Wednesday, August 21, 2013

ဟွာယင်း (အ၀ဋံသက) ဂိုဏ်း ၏ ပရိပုဏ္ဏသမ္ပန္န ဒဿန အမြင် (The Philosophy of Totality)



ဟွာယင်း (အ၀ဋံသက) ဂိုဏ်း ၏ ပရိပုဏ္ဏသမ္ပန္န ဒဿန အမြင် (The Philosophy of Totality)
(လင်းထက်ဆွေ-စုစည်းတင်ပြသည်။)

မြင့်ခေါင်ဝေသီသော ဟိမ၀န္တာတောင်တန်းကြီးများ မြန်မာသစ်တောကြီးများ က ကာဆီးထားသောကြောင့် သမိုင်း ပညာရှင်များ သည် ယေဘုယျအားဖြင့် အိန္ဒိယယဉ်ကျေးမှု နှင့် တရုပ်ယဉ်ကျေးမှု ကို တစ်ခန်းတစ်ကဏ္ဍစီ အဖြစ် သီးသန့် ခွဲခြားရှုမြင်လေ့ရှိ ၏။ စင်စစ် ဤသမိုင်းအမြင်သည် ပါစင်အောင်လွဲနေ၏။ အဘယ်ကြောင့်ဆိုသော် ဤ ရှေးဟောင်း ယဉ်ကျေးမှုကြီး နှစ်ရပ်သည် အာရှအလယ်ပိုင်းဒေသတွင် ဆုံတွေ့ကြသည်သာဖြစ်၏။ အိန္ဒိယမှ သကျမုနိ ဂေါတမဗုဒ္ဓ၏ သာသနာတော်သည် ကက်ရှမီးယား နှင့် အာဖဂန်နစ္စတန် ဒေသများ ကို ဖြတ်သန်းလျှက် တရုပ်ပြည်သို့ ရောက်ရှိခဲ့၏။

အိန္ဒိယနိုင်ငံ ဂင်္ဂါမြစ်ဝှမ်းလွင်ပြင် ၏ အနောက်မြောက်ဖက်ဒေသမှ အစပြု သော လမ်းမ သည် ရှရီနာဂါ နှင့် လေ(လဒတ်) တို့ကို ဖြတ်လျှက် ကာရာကိုရမ် မှတစ်ဆင့် တက္ကလာ မာကန် သဲကန္တရ အစပ်ရှိ ယာခန သို့ တိုင်အောင် ပေါက်၏။ ကုန်သွယ်လမ်းမများ သည် တက္ကလာ မာကန် သဲကန္တရ ကို တောင်ဖက် နှင့် မြောက်ဖက်တို့မှ ကွေ့ရှောင် ဖြတ်ကျော် ပြီးလျှင် အနောက်ဖက်တွင် ကက်ရှဂါမြို့ အရှေ့ဖက်တွင် ထွန်းဟွမ်မြို့များသို့ အသီးသီး ဆိုက်ရောက် ကြရာတွင် ယာခန် သည် တောင်ဖက်လမ်းတွင်ရှိသလို ကုချ နှင့်တုဖန် မြို့များသည် မြောက်ဖက်လမ်းပေါ်တွင်ရှိကြ၏။ အဆိုပါမြို့များ အားလုံး သည် ချန်အန်(တရုပ်ပြည်) မှ အနောက်ဖက်စူးစူး မြေထဲပင်လယ်ဒေသ မှ အန်တီရော့ နှင့်တိုင်ယာမြို့များ ကို ဆက်သွယ်ထားသော ကမ္ဘာကျော်ပိုးလမ်းမကြီး ပေါ်တွင်ရှိကြလေသည်။

ဘီစီ ၄ ရာစု ခေတ်က မဟာအလက်ဇန်းဒါးဘုရင်သည် အိန္ဒိယ အနောက်မြောက်ဒေသ ကို ထိုးဖေါက်သိမ်းပိုက်ပြီးလျှင် ဘက်ထရီးယား ဒေသ (ယခု အာဖဂန်နစ္စတန် မြောက်ပိုင်း) တွင် ဂရိကိုလိုနီများ တည်ထောင်ခဲ့ပြီး ဂရိဘုရင် များ သည် ရံခါဆိုသလို ဂင်္ဂါမြစ်ဝှမ်းဒေသကို တိုက်ခိုက်ခဲ့ကြသည်။ အများသိကြပြီး ဖြစ်သည့်အတိုင်း ပါဠိပိဋကတ်မှ နာမည်ကျော် မိလိန္ဒမင်းကြီးသည် ဂရိဘုရင်တစ်ပါး ဖြစ်ပြီး ဗုဒ္ဓဓမ္မ ကို အထူးစိတ်ဝင်စားစွာလေ့လာပြီး မိမိ ကိုယ်တိုင်ပင် ရဟန်းပြုခဲ့ ကြောင်း ရဟန်းကိစ္စပြီးမြောက်ခဲ့ကြောင်း ဗုဒ္ဓစာပေ မှတ်တမ်းများတွင် ဖေါ်ပြခဲ့သည် ကို ထောက်၍ ယဉ်ကျေးမှုချင်း ကူးလူး ဆက်ဆံမှု ကို သိနိုင်ပါသည်။ အဆိုပါ ဒေသ (ဂန္ဓာရတိုင်း) တွင် ဂရိ လက်မှုအနုပညာလက်ရာများ ထွန်းကားမှု ကြောင့် ပထမဆုံးသော လက်ရာမြောက်ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ကို စတင်သွန်းထုခဲ့ကြောင့် တွေ့ရ၏။ ဘီစီ (၁) ရာစု အကုန်တွင် အီရန်နွယ်ဖွား လူမျိုးစုများသည် ဂရိ တို့ ကို ဘက်ထရီးယားနှင့် အိန္ဒိယ အနောက်မြောက်ပိုင်း ဒေသ များမှ မောင်းထုတ် ကာ ကုရှန် (ကုရှဏ) မင်းဆက် ကို တည်ထောင်ခဲ့ကြလေသည်။

ကုရှန်မင်းဆက်သည် ဘက်ထရီးယား ကို ဗဟိုပြုလျှက် အေဒီ (၁) ရာစု တွင် အိန္ဒိယပြည် မြောက်ပိုင်းတစ်ခုလုံးကို အပြည့်အ၀ ထိန်းချုပ်နိုင်ခဲ့ ကြ အာရှအလယ်ပိုင်း ဒေသများ ကို လည်း ကုရှန်အင်ပါယာ လက်အောက်တွင် သိမ်းသွင်း နိုင်ခဲ့၏။ ကုရှန်မင်း တို့ သည် ဗုဒ္ဓသာသနာတော် ကို အထူးလေးစားကြည်ညိုသော သာသနာ့ဒါယကာမင်းများ ဖြစ်ခဲ့ကြ ပြီးလျှင် ဂင်္ဂါမြစ်ဝှမ်းဒေသမှ အာရှတိုက် အလယ်ပိုင်းမှ ပိုးလမ်းမကြီးတိုင်အောင်ကျယ်ပြန့်သော ကုရှန်မင်းဆက်၏ အင်ပါယာ နိုင်ငံတော်သည် ဗုဒ္ဓသာသနာ ပြန့်ပွားရေး အတွက် အဓိကကျသော အခန်းကဏ္ဍမှ ထောက်ကူပေးခဲ့ပါသည်။
ခရီးသွား ရဟန်းသံဃာများ နှင့် ကုန်သည်များမှ တစ်ဆင့် သကျမုနိဗုဒ္ဓ၏ ဓမ္မရောင်ခြည်စက်ဝန်း သည် ကျယ်ပြန့်စွာ လင်းချင်းခွင့်ရခဲ့ကြောင်း လေ့လာတွေ့ရှိရ၏။ တစ်ချိန်တည်းတွင် တရုပ်ပြည်မ ကို ကြီးစိုးနေသော ဟန်မင်းဆက် သည် ပိုးလမ်းမ မှ တစ်ဆင့် အိန္ဒိယယဉ်ကျေးမှု နှင့် ထိတွေ့ဆက်ဆံခွင့် ရခဲ့ သောကြောင့် အာရှအလယ်ပိုင်း မှ မြို့ပြများ ကို အခြေပြုလျှက် ဗုဒ္ဓသာသနာ သည် တရုပ်ပြည်သို့ ရောက်ရှိခဲ့ပါသည်။



တရုပ်ပြည်သို့ ဗုဒ္ဓသာသနာ ရောက်ရှိပုံ

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ဟန်မင်းဆက် ခေတ် တွင် ပိုးလမ်းမကြီး မှ တစ်ဆင့် အာရှ အလယ်ပိုင်း ကို ဖြတ်ကျော်၍
တရုပ်ပြည်သို့ ဗုဒ္ဓသာသနာ စတင်ရောက်ခဲ့သည်။ ဟန်မင်းဆက် [Han Dynasty (25-220 AD)] မင်း(Ming) ဘုရင် =အေဒီ၅၈-၇၅ သည် ဗုဒ္ဓဓမ္မ ကို စိတ်ဝင်စားသောကြောင့် အိန္ဒိယသို့ သံတမန် စေလွှတ် ကာလေ့လာစေခဲ့သည်။
အေဒီ ၆၇ တွင် ယင်း သံအဖွဲ့နှင့်အတူ ပိဋကတ်စာပေများနှင့် အတူ ကဿပ နှင် ဓမ္မရက္ခအမည်ရှိ ရဟန်းတော် (၂) ပါး ပင့်ဆောင်လာခဲ့ပြီးနောက် အဆိုပါရဟန်းတော်များ က ပိဋကတ်စာပေ အချို့ ကို တရုပ်ဘာသာသို့ပြန်ဆိုပေးခဲ့၏။
ယင်းတို့အနက်မှ (၄၂)ခန်း သုတ္တန် (The Sutra of 42 Sections) သည် ယနေ့တိုင် ရေပန်းစားနေဆဲ သုတ္တန် တစ်ခု ဖြစ်သည်။

အေဒီ (၁) ရာစု အကုန်လောက်တွင် တရုပ်ပြည် လိုယန်မြို့တော် တွင် ဗုဒ္ဓဘာသာဝင်များ အခိုင်အမာ ရှိနေပြီဖြစ်သည်။ ထိုအချိန်ကာလ ဟန်မင်းဆက် ခေတ် တွင် တရုပ်ပြည်၌ ကွန်ဖြူးရှပ်ဝါဒ အားကောင်းနေချိန်ဖြစ် ပြီး  ကွန်ဖြူးရှပ်ဝါဒ သည် လူသား၏ လောကီဘ၀ ကို အခြေပြုသော လူသားဝါဒမျိုး ဖြစ်သောကြောင့် ဗုဒ္ဓသာသနာ ကို များစွာ မနှစ်သက်ချေ။
ကွန်ဖြူးရှပ်ဝါဒ အပြင် ရှိနေသည်မှာ တောက်ဝါဒ ဖြစ် တောက်ဝါဒ ကမူ လူသား နှင့် စကြ၀ဠာ ကို လွှမ်းမိုးနေသော တောက်=ဓမ္မနိယာမတရား ကို အခြေပြုသော လောကီလွန် သစ္စာဒဿနတစ်ရပ် ဖြစ်သော ကြောင့် ဗုဒ္ဓသာသနာ နှင့် နေရာများစွာတွင် တူညီမှု များရှိသော ကြောင့် တောက်ဝါဒီ များ ၏ လက်ခံမှု ကို ရခဲ့ ၏။ သက္ကဋပိဋကတ် ကို ရှေးဦးစွာ တရုပ်ဘာသာသို့ ပြန်ဆိုရာတွင် တောက်ဝါဒဆိုင်ရာ ဝေါဟာရများစွာ ကို ငှားယူသုံးစွဲခဲ့ ရပြီး ဟန်မင်းဆက် လက်ထက် တွင် လူနည်းစုသာ ဗုဒ္ဓ ဓမ္မ ကို ယုံကြည်သက်ဝင် ကျင့်သုံးခဲ့ကြသည်ဟု ဆိုနိုင်သည်။

အေဒီ ၂၂၀ တွင် ဟန်မင်းဆက်ပျက်သုဉ်းပြီးနောက်  တရုပ် ပြည် တစ်ပြည်လုံး မင်းမဲ့ကာလဆိုးကြီးကြုံခဲ့ရ၏။တရုပ်ပြည် မြောက်ပိုင်း ကို တရုပ်မဟုတ်သော လူမျိုးစုများ ကို သိမ်းပိုက်အုပ်စိုး ခဲ့ပြီး တရုပ်ပြည်တောင်ပိုင်းဒေသ တွင် ချိနဲ့ အားနည်းသော မင်းဆက် များသာ စိုးစံခဲ့၏။ နိုင်ငံရေး ပြိုကွဲမှု၏ အကျိုးဆက်အနေဖြင့် ကွန်ဖြူးရှပ်ဝါဒ လည်း အားလျှော့လာခဲ့လေသည်။ ခေတ်ပျက်ချိန်ကာလတွင် လူအများ သည် မိမိတို့ ၏ အဇ္ဇျတ္တငြိမ်းအေးမှု ဖက်လှည့်ခဲ့ကြ ချိန်တွင် တောက်ဝါဒ နှင့် အတူ ဗုဒ္ဓ၀ါဒ သည်လည်း လူကြိုက်များလာခဲ့၏။ ပညာတတ် တရုပ် သူကောင်းမျိုးများ အကြား ဗုဒ္ဓဘာသာ ရေပန်းစားလာခဲ့ သလို ကိုယ်ပိုင်ပညာဉာဏ် ကို အလေးထားသော တောက်ဝါဒ၏ လွှမ်းမိုးမှု ကြောင့် မဟာယာနဗုဒ္ဓဘာသာ ကို တရုပ်ပညာတတ်အသိုင်းအ၀ိုင်း က ပိုမိုနှစ်သက်ခဲ့ သည်ကို တွေ့ရပါသည်။  အထူးသဖြင့် ဗုဒ္ဓ၀ါဒ ၏ ကမ္မဋ္ဌာန်းဘာဝနာ နည်းစံနစ်များ က ဆွဲဆောင်ခဲ့၏။

အေဒီ (၂) ရာစု တွင် ဗုဒ္ဓဘာသာပိဋကတ်စာပေများ ကို သက္ကဋဘာသာမှ တရုပ်ဘာသာသို့ ပိုမိုကျယ်ပြန့်စွာ ဘာသာ ပြန်ဆိုခဲ့ ကြ၏။ အေဒီ ၁၆၈ ခုနှစ်တွင် မဟာယာနရဟန်းတော်တစ်ပါးဖြစ်သော လောကခေမ အရှင် သည် စူဠပညာ ပါရမိတာသုတ္တန် နှင့် သုခ၀တီဗျူဟာသုတ္တန် များကို တရုတ်ဘာသာသို့ ဘာသာပြန်ဆိုခဲ့ ပြီးနောက် ပထမဆုံး သော ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ခု ဆောက်တည်နိုင်ခဲ့၏။ ဗုဒ္ဓဓမ္မ ၏ မျိုးစေ့သည် တရုပ်မြေဆီလွှာ၌ အမြစ်တွယ် လျှက် အပင်ပေါက်နိုင်ခြင်း အတွက် ပထမ ခြေလှမ်းသဖွယ် ဖြစ်ပေသည်။ ထို့ အပြင် ဓမ္မရက္ခမထေရ် သည် မဟာပညာ ပါရမိတာသုတ္တန် နှင့် သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန် တို့ အပြင် အခြား မဟာယာနသုတ္တန်များစွာ ကို တရုတ်ဘာသာသို့ ပြန်ဆိုခဲ့ ပါသည်။

အေဒီ (၄) ရာစု တွင် သီရိလင်္ကာကျွန်းမှ ဘိက္ခူနီသာသနာပြုအဖွဲ့တစ်ခု ဆိုက်ရောက်လာသောကြောင့် ဖေါတုတန် သည် ( အေဒီ ၃၁၇) တွင် ဘိက္ခူနီသာသနာ ကို တရုပ်ပြည်တွင် စတင်ခဲ့လေသည်။ နာမည်ကျော် အရှင် ကုမာရဇီဝ မထေရ် (အေဒီ ၃၄၄-၄၁၃) နှင့် ဟွီယွမ် (အေဒီ ၃၄၄-၄၁၆) တို့လည်း မဟာယာနသုတ္တန်များစွာ ကို တရုတ်ဘာသာသို့ ပြန်ဆို ခဲ့ကြ၏။

အေဒီ (၅) ရာစု တွင် ဝေမင်းဆက် တက်လာချိန်တွင် တရုပ်ပြည် တောင်ပိုင်း နှင့် မြောက်ပိုင်း ကို ပေါင်းစည်းနိုင်ခဲ့ရာတွင် အေဒီ ၄၄၆ တွင် ဝေမင်းဆက် ဘုရင်တစ်ပါး ဖြစ်သူ တိုင်ဝူ (Tai Wu  ) သည် ဗုဒ္ဓဘာသာ ကို နှိပ်ကွပ် ဖျက်ဆီး ခဲ့၏။ ဗုဒ္ဓဘာသာ ကျောင်းတိုက်များ မီးရှို့ ကျမ်းဂန်စာပေများကို ဖျက်ဆီး ရဟန်းတော်များ ကို ကွပ်မျက်ခဲ့၏။ အေဒီ ၄၅၂ တွင် တိုင်ဝူ ကွယ်လွန်ပြီးနောက် ဆက်ခံသော ဧကရာဇ်ဘုရင် ၀မ်ချန်း (Wen Cheng) သည် ဗုဒ္ဓဘာသာ အပေါ်ဖိနှိပ်မှုများ ကို ရပ်တန့်ခဲ့ပြီး သာသနာ ကို ပြန်လည် ပံ့ပိုးခဲ့ကြောင်းတွေ့ရ၏။ တရုပ်ပြည်မှ နာမည်ကျော် ယွန်အန်လှိုဏ်ဂူမှရုပ်ပွားတော် များသည် ဧကရာဇ်ဘုရင် ၀မ်ချန်း၏ ဒါနများ ဖြစ်ပါ၏။

အေဒီ (၅)ရာစု တွင် တရုပ်ခရီးသည် ရဟန်းတော် ဖာရှိယန်(Fa-Hsien) သည် ၃၉၉-၄၁၄ ထိ ၁၅ နှစ်တာ အိန္ဒိယ သို့ လှည့်လည်ခဲ့သည်။  အေဒီ ၄၀၂ တွင် အမိတာဘဗုဒ္ဓကို ကိုးကွယ်သော သုခ၀တီဂိုဏ်း စတင်ပေါ်ပေါက်ခဲ့ ပြီးလျှင် ယင်း ဂိုဏ်း၏ ပထမသာသနာပိုင်ဆရာတော်သည် တန်ရှန် (အေဒီ ၄၇၆-၅၄၂) ဖြစ်၏။ ထိုနည်းတူစွာပင် ဟွီဝမ် က တိယန်တိုင်းဂိုဏ်း (T’ien Tai School) ကို အေဒီ ၄၇၀ တွင်တည်ထောင်ခဲ့သည်။ တိယန်တိုင်း ဂိုဏ်းသည် ကြာပန်း သုတ္တန် (သဒ္ဓမ္မပုဏ္ဍရိကာသုတ္တန်) ကို ဗဟိုပြု ထားသော ဂိုဏ်း ဖြစ်လာခဲ့ ပါသည်။

အေဒီ (၅) ရာစု ကာလ ( ၄၇၀-၅၄၃) တွင် အိန္ဒိယမှ ဗုဒ္ဓ၀ါဒီ သူတော်စင်ယောဂီကြီး အရှင်ဗောဓိဓမ္မ တရုတ်ပြည် သို့ ရောက်ရှိလာခဲ့ပြီး ဟီနန်ခရိုင် ရှိ ရှောင်လင်ကျောင်းတိုက်ကြိးတွင် သီတင်သုံးခဲ့၏။ ထိုအရှင်မြတ်သည် သမထယာနိက ကမ္မဋ္ဌာန်း ကို အားပြု သော ချန် (ဈာန်) ဂိုဏ်း ကို ထူထောင်ခဲ့လေသည်။ အရှင်ဗောဓိဓမ္မ ၏ ချန် (ဈာန်ဂိုဏ်း) အကြောင်း ကို နောင်အခန်းများ တွင် သီးခြားလေးနက်စွာ ရေးသာတင်ပြပါဦးမည်။

တရုပ်ဗုဒ္ဓသာသနာ ၏ အဆင့်အမြင့်ဆုံး ဒဿနဖေါ်ဆောင်မှု ကို ဟွာယင်း ဂိုဏ်းတွင် တွေ့ရသည်ဟု ဆိုလျှင် မှားအံ့ မထင်ပေ။ တုရှန် (အေဒီ ၅၅၇-၆၄၀) ချိယန် (အေဒီ ၆၀၂-၆၆၈) နှင့် ဖဇန် (အေဒီ ၆၄၃-၇၁၂) ဟူသော ဆရာတော်ကြီး (၃) ပါး က ဟွာယင်းဂိုဏ်း ၏ ဒဿနအမြင် ကို သွန်းလောင်းထုဆစ်ခဲ့၏။ ဝေ မင်းဆက်လွန်ပြီး နှောင်းကာလ တန် မင်းဆက် ခေတ်တွင် ဟွာယင်းဂိုဏ်း ၏ ဒဿနအမြင် သည် ချန်(ဈာန်) ဂိုဏ်း အတွင်းသို့ စိမ့်ဝင်ပေါင်းစည်း သွားခဲ့ ပါသည်။

တန်မင်းဆက်ခေတ် မှ တရုပ်ဗုဒ္ဓသာသနာ
တန်မင်းဆက်ခေတ် (အေဒီ ၆၁၈-၉၀၇) သည် တရုပ်ပြည် ဗုဒ္ဓသာသနာ သမိုင်း ၏ ရွှေခေတ် ဟုဆိုနိုင်ပါ၏။ဤခေတ် တွင် တရုပ်ပြည်၏ အာဏာစက်သည် အာရှအလယ်ပိုင်း သို့ ပြန်လည် သက်ရောက်စိုးမိုးခဲ့ သော်လည်း အနောက် ဖက်မှ ရွေ့လျှားလာသည့် အစ္စလာမ်ဘာသာနှင့် တိုးတိုက်ထိခတ်မှုများ စတင် ဖြစ်ခဲ့ ပါသည်။ အေဒီ ၇၅၁ တွင် တလာစ် မြစ်(ယခု တာကစ္စတန်) ဒေသတွင် ဖြစ်ခဲ့သော စစ်ပွဲတွင် တန်-စစ်တပ်သည် အာရပ်တို့ ကို ရှုံးနိမ့်ခဲ့သလို ၎င်း၏ အကျိုးဆက်အနေဖြင့် အာရှအလယ်ပိုင်းဒေသ၏ အနောက်ဖက်ပိုင်းတွင် ဗုဒ္ဓသာသနာ၏ အနာဂတ် က မှိန်ဖျော့ေ၀၀ါးလာခဲ့ပါသည်။

သို့သော်လည်း တန် နေပြည်တော် နှင့်တရုပ်ပြည်မ ဒေသတွင်မူ ဗုဒ္ဓသာသနာဆိုင်ရာ တိုးတက်မှုများစွာဖြစ်ထွန်းခဲ့၏။ ပိဋကတ်ကျမ်းစာများ ဘာသာပြန်ခြင်း သံဃာများ သီတင်းသုံးနေထိုင်ရန် ကျောင်းတိုက်များဆောက်လုပ်လှူဒါန်းခြင်းတို့ အပြင် ဗုဒ္ဓတရားတော်များသည် လည်း ဒေသခံ တောက်ဝါဒ၏ စာပေ ဝေါဟာရများမှ ကျွတ်လွတ်ဝေးကွာ သီးခြား ရပ်တည် လာနိုင်ခဲ့ကို တွေ့ရ၏။ အမှန်စင်စစ် တန်မင်းဆက်ခေတ် တွင် ဗုဒ္ဓသာသနာသည်အားကောင်းလွန်း သောကြောင့် ခေတ်ပြိုင် ကွန်ဖြူးရှပ်ဝါဒီများ နှင့်တောက်ဝါဒီများ ၏ အစဉ်တစိုက် ဝေဖန်မှု ကိုခံခဲ့ရလေ၏။

ဘုရင့် နန်းတော်တွင်း၌ပင် ဘာသာရေး အုပ်စုဖွဲ့ပြိုင်ဆိုင်မှုများ ကြီးထွားစွာ ဖြစ်ပေါ်လာပြီး အေဒီ ၈၄၅ တွင် ပဋိပက္ခ၏ အထွဋ်အထိပ်သို့ရောက်ရှိခဲ့၏။ ကွန်ဖြူးရှပ်ဝါဒဖက်သို့ မဲတင်းသော တန်ဧကရာဇ်ဘုရင် က ဗုဒ္ဓဘာသာ ကို စတင်ဖိနှိပ် ဖျက်ဆီးခဲ့ပြန်လေသည်။ ဘုန်းကြီးကျောင်းတိုက်ပေါင်း (၄၀၀၀) ကျော်ခန့် နှင့် စေတီပုထိုး နှင့်ဘာသာရေး  ဆိုင်ရာ အထိမ်းအမှတ် ၄၀၀၀၀ ခန့် ဖျက်ဆီးဖြိုချခံခဲ့ရကြောင်း သမိုင်းမှတ်တမ်းများ က ဆိုပါသည်။ ထို့နောက်ပိုင်းတွင် ဗုဒ္ဓသာသနာ သည် တရုပ်မြေတွင် ကောင်းစွာပြန်လည် နာလန်မထူနိုင်တော့ချေ။ သုခ၀တီ ဂိုဏ်း နှင့် ချန်(ဈာန်) ဂိုဏ်း တို့ မှ အပ ကျန် ဗုဒ္ဓဘာသာဂိုဏ်းများ အားလုံး နိဋ္ဌိတံ တစ်ခန်းရပ်ခဲ့ကြရ၏။ သုခ၀တီ ဂိုဏ်း သည် ဂျပန်နိုင်ငံသို့ရောက် သော် ဂျိုဒိုဂိုဏ်း အဖြစ်၎င်း၊ ချန်(ဈာန်) ဂိုဏ်းသည် ဇင် ဂိုဏ်း အဖြစ်၎င်း၊ တိယန်တိုင်းဂိုဏ်းသည် တင်းဒိုင်းဂိုဏ်းအဖြစ်၎င်း ဟွာယင်းဂိုဏ်းသည် ကီဂွန်းဂိုဏ်း အဖြစ် ၎င်း ဆက်လက်ရှင်သန်ရပ်တည်သွားကြသည် ကို တွေ့ရသည်။

ဟွာယင်းဒဿနအမြင် ၏ အခြေခံ ဖြစ်သော အ၀ဋံသကသုတ္တန်
အ၀ဋံသကသုတ္တန် သည် သမ္မာကျမ်းစာထက် မျာစွာ ပိုမိုရှည်လျှား သော စာပေ အစုအဝေးကြီးဖြစ်၏ ခေါင်းစဉ်တစ်ခု တည်း  ဖြစ်သောကြောင့် တစ်ခုတည်းသော သုတ္တန်ဟု မမှတ်ယူသင့်ပေ။ ၎င်းသည် များပြားလှသော သုတ္တန်ဒေသနာ ပေါင်းစုံ၏ အစုအဝေး အဖြစ်သာ မြင်ရပါသည်။  ဒေါက်တာ သောမတ်စ်ကလာရီ ၏ အင်္ဂလိပ်ဘာသာပြန် သည်ပင်လျှင် စာမျက်နှာ် ၁၆၀၀ ကျော် ဖြစ်သော ကြောင့် ယင်းသုတ္တန် သည် ပါဠိနိကာယ် တစ်ခုစာမျှမက ရှည်လျှား သည် ကို ထောက်ဆသိရှိနိုင်ပေသည်။ အ၀ဋံသကသုတ္တန် ၏ စာပေများအနက် မူရင်းလက်ရာနှစ်ခုသာသက္ကဋဘာသာ ဖြင့်ကျန်ရစ် ကြောင်းကို သိရ၏။ ယင်းတို့မှာ ဗောဓိသတ္တ၏ ဘူမိအဆင့်များ ကိုဖေါ်ပြထားသော ဒသဘူမိကသုတ္တန် ၏ အစိတ် အပိုင်းများ နှင့် ဂန္ဓဗျူဟာသုတ္တန်တို့ ဖြစ်ကြ၏။

ယင်း သုတ္တန် ကို တရုတ်ဘာသာသို အေဒီ (၃) ရာစု ခန့်တွင် ပြန်ဆိုခဲ့ ပါသည်။  အ၀ဋံသကသုတ္တန် ၏ ဘာသာပြန် ဆိုချက် အပြည့်အစုံကို အေဒီ ၄၁၈ မှ ၄၂၁ အထိ ၃ နှစ်တာ ကာလ အတွင်း အရှင်ဗောဓိဘဒြ က ပြန်ဆိုခဲ့၏။ ထိုထက် ပိုမိုကျယ်ဝန်းသော ဘာသာပြန်ဆိုချက် ကို ခိုတန် ရဟန်းတော် တစ်ပါး ဖြစ်သည့် သိက္ခာနန္ဒ က အေဒီ (၇) ရာစု ၀န်းကျင် တွင် ပြန်ဆိုခဲ့ ၏။ သိက္ခာနန္ဒ ၏ ဘာသာပြန်သည် ဗောဓိဘဒြ၏ ဘာသာပြန်ထက် ၁၀% ခန့် ပိုမိုရှည်လျှား နေသော ကြောင့် ခေတ်အလိုက် မဟာယာနသုတ္တန်တို့၏ တိုးတက်ပြောင်းလဲတတ်သည့် သဘာဝ ကို ဆ၀ါး နိုင်ပေသည်။
အိန္ဒိယ မဟာယာန အ၀ဋံသကသုတ္တန် သည် ခိုတန်ပြည်မှ တဆင့် တရုပ်ပြည်သို့ ရောက်ရှိခဲ့ပါသည်။

အ၀ဋံသကသုတ္တန် ၏ ပဓါန အကြောင်းအရာ မှာ ဗုဒ္ဓဘုရားရှင် နှင့် အဆင့်မြင့် ဗောဓိသတ္တတို့ ၏ စကြ၀ဠာ အပေါ် အာရုံသိမြင်ခံစားမှု ကို ရေးဖွဲ့ထားခြင်းဖြစ် သောကြောင့် ဆန်းကြယ်လှပ သော အဆင်တန်ဆာချယ်မှုန်းသော အရေး အသားများ ဖြင့် တောက်ပ နေသော ကျမ်းစာ ဖြစ်၏။ အ၀ဋံသကသုတ္တန် ကျမ်းစာ တစ်ခုလုံး ၏ နှလုံးသည်းပွတ် ပမာ ဖြစ်သော အစိတ်အပိုင်း ကို ဂန္ဓဗျူဟာသုတ် ဟု ပညာရှင်များ က သတ်မှတ် ကြပါသည်။ ဂန္ဓဗျူဟာသုတ်တွင် မဟာယာန ဗုဒ္ဓဘာသာ ၏ အကျယ်ပြန်အနက်ရှိုင်းဆုံး တက္ကိကဗေဒ ဒဿန အမြင် ကို တွေ့ရ၏။ ဂန္ဓဗျူဟာသုတ်တွင် ဖေါ်ပြသော မဟာယာနဒဿန အမြင် သည် မာဓျမိက နှင့် ယောဂါစာရ အမြင် နှစ်ရပ်စလုံး၏ ပေါင်းစည်းမှု ဖြစ်၏။ (Gómez 1967: lxxviii).

ယောဂါစာရ ဒဿနအမြင် အရ အရာခပ်သိမ်း၏ အနှစ်သာရ သည် အမလ-စိတ္တ ခေါ် အညစ်အကြေး ပကတိမရှိ ကင်းစင်သော သိစိတ်သဘာဝ ဖြစ်၏။ ယင်း အမလ-စိတ္တ မှ အ၀ိဇ္ဇာ နှင့် ကမ္မတရား များ ဖြစ်ပေါ်လာ ထို့နောက် ၀ိဝါက်တရားများ ဖြစ်ပေါ်လာ ထို့ကြောင့် လောက ၃ ပါး သည် ယောဂါစာရ ဒဿနအမြင် အရ စိတ္တသဘာဝ ဖြင့် သာပြီး၏။ အဆိုပါ အမလ-စိတ္တ သည်လည်း အတွင်း အနှစ်သားအမာဒြပ် ဆိတ်သုဉ်း သော သုညတာဓမ္မ သာ လျှင် ဖြစ်၏။ အတွင်း အနှစ်သားအမာဒြပ် ဆိတ်သုဉ်း သော သုညတာဓမ္မ ဖြစ်သည့် အမလ-စိတ္တ ၏ ကွန့်မြူးဝင်စားချက် ဖြစ်သော လောက သည် အိပ်မက် ပမာ ဖြစ်ပြီး ထို လောက သည် အမာခံ အစိုင်အခဲ အပိတ်အဆို့ အတားအဆီး အငြိအတွယ် ကင်းမဲ့သော ဟင်းလင်းပွင့်လောက သာ ဖြစ် ကြောင်း ဂန္ဓဗျူဟာသုတ္တန် က ဖွင့်ဆိုပြလေသည်။ ခိုင်မာမြဲမြံသော ဒြပ်သား အနှစ်မရှိသော ဟင်းလင်းပွင့် သုညတာလောက သည် ဗောဓိသတ္တ အတွက် အပိတ်အဆို့ အတားအဆီး အငြိအတွယ် မရှိပဲ စိတ်စေစားရာ သို သက်ရောက် ၀င်စားနိုင်သော ဓမ္မဓါတု လည်း ဖြစ်သည်ဟု ဆို၏။
ဂန္ဓဗျူဟာသုတ် သည် အတွေးအခေါ် ဒဿန တက္ကိက အယူအဆ သက်သက်မဟုတ်ပဲ ဗုဒ္ဓရှင်တော်တို့ ၏ အာရုံခံစားမှု ဖြင့် သိအပ်သော လောအမြင် ဟု ဆိုထား သောကြောင့် ဗုဒ္ဓ၏ ဥာဏ်တော် သက်ဝင်ဖြန့်ကျက်သော လောကအမြင် ဟုလည်း ဆိုနိုင်ပါ၏။ [1]

ဗုဒ္ဓ နှင် ဗောဓိသတ္တအရှင်သူမြတ် တို့သည် ဈာန် အဘိညာဉ် တန်ခိုးသတ္တိ အရာ၌ လိမ္မာကျွမ်းကျင် ၍ နှစ်သက်သလို ၀သီဘော်ဝင်စားနိုင်ကြကုန်သည် ဖြစ်သော ကြောင့် မိမိ တို့ အလိုရှိရာ စိတ်ဖန်ရုပ်သွင်များ ကို ဖန်ဆင်းတည်ထောင် နိုင်သည်။ မဟာယာနဗုဒ္ဓဘာသာအလိုအရ ထိုသို့ ဖန်ဆင်းတည်ထောင်ခြင်း မှာ လည်း အချည်းနှီးမဟုတ်ပဲ သတ္တ၀ါတို့ အတွက် ထားအပ်သော ကြီးမားပြန့်ပြောသော မဟာကရုဏာဓါတ်ကြောင့်သာဖြစ်လေသည်။

အဘိညာဉ်အားဖြင့်ဖန်ဆင်းသည်ဟုဆိုသော်လည်း ဗုဒ္ဓ နှင် ဗောဓိသတ္တအရှင်သူမြတ် တို့၏ ဈာန် အဘိညာဉ် တန်ခိုး သတ္တိ အားဖြင့် ဖန်ဆင်းတည်ထောင်သော စိတ်ဖန်ရုပ်သွင်များ သည် ပကတိနေ့စဉ်လောက မှ အရာဝတ္တု များနည်းတူ (သမ္မုတိသစ္စာ အရ) အဟုတ်အမှန်ရှိ နေသော အရာဝတ္ထုများ ဖြစ်ကြ၏။ ထို့အတူပင် မာဓျမိက နှင့် ယောဂါစာရ ဆိုင်ရာ မဟာယာန ဒဿန အမြင် များအရ ပကတိနေ့စဉ်လောက မှ အရာဝတ္တုများ သည် အိပ်မက် တံလျှပ်မြူခိုး တို့ အရှိတရား အလား ဖြစ်သည့် မာယာ ရုပ်သွင်များ ဖြစ်သော ကြောင့် ဗုဒ္ဓ နှင် ဗောဓိသတ္တအရှင်သူမြတ် တို့၏ ဈာန် အဘိညာဉ် တန်ခိုး သတ္တိ အားဖြင့် ဖန်ဆင်းတည်ထောင်သော စိတ်ဖန်ရုပ်သွင်များ နှင့် အနှစ်သာရ မထူးခြားလှချေ။ ထို့ ကြောင့် ဈာန် အဘိညာဉ် တန်ခိုးသတ္တိ အားဖြင့် ဖန်ဆင်းတည်ထောင်သော စိတ်ဖန်ရုပ်သွင်များ သည် အရာခပ်သိမ်း၏ သုညတာ သဘာဝ ကို ပိုမို ဖေါ်ပြနေသော အရာများ ဖြစ် ကြောင်း ဂန္ဓဗျူဟာသုတ် က ထွန်းလင်းပြသည်။  (Gómez 1967: lxxix; cf. lxxxv).

ဓမ္မ သည် ဗုဒ္ဓ ဗုဒ္ဓသည်ပင်လျှင် ဓမ္မ ဖြစ်ပုံ
ဤနေရာတွင် ဗုဒ္ဓရှင်တော် အပေါ် ရှုထောင့် ၂ မျိုး ဖြင့် မြင်ရပုံ ကို (၁) ဗုဒ္ဓ ၏ ပကတိသဘာဝ အစစ် နှင့် (၂) ဗုဒ္ဓ ကို ဝေနေယျသတ္တ၀ါတို့ ဖက်မှ ဖူးတွေ့မြင်ရပုံ များ အနေနှင့်ကွဲပြားခြားနားစွာ သိမြင်နိုင်ပါ၏။ ဗုဒ္ဓ ၏ ပကတိသဘာဝ အစစ် မှာ အဆုံးအစ မရှိသော ထာဝရ သစ္စာတရားများ ဖြစ်သည့် သုညတာ တထတာ ဓမ္မကာယ ဓမ္မဓါတု စသော အရှိဓမ္မ များ နှင့် တစ်ထပ်တည်းဖြစ်ပြီး ဖေါက်ပြန်ပြောင်းလဲမှု အလျှဉ်းမရှိချေ။

အ၀ဋံသကာ သုတ္တန် သည် ဗုဒ္ဓ ၏ ပကတိသဘာဝ အစစ် ရှုထောင့်မှ မြင်တွေ့ရသော လောက နှင့် စကြ၀ဠာအသွင် ကို တင်ပြထားခြင်းဖြစ်၏။  တရားကိုယ် ကောက်ယူစိစစ်ကြည့်လျှင် သုညတာ- တထတာ -ဓမ္မကာယ- ဓမ္မဓါတု စသည်တို့ သည်ကား ဗုဒ္ဓ ၏ ပကတိသဘာဝ အစစ် ဖြစ်သလို လောက နှင့် စကြ၀ဠာ တို့၏ မူလဘူတ တရားကိုယ်သဘော အစစ် လည်း ဖြစ်ကြ၏။ ဂန္ဓဗျူဟာသုတ် က ဓမ္မဓါတု လောက ကို သန့်စင်သော အရိပ်မဲ့သော အလင်းသက်သက် စကြ၀ဠာ အဖြစ် တင်စားဖေါ်ပြထား ပါသည်။

ဓမ္မဓါတု သည် တရားဘာဝနာ အားထုတ်သော ယောဂီပုဂ္ဂိုလ်၏ ကမ္မဋ္ဌာန်းအာရုံဝယ် ထင်မြင်လာသော အတိုင်းအတာ အကန့်အသတ်မဲ့ သည် အပ္ပမာဏစိတ်သဘာဝ ဖြစ်၍ ထိုစိတ်သဘာဝထဲတွင် သီခြားသဘောဖြင့် တည်ရှိနေသော အရာဝတ္တုများ သတ္တ၀ါများ ၏ အသီးအခြားသဘော (individuality) သည် တဖြည်းဖြည်း ပျော်ဝင်ပျောက်ကွယ် လျှက် အလင်းဓါတ်သက်သက်သိစိတ်သက်သက် အဖြစ် အတိုင်းတိုင်း တည်နေ ကြကြောင်း ဖွင့်ဆိုထားပါ၏။  ဤသို့ အလင်း ဓါတ်သက်သက်သိစိတ်သက်သက် အဖြစ် အတိုင်းတိုင်း တည်နေသော စိတ်သဘာဝ သည်ပင်လျှင် ဓါတ်ကြီး လေးပါး၏ ထောက်တည်ခွင့်မရသော အသင်္ခတဓါတ်ဖြစ် သင်္ခါရ၀ိညာဏ် မှန်သမျှ အာသဝေါတရား မှန်သမျှ ချုပ်ငြိမ်းရာ ဖြစ်သည် ဟူ၍လည်း ဆိုနိုင်ပါ၏။ (Suzuki 1968: 149–50~199 n.).

ရှေးဦး ပါဠိဗုဒ္ဓစာပေများ၌ပင် ဓမ္မ ကို မြင်သူသည် ဗုဒ္ဓ ကို မြင်သူဖြစ်ကြောင်း ညွှန်ပြချက်များ ရှိ၏။ အ၀ဋံသကသုတ္တန် ၏ အနက်ရှိုင်းဆုံးအမြင်တစ်ရပ်မှာလည်း  ဤမဟာစကြ၀ဠာ သည်ပင်လျှင် အတွင်းအဇ္ဈတ္ထအားဖြင့် ဗုဒ္ဓရှင်တော်ကိုယ်တိုင် ဖြစ်သည် ဟုရှုမြင်ခြင်း ဖြစ်ပါသည်။  အရှိတရား ၏ တစ်ခုတည်းသော လက္ခဏာ သည် သုညတာ=တထတာ ဖြစ်သလို အရှိတရား ကို မြင်ခြင်း သည်ပင် ဗုဒ္ဓရှင်တော်ဘုရား ကို ဖူးမြင်ရခြင်းဖြစ်ကြောင်း ဤ အမြင်က ဆိုပါသည်။ [2]

ဤမဟာစကြ၀ဠာအတွင်းရှိ ခပ်သိမ်းသော အရာတို့သည် သိမှုရှုထောင့်အရ သီးခြားရှိနေသော အသွင်သဏ္ဍာန်များ ဖြစ်သလို ရှိမှုရှုထောင့်အရ အတွင်းအနှစ်သာ အတ္တဆိတ်သုဉ်းနေသော သုညတာသဘာဝများ သာ ဖြစ်ကြလေသည်။ အသွင်သဏ္ဍာန် နှင့် အနှစ်သာရ (၀ါ) လောက နှင့် သုညတာ သံသရာ နှင့် နိဗ္ဗာန် တို့သည် ဓမ္မတရားကိုယ်သဘောအရ တစ်ခုတည်းသော ရသ ရှိကြ၏။ ထို့ကြောင့် ယင်းတို့အားလုံး ကို အသွင်သဏ္ဍန် နှင့် သုညတာ တို့ တစ်သားတည်း ပေါင်းစည်းနေမှု အဖြစ် ရှုမြင်နိုင်ပေ၏။ တစ်နည်းအားဖြင့် ၎င်းတို့သည် အိပ်မက်လောက မှ အသွင်များ ကဲ့သို့ပင် အစစ်အမှန်မရှိသော ဓမ္မတရားများသာဖြစ်သောကြောင့် ယင်းတို့သည် အလင်းဓါတ်သက်သက် သိစိတ်သက်သက် သဘာဝ၏ လှုပ်ရှားသက်ဝင်နေသော အရိပ်များသာဖြစ်ကြ၏။

အလင်းဓါတ်သက်သက်သိစိတ်သက်သက်သဘာဝ သည် ဤမဟာစကြ၀ဠာအတွင်းရှိ ခပ်သိမ်းသော အရာတို့ နှင့် နှစ်ခု မပြား တစ်သားတည်းရှိနေသောကြောင့် ၎င်းတို့သည်ပင် စိတ်သဘာဝ ==စိတ်သဘာဝသည်ပင် (အတွေး ၀ိတက် ၀ိကပ္ပ တို့ အားဖြင့်) စကြ၀ဠာအတွင်းရှိ ခပ်သိမ်းသော အရာတို့အနေဖြင့် ပေါ်လွင်ထင်ရှားလာပြန်၏။ ထို့ကြောင့် ဘာဝနာ လုပ်ငန်း ၏ အမြင့်ဆုံးစိတ်သဘာဝ သည် အရာခပ်သိမ်းကို အတားအဆီးအပိတ်အဆို့ လုံးဝမရှိပဲ ဖေါက်ထွင်း စိမ့်ဝင် ဖြန့်ကျက်တည်ရှိနိုင်ကြောင်း သိမှုနယ်ပယ် နှင့် ရှိမှုနယ်ပယ် နှစ်ခုလုံးသည် ထပ်တူထပ်မျှတည်နေကြောင်း ဤသုတ္တန် က အတည်ပြုရှင်းပြခဲ့၏။

ဗောဓိသတ္တသုဓန ၏ သစ္စာရှာမှီးခြင်းခရီးစဉ်
ဗုဒ္ဓရှင်တော် တို့၏ ပကတိသဘာဝ အမြင် တွင် ထူးခြားလေးနက်ပေါ်လွင်နေသော သဘောလက္ခဏာ မှာ အပြန်အလှန် ဖေါက်ထွင်းစိမ့်ဝင်ဖြန့်ကျက်တည်ရှိနေခြင်းသဘော (Interpenetration) ဖြစ်လေသည်။ ဘုရားရှင်တို့၏ ဆန်းကြယ် သော သိမှုပမာဏနယ်ပယ်သည် အမာခံ အပိတ်အပင် မရှိသောလောက အရိပ်မဲ့အလင်းသဏ္ဍာန်တို့၏ လွတ်လပ် စွာ စီးမျော နေသောလောက ၀ယ် အရာခပ်သိမ်းသည် အချင်းချင်း အပြန်အလှန်ဖေါက်ထွင်း စိမ့်ဝင်ဖြန့်ကျက် တည်ရှိနေကြ ပုံ ကို အသိရောက်မျက်မှောက်ပြုနေသော ဥာဏ်တော် (သဗ္ဗညုတဉာဏ်တော်) ဖြစ်သည်ဟုဆိုပါ၏။ [3]

သာမန်လူတို့အတွက် ဆိုလျှင် ဓမ္မဓါတု = အလုံးစုံသော အရာခပ်သိမ်း ၏ အချင်းချင်းအပြန်အလှန်ဖေါက်ထွင်း စိမ့်ဝင် ဖြန့်ကျက်တည်ရှိခြင်းသဘော သည် သာမန် ပုထုဇဉ်လူသားတို့ စိတ်ကူးပင်မယဉ်နိုင်လောက် အောင် ဆန်းကြယ်သော လောကဖြစ် ပြီး ဗုဒ္ဓ တို့၏ သန့်စင်သောလွတ်မြောက်သော စိတ် အားဖြင့်သာ မျက်မှောက်ပြုနိုင်သော အမြင်ဖြစ်၏။ [4]

ဂန္ဓဗျူဟာသုတ်သည် အ၀ဋံသကာဒေသနာ တစ်ခုလုံး၏ အထွဋ်အထိပ် အပိုင်းဖြစ်သည်။ သုတ္တန်၏ အဓိက ပုဂ္ဂိုလ် ဖြစ်သူ ဗောဓိသတ္တ သုဓန သည် မဉ္ဖူသိရီ ၏ လမ်းညွှန်ချက်အရ အိန္ဒိယပြည်တစ်ခွင် လှည့်လည်၍ ဆရာ ရှာဖွေခဲ့ လေသည်။
သူ၏ ဓမ္မလမ်းခရီး ၀ယ် (၅၃) ယောက်သော လူမျိုးစုံ ဆရာမျိုးစုံ နှင့် ဆုံခဲ့ ပြီး အားလုံးမှာ ဗောဓိသတ္တအသီးသီး ဖြစ်ကြ ၏။ အထူးခြားဆုံး ဆရာမှာ ၀သုမိတြာ မည်သော ပြည့်တန်ဆာ မ တစ်ဦးဖြစ် ပြီး ၀သုမိတြာ သည်လည်း အဆင့်မြင့် ဗောဓိသတ္တ တစ်ပါး ဖြစ်ပြီး သစ္စာဥာဏ်အလင်း ကို ဖြန့်ဝေနေသူ ဖြစ်ကြောင်း ဖေါ်ပြထား၏။ [5] ခရီးလမ်း၏ အဆုံးသတ် တွင် သုဓန သည် ဗောဓိသတ္တ မဉ္ဇူသိရီ ပြသ သော ဝေရောစန မျှော်စင် ကို မြင်တွေ့ရလေသည်။ ယင်းမျှော်စင် သည် အမြင့်မြတ်ဆုံးသော ဓမ္မကာယ ကို ကိုယ်စားပြုနေသည်။ မဉ္ဇူသိရီ ပြသ သော ဝေရောစန မျှော်စင် အတွင်းသို့ သုဓန ၀င်ရောက်သွားလေသော် အလွန်းဆန်းကြယ်သော အာရုံနိမိတ်များ ကို တွေ့ကြုံခံစားခဲ့ရ၏။

ဝေရောစန မျှော်စင် ၏ အတွင်းဖက် သည် ကောင်းကင်ပြင်ကြီးတမျှ အဆုံးအစမဲ့ ကျယ်ပြန့်နေပြီး ၎င်းတွင် သိန်းပေါင်း များစွာ သော မျှော်စင်များ ကို တွေ့ရလေသည်။ ယင်း မျှော်စင် တို့ သည် အသီးသီး လှပဆန်းကျယ်စွာ တန်ဆာဆင် ထားသော်လည်း ထူးခြားချက်မှာ တစ်ခု ကို တစ်ခု ပိတ်ဆို့တားဆီး ဖုံးကွယ်မှု မရှိခြင်းဖြစ်သည်။

မဉ္ဇူသိရီ နှင့် တကွ များစွာသော ဗောသတ္တအရှင်တို့ ကိုလည်း ဖူးမြင်ရပြီး ထို အရှင်တို့၏ မွှေးညင်းပေါက်များဆီ မှ နိမ္မာနကာယ ဗုဒ္ဓရှင်တော် များစွာ ထွက်ပေါ်လာပုံ ကို မြင်တွေ့ရလေသည်။ ယင်း ဗုဒ္ဓရှင်တော်မြတ်တို့ ထံမှ သာယာ ငြိမ့်ညောင်းသော ဓမ္မဒေသနာ ဟောကြားတော်မူသော အသံများ ကြားရပြီး တစ်ချိန်တည်းမှာပင် သူသည် အရိမေတ္တေယျ ဘုရားရှင် နှင့် အခြားသော ဗောဓိသတ္တအဆူဆူတို့ သမာဓိဝင်စားနေကြလေသည်ကို၎င်း ယင်းတို့၏ ကိုယ်ကာယတော် များရှိ မွေးညင်းပေါက်များမှ ရောင်ခြည်တော်များ ဖြာထွက်ကွန့်မြူးနေသည်ကို၎င်း မြင်တွေ့ရ ၏။ အဆိုပါ ဗောဓိသတ္တ အရှင်မြတ်များ ၏ မွေးညင်းပေါက်များမှ သာယာငြိမ့်ညောင်းသော ဓမ္မဒေသနာ ဟောကြားတော်မူ သော အသံများ ထွက်ပေါ်လာနေသည်ကိုလည်း သူကြား နေရပြန်လေ၏။

လမ်းခရီး၏ နောက်ဆုံးတွင် အလွန်မြင့်မားသော ကြီးမားကျယ်ပြန့်သော အဆန်းတကြယ် လှပခမ်းနားသော မျှော်စင် တစ်ခုပေါ်သို့ သူတက်ရောက်သွား ရာဝယ် တစ်ချက်သော အကြည့်၌ ပင် ကုဋေကုဋာ များပြားလှစွာသော စကြ၀ဠာ တိုက် များ ကို မြင်တွေ့ရ၏။ အသီးသီးသော စကြ၀ဠာတိုက်တစ်ခုစီ ၌ လည်း အရိမေတ္တေယျဘုရားရှင် ၏ လောကသို့ ဆင်းသက်တော်မူပုံ ဖွားမြင်တော်မူပုံ နှင့်တစ်ကွ အသေးစိတ် ဗုဒ္ဓ၀င်ဖြစ်တော်စဉ်များ ကို သူ ဖူးမြင်ရ၏။ သုဓန ကိုယ်တိုင် လည်း မိမိ ၏ ဗောဓိသတ္တမဂ်လမ်းစဉ် တစ်လျှောက် တက်စဉ် နှင့် ပြောင်းလဲမှုများ ကို ကိုယ်တိုင်ပြန်လည် မြင်တွေ့ ရပြီး နောက်ဆုံး ဗောဓိသတ္တဘူမိဖြစ်သော ဓမ္မမေဃဘူမိ တွင် သူသည် အမြင့်ဆုံး ဈာနိဗုဒ္ဓ ဖြစ်သော သမန္တဘဒြ ကိုဖူးမြင်ရ ပါတော့သည်။

ထိုသို့ ဖူးမြင်ရရန်အတွက် သုဓန သည် များစွာသော ပုညသမ္ဘာရ ဉာဏသမ္ဘာရ အဆောက်အဦ တို့ ကို ထုထုထည်ထည် တည်ဆောက်ခဲ့ ရပြီးနောက် ပါရမီတရားစုတို့ ၏ ရင့်ကျက်ပြည့်စုံခြင်း အဆင့်သို့ရောက်သောအခါတွင် သုဓနသည်
အနန္တအာကာသဟင်းလင်းပြင်ပမာ အကန့်အသတ်အပိတ်အဆို့ မရှိသော ကိလေသာမှလွတ်မြောက်ပြီးသည့် စိတ်၏ သန့်စင်ငြိမ်သက်မှု ကို မျက်မှောက်ပြုခဲ့ရ၏။ ဓမ္မခရီး၏ မင်္ဂလာနိမိတ် (၁၀) နှင့် အလင်းရောင် (၁၀) ပါး တို့မြင်တွေ့ရပြီး နောက်ဆုံးအဆင့်တွင် ဗောဓိသတ္တသုဓန ကိုယ်တိုင် သမန္တဘဒြ ၏ တည်ရှိမှုဘာဝ နှင့် တစ်သားတည်းပေါင်းစည်း လျှက် အနန္တစကြ၀ဠာလောကဓါတ်တစ်ခုလုံး နှင့် သမတာ ဖြစ်သွားကြောင်း ဖေါ်ပြလျှက် ဂန္ဓဗျူဟာသုတ် ကို နိဂုံးချုပ်ထား သည်ကို တွေ့ရ၏။

တရုပ်ပြည်တွင် ဟွာယင်းဂိုဏ်းပေါ်ထွန်းလာပုံ
အစဉ်အလာအားဖြင့် တရုပ်ပြည်တွင် ဟွာယင်းဂိုဏ်း ကို တည်ထောင်ခဲ့သူ ဂိုဏ်းချုပ် ဆရာတော် (၅) ပါး သတ်မှတ်ကြ၏။ ၎င်း ဆရာတော် တို့မှာ အောက်ပါအတိုင်းဖြစ်ကြ၏။

(၁) တုရှန် (အေဒီ ၅၅၇-၆၄၀)
(၂) ချိယန်(အေဒီ ၆၀၂-၆၆၈)
(၃) ဖဆန် (အေဒီ ၆၄၃-၇၁၂)
(၄) ချန်ကွမ်း (အေဒီ ၇၃၈-၈၃၉)
(၅) ဆွန်မိ (အေဒီ ၇၈၀-၈၄၁)

ယင်းတို့ အနက် ဖဆန် ကို သာ ဟွာယင်းဂိုဏ်း ကို ထင်ရှားပေါ်လွင်စွာ တည်ထောင်ခဲ့သူအနေဖြင့် ဆိုနိုင်လေ သည် ။
ဆရာတော် ချန်ကွမ်း၏ လက်ထက်တွင် ဟွာယင်းဂိုဏ်း ဟူသော အမည်နာမနှင့်တကွ ထင်ရှားလာခဲ့လေသည်။ စင်စစ် ဟွာယင်းဂိုဏ်း ကို ဒဿန၀ါဒ ဂိုဏ်းတစ်ခုထက် ဓမ္မဓါတု သဘော ကို ဖွင့်ဆိုရှင်းပြသော အဋ္ဌကထာ ဂိုဏ်းတစ်ခု အဖြစ် ပိုမြင်ရလေသည်။  ဒဿနဆန်ဆန်ဆင်ခြေများထက် အတည်ပြုပြောသော အဆိုဝါဒများနှင့်သာတည်ဆောက်ထား ပြီး အိန္ဒိယဗုဒ္ဓဘာသာ ၏ တက္ကိကအယူအဆများ အပေါ် တရုပ်၏ ရိုးရာ ပညာဉာဏ်ဖြင့် သက်ဝင်ဖွင့်ဆိုထား သော ကြောင့် ဟွာယင်းဒဿန သည် အိန္ဒိယဗုဒ္ဓဘာသာ နှင့်တရုတ်ဗုဒ္ဓဘာသာ နှစ်ရပ် ၏ အမြင့်ဆုံးသော ပေါင်းစည်းမှု အဖြစ် သတ်မှတ် နိုင်ပါသည်။

ဟွာယင်းဂိုဏ်း ကို တည်ထောင်ခဲ့သူ ဆရာတော်တုရှန် ကို ဒဿနပညာရှင်တစ်ဦးထက် မှော်တန်ခိုးရှင် ၀ိဇ္ဇာဓိုရ်တစ်ပါး အဖြစ် ပို အသိအမှတ်ပြုခဲ့ကြ တန်ခိုးဖြင့် ဆေးကုသပေးခြင်းတွင် နာမည်ကြီး သူဖြစ်၏။ တစ်ခါက ဆရာတော် တုရှန် သည် လိတောင်ပေါ်တွင် တပည့်ရဟန်များနှင့်နေထိုင်စဉ် အင်းဆက်ပိုးမွှားများကြောင့် စိုက်ပျိုးရေး ကို လုပ်ရန်ခက်ခဲ နေခဲ့ ရာ တုရှန် က မေတ္တာရပ်ခံသော ကြောင့် အင်းဆက်များ တောင်ပေါ်မှ ထွက်ခွါသွားခဲ့ကြကြောင်း အံ့ချီးဖွယ်ရာ မှတ်တမ်းတင်ထား၏။ ဒေသတစ်ခု သို့ ဆရာတော်တုရှန် ရောက်ရှိလာသော အခါ ထိုဒေသတွင် ကြီးစိုးသောင်းကျန်း နေသော နဂါး တစ်ကောင် ထွက်ခွာသွားကြောင်းဖေါ်ပြထားပြန်၏။

ယုံကြည်သက်ဝင်သူတို့က ဆရာတော် တုရှန် ကို မဉ္စူသိရီ ဗောဓိသတ္တ ၏ ၀င်စားဖော်ဆောင်မှု အနေနှင့် ယုံကြည်ကြ လေသည်။ ဆရာတော်တုရှန်သည် ဆင်းရဲသားပြည်သူ အများနှင့်နီးကပ်စွာနေထိုင်လျှက် အများပြည်သူတို့ ကို ကူညီ စောင်မခဲ့သော သူတော်စင် ပုဂ္ဂိုလ် အဖြစ်ကြည်ညိုလေးစားကြ၏။ ယေရှု ခရစ်တော် ကဲ့သို့ပင် ဆရာတော် တုရှန်သည်  အလှူတစ်ခုတွင် လူအများစားသောက်ရန် အစားအစာများ ကို တန်ခိုးဖြင့်ဖန်ဆင်းပေးခဲ့သည် ဆိုသော ပါးစပ်ရာဇ၀င် များလည်းရှိလေသည်။

ဟွာယင်းဂိုဏ်း ကို အခြေတည်စေခဲ့သော ဆရာတော် ဖဆန် မှာမူ အသက် ၂၈ နှစ်အထိ လူဝတ်ကြောင်ဘ၀ဖြင့် တိုင်ပိုင် တောင်ပေါ် တွင် နေထိုင်ခဲ့သည်။ ဖဆန် သည် ဟွာဟင်း ဒုတိယသာသနာပိုင် ဆရာတော် ချိယန် ထံ တွင် ရဟန်း ပြုခဲ့ သည်။ ဆရာတော် ဖဆန် အတွက် တန် မင်းဆက် ဧကရီဘုရင်မ ၀ူဆီတျန်း က ကျောင်းသစ်တစ်ဆောင် ဆောက်လုပ် လှူဒါန်းခဲ့ ၏။ မှတ်တမ်းများအရ ဆရာတော် ဖဆန်နှင့် ပတ်သက်၍ အံ့ဖွယ်ထူးကဲသော ဖြစ်ရပ်များ ရှိ ခဲ့သည်ဟုဆို၏။ ဥပမာ-သူတရား ဟောနေချိန်တွင် သူ့ နုတ်ခမ်းမှ အလင်းရောင်များထွင်ပေါ်ခြင်း မြေလှုပ်ခြင်း စသည် တို့ ဖြစ်ကြောင်း ၎င်းမှတ်တမ်းများက ဆို၏။ (Chang 1971: 237–8).

ဟွာယင်းဂိုဏ်း၏ ဖြစ်တည်မှု သည် တရုပ်နိုင်ငံ၏ တန်မင်းဆက် သမိုင်းနှင့် များစွာဆက်စပ် နေခဲ့ပြီး နာမည်ကျော် တရုပ် ဧကရီဘုရင်မကြီး ၀ူ (Empress Wu (c. 625–705)) နှင့် များစွာ သက်ဆိုင် နေခဲ့၏။ ၀ူ ဧကရီဘုရင်မ သည် ကွန်ဖြူးရှပ် ၀ါဒီပညာရှင်များ က ပုံဖျက်တိုက်ခိုက်ခံ ခဲ့ရသော တရုပ်နိုင်ငံ၏ တစ်ဦးတည်းသော အမျိုးသမီး ဘုရင်မ ဖြစ်ခဲ့လေသည်။
အဆိုပါ ကာလ က ဗုဒ္ဓဘာသာ သည် ကွန်ဖြူးရှပ်အယူဝါဒ နှင့် ယှဉ်ပြိုင်နေရချိန် ဖြစ်လေသည်။ ၀ူ ဘုရင်မ ၏ မိခင် သည် ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပြီး ဘာသာရေး ကိုင်းရှိုင်းသော ၀ူ ဘုရင်မကြီးသည် ဗုဒ္ဓဘာသာ ကို နိုင်ငံတော်၏ တရားဝင် ဘာသာ အဖြစ် သတ်မှတ်ခဲ့ သူဖြစ်၏။ ၀ူဘုရင်မကြီးသည် ဗုဒ္ဓဘာသာ ကို မိမိ ၏ နိုင်ငံရေးမျှော်မှန်းချက်အတွက် အသုံးချခဲ့ဟန်ရှိ၏။ ရှေးဟောင်း ကွန်ဖြူးရှပ်ဝါဒ ၏ အမြင် အရ အမျိုးသမီး များ ရာဇပလ္လင် ကို စိုးပိုင်မှု ကို ခွင့် မပြု လေသော ကြောင့် ၀ူ ဘုရင်မကြီး သည် ဗုဒ္ဓဓမ္မနယ်ပယ် မှ အမျိုးသမီး များ ရာဇပလ္လင် ကို ဆက်ခံ ပိုင်ခွင့် ကို ရှာ ဖွေခဲ့ ဟန်တူလေသည်။

ဗုဒ္ဓဘာသာ၏ ယေဘုယျသဘောတရားအရ အမျိုးသမီးများ ကို အခွင့်အရေးတန်းတူနီးပါး ပေးခဲ့သည် ဖြစ်သည့်အပြင် မဟာယာနဗုဒ္ဓ ဘာသာ ၏ ဗောဓိသတ္တ အယူအဆ တွင် လောက အကျိုးစီးပွား အတွက် ဗောဓိသတ္တတစ်ပါး သည် အမျိုးသမီး သဏ္ဍာန် အားဖြင့် လောကသို့ဆင်းသက်နိုင်ကြောင်း ဖေါ်ပြသဖြင့် ယင်းအချက် ကို ၀ူ ဘုရင်မ က အသုံးပြုလိုခဲ့ ဟန်ရှိလေသည်။ ထို့ကြောင့် မိမိ ကိုယ်ကို ပွင့်တော်မူမည့် အရိမေတ္တေယျ ဗောဓိသတ္တ အရှင် ၏ ဖေါ်ဆောင်ဝင်စားမှု အနေ ဖြင့် ၀ူ ဘုရင်မကြီး က ယုံကြည်ခဲ့၏။ ထို့အပြင် မိမိ ကိုယ်ကို စကြ၀တေးမင်း အဖြစ် သတ်မှတ်လျှက် လောက အလုံးစုံ ကို အောင်နိုင်အစိုးရမည့် မဟာဧကရီဘုရင်မကြီး အဖြစ် ခံယူခဲ့၏။

သတ္တ၀ါ တို့ မှာ အနှစ်သာရ အားဖြင့် တူညီသော ဗုဒ္ဓ ၏ ဗောဓိဥာဏ် ဓါတ်သဘာဝ ဖြစ်ပြီး ကျား မ ကွဲပြားမှု မှာ အပေါ်ယံ အသွင်အပြင်မျှသာ ဖြစ်ကြောင်း အတည်ပြုသော တထဂတဂဗ္ဘ အယူအဆ ကို လည်း ၀ူ ဘုရင်မကြီးက နှစ်သက် လက်ခံခဲ့လေသည်။ မဟာယာနဗုဒ္ဓဘာသာ သည် မိမိ ၏ ဘုရင်ဖြစ်မှု နှင့် နိုင်ငံရေးအာဏာ ကို ထောက်ခံ အားပေး သော လောက အမြင်တစ်ရပ်အဖြစ် သူက ရှုမြင်ခဲ့လေသည်။ ဆရာတော် ဖဆန် သည် မင်းဧကရီ ၏ ဆရာဂုရု ဖြစ်လာခဲ့ ပြီး ဟွာယင်း ဒဿန ကို နိုင်ငံတော်တည်ဆောက်ရေး၏ အခြေခံ အုတ်မြစ် လောကအမြင် အဖြစ် ၀ူ ဘုရင်မ ကို တင်ပြနိုင်ခဲ့ ၏။ ဆရာတော် ဖဆန် သည် တရားဟောကောင်းသူ ဖြစ် ပြီး ခက်ခဲ နက်နဲသော မဟာယာန ဗုဒ္ဓဘာသာ၏ သဘောတရားရေးရာ များ ကို တရုပ်ယဉ်ကျေးမှု ၏ လက်တွေ့ဆန်သော ဥပမာ များ ဖြင့် ရှင်းပြနိုင်သူ ဖြစ်ပေသည်။

ဟွာယင်း ဒဿန၏ အပြန်အလှန်ထွင်းဖေါက်ရပ်တည်ခြင်း (Interpenetration) သဘော ကို ၀ူဘုရင်မကြီး နားလည် သဘောပေါက်အောင် ရှင်းပြ ရာတွင် ဖယောင်းတိုင် နှင့် ကြည့်မှန်(ကြေးမုံ) များ ကို အသုံးပြုခဲ့၏။ ထွန်းညှိထား သော ဖယောင်းတိုင်မီး ၏ ထက်အောက် ရှေ့နောက် ၀ဲယာ အရပ်မျက်နှာ အဖက်ဖက်တွင် ကြည့်မှန်(ကြေးမုံ) များ ကို နေရာချ ထားလိုက် ခြင်း အားဖြင့် ဖယောင်းတိုင် ၏ ပုံရိပ်များ အပြန်အလှန် ထင်ဟပ် ပုံ ဖြင့် သရုပ်ပြပြီး ဟွာယင်း ဒဿန၏ အပြန်အလှန်ထွင်းဖေါက်ရပ်တည်ခြင်း (Interpenetration) သဘော ကို ရှင်းပြခဲ့ရာတွင် ၀ူ ဘုရင်မကြီး က များစွာ နှစ်ခြိုက်ခဲ့၏။

ဆရာတော် ဖဆန် ၏ ရွှေခြင်္သေ့မင်း ဒေသနာ
ဆရာတော် ဖဆန် ၏ ဟွာယင်းဒဿနကျမ်းများ အနက် ထင်ရှားသော ကျမ်းတစ်ဆူ မှာ ရွှေခြင်္သေ့မင်း ကျမ်း (Treatise on the Golden Lion) ဖြစ်၏။ ဤ ကျမ်းစာငယ်လေး ၀ယ် ဗုဒ္ဓဓမ္မ၏ အခြေခံသဘောတရားများ ဖြစ်သော လောကီ နှင့် လောကုတ္တရာ သင်္ခတ နှင့် အသင်္ခတ ပညတ်ဓမ္မ နှင့် ပရမတ်ဓမ္မတို့ ၏ အပြန်အလှန်ထွင်းဖေါက်ရပ်တည်ခြင်း သဘာဝ (Interpenetration) ကို ရှင်းပြခဲ့သော ကျမ်းငယ်လေးတစ်ဆူဖြစ်သည်။ ဆရာတော် ဖဆန်သည် ဥပမာ အလင်္ကာ အနေဖြင့် နန်းတော်ဆောင် ရှေ့ မှ ရွှေခြင်္သေ့မင်း ရုပ်တု ကို ဥပမာ ထား ရှင်း ပြခဲ့ပါသည်။

ဆရာတော်ဖဆန် ၏ အလိုအရ ဓမ္မဓါတု ကို သရုပ်ခွဲ ကြည့် ရာ တွင် ပညတ်ဓမ္မ နှင့် ပရမတ်ဓမ္မ ဟူ၍ (၂)မျိုးခွဲခြားနိုင် သည်။ တစ်နည်းအား ဖြင့် ပညတ် သည် ပုံသဏ္ဍာန် ဖြစ်ပြီး ပရမတ်သည် အတွင်းသရုပ်ဖြစ် ၏။ ဤသို့ ပညတ် ပရမတ် ခွဲခြားမှုသည် အစဉ်အလာ ဗုဒ္ဓအဘိဓမ္မာဂိုဏ်းများ တွင်ရှိသလို ရှေးဟောင်း တောက်ဝါဒ အယူအဆတွင်လည်း အလားတူ ရှိနေခဲ့ ပါသည်။ တရုတ်ဘာသာစကား အားဖြင့် ပညတ်-ပုံသဏ္ဍာန် ကို ရှိ(Shih) ပရမတ်-အတွင်းသရုပ် ကို လိ (Li) ဟု သတ်မှတ်ထားကြသည်။

ဆရာတော်ဖဆန် က နန်းတော်ဆောင် ရှေ့ မှ ရွှေခြင်္သေ့မင်း ရုပ်တု ကို ဥပမာပေး ရှုမြင်ရာတွင် ခြင်္သေ့ဟူသော အသွင် သည် (ရှိ) ဖြစ်ပြီး ရွှေသားသတ္တု သည် (လိ) ဖြစ်သည်ဟု ဆိုနိုင် ကြောင်းစတင်ဖေါ်ပြသည်။ ယင်းသို့ ခွဲခြမ်းစိတ်ဖြာမှုမှာ
အတွင်းသရုပ် (လိ) နှင့် အပြင်ပုံသဏ္ဍာန် (ရှိ) တို့ သည် အစဉ်အလာ တရုပ်ဒဿနပညာနယ်ပယ် တွင် အရေး ပါသော ဝေါဟာရများ ဖြစ် ကြောင့် တရုပ်ဗုဒ္ဓဘာသာဝင်တို့ အတွက် နားမစိမ်း သော ဝေါဟာရများ ဖြစ်ခဲ့၏။ ထို့ကြောင့် ဆရာတော် ဖဆန် က (လိ) နှင့် (ရှိ) ဆိုင်ရာ အမြင်များ ကို ဟွာယင်းဒဿန ရှင်းပြရန်သုံးခဲ့ခြင်းဖြစ်၏။

ဖဆန်၏ ဟွာယင်းဒဿန အမြင် အရ (လိ) သည် ပရမတ္ထသစ္စာ ဖြစ် ပြီး (ရှိ) သည် သမ္မုတိသစ္စာ ဖြစ်သည်ဟု ဆို၏။
(လိ) သည် (ရှိ) ၏ နောက်ကွယ်တွင် ရပ်တည်နေသော အခြေခံဝတ္တုမဟုတ်သလို (လိ) သည် (ရှိ) ကို ကွန့်မြူးဖန်ဆင်း ပေးသော (ရှိ) မှ သီးခြား ဖြစ်တည် နေသည့် အရာ မဟုတ်ချေ။ (လိ) သည် ဖန်ဆင်းသူ (ရှိ) သည် ဖန်ဆင်းခံ ဟူသော သဘောမျိုး လုံးဝ မဟုတ်ပေ။ (လိ) သည် (ရှိ) အတွင်း၌ စိမ့်ဝင်ပျံနှံ့လျှက် (ရှိ) နှင့် တစ်သားတည်း ဖြစ်နေ သော တရားကိုယ်အနှစ်သာရသဘော ဖြစ်သည်။




ရွှေခြင်္သေ့ရုပ်တု ဥပမာ တွင် ရွှေ သည် (လိ) ဖြစ်ပြီး ခြင်္သေ့အသွင်သဏ္ဍာန် သည် (ရှိ) ဟု ဆိုခဲ့ပြီး ဖြစ်သည်။ရွှေ သည် ခြင်္သေ့ရုပ်တု မှ သီးခြားမရှိသော ကြောင့် ရွှေသည် ပင် ခြင်္သေ့ရုပ်တု ဖြစ်၏။ ရွှေ မပါသော ခြင်္သေ့ရုပ်တု အသွင်သဏ္ဍာန် သက်သက် ဟူ၍လည်း သီးခြားမရှိသောကြောင့် ရွှေခြင်္သေ့ရုပ်တု ဥပမာ တွင် ရွှေ (လိ) နှင့် ခြင်္သေ့ရုပ်တု အသွင်သဏ္ဍာန် (ရှိ) တို့ သည် အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်ရပ်တည်နေကြသည်ဟု ဆိုနိုင်သည်။

ဆရာတော်ဖဆန် ၏ အလိုအရ (လိ)=အတွင်းသရုပ်ဟူသည် အခြားမဟုတ် မာဓျမိကဒဿန က ညွှန်ပြသည့် အရာခပ်သိမ်း၏ အတွင်းအနှစ်သားဆိတ်သုဉ်းသော သုညတသဘာဝ သာ ဖြစ်လေ၏။ ထို့အတူ (ရှိ)=ပြင်ပသဏ္ဍာန် ဟူသည်မှာ သုညတဓမ္မ ၏ ဖေါ်ဆောင်မှုများ ဖြစ်သော အာရုံ (၆) ပါး လောကတရားများ သာ ဖြစ် ကြပါ၏။ ရွှေ သည် မည်သည့် သဏ္ဍာန်ပဲ ဆောင်ယူသည်ဖြစ်စေ ရွှေဖြစ်ခြင်းသဘာဝ ကို မစွန့် သလို လောကခပ်သိမ်း၏ ပညတ် ပရမတ် တရား ဟူသမျှတို့သည်လည်း အတွင်းအနှစ်သားသဘာဝ အနေဖြင့် သုညတ ချည်းသာဖြစ်ကြောင်း ဆိုပါသည်။

ပကတိသဘာဝ သည် ရွှေ သာ ဖြစ်သောကြောင့် ခြင်္သေ့ရုပ်တု ဖြစ်တည်လာချိန်ဝယ် အမှန်စင်စစ် ဖြစ်တည်လာသည် ကား ရွှေ သာလျှင်ဖြစ်ဘိသကဲ့သို့ လောကဓမ္မတရားများ ဖြစ်တည်လာချိန်ဝယ် ၎င်းတို့၏ ပကတိသဘာဝစစ်စစ် ကား သုညတဓမ္မ သာလျှင် ဖြစ်ပေတော့သည်။ လောကဓမ္မတရားများ သည် မိမိတို့၏ အနှစ်သာရဖြစ်သော သုညတာသဘာဝ နှင့် တစ်ခဏမျှပင် မကွဲမကွာပဲ အတူရှိနေကြသည်ဟု ဆိုနိုင်၏။

ရွှေသည် ပုံသဏ္ဍာန် တစ်မျိုးမျိုး ဖြင့်တည်ရှိနေသောကြောင့် ရွှေ ကို ခြင်္သေ့ သဏ္ဍာန်အဖြစ် ပြုပြင်လိုက် လျှင် မူလက ရှိနေသော ရွှေချောင်း ရွှေပြား စသည် ပုံသဏ္ဍာန်များမှ ရွှေ့လျှောပြောင်းလဲသွားသော်လည်း ရွှေ၏ မူလပကတိသဘာဝမှာ ပြောင်းလဲရိုးထုံးစံမရှိဘိ သကဲ့သို့ လောကဓမ္မတရား များ ပြောင်းလဲကြသော်လည်း ၎င်းတို့၏ ပကတိသဘာဝဖြစ် သော သုညတာသဘာဝ မှ အစဉ်မပြောင်းလဲပေ။

ထို့ကြောင့် အဆုံးစွန်သော ပရမတ္ထသစ္စာရှုထောင့်မှဆိုရလျှင် အရာဝတ္တု (လောကဓမ္မတရား) တို့ သည် အမှန်စင်စစ် မွေးဖွားပေါ်ပေါက်ဖြစ်တည်လာခြင်းလဲ မရှိ အမှန်စင်စစ် သေဆုံးပျက်စီးပျောက်ကွယ်သွားခြင်းလဲမရှိပေ။ မွေးဖွား ပေါ်ပေါက်ခြင်း သေဆုံးပျောက်ကွယ်ခြင်း သဘောတို့သည် အသွင်သဏ္ဍာန်သဘော သက်သက်မျှ ဖြစ်ပြီး အနှစ်သာရ အားဖြင့် တစ်စုံတစ်ခု၏အရှိတရား ကို ဆုပ်ကိုင်ပြသမရအပ်သောကြောင့် ပကတိသဘာဝဖြစ် သော သုညတာသဘာဝ ၌ ဖြစ်ခြင်းပျက်ခြင်း လာခြင်းသွားခြင်း တစ်ခုတည်းဖြစ်ခြင်း အများဖြစ်ခြင်း စသော ပညတ္တိတရားများ အမှန်စင်စစ်မရှိပေ။

ဟွာယင်းဒဿနပညာရှင် ဒေါက်တာဖရန်စစ် ကွတ်ခ် (Dr, Francis Cook) ကလည်း ဤ အယူအဆသဘောကို ထောက်ခံ ခဲ့ပါသည်။ ဒေါက်တာဖရန်စစ် ကွတ်ခ် ၏ အမြင်ဝယ် ဟွာယင်း ဒဿနအမြင်ဟူ၍ တသီးတခြား မရှိ ပဲ အမှန်စင်စစ် ဟွာယင်း ဒဿန သည် နာဂဇ္ဖုန၏ မာဓျမိက=သုညတဒဿန အမြင် ကို တရုပ်ယဉ်ကျေးမှု၏ ရိုးရာ သဘာဝအခြေပြု ၀ါဒနှင့် လိုက်လျှောညီထွေဖြစ်အောင် ပေါင်းစပ်ထားခြင်းမျှသာ ဖြစ်ကြောင်းတင်ပြခဲ့လေသည်။ (Cook 1977; 1978)

ဒေါက်တာပေါလ်ဝီလျှံ ၏ အမြင်ကမူဟွာယင်းဒဿနအမြင် သည် နာဂဇ္ဖုန၏ မာဓျမိက=သုညတဒဿန အမြင် သက်သက် မျှမဟုတ် ပဲ ရှေ့တွင်ဖေါ်ပြခဲ့ပြီးသော တထာဂတဂဗ္ဘ=ဗုဒ္ဓသဘာဝ အမြင် မျိုးဖြစ်ကြောင်းဆိုခဲ့၏။ တရုပ် ဗုဒ္ဓဘာသာလောက တွင် အရှင်အဿဃောသ ပြုစုသည်ဟု ယူဆထားခဲ့ကြသည့် မဟာယာနသဒ္ဓေါပ္ပါဒ ကျမ်း= The Awakening of Faith= ၏ သြဇာလွှမ်းမိုးမှု က ကြီးမားသည့်အပြင် အရှင်နာဂဇ္ဇုန ကိုယ်တိုင်က မဟာယာန သဒ္ဓေါပ္ပါဒ ၏ အဖွင့်ဋီကာ ကို ရေးသားခဲ့သည်ဟု အယူရှိကြသောကြောင့် ဤ ဗုဒ္ဓဒဿန အမြင် နှစ်ရပ်မှာ အလွန်နီးစပ် နေသည်ဟု ခံယူကြသည်။ ထို့အပြင် ဆရာတော် ဖဆန် အပေါ်တွင်လည်း မဟာယာနသဒ္ဓေါပ္ပါဒ ကျမ်း ၏ တထာဂတဂဗ္ဘ=ဗုဒ္ဓသဘာဝ အမြင် က လွှမ်းမိုးခဲ့ သောကြောင့် ဖဆန် အတွက် ပရမတ္ထသစ္စာ (လိ=Li) ဟူသည်မှာ မာဓျမိက=သုညတ ဒဿန အမြင်၏ အတ္တကင်းဆိတ်မှုသဘာဝ သက်သက် မဟုတ်ပဲ တစ်လုံးတစ်ဝတည်းသော စိတ်သဘာဝ (ဧကစိတ္တ)= One Mind= ဖြစ်ကြောင်း ဒေါက်တာပေါလ်ဝီလျှံ က တင်ပြခဲ့ ၏။

ထို့ကြောင့် ဟွာယင်းဒဿန သည် အိန္ဒိယ ယောဂါစာရဒဿန နှင့် တထာဂတဂဗ္ဘ=ဗုဒ္ဓသဘာဝ အယူအဆ များ ကဲ့သို့ လှိုင်း နှင့် ပင်လယ် ဥပမာ ကို အသုံးပြု ၍ လောကီ နှင့်လောကုတ္တရာ သင်္ခတ နှင့် အသင်္ခတ အယူအဆများကို တင်ပြ ခဲ့ခြင်းဖြစ်သည်။ တစ်လုံးတစ်ဝတည်းသော စိတ်သဘာဝ (ဧကစိတ္တ)=One Mind သည် ငြိမ်သက်သော ပင်လယ်ပမာ ဖြစ်သလို လောကဓမ္မတရားတို့၏ အသွင်သဏ္ဍာန်များ ဖြစ်ပျက်ပြောင်းလဲမှု သည် လှုပ်ရှားသော လှိုင်းများ ပမာ ဖြစ်လေ သည်။ လှိုင်း နှင့်ပင်လယ်သည် တစ်သားတည်းတစ်ခုတည်း ဖြစ်သကဲ့သို့ လောကဓမ္မတရားတို့သည်လည်း တစ်လုံး တစ်ဝ တည်းသော စိတ်သဘာဝ (ဧကစိတ္တ)=One Mind နှင့် တစ်သားတည်းတစ်ခုတည်း သာ ဖြစ်သည်ဟု ဟွာယင်း ဒဿန ကယူဆကြောင်း ပညာရှင်များက သုံးသပ်ခဲ့ကြပါသည်။ (Cleary 1983: 152). (Gregory 1983b: 36–7).

ဟွာယင်းဒဿနအမြင် ၏ ၀ါဒကထာ (၁၀) ပါး
ဟွာယင်းဒဿနပညာရှင်များ ၏ အလိုအရ ဆိုလျှင် ဟွာယင်းဗုဒ္ဓဒဿနအမြင် သည် ဗုဒ္ဓ၀ါဒသမိုင်း တစ်လျှောက်လုံး၌ အမြင့်မားဆုံး နှင့် အပြီးပြည့်စုံဆုံး ဓမ္မအမြင် ဖြစ်သည်။ မာဓျမိက ယောဂါစာရ နှင် တထာဂတဂဗ္ဘ အမြင်များ သည် မြင်မင်းဧရာကြီးများ ဖြစ်သည်ဟု ဆိုလျှင် ၎င်းတို့ သည် နောက်ဆုံး ဟွာယင်းဗုဒ္ဓဒဿနအမြင် တည်းဟူသော မဟာ ပင်လယ် သမုဒ္ဒရာကြီး အတွင်းသို့ သက်ဆင်းပေါင်းစည်းကြရသည်ဟု ဆိုလေသည်။ ဟွာယင်းဒဿနပညာရှင်များ ၏ အလိုအရ ဗုဒ္ဓဓမ္မ ၏ အဆင့်ဆင့် ပွင့်ကားတိုးတက်ဖြစ်ထွန်းမှု ကို အောက်ပါ အဆင့်များ အတိုင်း ခွဲခြမ်းတင်ပြထား၏။

(၁) အတ္တ နှင့် ဓမ္မ ၏ အရှိတရား ကို လက်ခံသော ၀ါဒကထာ (ဗုဒ္ဓဘာသာမဟုတ်သော ဂိုဏ်းများနှင့် ၀ဇ္ဇီပုတ္တကဂိုဏ်း)

(၂) အတိတ်အနာဂတ် ပစ္စုပ္ပန် ကာလ ၃ ပါးစလုံးမှ ဓမ္မတရားတို့၏ အရှိ ကို လက်ခံသော်လည်း အတ္တ ၏ အရှိ ကို လက်မခံသော ၀ါဒအမြင် (သဗ္ဗတ္ထိဝါဒ ဂိုဏ်း)

(၃) ဓမ္မတရား တို့၏ ပြောင်းလဲမှု ရွေ့လျားမှု သဘော ကို လက်မခံ အတိတ်အနာဂတ် ပစ္စုပ္ပန် ကာလ ၃ ပါးစလုံးမှ ဓမ္မတရားတို့၏  အရှိသဘော ကို လက်မခံသော ၀ါဒ အမြင် (မဟာသံဃိက ဂိုဏ်း)

(၄) ပစ္စုပ္ပန် ဓမ္မတရား တို့၏ ရှိ-မရှိ သဘော နှစ်ခုစလုံး လက်ခံ ခန္ဓာ ၅ ပါး၏ စစ်မှန်သော အရှိသဘော ကိုလက်ခံ သော်လည်း အာယတန ၁၂ ပါး နှင့် ဓါတု ၁၈ ပါး ကို သမုတိပညတ် အဖြစ် လက်ခံသော အမြင် (ပညတ္တိဝါဒဂိုဏ်း)

(၅) လောကီတရား များ အားလုံး အမှန်တကယ် မရှိသော အမှားတရားများ ဖြစ်ကြပြီး လောကုတ္တရာ ပရမတ္ထသစ္စာ တရားများ သည်သာ အစစ်အမှန်ဖြစ်သည်ဟုဆိုသော ၀ါဒအမြင် (လောကုတ္တရာဝါဒ)

(၆) လောကီလောကုတ္တရာဓမ္မတရား ဟူသမျှအစစ်အမှန် မရှိပဲ နာမပညတ်များ သက်သက်သာ ဖြစ်သည်ဟူသော ၀ါဒအမြင် (ဧကုတ္တိယ ဂိုဏ်း)

(၇) လောကီလောကုတ္တရာဓမ္မတရား ဟူသမျှ မိမိတို့၏ ကိုယ်ပိုင်ဂုဏ်သတ္တိ ဖြင့် ရပ်တည်နိုင်စွမ်းရှိပဲ မိမိကိုယ်ပိုင် အမှတ်သရုပ်လက္ခဏာများမှ ကင်းဆိတ် သည်ဟူသော ၀ါဒအမြင် (သုညတ၀ါဒ-မာဓျမိကဂိုဏ်း)

(၈) ပကတိအစစ်အမှန်ပရမတ္ထတရား သည် သုညတာ သက်သက်မဟုတ်ပဲ အကန့်အသတ်မဲ့သော အနန္တဂုဏ်ရည်များ စုဝေးကိန်းဝပ်တည်ရှိရာ ထထာတာ=တထာဂတ ဂဗ္ဘ ဖြစ်သည် ဟူသော ၀ါဒအမြင် (တိယင်တိုင်း=တင်းဒိုင်း ဂိုဏ်း)

(၉) ဗဟိဒ္ဓ နှင့် အဇ္ဈတ္ထ သိသူ နှင့် အသိခံ ဟူသော ဆန့်ကျင်ဘက် ဒွန္န တရားများ အလုံးစုံ ပေါင်းစည်းချုပ်ငြိမ်း သော အခြေအနေ သည် တက္ကကို ကျော်လွန်နေသော အတက္ကာဝစာရ သဘောဖြစ်သည် ဟူသော အမြင် (ချန်=ဇင် ဂိုဏ်း)

(၁၀) ထက်ဝန်းကျင်တောက်ပထွန်းလင်း ပြီးပြည့်စုံသော သမန္တ ပရိပုဏ္ဏ ဒဿန အမြင် (ဟွာယင်း ဂိုဏ်း)

ဟွာယင်းဒဿနအမြင် ၏ စကြာဝဠာ အမြင် (၄) မျိုး
ဟွာယင်းဒဿနအမြင်သည် ပြီးပြည့်စုံသော တက္ကိကအမြင်တစ်ရပ်ဖြစ်သည့် အားလျှော်စွာ အရာရာ ကို သိမ်းရုံးယူငင် လျှက် ဖွဲ့စည်းထားသော အတွေးအမြင်စနစ်တစ်ရပ်ဖြစ်၏။ အရှိဓမ္မတရား နယ်ပယ်တစ်ခုလုံး ကို လောကအလွှာ (Realm) လေးခု ခွဲကာ ရှင်းပြခဲ့ပါ၏။

(၁) အာရုံသိဖြင့် သိနိုင်သော သီးခြား သဘောဆောင်သော အရာဝတ္တု အဖြစ်အပျက်များ တည်ရှိသော လောက=
ဤ လောကအလွှာသည် (ရှိ) တရားများ ၏ လောကအလွှာ ဖြစ်သည်။ သီးခြား သဘောဆောင်သော သော လူ သစ်ပင် ကျောက်တုံး တော တောင်ရေမြေ သဘာဝလောက ၏ သမ္မုတိ-အစုအရှိတရားများ အားလုံး ပါဝင်သည့် အလွှာဖြစ်သည်။

(၂) နိယာမ ဥပဒေသများ တည်ရှိသော လောက=
ဤ လောကအလွှာသည် (လိ) သဘောဓမ္မ တရားများ ၏ လောကအလွှာ ဖြစ်သည်။ သီးခြား သဘောဆောင်သော သော သမ္မုတိ-အစုအရှိတရားများ သည် သက်ဝင်လှုပ်ရှားရာတွင် မိမိ တို့၏ သက်ဆိုင်ရာ နိယာမဥပဒေသများ (လိ) ၏ ဦးဆောင်ထိန်းချုပ်မှုအတိုင်း သက်ဝင်လှုပ်ရှား ရသည်။ သြကာသလောက တွင် ဥတုနိယာမ သတ္တလောကတွင် ဗီဇနိယာမ စိတ္တနိယာမ သင်္ခါရလောကတွင် ကမ္မနိယာမ ဓမ္မနိယာမ စသဖြင့် နိယာမ အသီးသီးဖြင့် ဆက်သွယ်ထိန်း ကျောင်းနေပေသည်။ ၎င်းနိယာမတရား တို့ အချင်းချင်းလည်း အပြန်အလှန်ဆက်စပ်တည်ရှိနေ သည့် လောကအလွှာ ဖြစ်သည်။ နိယာမတရားတို့ အနက် အနက်ရှိုင်းဆုံး နှင့် အလွှမ်းခြုံ အသိမ်းအုပ်နိုင်ဆုံးသော ဓမ္မတရားမှာ သုညတာ (အနတ္တ) တရား သာလျှင်ဖြစ်၏။

(၃) သီးခြား သဘောဆောင်သော အရာဝတ္တု အဖြစ်အပျက်များ နှင့် နိယာမ ဥပဒေသများ အပြန်အလှန် စိမ့်ဝင် ထွင်းဖေါက် တည်ရှိသော လောက
ဤ လောကအလွှာသည် တရုပ်ဘာသာစကားဖြင့် (ရှိ-လိ-၀ု-အိုက် = shih-li-wu-ai) ဟုခေါ်သည်။ သီးခြားဝိသေသအရာများ နှင့် ၎င်းတို့၏ နိယာမတရာများမှာ ခွဲမရအောင် တွဲစပ်စိမ့်ဝင်ပေါင်းစည်းနေကြ၏

(၄) အာရုံသိဖြင့် သိနိုင်သော အရာဝတ္တု အဖြစ်အပျက်များ သီးခြားသဘော မဆောင်တော့ပဲ အရာခပ်သိမ်း အပြန်အလှန် စိမ့်ဝင်ထွင်းဖေါက် တည်ရှိသော လောက
ဤ လောကအလွှာသည် တရုပ်ဘာသာစကားဖြင့် (ရှိ-ရှိ-၀ု-အိုက် = shih-shih-wu-ai) ဟုခေါ်သည်။ရှိရှိသမျှ အရာ ခပ်သိမ်း အပိုင်းအခြား အတားအဆီး အဆို့အပိတ်မရှိပဲ  အရာခပ်သိမ်း အပြန်အလှန် စိမ့်ဝင်ထွင်းဖေါက် တည်ရှိသော လောက ဖြစ်သည်။ ဗုဒ္ဓ နှင့် အဆင့်မြင့်ဗောဓိသတ္တတို့ မြင်တွေ့ရသော လောကအလွှာ ဖြစ်၏။



ဟွာယင်းဒဿနအမြင် ၏ အနက်နဲဆုံး ဂမ္ဘီရဓမ္မ အမြင် (၁၀) ပါး
(၁) အရာခပ်သိမ်း၏ အပြန်အလှန်ထောက်မှီဆက်သွယ်မှု ဂမ္ဘီရဓမ္မ အမြင်
လောက ရှိ အတွင်း အပြင် အကြမ်း အနု အယုတ်အလတ် အမြတ် အကောင်း အဆိုး တရား မှန်သမျှသည် မိမိ ဘာသာသီးခြားမရပ်တည်နိုင်ချေ။ အတိတ် အနာဂတ် ပစ္စုပ္ပန် စသော ကာလ ၏ အဓွန့်တရား (၃) ပါး တို့သည်လည်း တစ်ခု မရှိလျှင် ကျန် နှစ်ခုမှာ အဓိပ္ပါယ်မရှိချေ။ အရာခပ်သိမ်း တစ်ခုနှင့်တစ်ခု အပြန်အလှန်ထောက်မှီဆက်သွယ် လျှက်ရပ်တည်နေကြပုံ ကို မြင်သော တရားနက် ဂမ္ဘီရဓမ္မ အမြင် ဖြစ်သည်။

(၂) အရာခပ်သိမ်း၏ ပကတိလွတ်လပ်ခြင်းသဘာဝ ဂမ္ဘီရဓမ္မ အမြင်
အရာခပ်သိမ်း သည် ပကတိသဘာဝ အရ လွတ်လပ်ခြင်း ကို ဖေါ်ဆောင်နေကြသည်။ အရာအားလုံး ကို ထိန်းချုပ်နေသော ဓမ္မနိယာမတရား ဟူသည် အရာရာ နှင့်တစ်သီးတစ်ခြား ရှိနေသော အရာဝတ္တုမဟုတ်ပဲ အရပ်ခပ်သိမ်း၏ သက်ဝင်လှုပ်ရှား ရှင်သန်မှု ဖြစ်စဉ်နှင့် တစ်သားတည်း ပေါင်းစည်းနေသော သဘောဖြစ်သည်။ ဓမ္မနိယာမတရားအလိုအရ အရာခပ်သိမ်းဖြစ်ပျက်ကြသည်ဟူ၍ ဆိုရာတွင် အရာခပ်သိမ်း သည် ပကတိလွတ်လပ်စွာ ဖြစ်ပျက်ပြောင်းလဲနေကြသည်ဟု ဆိုလိုရင်း ဖြစ်သည်။ ဤသို့ အရာခပ်သိမ်း၏ ပကတိလွတ်လပ်ခြင်းသဘာဝ ကို ထိုးထွင်းသိမြင်သော တရားနက် ဂမ္ဘီရဓမ္မ အမြင် ကို ဆိုလိုပါသည်။

(၃) အရာခပ်သိမ်း၏ အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်တည်ရှိခြင်း ဂမ္ဘီရဓမ္မ အမြင်
ဟွာယင်းဒဿန ၏ သော့ချက်အယူအဆ သည် အတားအဆီးမဲ့ခြင်းသဘော (Non-Obstruction) ဖြစ်သည်။ အရပ်ခပ်သိမ်း သည် အချင်းချင်း အပြန်အလှန် စွဲမှီဖြစ်ပွားရသော ကြောင်းကျိုးဆက်နွယ်တရားများ ဖြစ်သောကြောင့် ၎င်းတို့သည် တစ်ပြိုင်နက် အပြန်အလှန် ထောက်တည်ဖြစ်ပေါ်စေခြင်း (Simultaneous Mutual Arising/ t'ung-shih chii-ch'i ) ကို ဖေါ်ဆောင်နေသလို တစ်ခု၏ ရှိခြင်းသဘောသည် အခြားတစ်ခု ၏ အရှိ ကို မငြင်းပယ်သောကြောင့် ၎င်းတို့သည် တစ်ပြိုင်နက် အပြန်အလှန် အတားအဆီးမဲ့ခြင်းသဘော  (Simultaneous Mutual Non-Obstruction/ t'ung-shih wu-ai) ကိုလည်း ဖေါ်ပြနေပါသည်။

ဥပမာ- နှင်းဆီပန်းတစ်ပွင့် ကို ပန်းရောင်းသူ က ကုန်ပစ္စည်း အဖြစ်မြင်သလို ပန်းချီဆရာကလည်း အနုပညာဖန်တီးရန် ၀တ္တု အဖြစ်မြင်သည်။ ရုက္ခဗေဒပညာရှင် အတွက်မူ သိပ္ပံဆိုင်ရာလေ့လာ မှု အတွက် နမူနာ အဖြစ် မြင်ပေလိမ့်မည်။ ပျား တစ်ကောင်အတွက် မူ အစာ အာဟာရ အနေ ဖြင့် တွေ့ရပေလိမ့်မည်။ ဤ နှင်းဆီပန်း ဟု ပညတ်နိုင်သော အရှိတရား တွင် လောက အမျိုးမျိုး တစ်ပြိုင်နက် ရှိနေကြသည်။ နှင်းဆီပန်း သည် တစ်ပြိုင်နက်တည်း ကုန်ပစ္စည်း အနုပညာဝတ္တု သိပ္ပံဆိုင်ရာလေ့လာ မှု အတွက် နမူနာ အစားအစာ စသည့် သဘောများ ဖြစ်နေပါသည်။ ၎င်းတို့ သည် တစ်ခုအရှိ ကို တစ်ခု မငြင်းပယ်သည့်အပြင် အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်တည်ရှိနေကြ ပုံ ကို ထိုးထွင်းသိမြင်သော တရားနက် ဂမ္ဘီရဓမ္မ အမြင် ကို ဆိုလိုပါသည်။

(၄) အရာခပ်သိမ်း၏ အပြန်အလှန် ထပ်တူဖြစ်ခြင်း ဂမ္ဘီရဓမ္မ အမြင်
ဟွာယင်းဒဿန သည် မာဓျမိက ဂိုဏ်း၏ သဗ္ဗဓမ္မသုညတာ အမြင် ကို ခံယူသောကြောင့် အရာဝတ္တုတို့၏ ပကတိ ယတိပြတ်ခြားနားခြင်း သဘောကို ငြင်းပယ်ပါသည်။ ပညာပါရမိတာ-ဟဒယ သုတ် မှ (( ရုပ် သည် သုညတာ ဖြစ်၏ သုညတာ သည်လည်း ရုပ်ဖြစ်၏။ ရုပ် သည် သုညတာသဘာဝ မှ တစ်သီးတစ်ခြား မဟုတ်။ သုညတာသဘာဝ သည်လည်း ရုပ်မှ တစ်သီးတစ်ခြား မဟုတ်။ )) ဟူသော အဆိုအမိန့် ကိုလည်း ထင်ဟပ်နေပါသည်။

(၁) မာဓျမိက ၏ သုညတာ သည် တစ်စုံတစ်ခု ၏ တစ်နေရာရာတွင် မရှိခြင်း ကို ဆိုလိုသည်မဟုတ်= ဥပမာ ဤအခန်းထဲတွင် မောင်ဖြူ မရှိ ဟုဆိုရာတွင် မောင်ဖြူသည် ဤအခန်းထဲတွင် မရှိသော လည်း အခြား တစ်နေရာတွင် ရှိနေနိုင်ပေသေး၏။

(၂) မာဓျမိက ၏ သုညတာ သည် တစ်စုံတစ်ခု ၏ အဖြစ်သဘော ရပ်စဲချုပ်ငြိမ်းသွားခြင်း ဆိုလိုသည်မဟုတ်= ဥပမာ အသက်ရှင်သန်ခဲ့သော မောင်ဖြူသေဆုံး၍ မောင်ဖြူ အဖြစ်သဘော ရပ်စဲချုပ်ငြိမ်းသွားခြင်းကို ဆိုရာတွင် မောင်ဖြူသည် သေပြီးနောက် မရှိ တော့ပြီဖြစ်သော်လည်း မသေခင် ကတော့ မောင်ဖြူအနေနဲ့ ရှိနေနိုင်ပေသေး၏။

ထို့ကြောင့် သုညတာ ဟူသည် မောင်ဖြူ ဤနေရာတွင်မရှိခြင်း (Absence) ကိုဆိုလိုသည်မဟုတ်သကဲ့သို့ မောင်ဖြူ အဖြစ်မှ ပျက်စီးချုပ်ငြိမ်းသွားခြင်း (Annihilation) လည်းမဟုတ်ပေ။ ဤအချိန် ဤနေရာတွင် မောင်ဖြူအသက် ရှင်သန် နေလျှက်အချိန်မှာ ပင် မောင်ဖြူသည် ကိုယ်ပိုင်ဂုဏ်သတ္တိ ကိုယ်ပိုင်ဖြစ်တည်မှုအနှစ်သား ဆိတ်သုဉ်းနေသော အရှိယောင် မောင်ဖြူ သာ ဖြစ်သည်ဟု ဆိုလိုသည်။ ထို့ကြောင့် အရှိယောင် မောင်ဖြူ နှင့် မောင်ဖြူ၏ သုညတာသဘော တို့သည် တစ်ခုကို တစ်ခု အပြန်အလှန် ငြင်းဆန်ဖယ်ထုတ်နေသော အရာများမဟုတ်ပဲ ဆန့်ကျင်ဖက်အသွင်ရှိသော်လည်း အပြန်အလှန်ထပ်တူဖြစ်နေ သော ဓမ္မတရားများ ဖြစ်ကြပါ၏။

လောကရှိ ဆန့်ကျင်ဖက်အသွင်ရှိသော်လည်း အပြန်အလှန်ထပ်တူဖြစ်နေ သော အရာ များစွာ ရှိကြောင်း ကို အောက်ပါ အချက်များ က ဖေါ်ပြနေပါသည်။

(၁) အရာခပ်သိမ်း သည် ခဏတ္တယ တစ်ခုစာမျှပင် တည်မနေပဲ တစ်ဖွဲဖွဲတစ်သဲသဲ ပျက်စီးရွေ့လျောနေ ၏။ ဤကဲ့သို့ မတည်ယိမ်းယိုင်ဖေါက်ပြန်ပြောင်းလဲနေခြင်း က ၎င်းတို့တွင် ကိုယ်ပိုင်သဘာဝအတွင်းအနှစ်သားအမာထည် မရှိမှုကို ပြနေခြင်းပင်ဖြစ်၏။ ဥပမာ-နေ့ သည်လည်း ည ဆီသို့ ဦးတည်ပြောင်းလဲနေ နုပျိုခြင်း( ခွန်အား အလှအပ နှင့် ကျန်းမာမှု) တို့ သည် အိုမင်းခြင်း (အားယုတ်ခြင်း အကျည်းတန်ခြင်း နှင့် အနာရောဂါ )  ဆီသို့ ဦးတည်ပြောင်းလဲနေ သည် ကို ကြည့် ပါ။ ပြောင်းလဲခြင်း သစ္စာတရား ၏ ရှုထောင့်မှကြည့်လျှင် နေ့သည်လည်း ည ဖြစ်သလို ညသည်လည်း နေ့ဖြစ် သည် ဟုဆိုနိုင်သည်။ ဒီနေ့သည်လည်းမနက်ဖြန် ဖြစ်သလို မနက်ဖြန်သည်လည်း ဒီနေ့ဖြစ်သည်။ နုပျိုခြင်း သည် လည်း အိုမင်းခြင်း ဖြစ်သလို အိုမင်းခြင်း သည်လည်း နုပျိုခြင်းဖြစ်သည် ဟုဆိုရပေမည်။

(၂) အရာခပ်သိမ်းသည် မိမိဘာသာ လျှောက်လျားဘာသာ ဖြစ်ပေါ်နိုင်ခြင်းမရှိပဲ အကြောင်းအခြေခံအထောက်အပံ့တရား တို့ ကို အမှီပြု၍ ဖြစ်ပေါ်ရိုးသာရှိ နေခြင်း က ၎င်းတို့တွင် ကိုယ်ပိုင်သဘာဝအတွင်းအနှစ်သားအမာထည် မရှိမှုကို ပြနေ ပေသည်။ ထိုသို့ အတ္တဒြပ်သားအမာခံ မရှိသော အရာများသည် စင်စစ် ပကတိကွဲပြားခြားနားသော အရာများ မဟုတ်ကြ ပေ။ ထိုသို့ ပကတိကွဲပြားခြားနားမှုမရှိသောအရာများ သည် တရားကိုယ်အားဖြင့် သုညတာဓမ္မချည်းသာ ဖြစ်သော ကြောင့် ထိုသဘောတရားအမှန် ကို ထိုးထွင်းသိမြင်သော ဉာဏ် ကို အရာခပ်သိမ်း၏ အပြန်အလှန် ထပ်တူဖြစ်ခြင်း ဂမ္ဘီရဓမ္မ အမြင် ဟု ဆိုလိုပါသည်။

(၅) အရာခပ်သိမ်း၏ အပြန်အလှန် ဖြည့်စွက်ပံ့ပိုးမှု ဂမ္ဘီရဓမ္မ အမြင်
အထက်တွင် ပြဆိုခဲ့သည့်အတိုင်း အရာခပ်သိမ်းသည် (၁) ဖေါက်ပြန်ပြောင်းလဲ မတည်မြဲ (၂) အတ္တ အမာခံအတွင်းသား မရှိ (၃) အကြောင်းတရားအထောက်အပံ့တို့ကိုမှီခိုနေကြ ==ဟူသော လက္ခဏာများ ရှိသောကြောင့် ၎င်း တို့သည် ထီးတည်း မရပ်တည်နိုင်ကြပေ။ တစ်ခု ကို တစ်ခု အပြန်အလှန် ဖြည့်စွက်ပံ့ပိုးမှု အား ဖြစ့်သာ တည်နေနိုင်ကြ လေသည်။ လောက ဥပမာ တစ်ခု ဖြင့် ပြဆိုရလျှင် သစ်တော နှင့် မြေဆီလွှာ တို့၏ အပြန်အလှန် ဖြည့်စွက်ပံ့ပိုးမှု ကို အာရုံယူ ကြည့် ပါ။ မြေဆီလွှာမရှိ လျှင် သစ်တောများ မပေါက်နိုင်သလို သစ်တောများ မရှိပါလျှင်လည်း ရေတိုက်စားလေတိုက်စား မှု ကြောင့် မြေဆီလွှာပြုန်းတီး၍ သဲကန္တာရ ဖြစ်သွားနိုင်ပေသည်။ ဤသို့လျှင် ရှိရှိသမျှသော အရာဝတ္တုတို့ တစ်ခု ကို တစ်ခု ထောက်ပံ့အားပြု တည်နေကြပုံ ကို သိမြင်သော ဉာဏ် ကို အရာခပ်သိမ်း၏ အပြန်အလှန် ဖြည့်စွက်ပံ့ပိုးမှု ဂမ္ဘီရဓမ္မ အမြင် ဟု ဆိုလိုခြင်း ဖြစ်ပါ၏။

(၆) အရာခပ်သိမ်း၏ အပြန်အလှန်တည်ထောင်ဖန်ဆင်းမှု ဂမ္ဘီရဓမ္မ အမြင်
လောကဓမ္မတရားများသည် ဖန်ဆင်းရှင်ကဲ့သို့ မူလတည်ထောင်ဖန်ဆင်းသူ မရှိပဲ အချင်းချင်း အပြန်အလှန်ထောက်တည် ဖန်ဆင်းကြရသည်။ ပထ၀ီ အာပေါ တေဇော ၀ါယော အာကာသ တည်းဟူသော မဟာဘူတဓါတ်ကြီး (၅) သည် လည်း မူလတည်ထောင်ဖန်ဆင်းသူ မရှိပဲ အချင်းချင်း အပြန်အလှန်ထောက်တည် ဖန်ဆင်းကြရသည်။ အာပေါ တေဇော ၀ါယော အာကာသ တို့၏ အထောက်အကူမရပဲ ပထ၀ီ သည် မိမိ၏ ခက်မာခြင်း ထိုးဖေါက်မရခြင်း သဘာဝ ကို မဆောင်ယူ နိုင်ချေ။ ကျန် မဟာဘူတများလည်း ထိုနည်းတူဖြစ်သည်။ စိတ် နှင့် စေတသိကတရား တို့မှာလည်း ထိုနည်းတူ ဖြစ်၏။ လောက (၃) ပါးတရားစုတို့လည်း ထိုနည်းတူပင် ဖြစ်ကြ၏။

(၇) အရာခပ်သိမ်း၏ အပြန်အလှန်ရောင်ပြန်ဟပ်ဖေါ်ဆောင်မှုဂမ္ဘီရဓမ္မ အမြင်
ဟွာယင်းဒဿနအမြင် ၏ အထင်ရှားဆုံးသေ ရူပက အလင်္ကာ နိမိတ်ပုံ မှာ အိန္ဒြဒေ၀ နတ်မင်း၏ “ကျောက်မျက် ရတနာ ကွန်ယက်” (The Jewel Net of Indra) ပင်ဖြစ်၏။ အိန္ဒြဒေ၀ နတ်မင်း၏ တစ်ဖျတ်ဖျတ် တစ်လက်လက် တောက်ပ နေသော ကျောက်မျက်ရတနာများဖြင့် စီချယ်ပြုလုပ်ထားသည့် “ကျောက်မျက်ရတနာကွန်ယက်”ပေါ်မှ ရတနာများ သည် တစ်ပွင့် ကို တစ်ပွင့် အရောင်ဟပ်နေသည်။ တစ်ပွင့် ကို တစ်ပွင့် အရိပ်ထင်စေလျှက် ပိုမိုဝင်းလက် တောက်ပစေသည်။ တစ်ပွင့်၏ အလှပသာဒ နှင့် ရောင်ခြည်သည် အခြားသော ရတနာပွင့်များ အတွင်းသို့ စိမ့်ဝင်ထွင်းဖေါက်လျှက်တည်နေ သလို အလုံးစုံသော ရတနာ အစုစုတို့၏ အလှပသာဒ နှင့် ရောင်ခြည်သည် လည်း တစ်ပွင့်တည်းသော ကျောက်မျက် ရတနာ အတွင်းသို့ စိမ့်ဝင်ထွင်းဖေါက်လျှက် တည်နေပေသည်။ ထိုနည်းတူစွာ ဓမ္မတရားတစ်ခု ၏ အရိပ် နှင့် လွှမ်းမိုး သက်ရောက်မှုသည် အလုံးစုံသော ဓမ္မတရားအစုစုတို့၏ အတွင်းသို့ စိမ့်ဝင်ထွင်းဖေါက်လျှက် တည်နေ သလို အလုံးစုံသော ဓမ္မတရားအစုစုတို့၏ အရိပ် နှင့် လွှမ်းမိုးသက်ရောက်မှုသည်လည်း တစ်ခုတည်းသော ဓမ္မတရား ၏ အတွင်းသို့ စိမ့်ဝင်ထွင်းဖေါက်လျှက် တည်နေပုံ ကို မြင်သော အမြင် ကို အရာခပ်သိမ်း၏ အပြန်အလှန်ရောင်ပြန်ဟပ်                                            ဖေါ်ဆောင်မှုဂမ္ဘီရဓမ္မ အမြင်ဟု ဆို၏။

(၈) အရာခပ်သိမ်း၏ အပြန်အလှန် ထွန်းလင်းပြခြင်း ဂမ္ဘီရဓမ္မ အမြင်
ဟွာယင်းဒဿနအမြင် ၏ အလိုအရ အရှိဓမ္မ ကို ပညတ်-သမ္မုတိနယ်ပယ် နှင့် ပရမတ္ထ နယ်ပယ် နှစ်ခု အဖြစ် ခွဲခြားထားပုံ ကို ဖေါ်ပြခဲ့ပြီး ဖြစ်၏။ ၎င်းတို့ ကို (ရှိ) နှင့် (လိ) ဟု တရုပ်ဒဿန ဝေါဟာရ အားဖြင့် ဖလှယ်သုံးစွဲခဲ့ပုံကိုလည်း တင်ပြခဲ့ ပြီးဖြစ်၏။ အရာခပ်သိမ်းဟု ဆိုလျှင် (ရှိ) နျင့် (လိ) တရား တို့မှ အပ မရှိနိုင်ပေ။ (ရှိ) သည် သီးခြားတည်ရှိ ယောင်ရှိသော ဓမ္မတရားများ အဖြစ်နှင့် (လိ) ၏ အတွင်းအနှစ်သာရ အမှန်သဘော ကို ထွန်းလင်းပြနေ၏။ ထို့အတူ (လိ) သည်လည်း ယေဘုယျနိယာမသဘောတရား အနေနှင့် (ရှိ) ဟူသမျှတို့ တွင် သက်ဝင်ကိန်းဝပ်တည်ရှိလျှက် (ရှိ)တို့၏ တစ်ခုချင်းစီ သီးခြားဖြစ်တည်မှုသဘော ကို ထွန်းလင်းပြနေ ပါသည်။

(၉) ဆယ်ပါး သော အဓွန့်ကာလ တို့ ပေါင်းစည်းနေမှု ဂမ္ဘီရဓမ္မ အမြင်
သမ္မုတိသစ္စာ ၏ နယ်ပယ် တွင် ကာလအဓွန့် ကို ၃ ပါး ခွဲထားသည်။ ဖြစ်ပြီးခဲ့သည့်ကာလ ကို အတိတ် ဖြစ်ဆဲကာလကို ပစ္စုပ္ပန် ဖြစ်လတ္တံ့ ကာလ ကို အနာဂတ် ဟု သတ်မှတ်ထား ပါသည်။ အဆိုပါပညတ်သဘော တို့သည် မိမိတို့ အတွင်း​၌ ကျန် ကာလအဓွန့် ပညတ်များ ကိုပါ ပါဝင်ဖွဲ့စည်းထားပါသည်။ အတိတ် သည် ပစ္စုပ္ပန်အတွက် အတိတ်သဘော ဆောင် သလို မိမိ အတွက် တော့ ပစ္စုပ္ပန် ပဲ ဖြစ်သည်။ မိမိ ထက်ပို ရှေ့ကျခဲ့သော ကာလအတွက်ဆိုလျှင် အတိတ် သည် အနာဂတ် ပညတ် သဖွယ် ဖြစ်သည်။ ထို့ကြောင့် အတိတ် ထဲတွင် အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူသော ကာလ ၃ ပါး စလုံး ရှိနေသည်။ ထိုနည်းတူ ပစ္စုပ္ပန် တွင်လည်း အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူသော ကာလ ၃ ပါး စလုံး ရှိနေသည်။ အနာဂတ် တွင်လည်း အတိတ် ပစ္စုပ္ပန် အနာဂတ် ဟူသော ကာလ ၃ ပါး စလုံး ရှိနေသည်။ ထို့ကြောင့် ကာလအဓွန့် ၉ ပါး ဖြစ်သည်။ ယင်း ကာလ ၉ ပါး ကို ပေါင်းစည်း၍ တစ်ခုတည်းသော ကာလ ပမာဏ အဖြစ် ပညတ်လိုက်သော အခါတွင် ဆယ်ပါး သော အဓွန့်ကာလ တို့ဖြစ်လာပါသည်။ ထို ဆယ်ပါး သော အဓွန့်ကာလ တရားတို့ သည် တစ်ခု နှင့် တစ်ခု ခွဲထုတ်မရအောင် ပေါင်းစည်းစပ်တွဲ နေမှု ကို သိမြင်ခြင်း ကို ဆယ်ပါး သော အဓွန့်ကာလ တို့ ပေါင်းစည်းနေမှု ဂမ္ဘီရဓမ္မ အမြင် ဟု ဆို ပါသည်။

(၁၀) အရာခပ်သိမ်း၏ အပြန်အလှန် ဦးဆောင်ပဲ့ကိုင်မှု ဂမ္ဘီရဓမ္မ အမြင်
ဤသဘောတရားသည် ပါဠိပိဋကတ်ရှိ အဘိဓမ္မာ လာ အဓိပတိပစ္စည်း နှင့် အလားတူ၏။ တစ်ခုသော ဓမ္မတရား က အားကြီးစွာဖြင့် ဦးဆောင်ဦးရွက်ပြုရသော အခါဝယ် ကျန် ဓမ္မတရား အလုံးစုံ က ခေါင်းဆောင်ဓမ္မ နောက်သို့ အစူအစဉ်အတိုင်း လိုက်ပါဖြည့်ဆည်းကြရသည့် သဘော ဖြစ်၏။ ခေါင်းဆောင်ဓမ္မ သည် နောက်လိုက်ဓမ္မတို့၏ အထောက်အပံ့ကို ရရှိသလို နောက်လိုက်ဓမ္မတရား တို့ကလည်း ခေါင်းဆောင်ဓမ္မ၏ လွှမ်းမိုးပဲ့ကိုင် ဆွဲဆောင်မှု ကို ရရှိကြပုံ ကို ထိုးထွင်းသိမြင်သည့်အမြင် ကို အရာခပ်သိမ်း၏ အပြန်အလှန် ဦးဆောင်ပဲ့ကိုင်မှု ဂမ္ဘီရဓမ္မ အမြင်ဟုဆို၏။

ဟွာယင်းဒဿနအမြင် တွင် ဓမ္မအားလုံး၏ သဘာဝလက္ခဏာ (၆) ပါး ကို ဖေါ်ပြထား၏။
(၁) ယေဘုယျလက္ခဏာ (လူသားအားလုံး ခန္ဓာ ငါးပါး ရှိကြပုံ ယေဘုယျတူညီ၏)
(၂) ၀ိသေသလက္ခဏာ (လူသားတစ်ဦးချင်း၏ ခန္ဓာစွမ်းရည်သတ္တိများ ၀ိသေသသဘောအရ မတူညီကြ)
(၃) ဆင်တူမှုလက္ခဏာ (မတူညီသော ခန္ဓာများ မှာလည်း တူညီသော လုပ်ဆောင်ချက်များ ရှိကြ၏)
(၄) ကွဲပြားမှုလက္ခဏာ (တူညီသောလုပ်ဆောင်ချက်ရှိသောလည်း အင်္ဂါများအသွင် ကွဲပြားကြ၏)
(၅) တစ်စည်းတစ်လုံးတည်းဖြစ်မှု လက္ခဏာ (ကွဲပြားသောအင်္ဂါများသည် စုစည်းလျှက် ခန္ဓာအဖြစ်ဆောင်ကြ၏)
(၆)  တစ်သီးတစ်ခြားစီဖြစ်မှု လက္ခဏာ (ခန္ဓာ၏ အင်္ဂါတစ်ခုသည် အခြားအင်္ဂါတစ်ခု၏ လုပ်ငန်းကိုမဆောင်ရွက်နိုင်)

သဘာဝလက္ခဏာ (၆) ပါး၏ အပြန်အလှန်ချေ အပြန်အလှန်ထေကြပုံကိုလေ့လာခြင်းအားဖြင့် အယူဝါဒအစွန်းထွက်ခြင်း ကို ရှောင်ကြဉ်ပယ်ရှားနိုင်သည်ဟု ဆိုပါသည်။

အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်ခြင်း နှင့် အပြန်အလှန်ထပ်တူညီခြင်းသဘော
ဆိုခဲ့ပြီးသော ဟွာယင်းဒဿန အမြင် ကို အနှစ်ချကြည့်ပါက အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်ခြင်းသဘော (Interpenetration) နှင့် အပြန်အလှန်ထပ်တူညီခြင်းသဘော (Mutual Identity) နှစ်ရပ်ကိုသာ တွေ့နိုင်လေသည်။
အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်ခြင်းသဘော ဟူသည်မှာ တရားကိုယ်အားဖြင့် ပဋိစ္စသမုပ္ပါဒ (စွဲမှီဖြစ်ပွားခြင်းသဘော) ပင်ဖြစ်သည်။ မည်သည့် အရာမှ သီးခြားရပ်တည်နိုင်သော ကိုယ်ပိုင်အစွမ်း သတ္တိမရှိကြသည့် သဘော အရာအားလုံး အပြန်အလှန်မှီခိုရပ်တည်ကြရသည့် သဘောသာဖြစ်သည်။ ယင်း ကို အရာခပ်သိမ်း၏ သုညတာဓမ္မ ဟုလည်းဆိုနိုင် သည်။

အပြန်အလှန်ထပ်တူညီခြင်းသဘော မှာ သမ္မုတိပညတ် နှင့် ပရမတ် လောက နှင့် လောကုတ္တရာ အတ္တ နှင့် အနတ္တ စသော ဆန့်ကျင်ဖက် ဒွန္နတရားများ ၏ ပေါင်းစည်းတည်နေခြင်း သဘောဖြစ်သည်။ ၎င်းတို့ သည် တစ်ခုတည်းသော အရှိတရား တထတာ ၏ မျက်နှာစာများ ဟု ဆိုလိုပါသည်။ ခေါင်း နှင့် ပန်း သည် တစ်ခု နှင့်တစ်ခု ဆန့်ကျင်ဖက်ဖြစ်  သလို တစ်ခု မရှိလည်း တစ်ခု ကိ မရနိုင်ပေ။ တစ်ခု ကို တစ်ခု ကလည်း မငြင်းပယ်ပေ။ ဒဂါးပြားတစ်ခု၏ ခေါင်း ဟု မြင်ရချိန် တွင် အခြားတစ်ဖက်၌ ပန်း ရှိနေသကဲ့ သို့ တထတာ ၏ တစ်ဖက်တွင် လောက သမ္မုတိပညတ် အရှိများ ကို မြင်ရခိုက် တထတာ ၏ အခြားတစ်ဖက်ဝယ် ပရမတ်အမြင် နှင့် လောကုတ္တရာသစ္စာများ ရှိနေပေသည်။
ဤ အခြေခံ သဘောတရားနှစ်ခု ကို မူတည်၍ ဟွာယင်းဒဿန က တိုးချဲ့ဖေါ်ထုတ်ခဲ့သော သဘောတရား (၃) ရပ်မှာ =

၁) တစ်ပြိုင်နက်တည်း အပြန်အလှန် ဖြစ်ပေါ်စေခြင်း
၂) တစ်ပြိုင်နက်တည်း အပြန်အလှန် စိမ့်ဝင်ထွင်းဖေါက်ခြင်း
၃) တစ်ပြိုင်နက်တည်း အပြန်အလှန် ဖြည့်စွက်ပြည့်ဝစေခြင်း

ဥပမာ အားဖြင့်ပြရလျှင် ရေတစ်ခွက် ကို ကြည့်ပါ။ ရေ သည် သတ္တ၀ါ တို့၏ မွတ်သိပ်မှုကို ဖျောက်စေနိုင်သော အရည် တစ်မျိုး ဟုလည်းဆိုနိုင်သည်။ ဓါတုဗေဒပညာ အလိုအရ ဟိုက်ဒရိုဂျင်အက်တမ် ၂ လုံး နှင့် အောက်ဆီဂျင် အက်တမ် ၁ လုံးတို့ ပေါင်းစပ်နေသောမော်လီကျူး ဟုလည်းဆိုနိုင်သည်။ အမှုန်ရူပဗေဒပညာ အလို အရ အက်တမ် အောက်ငယ်သော ကွမ်တမ်အမှုန် များ ဖြင့် ဖွဲ့စည်းထားသည် ဟုလည်းဆိုနိုင်သည်။ မာဓျမိကဒဿန အလိုအရ ရုပ်သဘာဝ နှင့် အတ္တ ဆိတ်သုဉ်းမှု-သုညတာ တို့၏ နှစ်ခုမပြားတစ်သားတည်း ဖြစ်မှု ဟုလည်းဆိုနိုင်သည်။ ၎င်း အဆိုသတ်မှတ်ချက်များ အားလုံးသည် မတူညီသော ရှုထောင့်အမြင်များဖြစ်သော်လည်း တစ်ခု ကို တစ်ခု မငြင်းပယ် သော အချင်းချင်း အလျှော် ဖြစ်ကြသော အဆိုသတ်မှတ်ချက်များ ဖြစ်ကြသည်ဟု ဆိုရပေမည်။ ၎င်းတို့သည် ရေဟူသော သဘောတရား တစ်ခု၌ တစ်ပြိုင်နက်ယှဉ်တွဲစိမ့်ဝင်ပေါင်းစပ် ကာ တည်နေကြသည်ဟု ဆိုနိုင်ပါသည်။တစ်ခု၏ အရှိတရား သည် အခြားတစ်ခု ကို အနှောက်အယက်မပြုပေ။တစ်ခုနှင့်တစ်ခုလည်းပဋိပက္ခမဖြစ်ကြပေ။

ဤဥပမာ အတူသာလျှင် လောက၏ ခပ်သိမ်းသော အရာတို့သည် တစ်ခု ကို တစ်ခု မငြင်းပယ်သော အချင်းချင်း အလျှော်ဖြစ်ကြသော အရာများဖြစ်ကြသည်။ တစ်ခု၏ အရှိတရားသည် အခြားတစ်ခု ကို အနှောက်အယက်မပြုကြသော အရာများဖြစ်ကြသည်။တစ်ခု၏ အတွင်းသန္တာန်ဝယ် တစ်ခုက ထွင်းဖေါက်လျှက် တစ်ပြိုင်နက်ယှဉ်တွဲစိမ့်ဝင်ပေါင်းစပ် ကာ တည်နေကြသည့် အရာများဖြစ်ကြသည်။

ဤသဘောတရား ကို အခြား ဥပမာ တစ်ခုဖြင့် ပိုမိုထင်ရှားအောင်ပြနိုင်ပါသည်။ အခန်းတစ်ခုထဲတွင် ရောင်စဉ် ခုနှစ်သွယ် မီးပုံးရောင်စုံ (၇) လုံး ချိတ်ဆွဲထားသည် ဆိုပါစို့။ မီးပုံးများမှာ ဖြာထွက်လာသော အနီ၊အ၀ါ၊လိမ္မော်၊အစိမ်း၊အပြာ၊ မရမ်း၊ခရမ်း စသည့် ရောင်စဉ်တန်းများသည် ခြောက်ဖက်သော အကာအရံများပေါ်သို့ ရိုက်ခတ်ကျရောက် နေပုံကို စိတ်ကူးကြည့်ပါ။ ယင်း ရောင်စဉ်တန်းတို့ သည် တစ်ခု ကို တစ်ခု မငြင်းပယ်သော အချင်းချင်း အလျှော်ဖြစ်ကြသော ရောင်စဉ်တန်းများဖြစ်ကြသည်။ ရောင်စဉ်တန်း တစ်ခု၏ အရှိတရားသည် အခြား ရောင်စဉ်တန်းများ ကို အနှောက်အယှက် မပြုပေ။ ရောင်စဉ်တန်းတစ်ခု၏ အတွင်းသန္တာန်ဝယ် အခြား ရောင်စဉ်တန်းများက ထွင်းဖေါက်လျှက် တစ်ပြိုင်နက် ယှဉ်တွဲစိမ့်ဝင်ပေါင်းစပ် ကာ တည်နေကြသည် ကိုလည်းတွေ့ရပေမည်။

ဗောဓိသတ္တ၏ ဉာဏ်ပညာ (၁၀) ပါး မှ ရရှိလာသော အဘိဉာဉ်အထူး (၁၀)ပါး
ဤသို့ အရာခပ်သိမ်း၏ ပေါင်းစည်းဆက်စပ်မှု နှင့် အပြန်အလှန်ထောက်တည်စိမ့်ဝင်ထွင်းဖေါက်တည်နေမှု သဘောကို အသိကြီးသိမြင်သော ဗောဓိသတ္တ သည် အောက်ပါ အဘိညာဉ်ထူး ၁၀ ပါး ကို ၀သီဘော် နိုင်နင်းကြောင်းဟွာယင်းဒဿန က ဆိုပါ၏။

(၁) အလုံးစုံသော စကြ၀ဠာတို့ကို ဆံချည်မျှင်တစ်ခုအတွင်းသို့ သွတ်သွင်းခြင်း နှင့် ဆံချည်မျှင်တစ်ခု ကို အလုံးစုံသော စကြ၀ဠာတို့ အတွင်းသို့ သွတ်သွင်းခြင်း

(၂) အလုံးစုံသော သတ္တ၀ါတို့၏ ကိုယ်ကာယတို့ကို သတ္တ၀ါတစ်ကောင် ၏ ကိုယ်ကာယ အတွင်းသို့ သွတ်သွင်းခြင်း နှင့် သတ္တ၀ါတစ်ကောင် ၏ ကိုယ်ကာယ ကို အလုံးစုံသော သတ္တ၀ါတို့၏ ကိုယ်ကာယတို့အတွင်းသို့ သွတ်သွင်းခြင်း

(၃) အလုံးစုံသော အသင်္ချေယျကမ္ဘာတို့ကို မျက်မှောက်ပစ္စုပ္ပန်ခဏ အတွင်းသို့ သွတ်သွင်းခြင်း နှင့် မျက်မှောက်ပစ္စုပ္ပန် ခဏ ကို အလုံးစုံသော အသင်္ချေယျကမ္ဘာ တို့အတွင်းသို့ သွတ်သွင်းခြင်း

(၄) အလုံးစုံသော ဗုဒ္ဓရှင်တော်တို့ဟောတော်မူသော ဓမ္မက္ခန္ဓာတို့ကို တစ်ခုတည်းသောဓမ္မတရား အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသောဓမ္မတရား ကို အလုံးစုံသော ဗုဒ္ဓရှင်တော်တို့ဟောတော်မူသော ဓမ္မက္ခန္ဓာတို့ အတွင်းသို့ သွတ်သွင်းခြင်း

(၅) အလုံးစုံသော မရေမတွက်နိုင်သောအရပ်ဒေသတို့ကို တစ်ခုတည်းသော အရပ်ဒေသ အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသော အရပ်ဒေသ ကို အလုံးစုံသော မရေမတွက်နိုင်သောအရပ်ဒေသတို့ အတွင်းသို့ သွတ်သွင်းခြင်း

(၆) အလုံးစုံသော မရေမတွက်နိုင်သော အာရုံခံအင်္ဂါ တို့ကို တစ်ခုတည်း သောအာရုံခံအင်္ဂါ အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသော အာရုံခံအင်္ဂါ ကို အလုံးစုံသော မရေမတွက်နိုင်သော အာရုံခံအင်္ဂါ တို့ အတွင်းသို့ သွတ်သွင်းခြင်း

(၇) အလုံးစုံသော မရေမတွက်နိုင်သော အာရုံခံအင်္ဂါ တို့ကို တစ်ခုတည်းသော အာရုံခံအင်္ဂါမဲ့သဘော အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသော အာရုံခံအင်္ဂါမဲ့သဘော ကို အလုံးစုံသော မရေမတွက်နိုင်သော အာရုံခံအင်္ဂါ တို့ အတွင်းသို့ သွတ်သွင်းခြင်း

(၈) အလုံးစုံသော မရေမတွက်နိုင်သော အတွေးဝိတက် တို့ကို တစ်ခုတည်း သော အတွေးဝိတက် အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသော အတွေးဝိတက် ကို အလုံးစုံသော မရေမတွက်နိုင်သော အတွေးဝိတက် တို့ အတွင်းသို့ သွတ်သွင်းခြင်း

(၉) အလုံးစုံသော အသံ နှင့်ဘာသာစကား တို့ကို တစ်ခုတည်း သော အသံ နှင့်ဘာသာစကား အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသော အသံ နှင့်ဘာသာစကား ကို အလုံးစုံသော အသံ နှင့်ဘာသာစကား တို့ အတွင်းသို့ သွတ်သွင်းခြင်း

(၁၀) အလုံးစုံသော အချိန်ကာလ တို့ကို တစ်ခုတည်း သော အချိန်ကာလ အတွင်းသို့ သွတ်သွင်းခြင်း နှင့် တစ်ခုတည်းသော အချိန်ကာလ ကို အလုံးစုံသော အချိန်ကာလ တို့ အတွင်းသို့ သွတ်သွင်းခြင်း

ဟွာယင်းဒဿနအမြင် ကို ကြေးမုံရိပ်သွင် ဥပမာ ဖြင့် ဖေါ်ပြရှင်းလင်းခြင်း
အသိခက်နက်နဲသော ဟွာယင်းဒဿန ကို ရှင်းပြဖွင့်ဆိုရာတွင် ဟွာယင်းဒဿပညာရှင်တို့ သည် ကြည့်မှန် (ကြေးမုံ) ကို ပဓါနဥပမာ အဖြစ် အသုံးပြုလေ့ရှိကြ၏။ ကြေးမုံဥပမာ ဖြင့် အဆင့်ဆင့် ဆင်ခြင်ပုံမှာ ဤသို့ဖြစ်၏။
၁) ခပ်သိမ်းသောအရာ တို့သည် အစစ်အမှန်ပကတိအရှိသဘော မဟုတ်သော စိတ်ဖန်ရုပ်သွင်များ ဖြစ်ကြသောကြောင့် ယင်းတို့သည် သုညတ ဓမ္မတရားများဖြစ်ကြလေသည်။
၂) ကြေးမုံပြင်ပေါ်တွင် ပေါ်လွင်ထင်ရှားလာသော ပုံရိပ် ထောင်သောင်းမက များစွာတို့သည် တစ်ုတစ်ဝေးတည်း တစ်ပြိုင်နက်တည်း ပေါ်ပေါက်ထင်ရှားလာကြသောကြောင့် ၎င်းတို့ ကို ပြိုင်တူဖြစ်ပေါ်သော အနန္တ ဓမ္မတရားများ = Tung-shih tun-chi အဖြစ်ရှုမြင်နိုင်၏။
၃) ကြေးမုံပြင်တို့သည် အချင်းချင်း အရိပ်ထင်ပြန်ထွန်းလင်းပြ သလို ခပ်သိမ်းသောအရာ တို့သည် လည်း တစ်ခုကို တစ်ခု လင်းပထွန်းတောက်စေ သော အတားအဆီးအပိတ်အပင် ကင်းသော အနန္တ ဓမ္မတရားများ = T’ung-shih hu-she အဖြစ် ရှုမြင်နိုင်၏။

ယောဂါစာရဗုဒ္ဓဒဿန နည်းတူ ဟွာယင်းဒဿန အလိုအရလည်း ပကတိဗုဒ္ဓသဘာဝ (ဗောဓိစိတ္တ) ကို အဆုံးမရှိအောင် ကျယ်ပြော သော မဟာသမုဒ္ဒရာကြီး ပမာ တင်စားနိုင်ပေသည်။ စိတ်ကို ကပ်၍ဖိစီးနှိပ်စက်တတ်သော ကိလေသာ ပပဉ္စ တရားများ ကင်းကွာငြိမ်သက်သွားသောအခါတွင် စိတ်သည် လှိုင်းလေငြိမ်သက်သော မဟာသမုဒ္ဒရာကြီး ပမာ နက်ရှိုင်း ကြည်လင်သန့်စင်သော အခြေအနေ (သာဂရမုဒြာ သမာဓိ) ကို ဆိုက်ရောက်တည်နေ ကြပြီးလျှင် အလုံးစုံသောအနန္တ  ဓမ္မတရားများအားလုံး ဤစိတ်သဘာဝ ပေါ်တွင် ပကတိသဘော အတိုင်း အရိပ်ထင်လာကြရလေသည်။

ဤ နက်နဲသောအချက် ကို ထင်ရှားစေရန် ပြသသော ဥပမာ မှာ =ရဟန်းတစ်ပါး သည် မှန်အပြည့်ကာ ထားသော အခန်းတစ်ခုထဲ တွင် တပည့်ရဟန်းတစ်ပါး ကို ဓမ္မဒေသနာ သင်ကြားပို့ချနေပုံကို ဆင်ခြင်ကြည့်ပါ။ ကြေးမုံမှန် ၊ ဆရာရဟန်း နှင့် တပည့် ရဟန်းတို့ သည် စိတ်၏ပကတိသဘာဝ၊ ဗုဒ္ဓရှင်တော် နှင့် တပည့်သာဝက တို့ ကို ကိုယ်စားပြု နေလေသည်။ ကြေးမုံ သည် မိမိ ရှေ့တွင်ရှိနေသော လူသား နှစ်ဦး၏ ပုံရိပ် ကို ထင်ဟပ်ပေါ်လွင်နေစေ တစ်ဦး က သင်ကြားပို့ချသူ ဆရာ တစ်ဦးက လေ့လာဆည်းပူးသင်ယူသူ တပည့်သာဝက ဖြစ်၏။ ဤ မြင်ကွင်း ကို ပုံဖော် ပြောဆိုရာတွင်==

(၁) မှန်ထဲ က အရိပ်ဆရာ သည် မှန်ထဲ က အရိပ်တပည့် ကို သင်ကြားနေသည် (သို့မဟုတ်) မှန်ထဲ က အရိပ် တပည့်သည် မှန်ထဲ က အရိပ်ဆရာ ထံ မှ လေ့လာသင်ယူနေသည်။

(၂) မှန်ထဲ က အရိပ်ဆရာ သည် အပြင်လောက ထဲ က တပည့် ကို သင်ကြားနေသည် (သို့မဟုတ်)
မှန်ထဲ က အရိပ် တပည့်သည် အပြင်လောက ထဲ က ဆရာ ထံ မှ လေ့လာသင်ယူနေသည် ဟူ၍ ဆိုနိုင်ကြောင်း တွေ့ရမည်ဖြစ်သည်။

ထို့အတူပင် ဗုဒ္ဓ က သာဝက ကို ဓမ္မဒေသနာ ဟောပြောရာ တွင် နှစ်ကြောင်းသွားအပြန်အလှန်ဆက်သွယ်မှု မျိုးမျှ မဟုတ် ပဲ လေးကြောင်းသွား အပြန်အလှန်ဆက်နွယ်မှု ဖြစ်သည်ကို တွေ့ရပါ၏။ သာဝက ၏ စိတ်သန္တာန်တွင် ရှိသော ဗုဒ္ဓ က ဗုဒ္ဓ ၏ စိတ်သန္တာန် တွင် ရှိနေသော သာဝက ကို သင်ကြားနေ သလို ဗုဒ္ဓ ၏ စိတ်သန္တာန် တွင် ရှိနေသော သာဝက ကလည်း သာဝက ၏ စိတ်သန္တာန်တွင် ရှိသော ဗုဒ္ဓ ၏ ဟောပြောသင်ပြမှု ကို နာယူနေ သည်ဟုဆိုနိုင်သောကြောင့်ဖြစ်၏။

ဟွာယင်းဒဿနအလိုအရ အလုံးစုံသဘော (သဗ္ဗတ္တဘာဝ) သည် သာမန်ပုထုဇဉ်လူသားတို့အတွက် မြင်နိုင်ခဲသော ဓမ္မ ဖြစ်၏။ ပကတိအရှိတရားကို စွဲယူထားသော သတ္တ၀ါတို့ ၏ သိမှုဘောင်သည် တစ်ကြိမ်သိလျှင် တစ်ဖက်သောမျက်နှာစာ တစ်ခုသောအကြောင်းအရာကိုသာ သိနိုင်ပြီး ကျန်မျက်နှာစာများအားလုံး ကျန်အကြောင်းအရာများအားလုံး ကိုမမြင်နိုင် မသိနိုင်ပေ။ လောကသည် သူ့အတွက် ရေခဲတောင်ပမာ ဖြစ်၏။ ရေမျက်နှာပြင်ပေါ်တွင်ပေါ်နေသော ရေခဲတောင် ၏ ထိပ်ဖျား စွန်း ကလေးကိုသာ မြင်နိုင်ပြီး ရေထုထဲတွင် ပုန်းကွယ်နေသော ရေခဲတောင်ထုထည်ကြီး ကို မမြင်နိုင် သကဲ့ သို့ပင်ဖြစ်၏။

ပေါ်လွင်ထင်းပသော ဗျာကတတရား နှင့် ပုန်းကွယ်နက်နဲသော အဗျာကတတရား
ဟွာယင်းဒဿနအမြင်၌ အရာဝတ္တုတို့၏ ပေါ်လွင်ထင်ရှားနေသော အပိုင်းကို ပေါ်လွင်ထင်ရှားမှု-ရှဲန် (hsien) သို့မဟုတ် အိမ်ရှင်-ချူ (chu) ဟုခေါ်သည်။ ဖုံးကာကွယ်ဝှက်နေသော အပိုင်း ကို ပုန်းကွယ်မှု-ယင် (yin) သို့မဟုတ် ဧည့်သည်-ပဲင် (pin) ဟုခေါ်လေသည်။ သတ္တ၀ါတို့သည် သိမှုအကန့်အသတ်ကြောင့် လောက ၏ ရှဲန်-ချူ အပိုင်းကိုသာ အာရုံသိရှိခံစား  ကြရပြီး ပုန်းကွယ်နေသော ယင်-ပဲင် အပိုင်းကို မသိနိုင်ကြဟု ဆိုသည်။ အရာအားလုံး၏ မျက်နှာစာအားလုံး အစိတ်အပိုင်း အားလုံး ကိုသိနိုင်သော ဉာဏ်ပညာမှာမူ သတ္တ၀ါတို့အတွက် အလှမ်းဝေးလှပေသည်။

ဥပမာ- (၃) ရက်လ ခုံးမျက်စသဖွယ် လခြမ်းသေးသေးလေးကိုကြည့်ပါ။ လူတို့မြင်နေရသော လ ၏ အစိတ်အပိုင်းသည် လင်းလက် တောက်ပနေသောလည်း အမှောင်ထဲတွင် ကျန် လ ကိုယ်ထည်တစ်ခုလုံးရှိနေပေသည်။ တောက်ပနေသော လခြမ်းလေးသည် လ ၏ အရှိတရား ကို ဖေါ်ဆောင်နေပြီး လ ၏ ပုန်းကွယ်နေသော အစိတ်အပိုင်း ကို မငြင်းပယ်ပေ။ ထိုနည်းတူစွာပင် လူတို့သိရသော တစ်စုံတစ်ခု ဆိုသည်မှာ ၎င်း၏ အလုံးစုံသဘောမဟုတ်ပေ။ မသိနိုင်သော မျက်နှာစာ များစွာ သူ့ အသိမှ ပုန်းကွယ်နေပေလိမ့်မည်။ တောက်ပသော လခြမ်းကလေး ပေါ်လွင်ထင်ရှားလာခိုက်တွင် အမှောင်ထု ထဲမှာ လ ၏ အရှိတရားတစ်ခုလုံး မပျောက်ပျက်သကဲ့သို့ လောက ကို သိမြင်ရသော အစိတ်အပိုင်း ဟူသမျှသည် အကန့်အသတ်ဘောင်ထဲက အရှိ အပိုင်းအစ မျှသာ ဖြစ်ပြီး လောက ၏ အလုံးစုံသဘော (သဗ္ဗတ္တ) မဟုတ်သည်ကို အသိရောက်ရန်ဖြစ်သည်။

ထိုနည်းတူစွာ မိမိတို့ ကြည့်မြင်သောရှုထောင့် ကိုလိုက်၍ အရှိပမာဏခြင်း ကွာခြားနေပေမည်။ ကမ္ဘာနေလူသား အဖို့ လ ကို ကြည့်လျှင် လင်ပန်းငယ် အရွယ်ပမာဏမျှရှိသော အလင်းစက်ဝိုင်းလေး တစ်ခုသဖွယ် မြင်တွေ့ ရပေမည်။ သို့သော် လပေါ်နေသတ္တ၀ါ အတွက်မူ လ သည် အလွန်တရာကျယ်ပြန့်ကြီးမားသော မြေထုအစိုင်အခဲကြီး ဖြစ်ပေမည်။ ကမ္ဘာနေလူသား အဖို့ လ၏ (အလွန်တရာကျယ်ပြန့်ကြီးမားသော မြေထုအစိုင်အခဲကြီး) ဟူသော မျက်နှာစာ သည် ပုန်းကွယ်နေသကဲ့သို့ လပေါ်နေသတ္တ၀ါ အတွက်လည်း လ ၏ (လင်ပန်းငယ် အရွယ် ပမာဏမျှရှိသော အလင်း
စက်ဝိုင်းလေး) ဟူသော မျက်နှာစာ သည် ပုန်းကွယ်နေ ပေလိမ့်မည်။

အငြင်းဝါကျ များဖြင့် အစွန်းရောက်အမြင်ပယ်ခြင်း ကို ပြဆိုပုံ
ဟွာယင်းဒဿန ၏ အမြင်သည် ယုတ္တိဗေဒ အတွေးကို ကျော်လွန်နေသော အတက္ကာဝစာရ သစ္စာတရား ဖြစ်သော်လည်း ဟွာယင်းဒဿနပညာရှင်များ သည် ယုတ္တိနည်းကျ အငြင်းဝါကျ အတည်ပြုအဆိုဝါကျများ အားဖြင့်လည်း ဤသို့ ပုံဖော်ခဲ့ပါ၏။

မေး။      ။ ပရမတ္ထဓမ္မတရား များ သည် အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော်ကြောင့် ၎င်းတို့သည် အရှိသဘောလား မရှိသဘောလား။
ဖြေ။       ။ ၎င်းတို့ သည် အရှိသဘောများ မဟုတ်ကြပါ။ ၎င်း တို့ သည် မိမိ ကိုယ်ပိုင်အတ္တသဘောမှ ကင်းဆိတ်ကြကုန် သောကြောင့်ဖြစ်၏။ အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော ပရမတ္ထဓမ္မတရား များ သည် အနတ္တ အသာရ ဖြစ်သောကြောင့် ၎င်း တို့ သည် မိမိ ကိုယ်ပိုင်အတ္တသဘောမှ ကင်းဆိတ်ပေ၏။

မေး။      ။ ဤသို့ဆိုလျှင် ၎င်းတို့သည် ပကတိမရှိသော ဗလာသက်သက် သုည နတ္ထိတရားများ သက်သက်ဖြစ်သလား။
ဖြေ။       ။ မဟုတ်ကြပါ။ ၎င်းတို့ သည် အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော်ကြောင့် ပကတိအစမရှိသော ကြောင်းကျိုး ဆက်နွယ်ရှိ တရားများ ဖြစ်ပါသည်။ ပကတိမရှိသော ဗလာသက်သက် သုည နတ္ထိတရားများ မဟုတ်ပါ။

မေး။      ။ ဤသို့ဆိုလျှင် ၎င်းတို့သည် တစ်ပြိုင်နက်တည်း အရှိ (အတ္ထိဘာဝ) နှင့် မရှိ (နတ္ထိဘာဝ) များ ရှိနေကြ ပါ သလား။
ဖြေ။       ။ မဟုတ်ကြပါ။ ၎င်းတို့ သည် ယင်းသဘော နှစ်ခုစလုံးမှ ကင်းလွတ်နေသော အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော ပရမတ္ထဓမ္မတရား များ သာ ဖြစ်ကြပါသည်။ ထိုတရားများ ၏ အကြောင်းမှီအရှိသဘော နှင့် ပကတိအတ္တသဘာဝမရှိခြင်း (အနတ္တ-အသာရ-သုညတ) တို့ သည် နှစ်ခုမပြား တစ်သားတည်းဖြစ်နေသော သဘောများ ဖြစ်ပါသည်။

မေး။      ။ ဤသို့ဖြစ်ပါလျှင် ၎င်းတို့ သည် အရှိ (အတ္ထိဘာဝ) နှင့် မရှိ (နတ္ထိဘာဝ) နှစ်ခုစလုံးမဟုတ်သော အခြား သဘာဝ တစ်ခု ဖြစ်ပါသလား။
ဖြေ။       ။ မဟုတ်ကြပါ။ အရာခပ်သိမ်း၏ အကြောင်းမှီအဖြစ်သဘော=ဘာဝ နှင့် အတ္တအနှစ်သားဆိတ်သုဉ်းခြင်း သဘော= သုညတာ တို့သည် တစ်ခုကို တစ်ခု မငြင်းဆန်မဖယ်ထုတ်ပဲ အတူတကွ ရှိနေနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရာခပ်သိမ်း၏ အညမည သဟဇာတ ဂုဏ်သတ္တိကြောင့် ၎င်းတို့သည် အချင်းချင်း အပြန်အလှန် စွဲမှီထောက်တည်-စိမ့်ဝင်ပေါင်းစည်း လျှက် ဖြစ်တည်နေနိုင်သော သဘောများ ဖြစ်ကြပါသည်။

မေး။      ။ ကောင်းပါပြီ။ ဤသို့ဆိုပါလျှင် အရာခပ်သိမ်း သည် သုညတဓမ္မချည်းသက်သက်ပဲ ဟု ဆိုလို့ရနိုင်ပါသလား။
ဖြေ။       ။ မရနိုင်ပါ။ ခွဲခြမ်းစိတ်ဖြာထိုးထွင်မြင်သော ပညာစက္ခု အားဖြင့်သာ အရာခပ်သိမ်း သည် သုညတဓမ္မချည်း သက်သက်ပဲ ဟု ဆိုနိုင်ပါသည်။ သာမန်အာရုံတွေ့သိရှုမြင်ခံစားသောလောက ၀ယ် အရာခပ်သိမ်း သည် သုညတဓမ္မချည်း သက်သက်ပဲ မဟုတ်ကြပါ။ အကြောင်းကို မှီစွဲထောက်တည်လျှက်ရှိနေသော ဓမ္မတရားများ ဖြစ်ပါသည်။

အတည်ပြုဝါကျ များဖြင့် အစွန်းရောက်အမြင်ပယ်ခြင်း ကို ပြဆိုပုံ
မေး။      ။ အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော ပရမတ္ထဓမ္မတရား များ သည် အရှိတရားများ ဖြစ်ပါသလား။
ဖြေ။       ။ ဟုတ်ပါ၏။ အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော ပရမတ္ထဓမ္မတရား များ သည် တံလျှပ်အရိပ်ပမာ အရှိတရားများ ဖြစ်ပါ၏။

မေး။      ။ ဤသို့ဖြစ်လျှင် ၎င်းတို့ သည် မိမိ ကိုယ်ပိုင်အတ္တသဘောမှ ကင်းဆိတ်သော သုညတဓမ္မတရားများ ဖြစ်ပါ သလား။
ဖြေ။       ။ ဟုတ်ပါ၏။ အကြောင်းကို မှီစွဲဖြစ်ပေါ်ရသော ပရမတ္ထဓမ္မတရား များ သည် အနတ္တ အသာရ ဖြစ်သောကြောင့် ၎င်း တို့ သည် မိမိ ကိုယ်ပိုင်အတ္တသဘောမှ ကင်းဆိတ်ပေ၏။

မေး။      ။ ဤသို့ဖြစ်လျှင် ၎င်းတို့ သည် အကြောင်းမှီအဖြစ်သဘော=ဘာဝ နှင့် အတ္တအနှစ်သားဆိတ်သုဉ်းခြင်း သဘော= သုညတာ တစ်ပြိုင်နက်တည်း ဖြစ်နေကြပါသလား။
ဖြေ။       ။ ဟုတ်ပါ၏။ အကြောင်းမှီအဖြစ်သဘော=ဘာဝ နှင့် အတ္တအနှစ်သားဆိတ်သုဉ်းခြင်းသဘော= သုညတ တို့သည် တစ်ခုနှင့်တစ်ခု အလျှော်ဖြစ်ကြပြီး အပြန်အလှန်ငြင်းဆန်ပယ်ထုတ်နေကြသော တရားများ မဟုတ်သော ကြောင့်ဖြစ်၏။

မေး။      ။ ဤသို့ဖြစ်ပါလျှင် ၎င်းတို့ သည် အရှိ (အတ္ထိဘာဝ) နှင့် မရှိ (နတ္ထိဘာဝ) နှစ်ခုစလုံးမဟုတ်သော အခြား သဘာဝ တစ်ခု ဖြစ်ပါသလား။
ဖြေ။       ။ ဟုတ်ပါ၏။ ၎င်းတို့ သည် အရှိ (အတ္ထိဘာဝ) နှင့် မရှိ (နတ္ထိဘာဝ) နှစ်ခုစလုံးမဟုတ်သော စွဲမှီဖြစ်ပွားခြင်း သဘာဝ (ပဋိစ္စသမုပ္ပါဒ သဘာဝ) သာ ဖြစ်ကြပါ၏။ စွဲမှီဖြစ်ပွားခြင်းသဘာဝ (ပဋိစ္စသမုပ္ပါဒ သဘာဝ) အားဖြင့် ရှုဒေါင့်တစ်ခုမှ အရာခပ်သိမ်း ကို ရှိသည် ဟူ၍လည်းဆိုနိုင်၏။ ရှုဒေါင့်တစ်ခုမှ အရာခပ်သိမ်း ကို မရှိဟူ၍လည်းဆိုနိုင်၏။ ရှုဒေါင့်တစ်ခုမှ အရာခပ်သိမ်း ကို ရှိ လည်းမရှိ- မရှိ လည်းမရှိ ဟူ၍လည်းဆိုနိုင်၏။ ရှုဒေါင့်တစ်ခုမှ အရပ်ခပ်သိမ်း ကို ရှိသည် လည်းမဟုတ် မရှိသည်လည်းမဟုတ် ဟူ၍လည်းဆိုနိုင်၏။ အဘယ်ကြောင့်ဆိုသော် စွဲမှီဖြစ်ပွားခြင်းသဘာဝ (ပဋိစ္စသမုပ္ပါဒ သဘာဝ) သည် မိမိ ၏ ပင်ကိုယ်ပကတိသဘာဝ အားဖြင့် အစွန်းတရား ကောဋိ ဟူသမျှတို့မှ လွတ်မြောက် နေသောကြောင့်ပေတည်း။


ဟွာယင်းဒဿနအမြင် ၏ ဓမ္မကျင့်စဉ်အပေါ်သက်ရောက်မှု
ဟွာယင်း ဒဿနအမြင် သည် ကျင့်စဉ်အားဖြင့် ချန် (ဇင်) ဓမ္မတရား ၏ ရုတ်ချည်းထိုးထွင်းသိမြင်မှု (ခိပ္ပဘိညာ ဉာဏ) အမြင်၏ အခြေခံအုတ်မြစ် အယူအဆဖြစ်လာခဲ့ လေသည်။ ဟွာယင်း ဒဿနအမြင် သည် စကြ၀ဠာ အနန္တ ၌ တစ်ပြန့် တည်းတစ်သားတည်း ကိန်းဝပ်တည်ရှိနေသော ဗုဒ္ဓသဘာဝ=တထာဂတဂဗ္ဘ သဘောကို အခြေခံ သည့် အပြင် ၎င်း၏ အရာခပ်သိမ်း၏ အပြန်အလှန်စိမ့်ဝင်ထွင်းဖေါက်တည်ရှိခြင်း ဂမ္ဘီရဓမ္မ အမြင် သဘောအရ ပထမ ဗောဓိသတ္တဘူမိ ၌ပင် နောက်ဆုံးဘူမိအဆင့်၏ သစ္စာအလင်းရောင် က ထွန်းလင်းပြီးဖြစ်သည်။ အတိတ် (ခရီးအစ) သည် အနာဂတ် (ခရီးပန်းတိုင်) အတွင်း၌ ကိန်းဝပ်တည်နေသကဲ့သို့ အနာဂတ် သည်လည်း အတိတ်ကာလအတွင်း သိုမှီးတည်ရှိပြီး ဖြစ်၏။

ဟွာယင်း ဒဿနအမြင် အရ ဗောဓိသတ္တသည် မိမိ ၏ နဂိုမူလ ဗုဒ္ဓသဘာဝ ကို သိရှိပြီးဖြစ်သော ကြောင့် မိမိကိုယ်ကို ဗုဒ္ဓရှင်တော်တစ်ဆူပမာ နေထိုင်ကျင့်သုံးရှင်သနလေသည် ။ ဗုဒ္ဓရှင်တော်အဖြစ်ဟူသော ပန်းတိုင်ကို မမှိတ်မသုံ ယုံကြည် ခြင်းသည်ပင်လျှင် ဗောဓိသတ္တလမ်းစဉ်တစ်ခုလုံး၏ အဆုံးသတ်ပမာဖြစ်တော့၏။ ဟွာယင်း ဒဿနပညာရှင် ဥပသကာ လိတောင်စွမ် (Li T’ung-hsüan; 635–730) ၏ အယူအဆ အလိုအရ မိမိ၏ သစ္စာဉာဏ်အလင်းရောင် ပွင့်ထွန်းနိုင်ခြေကို ယုံကြည်ခြင်းသည်ပင်လျှင် သစ္စာဉာဏ်အလင်းရောင် ၏ ဖြစ်တည်ခြင်း သဘောဖြစ်သည်ဟု ဆိုပါသည်။

ဆရာတော် ဖဆန် ၏ အလိုအရ ဆိုလျှင် ရုတ်ချည်းသစ္စာဉာဏ်အလင်းပွင့်ခြင်း သည် မငြင်းနိုင်သော အမှန်တရားဖြစ်၏။
ပကတိပရမတ္ထသစ္စာတရား (တထတာ) သည် ဘာသာစကား နှင့် တွေးဉာဏ် ၏ အကန့်အသတ်ဟူသမျှတို့ကို ကျော် လွန်နေသောကြောင့် တထတာ ဆီသို့ ရောက်အောင်သွားနိုင်သော မဂ်ဉာဏ်အဆင့်ဆင့် မလိုအပ်ချေ။ တထတာ ဟူသည် ဖန်တီးပြုလုပ်၍လည်းမရစကောင်း သလို အကြောင်းတရားတို့ကြောင့် ဖြစ်ပေါ်နိုင်သော အကျိုးတရားတစ်ခု လည်း မဟုတ်သောကြောင့် တထတာ ကို အသိကြီးသိမြင်၍ သစ္စာဉာဏ်အလင်းရောင် ပွင့်ထွန်းနိုင်ခြေ မှာ ရုတ်ချည်း သစ္စာဉာဏ်အလင်းပွင့်ခြင်း မှတစ်ပါး အခြားနည်းမရှိချေ။ ဥပမာ အိပ်မက် မက်နေသူသည် မိမိ ကိုယ်ပိုင်အဇ္ဇျတ္ထလောက အတွင်းမှ စိတ်ဖန်ရုပ်သွင်များ ဖြင့်နေထိုင်နေခြင်းဖြစ်ပြီး သူ အိပ်မက်မှ နိုးထလာခြင်းသည် ရုတ်တရက်နိုးထလာခြင်း ပင်ဖြစ်သည်။ သူ အိပ်မက်မှ နိုးထလာသော အခါဝယ် ပကတိအမှန်ရှိနေသော ဗဟိဒ္ဓလောကကြီး ကို ရုတ်ချည်းမြင်တွေ့ ရသည်ဟုဆိုရာဝယ် အိပ်မက်မှ နိုးထလာခြင်းသည် ပကတိအမှန်ရှိနေသော ဗဟိဒ္ဓလောကကြီး ကို ပြုလုပ်ဖန်တီးသည် ဟု မဆိုနိုင်ပေ။ ထို့အတူ တထတာ ကို သိမြင်ခြင်းသည် မရှိသော အရာကို အရှိဖန်တီးလုပ်ယူပြီး သိခြင်းမျိုး မဟုတ်ပဲ ပကတိ နဂိုအရှိတရား အပေါ် ဖုံးကာထားသော အကွယ်အကာများ ကို ခွာချခြင်း သာ ဖြစ်၏။

လောက ရှုထောင့်ဖက်မှ ဖေါ်ပြသော မဂ်ဥာဏ်အဆင့်ဆင့် တိုးတက်ခြင်းသည် အမှန်စင်စစ် လောကလွန် သစ္စာတရား ၏ ရှုထောင့်ဖက်မှ ကြည့်လျှင် အဓိပ္ပါယ် အလျှဉ်းမရှိချေ။ တထတာ တည်းဟူသော လောကလွန် သစ္စာတရား ၏ ရှိမှု နယ်ပယ် တွင် နိမ့်ခြင်း မြင့်ခြင်း ယုတ်ခြင်း မြတ်ခြင်း ညစ်ထေးခြင်း သန့်စင်ခြင်း မသိခြင်း နှင့် သိခြင်း စသော ဆန့်ကျင် ဒွန္နတရားများ မရှိသောကြောင့် ဖြစ်၏။နှစ်ခုမပြားသော အဒွယတာ-တရား သည် နုတ်ပယ်စရာမရှိသလို ဖြည့်စွက်ပေး စရာ လည်းနတ္ထိ ဖြစ်သော ပကတိအတိုင်းတိုင်းပြီးပြည့်စုံနေသော ဧကောဓမ္မော ဖြစ်ပါပေ၏။

သိဒ္ဓတ္ထ ၀တ္တု မှ ပြောသော ဟွာယင်းဓမ္မဒေသနာ
ယခုအထိ တစ်ခုတ်တစ်ရ ဆွေးနွေးခဲ့သော ဟွာယင်းဓမ္မဒေသနာ ကို ကျားစီးဖားစီး အားထုတ်ဖတ်ရှုခဲ့သော စာရှုသူမိတ်ဆွေ ၏ ဇွဲနပဲသတ္တိကို ချီးကျူးမိပါ၏။ ဤတရားနက် ဒဿန ကို ၀တ္တု အသွင်ဖြင့်ဖေါ်ကျူးသီဖွဲ့ရာဝယ် ဂျာမန် စာရေးဆရာကြီး ဟာမန်ဟက်စ် ၏ Siddhartha ၀တ္တု (ပါရဂူ မြန်မာပြန်ဆိုသော သိဒ္ဓတ္ထ ၀တ္တု ) ကို မထည့်သွင်း မဖော်ပြလျှင် ပြည့်စုံအံ့မထင်ပေ။

ဇာတ်လမ်းအရ သိဒ္ဓတ္ထ သည်လူချောလူလှ ဗြဟ္မဏလုလင်တစ်ယောက်ဖြစ်၏။ ရိုးရာဘာသာရေးဓလေ့ထုံးစံများ ကို ငြီးငွေ့သောကြောင့် သစ္စာတရားရှာမှီးရန်အတွက် သူငယ်ချင်းဖြစ်သူ ဂေါဝိန္ဒ နှင့်အတူ မိသားစုဘ၀ ကို စွန့်ခဲ့ပြီး တပ ကျင့်သော ဆာဒူးသူတော်စင်များထံ တပည့်ခံခဲ့ကြ၏။တပ အကျင့်၏ အကျိုးမပြီးပုံ ကို သိမြင်ကြသောကြောင့် ဆာဒူးများ ကို စွန့်ခွာလျှက် ဂေါတမဗုဒ္ဓရှင်တော်ထံ သို့ ရောက်ရှိခဲ့ကြ၏။ သူငယ်ချင်းဖြစ်သူ ဂေါဝိန္ဓက ဗုဒ္ဓ၏ သာဝက ဖြစ်ခဲ့သော်လည်း အတွေးနက်သမား သိဒ္ဓတ္ထ ကမူ ဗုဒ္ဓနှင့် စကားစစ်ထိုး၍ အမြင်မတူညီခဲ့ပဲ သူငယ်ချင်း နှင့်လမ်းခွဲခဲ့၏။

သိဒ္ဓတ္ထ သည် ယောဂီဘ၀ ကို စွန့်လျှက် ကချေသည် မိန်းမလှ ကမလာ နှင့်တွေ့ဆုံချစ်ကျွမ်းဝင်ခဲ့၏။ ကုန်သည် ကာမဆွာမိထံတွင် လောကရေးရာ အတတ်ပညာများ သင်ယူခဲ့၏။ ကိလေသာ ညွန်ပျောင်းသို့သက်ဆင်းခဲ့သော်လည်း ဘ၀ငြိမ်းချမ်းမှု ကို မတွေ့ပြန်သဖြင့် ကမလာ ထံမှလည်းစွန့်ခွာခဲ့ပြန်ရာ နောက်ဆုံး မြစ်ကြီးတစ်စင်းအနားမှ ကူးတို့ဆရာကြီး ၀ါသုဒေ၀ နှင့် ခင်မင်ရင်းနှီးခဲ့၏။ ၀ါသုဒေ၀ သည် ဗုဒ္ဓ ကဲ့သို့ ဓမ္မဒေသနာများ ကို တိုက်ရိုက် မဟောကြားသော်လည်း သိဒ္ဓတ္ထ ကို စာနာနားလည်မှု ဖြင့် ဘ၀၏ နက်နဲမှု ကို သင်ပြပေး၏။ ၀ါသုဒေ၀ ၏ ဆရာသခင် သည် ကား တစ်သွင်သွင်စီးနေသော မြစ်ကြီးသာလျှင်ဖြစ်၏။ မြစ်၏ တေးသံ ကို စူးနစ်ဝင်စားရင် သိဒ္ဓတ္ထ တရားသိမြင်ပုံ ကို ဤသို့လှပစွာ ရေးဖွဲ့ထား၏။

((သိဒ္ဓတ္ထသည် ကြိုးစားပြီး သေသေချာချာ နားထောင်ကြည့်သည်။ သူ့ဖခင်၏ရုပ်ပုံ၊သူကိုယ် တိုင်၏ရုပ်ပုံ၊ သူ့သား၏ရုပ်ပုံတို့သည် အားလုံးပင် တစ်ခုနှင့်တစ်ခု ရောနေကြသည်။ ကမလာ၏ရုပ်ပုံလည်း ပေါ်လာပြီး စီးသွားလေသည်။ ဂေါဝိန္ဒနှင့်အခြားပုဂ္ဂိုလ်များ၏ ရုပ်ပုံများလည်းပေါ်လာပြီး  စီးရာပါသွားကြလေသည်။ သူတို့အားလုံးသည် မြစ်၏အစိတ်အပိုင်း များဖြစ်သွားကြသည်။

ယင်းအချက်သည် သူတို့အားလုံး၏ ရည်မှန်းချက်ဖြစ်သည်။ တမ်းတခြင်း၊ တောင့်တခြင်း၊
ဒုက္ခခံစားခြင်းများဖြစ်ကြသည်။ မြစ်၏အသံသည် တောင့်တခြင်း အပြည့်ရှိသည်။ နာကျင်သော
ဒုက္ခဝေဒနာအပြည့် ရှိနေသည်။ မတင်းတိမ် မရောင့်ရဲသော အလိုဆန္ဒ အပြည့်ရှိနေသည်။ မြစ်သည်
သူ၏ရည်မှန်းချက်ရှိရာသို့ စီးသွားနေသည်။ သိဒ္ဓတ္ထသည် မြစ်အား သွက်လက်လျင်မြန်စွာ
စီးဆင်းနေသည်ကို တွေ့ရသည်။ မြစ်၏ကိုယ်ထည်ကို သူကိုယ်တိုင်ဖြင့်လည်းကောင်း၊ သူ့ဆွေမျိုး
မိတ်သင်္ဂဟများဖြင့်လည်းကောင်း၊ သူတွေ့မြင်ခဲ့သော လူတို့ဖြင့်လည်းကောင်း ပြုလုပ်ဖန်တီးထား
သည်ကိုလည်း တွေ့ရသည်။ အားလုံးသော ရေတို့သည် သွက်လက်လျင်မြန်စွာ စီးဆင်းနေကြသည်။
ဆင်းရဲဒုက္ခကို ခံစား၍ ရည်မှန်းချက်များ ရှိရာသို့ စီးဆင်းနေကြသည်။ များစွာသော ရည်မှန်းချက် များရှိရာသို့ လည်းကောင်း၊ ရေတံခွန်သို့လည်းကောင်း၊ သမုဒ္ဒရာသို့လည်းကောင်း
စီးဆင်းနေ ကြသည်။ အားလုံးသော ရည်မှန်းချက်များသို့ ရောက်ရှိကြသည်။ ရည်မှန်းချက်
တစ်ခုအပြီးတွင် တစ်ခုပေါ်လာသည်။ ရေသည် ရေငွေ့အဖြစ် ပြောင်းလဲသည်။ အပေါ်သို့တက်သည်။
မိုးဖြစ်ပြီး တစ်ဖန် အောက်သို့ ပြန်ကျလာသည်။ စိမ့်စမ်းဖြစ်လာသည်။ ချောင်းငယ်၊မြောင်းငယ်ဖြစ် လာသည်။ မြစ်ဖြစ်လာသည်။ အသစ်တစ်ဖန် ပြောင်းလဲလာသည်။ အသစ်တစ်ဖန်စီးဆင်းလာသည်။ လိုလားတောင့်တနေသည့်အသံကမူ ပြောင်းလဲမသွားပေ။ ရှာမှီးနေသောထိုအသံသည် ကြင်နာဖွယ် ပဲ့တင်ထပ်နေတုန်းပင် ရှိသည်။ သို့ရာတွင် အခြားသောအသံများလည်း ထိုအသံနှင့် အတူတကွပင် ပေါင်းစုနေကြသည်။ ဝမ်းနည်းသံ၊ ဝမ်းသာသံ၊ ကောင်းသံ၊ ဆိုးသံ၊ရယ်သံ၊ ငိုသံ၊ အသံပေါင်းတရာ၊ အသံပေါင်း အထောင်တို့ ပေါင်းစုနေကြသည်။

သိဒ္ဓတ္ထနားထောင်နေသည်။ ယခုအခါ၌ သူသည် အတွေးအာရုံစိုက်ပြီး နားထောင်နေသည်။
မိမိကိုယ်ကိုပင် မိမိမေ့လျော့နေသည်။ သုညဖြစ်နေသည်။ အရာဝတ္ထုဟူသမျှကို မိမိနှင့်
တစ်သားတည်း ဖြစ်အောင် သွတ်သွင်းနေသည်။ သူသည် ယခုအခါတွင် နားထောင်နည်းအတတ်
ပညာကို ပိုင်နိုင်စွာ နားလည်တတ်မြောက်ပြီဟု သတိပြုမိလေသည်။ ယင်းအရာအားလုံးကို
မြစ်ထဲတွင်ရှိသော ယင်းအသံမျိုးစုံကို သူသည် ယခင်အခါကလည်း မကြာခဏ ကြားခဲ့ဖူးသည်။
သို့ရာတွင် ယနေ့ထိုအသံများသည် တစ်မျိုးတစ်ဖုံ မြည်နေကြသည်။ သူသည် အသံများကို
တစ်သံနှင့်တစ်သံ မခွဲခြားတတ်တော့ပေ။ ရယ်သံနှင့်ငိုသံတို့သည် လည်းကောင်း၊ ကလေးဆန်သည့်
အသံနှင့်လူကြီးဆန်သည့် အသံတို့သည်လည်းကောင်း၊ တစ်သံတည်းလိုလိုပင် ဖြစ်နေကြသည်။
ထိုအသံအားလုံး တစ်ခုသည် အခြားတစ်ခု၏အင်္ဂါအစိတ်အပိုင်း ဖြစ်နေကြသည်။ မျှော်လင့်တမ်းတ
လျက်ရှိသော ပုဂ္ဂိုလ်တို့၏ ညည်းတွားသံသည်လည်းကောင်း၊ ပညာရှင်တို့၏ ရယ်မောသံသည်
လည်းကောင်း၊ နာကြည်းသူတို့၏ ကြိမ်းဝါးသံသည် လည်းကောင်း၊ အလောသုံးဆယ်ဖြစ်နေသူတို့၏
ညည်းညူသံတို့သည်လည်းကောင်း အားလုံးသောအသံတို့သည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြ
သည်။ တစ်ခုနှင့်တစ်ခု ယှက်နေကြသည်။ အရာအထောင်သော နည်းလမ်းများဖြင့် တစ်ခုနှင့်တစ်ခု
ရစ်ပတ်လိမ်တွယ်နေကြသည်။ ယင်းအသံအားလုံးသည် ယင်း ရည်မှန်းချက်အားလုံးသည် ယင်းမျှော်မှန်းတမ်းတချက် အားလုံးသည် ယင်းဝမ်းနည်းမှုအားလုံးသည်၊ ယင်းဝမ်းသာမှု အားလုံး သည်၊ ယင်းအကောင်းနှင့်အဆိုး အားလုံးသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီး ကမ္ဘာလောက
ဖြစ်နေခြင်းဖြစ်သည်။ ယင်းအရာအားလုံး ပေါင်းစပ်ပြီး အဖြစ်အပျက်များ၏ အစဉ်အတန်း ဖြစ်နေခြင်း
ဖြစ်သည်။ ဘဝ၏ တူရိယာဖြစ်နေခြင်းဖြစ်သည်။

သိဒ္ဓတ္ထသည် အာရုံစူးစိုက်စွာဖြင့် မြစ်ကို နားထောင်နေသောအခါ၊ ဤအရာအထောင်သော
အသံများ၏ သီချင်းသံ ဆိုသံကို နားထောင်နေသောအခါ၊ ဝမ်းနည်းခြင်းနှင့် ဝမ်းသာခြင်းကို
နားထောင်ရပ်လိုက်သောအခါ၊ မိမိ၏စိတ်နှလုံးကို အသံတစ်သံတည်း၌သာလျှင် ချုပ်နှောင်
မထားတော့ဘဲ အသံအားလုံးကို နားထောင်သောအခါ၊ အပြည့်အစုံကို နားထောင်ကြည့်သောအခါ၊
ပေါင်းစည်းဆက်စပ်ခြင်းကို နားထောင်ကြည့်သောအခါ၊ ထိုအရာအထောင်သော အသံတို့၏
မဟာသီချင်း ဂီတသံတို့ဖြင့် ‘ဥုံ’ ဟူသော၊ ပြည့်စုံခြင်းဟူသောစကား တစ်လုံးဖြစ်နေသည်ကို
ကြားရလေ၏။))

မြစ်ကမ်းပါးမှ သိဒ္ဓတ္ထ ထိုးထွင်းသိမြင်လိုက်ရသော အရာခပ်သိမ်း၏ ပေါင်းစည်းဆက်စပ်မှုတရား (ဥုံ) သည် စင်စစ် ဟွာယင်းဒဿနမှ ဆိုခဲ့ပြီးသော (ရှိ-ရှိ-၀ု-အိုက်=အရာအားလုံး အပြန်အလှန်ထွင်းဖေါက်စိမ့်ဝင်နေမှုသဘာဝ) သာလျှင် ဖြစ်ပါ၏။ သိဒ္ဓတ္ထ ၏ ဘ၀ခရီး ကို ဗောဓိသတ္တ သုဓန ၏ တရားရှာ ခရီး နှင့် စပ်ဟပ်ရှုမြင်ကြည့်လျှင် ပို အဓိပ္ပါယ်ပေါ်လွင် ပေလိမ့်မည်။

သိဒ္ဓတ္ထ သိမြင်ရသော ဓမ္မ သည် ဆန့်ကျင်ဖက်သဘောများ အပြန်အလှန်ထပ်တူဖြစ်နေကြသော ဧကောဓမ္မော ပင်ဖြစ်၏။ နောက်ဆုံး ဇာတ်ဝင်ခန်းတွင် မိတ်ဆွေ ဂေါဝိန္ဒ နှင့် ပြန်လည်ဆုံတွေ့ချိန်တွင် မိမိ တရားအသိအမြင် ကို သိဒ္ဓတ္ထ က ဤသို့ လင်းပြ၏။

((နားထောင် မိတ်ဆွေ၊ ငါလဲပဲ အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ မင်းလဲ အပြစ်မကင်းတဲ့
ပုဂ္ဂိုလ်တစ်ယောက်ဖြစ်တယ်၊ သို့ပေမယ့် အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာလဲ တစ်ဖန်
ဗြဟ္မာဖြစ်မှာပဲ၊ တစ်နေ့ကျရင် နိဗ္ဗာန်ကို ရမှာပဲ၊ တစ်နေ့ကျရင် ဗုဒ္ဓတစ်ဦး ဖြစ်မှာပဲ။ အခုအခါမှာတော့
အဲဒီ ‘တစ်နေ့ကျရင်’ ဆိုတာဟာ စိတ်ကူးယဉ်မျှသာ ဖြစ်တယ်၊ နှိုင်းယှဉ်ချက်မျှသာ ဖြစ်တယ်၊
အပြစ်မကင်းတဲ့ ပုဂ္ဂိုလ်ဟာ ဗုဒ္ဓနဲ့တူတဲ့အဆင့်သို့သွားတဲ့ လမ်းမပေါ်မှာ သွားမနေဘူး၊
တိုးတက်မနေဘူး၊ သို့ပေမယ့် ငါတို့ရဲ့အတွေးအကြံကတော့ အဲဒါကလွဲပြီး တခြားအရာဝတ္ထုကို
တွေးခေါ်ကြံဆခြင်းကိုတောင်မှ မလုပ်နိုင်ပေဘူး၊ ဟင့်အင်း၊ အဲဒီလို မဟုတ်ဘူး၊ အမှန်တကယ်
ဖြစ်လတ္တံ့ဖြစ်တဲ့ ဗုဒ္ဓဟာ အပြစ်မကင်းတဲ့ပုဂ္ဂိုလ်မှာ မဆွကတည်းက ကိန်းအောင်းနေတယ်၊
အနာဂတ်ဟာ ယခင်ကတည်းက ထိုနေရာမှာ တည်ရှိနေတယ်၊ သူ့မှာရော မင်းမှာရော လူတိုင်းမှာ
ကိန်းအောင်းနေတဲ့ ဖြစ်လတ္တံ့ဖြစ်တဲ့ ဗုဒ္ဓကို အသိအမှတ်ပြုရလိမ့်မယ်၊ ဂေါဝိန္ဒ၊ ဒီကမ္ဘာလောကဟာ
မပြည့်စုံတာ မဟုတ်ဘူး၊ ပြည့်စုံမှုကို တစ်ဖြည်းဖြည်းတစ်စစ တိုးသွားနေတာလဲမဟုတ်ဘူး၊
ဒီကမ္ဘာလောကဟာ ခဏတိုင်း ခဏတိုင်းမှာ ပြည့်စုံမှုရှိတယ်၊ အပြစ်ဟူသမျှရဲ့အတွင်းမှာလဲ
ဂုဏ်ကျေးဇူးရှိနေတယ်၊ ကလေးသူငယ်အားလုံးဟာ ဖြစ်လတ္တံ့လူကြီးများဖြစ်ကြတယ်၊ နို့စို့ကလေး
တစ်ယောက်ရဲ့အတွင်းမှာ သေခြင်း သဘောတရား ကိန်းအောင်းနေတယ်၊ သေသူမှန်သမျှရဲ့
အတွင်းမှာလဲ ထာဝရ အသက်ဇီဝိန်ရှိနေတယ်၊ ပုဂ္ဂိုလ်တစ်ဦးဦးအနေဖြင့် အခြားပုဂ္ဂိုလ်တစ်ဦးကို
လမ်းခရီးမှာ ဘယ်လောက်ဝေးဝေး ရောက်နေပြီလဲလို့ ကြည့်ဖို့ဆိုတာမဖြစ်နိုင်ဘူး၊ ဓါးပြနဲ့
ကြွေအန်လောင်းကစားသမားမှာလဲ ဗုဒ္ဓကိန်းအောင်းနေတယ်၊ မြင့်မြတ်စင်ကြယ်တဲ့ ဗြာဟ္မဏမှာလဲ
ဓါးပြ ပုန်းကွယ်နေတယ်၊ ကမ္မဋ္ဌာန်း ဘာဝနာကို အတွင်းနှိုက်ပြီး ပွားများနေတဲ့အခါမှာဆိုရင်
အချိန်ကာလအဖုံးကိုဖွင့်ပြီး အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကို တစ်ပြိုင်နက်တည်းမှာ ကြည့်နိုင်တယ်၊
အဲဒီအခါမှာဆိုရင် အရာဝတ္ထုဟူသမျှဟာ ကောင်းတယ်၊ ပြည့်စုံတယ်၊ အရာဝတ္ထုဟူသမျှဟာ
ဗြဟ္မာဖြစ်တယ်၊ အဲဒါကြောင့် ငါ သဘောပေါက်တာကတော့ ရှိရှိသမျှ အရာဝတ္ထုဟာ ကောင်းတယ်၊
သေခြင်းရော၊ အသက်ရှင်ခြင်းရော၊ ကောင်းမှုရော၊ မကောင်းမှုရော၊ ပညာရှိခြင်းရော၊ မိုက်မဲခြင်းရော
အားလုံးကောင်းတယ်၊ အရာဝတ္ထုဟူသမျှဟာ လိုအပ်တယ်၊ အရာဝတ္ထုဟူသမျှနဲ့ ငါသဘောချင်း
ကိုက်ညီဖို့ပဲလိုတယ်၊ ငါ့ရဲ့လက်ခံမှု၊ ငါ့ရဲ့မေတ္တာရှေ့ထားတဲ့နားလည်မှုပဲလိုတယ်၊ အဲဒါတွေရှိရင်
ငါ့အတွက် ဘာမဆို ကောင်းမှာပဲ၊ ဘယ်အရာဝတ္ထုမှ ငါ့ကို အကျိုးယုတ်အောင် မလုပ်နိုင်တော့ဘူး၊
ငါဟာ မိမိရဲ့ ကိုယ်ခန္ဓာနဲ့အတ္တမှတစ်ဆင့် ဘယ်လိုသင်ကြားတတ်မြောက်သလဲဆိုရင် ငါ့အတွက်
မကောင်းမှုကို ကျူးလွန်ခြင်းဟာလဲ လိုအပ်တာပဲ။ ငါ့အတွက် ကာမဂုဏ် အာရုံကို ခံစားစံစားခြင်းလဲပဲ
လိုအပ်တာပဲ။ ပစ္စည်းဥစ္စာရရှိရေးအတွက် ကြိုးပမ်းအားထုတ်ခြင်းတို့၊ စိတ်ပျက်အားလျော့ခြင်း
အတွေ့အကြုံတို့လည်း လိုအပ်တာပဲ၊ ဘာဖြစ်လို့လဲဆိုရင် အဲဒီလိုဖြစ်မှ ငါ အဲဒါတွေကို မဆန့်ကျင်ဖို့
နားလည်သဘောပေါက်နိုင်မယ်။ ကမ္ဘာလောကကြီးကို ချစ်ဖို့ နားလည်သဘောပေါက်နိုင်မယ်။ အဲဒါမှ
ငါ ဒီကမ္ဘာလောကကို လိုလားမျှော်မှန်းနေတဲ့ စိတ်ကူးယဉ် ကမ္ဘာလောက တစ်မျိုးမျိုးနဲ့ဖြစ်စေ၊
ပြည့်စုံမှုရဲ့ စိတ်ကူးယဉ်အသွင်အပြင် တစ်မျိုးမျိုးနြဲ့ဖစ်စေ နှိုင်းယှဉ်ဖို့မလိုတော့ဘဲ သူ့အတိုင်း လက်ခံနိုင်တဲ့၊ ချစ်နိုင်တဲ့၊ သူ့အစိတ်အပိုင်းဖြစ်သွားနိုင်တဲ့ စွမ်းရည်သတ္တိမျိုး ငါ့မှာ ပေါ်လာနိုင်မယ်၊။

ဂေါဝိန္ဒ၊ အခု ပြောပြတာတွေဟာ င့ါစိတ်ထဲမှာ ရှိနေတဲ့ အတွေးအခေါ်တစ်ချို့ဆိုပါတော့”
သိဒ္ဓတ္ထသည် အောက်ဘက်ငုံ့ပြီး မြေကြီးပေါ်မှ ကျောက်ခဲတစ်လုံးကို ကောက်ယူပြီးလျှင်
လက်ထဲ၌ ကိုင်ထားလေ၏။ ထို့နောက် ကျောက်ခဲကို မှောက်ချည် လှန်ချည်လုပ်ပြီး ဆက်ပြော
လေ၏။

“ဒီဟာ ကျောက်ခဲတစ်ခုဖြစ်တယ်။ အချိန်ကာလရဲ့တိုင်းတာ သတ်မှတ်ချက်တစ်ခု အတွင်းမှာ
ဒီကျောက်ခဲဟာ မြေကြီးဖြစ်သွားဖို့ ရှိတယ်။ ပြီးတော့ မြေကြီးကနေ သစ်ပင်၊ တိရစ္ဆာန်၊ လူလဲပဲ
ဖြစ်လာလိမ့်မယ်။ အဲဒီမတိုင်ခင်ဆိုလျှင် ဒီ ကျောက်ခဲဟာ ကျောက်ခဲတစ်ခုမျှသာ ဖြစ်တယ်။
ဘာတန်ဖိုးမျှမရှိ။ မောဟတည်းဟူသော ကမ္ဘာလောကရဲ့ အရာဝတ္ထုတစ်ခုသာ ဖြစ်တယ်လို့
ငါဆိုရလိမ့်မယ်။ သို့ပေမယ့် ပြောင်းလဲမှုစက်ရဟတ်အတွင်းမှာပဲ တစ်နေ့ လူ သို့မဟုတ် အတ္တ
ဖြစ်ကောင်းဖြစ်လာနိုင်တဲ့အတွက် ဒီ ကျောက်ခဲဟာ တန်ဖိုး မသေးပေဘူး။ အဲဒါ ငါ့အနေန့ဲ
စဉ်းစားသင့်တဲ့ အချက်ပဲ။ သို့ပေမယ့် ငါ စဉ်းစားကြည့်တယ်။ ဒီ ကျောက်ခဲဟာ ကျောက်ခဲဖြစ်တယ်။
တိရစ္ဆာန်လဲဖြစ်တယ်။ ဘုရားသခင်လဲဖြစ်တယ်၊ ဗုဒ္ဓလည်းဖြစ်တယ်၊ ငါ ဒီကျောက်ခဲကို လေးစားတာ၊
ချစ်တာဟာ ကျောက်ခဲဟာတစ်ချိန်မှာ အရာဝတ္ထုတစ်ခုဖြစ်ပြီး တစ်ချိန်ကျတော့ တစ်ခြားအရာ
ဝတ္ထုတစ်ခုဖြစ်လိမ့်မယ်ဆိုတဲ့အတွက်ကြောင့် မဟုတ်ဘူး။ အရာဝတ္ထုအားလုံးဖြစ်ခြဲ့ပီး အခါခပ်သိမ်း
အရာဝတ္ထု အားလုံးဖြစ်နေတဲ့ အတွက်ကြောင့်ဖြစ်တယ်။ ငါ ဒီကျောက်ခဲကို ချစ်တာဟာ
ကျောက်ခဲတစ်ခဲဖြစ်တဲ့ အတွက်ကြောင့်ဖြစ်တယ်။ ယနေ့အခု ဒီ ကျောက်ခဲကို ကျောက်ခဲလို့ပဲ ငါ
ထင်တဲ့အတွက်ကြောင့် ဖြစ်တယ်။ သူ့ရဲ့လှပတဲ့ အပြောက်တိုင်းအပြောက်တိုင်းမှာ၊ အခေါင်းတိုင်း
အခေါင်းတိုင်းမှာ၊ သူ့ရဲ့အဝါရောင်မှာ၊ ညို့မှိုင်းတဲ့ အရောင်မှာ ခေါက်လိုက်တဲ့အခါ တွေ့ရတဲ့
မာကျောတဲ့ သဘောနဲ့ မြည်တဲ့အသံမှာ၊ သူ့အပေါ်လွှာမှာ ရှိတဲ့ ခြောက်သွေ့တဲ့သဘော သို့မဟုတ်
စိုထိုင်းတဲ့ သဘောမှာ တန်ဖိုးကို၊ အနက်အဓိပ္ပါယ်ကို ငါမြင်ရတယ်။ ဆီ သို့မဟုတ် ဆပ်ပြာလို့
ထင်ရတဲ့ ကျောက်ခဲများလဲရှိတယ်။ သစ်ရွက်သို့မဟုတ် သဲလို့ ထင်ရတဲ့ ကျောက်ခဲများလဲရှိတယ်။
အဲဒီကျောက်ခဲတွေထဲက ကျောက်ခဲတိုင်းဟာ တစ်ခုန့တစ်ခုမတူဘဲ ကိုယ့်နည်းန့ဲ ကိုယ် ‘ဥုံ’ ကို
ပူဇော်ကြတယ်။ ကျောက်ခဲတိုင်း ကျောက်ခဲတိုင်းဟာ ဗြဟ္မဖြစ်တယ်။ တစ်ပြိုင်နက်တည်းမှာ
ကျောက်ခဲလဲပဲဖြစ်တယ်။ ဆီ သို့မဟုတ် ဆပ်ပြာလို၏ ချွဲပျစ်လဲ ချွဲပျစ်တယ်။ အဲဒါကြောင့် ငါ
သူ့ကိုကြည့်ပြီး ကျေနပ်နှစ်သိမ့်ခြင်း ဖြစ်တာပေါ့။ အဲဒါကြောင့် ငါ သူ့ကို အံ့သြစရာကောင်းတယ်။
ပူဇော်စရာကောင်းတယ်လို့ထင်တာပေါ့။ သို့ပေမယ့် ဒီအကြောင်းနဲ့ပတ်သက်ပြီး ငါ ထပ်မပြော
တော့ဘူး။ စကားလုံးတွေဟာ အတွေးကို ကောင်းကောင်းမဖော်ပြကြပါဘူး။ အတွေးဟာ စကားလုံးန့ဲ
ဖော်ပြလိုက်ရင် နည်းနည်းဖြစ်ဖြစ် ကွဲပြားခြားနားသွားတယ်။ နည်းနည်းဖြစ်ဖြစ် ဖောက်ပြန်သွားတယ်။
မိုက်မဲသွားတယ်။ သို့ပေမယ့် ပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ တန်ဖိုးထားတဲ့ အသိဉာဏ်နဲ့ ယှဉ်တယ်လို့ ထင်တဲ့အရာဝတ္ထု တစ်ခုဟာ အခြားပုဂ္ဂိုလ်တစ်ယောက်အဖို့မှာ အဓိပ္ပါယ်မရှိ ဖြစ်နေတာကို တွေ့ရတဲ့အတွက်လဲ ကျေနပ်နှစ်သက်ခြင်း ဖြစ်မိတယ်))

သိဒ္ဓတ္ထ ရှင်းပြသော ဓမ္မသည် ပကတိအတိုင်းတိုင်း ဖန်တီးဖြည့်စွက်စရာမလိုပဲ ပြီးပြည့်စုံနေသော သမန္တပရိပုဏ္ဏဓမ္မ ဖြစ်၏။ ဟွာယင်းဗုဒ္ဓဓမ္မ အမြင်အစစ် ဖြစ်၏။ သိဒ္ဓတ္ထ က ကျောက်ခဲလေးတစ်လုံးဖြင့် ဥပမာ ထား ရှင်းပြခဲ့၏။ ခပ်သိမ်းသော အရာဝတ္တုတို့ အရာအထောင်သော နည်းများဖြင့် စပ်ယှက်ဆက်နွယ် စိမ့်ဝင်ပေါင်းစည်းနေကြ သော လောကဓါတ် တစ်ခုလုံး၌ ကျောက်ခဲ သည် ကျောက်ခဲ ဖြစ်သကဲ့သို့ ကျောက်ခဲ သည် အရာခပ်သိမ်းလည်း ဖြစ်၏။ အရာခပ်သိမ်း သည် ကျောက်ခဲ အတွင်း၌ တည်နေသကဲ့သို့ ကျောက်ခဲသည်လဲ အရာခပ်သိမ်း၏ အတွင်း၌ တည်နေ၏။ ကျောက်ခဲ ကို အခြားသော အရာခပ်သိမ်းမှ တစ်သီးတစ်ခြား တည်ရှိနေသော အရာ အဖြစ် မြင်နေခြင်းသည် ဝေါဟာရစကားလုံး နှင့် ပညတ်သင်္ကေတများ၏ မာယာ ဖုံးလွှမ်းနေခြင်းမျှသာဖြစ်၏။ ထို မာယာဝိပ္ပလ္လာသ တရား၏ အဖုံးအကာ ကို ဆွဲခွါချလိုက်လျှင် အရာခပ်သိမ်း၏ ပေါင်းစည်းညီညွတ်မှု (ရှိ-ရှိ-၀ု-အိုက်) သဘော ကို မျက်မှောက်ထင်ထင် သိမြင်ရမည်သာဖြစ်၏။

သို့သော်လည်း မိတ်ဆွေဖြစ်သူမှာ အသိမရောက် သဘောမပေါက်နိုင်သဖြင့် သိဒ္ဓတ္ထ က ဘာသာစကားကို လွန်သော သင်ကြားချက်တစ်ခု ကို ပြခဲ့၏။ သိဒ္ဓတ္ထ က သူ့ နဖူး ကို နမ်းရန် မိတ်ဆွေ ဂေါဝိန္ဒ ကို တောင်းဆိုသည့် အခါ ဂေါဝိန္ဒ ကလည်း သိဒ္ဓတ္ထ တောင်းဆိုသလို သိဒ္ဓတ္ထ ၏ နဖူးကို နမ်းခဲ့၏။ ဤ အခိုက်တစ်ခဏ ၀ယ် ဂေါဝိန္ဒ ၏ ဉာဏ်အလင်းတံခါးကြီး ပွင့်ထွက်သွားပုံ လင်းချင်းသိမြင်သွားပုံ ကို ဟွာယင်းဒဿန ဆန်ဆန် လှပပြောင်မြောက်စွာ ဤသို့ ရေးဖွဲ့ပြထား ပါသည်။

((သို့ရာတွင် ချစ်ခင်လွန်း၊မြတ်နိုးလွန်းလှသဖြင့် သိဒ္ဓတ္ထ ခိုင်းသလို မလုပ်ဘဲ နေ၍မဖြစ်ပေ။ သူသည် အနီးသို့ ကပ်သွားပြီး သိဒ္ဓတ္ထ၏ နဖူးကို နှုတ်ခမ်းများဖြင့် ထိလိုက်သည်။ ထိုခဏ၌ ထူးခြား အံ့သြဖွယ်အရာတစ်ခု သူ့တွင်ဖြစ်ပေါ်လာသည်။ သိဒ္ဓတ္ထ၏ ဆန်းကြယ်သည့် စကားများကို တွေးတောလျက်ပင် ရှိသေးစဉ် ခဏ၌ပင်၊ အချိန်သမယနှင့်ပတ်သက်သည့် အယူအဆကို ဖျောက်ဖျက်ပစ်ရန် အချည်းနှီး အလဟဿ ကြိုးပမ်းနေစဉ် ခဏ၌ပင်၊ နိဗ္ဗာန်နှင့်လောကသံသရာကို တစ်ခုတည်းဖြစ်၏ဟု တွေးတောနေစဉ်ခဏ၌ပင်၊ မိမိမိတ်ဆွေ၏ စကားအား ရွံရွှာ မုန်းတီးခြင်းနှင့် မိမိ မိတ်ဆွေအား ချစ်ခင်ခြင်း၊ မြတ်နိုးခြင်းတို့ တစ်ခုနှင့်တစ်ခု ပဋိပက္ခဖြစ်နေကြစဉ် ခဏ၌ပင် ယင်း ထူးခြားအံ့သြဖွယ် အရာသည် သူ့တွင် ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

သူ့မိတ်ဆွေ သိဒ္ဓတ္ထ၏ မျက်နှာကို သူ မမြင်ရတော့ပေ။ သိဒ္ဓတ္ထ၏ မျက်နှာအစား အခြား
မျက်နှာများ၊ များစွာသော မျက်နှာများ၊ အလျင်မပြတ်သော မျက်နှာအလျဉ်တို့၏ ရှည်လျားလှသော
အစဉ်အတန်းများ၊ ရာပေါင်းများစွာသော၊ ထောင်ပေါင်းများစွာသော မျက်နှာများကို မြင်ရသည်။
ထိုမျက်နှာများသည် အားလုံ ရောက်လာကြသည်။ ပျောက်ကွယ်သွားကြပြန်သည်။ သို့ရာတွင်
အားလုံးပင် တစ်ပြိုင်တည်းမှာ ထိုနေရာ၌ရှိနေသည်ဟု ထင်ရသည်။ အားလုံးပင် အစဉ်မပြတ်
ပြောင်းလဲနေသည်။ အသစ် အသစ်ဖြစ်နေသည်။ သို့ရာတွင် အားလုံးပင် သိဒ္ဓတ္ထ ဖြစ်ကြသည်၊
သူသည် ငါးတစ်ကောင်၏ မျက်နှာကိုမြင်ရသည်၊ ပါးစပ်ကို မသက်မသာ ဟထားသော ငါးသိုင်း
တစ်ကောင်၏ မျက်နှာကို မြင်ရသည်။ မျက်စိအလင်းရောင် မှုန်တိမှုန်မွှားဖြစ်နေသော သေမည့်ဆဲဆဲ
ငါးတစ်ကောင်၏မျက်နှာကို မြင်ရသည်။ သူသည် အူဝဲဟုအော်တော့မည့် တွန့်ကြောင်းအပြည့်နှင့်
မွေးကင်းစ နီတျာရဲ ကလေးတစ်ယောက်၏ မျက်နှာကိုမြင်ရသည်။ လူတစ်ယောက်၏ ကိုယ်ခန္ဓာ
အတွင်း ဓါးမြောင်ဖြင့် ထိုးစိုက်နေသော လူသတ်သမားတစ်ယောက်၏ မျက်နှာကိုမြင်ရသည်။
တစ်ပြိုင်နက်တည်းမှာပင် ထိုတရားခံ လူသတ်ကောင်သည် ပါးကွက်အာဏာသား၏ရှေ့မှာ
လက်ထိပ်ခတ် လျက်သား ဒူးထောက်ပြီး ဦးခေါင်း အဖြတ်ခံသွားရသည်တို့ မြင်ရသည်။
ကာမဂုဏ်အပျော်ကြူးနေကြသည့် မိန်းမနှင့်ယောက်ျားနှစ်ဦး၏ ကိုယ်လုံးတီး ကိုယ်ကာယများကို
မြင်ရသည်။ မလှုပ်မယှက်ဖြစ်နေသော၊ အေးစက်နေသော၊ သုညဖြစ်နေသော အလောင်းများ
စန့်စန့်ကြီး ဖြစ်နေသည်ကို မြင်ရသည်။ တိရစ္ဆာန်တို့၏ ဦးခေါင်းများကိုလည်းကောင်း၊ တောဝက်၊မိကျောင်း၊ ဆင်၊ နွားထီး၊ ငှက်တို့၏ ဦးခေါင်းများကို လည်းကောင်း မြင်ရသည်။ အားလုံးသော ယင်းပုံသဏ္ဍာန်နှင့် မျက်နှာများသည် ထောင်ပေါင်းများစွာသော ဆက်သွယ်ခြင်းဖြင့် တစ်ခုနှင့်တစ်ခု ဆက်သွယ်နေကြသည်ကို မြင်ရသည်။ အားလုံးတစ်ဦးနှင့် တစ်ဦး ကူညီနေကြသည်ကို လည်းကောင်း၊ ချစ်ခင်ကြင်နာကြသည်ကိုလည်းကောင်း၊ ရွံ့ မုန်းကြ သည်ကိုလည်းကောင်း၊ တစ်ဦးနှင့်တစ်ဦး ဖျက်ဆီးသုတ်သင်ကြသည်ကိုလည်းကောင်း၊ ပြန်ပြီး အသစ်တစ်ဖန် မွေးလာကြသည်ကိုလည်းကောင်း မြင်ရသည်။ အားလုံးသည် ပျက်စီးတတ်သော သဘောရှိ၏။ အနိစ္စသဘောတရား၏မသက်သာသော ပြယုဂ်ပုံစံများဖြစ်၏။ သို့ရာတွင် သူတို့ထဲကမည်သူမျှ သေဆုံးမသွားပေ။သူတို့သည် ပြောင်းလဲရုံသာလျှင် ပြောင်းလဲသည်။ သူတို့သည် အခါခပ်သိမ်း အသစ်တစ်ဖန်မွေးဖွားနေကြသည်။ အစဉ်မပြတ် အသစ်အသစ်ဖြစ်သော မျက်နှာရှိနေကြသည်။ မျက်နှာတစ်ခုနှင့်တစ်ခုအကြားတွင် အချိန်ကာလသည်သာလျှင် ခြားနားနေသည်။ ယင်းအားလုံးသော အသွင်များနှင့် မျက်နှာများသည် ရပ်နားနေကြသည်။ စီးဆင်းနေကြသည်။ ပုံစံသစ်များ ပေါ်ထွက်လာကြပြန်သည်။ကူးခတ်နေကြသည့်။ တစ်ခုနှင့်တစ်ခု ရောနှောပေါင်းစပ်သွားကြသည်။

၎င်းတို့အားလုံး၏ အပေါ်၌အစဉ်မပြတ် အရာတစ်ခုရှိနေသည်။ ထိုအရာသည် ပါးလွှာသည်။ စစ်မှန်သော အရာမဟုတ်။သို့သော်လည်း တည်ရှိနေသည်။ ပါးလွှာသော ဖန် သို့မဟုတ် ရေခဲလွှာကဲ့သို့လည်းကောင်း၊တိုးလျှိုးပေါက်မြင်ရသော အရေပြား၊ ခရုခံ၊ွ ရေ၏အသွင်၊ သို့မဟုတ် ရေမျက်နှာဖုံးကဲ့သို့လည်းကောင်း အပေါ်၌ လွှမ်းနေသည်ကို တွေ့ရသည်။ ယင်းမျက်နှာဖုံးများ ထိုခဏ၌ ဂေါဝိန္ဒနှုတ်ခမ်းဖြင့် ထိလိုက်သော သိဒ္ဓတ္ထ၏ ပြုံးနေသည့်မျက်နှာဖြစ်နေသည်။ ထို့ပြင် ထိုမျက်နှာဖုံးနှင့်တူသောအပြုံးသည် စီးဆင်းနေသော ပုံသဏ္ဍာန်တို့၏ အပေါ်၌ရှိသော ထိုပေါင်းစည်း ဆက်စပ်ခြင်းအပြုံးသည် ထောင်ပေါင်းများစွာသော ဇာတိနှင့်မရဏတို့၏အပေါ်၌ တစ်ပြိုင်နက်တည်း ပြန့်နေသော ထိုအပြုံးသည် သိဒ္ဓတ္ထ၏ ထိုအပြုံးသည် သူအကြိမ်ရာပေါင်းများစွာ ကြောက်ရံွ့ ရိုသေစွာဖြင့်  တွေ့ကြုံခ့ဖဲူးသည့် ဂေါတမဗုဒ္ဓ၏ မျိုးပေါင်းတစ်ထောင် ပြားသော အပြုံးကဲ့သို့ တစ်ထပ်တည်း၊တစ်ပုံစံတည်းပင် ငြိမ်းအေးကြောင်း၊ နူးညံ့ကြောင်း၊ ထွင်းဖောက်နို်င်ခဲကြောင်း၊ သနား
ငဲ့ညှာဟန်ရှိကြောင်း၊ သရော်ဟန်ရှိကြောင်းကို ဂေါဝိန္ဒ တွေ့မြင်ရသည်။ ဂေါတမဗုဒ္ဓ ပြုံးသည့်
အပြုံးမျိုးပင် ဖြစ်သည်ဟု ဂေါဝိန္ဒ သိရလေသည်။

အချိန်ကာလသည် တည်ရှိနေသလော၊ သို့မဟုတ် မတည်ရှိဘူးလော ဟူ၍လည်းကောင်း၊
ယင်း မြင်ကွင်းသည် တစ်မိနစ်မျှသာ ခံမည်လော၊ သို့မဟုတ် နှစ်တစ်ရာအထိ ခံမည်လော
ဟူ၍လည်းကောင်း၊ သူ့ရှေ့တွင် သိဒ္ဓတ္ထ ရှိနေသလော၊ သို့မဟုတ် ဂေါတမ ရှိနေသလော၊ သို့မဟုတ်
မိမိရှိနေသလော၊ တစ်ပါးသူ ရှိနေသလော ဟူ၍လည်းကောင်း သတိမရတော့ဘဲ လောက
အပြင်ဘက်က ကောင်းကင်ဘုံမြားချက်သင့်သည်ဖြစ်၍ ထိုမြားချက်ကြောင့် ပီတိဖြစ်နေသည့်
ဂေါဝိန္ဒသည် သိဒ္ဓတ္ထ၏ ငြိမ်းချမ်းသော မျက်နှာအား ဦးညွတ် အရိုအသေပြုနေလေသည်။
ထိုမျက်နှာကို သူ ယခုပင် နမ်းရှုပ်ခဲ့သည်။ ထိုမျက်နှာသည် ယခုပင် အားလုံးသော ပစ္စုပ္ပန်နှင့်
အနာဂတ် ပုံသဏ္ဍာန်တို့၏ အခြေအနေဖြစ်ခဲ့လေသည်။ အရာအထောင်ပြားသော ပုံပန်းသဏ္ဍာန်
ကြေးမုံ ပျောက်ကွယ်သွားသည့်နောက်၌လည်း သူ၏မျက်နှာသည် ပြောင်းလဲမသွားပေ။ သူသည်
ငြိမ်းအေးစွာ၊ ညင်သာစွာပြုံးနေသည်။ သူ၏အပြုံးသည် သရော်သည့်ဟန် ပေါ်နေသည်။ ဂေါတမ
ပြုံးသည့် အပြုံးမျိုးပင် ဖြစ်လေသည်။))


အထက်တွင် ဆိုခဲ့သလို ဟွာယင်းဒဿန သည် မဟာယာနဗုဒ္ဓဘာသာ ၏ ဒဿနအမြင်ဆိုင်ရာ ပြန့်ကားဖြန့်ကျက်မှု အရ အစဉ်အလာ မဟာယာနအယူအဆများ ဖြစ်သော မာဓျမိက ယောဂါစာရ နှင့် တထာဂတဂဗ္ဘ(ဗုဒ္ဓသဘာဝ) စသည့် အယူအဆ များ ကို ဖွဲ့ယှက်ပေါင်းစည်းလျှက် ဖြစ်တည်ခဲ့သည်ကိုတွေ့ရ၏။

(၁) မာဓျမိကဒဿနအမြင် က အသီးအခြားကိုယ်ပိုင်သဘာဝစစ်စစ်ဖြင့် ရပ်တည်နေသော အရာဝတ္တုများ ၏ အရှိတရား ကို သုညတာဓမ္မအဖြစ်သို့ ချေဖျက်ခဲ့၏။
(၂) ယောဂါစာရဒဿနက ထိုထို သုညတာ၏ အရှိယောင်အသွင်ဆောင်နေသော အရာခပ်သိမ်းသည် အနှစ်သာရ အားဖြင့် ပကတိစိတ္တသဘာဝ၏ ကွန့်မြူးလှုပ်ခတ်မှုများ အဖြစ် ပြသခဲ့၏။
(၃) တထာဂတဂဗ္ဘ(ဗုဒ္ဓသဘာဝ)ဒဿနအမြင်ကမူ ထိုထိုများပြားလှသော ကွန့်မြူးလှုပ်ခတ်မှုများသည်တစ်ခုတည်းသော ဗုဒ္ဓဘာဝ၏ ၀င်စားဖေါ်ပြချက်များအဖြစ် လင်းပြ ခဲ့၏။

ဟွာယင်းဒဿန သည် အဆိုပါ မဟာယာနဒဿနအမြင်ကြီး (၃) ရပ် ကို ပေါင်းစည်းလျှက် တစ်ခုတည်းသော ဓမ္မဒဿနအမြင် အဖြစ် ထုတ်ဖေါ်ခဲ့ပါသည်။ အတွင်း အပ လောကီ လောကုတ္တရာ ပညတ် ပရမတ် သင်္ခတ အသင်္ခတ အာလုံး ကို တစ်ခုတည်းသောစနစ် တစ်ခုတည်း သော အဒွယတာအရှိတရား အဖြစ်ရှုမြင်သည့် အခါ ထွက်ပေါ်လာသည့် ကိုယ်ကျင့်စရဏ အမြင် နှင့် ဓမ္မကျင့်စဉ် သည် အတ္တမဖက်သော လောကအတွက်သက်သက် ကျင့်သော ဗောဓိသတ္တမဂ်လမ်းစဉ်ပင် ဖြစ်ပါ၏။ ပညာ တည်းဟူ သော မြေဆီလွှာမှ ပေါက်ဖွားသည်မှာ အနန္တ မိခင်-ဝေနေယျသတ္တ၀ါတို့[6] အပေါ်မပြတ်ကြင်နာသော မဟာ ကရုဏာ တည်းဟူသော ပဒုမ္မာကြာပန်းပင်ဖြစ်လေသည်။

ဝေနေယျသတ္တ၀ါတို့ဟူသည် တစ်သီးတစ်ခြားတစ်ကွဲတစ်ပြား ဖြစ်တည်နေကြသည်မဟုတ်ပဲ ဟွာယင်းဒဿန သဘော အရ အရာအထောင်သော နည်းများဖြင့် စပ်ယှက်ဆက်နွယ် စိမ့်ဝင်ပေါင်းစည်းနေကြသောကြောင့် ဗောဓိသတ္တ သည် လောက၏ ဆင်းရဲဒုက္ခဟူသမျှ ပြဿနာဟူသမျှတို့ ကို မိမိ၏ ဖြစ်တည်မှု နှင့် တစ်ပေါင်း တစ်စည်း တည်း ရှုမြင်၏။ မိမိ ၏ ကြိုးပမ်းအားထုတ်မှုအားလုံး၏ အဆုံးစွန်သော အသီးအပွင့်တို့ ကို မိမိတစ်ဦးတည်း၏ လွတ်မြောက်ငြိမ်းချမ်းမှု အတွက်မျှ မဟုတ်ပဲ  အနန္တ မိခင်-ဝေနေယျသတ္တ၀ါတို့၏ လွတ်မြောက်ငြိမ်းချမ်းမှုအတွက်သာလျှင် ရည်စူးကျင့်ကြံ အားထုတ်၏။

မဟာယာနဗုဒ္ဓဘာသာ၏ အခြေခံအုတ်မြစ်သဖွယ်ဖြစ်သော ဓမ္မဒဿနအမြင်များနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြမှုသည် ဤမှာပင် အဆုံးသတ်ခြင်းသို့ရောက်ပြီဖြစ်၏။ ရှေ့လာလတ္တံ့သော အပိုင်း တွင် မဟာယာနဗုဒ္ဓဘာသာ ၏ ဗောဓိသတ္တ မဂ်လမ်းစဉ် အကြောင်း နှင့် ဘူမိတက်စဉ်များ အကြောင်း ကို ဆက်လက်ဆွေးနွေး တင်ပြ မည်ဖြစ်ပါ၏။။               

*******************


[1] George J. Tanabe, Jr has said of the AvataTsaka (1992: 11):
[It is] known mostly for a great deal of abstruse dogmatics; but it must also be remembered
. . . that it is primarily an account of fabulous visions backed by an ancient legacy
of visions going back to ]akyamuni himself. The [AvataTsaka SEtra], however, is not
a report of undigested visions, but a sophisticated work that blends fantastic visions
with interpretive discussions about them. This complex weaving of doctrine and fantasy,
a characteristic of sutras, results in a visionary statement that comes with the beginnings
of its own code for interpretation.

[2] Clearly to know that all dharmas
Are without any self-essence at all;
To understand the nature of dharmas in this way
Is to see Vairocana. (13)

[3] They . . . perceive that the fields full of assemblies, the beings and aeons which are as
many as all the dust particles, are all present in every particle of dust. They perceive
that the many fields and assemblies and the beings and the aeons are all reflected in
each particle of dust. (Gómez 1967: lxxxviii)

[4] The Buddha has the miraculous power of manifesting all the images of the Dharmadhatu within one
single particle of dust . . . of revealing all the Buddhas of the past with their successive
doings within a single pore of his skin . . . of evolving clouds of transformation from
a single pore of his skin and making them fill all the Buddha lands . . . of revealing in
a single pore of his skin the whole history of all the worlds in the ten quarters from
their first appearance until their final destruction. (Suzuki 1968: 157)

[5] ‘Some, with only an embrace, obtain renunciation of passion and attain the
Bodhisattva meditation. . . . Some, with only a kiss . . .’ (Wilson in Paul 1979: 161).

[6] ရှည်လျှားလှစွာသော ဘ၀သံသရာခရီးဝယ် မိမိ၏ မိခင်မဖြစ်ဖူးသူ မရှိသောကြောင့် အနန္တ မိခင်-ဝေနေယျသတ္တ၀ါဟု သုံးနှုန်းပါသည်။