ္တ (သံသာရဓမ္မ) သည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော သင်္ခတဓမ္မ တို့၏ လက္ခဏာ များကြီးစိုးရာ နယ်ပယ်ဖြစ်၏။ အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) သည်ကား အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော သင်္ခတဓမ္မ တို့၏ လက္ခဏာတို့ ကို လွန်မြောက်ရာ နယ်ပယ်ဖြစ်၏။ သမ္မုတိနယ်ပယ်မှ စိတ္တ (သံသာရဓမ္မ) ရပ်စဲချုပ်ငြိမ်းလေသော အခါ အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) သည်သာ မိမိ၏ အနှောင်အဖွဲ့မရှိ ပကတိလွတ်လပ်သော သိမှုသဘောသက်သက်အားဖြင့် စင်ကြယ်စွာ ကျန်ရစ်တည်ရှိလေ၏။

သမ္မုတိနယ်ပယ်မှ စိတ္တ သည် အဘယ်အရပ်၌တည်နေပါသနည်း။ တရားဘာဝနာအားထုတ်သော ယောဂီပုဂ္ဂိုလ်သည်ကား သမာဓိဝင်စားခိုက်အချိန်တွင် မိမိ ၏ နှလုံးရင်ချိုင့် အရပ်၌ စိတ္တ၏ ဗဟိုချက် ရှိသည် ကို အသိရောက်၏။ မိမိ ၏ နှလုံးရင်ချိုင့် အရပ်၌ တောက်ပသောစိတ်သည် မိမိ၏ အလင်း ကို စကြ၀ဠာတစ်ခွင်လုံး ၀င်းဝင်းတောက်အောင် ဖြန့်ကျက်လင်းချင်းလေဟန် အသိရောက်၏။ တရားဘာဝနာအားထုတ်သော အတွေ့အကြုံမရှိသူတို့ သည်သာ စိတ္တ၏ တည်ရာသည် ဦးနှောက်ဖြစ်သည်ဟု ဆိုကြ၏။ ဦးနှောက်တွင်  စိတ္တ၏ လှုပ်ရှားမှု အသွင်လက္ခဏာများဖြစ်သော ဝေဒနာ သညာ ၀ိညာဏ စသည်တို့ ကား တည်နိုင်စွမ်းရှိပေ၏။

နှလုံးရင်ချိုင့် အရပ်၌ ဗဟိုချက်ပြု၍ တည်နေသော စိတ္တ သည်ပင် အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) အဖြစ်သို့ ဆိုက်ရောက်သော အခါတွင် ဗဟိုချက် လည်း လုံးဝ ပျောက်ကွယ်သွားလေတော့၏။ စိတ္တ သည် အတွင်းအပြင် အထက်အောက် အနီးအဝေး စသော တည်နေရာ ဗဟိုချက် ဟူသမျှမှ လွတ်မြောက်ခဲ့ပြီဖြစ်လေသောကြောင့် တည်နေရာမဲ့တရား (အပ္ပဋ္ဌိတဓမ္မ) ဟူ၍ သာ ဆိုနိုင်ပေတော့မည်။ ဗဟိုချက် လွင့်ကြွေသွားခဲ့ပြီဖြစ်သော စိတ္တ သည် ကိုယ်ခန္ဓာ နှင့် စကြ၀ဠာ၏ မည်သည့် နေရာ တွင် တည်နေသည်ဟု ပညတ်ရန် မဖြစ်နိုင်တော့ပဲ အချိန်-နေရာ-ကြောင်းကျိုးတရားဟူသမျှ ထောက်တည်ရာ မရနိုင် အပ်သော စင်ကြယ်သောသိမှုသဘော သက်သက်အားဖြင့်သာ ရှိနေတော့၏။ သမ္မုတိသစ္စာနယ်ပယ်မှ ဝေါဟာရပညတ်များ လွန်ရာ သို့ လည်း ရောက်ရှိနေပြီဖြစ်၏

စင်စစ်အားဖြင့် “အလွန်နူးညံ့သိမ်မွေ့သော စင်ကြယ်သော ဗဟိုချက်မဲ့သော ဝေါဟာရပညတ်များမှ ကျော်လွန်သော စိတ္တ” ဟူ သည့် ဖေါ်ပြချက်များ သည်ပင်လျှင် ၎င်း၏ အစစ်အမှန်သဘောကို မဖေါ်ပြနိုင်ပေ။ ယင်း ဖေါ်ပြချက်များ သည်လည်း သမ္မုတိ သစ္စာ နယ်ပယ်မှ ဝေါဟာရပညတ်များ ပင် ဖြစ်နေပြန်သောကြောင့်ပေတည်း။ တိတ်ဆိတ်ခြင်း (ဆိတ်ဆိတ်နေခြင်း) သည်သာ လျှင် အကောင်းဆုံး အနက်ထင်နိုင်သော အမြင့်ဆုံးသော သစ္စာတရား ၏ ဖေါ်ပြချက် ဖြစ်ပေလိမ့်မည်။

(From Venerable Acariya Mun Buridatta Nahathera: A Spiritual Biography by Ajahn Maha Boowa)

Sunday, July 29, 2012

ဗုဒ္ဓ၀ါဒ နှင့် ဘ၀သစ်ဖြစ်ပွားမှု အယူအဆ


ဗုဒ္ဓ၀ါဒ နှင့် ဘ၀သစ်ဖြစ်ပွားမှု အယူအဆ
(လင်းထက်ဆွေ-စုစည်း လေ့လာ တင်ပြသည်။)
ဓမ္မမိတ်ဆွေ အကို တစ်ယောက်က လူဝင်စားဖြစ်ရပ်များတွင် သေဆုံးသူ၏ ရုပ်တရား၊နာမ်တရား၊ကံတရား သို့မဟုတ် မည်သည်အရာသည် အမိ၏သားအိမ်အတွင်းသို့ ရောက်ရှိသွားပါသလဲ၊ ဆိုတဲ့ မေးခွန်းလေးတစ်ခု မေးလာ ပါတယ်။ မေးခွန်းလေး က တို သလောက် နက်နဲလှတဲ့ မေးခွန်းလေးပါ။ အဘိဓမ္မာ တတ်ကျွမ်းသူ ပညာရှင်များ က တော့ ပါဠိပါဌ်သား တွေ နဲ့ ဝေေ၀ဆာဆာ ဖြေပေလိမ့်မယ်။ မြန်မာ အချင်းချင်း နားလည် အောင်ပဲ မြန်မာလို ကြိုးစားပြီး ပြောကြည့်ပါမယ်။ ဒီမေးခွန်း ကို အကျဥ်းချုပ်ဖြေရရင်တော့ သေဆုံးသူ၏ ရုပ်တရား၊နာမ်တရား၊ကံတရား တွေ ဟာ ဒီဖက်ဘ၀ မှာ ပဲ ချုပ်ခဲ့ လို့ နောင်ဘ၀ က မိခင်ဝမ်းထဲ သို့ ရောက်သွားတာ ဘာမှ မရှိပါ။ သို့သော်လည်း ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ အဟုန် နဲ့ အနုသယဓါတ် (အ၀ိဇ္ဇာတဏှာဥပါဒါန် ) တို့ ကို စွဲမှီ လို့ နောက်ဘ၀မိခင်လောင်း ရဲ့ သားအိမ်တွင်းမှာ ပဋိသန္ဓေစိတ် နဲ့ ရုပ်နာမ်တရားတွေ ဖြစ်ပြီး ဘ၀သစ် က စတင် ပါတယ်လို့ ပဲ ဖြေချင်ပါတယ်။

ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ
ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ဟာ အိန္ဒိယမှာ ပေါ်ပေါက်ခဲ့သမျှဘာသာတရားတိုင်း တစ်နည်း မဟုတ် တစ်နည်း နဲ့ လက်ခံထားကြတဲ့ အယူအဆဖြစ်တယ်။ ဒီ အယူအဆ က ဘယ်လို ဘယ်ပုံ ပေါက်ဖွားလာ သလဲ ဆို တာ သုတေသီ ပညာရှင်တွေ ငြင်းခုံ နေကြဆဲ ဖြစ်ပေမဲ့ အလွန်ရှေးကျတဲ့ ဝေဒ ခေတ်ကတည်း က ဒီ အယူအဆ ရှိခဲ့ပြီလို့တော့ ခန့်မှန်းကြပါတယ်။

ဝေဒခေတ် ဘာသာရေး က ဘုရားအများကိုးကွယ်တဲ့ဝါဒ (Polytheism) ဖြစ်တယ်။ သဘာဝလောကကြီး တစ်ခုလုံး လှုပ်ရှားသက်ဝင်နေတဲ့စွမ်းအားတွေ နောက်ကွယ် မှာ ဆိုင်ရာ နတ်ဒေ၀တာ အသီးသီး ရှိမယ်လို့ယုံကြည်ကြတယ်။ လက်ရှိဘ၀ ရဲ့ လိုအပ်ချက်တွေ အတွက် နတ်ဒေ၀တာ တွေ ကို တိုင်တည်ပြီး မ စ ဖို့ အတွက် ပူဇော်ပသကြရာက နေ ယာဇ်ပူဇော်မှု အလေ့အထ ပေါ်ပေါက်လာခဲ့တယ်။ နတ်ဒေ၀တာ တွေ ဘုန်းတော်ဖွဲ့တဲ့ ဓမ္မတေး တွေ ရေးစပ်သီကုံးပြီး ရွတ်ဆိုပူဇော်ကြတယ်။ ပူဇော်မှု ရဲ့ အကျိုး က ဒီဘ၀တင်မဟုတ်ပဲ တမလွန်ဘ၀ မှာ လဲ သဂ္ဂဘုံနန်း ကို ရောက်ရှိခံစား ရမယ် ဆိုတဲ့ ယုံကြည်မှုတွေ ဖြစ်ပေါ်လာခဲ့တယ်။

ဝေဒခေတ် နှောင်းပိုင်း ဥပနိသျဒ်ကျမ်း တွေ ပေါ်ပေါက်လာတော့ သေပြီးနောက် တစ်ဘ၀ ဖြစ်မယ် ဆိုတာထက် ဘ၀ ဆိုတာ သစ္စာတရား ကို မသိမချင်း အဖန်တလဲလဲ မွေးဖွားလိုက် သေဆုံးလိုက် နဲ့ တရစပ်ချားရဟတ်လို လည်နေတဲ့ ဘ၀သံသရာဖြစ်စဉ် အဖြစ်ရှုမြင်လာကြတယ်။ ဘ၀သံသရာဖြစ်စဉ် ရဲ့ ဆင်းရဲခြင်းတွေ ကို လဲ ကြောက်ရွံ့လို့ သံသရာ အဆုံးသတ်မှု ကို ရှာဖွေလာကြတယ်။ တောရဆောက်တည်တဲ့ အရညက ရသေ့သူတော်စင်တွေ ဝေဒ ကို မယုံကြည်ပဲ တပ အကျင့် အားထုတ်တဲ့ သမဏ သူတော်စဉ် တွေ ပေါ်ပေါက်လာခဲ့ ကြတယ်။

ဒီအထဲ မှာ တော့ ဂျိန်း သမဏ (နိဂဏ္ဍ) တွေ က အထင်ရှားဆုံး ဖြစ်လာပါတယ်။ ဂျိန်းတွေ ရဲ့ အမြင် အရ သတ္တ၀ါတွေ ဘ၀ သံသရာလည်နေ ရတာ ဟာ ကံရုပ်တွေ ကြောင့် ဖြစ်တယ်။ မိမိ တို့ ပြုသမျှ ကာယ ၀စီ မနော ကံတရားတွေ က ပြုသူရဲ့ ဇီဝအတ္တ မှာ လာရောက်တွယ်ကပ်နေတယ်။ ဒီ ကံ တွေ မကုန်မချင်း ဇီဝအတ္တ ဟာ ကံပစ်ချ ရာ ဘ၀တွေ ကို ရောက်ရှိကျင်လည်ပြီး ဆင်းရဲ ဒုက္ခတွေ ကို ခံစားနေရတယ်။ မိမိကိုယ်ကို ပင်ပန်းစေတဲ့ တပ (အတ္တကိလမထာနုယောဂ အကျင့်) ကို အားထုတ် ရင် ဒီ စုဆောင်းလာတဲ့ ကံတွေ ဟာ တစ်ဖြည်းဖြည်း အားနည်းလာပြီး နောက်ဆုံးမှာ ဇီဝအတ္တ ဟာ ကံ ရုပ် ဟူသမျှ က နေ သန့်စင် သွားတယ်။ အတ္တ ဟာ အတ္တမဟုတ်တဲ့ အနတ္တသဘောတရားတွေ နဲ့ တသီးတခြား  စီဖြစ်သွားတဲ့ အခါမှာ အတ္တရဲ့ လွတ်မြောက်မှု (ကေ၀လ) ကို ရရှိတယ် လို့ ဂျိန်းတွေ က ယုံကြည်တယ်။


ဗုဒ္ဓ၀ါဒ အမြင် ပေါ်ထွန်းခြင်း
ဗုဒ္ဓရှင်တော် ပွင့်ထွန်းတော်မူလာ ရာမှာ လေ့လာကြည့်ရင် ဗုဒ္ဓ မဖြစ်ခင် က သမဏ ဖြစ်ခဲ့တယ်။ ဥပနိသျဒ်လာ လောကီ သမာပတ်ကျင့်စဉ်တွေ ဂျိန်း တပ ကျင့်စဉ်တွေ ကို အားထုတ်ခဲ့ဖူးတယ်။ အဲဒီခေတ်ကာလ မှာ ရှိနေတဲ့ ဘ၀သစ် အဖန် တလဲလဲ မွေးဖွား ဖြစ်ခြင်း အယူအဆ ကို လက်ခံ ခဲ့တယ်ဆိုတာ တွေ့ ရပါတယ်။ ဒါပေမဲ့ ဗုဒ္ဓ ဟာ အိန္ဒိယ ဘာသာရေး အတွေးအမြင် သမိုင်း မှာ အလွန်ကြီးမားတဲ့ ပါဒိုင်းအရွေ့ ကို ဖြစ်စေခဲ့တယ်။

ဗုဒ္ဓ ရှေ့ က ဘာသာရေးတွေ အားလုံး က လောက ဖြစ်စဉ် ကို ရှင်းပြ ရာမှာ ခိုင်မာတဲ့ အနှစ်သားအရှိတရား တစ်မျိုးမျိုး ကို အခြေခံ အဖြစ်ထားပြီးတော့ မှ တင်ပြခဲ့ကြတယ်။ ခိုင်မာတဲ့ အနှစ်သားအရှိတရား ဆိုတာ ပကတိရှိနေတဲ့ အတ္တ (ပရမတ္တမ) ဖန်ဆင်းရှင် ဘုရားသခင် (ဣဿရဒေ၀) အသက်ဇီဝ အတ္တ တစ်မျိုးမျိုး ဖြစ်တယ်။ ကံစွမ်းအင် တွေ ဟာ ဒီ အတ္တ မှာ ကပ်ငြိနေသမျှ အတ္တ ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော က နေ မလွတ်နိုင်ပဲ တ၀ဲဝဲလည် နေရတယ် ဆိုတဲ့ အမြင်ပါပဲ။

ဗုဒ္ဓရှင်တော် ကတော့ ခိုင်မာတဲ့ အနှစ်သားအရှိတရား ကို လုံးဝငြင်းပယ်တော်မူခဲ့တယ်။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း သဘော ကို ရှင်းပြ ရာ မှာ အတ္တ ဟာ မလိုအပ်တဲ့ အရာ ဖြစ်တဲ့ အပြင် ဒီ အတ္တ ရဲ့ အရှိတရား ကို မှားယွင်းစွာ စွဲလန်းခြင်း (အတ္တ၀ါဒုပါဒါန်-အတ္တာနုဒိဋ္ဌိ) ဟာ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ကို ဖြစ်စေတဲ့ လက်သည်တရားခံ ပဲ ဖြစ်တယ် လို့ မြင်ခဲ့ ပါတယ်။ ဒါ က တကယ့် တော်လှန်တဲ့ အမြင်ပဲ။ ဝေဒအမြင် ဂျိန်းအမြင်တွေ မှာ ဖူးဖူးမှုတ် တန်ဖိုး ထားပြီး လွတ်မြောက်အောင်ကြိုးပမ်းနေရတဲ့ အရာ ဟာ ပြဿနာအားလုံးရဲ့ မူလဇာစ်မြစ်လို့ ဗုဒ္ဓရှင်တော် က လင်းပြတဲ့ အတွက်ပါပဲ။

ဗုဒ္ဓဓမ္မ မှာ ဘ၀သစ်ဖြစ်ပေါ်ခြင်း ဆိုတာ သတ္တ၀ါ သေဆုံးတဲ့ အခါ သံဝတ္တန၀ိညာဏ လို့ ခေါ်တဲ့ ဘ၀သစ်ဖြစ်ပွားခွင့် ရှိတဲ့ ၀ိညာဏ် (၀ါ) စိတ်ဝိညာဏ် ရဲ့ အစဉ် စီးဆင်းမှု (၀ိညာဏသောတ) ဟာ အခြားသော သော အကြောင်းတရား အထောက် အပံ့တွေ နဲ့ ပေါင်းစပ် လို့ ဘ၀သစ်တစ်ခု စတင်ဖြစ်ပေါ်စေတာ ကို ပဲ ဆိုလိုပါတယ်။ ဘ၀သစ် ရဲ့ ၀ိညာဏသောတ ဟာ ဘ၀ဟောင်း ရဲ့ စိတ်အစဉ် နဲ့ ကြောင်းကျိုးဆက်နွယ်မှု ရှိသော်လဲ ထပ်တူဖြစ်တဲ့ ၀ိညာဏသောတ လဲ မဟုတ်ဘူး လို့ ဆိုပါတယ်။

ဘ၀သစ် ကို ဖြစ်ပေါ် စေတဲ့ အဓိက အခြေခံတရားတွေ ကတော့ အ၀ိဇ္ဇာ တဏှာ နဲ့ ကမ္မဘ၀ တို့ ပဲ ဖြစ်တယ်။ အ၀ိဇ္ဇာ က မြေကြီး နဲ့ တူတယ် တဏှာ က အစိုဓါတ်နဲ့တူတယ် ကံ ကတော့ မျိုးစေ့ နဲ့တူ ပါတယ်။ ကံ မျိုးစေ့ ကို အ၀ိဇ္ဇာ မြေဆီလွှာ မှာ စိုက်ပျိုးလို့ တဏှာ အစိုဓါတ် က အထောက်အပံ့ ပေးတဲ့ အခါ ဘ၀သစ်ဆိုတဲ့ အပင်ကလေး ပေါက်လာ ရတယ်လို့ ဆိုပါတယ်။ကံမျိုးစေ့ ရဲ့ ကောင်း ဆိုး မြတ် ယုတ် ကွာခြားသလို ဘ၀သစ် တွေ က လဲ အသွင် အမျိုးမျိုးခြားနားပါတယ်။ လူ နတ် ဗြဟ္မာ ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် နတ်ဗြဟ္မာ ဘ၀သစ် ကို ဖြစ်စေမယ်။ ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဖြစ်စေမဲ့ ကံမျိုးစေ့ ကို စိုက်ရင် ငရဲ တိရိစ္ဆာန် ပြိတ္တာ အသူရကာယ် ဘ၀သစ် ကို ဖြစ်စေမယ် လို့ ဆိုပါတယ်။ ဘ၀ တစ်ခု အတွင်း မှာ လဲ အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အခြေအနေ တွေ က ဆိုင် ရာ ကံမျိုးစေ့ ရဲ့ အနိမ့်အမြင့် အယုတ် အမြတ် အကောင်း အဆိုး အလိုက် ပဲ ဖြစ်ပေါ် ရတယ်လို့ ဆိုကြပါတယ်။

ဗုဒ္ဓဓမ္မ ရဲ့ သုတ္တန်ပိဋကတ် မှာ ဘ၀သစ် ဖြစ်ပေါ်မှု နဲ့ ပတ်သက်လို့ မဇ္ဇျိမနိကာယ် မှာ မဟာကမ္မ၀ိဘင်္ဂသုတ် ဥပါလိသုတ် ကုက္ကုရ၀တိကသုတ် သံယုတ္တနိကာယ် မှာ မောဠိယသိဝကသုတ် သင်္ခါသုတ် စသည် တို့ မှာ ရှင်တော်ဗုဒ္ဓ ဟောကြားထား ချက်တွေ ရှိပါတယ်။

စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) အမြင်
ဗုဒ္ဓရှင်တော် က အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) ကို ထွန်းလင်းပြခဲ့ပါတယ်။

(၁) သတ္တ၀ါတွေ ရဲ့ သဏ္ဍာန်မှာ အာသ၀တရားတွေ က ကိန်းအောင်းနေတယ်။ အာသ၀တရားတွေ ရဲ့ ချယ်လှယ်မှု ကြောင့် သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) က ဖြစ်ပေါ်လာပါတယ်။

(၂)  သစ္စာတရား ကို မသိမှု (အ၀ိဇ္ဇာ) ကို အခြေခံတဲ့ စိတ် ဟာ မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင် ယူဆ တယ် စွဲလန်းတယ်။ ဒီ အခါမှာ ချစ်တာတွေ မုန်းတာတွေ ဖြစ်လာပါတယ်။ ချစ်တာကို ရအောင် လိုချင်လာတယ်။ မုန်းတာ ကို လွတ်အောင် ဆန့်ကျင်တယ်။ဒီလို တွန်းအား ဆွဲအားတွေ ကို အခြေခံ လို့ ကောင်းမှု မကောင်းမှု(အဘိသင်္ခါရ) တွေ ဖြစ်ပါတယ်။

(၃) ကောင်းမှု မကောင်းမှု (အဘိသင်္ခါရ) တွေ ဖြစ်ပွားတဲ့ အခါမှာ စိတ်အစဉ်ထဲ မှာ မျိုးစေ့ ဖြစ်တဲ့ ကမ္မသတ္တိ ကို ချန်ရစ်ခဲ့တယ်။ ဒီ ကမ္မသတ္တိ ရဲ့ ကောင်း ဆိုးအသွင်စွမ်းအင်တွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။

(၄) ကမ္မသတ္တိတွေ ကိန်းနေတဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကြောင့် ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ လဲ တစ်ပြိုင်တည်း ဖြစ်ပေါ်လာပါတယ်။ ဥတု အဟာရ စတာတွေ က လဲ အထောက်အပံပေးပါတယ်။

(၅) ဆိုင်ရာ ရုပ်တရား တွေ နာမ်တရားတွေ (နာမရူပ) ကို အခြေခံ လို့ ကံအစွမ်း နဲ့ အာရုံခံစားနိုင်တဲ့ ဒွါရတွေ (သဠာယတန) ဖြစ်ပေါ်လာပါတယ်။ သင့်ရာ မျက်စိ နား နှာခေါင်း လျှာ ကိုယ် စိတ် စတဲ့ အာယတန တရားတွေ ဖြစ်လာပါတယ်။

(၆) ကိုယ်တွင်း အာယတန တရားတွေ ဖြစ်လာတဲ့ အခါ ပြင်ပ အာယတနတရားတွေ ဖြစ်တဲ့ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ အတွေး စတာတွေ နဲ့ ထိတွေ့မှု (ဖဿ) ဖြစ်ပါတယ်။ ကြေးမုံမှန်တစ်ချပ် ဖြစ်လာတဲ့ အခါ ပတ်ဝန်းကျင် က အလိုလို အရိပ်ထင်လာသလိုပါပဲ။

(၇) ထိတွေ့မှု (ဖဿ) နဲ့ အတူ တွေ့ကြုံသော အာရုံတရားတွေ အပေါ် သာယာခြင်း မသာယာခြင်း ဆိုတဲ့ ခံစားမှုသဘော (ဝေဒနာ) လဲ ဖြစ်လာပါတယ်။

(၈) စိတ် ဟာ နဂို ကတည်း က အာသ၀သတ္တိ တွေ ကမ္မသတ္တိတွေ ကိန်း နေတာမို့ ထိတွေ့မှု (ဖဿ) နဲ့ ခံစားမှုသဘော (ဝေဒနာ) တွေ ကို မှောက်မှောက်မှားမှား သိတယ် မှတ်သားတယ် ထင်မြင်ယူဆ တယ် တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာပါတယ်။

(၉) ထပ်တလဲလဲ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) ဖြစ်လာတဲ့ အခါ အာရုံတွေ အပေါ် စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။ အတ္တ ကို စွဲလန်းတယ် ဘ၀ ကို ဒိဋ္ဌိကို ကာမဂုဏ်အာရုံတွေ ကို စွဲလန်းတယ် စသဖြင့် စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး ဖြစ်ပေါ်လာပါတယ်။

(၁၀) စိတ်သဏ္ဍာန်မှာ နဂိုရှိနေတဲ့ အ၀ိဇ္ဇာ အာသ၀တရားတွေ ရယ် ဖဿ ဝေဒနာတွေ ရယ်ပေါင်းစပ်လို့ ဖြစ်ပေါ်လာတဲ့ တပ်မက်နှစ်သက်တဲ့ သဘော (တဏှာ) စွဲလန်းမှု (ဥပါဒါန) အမျိုးမျိုး တွေ ကြောင့် အချစ် အမုန်း အမိုက် တုန့်ပြန်မှုတွေ ထပ်ဖြစ်ပါတယ်။ အဘိသင်္ခါရ သဘော ဆောင်တဲ့ ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကို ဖြစ်ပေါ်စေပြန်ပါတယ်။

(၁၁) ကမ္မဘ၀ တွေ ကမ္မသတ္တိတွေ ကြောင့် ဘ၀တစ်ခု ပြတ်စဲချုပ်ငြိမ်း ပြီးတဲ့ အခါ နောက် ဘ၀သစ်ရဲ့ ပထမဆုံးစိတ် (ပဋိသန္ဓေစိတ်) ကို ဖြစ်စေပါတယ်။ ထိုမှတဆင့် မွေးဖွားခြင်း (ဇာတိ) ကို ဖြစ်စေတယ်။

(၁၂) မွေးဖွားခြင်း (ဇာတိ) ဖြစ်တော့ သတ္တ၀ါ ဟာ လောက ဘုံဘ၀တစ်ခုထဲ ကျရောက်ရတယ်။ အိုခြင်း နာခြင်း သေခြင်းနဲ့တစ်ကွ အဆုံးအပိုင်းအခြားမရှိတဲ့ သောက ပရိဒေ၀ ဒေါမနဿ ဒုက္ခတရားစု တွေ ဆက်ဆက် ဖြစ်ပေါ်ရပါတယ်။

ပဋိစ္စသမုပ္ပါဒ သဘောတရား ရဲ့ နက်နဲမှု
ဒီ ဖေါ်ပြခဲ့တာ ကတော့ အကြောင်းအထောက်အပံ့တရားများအပေါ် စွဲမှီဖြစ်ပွားတဲ့ သဘောတရား (ပဋိစ္စသမုပ္ပါဒ) ရဲ့ မြင်ကွင်းအကျဉ်းပါပဲ။ အဘိဓမ္မာစာပေ မှာ တော့ ဒါကို အကျယ်ချဲ့ပြီး အသေးစိတ်သရုပ်ခွဲကြမှာပါ။ ဒီနေရာ မှာ အဓိက ပြောချင်တာ ကတော့ ဗုဒ္ဓရှင်တော် ရှင်းပြတဲ့ အချင်းအရာ နိဒါန ကွင်းဆက် (၁၂) ပါဝင်တဲ့ ပဋိစ္စသမုပ္ပါဒ ဖြစ်စဉ်ထဲ မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိဘူး ဆိုတာပါပဲ။ နိဒါန ကွင်းဆက် (၁၂) ခု ဟာ တစ်ခု နဲ့ တစ်ခု ချိတ်ဆက် မှီတွယ် ထောက်တည် ပြီး အဆင့်ဆင့် ဖြစ်ပွား ပြောင်းလဲ နေရာ မှာ တစ်ခဏလေး တောင် ရပ်တန့် တည်နေနိုင်တဲ့ စွမ်းရည် မရှိပါဘူး။ တည်နေနိုင်တဲ့ ဋ္ဌီတိဘာဝ မရှိတဲ့ လောက မှာ အတ္တ ဇီဝ နဲ့ ပရမတ္တမ ဣဿရဒေ၀ တို့ အတွက် နေရာ မရှိ နိုင်ပါ။

ဒါကို ဖတ်ကြည့် တော့ အော် လွယ်သားပဲ လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ စွဲမှီဖြစ်ပွားတဲ့သဘောတရား (ပဋိစ္စသမုပ္ပါဒ) ဟာ ဗုဒ္ဓဓမ္မတစ်ခုလုံးရဲ့ အမတေ နှလုံးသည်းပွတ် ၀ိညာဉ် ဖြစ်သလို အနက်နဲ ဆုံးဓမ္မတရားလဲ ဖြစ်ပါတယ်။ ဘုရားရှင် ကိုယ်တိုင် က ဒီတရား ကို သတ္တ၀ါတွေ မသိလို့ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ မှာ ပြေးသွား ကျင်လည် နေရတယ် လို့ ဆိုခဲ့ပါတယ်။

တစ်ခါတုန်း က ရှင်အာနန္ဒာ က သူ့ အတွက် ဒီ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင် ထင် ရပေမဲ့ နားလည် ဖို့ လွယ်ကူကြောင်းဘုရားရှင် ကို လျှောက်ထား တဲ့ အခါ မှာ ဘုရားရှင်က ဒီ လို မဆို ဖို့ တားမြစ်တော်မူပြီးတော့ ပဋိစ္စသမုပ္ပါဒ သဘာတရား ဟာနက်ယောင် ထင်ရ သလို အမှန်တကယ်လဲ နက်နဲ တဲ့ အကြောင်း ဘုရားတည်းဟူသော အမှီ သဟဲ ရရှိသောကြောင့်သာ ရှင် အာနန္ဒာ အနေနဲ့ နားလည်ရလွယ်ကူ သယောင် ဖြစ်နေတာ ဖြစ်ကြောင်း ကို မိန့်ကြားပါတယ်။

ပဋိစ္စသမုပ္ပါဒ သဘောတရား ဟာ ဥာဏ်သက်ဝင်ဖို့ ခက်တဲ့ အကြောင်းကတော့ လူသားတွေ အနေ နဲ့ ခိုင်မာတဲ့ အတ္တ အရှိတရားအပေါ် စွဲ လန်းမှု က အရမ်းကို နက်ရှိုင်းစွာ အမြစ်တွယ်နေလိုပါပဲ။ ဘ၀သစ် အဖန်တလဲလဲ မွေးဖွား ဖြစ်ခြင်း ရဲ့ သံသရာ အကြောင်း စဉ်းစားတဲ့ အခါ ခိုင်မာတဲ့ အတ္တအရှိတရားအပေါ် စွဲ လန်းမှု က ပါးပါးလေး နောက်ကွယ်မှာ ရပ်နေပြီး လူသားတွေ ရဲ့ အမြင် ကို လွမ်းမိုးနေပါတော့တယ်။

အစွန်းရောက်အမြင်များ နှင့် အစွန်းလွတ်အမြင်
ဗုဒ္ဓဓမ္မ ဟာ အစွန်းတရားတွေ ကို ရှောင်သော အမြင်ဖြစ်တယ်။ ခိုင်မာတဲ့ အတ္တအရှိအမြင် (သဿတဒိဋ္ဌိ) ကို ဝေဒန္တ နဲ့ ဂျိန်း တွေ က လက်ခံထားတယ်။ လူမှာ ပြောင်းလဲတတ်တဲ့ ခန္ဓာတွေ အပြင် မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တရှိတယ်..ဒီ အတ္တ ဟာ လူသေတဲ့ အခါ ကံ အစွမ်းနဲ့ နောက် ခန္ဓာ အသစ် တစ်ခု ဆီ ကို ကူးပြောင်း ရောက်ရှိ သွားတယ်လို့ ယုံကြည်ကြတယ်။

ခိုင်မာတဲ့ အတ္တမရှိအမြင် (ဥစ္ဆေဒဒိဋ္ဌိ) ကို တော့ ရုပ်ကြမ်းဝါဒီ တွေ က လက်ခံထားတယ်။ လူမှာ ပြောင်းလဲတတ်တဲ့ ခန္ဓာတွေ ပဲ ရှိပြီး ဒီခန္ဓာ တွေ က ပဲ လူရဲ့ အတ္တ ဖြစ်ပါတယ်..ဒီ အတ္တ ဟာ သတ္တ၀ါ သေတဲ့ အခါ အသစ်မဖြစ်ပေါ်တော့ ပဲ ပြတ်စဲပြီးဆုံး သွားတယ် လို့ ရုပ်ကြမ်းဝါဒီ တွေ က မြင်တယ်။ မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တ နဲ့ ကံတွေ နောင် ဘ၀ တွေ အခြားသော မမြင်ရတဲ့ ဘုံဘ၀ တွေ ကို လဲ လို့ ရုပ်ကြမ်းဝါဒီ တွေ က လက်မခံ ပဲ ပယ်ပါတယ်။
ဒီ အစွန်းတရား အမြင် (၂) ပါးဟာ ရှင်းပြဖို့လဲ လွယ်တယ်။ နားလည်လက်ခံ ဖို့ လဲ လွယ်တယ်။

ဗုဒ္ဓဓမ္မ ဟာ ဒီ အစွန်း တရား တွေ ကို ရှောင်တဲ့ အခါ မှာ ရှင်းပြဖို့မလွယ်တဲ့  နားလည်လက်ခံ ဖို့ လဲ မလွယ်တဲ့ အမြင်တစ်ရပ် ဖြစ်လာ ပါတော့တယ်။ ဗုဒ္ဓဓမ္မ ဟာ ရုပ်ကြမ်းဝါဒီ တွေ လို ပဲ မပြောင်းမလဲ ထာဝရတည်တဲ့ ခိုင်မာတဲ့ အတ္တ ကို ပယ်ပြီးတော့ ဝေဒန္တ နဲ့ ဂျိန်း တွေ က လက်ခံထားတဲ့ ကံ နဲ့ ဘ၀သံသရာ ကို ဘယ်လို ယုတ္တိရှိရှိ ကွင်းဆက်မိမိ ရှင်းပြနိုင်မလဲ။ ဘ၀တစ်ခု ရပ်တန့်ချုပ်ငြိမ်းသွားတယ်-ဘ၀သစ်တစ်ခု ထပ်မံ ဖြစ်ပေါ်လာတယ်။ ဘ၀ဟောင်း က ရုပ်နာမ်တရားစုတွေ က ဘ၀ဟောင်းမှာ ပဲ အကြွင်းအကျန် မရှိအောင် ရပ်တန့်ချုပ်ငြိမ်း ခဲ့ လို့ ဘ၀သစ် ကို လိုက်ပါလာတာ ဘာမှမရှိဘူး လို့ ဆိုတယ်။ ဒါပေမဲ့ ဘ၀ဟောင်းရဲ့ ကမ္မသတ္တိစွမ်းအင်တွေ ပါရမီတရားတွေ သညာတွေ စရိုက်အထုံဝါသနာ တွေ ကို ဘ၀သစ် က အမွေဆက်ခံ ရတယ်လို့ ဆို ရာမှာ အတ္တမရှိဘူး ဆိုရင် ဘယ်လို အရာက ဘယ်လိုနည်း နဲ့ သယ်ဆောင် သွားပါသလဲ ဆိုတာ စဉ်းစားစရာ ဖြစ်လာတယ်။ ဒါဟာ ဗုဒ္ဓဘာသာ ရဲ့ သမိုင်း တစ်လျှောက်လုံး ပညာရှင်တွေ ကို ခေါင်းခဲ စေခဲ့တဲ့ ပြဿနာ ဖြစ်ပါတယ်။

ဝဇ္ဇီပုတ္တကဂိုဏ်း ရဲ့ ပုဂ္ဂလအရှိ အမြင်
ဒီပြဿနာ ကို စတင်ကိုင်တွယ်ဖို့ ကြိုးစားခဲ့တာ ကတော့ ထေရ၀ါဒမှ ခွဲထွက်ခဲ့တဲ့ ၀ဇ္ဇီပုတ္တကဂိုဏ်း (၀ါ) သမ္မိတိယဂိုဏ်း ပဲ ဖြစ်တယ်။ ၀ဇ္ဇီပုတ္တကဂိုဏ်း အနေနဲ့ က လူမှာ ခန္ဓာ (၅) ပါး လဲ မဟုတ် ခန္ဓာ (၅) ပါး မှ သီးခြားလည်း မဟုတ်တဲ့ ပုဂ္ဂလ ဆိုတဲ့ သဘော တစ်ရပ်ရှိတယ်လို့ ယူဆပါတယ်။ ဒီပုဂ္ဂလ ဟာ ဘ၀ သံသရာမှာ ကျင်လည် ပြေးသွားနေ ရတဲ့ သတ္တ၀ါ ဖြစ်တယ်။ အရိပ်ဆိုတာ ရုပ်ဝတ္တုလဲ မဟုတ် ရုပ်ဝတ္တုမှ သီးခြားမဟုတ်သလို ပဲ ဒီ ပုဂ္ဂလ သဘော ဟာ ခန္ဓာ (၅) ပါး ရှိတဲ့ နေရာတိုင်းမှာ ရှိနေတယ်..။ ဒုက္ခ၀န်ထုပ် (ဘာရ) ကို ထမ်းရွက်နေရတဲ့ ၀န်ထုပ်ဆောင်သူ (ဘာရကာရ) လည်း ဖြစ် တယ်လို့ ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ ပုဂ္ဂလ ရဲ့ အရှိတရား ကို လက်ခံသူတွေ မို့ သူတို့ ကို ပုဂ္ဂလ၀ါဒီတွေ လို့လဲ ဆိုကြပါတယ်။

ပုဂ္ဂလ ကို လက်ခံလိုက်တဲ့ အတွက် ဘ၀ဟောင်း က ကုသိုလ်-အကုသိုလ် ကမ္မသတ္တိ တွေ ပါရမီဖြည့်ဆည်းမှုတွေ အထုံဝါသနာတွေ အနုသယ ကိလေသာတွေ ကိန်းအောင်းနေဖို့ အတွက်နဲ့ ဘ၀သစ်သို့ ဆောင်ယူ သွားနိုင်ဖို့ အတွက် အခြေခံဝတ္တု တစ်ခု ရရှိလိုက် သလို ပါပဲ။ ကွန်ပြူတာ တစ်လုံးထဲ က ဒေတာ တွေ ကို နောက် တစ်လုံးထဲ ပြောင်းထည့်တဲ့ အခါ ကြားခံ ဟာဒ်ဒစ် တစ်ခု ကို သုံးပြီး ရွေ့ သလိုပဲ ဘ၀ဟောင်း နဲ့ ဘ၀ သစ်အကြား အစပ်အဟပ် က ဒီ ပုဂ္ဂလ ဆိုတဲ့ အရာ ပဲ ဖြစ်တယ်လို့ ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။ ပုဂ္ဂလ အရှိ အယူအဆ ဟာ ဟိန္ဒူတွေ နဲ့ ဂျိန်းတွေ ရဲ့ အတ္တဇီဝ အရှိ အယူအဆ နဲ့ တော်တော်လေး ဆင်တူ သလို ဖြစ်တယ်။ ဒါပေမဲ့ မတူတာတွေ လဲ ရှိတယ်။

(၁) ပထမ မတူတဲ့ အချက် က အတ္တဇီဝ ဟာ ခန္ဓာတွေ က နေ သီးခြားဖြစ်နေပေမဲ့ ပုဂ္ဂလ က တော့ သီးခြား မဟုတ်ဘူး။

(၂) ဒုတိယမတူတဲ့ အချက် က ခန္ဓာတွေ က နေ သီးခြားဖြစ်နေတဲ့ အတ္တ ဇီဝ ဟာ အနှစ်သာရအားဖြင့် မပြောင်းမလဲ ထာဝရ တည်တဲ့ အရှိသဘော ဖြစ်ပေမဲ့ ပုဂ္ဂလ ကတော့ ပြောင်းလဲတတ်တဲ့ သဘောမျိုး ၀ဇ္ဇီပုတ္တကဂိုဏ်း က ခံယူတယ်။

(၃) တတိယ မတူတဲ့ အချက် ကတော့ ဟိန္ဒူတွေ နဲ့ ဂျိန်းတွေ ရဲ့ အတ္တဇီဝ ဟာ နောက်ဆုံးလွတ်မြောက်ချိန်မှာ ကျန်ရစ်တဲ့ အရှိတရား ဖြစ်တယ်။ ပုဂ္ဂလ ကတော့ ပြောင်းလဲတတ်တဲ့ သဘောမျိုး ဖြစ်လို့ သူ တည်မှီနေရာ ခန္ဓာတရားစုတွေ နိဗ္ဗာန်ဝင်လို့ ချုပ်ငြိမ်းရတဲ့ အခါ ပုဂ္ဂလ ဟာလဲ လိုက်ပါချုပ်ငြိမ်းရပါတယ်။

သဗ္ဗတ္တိဂိုဏ်း ရဲ့ ဂန္ဓဗ္ဗ အရှိ အယူ အဆ
ဝဇ္ဇီပုတ္တကဂိုဏ်း နောက် ဒီ ဘ၀ ကူးပြဿနာ ကို ဖြေရှင်းဖို့ကြိုးစားတာ ကတော့ ထေရ၀ါဒ ရဲ့ ဂိုဏ်းကွဲ တစ်ခု ဖြစ်တဲ့ သဗ္ဗတ္တိဂိုဏ်း ပဲ ဖြစ်တယ်။ သဗ္ဗတ္တိဂိုဏ်း ရဲ့ အယူအဆ က တော့ ၀ဇ္ဇီပုတ္တကဂိုဏ်း နဲ့ နည်းနည်းကွဲတယ်။ သူတို့ လဲ ခန္ဓာ (၅) ပါး အပြင် မှာ ဂန္ဓဗ္ဗ လို့ ခေါ်တဲ့ ရုပ်နုနာမ်နုတွေ နဲ့ ဖွဲ့စည်းထားတဲ့ သဘာဝတစ်မျိုး ရှိတယ်လို့ ယူဆတယ်။
ဒီ ဂန္ဓဗ္ဗ တရား က ပုဂ္ဂလ လို အတ္တဇီဝ လိုပဲ ကံ ပါရမီ ၀ါသနာ အနုသယ တရားတွေ ကို သယ်ဆောင်ပေးတဲ့ အရာ ဖြစ်တယ် လို့ သဗ္ဗတ္တိဂိုဏ်း က ခံယူတယ်။

ဂန္ဓဗ္ဗ အရှိ အယူ အဆ က အတ္တဇီဝ အယူအဆ နဲ့ ပို ဆင်တူတယ်။ ဘာကြောင့်လဲဆိုတော့ ဂန္ဓဗ္ဗ ဟာ အတ္တ လိုပဲ ခန္ဓာတွေ က နေ ကင်းလွတ်ပြီး သီးခြား ရပ်တည်နိုင်လို့ ပါပဲ။ သတ္တ၀ါ သေဆုံးတဲ့အခါ ဒီ ဂန္ဓဗ္ဗ က ထွက်သွားတယ်။ ရုပ်နုနာမ်နု ဘ၀ မှာ ရှိနေပြီး နောက် ဘ၀အသစ် တစ်ခု ကို မကပ်ရောက် သေးခင်မှာ ကြားကာလဘ၀ (အန္တရာဘ၀) တစ်ခု ကို ဖြတ်သန်း ရတယ်လို့ ဆိုပါတယ်။ ဂန္ဓဗ္ဗ ဟာ ကံတွေ ကိလေသာ တွေ အနုသယ တွေ စင်ကြယ်သွားတဲ့ အခါ မှာ အသင်္ခတ အမတ သဘောကို ဆောင် ကလွတ်မြောက် သွားတယ် လို့ သဗ္ဗတ္တိဂိုဏ်း က ခံယူတယ်။

ဒီ အယူအဆ တွေ က ရှင်မဟာမောဂ္ဂလိပုတ္တတိဿ မထေရ်က ကထာဝတ္ထု ပါဠိတော်မှာ အဆို အခြေ အမျိုးမျိုး သုံးပြီးပယ်ရှား ခဲ့ပါတယ်။ ဒါပေမဲ့ ထေရ၀ါဒဂိုဏ်းမှာ လဲ ဒီလို ဘ၀ကူးပြဿနာ ကို တစ်နည်းတစ်ဖုံးရှင်းရပြန်ပါတယ်။ ၁၂ ရာစု မှာ ပေါ်ခဲ့တဲ့ နာမည်ကျော် အဘိဓမ္မသင်္ဂဟတ္ထ ကျမ်း မှာ ရှင်အနုရုဒ္ဓ က ဘ၀င်စိတ် အရှိ အယူအဆ ကို တင်ပြထားတာတွေ့ ရပါတယ်။

ထေရ၀ါဒဂိုဏ်း ရဲ့ ဘ၀င်စိတ် အရှိ အယူအဆ
သာမန်အားဖြင့် သတ္တ၀ါတွေ မှာ အာရုံ ဒွါရတိုက်ဆိုင်တိုင်း မြင် ကြား နံ ရသာ ထိတွေ့ စတဲ့ ၀ီထိစိတ်တွေ ဖြစ်ပါတယ်။ ဒီဝီထိစိတ်များအပြင် ဘ၀တစ်ခုနှင့် တစ်ခု ကူးပြောင်းချိန်နှင့် ဘ၀တစ်ခုအတွင်း စိတ်အစဉ်မပြတ်ရေး အတွက် တာဝန်ယူကြရတဲ့ ၀ီထိစိတ်အစဉ်တွင်မပါဝင်တဲ့ ၀ီထိအလွတ်စိတ်(၀ါ) ၀ီထိမုတ်စိတ်များလည်း ရှိပါတယ်။ ဒီစိတ် တွေ ကတော့  ပဋိသန္ဓေစိတ်၊ ဘ၀င်စိတ်နှင့် စုတိစိတ်တို့ဖြစ်ပါတယ်။

ဒီစိတ် ၃ မျိုးလုံးတွင် ကျန်စိတ်တွေလိုပဲ နာမ်ခန္ဓာ ၄ ပါး( ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိဉာဏ်) အပြည့်အစုံရှိပါတယ်။ ထပ်ခွဲရင် စိတ်တစ်လုံး၊ စေတသိတ် ၃၂လုံး(သို့)၃၃ လုံး (ဒွိဟိတ်၊ တိဟိတ်ပေါ်မူတည်ပြီး) ပါဝင်လေ့ရှိပါတယ်။ ဒီစိတ်တွေဟာ ၀ိပါတ်ဝိဉာဏ် အမျိုးအစားဖြစ်ကြပြီး အတိတ်ဘ၀များက သင်္ခါရကံများ ပြုပြီးတိုင်း ပေါ်ပေါက်ခဲ့သော နာနာက္ခဏိက စေတနာရဲ့ အကျိုး ၀ိပါက ၀ိဉာဏ်များ ဖြစ်ကြပါတယ်။

စိတ်ရဲ့ သဘောမှာ အာရုံကို ညွှတ်တတ်ကိုင်းတတ်သည့်သဘောရှိသဖြင့် အာရုံနှင့် ကင်း၍မဖြစ်ကြပါ။ ထိုစိတ်များ ယူသည့် အာရုံမှာလည်း တစ်မျိုးတည်းဖြစ်နေပြီး ရှေ့ပထမအတိတ်ဘ၀က နောက်ဆုံး မရဏသန္နဇော ယူခဲ့သည့်အာရုံကို ဆက်ယူထားကြပါသည်။ ပစ္စုပ္ပန် အာရုံ ၆ ပါးတို့အနက် မည်သည့် အာရုံကိုမျှ မယူပါ။ ဒါကြောင့်မို့ သတ္တ၀ါတွေ မသိသလို ဖြစ်နေခြင်း ဖြစ်ပါတယ်။ ဒီလို မသိခြင်းကို မသိစိတ်လို့ လဲ ဖေါ်ပြတတ်ကြပါတယ်။

ဝီထိမုတ်စိတ်များအနက် ဘ၀င်စိတ်ဟာ မွေးသည်မှ သေသည်အထိ ဘ၀ဆက်မပြတ်ရေး တာဝန်ယူရတဲ့စိတ်များ ဖြစ်ပါတယ်။ အိပ်မက်ပင် မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသူ ရဲ့ စိတ်အစဉ်တွင် ပဉ္စဒွါရ၀ီထိ၊ မနောဒွါရ၀ီထိတွေ မဖြစ်ပေါ်ပဲ စိတ်အစဉ် မပြတ်အောင် ဘ၀င်စိတ်များ မရေမတွက်နိုင်လောက်အောင် ဖြစ်နေပါတယ်။ ၀ီထိများဖြစ်ပေါ်နေ ချိန်မှာ လည်း တစ်ခုနဲ့တစ်ခုကြားလည်း စိတ်အစဉ်မပြတ်အောင် ဆက်ပေးတဲ့ ဘ၀င်စိတ်များ အမြောက်အမြား ဖြစ်လေ့ ရှိပါတယ်။

ဘ၀င်စိတ် နဲ့ နာနာက္ခဏိကကံ သတ္တိ
ဘ၀င်စိတ် ဆိုတာ သတ္တ၀ါတွေ ရဲ့ နဂိုစိတ် အိမ်ရှင်စိတ် ဖြစ်တယ်။ ပြင်ပ က အာရုံတွေ နဲ့ အတွင်းဒွါရတွေ တိုက်ခတ်(ဖဿဖြစ်)တဲ့ အခါမှာ ဒီ ဘ၀င်စိတ်အလျဉ် က ပြတ်တောက် သွားပြီးတော့ ပဉ္စဒွါရ အာရုံတွေ ကို သိတဲ့ ၀ီထိစိတ်တွေ ဖြစ်ပါတယ်။ ၀ီထိတွေ ချုပ်တဲ့ အခါ ဘ၀င်စိတ်တွေ ပြန်ဖြစ်ပြန်တယ်။ ဒီလိုပဲ သတ္တ၀ါ ဟာ ဘ၀င်စိတ်တွေ ၀ီထိစိတ်တွေ အလှည့်ကျ ဖြစ်ပေါ်ရင်း စိတ် ရဲ့ ကြောင်းကျိုးဆက်သွယ်-သန္တတိ ဖြစ်စဉ် က မြစ်ရေအယဉ် လိုပဲ တစ်သွင်သွင်စီးဆင်းနေပါတော့တယ်။

ဝီထိစိတ်တွေ နဲ့ ပြုလုပ်လိုက်တဲ့ ကောင်း ဆိုး ကံစေတနာသင်္ခါရတရားတွေ က ၀ီထိ အနေနဲ့ ချုပ်ပြတ်ခဲ့ ကြပေမဲ့  မိမိတို့ ရဲ့ ဆိုင်ရာ ကမ္မသတ္တိစွမ်းအင်တွေ ကို ဘ၀င်စိတ်အလျဉ်ထဲ မှာ သိုမှီးခဲ့ပါတယ်။ ဗုဒ္ဓအဘိဓမ္မာရဲ့  ကမ္မ၀ါဒ အရဆိုရရင် ကံရဲ့  သဘောဟာ သိမ်မွေ့ ပြီးတော့  အင်အားသတ္တိလည်းကြီးမားပါတယ်။ ကမ္ဘာများစွာခြားသော်လည်း အကြောင်းတိုက်ဆိုင်လာတဲ့ အခါ ထိုကံမျိုးစေ့မှ အကျိုးပေးသဖြင့် ပဋ္ဌာန်းဒေသနာအရ နာနာက္ခဏိကကံ ဟုခေါ်ကြောင်း ဖေါ်ပြထားပါတယ်။ အကြောင်းဟာအကျိုးနဲ့ကာလဘယ်လောက်ခြားခြား အကျိုးသက်ရောက် နိုင်စွမ်း ရှိတဲ့ အပြင် အကျိုးဟာအကြောင်းနဲ့ ယုတ္တိသဘောကိုလွန်လောက်အောင် ဆပွားကြီးမားကွာခြားစွာ အကျိုးပေးသက် ရောက် နိုင်စွမ်းရှိတယ်လို့   အဘိဓမ္မာရဲ့   ကမ္မ၀ါဒ ကဆိုပါတယ်။

အဘိဓမ္မာအရပြောရလျှင် ဝီထိစိတ်အစဉ်တွင် ၂၉ ပါးသော ဇောစိတ်တို့ ၌ယှဉ်သည့် စေတနာသာလျှင် နောင်ဘဝ အတွက် အကျိုးပေးနိုင်စွမ်းရှိသော ကံသတ္တိဖြစ်တာကြောင့်   ထိုဇောစိတ်များဟာ ပုထုဇဉ်၊ အရိယာအားလျော်စွာ ဇောစိတ်( ၅၅ ) ပါးမှ လောကီကုသိုလ်ဇော (၁၇ ) ပါး - ( မဟာကုသိုလ် ၈ပါး နှင့် မဟဂ္ဂုတ်ကုသိုလ် ၉ ပါး) နှင့် အကုသိုလ်ဇော (၁၂) ပါး ပေါင်း ၂၉ ပါးသည်သာ ကံဆိုသော စေတနာဖြစ် တယ်လို့ ဆိုပါတယ်။

ဘ၀င်စိတ် ဟာ ၀ီထိမုတ်စိတ်ဖြစ်လို့ သူ့မှာ ပစ္စုပ္ပန် အာရုံ ၆ ပါး ဆိုင်ရာ သိမှု ၀ီထိတွေ မရှိပဲ အတိတ်ဘ၀ ရဲ့ နောက်ဆုံး မရဏသန္နဇော ယူခဲ့သည့်အာရုံကို ပဲ သိနေတဲ့ စိတ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဘ၀င်စိတ် က ကံအဟုန် နဲ့ သွားနေတာ ဖြစ် ပြီးတော့ ပုဂ္ဂလ နဲ့ ဂန္ဓဗ္ဗ တို့ လိုပဲ ကံ ပါရမီ အနုသယ ၀ါသနာ တို့ တည်ရာ လဲ ဖြစ်ပါတယ်။

ဘ၀သစ်ဖြစ်ပေါ်မှု ဖြစ်စဉ်
သတ္တ၀ါတစ်ကောင် သေဆုံး ရတာ အကြောင်း အမျိုးမျိုး ရှိတယ်။ အသက်ဇီဝဓါတ် အားကုန်သွားလို့လဲ ဖြစ်နိုင်တယ်။ ကမ္မသတ္တိအဟုန် အားကုန်သွားလို့လဲ ဖြစ်နိုင်တယ်။ သူတပါးလုံ့လပယောဂကြောင့်လဲ ဖြစ်နိုင်တယ်။ အသက်ကို ရုတ်ခြည်းဖြတ်တဲ့ ဥပစ္ဆေဒက ကံ ကြောင့်လဲ ဖြစ်နိုင်ပါတယ်။ သေဆုံး ရတဲ့ အခါ မရဏာသန္န၀ီထိ ဇောတွေ ကျ ပါတယ်။  မိမိ မှာ ကြီးမားတဲ့ ဂရုကံ (ပဉ္စာနန္တရိယကံ) တွေ ရှိခဲ့ ရင်သေခါနီးပြုတဲ့ အာသန္နကံ တွေ အားကောင်း ရင် အာသန္နကံ က လွမ်းမိုး ပါတယ်။ ဒါမှမဟုတ်လဲ နေ့စဉ် ရက်ဆက်ပြုခဲ့တဲ့ အာစိဏ္ဏကံတွေ အားကောင်း ရင် အာစိဏ္ဏက က လွမ်းမိုး ပါတယ်။သေဆုံးခါနီး ကာလ မှာ ဆိုင်ရာ ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ် စတဲ့ နိမိတ်တွေ ထင်ယောင် လာတတ်တယ်လို့ ဆိုပါတယ်။ အောက်ပါ ကောက်နုတ်ချက် ကို လေ့လာကြည့်ပါလျှင် နိမိတ်ထင်ခြင်း ဖြဖစ်စဉ် ကို ယေဘုယျအား ဖြင့် သိမြင်နားလည်နိုင်မယ်လို့ ထင်ပါတယ်။

သေဆုံးခါနီး နိမိတ်ထင်ပုံ
လူသာမဟုတ်၊ မည်သည့်သတ္တ၀ါမဆို၊ သေဆုံးခါနီးတွင် နိမိတ်သုံးပါးထင်ပြီးမှ သေဆုံးကြပါပေသည်။ အိပ်ပျော်စဉ် သေဆုံးသူ၊ ရုတ်တရက်သေဆုံးသူများပါ နိမိတ်ထင်ကြပါသည်။ ဥပမာ - တူထုနေစဉ် ဆောက်ရိုးထိပ်တွင် နားမိသော ယင်ကောင်အားထုမိ၍ သေရလျှင်ပင် မသေမီ ထိုယင်ကောင်၌ နိမိတ်ထင်ပါသည်။

သေဆုံးခါနီးတွင် (၁) ကံနိမိတ်၊ (၂) ကမ္မနိမိတ်၊ (၃) ဂတိနိမိတ် ဟု နိမိတ်သုံးမျိုးတွင်တစ်မျိုးမျိုးထင်လာတတ်ကြပေသည်။ ဒါန သီလစသော ကောင်းမှုကုသိုလ်များကို များများဆည်းပူးအားထုတ်ထားကြသော ပုဂ္ဂိုလ်များသည် များသောအားဖြင့် ကွယ်လွန်ခါနီးတွင်၊ ကောင်းသောကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြသည်။ သူ့အသက်သတ်ခြင်း စသော မကောင်းမှု အကုသိုလ်များကို ပြုလုပ်မှုများကြသော ပုဂ္ဂိုလ်များသည် အများအားဖြင့် မကောင်းသော ကံနိမိတ်၊ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်လာတတ်ကြပါသည်။

(၁) ကံနိမိတ်ဆိုသည်မှာ အသက်ရှင်နေခိုက် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ်ကံနှင့် အကုသိုလ်ကံ (စေတနာ)များဖြစ်သည်။
(၂) ကမ္မနိမိတ်ဆိုသည်မှာ ထိုကုသိုလ်နှင့် အကုသိုလ်ပြုစဉ်က တွေ့ကြုံသုံးစွဲခဲ့သော အရာဝတ္ထုများဖြစ်သည်။
(၃) ဂတိနိမိတ်ဆိုသည်မှာ သေဆုံးပြီးနောက် ရောက်ရမည့်ဂတိ (ဒုတိယဘ၀)တွင်၊ မိမိတို့ ရောက်သွားကြရမည့် ကောင်းသောဘုံဘ၀၊ မကောင်းသောဘုံဘ၀ဟူသော ဖြစ်ရာဌာနများဖြစ်သည်။

ကံနိမိတ်ထင်လာပုံ
သေချိန်မရောက်မီ စက္ကန့်အနည်းငယ်တွင်ဖြစ်စေ၊ နာရီဝက်၊ တစ်နာရီကွာခြားသော အချိန်အခါတွင်ဖြစ်စေ၊ ရက်ပေါင်း လပေါင်းနှစ်ပေါင်းများစွာ ဘ၀ပေါင်း၊ ကမ္ဘာပေါင်းများစွာ ကွာခြားသောအခါကဖြစ်စေ၊ ပြုခဲ့သော ကံအမျိုးမျိုးတို့သည် နောက်ဘ၀သစ်၌ အကျိုးပေးခွင့်ကြုံလာလျှင် ကွယ်လွန်ခါနီး ကာလတွင် ထင်လာတတ်၏။ ဤထင်လာသောကံကို ကံနိမိတ် ထင်လာသည်ဟု ဆိုသည်။ ကံနိမိတ်ထင်လာပုံ (၂)မျိုးရှိသည်။ ထိုကံကို အမှတ်ရသောအားဖြင့် ထင်လာခြင်းနှင့် လောလောဆယ်ပြုလုပ်နေရသကဲ့သို့ အိမ်မက် မက်နေသကဲ့သို့ အနေအားဖြင့် ထင်လာတတ်ပါသည်။
ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးက မိမိတို့ ပြုလုပ်ခဲ့ဖူးသော ဒါနကုသိုလ်ကံ၊ သီလကုသိုလ်ကံ၊ ဘာဝနာကုသိုလ်ကံတို့ပြန်၍ အမှတ်ရသောအားဖြင့်၊ စိတ်ထဲတွင် အလိုလို ဖြစ်ပေါ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ဤကဲ့သို့ မိမိပြုလုပ်ခဲ့သော ကုသိုလ်ကံများ ထင်မြင်လာခြင်းကို ကုသိုလ်ကံနိမိတ်ထင်သည်ဟု ဆိုပါသည်။

မကောင်းမှု အကုသိုလ်ကံများကြသော ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးကာလတွင် ရှေးကမိမိတို့ ပြုလုပ်ခဲ့ဖူးသော သတ်မှု၊ ခိုးမှု၊ လိမ်ညာမှု၊ ကာမမှုစသော အကုသိုလ်ကံတို့သည် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာကြပေသည်။ ဤကဲ့သို့ မကောင်းမှု အကုသိုလ်ကံများ ထင်မြင်လာခြင်းကို အကုသိုလ်ကံ နိမိတ်ထင်သည်ဟု ဆိုပါသည်။

ကမ္မနိမိတ်ထင်လာပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့ ကွယ်လွန်ခါနီးတွင် မိမိတို့ပြုလုပ်ခဲ့သော ကုသိုလ်၊ အကုသိုလ်ကံများပြုလုပ်ပုံ အခြင်းအရာများကို ထင်လာခြင်းသည် ကမ္မနိမိတ်ထင်ခြင်းဖြစ်၏။ ကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် ဒါနပြုရာ၌ ကျောင်း၊ ဘုရားတည်ဆောက် ကိုးကွယ်လှူဒါန်းသူဖြစ်လျှင် ကျောင်း၊ ဘုရားအာရုံ၊ ရေစက်ချလှူဒါန်းပုံ အခြင်းအရာ၊ ကျောင်းနှင့်စပ်၍ လှူခဲ့သော အဆောက်အဦး၊ သင်္ကန်း၊ ဆွမ်း၊ ဆေး၊ အာရုံ၊ ဘုရားနှင့်စပ်၍ လှူခဲ့သော ပုံတော်၊ အဆောက်အဦး ပန်း၊ ဆီမီး စသော အာရုံများ ထင်လာတတ်ကြသည်။ ထို့အတူ ဆေးရုံ၊ ရေတွင်း၊ ရေကန်၊ စာသင်ကျောင်း၊ လှူဒါန်းနေပုံအခြင်းအရာများ သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းပုံ အခြင်းအရာ၊ ဥပုသ်သီလဆောက်တည်ပုံ အခြင်းအရာ၊ ကမ္မဋ္ဌာန်းတရားအားထုတ်ခဲ့ပုံ အခြင်းအရာ စိပ်ပုတီး၊ ယောဂီဝတ်၊ ကမ္မဋ္ဌာန်းကျောင်း စသည်တို့ကို စိတ်ထဲတွင် အလိုလိုဖြစ်လာသကဲ့သို့ ထင်မြင်လာကြသည်။ ထို့အတူ ဝေယျာဝစ္စ စသည်ဖြင့် ကုသိုလ်ကောင်းမှုပြုလုပ်ပုံ အခြင်းအရာများလည်း ထင်လာတတ်ပါသည်။ ဤကဲ့သို့ ကုသိုလ်ပြုလုပ်ပုံ အခြင်းအရာများ ထင်မြင်လာခြင်းကို ကုသိုလ်ကမ္မနိမိတ်ထင်သည်ဟု ဆိုရသည်။

အကုသိုလ်ကံပြုလုပ်ခဲ့ကြသူများတွင် သူတစ်ပါး အသက်ကို သတ်နေပုံ အခြင်းအရာ၊ သူတစ်ပါး ပစ္စည်းခိုးနေပုံ အခြင်းအရာ၊ လိမ်ပြောနေပုံ၊ ကာမမှုကျူလွန်ပုံတို့ကို ထင်လာကြပါသည်။ သတ်ဖြတ်စဉ်က အသုံးပြုခဲ့သော၊ ဓား၊ တုတ်၊ သေနတ်၊ ပိုက်ကွန်၊ လေး၊ မြား၊ လှံစသော လက်နက်များ၊ ခိုးယူထားသော ပစ္စည်းခိုးရာတွင် အသုံးပြုသောပစ္စည်း စသည်ဖြင့် စိတ်ထဲတွင် အလိုလို ဖြစ်လာသကဲ့သို့ ထင်မြင်လာတတ်ကြပါသည်။

 ဂတိနိမိတ်ထင်လာပုံ
ပုဂ္ဂိုလ်သတ္တ၀ါတို့သည် ကွယ်လွန်ခါနီး၌ ဘ၀သစ်တွင် တွေ့ကြုံရမည့် လားရာဂတိအာရုံများကို တင်ကြို၍ ထင်လာ တတ်သည်။ ကောင်းမှုကုသိုလ်ကံများကြသော ပုဂ္ဂိုလ်တို့သည် ကွယ်လွန်ခါနီး၌ နောင်ဘ၀တွင် မိမိတို့ရောက် သွားကြရမည့် ဘုံဘ၀၏ သာယာဖွယ်၊ အဆောက်အအုံ၊ ဥယျာဉ်ဗိမာန်၊ နတ်သမီး၊ နတ်သား၊ နတ်ရထားစသည်ဖြင့် ထင်လာတတ်သည်။ လူ့ပြည်ရောက်မည့်သူဖြစ်လျှင် အမိဝမ်းရေ၏ နီနီရဲရဲ အဆင်း၊ လူ၊ အိမ်ယာအဆောက်အဦး တို့ကိုထင်လာတတ်သည်။ ဤကဲ့သို့ မိမိတို့ ရောက်ရှိသွားရမည့် ဘုံဘ၀၏ သာယာဖွယ် ရောက်ရာဌာနအာရုံများ ထင်လာခြင်းကို ကုသိုလ်ဂတိနိမိတ်ထင်ဟပ်သည်ဟုဆိုသည်။

မကောင်းမှုအကုသိုလ်ကံများသော ပုဂ္ဂိုလ်သတ္တ၀ါတို့သည် နောင်ဘ၀၌ မိမိတို့ရောက်သွားကြရမည့် ဘုံဘ၀များ၏ မနှစ်သက်ဖွယ်ရာ၊ ကြောက်မက်ဖွယ်ရာများကို ထင်မြင်လာကြသည်။ ငရဲကျရမည့်သူဖြစ်လျှင်၊ ငရဲမီး၊ ငရဲထိန်း၊ ခွေးနက်ကြီး စသည်ဖြင့် ထင်လာတတ်၏။ တိရစ္ဆာန်ဘုံရောက်မည့်သူသည် တိရစ္ဆာန်တို့၏နေရာ၊ တိရစ္ဆာန်မိခင်ပုံပန်းသဏ္ဌာန်၊ ပြိတ္တာဖြစ်မည့်သူဖြစ်လျှင်လည်း တောကြီးတောင်ကြီး၊ မြစ်ရေ၊ သမုဒ္ဒရာကမ်း စသည်ဖြင့် မိမိတို့နေထိုင်ရမည့် အရပ်ဒေသအလိုက် ထင်လာတတ်၏။ ဤကဲ့သို့ ကြောက်မက်ဖွယ်ရာဌာန အာရုံများ ထင်မြင်လာခြင်းကို အကုသိုလ်ဂတိနိမိတ် ထင်သည်ဟု ဆိုရပေသည်။

ဒီလို နိမိတ် (၃) ပါးထဲ က တစ်ပါးပါး ကို စွဲ ကိုင်ပြီးတော့ နောက်ဆုံး သိစိတ်ဝီထိ (စုတိစိတ်) ဖြစ်ပေါ် ပါတယ်။ ဒီ စုတိစိတ် ရဲ့ အခြားမဲ့ ကာလ မှာ ဘ၀သစ် ရဲ့ ပထမဆုံးသော စိတ် (ပဋိသန္ဓေစိတ်) က ဖြစ်ပေါ်ပါတယ်။ ပဋိသန္ဓေစိတ် ဟာလဲ အဟိတ်ပဋိသန္ဓေစိတ- -ဒွိဟိတ်ပဋိသန္ဓေစိတ်- တိဟိတ်ပဋိသန္ဓေစိတ် စသဖြင့် အလောဘ အဒေါသ အမောဟ ဟိတ်တရားများ ယှဉ်တွဲမှု ကို လိုက်ပြီး အရည်အချင်းကွာခြား (ဘုံဘ၀ကွာခြား) သော ပဋိသန္ဓေစိတ် များ ဖြစ်ပေါ် ပါသတဲ့။ ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ အဟုန် ကြောင့် ဆိုင်ရာ ဘုံဘ၀ ရဲ့ ပသာဒရုပ်ကလာပ်တွေ အာရုံဒွါရတွေ လဲ ဖြစ်ပေါ်လာရပါတယ်။ အထက်မှာ ဆိုခဲ့ သလို ပဋိသန္ဓေစိတ် (၀ိညာဏ်) ကြောင့် နာမ်ရုပ် ဖြစ် နာမ်ရုပ်ကြောင့် အာရုံခံဒွါရ ၆ ပါး (သဠာယတန) ဖြစ် ဆို တဲ့ အစဉ်တန်း ပါပဲ။

ဘ၀တစ်ပါးသို့ ကူးပြောင်းသောပုဂ္ဂိုလ်သတ္တ၀ါမရှိ
အထက်မှာ ဖေါ်ပြခဲ့တာ ကတော့ ထေရ၀ါဒ အဘိဓမ္မာ စာပေ အလို အရ သတ္တ၀ါတွေ ဘ၀ဟောင်းရပ်စဲချုပ်ငြိမ်းပုံ နဲ့ ဘ၀သစ် ဖြစ်ပွား ရပုံတွေပါပဲ။ ဒီနေရာမှာ လူအများ သိချင်တဲ့ မေးခွန်းတစ်ရပ်ပေါ်ပေါက်လာ ပါတယ်။ ဥပမာ မောင်ဖြူဆိုတဲ့ လူသားတစ်ယောက် သေဆုံး ပြီးတော့ ဘ၀သစ်မှာ မောင်နီ ဆိုတဲ့ လူသားတစ်ယောက် အနေနဲ့ ပြန်လည်မွေးဖွားလာတယ် လို့ ဆိုကြပါစို့။ မေးခွန်း က တော့ မောင်နီ ဟာ မောင်ဖြူ ပဲ လား (ဘ၀ဟောင်း က လာတဲ့ သတ္တ၀ါ ပဲလား) ဒါမှ မဟုတ် မောင်နီဟာ မောင်ဖြူမဟုတ်တဲ့ အခြား သတ္တ၀ါ လား (ဘ၀ဟောင်း နဲ့ မတူတဲ့ အသစ်ဘ၀ တစ်ခုလား) ဆိုတဲ့ မေးခွန်း ပါပဲ။

မိလိန္ဒပဥှာပါဠိတော် မှာ ဆို ရင် ဒီ ပြဿနာ ကို အဒ္ဓါန၀ဂ် ဓမ္မသန္တတိပဥှာ မှာ အမေး အဖြေ လုပ်ထားတာ ကို တွေ့ ရပါတယ်။ ဘ၀ဟောင်း က သတ္တ၀ါ နဲ့ ဘ၀သစ်က သတ္တ၀ါ တစ်ယောက်တည်းလား (အတူတူပဲလား) အခြား တစ်ယောက် ဖြစ်သလား (တစ်ခြားစီလား) ဆို တဲ့ မေးခွန်း ကို ရှင်နာဂသေန က ဖြေရာမှာ ဒီ အစွန်း နှစ်ခု လုံး ကို ငြင်းပြီးတော့ ဘ၀ဟောင်း က သတ္တ၀ါ နဲ့ ဘ၀သစ်က သတ္တ၀ါ တစ်ယောက်တည်းလဲမဟုတ် (အတူတူလဲမဟုတ်) တစ်ခြားတစ်ယောက် လဲမဟုတ် (တစ်ခြားစီလဲမဟုတ်) =န စ သော န စ အညော ရယ်လို့ ဖြေပါတယ်။

ရှင်နာဂသေန ရဲ့ အဖြေ ဟာ ပြဿနာ ကို နည်းနည်း လုံးထွေးသွားစေတာ အမှန်ပါပဲ။ ရှင်းသလိုလို နဲ့ ရှုပ်နေစေတဲ့ အဖြေ ဖြစ်နေပြီးတော့ မေးခွန်းရှင် ရဲ့ သတ္တ၀ါအရှိ အမြင် ကို လက်ခံပြီး ဖြေဆို ရာလဲ ရောက်နေပါတယ်။ ဘ၀ဟောင်း ကသူ လဲ မဟုတ် ဘ၀သစ်မှာ တစ်ခြားသူ လဲ မဟုတ် ဆိုတော့ သတ္တ၀ါ ဟာ ဒီ နှစ်မျိုးစလုံးမဟုတ်သော်လည်း ဆန်းကြယ်တဲ့ ကြား အခြေအနေ တစ်မျိုးမျိုး နဲ့ ရှိနေသယောင်ယောင် ထင်မြင်မှု ကို ဖြစ်ပေါ်စေပါတယ်။ စုတိ ပဋိသန္ဓေ ဘ၀င် စသဖြင့် နာမည် ၃ မျိုး နဲ့ အပြတ်အတောက်အကြားအလပ်မရှိ မြစ်တစ်စင်းလို စီးဆင်းနေတဲ့ ၀ီထိမုတ် နဲ့ ၀ီထိစိတ် အစဉ်တန်း (စိတ္တသန္တတိ) ဟာ သတ္တ၀ါပဲ လို့ ခံယူ လာမိတဲ့ အထိ ဖြစ်ရပါတော့တယ်။

ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေ ရဲ့ စိတ်ထဲ မှာ လူဟောင်း နဲ့ လူသစ် ဟာ အတူတူ မဟုတ်သော်လည်း တစ်ခြားသူ လည်း မဟုတ်ပြန်လို့ ဆိုထားတဲ့ အတွက် တစ်ယောက်တည်းပါပဲ ဆိုတဲ့ သန္တတိပညတ် ကို ပဲ စွဲနေပါတော့တယ်။ ဒီ အခါ မှာ အများလက်ခံတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ ဘ၀သစ်အယူအမြင် က သတ္တ၀ါအရှိကို စွဲတဲ့ သဿတဒိဋ္ဌိဖက်ကို ဆွဲတဲ့ အယူမျိုး ဆန်ဆန် ဖြစ်နေပါတော့တယ်။ဘ၀ဟောင်း က ဘ၀င်စိတ် အလျဉ် က ပဲ ကမ္မသတ္တိ အဟုန်နဲ့ နောက်ဘ၀သစ် စိတ်တွေ အဖြစ်ဆက်လက် ဖြစ်ပွားသွားတယ် လို့ မြင်ကြတဲ့ အခါ အလွန် ပါးလျှသော အတ္တဒိဋ္ဌိ တစ်မျိုး က ဒီအမြင်ထဲ မှာ  တိတ်တဆိတ် ၀င်ရောက်ကာ ပူးကပ်နေပါတော့တယ်။

တကယ်တော့ သတ္တ၀ါဆိုတာ ဘ၀ဟောင်းမှာ တောင် မရအပ်တဲ့ ရှာဖွေမတွေ့နိုင်တယ် မရှိတရား ဖြစ်ပါတယ်။ မရှိတရား တစ်ခု ဟာ နောက်မရှိတရား တစ်ခု နဲ့ အတူတူ လား တစ်ခြားစီး လား ဆို တဲ့ မေးခွန်း ကိုက မှားယွင်းသော သက္ကာယဒိဋ္ဌိ အပေါ် အခြေခံထားလို့ ဒီ မေးခွန်း ကို ဖြေဆို ရန် အဖြေ မရှိပါ။  မရှိတဲ့ ပုဂ္ဂိုလ် သတ္တ၀ါ အတ္တ ဇီဝ တရားတွေ နဲ့ ပတ်သက်လို့ ရှိ မရှိ ဖြစ် မဖြစ် ပြတ် မပြတ် စတဲ့ မေးခွန်းတွေ ကို ရှင်တော်ဗုဒ္ဓ ဟာ ဘယ်သော အခါ မှ ဖြေဆိုခြင်း မရှိပါဘူး ။ မေးခွန်းမှားတစ်ခု ကို ဖြေဆိုခြင်းကြောင့် အသိ တွေ က ပိုမို ရှုပ်ထွေးသွားစေနိုင်လို့ပါပဲ။ န စ သော န စ အညော (အတူတူ မဟုတ် တစ်ခြားသူ လည်း မဟုတ်) ဆိုတဲ့ အဖြေ ဟာ ၀ဇ္ဇီပုတ္တက ဂိုဏ်း သားတွေ ရဲ့ ခန္ဓာ ၅ ပါး နဲ့ ပုဂ္ဂလ ဟာ အတူတူလဲ မဟုတ် တစ်ခြားစီလည်း မဟုတ် ဆိုတဲ့ ၀ါဒ ကို ပြန်ပြီးသတိရစေပါတယ်။

ဘ၀ဟောင်း ဘ၀သစ် ဆက်စပ်မှု ဥပမာ များ
နောက်ပိုင်းမှာ ရှင်နာဂသေန က ဥပမာ (၃) ခု ပေး ပါတယ်။ ပထမ အနေနဲ့ လူသားတစ်ဦး ငယ်ရွယ်စဉ် ပြီး အရွယ် တစ်ဆင့်ဆင့် ပြောင်းလဲ သွား ပုံ ကို ဥပမာပေးတယ်။ အမိဝမ်းထဲ မှာ ကာလလ ရေကြည် အမြုပ် သားတစ် ခက်မငါးဖြာ သန္ဓေသား မွေးကင်းစကလေး နို့စို့ကလေး သူငယ် လူငယ် လူရွယ် လူလတ် လူကြီး လူအို စသဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားရာ မှာ ဒီ အဆင့်တွေ ဟာ တစ်ခုနဲ့ တစ်ခု အတူတူလဲ မဟုတ် တစ်ခြားစီ လဲ မဟုတ် ဆိုတဲ့ သဘောမျိုး ပြောပြ ပြီးတော့ ဒီ အဆင့်တွေ အားလုံးကို ပေါင်းရုံးပြီးတော့ လူပုဂ္ဂိုလ် တစ်ယောက်လို့ ခေါ်ဝေါ်သတ်မှတ် ရပါတယ် လို့ ဆို ပါတယ်။

ဒုတိယ ဥပမာ က တော့ ဆီမီး တစ်ခု ကို တစ်ညလုံးထွန်းထားတဲ့ ဥပမာ ဖြစ်တယ်။ ညဉ့် ဦးယမ်မှာ တောက်လောင် နေတဲ့ဆီမီး ညဉ့်လည်ယမ် မှာ တောက်လောင်နေတဲ့ဆီမီး မိုးသောက်ယမ် မှာ တောက်လောင် နေတဲ့ဆီမီး စသဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားရာ မှာ ဒီ အဆင့်တွေ ဟာ တစ်ခုနဲ့ တစ်ခု အတူတူလဲ မဟုတ် တစ်ခြားစီ လဲ မဟုတ် ဆိုတဲ့ သဘောမျိုး ပြောပြ ပြီးတော့ ဒီ အဆင့်တွေ အားလုံးကို ပေါင်းရုံးပြီးတော့ ဆီမီးတောက်အစဉ် လို့ ခေါ်ဝေါ်သတ်မှတ် ရပါတယ် လို့ ဆို ပါတယ်။

တတိယဥပမာ က တော့ နို့ရည် က နေ ထောပတ် ဖြစ်လာပုံ အဆင့်ဆင့် ဥပမာ ဖြစ်တယ်။ နို့ရည် က နေ နို့ဓမ်း- နို့ဓမ်း ကနေ ဆီဦး- ဆီဦး ကနေ ထောပတ် စသဖြင့် အဆင့်ဆင့်ပြောင်းလဲ သွားရာ မှာ ဒီ အဆင့်တွေ ဟာ တစ်ခုနဲ့ တစ်ခု အတူတူလဲ မဟုတ် တစ်ခြားစီ လဲ မဟုတ် ဆိုတဲ့ သဘောမျိုး ပြောပြ ပြီးတော့ ဒီ အဆင့်တွေ အားလုံးကို ပေါင်းရုံးပြီး တော့ နို့ ရည် ပြောင်းလဲမှု ဖြစ်စဉ် လို့ ခေါ်ဝေါ်သတ်မှတ် ရပါတယ် လို့ ဆို ပါတယ်။

ဒီနေရာမှာ သတိပြုစရာ အချက် တစ်ခုက ရှင်နာဂသေန ဟာ ရုပ်ပိုင်းဘ၀ဆိုင်ရာဥပမာတွေ (လူ့ကိုယ်ခန္ဓာ-ဆီမီး-နို့ရည်) နဲ့ ဥပမေယျ ဖြစ်တဲ့ သတ္တ၀ါစိတ်အစဉ် ရွေ့လျှားစီးဆင်း ကာ ဘ၀ဟောင်း ဘ၀သစ်ပြောင်း လဲ မှု ကို ထင်ဟပ်ပြနေတယ် ဆိုတာ ပါပဲ။ ဥပမာတွေ နဲ့ ဥပမေယျ က သဘာဝမတူ တဲ့ အတွက် နည်းနည်းတော့ အားနည်းတဲ့ ဆင်ခြေ ဖြစ်နေပါတယ်။

နောက်တစ်ချက် က ရုပ်ပိုင်းဘ၀ဆိုင်ရာဥပမာတွေ (လူ့ကိုယ်ခန္ဓာ-ဆီမီး-နို့ရည်) က လက်ရှိမျက်မှောက် ပစ္စုပ္ပန် ဘ၀ ရဲ့ ပစ္စက္ခတရားတွေ ဖြစ်တဲ့ အတွက် လက်တွေ့လဲ ထင်သာမြင်သာတယ် ယုတ္တိကွင်းဆက်လဲ မိတယ် လို့ ဆိုနိုင်ပေမဲ့ မောင်ဖြူဆိုတဲ့ လူသားတစ်ယောက် သေဆုံး ပြီးတော့ ဘ၀သစ်မှာ မောင်နီ ဆိုတဲ့ လူသားတစ်ယောက် အနေနဲ့ ပြန်လည်မွေးဖွားလာတယ် ဆိုတဲ့ ဘ၀ဟောင်း ဘ၀သစ် အကူးအပြောင်း ဖြစ်စဉ် ကတော့ လက်ရှိမျက်မှောက် ပစ္စုပ္ပန် ဘ၀ ရဲ့ ပစ္စက္ခတရား မဟုတ်တဲ့ အပြင် ကာလ ဒေသ ခြားနားမှု တွေ ပါ ရှိနေတော့ ဥပမာတွေ နဲ့ ဥပမေယျ က မဟပ်မိဘူး ဖြစ်နေပါတယ်။

အဋ္ဌကထာစာပေတွေမှာ ဘ၀ဟောင်း က နေ ဘ၀သစ် ဖြစ်ပွားပုံ ကို အခြား ရုပ်ပိုင်းဘ၀ဆိုင်ရာဥပမာတွေ နဲ့ ပြကြပါ သေးတယ်။ ဒါတွေ ကတော့ ကြေးမုံပြင်မှာ အရိပ်ထင်တဲ့ ဥပမာ ပဲ့တင်သံ ရိုက်ခတ်ပုံ ဥပမာ တံဆိပ်တုံး ခတ်နှိပ်လို့ တံဆိပ် ထင်ပုံ ဥပမာ တောမီး ကူး တဲ့ ဥပမာ စသည်တွေ ပါပဲ။ ဒီ ဆင်ခြေတွေ ကလဲ အထက်မှာ ပြောခဲ့ သလို ဥပမာတွေ နဲ့ ဥပမေယျ က သဘာဝမတူ တဲ့ အတွက် နည်းနည်းတော့ အားနည်းတဲ့ ဆင်ခြေတွေဖြစ်နေပါတယ် လို့ ပဲ ပြောရမှာ ဖြစ်တယ်။

ကူးဆက်နွယ်တက်သွားတဲ့  ရုပ်နာမ်ခန္ဓာ မရှိပုံ
ဒီ ဥပမာတွေ က ညွှန်ပြချင်တဲ့ အဆိုဝါဒ က တော့ ဘ၀ဟောင်း ရဲ့ စုတိစိတ်ချုပ် သွားတဲ့ အခါ ဒီဘက်ဘ၀ က ရုပ်နာမ်ခန္ဓာ တွေ အားလုံးလဲ အကြွင်းမရှိ ချုပ်ငြိမ်းသွားပြီး ဘ၀သစ်ထဲ ကို ကူးဆက်နွယ်တက် သွားတဲ့  ရုပ်နာမ်ခန္ဓာ ရယ်လို့ စိုးစဉ်းမျှ မရှိ ဘူး ဆိုတဲ့ အကြောင်း နဲ့ ဘ၀ ဟောင်း ရဲ့ ရုပ်နာမ်ခန္ဓာ တွေ အားလုံးလဲ အကြွင်းမရှိ ချုပ်ငြိမ်းသွားသော်လည်း စုတိအခိုက် မှာ ရှိတဲ့ ၀ီထိမုတ်-ဘ၀င်စိတ် ဟာ ကမ္မသတ္တိ အဟုန်နဲ့ စိတ္တနိယာမဆိုင်ရာ အကြောင်း အထောက်အပံ့တရားတွေ ကြောင့် ဘ၀သစ်မှာ ပဋိသန္ဓေစိတ် ဆိုတဲ့ အမည်သစ် နဲ့ ဆက်လက်ဆင့်ကဲ ဖြစ်ပွား ရတယ်လို့ ဆိုလိုချင်တာ ပါပဲ။ တောမီးလောင်တဲ့ အခါ ဒီဖက်တောအုပ် က မီး က ချုပ်ငြိမ်းသွားပေမဲ့ နောက်ဆုံးကျန်ရစ်တဲ့ မီးပွားမီးတောက် လေး ကို လေအဟုန်ကဆောင်ယူ လို့ တစ်ဖက် က တောအုပ်မှာ မီး ဆက် ကူးလောင်ရတဲ့ ပုံ ပမာ မျိုးလို့ ဥပမာ ပေးကြပါတယ်။

ပဋ္ဌာန်းဒေသနာ မှာ တော့ စိတ်တွေ တစ်ခုပြီးတစ်ခု ဖြစ်လိုက်ချုပ်လိုက် နဲ့ မြစ်ရေလို တစ်သွင်သွင် စီးနေတဲ့ ဖြစ်စဉ် ကို အကြောင်းပစ္စည်းများစွာ နဲ့ တန်ဆာဆင်ပြီးတော့ ရှင်းပြပါတယ်။ ရှေ့စိတ် နဲ့ နောက်စိတ် အကြားအလပ်မရှိခြင်းသဘော (အနန္တရ) လွန်စွာ အကြားအလပ်မရှိခြင်းသဘော (သမနန္တရ) စိတ် စေတသိက်တရားများ အပြန်အလှန် နဲ့ အတူတကွ ဖြစ်ခြင်းသဘော (အညမည နဲ့ သဟဇာတ) အဖန်တလဲလဲထုံခြင်းသဘော(အာသေ၀နသတ္တိ) ကံ နဲ့ ကံအကျိုးဆက် ဖြစ်ခြင်းသဘော (ကမ္မ နဲ့ ၀ိပါက) ရှေ့စိတ်တို့ ချုပ်ခဲ့လို့ နောက်စိတ်တို့ ဖြစ်ခွင့်ရှိတဲ့ သဘော (နတ္ထိ) နဲ့ ရှေ့စိတ်နဲ့ ကင်းပြီးနောက်စိတ်မဖြစ်နိုင်တဲ့ သဘော (အ၀ိဂတ) စသဖြင့် ကျယ်ဝန်းစွာ ရှင်းပြထားတာတွေ ရှိပါတယ်။ ဒီ လို အကြောင်းပစ္စည်းများစွာ နဲ့ တန်ဆာဆင်ပြီးတော့ ရှင်းပြ ရ ခြင်း ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက် က စိတ်ဖြစ်စဉ် မှာ မပြောင်းမလဲ တည်တဲ့ ခိုင်မာမြဲမြံတဲ့ အတ္တ-ဇီဝ မရှိဘူး ဆိုတာ ကို ပြလိုရင်းပါပဲ။

စိတ်ဟာ အကြောင်းအထောက်အပံ့တရားတွေ တိုက်ဆိုင်ပေါင်းဆုံရင် ခဏဖြစ်လာပြီး ချက်ချင်းချုပ်ငြိမ်းပျောက်ကွယ် သွားတတ်တဲ့ အနိစ္စဘာဝ မျိုးပါပဲ။ မိမိ ကွယ်ပျောက်သွားသော်လည်း နောက်စိတ်ကို တော့ မိမိ ရဲ့ ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ကို အမွေအဖြစ်ချန်ထားခဲ့ပါတယ်။ ဒိုမီနို ကဒ် လေးတွေ တစ်ခုကို တစ်ခု တိုက်ပြီး လဲ ရတဲ့ အခါ အားပြောင်းအားလွှဲ သဘောနဲ့ အားအဟုန်သတ္တိ က ရွှေ့လျှား သွားရသလိုပဲ ဒီနည်း နဲ့ ပဲ စိတ်သိမှု အခိုက်ခဏ လေးတွေ ဟာလဲ တရစပ် ဖြစ်-ချုပ် ကာ ရဲ့ ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ က ဘ၀ဟောင်း မှ သည် ဘ၀ သစ်သို့ ရွေ့လျှား နေပါသတဲ့။

ကမ္မသတ္တိ နဲ့ အနုသယဓါတ် ဆိုင်ရာ ပြဿနာများ
ဒီလို နည်းနဲ့ ရှင်းပြလိုက်တော့လဲ ရှင်းသလိုလိုတော့ ဖြစ်သွားပေမဲ့ တစ်ကယ် စေ့စေ့စပ်စပ် တွေးကြည့်တော့လဲ ဒီ အမြင်မှာ ပြဿနာလေးတွေ အနည်းငယ် ရှိနေသေးတာ ကို တွေ့ရပါတယ်။

(၁) ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ဆို တာ ရုပ်နာမ်သင်္ခါရတရားတွေ လို ပဲ အရှိ ပရမတ် တရားတွေ လို့ ယူမလား။ ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ဆိုတာ ကံ စေတနာ ကိလေသာ စေတသိက် စတဲ့ ပရမတ်တရားတွေ က ဖြစ်ပေါ်စေတယ် ဆိုပေမဲ့ သူတို့ ကို အရှိ ပရမတ် တရားတွေ လို့ ယူနိုင် မလား။

(၂) ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ဆို တာ ရုပ်နာမ်သင်္ခါရတရားတွေ လို ပဲ အရှိ ပရမတ် တရားတွေ ဆိုခဲ့ ရင် သူတို့ မှာ လဲ သင်္ခါရတရားတွေ ရဲ့ သာမညလက္ခဏာ ဖြစ်တဲ့ ဖြစ်ခြင်းပျက်ခြင်း သဘောတရားတွေ လဲ ရှိနေရတော့မှာဖြစ်တယ်။ ပြောင်းလဲခြင်း ဖြစ်စဉ်ကြီးထဲ မှာ တည် မနေနိုင်တဲ့ ခယ ၀ယ ဓမ္မတရားတွေ ပဲ ဖြစ်ရင် ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ဆို တာ ဘ၀ဟောင်း က နေ ဘ၀သစ်ကို ကူးပြောင်း လိုက်ပါ နိုင်တယ်လို့ ပြောလို့ ဖြစ်နိုင်ပါ့မလား။

(၃) ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ဆို တာ ရုပ်နာမ်သင်္ခါရတရားတွေ လို ပဲ အရှိ ပရမတ် မဟုတ်ပဲ ရုပ်နာမ်တရားတွေ ရဲ့ ဆက်သွယ်မှုကို ပညတ်ထားတဲ့ သဘောမျိုး (၀ါ) ပညတ်တရား တွေ ပဲ လား။ ပညတ်တွေ ဆိုရင် တော့ ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ဟာ ရုပ်နာမ်သင်္ခါရတရားတွေ အပေါ် အကျိုးသက်ရောက်မှု ဖြစ်စေနိုင်လောက်တဲ့ အကြောင်းတရား တွေ မဖြစ်နိုင်ပြန်ဘူး။

ဘ၀ကူးပြောင်းမှု ပြဿနာ က ထင်သလောက်မလွယ် လို့ နိဒါနကွင်းဆက် ၁၂ ခု ထဲ က ဒုတိယကွင်းဆက်(သင်္ခါရ ပစ္စယာ ၀ိညာဏံ ) ဟာ အနက်နဲ ဆုံး ဖြစ်နေပါတယ်။ ဒါ ကို နားလည်တဲ့ အခါမှာ လူပြိန်းကြိုက် ဗုဒ္ဓဘာသာကတော့ သဿတဒိဋ္ဌိ ဆန်ဆန် သတ္တ၀ါဟာ သံသရာ ထဲ မှာ ပြေးသွားကျင်လည် နေရဟန် ပဲ ရေးကြ ပြောကြ ဟောကြ ပါတယ်။ ငါ-သူတပါး စတဲ့ အတ္တ ဇီဝ ၀ိညာဉ်ကောင် က နောက်ဘ၀ ကို ရောက်သွားတာ တော့ မဟုတ် ပေမဲ့ ဘ၀ဟောင်း ရဲ့ စုတိ စိတ် နဲ့ ဘ၀သစ်ရဲ့ ပဋိသန္ဓေ စိတ် တွေ ဟာ ၀ီထိမုတ်ဖြစ်တဲ့ ဘ၀င်စိတ် အလျှဉ်ထဲ မှာ ဆက်သွယ်သန္တတိ အစဉ်တန်း အနေနဲ့ တော့ သတ္တ၀ါတစ်ကောင်တည်း ပဲ ဖြစ်တယ် လို့ တော့ မြင်နေကြဆဲ ပါပဲ။

န စ သော န စ အညော ၏ အဓိပ္ပါယ်အမှန်
ရှင်နာဂသေန ပြောခဲ့ တဲ့ န စ သော=သူ လဲမဟုတ် န စ အညော=အခြားတစ်ယောက် လဲ မဟုတ် ဆို တဲ့ စကားစု မှာ န စ သော=သူ လဲမဟုတ် ဆို တာ က တော့ ဘ၀ဟောင်း က ရုပ်နာမ်ခန္ဓာ တွေ က မရှိတော့ ပြီမို့ ဘ၀သစ် ရဲ့ ရုပ်နာမ်ခန္ဓာ အသစ်တွေ ကို ဘ၀ဟောင်းက သူ လို့ ပညတ် ဖို့ မဖြစ်နိုင် တော့ လို့ ပါပဲ။ န စ အညော=အခြားတစ်ယောက် လဲ မဟုတ် လို့ ဆို ရာမှာ တော့ ဘ၀သစ် ရဲ့ နာမ်ခန္ဓာ အစဉ် ဟာ ဘ၀ဟောင်း က နာမ်ခန္ဓာ အစဉ်နဲ့ တစ်ဆက်တည်း တစ်တန်းတည်း ဖြစ်လို့ အခြားတစ်ယောက် လဲ မဟုတ်တဲ့ သူ ပါပဲ လို့ ဆိုလိုချင်ပုံ ပါပဲ။

သူလဲမဟုတ် လို့ ယူတဲ့ အတွက် ဘ၀ဟောင်း က အတ္တ ဇီဝ ကူးပြောင်း လာတယ် ဆိုတဲ့ သဿတဒိဋ္ဌိ ကို ပယ်ပါတယ် တစ်ခြားသူလဲမဟုတ် လို့ ဆိုထားတဲ့ အတွက် ရုပ်ကိုယ်ကာယ ပျက်စီးချိန်မှာ သေသူရဲ့ နာမ်ခန္ဓာ အစဉ် က အပြီးတိုင် ပြတ်တောက် ရပ်စဲရတယ်ဆိုတဲ့ ဥစေဒ္ဆဒိဋ္ဌိ ကို ပယ်ပါတယ် လို့ ဆိုတယ်။

တစ်ချို့ပုဂ္ဂိုလ်များ ကျတော့ လဲ အစွန်းရောက်တဲ့ အယူအမြင်တစ်မျိုး ဆီ ကို ကျရောက် ရတယ်။ သူတို့ အမြင် က ဥစေဒ္ဆဒိဋ္ဌိ အစစ်တော့ မဟုတ်ပေမဲ့ ဥစေဒ္ဆဒိဋ္ဌိ ဆန်တယ်လို့ ပြောနိုင်တဲ့ အမြင်မျိုး ပဲ ဖြစ်တယ်။ ဘ၀ဟောင်း က ရုပ်နာမ်ခန္ဓာ တွေ နဲ့ ဘ၀သစ် က ရုပ်နာမ်ခန္ဓာ တွေ က အကြောင်းအကျိုး ဆက်သွယ် မှု ရှိပေသော်လည်း ဒီဘ၀ နှစ်ခု ဟာ ပုဂ္ဂလပညတ်သဘော အားဖြင့်တော့ တစ်ခြားစီ တစ်ယောက်စီ ဖြစ်ကြတယ်။ မောင်ဖြူ ရဲ့ခန္ဓာအစဉ် နဲ့ မောင်နီ ရဲ့ခန္ဓာအစဉ် တွေ က သီးခြားပုဂ္ဂိုလ်တွေ အဖြစ်ပညတ် ရမယ့် ခန္ဓာအစဉ်တွေ ဖြစ်ကြလို့ သီခြား သဘောဆောင်တဲ့ အတ္တပညတ်တွေ ဖြစ်တယ် လို့ မြင်ပါတယ်။

ဒီ အမြင် က အမှန်နဲ့ နီးစပ်တယ် လို့ ထင်ရပေမဲ့ နည်းနည်းလေး ကပ်ချော် နေတာ ကို တွေ့ ရတယ်။ အစဉ်အလာ အများကြိုက် အမြင် က သဿတ ဆန်ဆန် အတ္တပညတ်တစ်ခုတည်း ဖြစ်လေဟန် ခံယူကြသလို ဒီအမြင်ကလဲ ဥစ္ဆေဒ ဆန်ဆန် အတ္တပညတ် သီးခြား အဖြစ် ခံယူထားလို့ ပါပဲ။ နောင်ဘ၀ ဆိုတာ ငါ့ကြောင့် ဖြစ်တယ်လို့ ဆို နိုင်ပေမဲ့လဲ ငါ မဟုတ်တဲ့ အခြား ငါ တစ်ယောက်ပါ ပဲ ဆိုတဲ့ အမြင်မျိုး ဖြစ်ပါတယ်။ ဒီ အမြင် ရဲ့ အားနည်းချက် က တော့ မောင်ဖြူ နဲ့ မောင်နီ တို့ ဟာ သီးခြားအတ္တပညတ် ဖြစ်တယ် ဆိုသော်လည်း မောင်ညို ဆိုတဲ့ အခြားသော အတ္တပညတ် နဲ့ ခြားနားပုံ သီးခြား ဖြစ်ပုံ မတူပါဘူး။ မောင်ဖြူ ဟာ မောင်ညို နဲ့ ခန္ဓာအစဉ် မတူလို့ လုံးဝခြားနားတဲ့ သီးခြားအတ္တပညတ် ဖြစ်တယ် လို့ ပြောနိုင်ပေမဲ့ မောင်နီ ကို တော့ ဒီလို မပြောနိုင်ပါဘူး။ မောင်နီ နဲ့ ကတော့ ခန္ဓာအစဉ် ခြင်း ရှေ့ နောက်ဆက်စပ် နေတဲ့အတွက် မောင်နီ ဟာ မောင်ဖြူ အတွက် လုံးဝခြားနားတဲ့ သီးခြားအတ္တပညတ် မဖြစ်နိုင်ပါဘူး။ ငါမဟုတ်တဲ့ အခြား ငါ တစ်ယောက် လို့ ပြောလို့ မဖြစ်နိုင်ပါဘူး။

ဒီလို ဆို ရင် ဒီ ထပ်တူလည်းမဟုတ် တစ်ခြားစီလဲမဟုတ် ဆိုတဲ့ န စ သော န စ အညော ဆိုတာ ကို ဘယ်လို နားလည် ရ မလဲ။ သုတ္တန်ပိဋကတ် မှာ မာလုကျပုတ္တသုတ် အနုရာဓသုတ် အဂ္ဂိဝစ္ဆသုတ် စသည်တို့ မှာ သတ္တ၀ါ သေပြီးနောက် ဖြစ် မဖြစ် ဆိုတာ တွေ နဲ့ ပတ်သက် လို့ မေးလာတဲ့ အခါ မှာ ဒီလိုလဲ မယူဘူး ဟိုလိုလဲမယူဘူး စသဖြင့် ရှင်တော်ဗုဒ္ဓ က ဖြေပါတယ်။ တစ်ခါတစ်လေ မှာ မေးခွန်းမေးသူ ကို လိုက်လို့ လုံးဝ မဖြေပဲ ဆိတ်ဆိတ်နေတော်မူတာမျိုးတွေလဲ ရှိပါတယ်။

ဒါဆိုရင် ရှင်နာဂသေန က ဖြေခဲ့တဲ့ န စ သော န စ အညော ဆိုတာ ဒီလိုလဲ မယူသင့်ဘူး ဟိုလိုလဲမယူသင့်ဘူး ဆိုတဲ့ သဘောမျိုး ပဲ ဖြစ်သင့်တယ်ထင်ပါတယ်။ လောကဓမ္မတာ ယုတ္တိဗေဒနည်းကျ ဆင်ခြင် ရာမှာ အလယ်ပုဒ်ပယ်ထုတ် ခြင်း ဥပဒေသ (The Law of the Excluded Middle) ဆိုတာ ရှိပါတယ်။ တစ်ချို့ အဖြစ်အပျက်တွေ မှာ ဖြစ်နိုင်တဲ့ အခြေအနေ နှစ်ခုပဲ ရှိနေတာမျိုးရှိတယ်။

ဥပမာ- မောင်ဖြူ သည် အိမ်ထဲ မှာ ရှိနေသည် ဆိုတဲ့ အခြေအနေ နဲ့ မောင်ဖြူသည် အိမ်ထဲမှာ ရှိမနေပါ ဆိုတဲ့  ဖြစ်နိုင်တဲ့ အခြေအနေ နှစ်ခုပဲ ရှိနေတာမျိုး ကို ဆိုလိုပါတယ်။ ဒီလောကကြီးထဲ မှာ မောင်ဖြူ ရှိနေတာမှန်တယ် ဆိုရင် ဒီ ဖြစ်နိုင်တဲ့ အခြေအနေ နှစ်ခု က လွဲ လို့ ကြား အခြေအနေ မရှိနိုင်ပါ။ မောင်ဖြူ ဟာ ဒီ အခြေအနေ တစ်ခုခု မှာ ရှိမနေဘူး ဆို ရင် (၀ါ) မောင်ဖြူ ဟာ ဒီ ဖြစ်နိုင်တဲ့ အခြေအနေ နှစ်ခု စလုံးမှာ ရှိမနေဘူး ဆို ရင် ဒီလောကကြီးထဲ မှာ မောင်ဖြူ ရှိမနေဘူး လို့ ဆိုနိုင်ပါတယ်။ မောင်ဖြူဟာ အိမ်ထဲ မှာ ရှိနေတာလဲ မဟုတ် အိမ်ထဲ မှာ ရှိမနေတာလဲ မဟုတ်ဆိုရင် မောင်ဖြူ ရှိနေနိုင်တဲ့ တတိယ အခြေအနေတစ်ခုမရှိတော့အတွက် ဒီလောကကြီးထဲ မှာ မောင်ဖြူ မရှိဘူး လို့ ပြောရတာ ကိုပဲ အလယ်ပုဒ်ပယ်ထုတ် ခြင်းဥပဒေသ လို့ ဆိုပါတယ်။

ထပ်တူလည်းမဟုတ် တစ်ခြားစီလဲမဟုတ် ဆိုတဲ့ န စ သော န စ အညော အမြင်ကို လဲ အလယ်ပုဒ်ပယ်ထုတ် ခြင်း ဥပဒေသ နဲ့ စစ်ကြည့် ရင် သတ္တ၀ါ ဆိုတာ ရှိခဲ့ ရင် ဒီဘ၀ က သတ္တ၀ါ ဟာ နောက်ဘ၀က သတ္တ၀ါ နဲ့ ထပ်တူ ဖြစ်ရင်လဲ ဖြစ်ရမယ် ဒါမှမဟုတ်ရင် တစ်ခြားစီ ဖြစ်ရမယ် ဆိုတဲ့ အခြေအနေ နှစ်ခု က လွဲလို့ ကြား အခြေအနေ အလယ်ပုဒ် မရှိနိုင်တာ ကို တွေ့ ရမယ်။ န စ သော န စ အညော အရ ဒီ ထပ်တူဖြစ်ခြင်း နဲ့ တစ်ခြားစီဖြစ်ခြင်း အခြေအနေ နှစ်မျိုးစလုံး ကို ငြင်းပယ်ထားတဲ့ အတွက် သတ္တ၀ါ ဟာ ဒီလောက မှာ မရှိဘူး လို့ ပဲ အဖြေထွက် ပါတယ်။ ဒီ အခြေအနေ နှစ်မျိုးအပြင် တတိယ အခြေအနေ တစ်ခု လောကမှာ မရှိနိုင်တော့တဲ့ အတွက် ဒီ အဖြေကလွဲ လို့ အခြားအဖြေ တစ်ခု ကို မရ ရှိနိုင်ပါဘူး။

မောင်ဖြူ လို့ နာမပညတ်အပ်တဲ့ သတ္တ၀ါဟာ အမှန်မရှိတဲ့အတွက် မောင်ဖြူဟာ ပကတိအမှန်သဘောအားဖြင့် မွေးဖွား လာ ခြင်းလဲ မရှိသလို အမှန်တကယ်သဘောနဲ့ မမွေးဖွားခဲ့ တဲ့ မောင်ဖြူ ရဲ့ သေဆုံးခြင်း ဆိုတာလဲ လုံးဝမဖြစ်နိုင်ပါဘူး ။ မောင်ဖြူ ဟာ မောင်နီ အဖြစ်ပြန်လည်မွေးဖွားလာခြင်း ရှိ မရှိ ဆို တဲ့ မေးခွန်း က ပိုလို့ အခြေအမြစ် ဝေးပါတယ်။ ဘာလို့လဲ ဆိုတော့ မောင်နီ ဆိုတာလဲ မောင်ဖြူ လို ပဲ အမှန်မရှိတဲ့ သတ္တ၀ါလို့ နာမပညတ်အားဖြင့် ခေါ်ရုံမျှ သာ ဖြစ်တဲ့ အတွက်ပါပဲ။

ဗုဒ္ဓ၀ါဒ မှာ လက်ခံထားတဲ့ သစ္စာ (၂) ပါး အမြင်
ဒါဆိုရင် ဗုဒ္ဓ၀ါဒ မှာ ဘ၀သစ်ဖြစ်ပေါ်ခြင်းနဲ့ ဘ၀သံသရာအရှိသဘော ကို လက်ခံ မခံ ဆိုတဲ့ မေးခွန်း ဖြစ်ပေါ်လာပါတယ်။ ဒီ မေးခွန်းကို ဖြေဖို့ အတွက် ဗုဒ္ဓ၀ါဒ မှာ လက်ခံထားတဲ့ သစ္စာ (၂) မျိုး အမြင် ကို သဘောပေါက်ဖို့ လိုပါတယ်။

(၁) သမ္မုတိယသစ္စာ ဆို တာ နေ့စဉ်လောက မှာ လူသားတွေ အကြား အမှတ်သညာပြုပြီး ခေါ်ဝေါ်သတ်မှတ် ပြောဆိုကြတဲ့ ပညတ်တရား တွေ သင်္ကေတတွေ နဲ့ ဘာသာစကား ရဲ့ နယ်ပယ်ပါပဲ။ သမ္မုတိသစ္စာ မရှိ ရင် လူသားတွေ အချင်းချင်း ပြောဆို ဆက်ဆံ လို့ တောင်မရ နိုင်ပါဘူး။ ဒီပညတ်တရား စုတွေ က အသွင် အမျိုးမျိုး ရှိပါတယ်။

·         သဏ္ဍာနပညတ် (အ၀ိုင်း လေးထောင့် တြိဂံ အရှည် အတို စသဖြင့်)
·         ဃနပညတ် (ထုထည် အခိုင်အခံ့ အစိုင်အခဲ သဘော)
·         သမူဟပညတ် (အပေါင်း အစု သဘော)
·         ကိစ္စပညတ် (ပြုခြင်း လုပ်ခြင်း အမှုကိစ္စ သဘော)
·         သန္တတိပညတ် (ရှေ့နောက် အဆက်အစပ်အစဉ်တန်းသဘော)
·         ကာလပညတ် (အတိတ် ပစ္စုပ္ပန် အနာဂတ်)
·         ဒေသပညတ် ( အရှေ့ အနောက် တောင်မြောက် ၀ဲယာ ထက်အောက် ဖီလာ အနီး အဝေး )
·         နာမပညတ် (မောင်ဖြူ မောင်နီ စသဖြင့်)
·         အတ္တပညတ် (မိမိ ပင်ကိုယ်သဘာဝဖြင့် တစ်သီးတစ်ခြား ရပ်တည်နိုင်သော ငါ အရှိသဘော)
·         ဘူမိပညတ် (လူ နတ် ဗြဟ္မာ အပယ် ဘုံ ဘ၀ စသဖြင့်)
·         အ၀ိဇ္ဇာမာနပညတ် ( အမှန် ကို မသိမှု သဘော အားဖြင့် စွဲယူ ပညတ် အပ်သည့် အရာအားလုံး)
·         ၀ိဇ္ဇာမာနပညတ် (ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် နိဗ္ဗာန် သင်္ခတ အသင်္ခတ)

ဒီ သမ္မုတိ ပညတ်တရားတွေ ဟာ အသုံးဝင်မှု သဘော အရလဲ လောကမှာ အထင်အရှားမှန်ကန်နေတဲ့ သဘောတွေ ဖြစ်ပါတယ်။ လောကမှာ သာမန်အားဖြင့် အသိရှိသူ ဦးနှောက် ကျပ်ပြည့်သူ ဆိုတာ ဒီပညတ်စံနစ်တွေ ကို တော်တည့် မှန်ကန် အောင် အသုံးချတတ်သူ ကို ဆိုလိုပါတယ်။ ဒါပေမဲ့ ဒီ ပညတ်တရားတွေ က ရေးချယ်ပြတဲ့ လောက အရှိတရား က တော့ တကယ်အဟုတ်အမှန် ရှိတဲ့ သစ္စာတရား တော့ မဟုတ်ပါဘူး။ သမ္မုတိသစ္စာတွေ ရဲ့ သဘော က သတိ ၀ီရိယ ပညာ စတဲ့ ဘာဝနာကမ္မ လက်နက် ကိရိယာတွေ နဲ့ ခွဲခြမ်းစိတ်ဖြာကြည့်လေလေ ရှာဖွေမတွေ့လေလေ ဆိုတဲ့ သဘော တွေ ပါပဲ။

(၂) သမ္မုတိသစ္စာတွေ ကို သတိ ၀ီရိယ ပညာ စတဲ့ ဘာဝနာကမ္မ လက်နက် ကိရိယာတွေ နဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့ အခါ တွေ့ ရှိလာရတဲ့ သဘောတွေ (ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက်) စတာတွေ ကို တော့ ပရမတ္ထ သစ္စာ တွေ လို့ ဆိုပါတယ်။ နဲ့ ခွဲခြမ်းစိတ်ဖြာကြည့်တဲ့ အဆင့် နက်ရှိုင်း လေလေ ပရမတ္ထ သစ္စာ တွေ ရဲ့ အဆင့်ဟာလဲ နက်ရှိုင်းသွားလေလေ ပဲ လို့ ဆိုပါတယ်။ ပရမတ္ထ သစ္စာ တွေ ရဲ့ အဆင့် ကို (၃) ဆင့် သတ်မှတ်ပါတယ်။

·         သဘာဝလက္ခဏာ အဆင့်= ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် စတာတွေဟာ သမ္မုတိသစ္စာတွေ ရဲ့ ပညတ်တာ ကို ခံ ရတဲ့ ပညတ်ခံတရားတွေ ဖြစ် ပါတယ်။ ဒီ အဆင့် မှာ တော့ ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် စတာတွေဟာ မိမိ တို့ ရဲ့ ကိုယ်ပိုင် သဘာဝလက္ခဏာ တွေ ကို ဖေါ်ပြလာတဲ့ အဆင့် ဖြစ်ပါတယ်။
·         သာမညလက္ခဏာ အဆင့်= သဘာဝလက္ခဏာ ပိုင်ဆိုင်တဲ့ ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် စတာတွေဟာ အချင်းချင်း ပေါင်းစပ် မှီခို အားပြု ပြီးမှာ သာ မိမိ တို့ ရဲ့ ကိုယ်ပိုင် သဘာဝလက္ခဏာ တွေ ကို ဆောင် လာနိုင်တယ် ဆိုတာ ကို တွေ့ လာ ရတဲ့ အဆင့် ဖြစ်ပါတယ်။ အကြောင်း အထောက်အပံ့တရားတွေ ပေါင်းဆုံ ရင် ခဏတ္တယ အဖြစ်ကို ရောက်လို့ ပေါ်ပေါက်လာကြပြီး ဖြစ်လျှင်ဖြစ်ချင်း ချုပ်ငြိမ်း ကြရတဲ့ အနိစ္စ ဒုက္ခ အနတ္တ တရားတွေ လဲ ဖြစ်တယ် ဆိုတာ ဖြစ်တတ်ပျက်တတ် တဲ့ သဘောလေးတွေမျှသာ ဖြစ်တယ်ဆိုတာ ဒီ အဆင့်မှာ မြင်ရပါတယ်။
·         သန္တိလက္ခဏာ အဆင့်= သာမညလက္ခဏာ အဆင့်မှာ ဖြစ်လျှင်ဖြစ်ချင်း ချုပ်ငြိမ်း ကြရတဲ့ ဖြစ်တတ်ပျက်တတ် တဲ့ သဘောလေးတွေမျှသာ တွေ ကို ပဲ ဆက်စူးစမ်းလေ့လာ တဲ့ အခါ မှာ နောက်ဆုံးတော့ ဒီသဘောတရားလေး တွေ ဟာ တစ်စုံတရာ ရယ်လို့ ထပ်တူစွဲ ပညတ်တင်စရာ မရှိတော့တဲ့ ကိုယ်ပိုင် အတ္တ -အတ္တနိယသဘောမှ ကင်းဆိတ်တဲ့ တရား တွေ အနှစ်သားအခိုင်အမာ မရှိ တဲ့ သဘောတွေ ဖြစ်လို့ သုညတဓမ္မတွေ ပဲ ဆိုတာ မြင်တဲ့ အခါ တော့ စွဲမှတ်မှု ဟူသမျှ ကနေလွတ်မြောက်သွားရပါတယ်။ သုညတဓမ္မ သဘော နဲ့ ဒီသဘောကိုသိပြီးငြိမ်းအေးနေတဲ့ သန္တိလက္ခဏာ သက်သက်ပဲ ကျန်ရှိတော့တဲ့ နောက်ဆုံး အဆင့် ဖြစ်ပါတယ်။

အဆုံးစွန်သော အမြင် နဲ့ ကြည့်ရင် ခန္ဓာ အာယတန ဓါတု သစ္စာ ရုပ် စိတ် စေတသိက် စတာတွေဟာ အရှိတရားတွေ မဟုတ် လို့ ပရမတ္တသစ္စာ နယ်ပယ် မှာ လည်း ပရမာနုတ္တရသုညတ သဘော တစ်ခု ပဲ နောက်ဆုံး ကျစ်ရစ်ပါတယ်။

ဗုဒ္ဓဓမ္မ က ပြော သော ဘ၀သစ်အမြင်
ဒီ သစ္စာ တရား (၂) ခု လုံး ရဲ့ ရှုထောင့်တွေ က နေကြည့် ရင် ဘ၀ ကူးပြောင်း ကျင်လည် မှု ဆိုတာ မဖြစ်နိုင်ဘူး ဆိုတာ တွေ့ ရပါတယ်။ သမုတိသစ္စာ ရှုထောင့် ကနေကြည့် ရင် ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာ ရှိတယ်လို့ ပြောနိုင်ပေမဲ့ ဒီနာမပညတ် သဘော ဟာ ဘ၀တစ်ခု စတင်မွေးဖွား ချိန် က နေ သေဆုံးချိန်ကာလ အထိပဲ လွှမ်းခြုံပါတယ်။ ဒါကြောင့် သမုတိသစ္စာ ရှုထောင့် အရ ပြောရင် ဘ၀ဟောင်းက မောင်ဖြူ နဲ့ ဘ၀သစ်က မောင်နီ တို့ ဟာ ပုဂ္ဂိုလ် နှစ်ယောက် လို့ ပဲ သတ်မှတ် ရမှာ ဖြစ်ပါတယ်။ မောင်ဖြူ က မောင်နီ ဖြစ်သွားတယ် သို့မဟုတ် မောင်ဖြူ နဲ့ မောင်နီ ဟာထပ်တူ ဖြစ်တယ် လို့ တော့ မဆိုနိုင်ပါ။

ပရမတ္တသစ္စာ ရှုထောင့် ကကြည့်မယ် ဆိုလဲ ဘ၀ဟောင်းက မောင်ဖြူ ရဲ့ ရုပ်နာမ်ခန္ဓာ တွေ က တစ် ခဏလေးတောင် ရပ်တည် နေတာ မဟုတ်လို့  ဘ၀သစ်က မောင်နီ ရဲ့ ရုပ်နာမ်ခန္ဓာ တွေ က လုံးဝ ကို အသစ် ဖြစ်ပွားနေတဲ့ အစဉ် သာ ဖြစ်ပါတယ်။ ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ကို ဘ၀သစ် က ပုဂ္ဂိုလ် က အမွေခံ တယ်လို့ ပဲ အမှန်ဆုံး ပြောနိုင် ပါလိမ့်မယ်။

ဟိန္ဒူ ဓမ္မ နဲ့ ဂျိန်းဓမ္မ တွေ မှာ ဘ၀ တွေ ရဲ့ ခန္ဓာအစဉ်တွေ က ပုတီးစေ့ တွေ ဆို ရင် အတ္တ က ဒီ ပုတီးစေ့ တွေ ကို သီကုံးထားတဲ့ ကြိုး ပမာ ပဲ ဖြစ်ပါတယ်။ ပုတီးစေ့ နဲ့တူတဲ့ ခန္ဓာအစဉ်တွေ တစ်ခုပြီးတစ်ခု ပြောင်းရွေ့သွားပေမဲ့ သီကုံးထားတဲ့ ကြိုး နဲ့တူတဲ့ အတ္တ က တော့ တစ်ခုတည်း မပြောင်းလဲ ဘူး လို့ ဆိုပါတယ်။

ဗုဒ္ဓဓမ္မ မှာ တော့ ဘ၀ တွေ ရဲ့ ခန္ဓာအစဉ်တွေ က တစ်ခုပေါ်တစ်ခု ထပ် ထပ် တင်ထားတဲ့ ကျောက်တုံး တွေလို ပါပဲ။ ဘ၀ဟောင်း ကျောက်တုံးပေါ် ဘ၀သစ်ကျောက်တုံး က ထပ်တင်ထားတဲ့ အခါ အောက်ကကျောက်တုံး မရှိရင် ရင် အပေါ် က ကျောက်တုံးလဲ မတည်နိုင်သလို ပဲ ဘ၀ဟောင်း ရဲ့ ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ ကို အခြေခံပြီး ဘ၀ သစ် ကတည် နေရတဲ့ သဘောပဲ ဖြစ်ပါတယ်။ ဘ၀ဟောင်း ရဲ့ တစ်စုံတစ်ရာ က ဘ၀သစ်ထဲ ရောက်ရှိလာတာမျိုးမဟုတ်ပါ။

တကယ်တော့ ဘ၀သစ် ဟာ မိမိ ကိုယ်တိုင် ပြန်လည်မွေးဖွားတယ် ဆိုတာထက် မိမိ ရဲ့ သားသမီး နဲ့ မိမိနဲ့ ဆက်စပ် သလို သဘောမျိုး ပို ဆန်မယ်ထင်ပါတယ်။ မိမိ ရဲ့ သားသမီး ဟာ မိမိ မဟုတ်သော်လည်း မိမိ နဲ့ ကင်းလွတ်ပြီးမဖြစ်ပေါ် နိုင် သလိုပဲ ဘ၀သစ် က ပုဂ္ဂိုလ် ဟာ လဲ မိမိ မဟုတ်သော်လည်း မိမိ နဲ့ ကင်းလွတ်ပြီးမဖြစ်ပေါ် နိုင်ဘူး လို့ မြင်ကြည့်နိုင် ပါတယ်။ သမ္မုတိသစ္စာရှုထောင့် ကနေကြည့်ရင် မိမိ ရဲ့ ပစ္စုပ္ပန်ဘ၀ မှာ တောင် လွန်ခဲ့တဲ့ နှစ် (၂၀) လောက် က မိမိ ကိုယ်ကို တစ်ခြား လူသားတစ်ယောက်လိုမြင်နိုင်ရင် မိမိ ကို မှီစွဲ ဖြစ်ပွားရမဲ့ နောက်ဘ၀ ဆိုတာလဲ တစ်ခြားပုဂ္ဂိုလ် သတ္တ၀ါလို မြင်နိုင်ပါတယ်။ မိမိဘ၀ ရဲ့ အမြတ်တနိုးစုဆောင်းခဲ့ရတဲ့ ကမ္မသတ္တိတွေ ၀ါသနာတွေ ပါရမီတွေ ကို ကာလ နဲ့ ဒေသ ကို ဖြတ်ပြီး သူ့ အတွက် လက်ဆောင်တစ်ခုလို ချန်ထားရစ်ခဲ့ နိုင် ပါလိမ့်မယ်။

ပညောင်ပင်များ သေဆုံးတဲ့ အခါ မှာ အားကောင်းကြီးထွား သော အကိုင်း ဟာ မြေမှာ မှီတွယ်ပြီး ပညောင်ပင် ဘ၀သစ် ကို စရပြန်သလိုပဲ သတ္တ၀ါတစ်ကောင် ဘ၀ပြတ်စဲချုပ်ငြိမ်းရတဲ့ အခါ ဘ၀ဟောင်းရဲ့ အပေါ်လွင်အထင်ရှားဆုံးနဲ့ အားအင် အကြီး ဆုံးသော ကမ္မသတ္တိ နဲ့ အနုသယဓါတ်တွေ က အခြား သော အကြောင်းတရား အထောက်အပံ့တွေ နဲ့ ပေါင်းစပ် လို့ ဘ၀သစ်တစ်ခု စတင်ရပြန် ကြောင်း တင်ပြအပ်ပါတယ်။       ။