စိတ္တ-စိတ် ၏ အနှစ်သာရ သိခြင်းသဘာဝ
(လင်းထက်ဆွေ နားလည်မှုပြု၍
ပြန်ဆိုသည်။)
(ထိုင်း
အရည၀ါသီဂိုဏ်း (Thai Forest Tradition) မှ ဆရာတော်ကြီးတစ်ပါးဖြစ်သော အာဂျန် မဟာဘိုးဝ
(Ajahn Maha Boowa) ၏ စိတ်သဘာဝ ဆိုင်ရာ သင်ကြားချက်များစွာထဲ မှ အချို့ ကို ကောက်နုတ်ဖေါ်ပြအပ်ပါသည်။)
အရာခပ်သိမ်းတို့အနက်
အရေးအပါဆုံးသောတရားသည်ကား စိတ် ၏ အနှစ်သာရ
သိခြင်းသဘာဝ (the mind’s essential knowing Nature)ပေတည်း။ ယင်း အခြေခံသဘာဝတရားသည် သိခြင်းသက်သက်သဘောမျှသာဖြစ်၏။
ကောင်းမှု နှင့် ဆိုးမှု တို့ ကို သိခြင်း ပိုင်းခြားဝေဖန်ဆုံးဖြတ်နိုင်ခြင်း တို့ သည်
စိတ္တ ၏ အမူအရာ လက္ခဏာများ ဖြစ်ကြ၏။ တစ်ခါတစ်ရံတွင် ယင်း အမူအရာ လက္ခဏာများသည် သတိသမ္ပဇဉ်
သဘော အနေဖြင့်ပေါ်လွင်လာတတ်၏။ တစ်ခါတစ်ရံ တွင်မူ ယင်း အမူအရာ လက္ခဏာများသည်ဥာဏ်ပညာ အသွင်
ဖြင့်ပေါ်လွင်လာတတ်၏။
သို့သော်လည်း
စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘော(The Nature of Mind) သည်ကား မည်သည့်အခါ မှ မည်သည့် အသွင်သဏ္ဍာန်
လက္ခဏာ ဖြင့်မှ ဖေါ်ဆောင်လာတတ်ခြင်း မရှိချေ။ယင်းသည် အဖြစ်အပျက်တို့ ကို သိရုံမတ္တ သိနေခြင်းမျှ
သာတည်း။ စင်စစ်အားဖြင့် စိတ္တသည် အစမရှိ (အနာဒိ) အဆုံးမရှိ (အနန္တ) အပိုင်းအခြားမရှိ
(အပ္ပမာဏ) ပုံပန်းသဏ္ဍာန်မရှိ (အနိမိတ္တ) ဖြစ်ပေါ်ခြင်းမရှိ (အနုပ္ပါဒ) ချုပ်ပျက်ခြင်းမရှိ
(အနိရောဓ) သော ပကတိ အတိုင်းတိုင်းရှိသော ဓမ္မတရားဖြစ်၏။
စိတ္တ
မှ ထွက်ပေါ်လာသော ကောင်းမှု နှင့် ဆိုးမှု တို့ ကို သိခြင်း ပိုင်းခြားဝေဖန်ဆုံးဖြတ်နိုင်ခြင်း
တို့ သည် ၎င်း ချမ်းသာခြင်း နှင့် ဆင်းရဲခြင်း ချီးမွမ်းခြင်း နှင့် ကဲ့ရဲ့ခြင်း တို့
ကို ခံစားတတ်ခြင်း တို့ သည်၎င်း အသိစိတ် (consciousness) ၏ သက်ဝင်လှုပ်ရှား နေမှုများသာ
ဖြစ်ပြီး ယင်းတို့ သည် တည်ငြိမ်သော လက္ခဏာ မရှိကြချေ။
အကြောင်းအကျိုးတရားတို့
၏ ဖြစ်ပေါ်ခြင်း ချုပ်ပျက်ခြင်း သဘောတို့ ကို သိရှိ မှတ်သား နေခြင်းသည် ၀ိညာဏ ၏ လုပ်ငန်း
ဖြစ်ပါ၏။ ဥပမာအားဖြင့် ၀ိညာဏ သည် အဆင်း အနံ့ အသံ အရသာ အထိအတွေ့ စသော ဆိုင်ရာ အာရုံငါးပါး
တရားစုတို့ နှင့် အတွင်းဒွါရများ တိုက်ဆိုင် ရာမှာ ဖြစ်သော အာရုံသိချက်များ ကို မှတ်တမ်းတင်၏။
ထို့ကြောင့် ၀ိညာဏ သည် စိတ္တ ၏ ပေါ်လွင်လာသော အခြေအနေ တစ်ခု ဖြစ်ပါ၏။ ၀ိညာဏ နည်းတူ သင်္ခါရ
သည်လည်း စိတ္တ ၏ ပေါ်လွင် လာသော အခြေအနေ တစ်ခု ဖြစ်ပါ၏။
လိုအပ်သော
အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းလေတိုင်း ၀ိညာဏ သင်္ခါရ သညာ ဝေဒနာ စသော စိတ္တ ၏ ယာယီ
လက္ခဏာအသွင် များသည် (စိတ္တ မှ) ထွက်ပေါ်၍ လာတတ်၏။ အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှု
မရှိလတ်သော စိတ္တ သည် မိမိ ၏ ပင်ကိုယ်ပကတိသဘာဝအတိုင်း သိမှုသဘောသက်သက် အနေဖြင့်သာတည်ရှိနေ၏။
သို့သော်လည်း
သာမန်ပုထုဇဉ် သတ္တ၀ါ တို့၌ ရှိသော စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘောသည် ရဟန္တာ အရိယာ သူတော်စင်ပုဂ္ဂိုလ်
တို့၌ ရှိသော စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘော နှင့် လွန်စွာခြားနားလေသည်။ သာမန် ပုထုဇဉ်
သတ္တ၀ါ တို့၌ ရှိသော စိတ်၏ ပကတိသဘာဝအစစ်အမှန်သဘောသည် ကိလေသာ အာသ၀ အညစ်အကြေး တို့ဖြင့်ကပ်ငြိ
လိမ်းကျံလျှက် ရှိလေ၏။ ခီဏာသ၀ါ ဖြစ်တော်မူသော ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် တို့၌ ရှိသော
စိတ်၏ ပကတိသဘာဝ အစစ်အမှန်သဘော သည်ကား ကိလေသာ အာသ၀ အညစ်အကြေးတို့လုံးဝ မရှိပဲ အလွန်
သန့်ရှင်းစင်ကြယ်စွာ ဖြင့် တည်ရှိ၏။
ရဟန္တာ
အရိယာသူတော်စင်ပုဂ္ဂိုလ် တို့၏ သိမှု သဘောသည် လွန်ကျူးဖေါက်ပြန်မှု အလျဉ်းမရှိသော သိမှုသဘော
သက်သက် အနေဖြင့်သာတည်ရှိနေ၏။ ယင်းသိမှုသဘော သည် အမြတ်ဆုံးသော သိမှုသဘောလည်း ဖြစ်ပါ၏။
ပြည့်စုံသော ချမ်းမြေ့ ပျော်ရွှင်မှု ကိုလည်း ဖန်တီးပေး၏။ ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ်
၏ ညစ်ကြေးကင်းစင်သော စိတ်နှင့်လည်း အလျှော် ဖြစ်စေ၏။ ယင်း ပြည့်စုံသော ချမ်းမြေ့ပျော်ရွှင်မှု
သည် မည်သည့် အခါမှ ပျောက်ဆုံးရွေ့လျော ပျက်ပြယ် သွားခြင်းမရှိသော အစ္စုတသဘာဝတရား ဖြစ်ပါ၏။
ယင်း
ပြည့်စုံသော ချမ်းမြေ့ပျော်ရွှင်မှု သည် လိုအပ်သော အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှုကြောင့်
ဖြစ်ပေါ်ချုပ်ငြိမ်း တတ်သော သင်္ခတ တရားများကဲ့သို့ ပျက်းစီးပြောင်းလဲခြင်းမရှိချေ။မတည်မြဲခြင်းသဘော(အနိစ္စ)
ဆင်းရဲခြင်းသဘော(ဒုက္ခ) အစိုးမရ အနှစ်သားမဲ့ခြင်းသဘော(အနတ္တ) တို့၏ ဖိစီးနှိပ်စက်ခြင်း
လည်း အလျှဉ်းမရှိချေ။စိတ် ကို အဆုံးစွန်သော အခြေအနေ ထိ သန့်ရှင်းစင်ကြယ်စေပြီးသော အရိယာသူတော်စင်တို့
၏ သဏ္ဍာန်တွင် ဤလောကီ သင်္ခါရတရားများ ၏ လက္ခဏာများသည် ၀င်ရောက်ပူးကပ်နိုင်ခြင်းမရှိချေ။
စိတ္တ
သည် ဘ၀ သံသရာ ၏ အခြေခံအုတ်မြစ်ပမာလည်း ဖြစ်ပါ၏။ မွေး ခြင်း နှင့် သေခြင်း တို့ တရစပ်
ပူးကပ်နှိပ်စက် အပ်သော ဒုက္ခဖြစ်စဉ် ကို ဖြစ်ပွားစေသူ လက်သည်တရားခံ အ၀ိဇ္ဇာ၏ တည်မှီရာလည်း
ဖြစ်ပါ၏။ ဘ၀သံသရာ ဟူသည်ကား ဥပါဒါန်ကြောင့် ကမ္မဘ၀ ဖြစ် ကမ္မဘ၀ကြောင့် ဇာတိ ဖြစ်စေသော
ကိလေသာ-ကမ္မ-၀ိပါက တရားတို့ မရပ်မစဲ တစ်ဝဲ၀ဲလည်ပတ်နေခြင်း သဘောသာ ဖြစ်ပါသည်။
ကမ္မသတ္တိ
သည် စိတ္တ ကို စိုးမိုးချုပ်ကိုင်ထားလျှက် ကံစေရာသို့ ပြေးသွားနေရလေ၏။ ကမ္မသတ္တိ ၏ ကြိုးကိုင်ရာမှ
မလွတ်နိုင်သေး သရွေ့ စိတ္တ သည် ကံ၏ ကျေးကျွန်သဖွယ်သာဖြစ်ပါ၏။ ဤနေရာတွင် ကံ၏ နှောင်ဖွဲ့မှုကို
ဖြတ်တောက်ပြီးသော ခီဏာသ၀ါ ဖြစ်တော်မူသော ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ် သည် ချွင်းချက်ဖြစ်၏။
သူ၏ စိတ္တ သည်ကား ကမ္မသတ္တိ စိုးမိုးချုပ်ကိုင် ရာ နယ်ပယ် ကို လုံးဝလွန်မြောက်လျှက် ရှိပြီး
ဖြစ်ပေါ်ချုပ်ငြိမ်းတတ်သော သင်္ခတ တရားများ နှင့်လည်း လုံးဝ ဆက်စပ်မှီတွယ်မှု မရှိတော့ချေ။
ဤ အဆင့်တွင် ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ်တို့ ၏ စိတ္တ သည် မည်သည့်အရာ နှင့်မျှ တွယ်ငြိခြင်းမရှိ
တော့ချေ။
စိတ္တ
၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်တွင် အာသ၀အညစ်အကြေးများ အကြွင်းမရှိအောင်စင်ကြယ်လတ်သော် စိတ္တ သည်
မိမိ ၏ ပင်ကိုယ်ပကတိသဘာဝအတိုင်း သိမှုသဘောသက်သက်စွမ်းအား အပြည့် နှင့် သိနိုင်စွမ်းရှိပေ၏။
ထိုသို့သိရှိခြင်းသည် စိတ္တ၏ အထွဋ်အထိပ်သို့ ရောက်ရှိခြင်းလည်းဖြစ်၏။ အကြွင်းမဲ့ စင်ကြယ်မှု
အဆင့်တွင် စိတ္တ သည် ထာဝရပြီးပြည့်စုံခြင်းသို့ ရောက်လေ ၏။ ဤသို့ အားဖြင့် စိတ္တ သည်
တစ်ဘ၀ပြီးတစ်ဘ၀ ခန္ဓာ အစု တစ်ခုပြီးတစ်ခု ကူးပြောင်းကျင်လည် နေရသော ဘ၀ထိုထိုတို့၏ သံသရာ
မှလည်း အပြီးတိုင်လွတ်မြောက်လေ၏။ အိုခြင်း နားခြင်း သေခြင်းတည်းဟူသော ဆင်းရဲဒုက္ခ အစုအဝေးတို့၏
တရစပ် လည်ပတ်နေမှုလည်း အပြီးတိုင် ရပ်စဲလေ၏။
အဘယ်ကြောင့်ဤသို့
ရပ်တန့်ချုပ်ငြိမ်းရပါသနည်း။ အဘယ်ကြောင့်ဆိုသော် စိတ္တ ၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်တွင် အာသဝ
အညစ်အကြေးများ အကြွင်းမရှိအောင်စင်ကြယ်သွားသောကြောင့် သာ ဖြစ်၏ ဟု ဆိုရပေမည်။ ခန္ဓာ
အစု တို့ ၏ အပြီးတိုင်
ချုပ်ငြိမ်းမှု
နောက်ဝယ် ကျန်ရစ်ခဲ့သည်ကား မွေးခြင်း နှင့် သေခြင်း တို့ မှ ထာဝရ လွတ်မြောက်ခဲ့ပြီဖြစ်သော
သိမှုသဘော သက်သက်သာရှိသော စိတ္တ ပင် ဖြစ်၏။ စိတ္တ ၏ အတွင်းအဇ္ဈတ္တသဏ္ဍာန်တွင် အာသ၀အညစ်အကြေးများ
အကြွင်းမရှိအောင် မစင်ကြယ်သေးသရွေ့ ဘ၀သစ်တစ်ဖန်ပြန်လည် မွေးဖွားရခြင်းသည် မရှောင်လွဲနိုင်သော
အရာဖြစ်၏။
အချို့က
နတ္ထိက၀ါဒ လောကအမြင် ကို လက်ခံ၍ ဘ၀သစ်တစ်ဖန်ပြန်လည် မွေးဖွားရခြင်းသည် မဖြစ်နိုင်သော
အရာ အဖြစ် ငြင်းဆန်လိုကြ၏။ သို့သော်လည်း မိမိ ၏ ဒိဋ္ဌိအမြင်သက်သက် သည် သဘာဝတရားအတိုင်း
ရှိနေသော စိတ္တ ၏ ပကတိသဘာဝ သိမှုသက်သက်သဘော ကို ငြင်းပယ်ရန် မဖြစ်နိုင်ချေ။ စိတ် ၏ သိခြင်းသဘာဝ
အနှစ်သာရ သည် တွေးတောကြံဆမှုသက်သက် ဖြင့် သိအပ်သော သဘောလည်း မဟုတ်ပေ။ လူအများ၏ အညီအညွတ်သတ်မှတ်ပညတ်
အပ်သောအားဖြင့် တည်ရှိနေသည် လည်းမဟုတ်ပေ။ ကမ္မသတ္တိ ၏ စေစားမှု အတိုင်း ဖြစ်တည်နေရသော
စိတ် ၏ သိခြင်းသဘာဝ အနှစ်သာရ သည် သတ္တ၀ါတိုင်း၏ သဏ္ဍာန်တွင် တူညီစွာ ကိန်းဝပ်တည်ရှိနေပြီး
၎င်း သည် တွေးတော ကြံဆမှုသက်သက်သဘောကို လွန်မြောက်နေသော ဓမ္မတရားလည်း ဖြစ်ပါသည်။
ယင်း
သဘာဝတရား တည်ရှိနေ သောကြောင့်ပင် ဝေနေယျသတ္တ၀ါ အများသည် ကြမ်းတမ်းသောဘုံဘ၀ (ရေ မြေ လေ
နေ တ္တ၀ါများ) နူးညံ့သိမ်မွေ့သော ဘုံဘ၀ (နတ်ဗြဟ္မာ ပေတ အသူရကာယ် ဘ၀) အသီးသီးတို့တွင်
စုန်ချည်ဆန်ချည် ကျင်လည် လျှက် ရှိကြကုန်သည် သာဖြစ်၏။ နူးညံ့သိမ်မွေ့သော ဘုံဘ၀ များသည်
သာမန်မျက်စိဖြင့် မမြင်နိုင်လောက်အောင် သိမ်မွေ့ နူးညံ့ ကြသော် လည်း စိတ္တ အနေဖြင့်
ကမ္မသတ္တိ၏ အစွမ်းအားဖြင့် ထို ဘုံဘ၀များ၌ မွေးဖွားရန် မခက်ခဲလှချေ။ ဆိုင်ရာ အကျိုးကို
ပေးစေတတ်သော ကမ္မသတ္တိ၏ အစွမ်းအားဖြင့် သာ စိတ္တသည် ဘ၀ သံသရာချားရဟတ် ကို လည်ပတ်နေစေရလေ၏။
စိတ္တ၏
အရှိတရားသည် အလွန်တရာနူးညံ့သိမ်မွေ့လှသောကြောင့် စိတ္တ၏ သဘောသဘာဝ ကို သာမန်အားဖြင့်မသိနိုင်ပဲ
အလွန်တည်ကြည်ငြိမ်သက်သော သမာဓိတွင်တည်နေသော အခြေအနေတွင်သာ စိတ္တ၏ သဘောသဘာဝ ကို အပြည့်အစုံ
သိရှိနိုင်၏။ ကမ္မဋ္ဌာန်းဘာဝနာတွင် နာနေအောင်စိမ့်ထုံပွားများထားသူများပင် စိတ္တ၏ သဘောသဘာဝ
ကို မသိနိုင်ကြပဲ ရှိ၏။ စိတ္တ သည် ရုပ်ကိုယ်ကာယထဲတွင် တည်ရှိနေသယောင်ဖြစ်သော်လည်း ၎င်း၏
တည်နေရာ အတိအကျ ကို မညွှန်ပြနိုင်ပေ။ ဤမျှလောက်ပင် စိတ္တ၏ အရှိတရားသည် အလွန်တရာနူးညံ့သိမ်မွေ့
ပါ၏။
စိတ္တသည်
ရုပ်ကိုယ်ကာယ တစ်ခုလုံးတွင် နေရာမလပ် ဖုံးလွမ်းနေသောကြောင့် မည်သည့်နေရာ အပိုင်းသည်
စိတ္တ၏ တည်နေရာ ဖြစ်ရမည်ဟု တပ်အပ် သေချာ ပြောဆို မရနိုင်အောင်ဖြစ်ပါ၏။ကမ္မဋ္ဌာန်းဘာဝနာ
အားထုတ်မှု မှန်ကန်မှသာ စိတ္တ ၏ အရှိတရား နှင့် ရုပ်ကိုယ် ကာယ သည် တစ်သီးတစ်ခြားစီ ဖြစ်ကြောင်း
ကို သိရှိနိုင်၏။ဤကဲ့သို့ ရုပ်တရား နှင့် နာမ်တရားတို့ သီးခြား ဖြစ်တည်သော သဘာဝသည်
ကမ္မဋ္ဌာန်းဘာဝနာ အားထုတ်မှု အဆင့်တစ်ခုတွင် သိရသော
အသိအမြင် ဖြစ်၏။
နောက်တစ်ဆင့်တွင်မူ
စိတ္တ သည် ရုပ်ကာယ (ရူပက္ခန္ဓာ) နှင့် တစ်သီးတစ်ခြား ကွဲပြားလျှက် ရပ်တည်နိုင်သော အဆင့်ဖြစ်၏။
ဤအဆင့်တွင် စိတ္တ သည် ရုပ်ကာယ (ရူပက္ခန္ဓာ) နှင့် မဆက်သွယ်တော့ သော်လည်း အခြားသော နာမက္ခန္ဓာတရားများ
ဖြစ်သည့် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ စသော တရားစုများနှင့်မူ သီးခြားကွဲပြားစွာမရပ်တည် နိုင်သေးချေ။
ဤအဆင့်တွင် စိတ္တ သည် ပညာဥာဏ်၏ ပိုင်းခြားစိတ်ဖြာရှုမြင်နိုင်စွမ်းအားဖြင့် ရုပ်ကာယ
(ရူပက္ခန္ဓာ) သည် အတ္တ-အတ္တနိယ မဟုတ်ကြောင်း ရှင်းလင်းပြတ်သားစွာမြင်နိုင်သော်လည်း ဝေဒနာ၊သညာ၊သင်္ခါရ၊၀ိညာဏ
စသော တရားစုများနှင့်မူ ကင်းကွာ၍ မတည်ရှိနိုင် သေးချေ။
စိတ္တ
သည် ပညာဥာဏ်၏ ပိုင်းခြားစိတ်ဖြာရှုမြင်နိုင်စွမ်းအားကို ဆက်လက်တိုးချဲ့ နက်ရှိုင်းစေသောအခါတွင်
စိတ္တ သည် နာမက္ခန္ဓာ တရားများ တစ်သီးတစ်ခြား ကွဲပြားလျှက် ရပ်တည်နိုင်သောအဆင့် ကို ရောက်ရှိလာပါသည်။
ယင်းသည် မိမိ ကိုယ်တိုင်ကျင့်ကြံ အားထုတ်ကာ လက်တွေ့သိမြင်နိုင်သော သန္ဒိဋ္ဌိက တရားဖြစ်ပြီး
စိတ္တ သည် ခန္ဓာ (၅) ပါးစလုံး နှင့် ကင်းလွတ်တည်ရှိနိုင်သော အခြေအနေဖြစ်သည်။ ဤအဆင့် သည်
တတိယအဆင့် အားဖြင့် သီးခြားကွဲပြားခြင်း ဖြစ်၏။
နောက်ဆုံး
(အမြင့်ဆုံး) အဆင့်တွင် ကျွန်ုပ်တို့၏ အမြင်မှောက်မှားမှုအားလုံး ၏ မူလအခြေခံဖြစ်သော
သိမှုသဘော အားလုံးတွင် စိမ့်ဝင်ပျံ့နှံ့နေသော အ၀ိဇ္ဇာ တရား ဆီသို့ စိတ်အာရုံ ကို စူးစိုက်စေ
နိုင်သည် ဖြစ်ပါသည်။ ကျွန်ုပ်တို့ သည် အ၀ိဇ္ဇာ ၏ အမည် နာမ ကို သိသေည်လည်း ယင်း အ၀ိဇ္ဇာ
သည် စိတ္တ ၏ အတွင်းအဇ္ဈတ္တ၌ ပုန်းကွယ်ကိန်းအောင်းနေသည် ကိုမူ မသိရှိကြချေ။ စင်စစ် ယင်း
အ၀ိဇ္ဇာသ၀ တရားသည် ပြင်းထန်သော အဆိပ်ကဲ့သို့ စိတ္တ၏ သဏ္ဍာန်၌ စိမ့်ဝင်ပျံ့နှံ့နေလေသည်။ ယင်းသည် ကျွန်ုပ်တို့၏ အသိဥာဏ်တွင် မထင်ရှားသောလည်း
စိတ္တအတွင်း ကိန်းအောင်းတည်ရှိနေ၏။
ယင်း
အဆိပ်အတောက် ကို သတိ ၀ီရိယ ပညာ တို့၏ ပေါင်းစည်းစွမ်းအားဖြင့်သာ အကြွင်းမရှိနုတ်ပယ်နိုင်
ပေ၏။ ဤသို့ နုတ်ပယ်ခြင်းအားဖြင့် နောက်ဆုံးအဆင့်တွင်
ကျွန်ုပ်တို့ သည် စိတ္တ ကို အ၀ိဇ္ဇာ နှင့် လုံးဝ တစ်သီးတစ်ခြား ကွဲပြားစေနိုင် ပါ တော့သည်။
စိတ္တ နှင့် တွဲစပ်နေသော အရာများ အားလုံး နှင့် စိတ္တ ၏ အတွင်းသဏ္ဍာန်တွင် ကပ်ငြိနေသော
အရား အားလုံး ကို သန့်စင်ဖယ်ရှားနိုင်ခြင်းသည် နောက်ဆုံး အမြင့်ဆုံး အဆင့်သို့ ရောက်ရှိခြင်းပင်ဖြစ်၏။
ဤအဆင့်၌ ရရှိအပ်သော သီးခြား ကွဲပြားခြင်း သဘောသည် ပြန်လည်ဆုံးရှုံးနိုင်ခြင်းမရှိတော့သော
သီးခြားကွဲပြားခြင်းသဘော ဖြစ်သည်။ စိတ္တ ကို ထိုထက် ပို၍ သန့်စင်ရန် ထပ်မံအားထုတ်စရာလည်း
မရှိတော့ချေ။ စိတ္တ၏ စစ်မှန်သော အဆုံးစွန်သောလွတ်မြောက်ခြင်း (ပရမာနုတ္တရ ၀ိမုတ္တိ) လည်း
ဖြစ်လေသည်။
မိမိ
၏ ရူပကာယ ကိုယ်ခန္ဓာ ဖျားနာသော အခါ ရုပ်ဓါတ်သဘာဝတရားများ ကို သာ ထိခိုက်မှု ရှိကြောင်း
ကျွန်ုပ်တို့ ကောင်းစွာ သိ၍ ရောဂါလက္ခဏာ များအပေါ်၌ တုန်လှုပ်မှုမရှိချေ။ သာမန်အားဖြင့်
ရူပကာယ ကိုယ်ခန္ဓာတွင် ဖြစ်ပေါ်သော ဒုက္ခဆင်းရဲ ဝေဒနာများသည် စိတ်ဆင်းရဲခြင်းနှင့် ဒေါမနဿဝေဒနာ
များ ကို ဖြစ်ပေါ်စေ၏။
သို့ရာတွင်
စိတ္တ သည် ခန္ဓာတရားစုများမှ ပကတိလွတ်မြောက်သွားသော အခါဝယ် ရုပ်နာမ်ခန္ဓာများ က ဆင်းရဲခြင်းကို
ခံစားနေရ သော်လည်း စိတ္တသည် ၎င်းတို့ နှင်မရောစပ်ပဲ တစ်သီးတစ်ခြားစီဖြစ်တည်လျှက် ချမ်းသာစွာ
နေနိုင်၏။ ခန္ဓာတရားစုများ မှ ခွာ၍ ရှိနေနိုင်စွမ်းသည် စိတ္တ၏ အဆုံးစွန်သော လွတ်လပ်ခြင်းလည်း
ဖြစ်၏။
စိတ္တသည်
ပင်ကိုယ်ပကတိသဘာဝအားဖြင့် တောက်ပ သန့်ရှင်းစင်ကြယ်သော ဓမ္မတရား ဖြစ်သောကြောင့် အရာရာကို
သဘာဝ အလျှောက်ထိတွေ့တုန့်ပြန်ရန် အမြဲအသင့်ဖြစ်နေ၏။ အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှုကြောင့်
ဖြစ်ပေါ်ချုပ်ငြိမ်းတတ် သော သင်္ခတ တရားများ သည် ယိုယွင်းပျက်စီးခြင်း (အနိစ္စ) ဆင်းရဲခြင်း(ဒုက္ခ)
အစိုးမရ အနှစ်သာရမဲ့ခြင်း (အနတ္တ) တည်းဟူ သော သာမညလက္ခဏာတရားများ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေသော်လည်း
စိတ် ၏ ပကတိ အစစ်အမှန် သဘာဝတရား သည်ကား ယင်း လက္ခဏာ နိယာမတရားများမှ လုံးဝလွတ်မြောက်နေလေ၏။
စိတ္တ
သည် အကြောင်းတရားတို့ ပြည့်စုံပေါင်းစည်းမှုကြောင့် ဖြစ်ပေါ်ချုပ်ငြိမ်းတတ်သော သင်္ခတ တရားများ
နှင့် ရောယှက် ပေါင်းစပ် နေသော အခိုက်အတန်ပများတွင်သာ ယိုယွင်းပျက်စီးခြင်း (အနိစ္စ)
ဆင်းရဲခြင်း(ဒုက္ခ) အစိုးမရ အနှစ်သာရမဲ့ခြင်း (အနတ္တ) တည်းဟူသော သာမညလက္ခဏာတရားများ၏ ထိုးကျင့်နှိပ်စက်မှု
ကို ခံရ၏။ သို့ဖြစ်ပါသော်လည်း စိတ္တ ၏ ပကတိ သဘာဝ သည် သင်္ခတ တရားများ ကဲ့သို့ ဖြစ်ပေါ်ခြင်း ပျက်စီးခြင်း
မရှိချေ။
စိတ္တ
၏ တရားကိုယ်အနှစ်သာရ သည် သေပျက်ခြင်းမရှိသော အမတဓမ္မ ဖြစ်၏။ ယင်း သဘာဝ သည် မည်သည့်အခါမျှ
ယိုယွင်း ဖေါက်ပြန်ပျက်စီးခြင်းမရှိတတ်ချေ။ ယိုယွင်းဖေါက်ပြန်ပျက်စီးခြင်းသဘော ကို
ကျော်လွန်နေသော စိတ္တသည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော သင်္ခတဓမ္မ တို့၏ လက္ခဏာ နှင့် နိယာမ
သဘောများ ကိုလည်း ကျော်လွန်နေ၏။ သို့သော်လည်း စိတ္တ သည် အနှီ သင်္ခတဓမ္မတရားများနှင့် တစ်သားတည်းထွေးရောယှက်တင်ပေါင်းစပ်
နေသောကြောင့် ကျွန်ုပ်တို့သည် ယိုယွင်းဖေါက်ပြန် ပျက်စီး ခြင်း သဘော ကို ကျော်လွန်နေသော
စိတ္တ ၏ သဘာဝအမှန်ကို အသိမရောက်နိုင်ကြခြင်းဖြစ်ပါ၏။
ကိလေသာ
အညစ်အကြေးတို့ဖြင့် လိမ်းကျံကပ်ငြိနေသော စိတ္တသည် ဇာတိ နှင့် မရဏ တို့ ကို ကြုံတွေ့ဖြတ်သန်း
နေရပါ၏။ သို့ရာတွင် ကိလေသာ အာသ၀တရားတို့သည် အ၀ိဇ္ဇာ ၏ အကြောင်းအမွန်အစတရားများ ဖြစ်ကြသော
ကြောင့် ကျွန်ုပ်တို့သည် ဤ သစ္စာတရား ကို မသိနိုင်ကြခြင်းဖြစ်၏။ ကျွန်ုပ်တို့ ၏ အဓိက ပြဿနာ (စိတ္တ ၏ အဓိက ပြဿနာ)
မှာ မိမိ ၏ ပကတိ သဘာဝအစစ်အမှန် ကို မိမိဘာသာမိမိ ပြန်မသိနိုင်ခြင်း ဖြစ်၏။ ဤသို့ဖြင့်
စိတ္တသည် ကိလေသာတရားတို့ လှည့်စား ဖေါ်ပြသော အတုအယောင်တရား (မောသဓမ္မ) များနှင့် ထွေးလုံးရစ်ပတ်လျှက်
မိမိ သဘာဝ အမှန် ကို မေ့လျှော့နေလေ၏။
ကိလေသာတရားတို့၏
ဖျားယောင်းမှုကို အဟုတ်အမှန်ထင်နေသော စိတ္တ သည် ချစ်ခြင်း မုန်းခြင်း ကြောက်ခြင်း စသော
တရားစု များ ကို ရင်ဆိုင်နေရ၏။ရှင်ခြင်း နှင့်သေခြင်းတို့ ကို ကြောက်ရွံ့လာ တတ်၏။ နာကျင်မှု
ကြီးငယ် ကိုလဲ ကြောက်ရွံ့ လာတတ်၏။ စိတ္တ သည် အသေးငယ်ဆုံးသော အနှောက်အယှက်ကလေး ကိုပင်
ခံနိုင်စွမ်းမရှိ ဖြစ်လာခဲ့၏။ အကျိုးဆက်အားဖြင့် စိတ္တသည် စိတ်ဆိုးစိတ်ဆာစိတ်မိုက်များဖြင့်သာ
အပြည့်အ၀ ဖုံးလွှမ်းခံနေရသော အဖြစ်သို့ရောက်ရှိလာလေ၏။ စိတ်ဆိုးစိတ်ဆာ စိတ်မိုက် များ
သည် စိတ္တ ၏ ပင်ကိုယ်သဘာဝမဟုတ်သော်လည်း စိတ္တကို ကပ်လျှက် ဖိစီးနှိပ်စက်နေလေ၏။
စိတ္တ
၏ အတွင်းသဏ္ဍာန်တွင် ကပ်ငြိနေသော စိတ်ဆိုးစိတ်ဆာစိတ်မိုက်များ အားလုံး ကို သန့်စင်ဖယ်ရှားနိုင်ခြင်းဖြင့်
သာ စိတ္တ သည် အကြောက်တရား နှင့် ပူလောင်မှု သောကပရိဒေ၀ ဒေါမနဿတရားစုများ မှ လွတ်မြောက်နိုင်
ပေလိမ့်မည် ဖြစ်ပါ၏။ ဤသို့အားဖြင့်သာ စိတ်ဆိုးစိတ်ဆာစိတ်မိုက်များ ချုပ်ငြိမ်းပြီး
စိတ္တ သည် အချိန်ကာလ နှင့် နေရာဒေသ တို့ မှ ကင်းလွတ်ရပ်တည် နေသော မိမိ ၏ ပကတိအစစ်အမှန်သဘာဝ
ကို မျက်မှောက်ပြုနိုင်ပေမည်။ အဆုံးစွန်သော အခြေအနေ၌ ဤ ပကတိအစစ်အမှန် သဘာဝ မှ လွဲ၍
မည်သည့်အရာမျှ ပရမတ္ထသဘောအရ မရှိကြောင်းလည်း သိမြင်လာပေလိမ့်မည်။
ဤသဘာဝ
သည်သာ “စစ်မှန်သော စိတ္တ” ဖြစ်၏။ “စစ်မှန်သော စိတ္တ” ဟူသည်မှာ လည်း ရဟန္တာ အရိယာသူတော်စင်ပုဂ္ဂိုလ်
တို့၌ ရှိသော “သဥပါဒိသေသ နိဗ္ဗာနဓါတ်” ကိုပင် ဆိုလိုခြင်းဖြစ်၏။ အခြားမည်သည့် အရာကိုမျှ
“စစ်မှန်သော စိတ္တ” ဟူ၍ နာမပညတ်ရန် မထိုက်တန်ချေ။
မူလပကတိစိတ္တ
(Original Citta) ဟူသည် သံသရာ ဘ၀ ထိုထို ၌ ကျင်လည်ရွေ့လျားနေသော စိတ္တ၏ ပင်ကိုယ်မူလသဘာဝ
ကို ဆိုလိုပါ၏။ ((ရဟန်းတို့ မူလပကတိစိတ္တ သည် အနှစ်သာရအားဖြင့် ပြိုးပြက်တောက်ပ သော်လည်း
ကိလေသားတရားစုတို့ဖြင့် လိမ်းကျံကပ်ငြိသောကြောင့် ညစ်နွမ်းရလေ၏)) ဟု ရှင်တော်ဗုဒ္ဓကဟောကြားခဲ့ရာတွင်
ဤ စိတ္တ၏ ပင်ကိုယ်မူလသဘာဝ ကို ရည်ညွှန်းကာ ဟောကြားတော်မူခဲ့ခြင်းဖြစ်၏။
ဤနေရာတွင်
မူလပကတိစိတ္တ ဟူသည် သမ္မုတိသစ္စာ ကို ဖြစ်ပေါ်စေသော အရင်းမူလတရားအဖြစ် ညွှန်းဆိုပြီး အကြွင်းမဲ့
သန့်ရှင်းစင်ကြယ်မှု (ပရိသုဒ္ဓိ) (Absolute Purity) ကို ဆိုလိုသည်မဟုတ်ချေ။ ရှင်တော်ဗုဒ္ဓက
မူလပကတိစိတ္တ ကို ပဘဿရ (တောက်ပ) သောအရာဟုသာဆိုခဲ့၏။ တောက်ပခြင်းသည် သန့်စင်ခြင်းမဟုတ်ပေ။
ရှင်တော်ဗုဒ္ဓက မူလပကတိ စိတ်ကို တောက်ပသောစိတ်
အနေဖြင့် သတ်မှတ်ခဲ့ပြီး စင်ကြယ်သောစိတ်အဖြစ် မဆိုခဲ့ခြင်းသည် အလွန် ကြောင်းကျိုးဆီလျှော်သော
သင်ကြားချက်ဖြစ်လေသည်။
အကယ်၍
ရှင်တော်ဗုဒ္ဓက တောက်ပသောစိတ် နှင့် စင်ကြယ်သောစိတ် အတူတူပင် ဖြစ်သည်ဟု ဟောကြားခဲ့ပါက
စိတ္တသည် နဂိုကတည်းက စင်ကြယ်နေပါက အဘယ်ကြောင့် ကိလေသာတို့နှင့်ရောစပ်၍ မွေး-သေ သံသရာ၌
ကျင်လည်ရပါသနည်း ဟု စောဒက တက်ကြပေလိမ့်မည်။ ရဟန္တာပုဂ္ဂိုလ်၏ စိတ္တ သည် အကြွင်းမရှိ စင်ကြယ်သောကြောင့်
မွေး-သေ သံသရာ၌ ကျင်လည် ရန်မလိုတော့ချေ။ အကယ်၍ ရဟန္တာပုဂ္ဂိုလ်၏ စိတ္တသည် နဂိုမူလကတည်းက
စင်ကြယ်ပြီးဖြစ်ခဲ့ပါက သူသည် အရိယာ မဂ္ဂ အကျင့်မြတ် ကို ကျင့်၍ စိတ္တကို စင်ကြယ်စေရန်
အားထုတ်စရာလိုအပ်မည် မဟုတ်ပေ။
အဖြေမှန်မှာကား
တောက်ပသောစိတ်သည် စင်ကြယ်သောစိတ် မဟုတ်ပဲ အနှစ်သာရသဘာဝ အားဖြင့် သစ္စာကိုမသိမှု တည်းဟူ
သော အ၀ိဇ္ဇာတရား၏ သဘောသဘာဝ ပင်တည်း။တရားကျင့်ကြံအားထုတ်သူများ သည် နောက်ဆုံး ဤ တောက်ပ
သော စိတ်သဘာဝ (အ၀ိဇ္ဇာတရား) ကို လွန်မြောက်၍ အဆုံးစွန်သောလွတ်မြောက်မှု (ပရမာနုတ္တရ၀ိမုတ္တိ)
သို့ ဆိုက်ရောက်သော အခါတွင် တောက်ပသောစိတ် သည် စင်ကြယ်သောစိတ် မဟုတ်ကြောင်းကို ကြောင်ကြောင်ကြီး
ထိုးထွင်း သိမြင်နိုင်ပေလိမ့်မည် ဖြစ်၏။ လွတ်မြောက်သော စင်ကြယ်သော စိတ္တ ၏ သဏ္ဍာန်တွင်
တောက်ပသောစိတ်သဘာဝ (အ၀ိဇ္ဇာတရား) လည်း လုံးဝ ချုပ်ငြိမ်း ပြတ်စဲ သွားမည် ဖြစ်၏။ထို အခါတွင်မှ
စိတ္တ ၏ အမြင့်ဆုံးသော အန္တိမသစ္စာတရား ကို အသိရောက် အမြင်ပေါက် နိုင်ပေလိမ့်မည်။
တရားခုံမင်သူတော်စင်သည်
ဆိတ်ငြိမ်ရာသို့ကပ်ရောက်လျှက် အားထုတ်ရာတွင် စိတ္တသည် နီဝိရဏအညစ်အကြေးတို့ မှ ကင်းကွာနေသောအခါ
မိမိသဘာဝ အတိုင်းတောက်ပ လာတတ်၏။ စိတ္တသည် သမာဓိ၌ မတည်သေးသော်လည်း စိတ္တ ၏ သိမှုဗဟိုချက်
(the focal point of its awareness) သည် အထည်ဒြပ်မထင်ပေါ်လောက်အောင်အလွန် နူးညံ့သိမ်မွေ့စွာဖြင့်
တည်ရှိနေလေ၏။ ယင်း နူးညံ့သိမ်မွေ့လှသော သိမှုဗဟိုချက် သည် တောက်ပသော အဇ္ဈတ္တအလင်းဓါတ်
(Inner Radiance) အသွင်ဖြင့် ပေါ်လွင်နေပြီးလျှင် ထက်အောက်ဖီလာ အရပ်မျက်နှာအားလုံးကို
ပျံ့နှံ့လင်းချင်းစေ၏။ စိတ္တသည် သမာဓိ၌ မတည် သေးသော်လည်း အဆင်း အသံ အနံ့ အရသာ အတွေ့ထိ
အတွေး စသော ခြောက်ပါးသောဗဟိဒ္ဓအာရုံတရား တို့ ကို လုံးဝ လျစ်လျှူရှုနေသော အဖြစ်သို့ ရောက်ရှိနေ၏။
ဤ အခြေအနေ၌ စိတ္တသည် မိမိ ၏ အခြေခံအုတ်မြစ် ဖြစ်သော သိမှုသဘော သက်သက် ကို သာ ပြန်၍ အာရုံပြုနေသော
အဖြစ် ဖြစ်၏။
ရူပကာယ
မှ ကင်းလွတ်လျှက်တည်နေသော ယင်း နူးညံ့သိမ်မွေ့လှသော သိမှုဗဟိုချက် သည် စိတ္တ ၏ အတွင်းအဇ္ဈတ္တ
တွင် (တောက်ပသောစိတ်အနေဖြင့်) တည်ရှိနေပါ၏။ နူးညံ့သိမ်မွေ့လှသောကြောင့် မိမိ ၏ သိတတ်မှုသဘောသက်သက်ကို
ပြန်သိနေခြင်းမှတစ်ပါး အခြားသော အာရုံမရှိချေ။ ယင်းသည် စိတ္တ ၏ အသွင်လက္ခဏာတစ်ရပ် ဖြစ်၏။
အခြားသော
အသွင်လက္ခဏာတစ်ရပ် မှာကား နီဝိရဏအညစ်အကြေးတို့ မှ ကင်းကွာနေသော စိတ္တ သည် သမာဓိ၌ အပြည့်အဝ
တည်ကြည်ငြိမ်သက်နေပြီး အတွေး နှင့် စိတ်ကူးတို့ အလုံးစုံချုပ်ငြိမ်းနေသော အခြေအနေဖြစ်၏။
သင်္ခါရိကတရား တို့ လုံးဝ ရပ်စဲချုပ်ငြိမ်းနေသည် ဖြစ်သောကြောင့် စိတ္တ သည် မိမိ သဘာဝသက်သက်၌သာ
တန့်သက်နားနေလျှက် ရှိ၏။ ဤ အခြေအနေ ကို အစ္စ န္တသမာဓိ ၌တည်သော စိတ္တ (“the
citta entering a state of total calm.”) ဟူ၍ ဆိုနိုင်ပါ၏။သိတတ်မှု သဘော သက်သက် သာ ကျန်သော
အခြေအနေ ဖြစ်၏။ စကြ၀ဠာတစ်ခုလုံး ကို နေရာ အလစ်အလပ်မရှိ လုံးဝဥဿုံ လွှမ်းခြုံထားသော သိတတ်မှုသဘောသက်သက်
မှ လွဲ၍ အခြား မည်သည် အရာမျှ တည်ရှိသည်ဟု မဆိုနိုင်သော အခြေအနေဖြစ်၏။
အားကောင်းသော
ဆလိုက်မီးသည်ပင်လျှင် အဝေး သို့ ရောက်ရှိနိုင်သော်လည်း အကန့်အသတ် ရှိလေသည်။ စိတ္တ၏ သိမှု
သဘော သည်ကား အကန့်အသတ်မရှိ အဝေးအနီး စိးဆင်းရောက်ရှိနိုင်၏။ ၀ပ်အားများသောလျှပ်စစ်မီးသည်
ပိုမို ထွန်းလင်း တောက်ပနိုင်ပြီး ပို၍ အဝေးသို့ရောက်နိုင်၏ ၀ပ်အားနည်းသော လျှပ်စစ်မီးသည်
တောက်ပမှုအားနည်းပြီး အဝေးသို့ မရောက် နိုင်ပေ။ စိတ္တ၏ သိမှုသဘော သည်ကား ကာလ-အာကာသ တရားတို့
၏ နှောင်ဖွဲ့ကန့်သတ်မှု မရှိပဲ အချိန်တိုင်း နေရာတိုင်း သို့ နီးဝေးမဟူ ဖြန့်ကျက်ရောက်ရှိနိုင်စွမ်း၏။
ဤ
အဆင့်၌ စိတ္တသည် စကြ၀ဠာတစ်ခွင်လုံးတွင် ရှိနေသမျှ ခပ်သိမ်းသောအရာဝတ္တုတို့ ကို ဖေါက်ထွင်းလွှမ်းခြုံသိမ်းဆည်းလျှက်
တည်နေဟန်ရှိလေ၏။ အရာအားလုံးပေါင်းစည်းဆက်စပ်လျှက် တစ်ခုတည်းသော စိတ္တ အတွင်း၌ တည်ရှိနေ
ဘိ သကဲ့သို့ ဖြစ်၏။ အရာခပ်သိမ်း ကို ဖေါက်ထွင်းလွှမ်းခြုံသိမ်းဆည်းထားအပ်သော စိတ္တ သည်
ထိုထို အရာတို့၏ ဖုံးအုပ်ကာရံမှုဟူသမျှ ကို သန့်စင်နိုင်စွမ်းရှိသည် မှာ စိတ္တ ၏ တန်ခိုးသတ္တိပင်
ဖြစ်၏။
အဆုံးစွန်သောလွတ်မြောက်မှု
(ပရမာနုတ္တရ၀ိမုတ္တိ) သို့ ဆိုက်ရောက်သော ပကတိသန့်ရှင်းစင်ကြယ်သော စိတ္တ ကို စကားလုံး
ဝေါဟာရများဖြင့် ဖေါ်ပြရန်မှာ သာ၍ပင် ခဲကပ်လှပေ၏။ ဤအဆင့်သို့ဆိုက်ရောက်နေသော စိတ္တသည်
အနက် အဓိပ္ပါယ်ဖွင့်ဆိုမှု ဟူသမျှမှ လွန်မြောက်သောကြောင့် ဆိုရန် စကားပညတ် မရှိချေ။ ယင်းသည်
သမ္မုတိယ အရှိတရားမဟုတ်လေ သောကြောင့် သမ္မုတိသစ္စာနယ်ပယ်မှ ဝေါဟာရပညတ်များ အားဖြင့် အတိအကျ
ဖေါ်ပြရန် မဖြစ်နိုင်ပေ။ သမ္မုတိသစ္စာနယ်ပယ်
ကို ကျော်လွန်ပြီးသူတို့ အသိရောက်ရာ၌ တည်သောကြောင့် စိတ္တသည် ဘာသာစကားနယ်ပယ် ၏ ပြင်ပ၌
တည်ရှိနေခြင်းဖြစ်၏။
ဤနေရာ၌
ရှင်းလင်းရန်လိုသည့်အချက်မှာ ကျွန်ုပ်တို့သည် စိတ္တ ကို နှစ်မျိုးခွဲခြားလျှက် သမ္မုတိနယ်ပယ်မှ
စိတ္တ နှင့် ပရမတ္ထနယ်ပယ်တွင်ရှိသော အကြွင်းမဲ့ စင်ကြယ်သော စိတ္တ ဟူ၍ ဆိုခဲ့သောကြောင့်
စိတ္တသည် အမှန်တစ်ကယ် နှစ်ပါး သီးသန့်ကွဲပြားနေမည် ဟူ၍ မထင်မှတ်သင့်ချေ။
တရားကိုယ်အားဖြင့်
ဧကောဓမ္မော တစ်ခုတည်းသော စိတ္တ ဓမ္မတရားသာ ရှိပါ၏။ ယင်းစိတ္တ သည် ကိလေသာ အာသ၀တရား တို့ဖြင့်
လိမ်းကျံနေသောအခါ သမ္မုတိနယ်ပယ်မှ စိတ္တ (သံသာရဓမ္မ) ဟု အမည်ရ၏။ ယင်းစိတ္တ သည်ပင်လျှင်
ဥာဏ်ပညာ အစွမ်းဖြင့် ကိလေသာအာသ၀တရားတို့ ကို သုတ်သင်သန့်စင်စေပြီးသောအခါ သိမှုသဘောသက်သက်အားဖြင့်တည်ရှိသော
အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) ဟု အမည်ရ၏။
သမ္မုတိနယ်ပယ်မှ
စိတ္တ (သံသာရဓမ္မ) သည် အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော သင်္ခတဓမ္မ တို့၏ လက္ခဏာ များကြီးစိုးရာ
နယ်ပယ်ဖြစ်၏။ အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) သည်ကား အနိစ္စ ဒုက္ခ အနတ္တ တည်းဟူသော
သင်္ခတဓမ္မ တို့၏ လက္ခဏာတို့ ကို လွန်မြောက်ရာ နယ်ပယ်ဖြစ်၏။ သမ္မုတိနယ်ပယ်မှ စိတ္တ (သံသာရဓမ္မ)
ရပ်စဲချုပ်ငြိမ်းလေသော အခါ အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) သည်သာ မိမိ၏ အနှောင်အဖွဲ့မရှိ
ပကတိလွတ်လပ်သော သိမှုသဘောသက်သက်အားဖြင့် စင်ကြယ်စွာ ကျန်ရစ်တည်ရှိလေ၏။
သမ္မုတိနယ်ပယ်မှ
စိတ္တ သည် အဘယ်အရပ်၌တည်နေပါသနည်း။ တရားဘာဝနာအားထုတ်သော ယောဂီပုဂ္ဂိုလ်သည်ကား သမာဓိဝင်စားခိုက်အချိန်တွင်
မိမိ ၏ နှလုံးရင်ချိုင့် အရပ်၌ စိတ္တ၏ ဗဟိုချက် ရှိသည် ကို အသိရောက်၏။ မိမိ ၏ နှလုံးရင်ချိုင့်
အရပ်၌ တောက်ပသောစိတ်သည် မိမိ၏ အလင်း ကို စကြ၀ဠာတစ်ခွင်လုံး ၀င်းဝင်းတောက်အောင် ဖြန့်ကျက်လင်းချင်းလေဟန်
အသိရောက်၏။ တရားဘာဝနာအားထုတ်သော အတွေ့အကြုံမရှိသူတို့ သည်သာ စိတ္တ၏ တည်ရာသည် ဦးနှောက်ဖြစ်သည်ဟု
ဆိုကြ၏။ ဦးနှောက်တွင် စိတ္တ၏ လှုပ်ရှားမှု အသွင်လက္ခဏာများဖြစ်သော
ဝေဒနာ သညာ ၀ိညာဏ စသည်တို့ ကား တည်နိုင်စွမ်းရှိပေ၏။
နှလုံးရင်ချိုင့်
အရပ်၌ ဗဟိုချက်ပြု၍ တည်နေသော စိတ္တ သည်ပင် အကြွင်းမဲ့ စင်ကြယ်သော စိတ္တ (နိဗ္ဗာနဓမ္မ) အဖြစ်သို့
ဆိုက်ရောက်သော အခါတွင် ဗဟိုချက် လည်း လုံးဝ ပျောက်ကွယ်သွားလေတော့၏။ စိတ္တ သည် အတွင်းအပြင်
အထက်အောက် အနီးအဝေး စသော တည်နေရာ ဗဟိုချက် ဟူသမျှမှ လွတ်မြောက်ခဲ့ပြီဖြစ်လေသောကြောင့်
တည်နေရာမဲ့တရား (အပ္ပဋ္ဌိတဓမ္မ) ဟူ၍ သာ ဆိုနိုင်ပေတော့မည်။ ဗဟိုချက် လွင့်ကြွေသွားခဲ့ပြီဖြစ်သော
စိတ္တ သည် ကိုယ်ခန္ဓာ နှင့် စကြ၀ဠာ၏ မည်သည့် နေရာ တွင် တည်နေသည်ဟု ပညတ်ရန် မဖြစ်နိုင်တော့ပဲ
အချိန်-နေရာ-ကြောင်းကျိုးတရားဟူသမျှ ထောက်တည်ရာ မရနိုင် အပ်သော စင်ကြယ်သောသိမှုသဘော
သက်သက်အားဖြင့်သာ ရှိနေတော့၏။ သမ္မုတိသစ္စာနယ်ပယ်မှ ဝေါဟာရပညတ်များ လွန်ရာ သို့ လည်း
ရောက်ရှိနေပြီဖြစ်၏
စင်စစ်အားဖြင့်
“အလွန်နူးညံ့သိမ်မွေ့သော စင်ကြယ်သော ဗဟိုချက်မဲ့သော ဝေါဟာရပညတ်များမှ ကျော်လွန်သော
စိတ္တ” ဟူ သည့် ဖေါ်ပြချက်များ သည်ပင်လျှင် ၎င်း၏ အစစ်အမှန်သဘောကို မဖေါ်ပြနိုင်ပေ။ ယင်း
ဖေါ်ပြချက်များ သည်လည်း သမ္မုတိ သစ္စာ နယ်ပယ်မှ ဝေါဟာရပညတ်များ ပင် ဖြစ်နေပြန်သောကြောင့်ပေတည်း။
တိတ်ဆိတ်ခြင်း (ဆိတ်ဆိတ်နေခြင်း) သည်သာ လျှင် အကောင်းဆုံး အနက်ထင်နိုင်သော အမြင့်ဆုံးသော
သစ္စာတရား ၏ ဖေါ်ပြချက် ဖြစ်ပေလိမ့်မည်။
(From Venerable
Acariya Mun Buridatta Nahathera: A Spiritual Biography by Ajahn Maha Boowa)