မာဓျာမိက(မဇ္ဈမိက) ဂိုဏ်း (Madhyamika School of Buddhism)
(လင်းထက်ဆွေ-စုစည်း ဖွင့်ဆိုတင်ပြသည်။)
မဟာယာနဗုဒ္ဓဘာသာ ၏ အခြေခံအုတ်မြစ် ကို ညွှန်ပြပါဆိုလျှင် ဘီစီ (၂) ရာစု ၀န်းကျင်တွင် စတင် ပေါ်ပေါက်လာသော ပညာပါရမီတာ သုတ္တန် များ ကို သာ ညွှန်ပြရမည် ဖြစ်ပါသည်။ ပညာပါရမီတာ သုတ္တန် များ သည် ဗုဒ္ဓဘာသာဂိုဏ်းကွဲများ အဘိဓမ္မာစာပေများကို အပြိုင်အဆိုင်ပြုစုကြသော ခေတ်ကာလ နှင့် တိုက်ဆိုင်လျှက် မရှေးမနှောင်း ပေါ်ပေါက်လာ ခဲ့ပြီး အဘိဓမ္မာစာပေများ ထဲတွင် ပေါ်လွင်လာသော ပရမတ္ထအရှိအမြင် (သ-ဘာဝ ၀ါဒ) ကို ဝေဖန်သုံးသပ်ထားသော သုတ္တန် များ ဖြစ်သည် ကို တွေ့ ရ၏။ ပညာပါရမီတာ သုတ္တန် များ ကို အခြေခံ၍ ယင်းတို့၏ အဓိကအကျဆုံးသော သုညတာ သဘော ကို အနက်ဖွင့်ဆို ရာ မှ မာဓျာမိက(မဇ္ဈမိက) ဂိုဏ်း ပေါ်ပေါက်လာခဲ့ပါသည်။ မာဓျာမိက(မဇ္ဈမိက) ဂိုဏ်း ကို အိန္ဒိယ ဗုဒ္ဓဒဿနပညာရှင် ရဟန်းတော် နာဂဇ္ဇုန က အေဒီ ၁ ရာစုမှာ ထောင်ခဲ့လေသည်။ ယောဂစာရဂိုဏ်းနှင့် အတူ မဟာယာနဗုဒ္ဓဘာသာရေးဆိုင်ရာ အခြေခံဒဿန အမြင် တစ်ရပ် အဖြစ် သတ်မှတ်ကြ၏။
မာဓျာမိက (မဇ္ဈမိက) ဂိုဏ်း ဟူသော အမည်နာမသည် သဿတဒိဋ္ဌိ (Eternalism) နှင့် ဥစ္ဆေဒဒိဋ္ဌိ (Annihilationism) ဟူသော အစွန်းတရားအမြင် နှစ်ပါး ကို ငြင်းပယ် အလယ်လမ်းအမြင် ကို တင်ပြသောကြောင့် ဖြစ်၏။ ထို့အပြင် အရာ ခပ်သိမ်း၏ အတွင်းအနှစ်အသား အခိုင်အမာသဘော (အတ္တ) တည်ရှိမူ ကို ငြင်းပယ်သောကြောင့် သုညတ၀ါဒ ဟု လည်းခေါ်ဆို ကြလေသည်။ အရာခပ်သိမ်း၏ မိမိ ကိုယ်ပိုင် သဘာဝလက္ခဏာ များမှ ကင်းဆိတ်ခြင်း ကို လက်ခံသော ကြောင့် နိဿဘာ၀၀ါဒ ဟုလည်း သတ်မှတ်ကြလေသည်။
လွန်ခဲ့သော ရာစု နှစ်ဝက်အတွင်းက အနောက်တိုင်း ပညာရှင်များသည် နာဂဇ္ဇုန၏ အတွေးအမြင်ကို နတ္ထိက၀ါဒ(Nihilism) ဧကတ္ထ၀ါဒ (Monism) အတက္က၀ါဒ (Irrationalism) အညာဏ၀ါဒ (Agnosticism) သံသယ၀ါဒ (Scepticism) ဝေဖန် ဆန်းစစ်မှု ၀ိဘဇ္ဇ၀ါဒ(Criticism) ဒိုင်ယာလက်တစ် (Dialectics) ဂမ္ဘီရ၀ါဒ ( Mysticism) သမုတိဝါဒ (Relativism) ပရမတ္တ၀ါဒ (Absolutism) နာမပညတ္တိဝါဒ (Nominalism) စသဖြင့် အမျိုးမျိုး အဖုံဖုံ ၀ိဂြိုဟ်ပြုခဲ့ ကြ လေသည်။ စင်စစ် မာဓျာမိက(မဇ္ဈမိက) ဂိုဏ်း ၏ အမြင်အရ အားလုံးသောတရားသဘောတို့၌ ကိုယ်ပိုင် လက္ခဏာ သဘာဝ ဟူ၍ စိုးစဉ်းမျှ မရှိ ဟူ၍ မြင်သောကြောင့် အထက်ပါ အဆိုဝါဒများသည် မဓျာမိက(မဇ္ဈမိက) ဂိုဏ်း အတွက် အဓိပ္ပါယ် မရှိလှပေ။ လောက ကို ပုံသေကားချပ်စိတ်ကူးဘောင်များ အားဖြင့် ပိုင်းခြားခြင်း (၀ိဘာဂ) ကြံဆခြင်း (ကပ္ပနာ-ပရိကပ္ပ) တွေးခေါ် သုံးသပ်ခြင်း (တက္ကပရိယာဟတ) စသည့် ချဉ်းကပ်မှုများအားလုံးသည် ရေပေါ်ရေးသော အရုပ်များကဲ့သို့ အနက်မထင် အသက်မ၀င် သော အားထုတ်ကြိုးပမ်းမှုများ အဖြစ် မဓျာမိက(မဇ္ဈမိက) ဂိုဏ်း က ရှုမြင်သောကြောင့် မာဓျာမိက (မဇ္ဈမိက)ဂိုဏ်း ကို ပုံသေ အဓိပ္ပါယ်ဖွင့်ဆိုမှုသည် အကျိုးမပြီးအချည်းနှီးသာလျှင် ဖြစ်၏။
နာဂဇ္ဇုန ၏ ဘဝ
မာဓျာမိက (မဇ္ဈိမက) ဂိုဏ်း ကို တည်ထောင်ခဲ့သော နာဂဇ္ဇုန နှင့်ပတ်သက်၍ ပညာရှင်များ သုံးသပ်ချက် အရ နာဂဇ္ဇုန (၃) ယောက်ရှိခဲပုံရသည်ဟူ၏။
(၁) မဟာယာန ဗုဒ္ဓဘာသာ စတင်ပေါ်ပေါက်ချိန်မှာ ရှိခဲ့သော နာဂဇ္ဇုန
(၂) အေဒီ ၂ ရာစု တွင် မာဓျာမိက (မဇ္ဈိမက) ဂိုဏ်း ကို အမှန်တကယ်တည်ထောင်ခဲ့သော နာဂဇ္ဇုန
(၃) အေဒီ ၈-၉ ရာစုတစ်ဝိုက်က ပေါ်ပေါက်ခဲ့သော အဂ္ဂိရတ်ပညာရှင် မဟာသိဒ္ဓိရှင် နာဂဇ္ဇုန
တိဗက်ဗုဒ္ဓစာပေအစဉ်အလာက ဤ နာဂဇ္ဇုန (၃) ယောက် ကို တစ်ဦးတည်းသော ပုဂ္ဂိုလ်အဖြစ် လက်ခံယုံကြည်ကြ၏။
ရှေးဟောင်းဒဏ္ဍာရီအဆိုအရ နာဂဇ္ဇုန သည် နာမည်ကျော် ၀ိမလကိတ္တိနိဒ္ဒေသ သုတ် တွင် မဟာယာနတရားတော်များ ဆွေးနွေးခဲ့သော လိစ္ဆ၀ီမင်းသား ပီယဒဿန ဖြစ်ခဲ့သည်ဟုဆိုကြသေးသည်။ သကျမုနိဗုဒ္ဓရှင်တော်က မိမိ ပရိနိဗ္ဗာန်ပြု တော်မူပြီး နှစ်ပေါင်း (၄၀၀) ခန့် ကြာလျှင် တောင်ပိုင်းတွင် နာဂ အမည် ဖြင့် ရဟန်းတော် တစ်ပါးပေါ် ထွန်းလာမည် ဖြစ်ပြီး ဗုဒ္ဓတရားတော်များ ကို အနက်မှန် ပြန်ဖွင့်ဆို မည် ဖြစ် ကြောင်း ကို ဗျာဒိတ်ပေးတော်မူခဲ့ ကြောင်း ယုံကြည်ကြ လေသည်။
နာဂဇ္ဇုန သည် အိန္ဒယနိုင်ငံတောင်ပိုင်း ကောသလ ၀ိဒါဗ္ဗ မှာ ဗြဟ္မဏမိသားစု တစ်ခုတွင် မွေးဖွားခဲ့ပါသည်။ သူအသက် (၇) နှစ် အရွယ်တွင် ကွယ်လွန်မည် ဖြစ်ကြောင်း ပုဏ္ဏားတော်များက ဟောကြားခဲ့သောကြောင့် သူမိဘများ ၏ သဘော တူညီမှု ဖြင့် ငယ်ရွယ်စဉ်က ပင် သာသနာ့ဘောင်ကို ၀င်ရောက်ခဲ့ပြီး ဂင်္ဂါမြစ်ဝှမ်းဒေသတွင် ရှိသော နာလန္ဒာတက္ကသိုလ် သို့ သွားရောက်ပြီး ရာဟုလာဘဒ္ဒ ထံတွင် တပည့်ခံကာ ပညာသင်ကြားခဲ့သည်။ နာဂဇ္ဇုန သည် (သဗ္ဗတ္တိဝါဒ) ဗုဒ္ဓဘာသာ ၏ ပိဋကတ် (၃) ပုံ ကို တစ်ဖက်ကမ်းခတ် သင်ကြားတတ်မြောက်ပြီး နာဂဇ္ဇုန ၏ ပညာဥာဏ် ဂုဏ်သတင်း ကျော်ကြားမှုသည် နာဂလောက ထိ ရောက်ရှိ ခဲ့ လေသည်။
နာဂဇ္ဇုန သည် နာဂလောက ကို အစိုးရသော ဘုရင်၏ ဖိတ်ကြားချက်ကြောင့် သမုဒ္ဒရာအောက်လောက မှာ ရှိသော နာဂလောက (နဂါးပြည်) သို့ ရောက်ရှိသွားခဲ့ပြီး ပညာပါရမိတာသုတ္တန် ဂန္ဓဗျူဟာသုတ္တန် ရတနာကူဋသုတ္တန် စာပေများ ကို လူ့ပြည် သို့ သယ်ဆောင်ခဲ့ကြောင်း အစဉ်အလာ ယုံကြည်ကြ၏။ ထိုကာလမှာ စတင်၍ နာဂဇ္ဇုန (နာဂ တို့ ၏ အကူအညီ ဖြင့် အောင်မြင်ပြီးမြောက်သူ) ဟူသော နာမပညတ်တွင်ခဲ့ပါသည်။
မာဓျာမိက(မဇ္ဈမိက) ဂိုဏ်း ၏ အဓိက ကျမ်းစာ များ
နာဂဇ္ဇုန ရေးသားခဲ့ သော မာဓျာမိက(မဇ္ဈမိက) ဂိုဏ်း ၏ အဓိက ကျမ်းစာ များ ကို အောက်ပါအတိုင်း တွေ့ရပါသည်။
(၁) မဇ္ဈမိက ကာရိကာ (နာဂဇ္ဇုန ပြုစုတော်မူသော ပညာပါရမိတာသုတ္တန် အဖွင့် ကျမ်း ဖြစ်ပြီး ဗုဒ္ဓ၀ါဒ ၏ အစွန်းပယ်သော အလယ်လမ်းစဉ်ကို ၄၄၉ ဂါထာ ပါ အခန်း-ပကာရဏပေါင်း ၂၇ ခု ဖြင့် လင်းပြထားလေသည်)
· မဇ္ဈမိက ကာရိကာ ၏ အဖွင့် ကျမ်းများ
(၂) အကုတောဘယ (နာဂဇ္ဇုန ပြုစုတော်မူသော အဋ္ဌကထာ)
(၃) မူလ မဇ္ဈမိက ၀ီထိ (ဗုဒ္ဓပါလိတ ပြုစုတော်မူသော အဋ္ဌကထာ)
(၄) ပညာပဒီပ (ဘာ၀၀ိဝေက ပြုစုတော်မူသော အဋ္ဌကထာ)
(၅) ပရသန္နပဒ (စန္ဒကိတ္တိ ပြုစုတော်မူသော အဋ္ဌကထာ)
(၆) ဒွါဒသ ဒွါရသျှတ္တရ (အခန်း-ပကာရဏပေါင်း ၁၂ ခု ဖြင့် သုညတဒဿနအမြင် ကို ရှင်းပြထား)
(၇) သုညတ သတ္တတိ ( ဂါထာ ၆၆ ပိုဒ် ဖြင့် သုညတဒဿနအမြင် ကို ရှင်းပြထား)
(၈) ၀ိဂ္ဂဟဗျာဗတ္တနီ ( ဟိန္ဒူညာယဂိုဏ်း ၏ ဝေဖန်ချက်များကို ပြန်လည်ချေပခြင်း)
(၉) ယုတ္တိသတ္တိကာ
(၁၀) ဝေဒလ္လသုတ္တပကာရဏ
(၁၁) မဟာပညာပါရမိတာဥပဒေသသျှတ္တရ
(၁၂) သုလေခါ
(၁၃) ရတနာဝလီ
(၁၄) မဟာယာန၀ိံသိကာ
(၁၅) ပဋိစ္စသမုပ္ပါဒ ဟဒယ ကာရိကာ
(၁၆) စတုတတွ
(၁ရ) ဗျာဗဟာရသိဒ္ဓိ ( သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ နှစ်ပါး အလျှော်ဖြစ်ကြောင်းပြဆိုချက်)
အိန္ဒိယနိုင်ငံတွင် မဇ္ဇျမိက ဂိုဏ်း တိုးတက်ဖြစ်ထွန်းလာပုံ
နာဂဇ္ဇုန၏ နောက် တွင် သူ့ ပညာအမွေကို ဆက်ခံသူ ဒဿနပညာရှင်မှာ အရိယဒေ၀ (အေဒီ ၁၇၀-၂၇၀) ဖြစ်သည်။ အရိယဒေ၀ သည် သီဟိုဠ် ဘုရင်တစ်ပါး၏သားတော် အဖြစ်မွေးဖွားခဲ့သူဖြစ် သည်။ (ဒဏ္ဍာရီ မှတ်တမ်း အရ ကြာပန်း အတွင်း ဖွားမြင်သူ အဖြစ် မှတ်တမ်းတင်ထားသည်)။ အရိယဒေ၀ သည် ငယ်ရွယ်စဉ် အခါကပင် ထီးနန်း အမွေကို ရရှိစိုးစံ နိုင်ခဲ့သော်လည်း လောကီလူသား ဘ၀ကို စက်ဆုပ်ရွံရှာသောကြောင့် ထီးနန်းစည်းစိမ် နှင့် ပြည်သူ ကို စွန့်ခွာ၍ အိန္ဒိယ ပြည်တောင်ပိုင်းသို့ ရောက်ရှိလာပြီး တရားဓမ္မ ကို လှည့်လည်ရှာဖွေခဲ့၏။ အရိယဒေ၀ သည် နာဂဇ္ဇုန နှင့် တွေ့ဆုံ ရဟန်းပြုခဲ့သည်။ အရိယဒေ၀ သည် နာဂဇ္ဇုန ၏ တပည့်သာဝကများ အနက် အထူးချွန်ဆုံး ဖြစ်ခဲ့ပြီး ဆရာအရှင့် ခြေရာ ကို ပင် နင်းနိုင်သူ အဖြစ် ဆိုကြ၏။ (အရိယဒေ၀ သည် ကဏှရိပ မည်သော မဟာသိဒ္ဓိရှင်ယောဂီ ဖြစ်သွားကြောင်းလည်း ဆိုကြပါသည်)
အရိယဒေ၀ ၏ ဘ၀ ဖြစ်စဉ်တွင် ထူးခြားသော ဖြစ်ရပ်မှာ ဗြဟ္မဏပညာရှင် အရိယသူရိယ ကို အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ အရိယသူရိယ သည် သီဝနတ်ဘုရား ကို ကိုးကွယ်သော ဗြဟ္မဏပညာရှင် ဖြစ်ပြီး ဗုဒ္ဓ၀ါဒ နှင့် ဗြဟ္မဏ၀ါဒ နှစ်မျိုး စလုံး ကျွမ်းကျင်တတ်မြောက်သူဖြစ်သည်။ နာလန္ဒတက္ကသိုလ် ကို ရောက်ရှိလာ၍ ဗုဒ္ဓ၀ါဒီ ရဟန်းတော်များ ကို ၀ါဒပြိုင်ဆိုင် အနိုင်ယူပြီး နာလန္ဒတက္ကသိုလ် ကို စိုးမိုးနေလေ၏။ ဗုဒ္ဓ၀ါဒီ ရဟန်းတော်များကို လည်း ဗြဟ္မဏ၀ါဒ ကို သာ လေ့လာ သင်ကြားစေလေရာ ရဟန်းတော်များ အလွန်စိတ်မချမ်းမြေ့ ကြပဲ အရှင်နာဂဇ္ဇုန ထံ အကြောင်းကြား အကူအညီ တောင်း ကြလေ၏။ အရှင်နာဂဇ္ဇုန လည်း မိမိ ကိုယ်တိုင် မသွားရောက်လိုပဲ တပည့်ဖြစ်သူ အရိယဒေ၀ ကို နည်းနာ နိဿယ များ လေ့ကျင့်သင်ကြားပေးလျှက် နာလန္ဒတက္ကသိုလ် ကို စေလွှတ်လိုက်လေ၏။
အရိယဒေ၀ သည် လမ်းခရီးတွင် သူဖုန်းစားတစ်ဦး က မျက်စိ ကို အလှူခံရာတွင် မိမိ ၏ ဗောဓိသတ္တ ကျင့်စဉ်အတိုင်း လှူလိုက်သော ကြောင့် မျက်စိတစ်ဖက်လပ် ဖြစ်ခဲ့ရသည်။ နာလန္ဒတက္ကသိုလ် ကို ရောက်ရှိသော အခါ ဗြဟ္မဏပညာရှင် အရိယသူရိယ ကို ၀ါဒ အခြေအတင်ပြု အနိုင်ယူ နိုင်ခဲ့သည်။ ဗြဟ္မဏ၀ါဒ ၏ အားနည်းချက်များ ကို ဖေါ်ပြထိုးနှက် သော စတုသတက ကျမ်း ကို ရေးဖွဲ့ ကာ ဗုဒ္ဓ၀ါဒီ ရဟန်းတော်များကို လည်း ဗုဒ္ဓ ဓမ္မ ကို သာ ပြန်လည် လေ့လာသင်ကြားစေခဲ့ သည်ဟု ဆိုသည်။
ပရသင်္ဂ ဂိုဏ်း နှင့် သတန္တရ ဂိုဏ်း
တိဗက် ဗုဒ္ဓစာပေ ပညာရှင်များသည် အိန္ဒိယနိုင်ငံတွင် ဖြစ်ပေါ်တိုးတက်ပေါ်ပေါက်ခဲ့သော မဇ္ဇျမိက ဂိုဏ်း ကို ဂိုဏ်းကွဲ များ ဂိုဏ်းလက်တက်များစွာ အမဖြစ် ခွဲခြမ်းစိတ်ဖြာ တင်ပြထားပါသည်။ နာဂဇ္ဇုန နှင့် အရိယဒေ၀ တို့ နောက်ပိုင်းတွင် မူလ မဇ္ဇျမိက ဂိုဏ်း မှ ပရသင်္ဂ ဂိုဏ်း နှင့် သတန္တရ ဂိုဏ်း (၂) ခု ကွဲပြား သတန္တရ ဂိုဏ်း မှ တစ်ဆင့် သုတ္တန္တိက- သတန္တရ ဂိုဏ်း နှင့် ယောဂစာရ- သတန္တရ ဂိုဏ်း နှစ်ဂိုဏ်း ထပ်မံကွဲပြားခဲ့သည်။
ပရသင်္ဂ ဂိုဏ်း နှင့် သတန္တရ ဂိုဏ်း (၂) ခု ကွဲပြားမှု ၏ အခြေခံ အချက် မှာ သတန္တရ ဂိုဏ်း သည် သမ္မုတိတရား တို့ ၏ သဘာဝအရှိသဘော ကို လက်ခံ ၍ ဆန့်ကျင်ဖက်အမြင်များ ကို ဝေဖန်ရာတွင် ကိုယ်ပိုင်ရပ်တည်ချက် (သတန္တရ ) ကို အခြေခံ ထား၍ ထိုးနှက်တိုက်ခိုက်၏။ ပရသင်္ဂ ဂိုဏ်း မှာ မူ သမ္မုတိယတရား နှင့် ပရမတ္ထတရား ဟူသမျှတို့ ၏ ပင်ကိုယ် သဘာဝအရှိသဘော ကို လက်မခံ သလို ဆန့်ကျင်ဖက်အမြင်များ ကို ဝေဖန်ရာတွင် လည်း ကိုယ်ပိုင် ရပ်တည်ချက် မစွဲ ကိုင်ပဲ ဆန့်ကျင်ဖက်အမြင်များ ၏ မှားယွင်းဖေါက်ပြန်သော ယုတ္တိအကျိုးဆက်များ (ပရသင်္ဂ) ကို လင်းပြခြင်း ဖြင့် ချေမှုန်း ပါသည်။
ပရသင်္ဂ ဂိုဏ်း ကို စတင်တည်ထောင်ခဲ့သူမှာ ဗုဒ္ဓပါလိတ (အေဒီ ၄၇၀-၅၄၀) ဖြစ်လေသည်။ ဗုဒ္ဓပါလိတ သည် အိန္ဒိယနိုင်ငံ တောင်ပိုင်း တမ္ဘာလ ဒေသ မှ ပသန္နမူလမြို့တွင် နေထိုင်သော ဗြဟ္မဏမိသားစုတစ်စု မှ ပေါက်ဖွားခဲ့သည်။ ဗုဒ္ဓပါလိတ သည် နာဂမိတ္တ၏ တပည့်ဖြစ်သော ဘိက္ခု သံဃရိက္ခတ ထံ တွင် ပိဋကတ်စာပေများ ကို သင်ကြားခဲ့ ပြီး ဗုဒ္ဓပါလိတ သည် နာဂဇ္ဇုန ၏ မူလမဇ္ဇျိမက ကာရိကာ ကျမ်း၏ အဖွင့် ဋီကာ တစ်စောင်ရေးခဲ့ (ယင်းကျမ်းသည် တိဗက်ဘာသာပြန် သာ ကျန် ရှိလေသည်)။ ဗုဒ္ဓပါလိတ ၏ နည်းစံနစ် မှာ ၀ါဒပြိုင်သူ ကို သီးခြား ယုတ္တိ ဆင်ခြေများ တည်ဆောက် တိုက်ခိုက်ခြင်း မပြုပဲ တစ်ဖက်ဝါဒ ၏ ယုတ္တိ ကွင်းဆက် (ပရသင်္ဂ) ကို သာ ဖေါ်ဆောင် ချေဖျက်သော နည်း ဖြစ်၏။ ပရသင်္ဂ နည်းဗေဒ သည် နှောင်းကာလ မဇ္ဇျမိက ဂိုဏ်း ကို များစွာ လွှမ်းမိုး ခဲ့လေသည်။
သတန္တရ ဂိုဏ်း ကို ထူထောင်ခဲ့သူမှာ ဘာ၀၀ိဝေက (အေဒီ ၅၀၀-၅၇၀) ဖြစ်ပြီး ဗုဒ္ဓပါလိတ၏ ပရသင်္ဂ နည်းဗေဒ ကို တုန့်ပြန်ဝေဖန် ၍ ပေါ်ပေါက်လာခဲ့သည်ကို တွေ့ ရသည်။ ဘာ၀၀ိဝေက သည် အန္ဓာရတိုင်း (ဓညက တက အနီး) တွင် ဖွားမြင်ခဲ့သည်။ ဗုဒ္ဓပါလိတ ၏ ပရသင်္ဂ ဂိုဏ်း အမြင်ကို ဝေဖန်ထိုးနှက်ခဲ့သော ဘာ၀၀ိဝေက ၏ စာပေလက်ရာများ (ပညာပဒီပ-မဇ္ဇျမက ဟဒယ-တက္ကဇာလ စသော ကျမ်းဂန်များ) သည် တရုပ် နှင့် တိဗက်ဘာသာပြန် အနေဖြင့်သာ ကျန်ရှိခဲ့လေသည်။ ယင်း လက်ရာများ ကို လေ့လာ လျှင် ဘာ၀၀ိဝေက သည် ဗြဟ္မဏမျိုးရိုးမှ ဆင်းသက်၍ ဗြဟ္မဏ စာပေ နှင့် ဒဿန၀ါဒ များ ကို အထူး ကျွမ်းကျင်သူ ဖြစ်ကြောင်း တွေ့ ရသည်။ ဤ ကျမ်းဂန်များ တွင် ဘာ၀၀ိဝေက သည် ဗုဒ္ဓ၀ါဒ သာမက အခြားသော ခေတ်ပြိုင် အယူအဆ မျိုးစုံ၏ သမိုင်း ကိုလည်း မှတ်တမ်းခဲ့လေသည်။ ဗုဒ္ဓပါလိတ ၏ ပရသင်္ဂ ဂိုဏ်း နှင့် ကွဲပြားခြားနားလျှက် ဆန့်ကျင်ဖက်အမြင်များ ကို ဝေဖန်ရာတွင် ကိုယ်ပိုင်ရပ်တည်ချက် (သတန္တရ ) ကို အခြေခံ ထား သော ဝေဖန်ဆန်းစစ်နည်း ကို ဖေါ်ထုတ်ခဲ့သည်။
လမင်းပမာ ထွန်းလင်းတောက်ပခဲ့သူ စန္ဒကိတ္တိ
ဘာ၀၀ိဝေက နောက် ပေါ်ပေါက်ခဲ့သော မဇ္ဇျိမက ဂိုဏ်း ပညာရှင်ရဟန်းတော်မှာ စန္ဒကိတ္တိ (အေဒီ ၆၀၀-၆၅၀) ဖြစ်သည်။ မဟာယာနဗုဒ္ဓဒဿန နယ်ပယ်တွင် နာဂဇ္ဇုန သည် နေမင်းကြီးပမာ ဖြစ်လျှင် စန္ဒကိတ္တိ သည် လမင်းကြီး ပမာ ထွန်းလင်း တောက်ပခဲ့သူ ဖြစ်လေသည်။ စန္ဒကိတ္တိ သည် ဗုဒ္ဓပါလိတ ကို ကာကွယ် ၍ ဘာ၀၀ိဝေက ကို ပြန်လည် ဝေဖန်ခဲ့ ပရသင်္ဂ ဂိုဏ်း အမြင်ကို အတည်ဖြစ်စေခဲ့ လေ၏။
စန္ဒကိတ္တိ သည်လည်း အခြားပညာရှင်များ နည်းတူ အိန္ဒိယပြည်တောင်ပိုင်းသား ဖြစ်၏။ သမန္တ မည် သော အရပ်၌ မွေးဖွား ခဲ့သည်။ စန္ဒကိတ္တိ သည် ဗုဒ္ဓပါလိတ၏ တပည့်သာဝက ဖြစ်သော ကမလဗုဒ္ဓိ ထံတွင် ရဟန်းပြုကာ ပိဋကတ် စာပေများ ကို သင်ကြားခဲ့သည်။ ထို့နောက် နာလန္ဒာတက္ကသိုလ် သို့ ရောက်ရှိလာပြီးနောက် နာလန္ဒ ၏ ပါမောက္ခချုပ် ရာထူး ကို ရခဲ့၏။ ထိုတက္ကသိုလ် တွင် နေထိုင်စဉ် ယောဂစာရ ဒဿနပညာရှင် စန္ဒဂေါမိန္ဒ နှင့် (၇) နှစ်ကြာ ၀ါဒ စစ်ထိုး ပြိုင်ဆိုင် ခဲ့ ၏။ စန္ဒကိတ္တိ သည် ဒဿနပညာ အပြင် အဘိညာဉ် တန်ခိုးရှင် အဖြစ်လည်း ကျော်ကြားသူ ဖြစ်သည်။ ပန်းချီ ရေးဆွဲထား သော နွားမပုံ ကားချပ် ထံ မှ နွားနို့ညစ်ပြ ခဲ့ သည်ဟု ဆို၏။ နာလန္ဒာတက္ကသိုလ် ကို လာရောက်ခြိမ်းခြောက် သော တူရကီ စစ်တပ် ကို လည်း ကျောက်ခြင်္သေ့ ဖန်ဆင်း၍ တားဆီးကာကွယ် ခဲ့ သည်ဟု ဆို၏။ တောရဆောက်တည် လျှက် ကမ္မဋ္ဌာန်း အားထုတ်နေစဉ် တောမီးလောင်ကျွမ်းရာ စန္ဒကိတ္တိ ၏ သင်္ကန်းကိုသော်မှ မီးမခ ခဲ့ သည်ဟု ဆို၏။
စန္ဒကိတ္တိ ရေးသားဖွင့်ဆိုခဲ့သော ပသန္နပဒ (မူလမဇ္ဇျိမက ကာရိကာ ကျမ်း၏ အဖွင့် ဋီကာ) သည် မူရင်းသက္ကဋ ဘာသာနှင့် ကြွင်းကျန်ရစ်သော တစ်ခုတည်းသော လက်ရာဖြစ်လေသည်။ သူ၏ မဇ္ဇျိမကာဝတာရ နှင့် ယင်း၏ အဖွင့် ဘာသာဋီကာ ကျမ်းများ သည်ကား တိဗက် ဘာသာပြန် အနေနှင့်သာ ကျန်ရစ်တော့၏။ မဇ္ဇျိမကာဝတာရ ကျမ်း သည် မဇ္ဇျမိကဂိုဏ်း ၏ သုညတာဒဿန အမြင် နှင့် မဟာယာနဗုဒ္ဓဘာသာ၏ ဗောဓိသတ္တ လမ်းစဉ် ကို ပေါင်းဆက်စပ်တင်ပြထားသော ကျမ်းစာ ဖြစ်၏။ ယနေ့ခေတ်ကာလအထိ တိဗက် မဟာယာနဗုဒ္ဓဘာသာ၏ အမြင့်ဆုံးဓမ္မအမြင် (Pinnacle View on Reality) ကို စန္ဒကိတ္တိ ရေးသားဖွင့်ဆိုခဲ့သော ပသန္နပဒ ကျမ်း၏ စံဖြင့်တိုင်းတာဆဲ ဖြစ်၏။ မွန်ဂိုလီယား မှ ကက်စပီယန်ပင်လယ်အထိ ကျယ်ပြန့်သော တိဗက် မဟာယာနဗုဒ္ဓဘာသာ ယဉ်ကျေးမှုနယ်မြေကြီး တစ်ခွင်လုံးတွင် မာဓျာမိကဗုဒ္ဓဒဿနအမြင် ကိုသာ ဓမ္မအသိဥာဏ်ပညာလှေခါး၏ အထွဋ်အထိပ် အဖြစ် သတ်မှတ်ကာ လေ့လာဆည်းပူး နေကြပါသည်။
စန္ဒကိတ္တိ နောက် ပေါ်ပေါက်သော ထင်ရှားသည့် ပရသင်္ဂ ဂိုဏ်း အယူ ကို တင်ပြခဲ သူမှာ သန္တိဒေ၀ (အေဒီ ၆၉၅-၇၄၃ ) ဖြစ်၏။ သန္တိဒေ၀ သည် ဗောဓိသတ္တ ၏ ပါရမီ (၁၀) ပါး ကျင့်စဉ် ကို ဖေါ်ပြသော ဗောဓိစာရာဝတာရ ကျမ်း နှင့် သိက္ခသမုစ္စယ ကျမ်း တို့ ပြုစုခဲ့၏။
မာဓျာမိက(မဇ္ဈမိက)ဂိုဏ်း ၏ နောက်ဆုံး တိုးတက်ဖြစ်ထွန်းမှု ကို သန္တရက္ခိတ နှင့် ၎င်း၏ တပည့် ကမလာသီလ (အေဒီ ၈ ရာစု) တို့ ၏ စာပေလက်ရာများ (မဇ္ဇျိမကာလင်္ကာရ၊ မဇ္ဇျိမကာလောက နှင့် ဘာဝနာကမ္မ) တွင် တွေ့ရလေသည်။ သန္တရက္ခိတ သည် ယောဂစာရဗုဒ္ဓ၀ါဒအမြင် များ ကို မဇ္ဇျိမက ဂိုဏ်း ၏ ဝေဖန်ပိုင်းဖြတ်စိတ်ဖြာမှု ဆိုင်ရာသဘောများ နှင့် ပေါင်းစပ်ခဲ့သည်။ လောကသမ္မုတိယတရား များ ၏ အရှိသဘော နှင့် ဖြစ်ပေါ်ပြောင်းလဲ မှု အစဉ်ကို ( ဗဟိဒ္ဓရုပ်လောက သည် အဇ္ဈတ္တ နာမ်တရားစုများ ကို တည်မှီနေကြောင်း) ယောဂစာရဗုဒ္ဓ၀ါဒအမြင် များ အားဖြင့် ရှင်းပြခဲ့ ပါ၏
သဗ္ဗတ္တိဝါဒဂိုဏ်း၏ သ-ဘာဝအရှိဝါဒ
မာဓျာမိက(မဇ္ဈမိက)ဂိုဏ်း ၏ အမြင် ကို သိမြင်ရန်အတွက် သဗ္ဗတ္တိဝါဒဂိုဏ်း၏ သ-ဘာဝအရှိဝါဒကို ဦးစွာ သဘော ပေါက်ရန်လိုပါသည်။ သဗ္ဗတ္တိဝါဒဂိုဏ်း သည် ရှေးဟောင်း ထေရ၀ါဒဂိုဏ်းမှ ကွဲထွက်လာသော ဟီနယာန ဂိုဏ်းတစ်ခု ဖြစ်ပြီး မထုရာနယ်တွင် အခြေစိုက်ကာ စည်ပင်ကြီးထွားခဲ့ သော ဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခုဖြစ်၏။ သဗ္ဗတ္တိဝါဒဂိုဏ်းဝင် တို့ သည် ၀ိဘာသာ ဟုခေါ်သော အဘိဓမ္မာ နှင့် အဖွင့်ကျမ်းများစွာ ကို ရေးသားစီရင်၍ ထေရ၀ါဒဂိုဏ်း နှင့်မတူသော သီးခြား အဘိဓမ္မာ စာပေ အစဉ်အလာ ကို ထူထောင်ခဲ့ကြလေသည်။
သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အမြင်တွင် လောက အရှိတရား များ ကို နယ်ပယ်နှစ်ရပ် ခွဲ ခြား သတ်မှတ်ထားသည်ကို တွေ့ ရ၏။
(၁) သမ္မုတိ (ပညတ္တိ) အရှိတရားများ (စားပွဲ ကုလားထိုင် သစ်ပင် လူ စသည်)
(၂) ပရမတ္ထ (ဒဗ္ဗ) အရှိတရားများ ( ပထ၀ီ အာပေါ တေဇာ ၀ါယော အာကာသ ၀ိညာဏ စိတ္တ စေတသိက)
စားပွဲ ကုလားထိုင် သစ်ပင် လူ စသည့် သမ္မုတိ (ပညတ္တိ) အရှိတရားများ သည် အမှန်စင်စစ် ရှိသော အရှိတရားများ မဟုတ်ပဲ အစိတ်အပိုင်း သဘောများ ပေါင်းစပ်စုဝေး နေမှု ကို နာမပညတ်တင် သတ်မှတ်ထားခြင်း ဖြစ်သည်။
ကုလားထိုင် တစ်လုံး ဆိုပါစို့။ ကုလားထိုင် ဟူသော အမည်နာမပညတ် နှင် အသွင်သဏ္ဍာန်သည် ခွဲခြမ်း စိတ်ဖြာ လေ့လာ ကြည့်ပါက အမှန်စင်စစ် အရှိတရား မဟုတ်ကြောင်းတွေ့ ရပေမည်။ ကုလားထိုင်ဟူသည် ခြေထောက် လေးချောင်း ထိုင်ရန် ပျဉ်ချပ် နှင့် နောက်မှီရန် ပျဉ်ချပ် တို့ ကို ပေါင်းစပ်ဖွဲ့စည်းထားသော အစုအစည်း အသွင်သဏ္ဍာန် ဖြစ်သည်။ ကုလားထိုင်တွင် ပေါင်းစပ်ပါဝင်နေသော အစိတ်အပိုင်းများ ကို သီးခြားစီခွဲထုတ်လိုက်ပါလျှင် ကုလားထိုင် ဟူသော အရှိတရား ကို သီးခြားရှာဖွေ မတွေ့ နိုင်ပေ။
ကုလားထိုင်၏ အရှိသဘောသည်
· ပေါင်းစပ်ပါဝင်နေသော အစိတ်အပိုင်းများ၏ ပြင်ပတွင်လည်းမရှိပါ။
· ပေါင်းစပ်ပါဝင်နေသော အစိတ်အပိုင်းများတစ်ခုချင်းစီ၏ အတွင်း ထဲတွင်လည်း မရှိပါ။
· ပေါင်းစပ်ပါဝင်နေသော အစိတ်အပိုင်းများ ကို စုပုံထားချင်း တွင်လည်း မရှိပါ။
· စင်စစ်အားဖြင့် ကုလားထိုင် ဟူသော အရာတွင် ပေါင်းစပ် ပါဝင် နေသော အစိတ်အပိုင်းများ အချင်းချင်း တိကျသော ဆက်သွယ်ပေါင်းစပ်မှု အား ဖြင့်သာလျှင် ကုလားထိုင် ဟူသော နာမပညတ် သတ်မှတ်ထား ခြင်း ဖြစ်သည်။
ဆက်လက်၍ ခွဲခြမ်းစိတ်ဖြာလျှင် ပေါင်းစပ်ပါဝင်နေသော အစိတ်အပိုင်းများဖြစ်သော (ခြေထောက် လေးချောင်း ထိုင်ရန် ပျဉ်ချပ် နှင့် နောက်မှီရန် ပျဉ်ချပ်) စသည် တို့ သည်ပင် ပိုမို သေးငယ်သော ရုပ် အနုမြူ များ ဖြင့် ပေါင်းစပ် ဖွဲ့စည်းထား ခြင်း ဖြစ်လေသည်။ ခြေထောက် လေးချောင်း ထိုင်ရန် ပျဉ်ချပ် နှင့် နောက်မှီရန် ပျဉ်ချပ် တို သည်လည်း နာမ ပညတ်များ သာ ဖြစ်ပြီး ပိုမို သေးငယ်သော ရုပ် အနုမြူ များ ကို အခြေခံ တည်ရှိနေရပေသည်။ ရုပ် အနုမြူ များ တွင် ပထ၀ီ အာပေါ တေဇော ၀ါယော အာကာသ စသော မဟာဘုတ် ရုပ်တရားများ နှင့် အဆင်း အနံ့ အရသာ အထိအတွေ့ စသော ဥပါဒါ ရုပ်တရား များ ပါဝင် ဖွဲ့စည်း နေကြလေသည်။
သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အမြင်တွင် ပထ၀ီ အာပေါ တေဇော ၀ါယော အာကာသ စသော ပရမတ္ထ (ဒဗ္ဗ) အရှိတရား များ သည်သာ အဟုတ်ရှိ အမှန်ရှိ ပကတိရှိသော အစစ်အမှန်တရားများ ဖြစ်ပြီး ၎င်းတို့ ကို တည်မှီ၍ နာမပညတ်တင် သတ်မှတ်ထားရသော အရာမှန်သမျှသည် အစစ်အမှန်အားဖြင့် မရှိသော သမ္မုတိ (ပညတ္တိ) အရှိတရားများ သာ ဖြစ်သည် ဟု ဆိုပါသည်။ ထို့ကြောင့် သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အမြင်တွင် အဟုတ်ရှိ အမှန်ရှိ ဖြစ်သော ပရမတ္ထသစ္စာတရားနှင့် အမည်နာမဝေါဟာရ အားဖြင့်သာ ခေါ်ဝေါ်သမုတ်အပ်၍ အစစ်အမှန်မရှိသော သမ္မုတိသစ္စာတရား ဟူ၍ လောက (၂) ခု ပိုင်းခြားသတ်မှတ်ခဲ့ပါသည်။
သဗ္ဗတ္ထိဝါဒ၏ ကာလသုံးပါး အရှိသဘော အမြင်
မူလဗုဒ္ဓ၀ါဒ၏ အဘိဓမ္မာ အမြင်တွင် ပထ၀ီ အာပေါ တေဇော ၀ါယော အာကာသ စသော ပရမတ္ထတရား များသည် အကြောင်း အထောက်အပံ့တရားများပေါင်းဆုံမှု-ပစ္စယသာမဂ္ဂီသဘော-ကြောင့် ယာယီဖြစ်ပေါ်လာရသော သဘောမျှ (ကြိယာမတ္တ) ဖြစ်သောတရားများ ဖြစ်သည်။ ထိုပရမတ္တတရားများ သည် ဖြစ်လျှင်ဖြစ်ခြင်း တစ်ခဏမျှ လွန်အောင် တည်နေ နိုင်စွမ်းသော အစွမ်းသတ္တိလည်း မရှိမူ၍ ခဏမဆိုင်း ချုပ်ပျက်ပျောက်ကွယ်ကြရသည့် တရားများ ဖြစ်၏။ သို့သော်လည်း သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အမြင်တွင် ယင်း ပရမတ္တတရားများ သည် ကိုယ်ပိုင်ဂုဏ်သတ္တိ သဘာဝအား ဖြင့် ကာလ သုံးပါး (အတိတ်-ပစ္စုပ္ပန်-အနာဂတ်) တစ်လျှောက် ချုပ်ပျောက်ပျက်စီးမှု မရှိပဲ မိမိ သဘာဝလက္ခဏာ အတိုင်း အစဉ်အမြဲတည်နေနိုင်သော ဓမ္မတရားများ ဖြစ်သည်ဟု ဆိုပါသည်။ ပစ္စုပ္ပန်ကာလတွင် တွေ့သိရသော ဓမ္မတရားတစ်ခု သည် ပစ္စုပ္ပန်သဘောလက္ခဏာကို ဆောင်ယူထားသည်ဖြစ်ပြီး ဆို ဓမ္မတရားသည်ပင် ပစ္စုပ္ပန်ကာလ မှ ရွေ့လျော၍ အတိတ် ဖြစ်သွားသောအခါ အတိတ်သဘောလက္ခဏာကို ပြောင်းလဲဆောင်ယူပြန်သည်။ ထိုနည်းတူစွာ ပစ္စုပ္ပန်ကာလ သို့ ရောက်ရှိမလာသေးသော အနာဂတ်ကာလမှ ဓမ္မတရားများ သည်လည်း အနာဂတ်သဘောလက္ခဏာ ကို ဆောင်ယူလျှက် (ကြိုတင်) တည်ရှိနေကြသည်ဟု သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ က ယူဆလေသည်။
ပိုမိုထင်ရှားစေရန် ဥပမာဖြင့်ပြစေဦးအံ့။ လမ်း၏ အကွေ့တစ်လျှောက် စိုက်ထူထားသော အကာအရံ ကျောက်တိုင် များ ကို ကား မီးရောင်ထိုး ပုံကို စဉ်းစားကြည့်ပါ။ အကာအရံ ကျောက်တိုင် များ သည် ည အမှောင် ကာလဖြစ်သော်လည်း ဆိုင်ရာ မိမိတို့ နေရာ အသီးသီး၌ ပကတိအမြဲ တည်ရှိနေသော အရာများ ဖြစ်လေသည်။ ကားမီးရောင်တန်း ကျရောက် သော အခါ အမှောင်ထုထဲမှ ပထမ ကျောက်တိုင် ပေါ်လွင်ထင်ရှားလာသည်။ ထို့နောက် ရွေ့လျားနေသော ကား၏ မီးရောင်ကြောင့် ဒုတိယကျောက်တိုင် ပေါ်လွင်ထင်ရှားလာ ပြီး ပထမ ကျောက်တိုင် မှာ အမှောင်ထု အတွင်း ပြန်လည် ငုပ်လျှိုးပျောက်ကွယ် သွားသည်။ ထို့အတူဆက်လက်၍ တတိယကျောက်တိုင် ပေါ်လွင်ထင်ရှားလာ ပြီး ဒုတိယ ကျောက်တိုင် မှာ အမှောင်ထု အတွင်း ပြန်လည်ငုပ်လျှိုးပျောက်ကွယ် သွားသည်။ ဤနည်းအားဖြင့် စတုတ္တ ပဉ္စမ ဆဋ္ဌမ စသဖြင့် အကာအရံ ကျောက်တိုင် များ သည် ပေါ်လွင်လာလိုက် ပျောက်ကွယ် သွားလိုက် ဖြစ်နေပုံ ကို တွေးကြည့်ပါ။ အကာအရံ ကျောက်တိုင် များသည် မီးရောင်အောက်တွင် အစီအရီ ပေါ်ပေါက်လာသော်လည်း ယင်းတို့သည် နဂိုမူလ ကတည်းက ထိုနေရာတွင် ပကတိရှိနေသော အရာများဖြစ်ကြလေသည်။ ထို့အတူ မီးရောင်လွန်သောအခါဝယ် အမှောင်ထုတွင်းသို့ ပျောက်ကွယ်သွားသော်လည်း ယင်းတို့သည် နဂိုမူလ နေရာတွင် ပျောက်မသွားပဲ ပကတိ ရှိနေသော အရာများဖြစ်ကြလေသည်။
ဤ ဥပမာ အတိုင်း သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အမြင်ကို နားလည်နိုင်သည်။ ရုပ်နာမ်ဓမ္မ သင်္ခတ အသင်္ခတ တရားစု များသည် အကာအရံ ကျောက်တိုင် များကဲ့သို့ ကာလသုံးပါးစလုံး အမြဲရှိ ပကတိရှိ နေသော သ-ဘာဝတရားများ ဖြစ်သည်။ ဓမ္မတရားတစ်ခုသည် ရံခါ၌ အတိတ်အသွင်ကို ဆောင်သည်။ ထို့နောက် (ယင်းဓမ္မတရားသည်ပင်) ပစ္စုပ္ပန် အသွင် ကို ဆောင်သည်။ ထို့နောက် (ယင်းဓမ္မတရားသည်ပင်) အနာဂတ်အသွင် ကို ဆောင်သည်။ ကာလတရား သည် နှိုင်းရသဘော သမ္မုတိသဘော ဖြစ်ပြီး ပြောင်းလဲနေသော်လည်း ကာလသုံးပါးစလုံး အမြဲရှိ ပကတိရှိ နေသော သ-ဘာဝ တရားများ ရုပ်နာမ်ဓမ္မ သင်္ခတ အသင်္ခတ တရားစုများသည် မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) အားဖြင့် အဟုတ်ရှိ တကယ်ရှိနေသော ပရမတ္ထတရားသဘော များ ဖြစ်ကြသည် ဟု သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ က ခံယူပါသည်။
သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ သည် အဟုတ်ရှိတကယ်ရှိနေသော ပရမတ္ထတရားသဘော များ ကို တူညီရာ ဓါတ်သဘာဝ အားဖြင့် စုပေါင်းသိမ်းဆည်းရေတွက်ခြင်း၊ အသေးစိတ် ခွဲခြမ်းဝေဖန်ပြခြင်း၊ ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်ချိန်ထိုးဝေဖန် ဆန်းစစ်ခြင်း၊ အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြခြင်း စသည်တို့ ကို ပြုလုပ် ပါသည်။
သဗ္ဗတ္တိဝါဒဂိုဏ်း၏ မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော အယူအဆ
ဤနေရာတွင် မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော စကားစု ကို ရှင်းပြရန်လိုပါသည်။ သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အလိုအရ ရုပ်နာမ်ဓမ္မ သင်္ခတ အသင်္ခတ တရားစုများသည် တစ်ခုချင်းစီတွင် သီးခြားပိုင်ဆိုင်သော မိမိ ကိုယ်ပိုင် သဘာဝ (Own Nature) ရှိကြသည် ဟု မြင်သည်။ ဥပမာ- ပထ၀ီ ဟူသောမဟာဘုတ်ရုပ်တရားသည် ခက်မာခြင်း ဟူသော မိမိ ကိုယ်ပိုင်သဘာဝ ကို တစ်သီးတစ်ခြား ပိုင်ဆိုင်သည်။ ထို့အတူ အာပေါ၊တေဇော၊၀ါယော၊ အာကာသ စသော မဟာဘုတ်ရုပ်တရားများသည် ယိုစီးစေးဖွဲ့ခြင်း၊ လောင်မြိုက်ရင့်ကျက်ခြင်း၊ တွန်းထိုးထောက်ကန်ခြင်း၊ အခုအခံမဲ့ခြင်း စသော ဆိုင်ရာ မိမိ ကိုယ်ပိုင်သဘာဝများ ကို တစ်သီးတစ်ခြား ပိုင်ဆိုင်ကြသည် ဟု ယူဆပါသည်။ သဗ္ဗတ္တိဝါဒဂိုဏ်း၏ အဘိဓမ္မာ အလိုအရ လောကသမ္မုတိယ တရားများဖြစ်သော အစုအဝေး သဘောများ (လူ သတ္တ၀ါ အရာဝတ္တုပစ္စည်းများ) သည် မိမိ ကိုယ်ပိုင်သဘာဝ (Own Nature)မရှိသော အရှိယောင်အသွင်သဏ္ဍာန် ပညတ်တရားများ ဖြစ်ကြ၍ ရုပ်နာမ်ဓမ္မ သင်္ခတ အသင်္ခတ တရားစုများသည်သာ မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ရှိသော အဟုတ်အမှန်ရှိ ပညတ်ခံတရား များ (၀ါ) ပရမတ္တအရှိသဘာဝတရားများဖြစ်ကြပြီး ယင်းတို့ သည် ကာလသုံးပါးစလုံး အမြဲတည်နေသည် ဟု ဆိုပါသည်။
မဇ္ဇျမိကဂိုဏ်း ၏ အဓိကပစ်မှတ်သည်ကား သဗ္ဗတ္တိဝါဒဂိုဏ်း၏ မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော အယူအဆ ဖြစ်လေသည်။ မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော အယူအဆသည် မူလဗုဒ္ဓဓမ္မ၏ အမြင်မဟုတ်ပဲ ဗြဟ္မဏ၀ါဒီ တို့၏ ထာဝရခိုင်မြဲသော အတ္တ (Eternal Self) အမြင် ကို သာ ကိုယ်စားပြုနေသည်ဟု မဇ္ဇျမိက ဂိုဏ်း က မြင်ပါသည်။
မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော စကားရပ် သည် အောက်ပါ အနက်အဓိပ္ပါယ်များ ကိုလည်း ရည်ညွှန်းနေ ပါသည်။
· အစစ်အမှန် တည်ရှိနေခြင်းဘော (Truly existing)
· အဆုံးစွန်သောသဘောဖြင့်တည်ရှိနေခြင်းသဘော (Ultimately existing)
· ပကတိအနှစ်သာရအားဖြင့် တည်ရှိနေခြင်းသဘော (Inherently existing)
· အမှီအခိုအထောက်အပံ့ကင်းလျှက် တည်ရှိနေခြင်းသဘော (Independently existing)
· မပြောင်းမလဲသောသဘောအားဖြင့် တည်ရှိနေခြင်းသဘော (Absolutely existing)
· ဓမ္မဓိဋ္ဌာန်သဘောအားဖြင့် တည်ရှိနေခြင်းသဘော (Existing from Its own side)
· အဟုတ်အမှန်သဘာဝအားဖြင့် တည်တံ့နေခြင်းသဘော (Really Established)
မာဓျာမိက (မဇ္ဈမိက)ဂိုဏ်း သည် သဗ္ဗတ္တိဝါဒဂိုဏ်း၏ မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော အယူအဆ ကို ချေမှုန်းပယ်ရှား လျှက် သိနိုင်သမျှသော ပညတ် ပရမတ် သင်္ခတ အသင်္ခတ ဘာဝ အဘာဝ တရားစုအားလုံး ၏ သဗ္ဗတ္တိဝါဒဂိုဏ်း၏ မိမိ ကိုယ်ပိုင်သဘာဝ မှ ဆိတ်သုဉ်းမှုသဘော (Emptiness of Own Nature) နှင့် အရာခပ်သိမ်း၏ အပြန်အလှန်ထောက်ပံ့ စွဲမှီဖြစ်ပွားမှုသဘော (Interdependent Origination) အမြင်တို့ ကို ထွန်းလင်းပြခဲ့ပါသည်။
မှားယွင်းဖေါက်ပြန်စွာ သိမှု အလွှာ (၂) ခု
မာဓျာမိက(မဇ္ဈမိက)ဂိုဏ်း ၏ ဒဿနအမြင် အရ မိမိ ကိုယ်ပိုင်သဘာဝ (Own Nature) ဟူသော အယူအဆ သည် စွဲလန်း တပ်မက်မှု မှန်သမျှ၏ အရင်းအမြစ် ဖြစ်သည်။ အ၀ိဇ္ဇာ ၏ မှားယွင်းဖေါက်ပြန်စွာ သိမှု ဖြစ်သည်။ အရာခပ်သိမ်း၌ မိမိ ကိုယ်ပိုင်သဘာဝမှ ဆိတ်သုဉ်းမှုသဘော-သုညတာ (Emptiness of Own Nature)ကို “မြင်ခြင်း”သည် စွဲလန်းတပ်မက်မှု မှန်သမျှ၏ အရင်းအမြစ် ကို ဖြတ်တောက် ပစ်သော ၀ိဇ္ဇာဥာဏ်ပညာ ဖြစ်လေသည်။ နှောင်းကာလ မဇ္ဇျိမကဒဿန ပညာရှင်များ က မှားယွင်းဖေါက်ပြန်စွာ သိမှု ကို အလွှာ (၂) ခု ခွဲသည်။
(၁) ပထမ အလွှာမှာ သတ္တ၀ါ အားလုံး ၏ သဏ္ဍာန်တွင် အနုသယသဘောအားဖြင့်ကိန်းဝပ်နေသော မှားယွင်းဖေါက်ပြန်စွာ သိမှု (Innate Misconception) ဖြစ်သည်။
(၂) ဒုတိယအလွှာ မှာ မိစ္ဆာဒိဋ္ဌိ ဒဿနအမြင်များအရ ဆင်ခြင်မှုဖြင့်တည်ဆောက်ထားသော မှားယွင်းဖေါက်ပြန်စွာ သိမှု (Acquired Misconception) ဖြစ်သည်။
ဒုတိယအလွှာ မှားယွင်းဖေါက်ပြန်စွာသိမှု ကို ဒဿနဗေဒနည်း ယုတ္တိဗေဒနည်း တို့ ဖြင့် ပယ်ရှားနိုင်သော်လည်း ပထမ အလွှာတွင် နက်ရှိုင်းစွာ ရှိနေသော မှားယွင်းဖေါက်ပြန်စွာသိမှု ကိုမူ ငြိမ်သက်ကြည်လင်သော ဈာန်သမာဓိကို အခြေခံ သော ပညာစက္ခု အားဖြင့်သာ ပယ်ရှားနိုင်လေသည်။
မာဓျာမိက(မဇ္ဈမိက)ဂိုဏ်း၏ ဒဿန အမြင်အရ ရှိရှိ သမျှသော ဓမ္မတရား ဟူသမျှသည် မိမိတို့၏ ပင်ကိုယ်သဘာဝ ကိုယ်ပိုင်လက္ခဏာ စွမ်းအား များမှ ကင်းဆိတ်ကြပြီး ဤသို့ ကိုယ်ပိုင် ပကတိသဘာဝ မရှိခြင်း ဆိတ်သုဉ်းခြင်း ကို သုညတသဘာဝ ဟုခေါ်ဆိုခြင်းဖြစ်၏။
ဗုဒ္ဓ၀ါဒဂိုဏ်းအသီးအသီး ၏ အမြင်၌ ဓမ္မတရား ဟူသမျှသည် (နိဗ္ဗာန် နှင့် အသင်္ခတ ဓါတု မှ လွဲ၍) အကြောင်းတရား အထောက်အပံ့ အခြေအနေများ ကို မှီစွဲ၍ ဖြစ်ပွားပေါ်ပေါက်ရစမြဲ ဖြစ်လေသည်။ မဇ္ဈမိကဒဿန ၏ ရှုထောင့် မှ ကြည့် ပါက အကြောင်းတရား အထောက်အပံ့ အခြေအနေများ ကို မှီစွဲ၍ ဖြစ်ပွားပေါ်ပေါက်ရ သော ဓမ္မတရား ဟူသမျှ သည် ကိုယ်ပိုင် ပကတိသဘာဝ မရှိနိုင်သော သုညတ ဓမ္မတရား များ သာ ဖြစ်၏။ တံလျှပ် အိပ်မက် မျက်လှည့် စသော အရာများ သည် အကြောင်းအထောက်အပံ့တရား များ ကြောင့် အဟုတ်အမှန်ရှိသယောင် ထင်ရှားပေါ်ပေါက်လာ သော်လည်း ၎င်းတို့၏ သဘာဝကို အတိအကျ လေ့လာစူးစမ်းကြည့်ပါက အတွင်းသားအနှစ်သာရ အခိုင်အမာ ဖြင့် တည်ရှိနေသော အရာ များ မဟုတ် သကဲ့သို့ ဓမ္မတရား ဟူသမျှသည်လည်း ရှိယောင်ဆောင်နေကြသော အတုအယောင် ဓမ္မတရားများ သာ ဖြစ်ကြ၏။
အမှန်တကယ် မရှိသော တံလျှပ် အိပ်မက် မျက်လှည့် စသော အရာများ ကို အမှန်စင်စစ် အရှိတရားများ အဖြစ် မှားယွင်း ဖေါက်ပြန်စွာ ဆုပ်ကိုင်သုံးသပ်မိပါက တပ်မက်ခြင်း မုန်းတီးခြင်း ကြောက်လန့်ခြင်း စသော တုန့်ပြန်ခံစားမှု များ ဖြစ်ရ သကဲ့သို့ အမှန်တကယ် မရှိသော ဓမ္မတရား တို့ ကို ပကတိသဘာဝအတိုင်း ရှိနေသော အရှိတရားစစ်စစ် များ အဖြစ် မှားယွင်းဖေါက်ပြန်စွာ ဆုပ်ကိုင်သုံးသပ်မိပါလျှင် ကိလေသာ တဏှာ ဥပါဒါန် စသော တရားများ ဖြစ်ပွား နိုင်၏။
ကိလေသာ တဏှာ ဥပါဒါန် စသော တရားများ သည်လည်း ၎င်းတို့ စွဲလန်းတပ်မက်သော ဓမ္မတရားများနည်းတူ ပကတိ သဘာဝအတိုင်း အမှန်တကယ် မရှိသော ဓမ္မတရား တို့သာ ဖြစ်လေ၏။
အတွင်းသားအနှစ်သာရဆိတ်သုဉ်းခြင်း သုညတသဘော
မာဓျာမိက(မဇ္ဈမိက)ဂိုဏ်း ၏ ဒဿန အမြင်အရ ပြင်ပ အကြောင်း အထောက်အပံ့တရား များ ကို မှီစွဲ၍ ရပ်တည်ဖြစ်ပွားမှု သဘော= ပြောင်းလဲဖေါက်ပြန်ခြင်းသဘော= အတွင်းသားအနှစ်သာရဆိတ်သုဉ်းခြင်း သုညတသဘော တရားများ သည် အောက်ပါအတိုင်း အပြန်အလှန်ဆက်နွယ်နေကြ၏။
(၁) မိမိ တို့၏ ပကတိသဘာဝအတိုင်း ရှိနေသော အရှိတရားစစ်စစ် များ သည် ပြောင်းလဲဖေါက်ပြန်ခြင်း မရှိနိုင်။
(၂) အဘယ်ကြောင့်ဆိုသော် မိမိ တို့၏ ပကတိသဘာဝအတိုင်း ရှိနေသော အရှိတရားစစ်စစ် များ သည် မည်သည့် ပြင်ပ အကြောင်း အထောက်အပံ့တရား ကို မှ မမှီခိုပဲ တည် နေနိုင်စွမ်းရှိသောကြောင့် ဖြစ်၏။
(၃) အတွေ့အကြုံ ဖြင့် တိုင်းတာသိရှိနေရသော ဓမ္မတရား ဟူသမျှသည် ပြောင်းလဲဖေါက်ပြန်ခြင်း ဖြစ်ပွားနေကြ၏။
(၄) အဘယ်ကြောင့်ဆိုသော် အတွေ့အကြုံ ဖြင့် တိုင်းတာသိရှိနေရသော ဓမ္မတရား ဟူသမျှသည် ပြင်ပ အကြောင်း အထောက်အပံ့တရား များ ကို မှီစွဲ၍ ရပ်တည်ဖြစ်ပွား နေရသောကြောင့်ဖြစ်၏။
(၅) ထို့ကြောင့် အတွေ့အကြုံ ဖြင့် တိုင်းတာသိရှိနေရသော ဓမ္မတရား ဟူသမျှသည် မိမိ တို့၏ ပကတိသဘာဝအတိုင်း ရှိနေသော အရှိတရားစစ်စစ် များ မှ ကင်းဆိတ်သော သုညတဓမ္မ များ သာ ဖြစ်ကြ၏။
“မိမိ တို့၏ ပကတိသဘာဝအတိုင်း ရှိနေသော အရှိတရားစစ်စစ် များ သည် ပြင်ပ အကြောင်း အထောက်အပံ့တရား များ ကို မှီစွဲ၍ ရပ်တည်ဖြစ်ပွား နေရသည်ဟု ဆိုခြင်းမှာ ယုတ္တိ နှင့်မညီချေ။”
“ပြင်ပ အကြောင်း အထောက်အပံ့တရား များကြောင့် ဖြစ်ပေါ်လာရသော အရှိတရားစစ်စစ် (သ-ဘာဝ) ဟူသည် ပြုလုပ်ဖန်တီးထားသော အရာသာ ဖြစ်ပေမည်။ သို့သော် မည်ကဲ့သို့ အရှိတရားစစ်စစ် (သ-ဘာဝ) ဟူသည် ပြုလုပ်ဖန်တီးထားသော အရာ ဖြစ်နိုင်ပေမည်နည်း။ အဘယ်ကြောင့်ဆိုသော် အရှိတရားစစ်စစ် (သ-ဘာဝ) ဟူသည် ပြုလုပ်ဖန်တီးထားသော အရာမဟုတ်မူပဲ မည်သည့် ပြင်ပအကြောင်းတရား ကိုမှ အမှီအခိုမရှိပဲ မိမိ ကိုယ်ပိုင်စွမ်းအား သတ္တိဖြင့် ရပ်တည်နိုင်သောအရာ ဖြစ်သောကြောင့်ပေတည်း။ ”[1]
အထက်ပါ စာပိုဒ် ၏ အနက်ဖွင့်ဆိုချက်များ ကို အနှစ်ချုပ်ကြည့်ပါလျှင် အောက်ပါ ညီမျှခြင်း အဖြေများ ကို ရပေမည်။
· အရှိတရားစစ်စစ် (သ-ဘာဝ) = အမှီအခိုမရှိပဲ မိမိ ကိုယ်ပိုင်စွမ်းအားသတ္တိဖြင့် ရပ်တည်နိုင်သောအရာ
· အမှီအခိုမရှိပဲ မိမိ ကိုယ်ပိုင်စွမ်းအားသတ္တိဖြင့် ရပ်တည်နိုင်သောအရာ = ပြင်ပအကြောင်းတရား အမှီအခိုမရှိသောအရာ
· ပြင်ပအကြောင်းတရား အမှီအခိုမရှိသောအရာ = ပြုလုပ်ဖန်တီးထားခြင်းမရှိသော အရာ
ထို့ကြောင့် နာဂဇ္ဇုန ၏ အလို အရ ကြောင်းကျိုးဆက်နွယ်မှုသဘောတရား နှင့် အရှိတရားစစ်စစ် (သ-ဘာဝ) သဘော တရားတို့ သည် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေသော အရာများ ဖြစ်သည်ဟု ဆိုရပေမည်။အရှိတရားစစ်စစ် (သ-ဘာဝ) သဘောတရား တို့ သည့် မည်သည့် ပြင်ပအကြောင်းတရား ကို မျှ မမှီခိုပဲ မိမိတို့၏ ကိုယ်ပိုင်စွမ်းအား ဖြင့် တည်ရှိနိုင် ( existing from their own side) ရမည်ဖြစ်သလို ထိုကဲ့သို့ရပ်တည်နိုင်စွမ်းရှိသော အရှိတရားများသည် အကြောင်း-အကျိုး ကွန်ယက်များ ၏် အပ တွင် သာတည်ရှိရမည် ဟု နာဂဇ္ဇုန က ဆို လို ခြင်း ဖြစ်ပါသည်။
စွဲမှီဖြစ်ပွားတည်ရှိခြင်း သဘော
သို့သော်လည်း လောကတွင် တည်ရှိနေသည်ဟု ညွှန်ပြနိုင်သော မည်သည့်အရာမျှ ပြင်ပအကြောင်းတရား ကို မျှ မမှီခိုပဲ မိမိတို့၏ ကိုယ်ပိုင်စွမ်းအား ဖြင့် တည်ရှိနိုင်ခြင်းမရှိပေ။ ဥပမာ- စက္ကူတစ်ရွက် ကို ကြည့်ပါ။ စက္ကူ သည် သစ်ဝါး စသော ပျော့ဖတ်များ ကို ဓါတုဆေးဝါများ ပေါင်းစပ်၍ ထုတ်လုပ်ထားသော အရာ ဖြစ်လေရာ သစ်ဝါး စသော ပျော့ဖတ်များ ကုန်ကြမ်းပစ္စည်းများ မရှိလျှင် မဖြစ်ပေါ် နိုင်ပေ။ ထို့ကြောင့် စက္ကူ၌ သစ်ဝါး စသော ပျော့ဖတ်များ လည်းရှိနေသည်ဟု ဆို နိုင်၏။ သစ်ဝါး စသော ပျော့ဖတ်များ သည်လည်း သစ်ပင် ၀ါးပင် များမှ ရရှိလေသောကြောင့် စက္ကူ၌ သစ်ပင် ၀ါးပင် မျာလည်းရှိနေသည်ဟု ဆို နိုင်၏။တစ်ဖန် သစ်ပင် ၀ါးပင်တို့ သည် နေရောင်ခြည် တိမ် မိုးရေ မြေဆီလွှာ စသော အကြောင်း အထောက်အပံ့တရားများ အားဖြင့် ဖြစ်ပေါ်လာရသောကြောင့် စက္ကူ၌ နေရောင်ခြည် တိမ် မိုးရေ မြေဆီလွှာ စသော အရာများလည်းရှိနေသည်ဟု ဆို နိုင်၏။ စက္ကူ ဖြစ်ပေါ်ရန်အတွက် လူသားတို့ ၏ အကြံဥာဏ်လုပ်အား ဖန်တီးမှု တို့ ဖြင့်ပြုလုပ်ဖန်တီး ရသောကြောင့် စက္ကူ၌ လူသားတို့ ၏ အကြံဥာဏ်လုပ်အား ဖန်တီးမှု များ လည်းရှိနေသည်ဟု ဆို နိုင်၏။ စင်စစ်အားဖြင့် စက္ကူဟု ခေါ်ဝေါ်သတ်မှတ်အပ်သော အရာသည် ဆိုခဲ့ပြီးသော အကြောင်းအထောက်အပံ့ တရား များ အားဖြင့် ဖြစ်ပေါ်လာရသောကြောင့် စက္ကူ၌ အကြောင်းတရားကင်းသော အရှိတရားစစ်စစ်သဘော(သ-ဘာဝ) မရှိဟု ဆို ရပေမည်။
ဤသဘောတရား ကို နာဂဇ္ဇုန က ဤသို့ ဖေါ်ပြခဲ့၏။
“ အကယ်၍ အရာဝတ္တုများ၌ အကြောင်းတရားကင်းသော အရှိတရားစစ်စစ်သဘော (သ-ဘာဝ) ရှိပါက ၎င်း အရာဝတ္တုများသည် အကြောင်းအထောက်အပံ့ ကင်းစွာတည်ရှိသော အရာများ သာ ဖြစ်ရပေမည်။ အရှိတရားစစ်စစ် သဘော (သ-ဘာဝ) ကို လက်ခံခြင်း အား ဖြင့် အရာဝတ္တုတို့၏ အကြောင်းအကျိုးဆက်နွယ်မှုသဘော ပြုလုပ်သူသဘော ပြုလုပ်ခြင်းကမ္မသဘော မွေးဖွားခြင်း ပျက်စီးခြင်း အကျိုးသက်ရောက်ခြင်းသဘောများ ကို ပါ ငြင်းပယ်ရမည် ဖြစ်၏။[2]
နာဂဇ္ဇုန ၏ အလိုအရ ဆိုလျှင် လောက၌ အကြောင်းအထောက်အပံ့ ကင်းစွာတည်ရှိသော အရာများမရှိသလို အကြောင်း အကျိုးဆက်နွယ်မှုသဘောကို မှီစွဲ ၍ ဖြစ်ပွား ပေါ်ပေါက်ပျက်စီးရသောအရာများသည် နဂိုမူလသဘောအရ ငြိမ်းအေးသော သန္တိတရားများ သာ ဖြစ်ကြလေသည်။[3] ဗုဒ္ဓဓမ္မအမြင်၌ ဆင်းရဲခြင်း မငြိမ်းအေးခြင်းတို့၏ အကြောင်းတရား သည် အရာဝတ္တုတို့ ၏ ပကတိသဘာဝအမှန် (ယထာဘူတဓမ္မ) ကို မသိမြင်မှုကြောင့် ဖြစ်၏။ အမှန်ကို မမြင်ပဲ အမှားကို မြင်၍ အရာဝတ္တုတို့ ကို ၎င်းတို့ပင်ကိုယ်စွမ်းအားသတ္တိဖြင့်တည်ရှိနေသော မြဲခိုင်သော အရှိတရားများအဖြစ်မှတ်ယူလျှက် တပ်မက်စွဲလန်းမှုကြောင့် ဆင်းရဲခြင်း မငြိမ်းအေးခြင်းတို့ ဖြစ်ပေါ်လာရခြင်း ဖြစ်၏။
တရားသိမြင်သူသည် အရာဝတ္တုတို့ ၏ ပကတိသဘာဝအမှန် (ယထာဘူတဓမ္မ) ဖြစ်သော ကြောင်းကျိုးဆက်နွယ်ဖြစ်ပွားမှု (သို့မဟုတ်) အရှိတရားစစ်စစ်သဘော (သ-ဘာဝ)ဆိတ်သုဉ်းမှု - သုညတာသဘော ကို သိမြင်ခြင်းအား ဖြင့် တပ်မက် စွဲလန်းမှုများ မပေါ်ပေါက်တော့ပဲ ငြိမ်းအေးမှုချမ်းသာ ကို ရရှိသောကြောင့် အကြောင်းအကျိုးဆက်နွယ်မှု သဘောကို မှီစွဲ ၍ ဖြစ်ပွား ပေါ်ပေါက်ပျက်စီးရသော အရာများသည် နဂိုမူလသဘောအရ ငြိမ်းအေးသော သန္တိတရားများ သာသည်ဟူ၍ ဆိုရခြင်းဖြစ်ပါ၏။
ပင်ကိုယ်စွမ်းအားသတ္တိဖြင့်တည်ရှိနေသော မြဲခိုင်သော အရှိတရားများ သည် အကြောင်းအကျိုးဆက်နွယ်မှုနှင့်သာမက ပြောင်းလဲမှုသဘော နှင့်လည်း အလျှော်အကန်မဖြစ်ချေ။
“ အကယ်၍ အရာဝတ္တုများ၌ အကြောင်းတရားကင်းသော အရှိတရားစစ်စစ်သဘော (သ-ဘာဝ) ရှိပါက ၎င်း အရာဝတ္တု များသည် မွေးဖွားပေါ်ပေါက်ခြင်းမရှိသော ချုပ်ငြိမ်းပျက်စီးခြင်းမရှိသော ရွေ့လျှားပြောင်းလဲခြင်းမရှိသော အရာများ ဖြစ်ရ ပေမည်။ လောက သည်လည်း ကာလတရား ၏ ပြောင်းရွေ့မှုအဆင့်ဆင့်မရှိသော လောက သာ ဖြစ်ရပေ တော့မည်။”[4]
ဤနေရာတွင် နာဂ္ဂဇ္ဇုန၏ ဒဿနအမြင် ကို ရှင်းလင်းပြတ်သားစွာမြင်ရပါသည်။ ပြောင်းလဲမှု မှန်သမျှသည် ပြင်ပ အကြောင်း တရားတို့ ကြောင့် ဖြစ်သောကြောင့် ကြောင်းကျိုးဆက်နွယ်ဖြစ်ပွားမှုများ မှ ကင်းလွတ်ရပ်တည်နေသာ အရှိတရားစစ်စစ်သဘော (သ-ဘာဝ) တို့သည် မပြောင်းလဲနိုင်သော သဘောများသာ ဖြစ်ရပေမည်။ လောက ကို ကြည့်ရှုလေ့လာကြည့်ပါက အရာဝတ္တုမှန်သမျှ ပြောင်းလဲနေသောကြောင့် လောက၌ အကြောင်းတရားကင်းသော အရှိတရားစစ်စစ်သဘော (သ-ဘာဝ) မရှိဟု ဆို ရပေမည်။[5]
ပြောင်းလဲခြင်းသဘောသည်ပင် အစစ်အမှန်မရှိပုံ
နာဂ္ဂဇ္ဇုန၏ ဒဿနအမြင် အရဆိုရပါလျှင် ပြောင်းလဲခြင်းသဘော ကိုယ်တိုင်သည်ပင် လောကဝေါဟာရအား ဖြင့် သတ်မှတ်ခေါ်ဆိုထားချက်မျှသာ ဖြစ်ပြီး လောက၏ အရှိတရားစစ်စစ်သဘော (သ-ဘာဝ) အနေဖြင့် တည်ရှိနေသော အမှန်တရားမဟုတ်ပါချေ။ လောကသားတို့ ၏ အမြင်အရ ပြောင်းလဲခြင်း၏ နောက်ကွယ်တွင် ပြောင်းလဲနေသော အရာဝတ္တု ပုဂ္ဂိုလ် သတ္တ၀ါ တစ်စုံတစ်ရာ တည်ရှိနေသည်ဟု ယုံကြည်ကြသည်။ ဥပမာ- ရွှေ ကို လက်ကောက်လုပ် ထားလျှင် ရွှေသည် လက်ကောက်အသွင် ဖြင့်တည်ရှိနေပေမည်။ အဆိုပါရွှေလက်ကောက် ကို ရွှေခြေကျင်းအဖြစ်သို့ ပြောင်းလဲလုပ်ဆောင်လိုက်သော်အခါ ရွှေသည် ခြေကျင်း အသွင် ဖြင့်တည်ရှိနေပေမည်။ လောက ဝေါဟာရ အား ဖြင့် ပြောရလျှင် ရွှေလက်ကောက် သည် ရွှေခြေကျင်း အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်လေသည်။ သို့သော်လည်း ပြောင်းလဲခြင်းသည် လက်ကောက်အသွင်မှ ခြေကျင်းအသွင်သို့ အသွင်ပြောင်းလဲခြင်းသာဖြစ်ပြီး ရွှေသားမှာ မူ အတူတူ ဖြစ်သကဲ့သို့ လောက၏ ပြောင်းလဲခြင်းများ နောက်ဝယ် မပြောင်းလဲသော အရှိတရားစစ်စစ်များ တည်နေသည်ဟု လောကသားတို့ က ယုံကြည်ကြပါသည်။
နာဂ္ဂဇ္ဇုန၏ ဒဿနအမြင် အရဆိုရပါလျှင် ဤ မပြောင်းလဲသော အရှိတရားစစ်စစ်များ တည်နေသည်ဆိုသော ယုံကြည်မှု မှာ မဖြစ်နိုင်သော အရာ ဖြစ်လေသည်။ နာဂ္ဂဇ္ဇုန၏ အလို အရ အရှိတရားစစ်စစ်များ ဟူသည် မိမိ ကိုယ်ပိုင်သဘာဝမှ ပြောင်းလဲရွေ့လျှောသွားရိုး မရှိနိုင်ချေ။ လူငယ်တစ်ယောက်သည် လူကြီး အဖြစ်သို့ ပြောင်းလဲရောက်ရှိသွားသည် ဟု လောက ဝေါဟာရအရ ဆိုကြသည။် ထို လူငယ် နှင့် လူကြီးသည် (ရွှေလက်ကောက် မှ ရွှေခြေကျင်း အဖြစ် ပြောင်းလဲသော ဥပမာ ကဲ့သို့ ) လူငယ်အသွင် မှ လူကြီးအသွင် သို့ပြောင်းလဲသော်လည်း ပြောင်းလဲခြင်းဖြစ်ပွားရာ လူ-ပုဂ္ဂိုလ် မှာ တစ်ယောက်တည်း ဖြစ်သည်ဟု လောက ဝေါဟာရအရ ဆိုကြသည်။ ထိုနည်းတူနို့ မှ နို့ဓမ်း ထောပတ် စသဖြင့် ပြောင်းလဲ ရာ၌လည်း ပြောင်းလဲခြင်းဖြစ်ပွားရာ ၀တ္တုပစ္စည်း ဖြစ်သော နို့ရည် သည် တစ်ခုတည်း ဖြစ်သည်ဟု လောက ဝေါဟာရအရ ဆိုကြသည်။
နာဂဇ္ဇုန၏ မဓျာမိက(မဇ္ဈမိက)ဒဿနအမြင် အရဆိုရပါလျှင် ပြောင်းလဲခြင်းသဘော၏ နောက်ကွယ်၌ ပြောင်းလဲတတ် သော အရာဝတ္တု ပုဂ္ဂိုလ် သတ္တ၀ါ ဟူ၍ မရှိနိုင်ချေ။ လူငယ်သည် ပကတိအရှိတရားစစ်စစ် အနေဖြင့် ရှိနေပါက လူကြီး အဖြစ်သို့မပြောင်းလဲနိုင်ပေ။ လူငယ်သည် လူကြီး အဖြစ်သို့ ပြောင်းလဲ သည်ဟူသော ဖြစ်စဉ် ကို စဉ်စားကြည့်ပါ-။ လူငယ်သည် မည်သည့် အချိန်ကာလ အတိုင်းအတာအထိ လူငယ် အနေဖြင့် ပကတိအရှိတရား စစ်စစ်သဘောအားဖြင့် တိတိကျကျရှိနေခဲ့ပြီး နောက် တွင် (ရုတ်တရက်) လူကြီးအဖြစ်သို့ ပကတိအရှိတရား စစ်စစ် သဘောအားဖြင့် တိတိကျကျ ပြောင်းလဲသွားပါ သနည်း။ လူငယ်သည် လူကြီး အဖြစ်သို့ ပြောင်းလဲ သည်ဟူသော ဖြစ်စဉ်တွင် မည်သည့် အချိန်ကာလအတိုင်းအတာ အထိ ကို ဆုန်းဆုန်းဖြတ်ဖြတ် ဆုံးဖြတ်၍ ဤနေရာသည်ကား လူငယ်အဖြစ် ကုန်ဆုံး၍ လူကြီးအဖြစ် သို့ အတိအကျ ရောက်ရှိပြီဟု ပြောဆိုသတ်မှတ်နိုင်ပါသနည်း။ စင်စစ် ပြောင်းလဲ နေသော ဖြစ်စဉ်၏ အစိတ်အပိုင်း တစ်ခု ကို လောက ဝေါဟာရအရ လူငယ်ဟု ခေါ်ဆိုသတ်မှတ်ပြီး အခြားသော အစိတ်အပိုင်းတစ်ခု ကို လူကြီး အနေဖြင့် ခေါ်ဆိုသတ်မှတ် ခြင်းသာ ဖြစ်ပါ၏။ လူငယ်လူကြီး စသော သမ္မုတိပညတ်-အမည်နာမ များသည် ပကတိအရှိတရားစစ်စစ် မဟုတ်သလို ထို သမ္မုတိပညတ်-အမည်နာမ များ သမုတ်ခေါ်ဆိုရာ ပြောင်းလဲနေသော ဖြစ်စဉ် သည်လည်း ခိုင်မာသော အနှစ်သာရဖြင့် တည်ရှိနေသည့် ပကတိအရှိတရားစစ်စစ်မျိုး မဟုတ်ပေ။[6]
နာဂဇ္ဇုန က ဤသို့ အဓိပ္ပါယ်လေးနက်လှသော စကားကို ဆို ခဲ့၏။
“အကယ်၍ ပကတိအရှိတရားစစ်စစ်သဘာဝ မတည်ရှိလျှင် မည်သည့်အရာဝတ္တုသည် ပြောင်းလဲသည်ဟုဆိုနိုင် ပါအံ့နည်း။
အကယ်၍ ပကတိအရှိတရားစစ်စစ်သဘာဝ တည်ရှိလျှင် မည်သည့်အရာဝတ္တုသည် ပြောင်းလဲသည်ဟုဆိုနိုင် ပါအံ့နည်း။”[7]
အထက်ပါ ၀ါကျနှစ်ခု ၏ အနက်သည် ရှင်းလင်းပြတ်သားလှပါ၏။ ပကတိသဘာဝအားဖြင့် အခိုင်အမာရှိနေသော အရှိတရား စစ်စစ် သဘော မရှိလျှင် အရာဝတ္တုဟူ၍လည်း ပကတိသဘာဝအားဖြင့် အခိုင်အမာ မရှိနိုင်ချေ။ ထိုသို့ မရှိနိုင် လျှင် အရာဝတ္တု၏ ပြောင်းလဲခြင်း ဟူ၍လည်းမရှိနိုင်။ ဆန့်ကျင်ဖက် အားဖြင့် အရာဝတ္တုဟူ၍ ပကတိသဘာဝ အားဖြင့် အခိုင်အမာတည်ရှိနေပါက လည်း ထိုကဲ့သို့တည်ရှိနေသော အရာဝတ္တုသည် မပြောင်းလဲနိုင်ပေ။ ထို့ကြောင့် ပကတိ သဘာဝအားဖြင့် အခိုင်အမာရှိနေသော အရှိတရားစစ်စစ်သဘော ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြောင်းလဲခြင်း သဘော သည် အမှန်တကယ် မရှိနိုင်ကြောင်း အထက်ပါ ၀ါကျနှစ်ခုက ဖေါ်ညွှန်းနေပါ၏။
ဖြစ်ပေါ်ခြင်း နှင့် ချုပ်ငြိမ်းခြင်း အမှန်တကယ် မရှိပုံ
ထိုနည်းတူစွာပင် ဖြစ်ပေါ်ခြင်း (Arising) နှင့် ချုပ်ငြိမ်းခြင်း (Ceasing) သဘောများ ကို လည်း ပကတိသဘာဝအားဖြင့် အခိုင်အမာရှိနေသော သဘောများ မဟုတ်ကြောင်း နာဂဇ္ဇုန က ငြင်းဆိုပြခဲ့ပါသည်။
အကယ်၍ အရာဝတ္တုများသည် အတွင်းအမာခံ အနှစ်သာရအတ္တဆိတ်သုဉ်းသော သုညတာသဘောများ ဖြစ်ကြလျှင် (၀ါ) ပကတိသဘာဝအားဖြင့် အခိုင်အမာရှိနေသော အရှိတရားစစ်စစ် သဘောများ မဟုတ်ကြလျှင် အရာဝတ္တုဟူ၍လည်း ပကတိသဘာဝအားဖြင့် အခိုင်အမာ မရှိနိုင်ချေ။ ထိုသို့ မရှိနိုင်လျှင် အရာဝတ္တု၏ ဖြစ်ပေါ်ခြင်း နှင့် ချုပ်ငြိမ်းခြင်း သဘော များဟူ၍လည်း မရှိနိုင်ချေ။ ဖြစ်ပေါ်သော အရာဝတ္တု မရှိပါပဲ နှင့် ဖြစ်ပေါ်ခြင်းဟူ၍ မရှိနိုင်သကဲ့သို့ ချုပ်ငြိမ်းသော အရာဝတ္တု မရှိပါပဲနှင့် ချုပ်ငြိမ်းခြင်းဟူ၍လည်း မရှိနိုင်ချေ။ ဆန့်ကျင်ဖက် အားဖြင့် အရာဝတ္တုဟူ၍ ပကတိသဘာဝ အားဖြင့် အခိုင်အမာတည်ရှိနေပါက လည်း ထိုကဲ့သို့တည်ရှိနေသော အရာဝတ္တုသည် မိမိ ၏ အတ္တအနှစ်သာရ ကိုယ်ပိုင် စွမ်းအားဖြင့်တည်သောကြောင့် ဖြစ်ပေါ်ခြင်းလည်း မရှိနိုင် ချုပ်ငြိမ်းခြင်းလည်းမရှိနိုင် ပေ။ ထို့ကြောင့် ပကတိ သဘာဝ အားဖြင့် အခိုင်အမာရှိနေသော အရှိတရားစစ်စစ် သဘော ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အရာဝတ္တု၏ ဖြစ်ပေါ်ခြင်း နှင့် ချုပ်ငြိမ်းခြင်း သဘောများဟူ၍ အမှန်တကယ် မရှိနိုင်ကြောင်း ကို နာဂဇ္ဇုန က တင်ပြခဲ့ ပါသည်။[8]
နာဂဇ္ဇုန၏ ဒဿနအမြင် ၌ အကြောင်းကိုမှီစွဲ၍အကျိုးတရားတို့ ဖြစ်ပွားရခြင်းသဘော (ပဋိစ္စသမုပ္ပါဒ ဓမ္မ) သည် အခြေခံ အုတ်မြစ်ပမာ ဖြစ်၏။ အကြောင်းကိုမှီစွဲ၍အကျိုးတရားတို့ ဖြစ်ပွားရခြင်းသဘော (ပဋိစ္စသမုပ္ပါဒ ဓမ္မ) ကို သိမြင်သူ သည် အရိယာသစ္စာလေးပါး ကို သိမြင်သူ ဖြစ်၏။ အကြောင်းကိုမှီစွဲ၍အကျိုးတရားတို့ ဖြစ်ပွားရခြင်းသဘော (ပဋိစ္စသမုပ္ပါဒ ဓမ္မ) ကို သိမြင်သူ သည် အစွန်းတရားတို့မှ လွတ်သော အလယ်လမ်း (မဇ္ဇျိမပဋိပဒါ) ကို မြင်သူ ဖြစ်၏။ အကြောင်းကိုမှီစွဲ၍ အကျိုးတရားတို့ ဖြစ်ပွားရခြင်းသဘော (ပဋိစ္စသမုပ္ပါဒ ဓမ္မ) ကို သိမြင်သူ သည် အရာခပ်သိမ်း၏ အတွင်းအနှစ်သား အတ္တ အတ္တနိယ ဆိတ်သုဉ်းခြင်း သဘော (သုညတာဓမ္မ) ကို သိမြင်သူ ဖြစ်၏။[9]
ထို့ကြောင့် နာဂဇ္ဇုန အတွက် ပဋိစ္စသမုပ္ပါဒ ဓမ္မ- သုညတာဓမ္မ- မဇ္ဇျိမပဋိပဒါ နှင့် အရာဝတ္တုတို့၏ ပကတိသဘာဝ ဆိတ်သုဉ်းခြင်း(နိဿဘာဝ) သဘောများ သည် ရှုထောင့်နှင့်ဝေါဟာရ ကွဲသောလည်း တရားကိုယ်အနက်အားဖြင့် အတူတူ ပင် ဖြစ်ကြ၏။ အရာဝတ္တုတို့သည် အတွင်းအနှစ်သာရဆိတ်သုဉ်းသောကြောင့် ပြင်ပ အကြောင်းတရားများကို မှီခိုတည်ရှိကြရ၏။ အရာဝတ္တုတို့သည် ပြင်ပ အကြောင်းတရားများကို မှီခိုတည်ရှိကြရသောကြောင့် အတွင်းအနှစ်သာရ ဆိတ်သုဉ်း သောကြောင့် ကြောင်းကျိုးဆက်နွယ်မှုသဘောအရ ပြောင်းလဲကြရ၏။ ကြောင်းကျိုးဆက်နွယ်မှုသဘောအရ ပြောင်းလဲကြရသောကြောင့် မဂ္ဂသစ္စာ ကို ကျင့်ခြင်းအားဖြင့် ဒုက္ခသစ္စာ ကို သိခြင်း ထိုသို့သိခြင်းကြောင့် ဒုက္ခသစ္စာ ၏ အကြောင်းတရားဖြစ်သော သမုဒယသစ္စာကို ပယ်ခြင်း ထိုသို့ ပယ်ခြင်းကြောင့် ဒုက္ခသစ္စာ ၏ ချုပ်ငြိမ်းရာ နိရောဓသစ္စာ ကို မျက်မှောက်ပြုဆိုက်ရောက်နိုင်ခြင်း စသည့် အရိယာသစ္စာတရားများ ကျင့်ကြံအားထုတ် ဖြစ်ပွားခွင့် ရမည် ဖြစ်ပါသည်။
အကယ်၍သာ အရာဝတ္တုတို့သည် ပြင်ပ အကြောင်းတရားများကို မမှီခိုပဲ မိမိတို့၏ ကိုယ်ပိုင်သတ္တိဖြင့် တည်ရှိကြရလျှင်မူ ပြောင်းလဲမှု ဟူ၍လည်းမရှိနိုင်။ ထိုသို့ပြောင်းလဲမှုမရှိနိုင်လျှင် အရိယာသစ္စာတရားများကျင့်ကြံအားထုတ်ဖြစ်ပွားခွင့် လည်း ရရှိနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် နာဂဇ္ဇုန က “သုညတာ ကို သိသူ အတွက် အရာခပ်သိမ်း ပြီးမြောက်နိုင်၏။သုညတာကို မသိသူ အတွက် မည်သည့်အရာမျှ မပြီးမြောက်နိုင်ပေ။”[10] ဟုဆိုခဲ့လေသည်။
စွဲမှီဖြစ်ပွားခြင်းသဘော၏ ရှုထောင့် (၃) မျိုး
စွဲမှီဖြစ်ပွားခြင်းသဘော (Dependent Arising) သည် နာဂဇ္ဇုန၏ မဇ္ဇျမိကဒဿန အမြင် အတွက် သော့ချက် အယူအဆ ဖြစ်၏။ စွဲမှီဖြစ်ပွားခြင်းသဘော ကို ရှုထောင့် (၃) မျိုး မှ မြင်နိုင်၏။
(၁) အကြောင်းအထောက်အပံ့များ အပေါ် စွဲမှီဖြစ်ပွားခြင်းသဘော (Existential Dependent Arising)
(၂) အစိတ်အပိုင်းများ အပေါ် စွဲမှီဖြစ်ပွားခြင်းသဘော (Meological Dependent Arising)
(၃) ပညတ်သတ်မှတ်ချက် အပေါ် စွဲမှီဖြစ်ပွားခြင်းသဘော (Notional Dependent Arising)
အကြောင်းအထောက်အပံ့များ အပေါ် စွဲမှီဖြစ်ပွားခြင်းသဘော မှာ အထက်တွင် ပေးခဲ့သောစက္ကူ ဥပမာ အတိုင်း အရာဝတ္တုများ ဖြစ်ပွားရန် အတွက် လိုအပ်သော အကြောင်းအထောက်အပံ့များ အပေါ် စွဲမှီဖြစ်ပွားခြင်း ကို ဆိုလို သည်။ အဘိဓမ္မာစံနစ်များတွင် ပရမတ္ထတရား များ အဖြစ်သတ်မှတ်သော ရုပ် စိတ် စေတသိက် တရားစုများ လည်း ဤ စွဲမှီဖြစ်ပွားရခြင်း သဘော မှ မကင်းလွတ်နိုင်ပါချေ။ ထေရ၀ါဒ အဘိဓမ္မာစာပေမှ အနန္တနယ သမန္တ ပဋ္ဌာန်း ကျမ်း သည် ဤသို့သော အကြောင်းအထောက်အပံ့များ အပေါ် စွဲမှီဖြစ်ပွားခြင်း အမျိုးမျိုး အပေါင်း ကို နည်းအဖုံဖုံ ဖြင့် တန်ဆာဆင် လျှက် ဖွင့်ဆိုထားသော ကျမ်း ဖြစ်လေ၏။
အစိတ်အပိုင်းများ အပေါ် စွဲမှီဖြစ်ပွားခြင်းသဘော မှာ အစိတ်အပိုင်းများ ပေါင်းစည်းဆက်စပ်ခြင်းဖြင့် အစုအဝေး စံနစ်များ ဖြစ်ပေါ်၍ သက်ဝင်လှုပ်ရှားလာ သော သဘော ဖြစ်၏။ အစဉ်အလာဖေါ်ပြလေ့ရှိသော ဥပမာ မှာ လှည်း ဥပမာ ဖြစ်၏။ လှည်း တစ်စီး ၏ အစိတ်အပိုင်းများ ဖြစ်သော လှည်းဘီး ၀င်ရိုး လှည်းအိမ် အမိုး စသည်တို့ ပေါင်းစည်းဆက်စပ်ခြင်းဖြင့် လှည်း ဟူသော အစုအဝေး စံနစ်များ ဖြစ်ပေါ်လာ သည့် စွဲမှီဖြစ်ပွားခြင်းသဘော ကို ဆိုလို ၏။
ပညတ်သတ်မှတ်ချက် အပေါ် စွဲမှီဖြစ်ပွားခြင်းသဘော သည်ကား စွဲမှီဖြစ်ပွားခြင်းသဘော များအနက် အခြေခံအကျဆုံး နှင့် အသိမ်မွေ့ဆုံး စွဲမှီဖြစ်ပွားခြင်းသဘောဖြစ်၏။ သတ္တ၀ါတို့ ၏ စိတ်သန္တာန် သည် မသိမှု အ၀ိဇ္ဇာ နှင့်တစ်ကွ တဏှာ မာန ဒိဋ္ဌိ စသော ပပဉ္စတရားများ ၏ အရောင်ဆိုးချယ်လှယ်မှုကြောင့် ပညတ်သတ်မှတ်ချက်များ အပေါ်အမှန်တကယ် ရှိသော အရှိတရားများ အဖြစ် မှောက်မှောက်မှားမှား ရှုမြင်သုံးသပ်ပါသည်။ ထိုသို့ ပညတ်သတ်မှတ်ချက်များ အပေါ်အမှန် တကယ် ရှိသော အရှိတရားများ အဖြစ် ရှုမြင်သုံးသပ် နေသော တဏှာ မာန ဒိဋ္ဌိ စသော ပပဉ္စတရားများသည် အရှိယောင် လောက ကို ပကတိသဘာဝစစ်စစ်ဖြင့်ရှိနေသကဲ့သို့ မြင်စေပါသည်။ ပညတ်သတ်မှတ်ချက် အပေါ် စွဲမှီဖြစ်ပွားခြင်း သဘောသည် အလွန်ကျယ်ဝန်းသော နယ်ပယ်လည်း ဖြစ်ပါသည်။ လူသားတို့၏ ဘာသာစကား နှင့်သင်္ကေတစံနစ်များ အားလုံး ကို လွှမ်းခြုံတည်ရှိ နေသော သဘောလည်း ဖြစ်ပါသည်။ လောက ၏ အရာဝတ္တုများ အရှိသဘော များ သည် ပညတ်ခြင်းမပြုခင် အရင်ကြိုတင်ရှိနေခြင်းလည်းမဟုတ်ပေ။ ပညတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည် လည်းမဟုတ်ပေ။ သိစိတ်၏ ပညတ်ခြင်းအပြုအမူအားဖြင့် လောကအနေဖြင့် ထင်ရှားလာသော သဘောများသာ ဖြစ်လေသည်။
ထို့ကြောင့် ဘာသာစကား နှင့်သင်္ကေတစံနစ်များအတွင်း ရှိ ပညတ်များ သည်လည်း အချင်းချင်းမှီတွယ်ဆက်စပ်တည်ရှိ လျှက် အနက် အဓိပ္ပါယ် ပေါ်လွင်ခွင့် ကို ရနေကြသော နိုင်းရတရား များ ဖြစ်ကြလေသည်။ ဥပမာ ရှည်ခြင်း-တိုခြင်း မြင့်ခြင်း-နိမ့်ခြင်း ဝေးခြင်း-နီးခြင်း အတွင်း-အပြင် စသော ဆန့်ကျင်ပက္ခပညတ်များ အားလုံးသည် အချင်းချင်းမှီတွယ် ဆက်စပ် မှ သာ အနက်ပေါ်လွင်နိုင်သော ပညတ်များ ဖြစ်လေသည်။
ဤ ရှုထောင့် (၃) မျိုး ကို ဥပမာ ဖြင့် ရှင်ပြ ရလျှင် နှင်းဆီပန်း တစ်ပွင့် ကို မြင်သည် ဆိုပါစို့။ ပထမ ရှုထောင့်မှကြည့် လျှင် အဆိုပါနှင်းဆီပန်းသည် မိမိ ၏တည်ရှိမှု အတွက် မိမိ ကို ဖြစ်ပေါ်စေခဲ့ သော (မျိုးစေ့၊ မြေဆီသြဇာ၊ မိုးရေ၊ နေရောင်ခြည်၊ စိုက်ပျိုးသူ) စသော အကြောင်းအထောက်အပံ့တရားများစွာ နှင့် ကင်း၍ မဖြစ်တည်နိုင်ကြောင်း တွေ့ ရပေမည်။ ဒုတိယရှုထောင့်မှ ကြည့်လျှင် အဆိုပါ နှင်းဆီပန်းသည် မိမိ ၏တည်ရှိမှု အတွက် မိမိတွင်ပါဝင်နေသော အစိတ်အပိုင်းများ ဖြစ်သော (ပွင့်ဖတ် ပွင့်ချပ် ၀တ်မှုန် ရနံ့ အရွက် ရိုးတံ ဆူး ) စသော အစိတ်အပိုင်းများ နှင့် ကင်း၍ မဖြစ်တည်နိုင်ကြောင်း တွေ့ ရပေမည်။တတိယ ရှုထောင့်မှ ကြည့်လျှင် အဆိုပါနှင်းဆီပန်းသည် မိမိ ၏တည်ရှိမှု အတွက် မိမိ ကို နှင်းဆီပန်းအနေနှင့် နာမပညတ် သတ်မှတ်လျှက် သိမှတ်ခံစားတုန့်ပြန်နေသော စိတ်စေတသိက်အစုအဝေး (သိသူ) နှင့် ကင်း၍ မဖြစ်တည်နိုင်ကြောင်း တွေ့ ရပေမည်။
သဗ္ဗေဓမ္မာ သုညတာ ဖြစ်ခြင်းအကြောင်း
နာဂဇ္ဇုန၏ မဇ္ဇျမိကဒဿန အမြင် အရ လောကီ လောကုတ္တရာ တရားဟူသမျှ သင်္ခတ အ-သင်္ခတ တရားဟူသမျှ အထက်ဖေါ်ပြပါ စွဲမှီဖြစ်ပွားခြင်းရှုထောင့် (၃) မျိုး နှင့် ကင်း၍ မရှိနိုင်သောကြောင့် အရာခပ်သိမ်းသည် အတွင်း အနှစ်သာရ-အတ္တသဘော ပကတိကိုယ်ပိုင်သဘာဝ သဘော များမှာ လုံးဝဆိတ်သုဉ်းနေသော သုညတဓမ္မ များ သာ ဖြစ်ကြ၏။ နာဂဇ္ဇုန က “ စွဲမှီဖြစ်ပွားခြင်းသဘောနှင့် ကင်းသော ဓမ္မတရားဟူ၍ မရှိသောကြောင့် သုညတ မဟုတ်သော ဓမ္မတရားဟူ၍ လည်း မရှိနိုင်ချေ။”[11] ဟု ဆိုခဲ့ပါ၏။
ဤနေရာ၌ နာဂဇ္ဇုန၏ မဓျာမိက(မဇ္ဈမိက)ဒဿန အမြင် သည် အစဉ်အလာ ဗုဒ္ဓဒဿနအမြင် အဘိဓမ္မာအမြင်များနှင့် လမ်းခွဲထွက်ပုံ ကို မြင်ရပါ၏။ အစဉ်အလာ ဗုဒ္ဓဒဿနအမြင် အဘိဓမ္မာအမြင်များ နှင့်သင်္ခတဓမ္မတရားများ သည် စွဲမှီဖြစ်ပွားခြင်းသဘော အကြောင်းအကျိုးတရားသဘောတို့ ၏ နယ်ပယ် အတွင်းရှိသော် အလို အရ လောကီတရားများ လည်း လောကုတ္တရာ တရားများ နှင့် အသင်္ခတဓမ္မတရားများ ဖြစ်သော အာကာသဓါတ် နိဗ္ဗာန် စသည်တို့ သည်ကား စွဲမှီဖြစ်ပွားခြင်းသဘော အကြောင်းအကျိုးတရားသဘောတို့ ၏ နယ်ပယ် အပြင်ဖက်၌ အမှန်တကယ် ပကတိရှိနေသော ထာဝရတည်မြဲသော ဓမ္မတရားများ ဖြစ်သည်ဟု ယူဆကြသောကြောင့် ဖြစ်၏။ နာဂဇ္ဇုန၏ မဇ္ဇျမိကဒဿန အမြင်တွင် ဤသို့သော အထူး စပယ်ရှယ် အရှိတရားစစ်စစ် များအတွက် နေရာမရှိချေ။ ဤအကြောင်း ကို နာဂဇ္ဇုန၏ မဇ္ဇျမိကဒဿန အမြင်၏ နိဗ္ဗာန် သုံးသပ်ချက်၌ ပိုမိုရှင်းလင်းရေးသားပါမည်။
ဤနေရာတွင် အကျဉ်းအားဖြင့်ဆိုရလျှင် နာဂဇ္ဇုန၏ မဓျာမိက(မဇ္ဈမိက)ဒဿန အမြင်အရ ပကတိအနှစ်သာရဖြင့် စစ်စစ် မှန်မှန် ရှိနေ သော အရာဝတ္တု ဟူ၍ မရှိသောကြောင့် (ထို မရှိသော အရာဝတ္တု၏) ဖြစ်ပေါ်ခြင်း ရပ်တည်ခြင်း ချုပ်ပျက်ခြင်း စသော ဥပါဒ်-ဋ္ဌီ-ဘင် သဘောများလည်း အစစ်အမှန်သဘော အနေနှင့် မရှိချေ။ ဤသို့ ဖြစ်ပေါ်ခြင်း ရပ်တည်ခြင်း ချုပ်ပျက်ခြင်း စသော ဥပါဒ်-ဋ္ဌီ-ဘင် သဘောများ မရှိခြင်းကြောင့် ထို လက္ခဏာတရားများ ထောက်တည်ရာ သင်္ခတ ဓမ္မတရား သည် လည်း အစစ်အမှန် သဘောအနေဖြင့် မတည်ရှိကြချေ။ သင်္ခတဓမ္မတရား များ အစစ်အမှန်မတည်ရှိသော ကြောင့် သင်္ခတ ဓမ္မတရား များ ကို ဆန့်ကျင်ဖက်သဘောတရား (ပရဘာဝ) အနေနှင့်တည်မှီနေရသော အသင်္ခတဓမ္မ တရား များသည် လည်း အစစ်အမှန် သဘောအနေဖြင့် မတည်ရှိကြချေ။ ထို့ကြောင့် နာဂဇ္ဇုန၏ မဇ္ဇျမိကဒဿနအမြင်တွင် လောကီ-လောကုတ္တရာ ပညတ်-ပရမတ် သင်္ခတ-အသင်္ခတ စသော တရားများသည် နိုင်းရတရားများအနေဖြင့်သာ တည်ရှိပြီး မိမိကိုယ်ပိုင်အနှစ်သာရသဘာဝအားဖြင့် အစစ်အမှန် တည်ရှိသော အရှိတရားများ မဟုတ်ကြကြောင်း ရှုမြင် သည်ကိုတွေ့ ရပါ၏။[12]
သုညတာ သည် ဒွန္နသဘောတွေးတောကြံစည်မှု (၀ိကပ္ပ) ဆင်ခြင်သုံးသပ်ကြည့်ရှုခြင်း (တက္ကပရိယာဟတ) စသော သဘောများမှ ကျော်လွန်နေသော ကြောင့် သုညတာ ကို မြင်ခြင်းသည် လောကရှိ အရာခပ်သိမ်းတို့၏ ဆုန်းဆုန်း ဖြတ်ဖြတ် မဆုံးဖြတ်နိုင်သည့် သဘော (၀ါ) အတိအကျ ပိုင်းဖြတ်ဖေါ်ပြရန်မဖြစ်နိုင်သည့် သဘော ကို သိခြင်းလည်း ဖြစ်၏။ ပကတိအရှိတရား (တတွ) ကို အနက်ဖွင့်ရာဝယ် မည်သည့်ပြင်အရာ ကို မှ မမှီတွယ်ခြင်း (အပရပစ္စယ) ငြိမ်းအေးခြင်း (သန္တ) အပိုချဲ့ထွင်မှုမရှိခြင်း (နိပ္ပပဉ္စတာ) တွေးကြံမှုများ မရှိခြင်း (နိဝိကပ္ပ) စသော အရည်အချင်းများ ကို ဖေါ်ပြခဲ့၏။[13]
ဤ သို့သော သဘောများဖြင့်ပုံဖေါ်အပ်သော ပကတိအရှိတရား (တတွ) သည်လည်း အခြားမဟုတ် အရာခပ်သိမ်း၏ အတွင်းအနှစ်သားဆိတ်သုဉ်းမှု (သုညတာ) သဘောသာလျှင်ဖြစ်၏။ နာဂဇ္ဇုန၏ ဝေဖန်သုံးသပ်မှု များ ကို သိသာထင်ရှား စေရန်အတွက် သူ၏ မူလမဇ္ဈိမိကကာရိကာ ကျမ်းထဲမှာ ပါဝင်သော အချို့ ကို ထုတ်နုတ် ပြသပါမည်။
မူလမဇ္ဈိမိကကာရိကာ ကျမ်းသည် အလွန်ကျစ်လစ်သိပ်သည်းစွာ ရေးဖွဲ့ထားသော အခန်းကဏ္ဍ (၂၇) ခု ပါဝင်သော ကျမ်းငယ်လေး တစ်ဆူ ဖြစ်လင့်ကစား မာဓျမိကဂိုဏ်း အတွက် အခြေခံအကျဆုံးသော ဗဟိုမဏ္ဍိုင်ပြု ကျမ်းလည်း ဖြစ်၏။ အိန္ဒိယ တိဗက် တရုပ် မွန်ဂိုးလီယား ဂျပန် အင်္ဂလိပ်နှင့် အခြားသော ဥရောပသုံးဘာသာစကား များစွာ သို့ ပြန်ဆိုပြီး ပြန်ဆိုဆဲ ကျမ်းလဲ ဖြစ်သည့် အပြင် အထွေအထွေအရပ်ရပ် ဋီကာဖွင့်သော ကျမ်းပေါင်းလည်း ထောင်ချီ ရှိနေခဲ့သော မဟာယာနဗုဒ္ဓဒဿနတစ်ခု လုံး ဦးခိုက်ရာ ကျမ်းလည်း ဖြစ်ပေသည်။
ဤကျမ်းငယ်လေးတွင် ဗုဒ္ဓအဘိဓမ္မာ ဂိုဏ်းများ ၏ အဓိက အယူအဆများ ဖြစ်သော အကြောင်းအကျိုးဆက်နွယ်မှု သဘော၊ ရွေ့လျှား ပြောင်းလဲမှုသဘော၊ ခန္ဓာ အာယတန ဓါတ် သစ္စာ နိဗ္ဗာန် ကာလ ဥပ္ပါဒ နိရောဓ တထာဂတ ပုဂ္ဂလ အတ္တ ပဋိစ္စသမုပ္ပါဒ ဒိဋ္ဌိ စသော အယူအမြင်ရေးရာများ ကို မာဓျာမိကဒဿနရှုဒေါင့်မှ နည်းပေါင်းများစွာ တန်ဆာဆင် လျှက် ဆွေးနွေးဝေဖန် ထားပါ သည်။ ဆွေးနွေးဝေဖန် မှု အားလုံး၏ ဦးတည်ချက်မှာ အထက်ပါ အယူအဆများ ဝေါဟာရများ စိတ်ကူးအသိဘောင်-၀ိဘာဂ များ ကို ပကတိအရှိတရားစစ်စစ် (သ-ဘာဝ) အမြင်အားဖြင့် ဖွင့်ဆို၍မရ နိုင်ကြောင်း ယုတ္တိနည်းကျကျ ပြသထားခြင်း ပင်ဖြစ်၏။ ယင်းတို့ အနက်မှ အချို့ ကို လေ့လာကြည့်လျှင် နာဂဇ္ဇုန၏ မဓျာမိကဒဿန နည်းဗေဒ ကို ဆ၀ါးနိုင် ပေလိမ့်မည် ဖြစ်၏။
ကြောင်းကျိုးဆက်နွယ်မှုတရား ၏ သုညတာ သဘော
ကြောင်းကျိုးဆက်နွယ်မှုတရား (Causuality) သည် လူသားတို့၏ နေ့စဉ်ဘ၀ တွင် မရှိမဖြစ်ပါဝင်နေသော သိမှုဆိုင်ရာ ၀ိဘာဂ ဖြစ်သလို ဒဿနစံနစ်အသီးသီးတွင်လည်း ကြောင်းကျိုးဆက်နွယ်မှုတရား ကို မိမိတို့ သန်ရာ ရှုထောင့် အသီးသီး က ဖွင့်ဆိုကြရစမြဲ ဖြစ်၏။ ရှေးဟောင်း အိန္ဒိယတွင် တက္ကိကဗေဒဆိုင်ရာ ရှုထောင့် (၄) မျိုး ဖွင်ကဆိုထားပြီး ၎င်းတို့ ကို စတုကောဋိ (အဖို့အစု လေးပါး) ဟုခေါ်ကြ၏။
(၁) အကြင် အရာ ၏ ရှိခြင်း ( အတ္ထိ )
(၂) အကြင် အရာ ၏ မရှိခြင်း (နတ္ထိ )
(၃) အကြင် အရာ ၏ ရှိခြင်း နှင့် မရှိခြင်း နှစ်ပါးစလုံး ကို လက်ခံခြင်း (အတ္ထိ စ နတ္ထိ စ )
(၄) အကြင် အရာ ၏ ရှိခြင်း နှင့် မရှိခြင်း နှစ်ပါးစလုံး ကို ငြင်းပယ်ခြင်း ( နေ၀ အတ္ထိ နာ နတ္ထိ )
ဒဿနပြဿနာတိုင်း အတွက် ရှိရှိသမျှသော အမြင်ရှုထောင့်အားလုံးသည် ဤ အစုအဖို့လေးပါး အနက် တစ်ခုခု သို့ ၀င်ရောက်ရသည်သာဖြစ်၏။ ကြောင်းကျိုးဆက်နွယ်မှု သဘော နှင့်ပတ်သက်၍ အယူအဆများ အားလုံးသည်လည်း ဤ အစုအဖို့လေးပါး အနက် တစ်ခုခု သို့ ၀င်ရောက်ရသည်သာဖြစ်၏။
(၁) သင်္ချဒဿန ကဲ့သို့သော အယူအဆများက အကြောင်း နှင့် အကျိုး တရားများ သည် ထပ်တူဖြစ်သည်ဟု ယူဆ ကြ၏။ ထင်ရှားသောဥပမာ မှာ နှမ်းဆီ သည် အကျိုးတရား ဖြစ်ပြီး ၎င်း သည် အကြောင်းတရား ဖြစ်သော နှမ်းစေ့အတွင်း မှာ ရှိနေ သလို ဖြစ်၏။
(၂) ဗုဒ္ဓဘာသာ မှ ဝေဘာသိက (သဗ္ဗတ္ထိ) ဂိုဏ်း ကဲ့သို့သော အယူအဆများက အကြောင်း နှင့် အကျိုး တရားများ သည် မတူခြားနား သော တရားများ ဖြစ်သည် ဟုယူဆကြ၏။ အကြောင်း ကြောင့် အကျိုး ဖြစ်ပေါ်လာ သည်မှန်သော လည်း အကြောင်းတရားသည် ခဏတ္တယ သဘောဖြင့် ဖြစ်ပေါ်ပြီးလျှင် ချုပ်ပျက် ခဲ့လေပြီဖြစ်သောကြောင့် အကျိုးတရား သည် လုံးဝ သီးခြား အသစ် ဖြစ်ပေါ်လာသော အရာ ဖြစ်သည် ဟု ရှုမြင်၏။
(၃) ဂျိန်းဘာသာ ကဲ့သို့သော အယူအဆများက အကြောင်း နှင့် အကျိုး တရားများ သည် ထပ်တူဖြစ်သည် ဟူသော အမြင် နှင့် အကြောင်း နှင့် အကျိုး တရားများ သည် မတူခြားနား သော တရားများ ဖြစ်သည် ဟူသော အမြင် နှစ်ရပ်လုံး ကို ရှုဒေါင့်များအဖြစ်သတ်မှတ်ပြီး နှစ်ခုလုံး ကို လက်ခံ၏။ အနေကန္တ၀ါဒ (Indeterminism) ဟူ၍ခေါ်၏။
(၄) စာရ၀က-ရုပ်ဝါဒ ကဲ့သို့သော အယူအဆများက အကြောင်းအကျိုးတရား ကို လုံးဝငြင်းပယ် သောကြောင့် ကျိုးကြောင်းမဲ့ ဖြစ်ပွားခြင်း (ယဒိစ္ဆာ ၀ါဒ) ကို လက်ခံကြ၏။ လောက သည် အကြောင်းအကျိုးတရားကင်းလျှက် မိမိ ဖြစ်ချင်သလို ဖြစ်နေသော သဘောအဖြစ်လက်ခံ ထားသော ရှုထောင့်ဖြစ်၏။
နာဂဇ္ဇုန ၏ မာဓျမိကဒဿနအမြင် အရ အထက်ဖေါ်ပြထားသော အကြောင်း နှင့် အကျိုး ဆက်စပ်မှုဆိုင်ရာ အယူအမြင် (၄) မျိုးစလုံး သည် ပကတိအရှိအမှန်သဘော ကို မထင်ဟပ်နိုင် သည့်အပြင် ၎င်းအယူအဆများ၍ အတွင်းယုတ္တိဝိရောဓိ များ ရှိနေကြောင်း ကို ပြသခဲ့ ၏။
(၁) အကြောင်း နှင့် အကျိုး ကို ထပ်တူပြုသော အမြင် (သို့မဟုတ်) အကျိုးသည် အကြောင်းထဲ၌ နဂိုကတည်း က ကိန်းအောင်းတည်ရှိ နေသည်ဆိုသော အမြင် ၏ အတွင်းယုတ္တိဝိရောဓိ မှာ ဤသို့ဖြစ်၏။ ဤ အမြင် အရ အကြောင်း ထဲ၌ အကျိုး ရှိနေသည်ဆိုလျှင် အကြောင်းသည် အကျိုး ကို အမှန်တကယ် မဖြစ်ပေါ်စေနိုင်တော့ ပေ။ နဂိုကတည်း က ကိန်းအောင်းတည်ရှိ နေသည်ဆိုသော အကျိုးတရား သည် ရှိနေပြီးသား ဖြစ်သောကြောင့် အကျိုး ဖြစ်ပေါ်လာအောင် အကြောင်းပြုနိုင်သောစွမ်းအား သည် အကြောင်း ၌ ရှိမနေနိုင်ဟု သာ ဆိုရပေမည်။ ရှိနေပြီးသား ဖြစ်သောအရာ ကို ရှိလာအောင် ဘာမျှထပ်လုပ်စရာ မလို တော့ သောကြောင့်ဖြစ်၏။ အကြောင်း ၏ အကြောင်းသဘောဖြစ်ခြင်းသည် အပိုသက်သက်သာ ဖြစ်ရပေတော့မည်။
ထို့အပြင် အကျိုးသည် အကြောင်းထဲ၌ နဂိုကတည်းက ကိန်းအောင်းတည်ရှိ နေသည်ဆိုသောအမြင် သည် အဆုံးမရှိထပ်ကျော့ ရခြင်းသဘော (Infinite Regress) ကို ဖြစ်စေသည်။ အကြောင်းသည် အကျိုးကို ဖန်တီးရုံမက ပဲ မိမိ ကိုယ် မိမိ လဲ ပြန်ဖန်တီး စေရပေမည်။ အကြောင်း နှင့်အကျိုး သည် ထပ်တူ ဖြစ်သည် ဟု ယူဆထားသောကြောင့် ဤ သို့ မိမိ ကိုယ် မိမိ ပြန်ဖန်တီး နေခြင်း (self-creation) သည် အဆုံးမရှိထပ်ကျော့ရခြင်းသဘော ဆီသို့ ဦးတည် သွားနိုင်ပေသည်။ ဥပမာ-မျိုးစေ့ သည် အခြား အကြောင်းတရားများ မလို ပဲ မိမိ ဘာသာမိမိ ပြန်ဖန်တီး နိုင်ပါလျှင် မျိုးစေ့များ မှ လွဲ ၍အခြား ဘယ်အရာကို မျှ မဖန်တီး နိုင်တော့ပေ (အကြောင်း သည် အကျိုး နှင့် ထပ်တူ ဖြစ်သည်ဟု ယူဆထားသောကြောင့် ဖြစ်၏။)
(၂) ထို့အတူပင် အကြောင်းနှင့်အကျိုးတရားများသည် မတူခြားနားသောတရားများ ဖြစ်သည် ဟုယူဆသော အမြင်သည် လည်း ယုတ္တိလွဲဟန်ရှိပေသည်။ အကြောင်း နှင့် အကျိုး တရားများ သည် မိမိ တို့ ၏ ပင်ကိုယ်သ-ဘာဝ သတ္တိ များ ဖြင့် တစ်ခုနှင့်တစ်ခု လုံးဝ မတူခြားနား သော တရားများ ဖြစ်သည် ဟုယူဆ လျှင် အကြောင်း နှင့်အကျိုး သည် မဆက်စပ် သော သီးခြား အရှိတရား မျာ အဖြစ်လက်ခံ ရာ ရောက်၏။ ဤသို့ ဖြစ်လျှင် တစ်ခုနှင့်တစ်ခု လုံးဝ မတူခြားနား သော တရားများ သည် အကြောင်း အကျိုး ဖြစ် နိုင်သည်ဟု ဆို ရာရောက်သည်။ မီး နှင့် ရေ သည် တစ်ခုနှင့်တစ်ခု လုံးဝ မတူခြားနား သော တရားများ သောကြောင့် မီးဟူသော အကြောင်းတရား က ရေဟူသော အကျိုးတရား ကို ဖြစ်စေနိုင် သည် ဟု ဆိုရ မလို ဖြစ်သောကြောင့် ဤ အမြင်သည်လည်း ယုတ္တိလွဲဟန်ရှိသော အယူအဆ ဟု ဆို နိုင်၏။
(၃) အကြောင်း နှင့် အကျိုး တရားများ သည် ထပ်တူဖြစ်သည် ဟူသော အမြင် နှင့် အကြောင်း နှင့် အကျိုး တရားများ သည် မတူခြားနား သော တရားများ ဖြစ်သည် ဟူသော အမြင် နှစ်ရပ်လုံး ကို ရှုဒေါင့်များအဖြစ်သတ်မှတ်ပြီး နှစ်ခုလုံး ကို လက်ခံသော အယူအဆ သည်လဲ ယုတ္တိဗေဒ ၏ အလယ်ပုဒ်ထုတ်ပယ်ခြင်းဥပဒေသ (The Law of Excluded Middle) ကို ဆန့်ကျင်နေ သည် ကို တွေ့ ရပေသည်။ လုံးဝဆန့်ကျင်နေသော ပုဒ်နှစ်ခု သည် တစ်ပြိုင်တည်း မမှန်နိုင်ပေ။ ဥပမာ - မောင်ဖြူသည် အသက်ရှင်သန်ဆဲဖြစ်သည် ဟူသော အဆို နှင့် မောင်ဖြူသည် အသက်ရှင်သန်ဆဲမဟုတ်တော့ ဟူသော အဆို နှစ်ခု သည် တစ်ပြိုင်နက်တည်း မမှန်ပေ။
ထို့အပြင် ပထမ နှင့် ဒုတိယ အစုအဖို့ များ၏ ယုတ္တိလွဲချော်မှု များ ကို သက်သေပြနိုင်ပြီး ဖြစ်ရာ ပထမ နှင့် ဒုတိယ အစုအဖို့ များ ကို ပေါင်းထားသော အယူအဆ ဖြစ်သော ဤ အယူအဆ သည်လည်း ယုတ္တိဗေဒ နည်းအရ မှားနေသော အယူအဆ သာ ဖြစ်ရပေမည်။ အကြောင်း နှင့် အကျိုး တရားများ သည် ထပ်တူဖြစ်သည် ဟူသော အခြေအနေ နှင့် အကြောင်း နှင့် အကျိုး တရားများ သည် မတူခြားနား သော တရားများ ဖြစ်သည် ဟူသော အခြေအနေ နှစ်ရပ် သည် တစ်ပြိုင်နက် ဖြစ်ပွားနိုင်ခြင်း မရှိသောကြောင့်ဖြစ်ပါ၏။
(၄) လောက သည် အကြောင်းအကျိုးတရားကင်းလျှက် မိမိ ဖြစ်ချင်သလို ဖြစ်နေသော သဘောအဖြစ်လက်ခံ ထားသော ရှုထောင့်သည်ကား အထူးငြင်းဆိုနေရန်ပင်မလို အပ်ပေ။ လောက ၌ ဖြစ်ပေါ်လာသော အကျိုးတရား မှန်သမျှသည် အကြောင်းရင်းခံ ရှိကြသည်မှာ သမ္မုတိပညတ်တရား နယ်ပယ်၌ပင် ထင်ရှားနေသော အရာ ဖြစ်၏။ လောက သည် အကြောင်းအကျိုးတရားကင်းလျှက် မိမိ ဖြစ်ချင်သလို ဖြစ်နေပါလျှင် အမှောင် မှ လဲ အလင်း ဖြစ်ပေါ်လာနိုင်ပေမည်။ အဆိပ်ကို သောက်သော်လည်း အသက်အန္တရာယ်မဖြစ်ပဲ ရှိနေပေမည်။ အမြုံမ မှလဲ သားရတနာမွေးဖွား နိုင်ပေမည်။ ဤသို့သော အယူအဆ သည် မှားယွင်းနေကြောင်း ခက်ခဲစွာ ဝေဖန်ဆန်းစစ်နေရန်ပင် မလို အပ်ပေ။
အကြောင်းတရား နှင် အကျိုးတရား တို့ ကို ကိုယ်ပိုင်သဘာဝဖြင့် စွဲမှတ်ယူဆ နိုင်သော အရာ များ အဖြစ်ယူဆ ပါက အထက်ဖေါ်ပြပါ အစုအဖို့ (၄) ခု မှ တစ်ပါး အခြား မရှိချေ။ အထက်ဖေါ်ပြပါ အစုအဖို့ (၄) ခု ၏ ယုတ္တိနည်းအရ မှားနေ သော အတွင်းဝိရောဓိများ ကို ထောက်၍ အကြောင်းတရား နှင် အကျိုးတရား တို့ ကို ကိုယ်ပိုင်သဘာဝဖြင့် စွဲမှတ်ယူဆ နိုင်သော အရာ များ မဟုတ်ကြောင်း (၀ါ) အကြောင်းတရား နှင် အကျိုးတရား တို့ သည် ကိုယ်ပိုင်သဘာဝ အနှစ်သာရ ဆိတ်သုဉ်းနေသော သုညတာ တရားများသာ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ သိမြင်နိုင်ပါ၏။
ခန္ဓာ အာယတန ဓါတု သစ္စာ များ ၏ သုညတာ သဘော
သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အဘိဓမ္မာ တွင် လောက ကို သရုပ်ခွဲ ကြည့်ရာတွင် ခန္ဓာ အာယတန ဓါတု သစ္စာ များ အနေ ဖြင့် ပိုင်းခြားစိတ်ဖြာ ကြည့်ရှု၏။ ခန္ဓာ ဟု ဆိုရာဝယ် ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ် စသော ခန္ဓာ (၅) ပါး ဖြစ် ၏။ အာယတန ဟု ဆိုရာဝယ် အတွင်းအဇ္ဈတ္တ အနေဖြင့် ရှိနေသော မျက်စိ နား နှာ ကိုယ် လျှာ စိတ် ဟူသော အတွင်း အာယတန (၆) ပါး နှင့် အပြင်ဗဟိဒ္ဓ အနေဖြင့်ရှိနေသော အဆင်း အသံ အနံ့ အရသာ အတွေ့ ဓမ္မာရုံ ဟူသော အပြင်အာယတန (၆) ပါး တို့ ကို ဆိုလို၏။ ဓါတု ဟု ဆိုရာ ၀ယ် ဆိုခဲ့ပြီးသော အတွင်း အာယတန (၆) ပါး နှင့် အပြင်အာယတန (၆) ပါး တို့ အပြင် ၎င်းတို့ အချင်းချင်း ထိခတ်မှုကြောင့် ဖြစ်ပေါ်လာသော မြင်စိတ် ကြားစိတ် နံစိတ် အရသာသိစိတ် တွေ့ထိစိတ် နှင့် ကြံသိစိတ် ဟူသော သိမှု သဘော (၆)ပါး အားဖြင့် စုစုပေါင်း ဓါတု (၁၈) ပါး ကို ဆို လို၏။ သစ္စာ ဟုဆိုရာတွင် ဒုက္ခ-သမုဒယ-နိရောဓ-မဂ္ဂ စသော အရိယာသစ္စာ (၄) ပါး ကို ဆို လို၏။ လောကပညတ္တိ တရားအစုစု တို့ ကို အဆုံးစွန် အထိ သရုပ်ခွဲကြည့်လျှင် အထက်ဖေါ်ပြပါ ဓမ္မတရား များ မှ လွဲ ၍ အပို အလို မရှိ ဟု သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အဘိဓမ္မာ က မြင်ပါသည်။
သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အဘိဓမ္မာ အလို အရ ဤ ဓမ္မတရားများ သည် ကိုယ်ပိုင် အနှစ်သာရ လက္ခဏာ အသီးသီး ဖြင့် ရပ်တည်နေကြသော အဟုတ်ရှိ အမှန်ရှိနေသော ပရမတ္ထတရား များ ဖြစ်ကြ၏။ ဥပမာ ဖေါက်ပြန်လှုပ်ရှားသည့် သဘော ခံစားတတ်မှု သဘော မှတ်သားတတ်မှုသဘော ပြုပြင်စီရင်တတ်မှုသဘော သိမှုသဘော တို့ သည် ရုပ် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ် စသော ခန္ဓာ (၅) ပါး ၏ ပကတိ ပိုင်ဆိုင်သော သီးခြားစီ ရပ်တည် နေကြသော ကိုယ်ပိုင် အနှစ်သာရ လက္ခဏာများ ဖြစ်ကြ၏။
နာဂဇ္ဇုန သည် အဆိုပါ ဓမ္မတရားများ ၏ စွဲမှီဆက်နွယ်ယှက်ဖွဲ့ ဖြစ်ပွားနေခြင်း သဘော ကို လက်ခံသော်လည်း ၎င်းတို့ သည် ကိုယ်ပိုင် အနှစ်သာရ လက္ခဏာ အသီးသီး ဖြင့် ရပ်တည်နေကြသော အဟုတ်ရှိ အမှန်ရှိနေသော ပရမတ္ထတရား များ ဖြစ်ကြသည် ဟူသော အချက် ကို မူ ငြင်းဆန်ခဲ့ပါသည်။ ရှေ့ စာမျက်နှာများတွင် ဖေါ်ပြခဲ့ သလို စွဲမှီဆက်နွယ် ယှက်ဖွဲ့ ဖြစ်ပွားနေသော သဘောများ သည် ကိုယ်ပိုင် အနှစ်သာရ မရှိနိုင်သော သဘောများသာ ဖြစ်လေသည်။
ရုပ် (ဖေါက်ပြန်ပြောင်းလဲခြင်းသဘော) သည် ဝေဒနာ သညာ သင်္ခါရ ၀ိညာဏ် စသော နာမ်ခန္ဓာများ နှင့် ကင်းလွတ် သတ်မှတ်၍ မရစကောင်း သလို ရုပ်၏ အရှိသဘော သည် နာမ်ခန္ဓာများ ၏ သိမှတ်ခံစားတုန့်ပြန်မှုများ မပါပဲ နှင့် မတည်ရှိနိုင်ပေ။ စင်စစ် ခန္ဓာ (၅)ပါး စသော ဓမ္မတရား မှန်သမျှတို့ သည် အတွေ့အကြုံ ဖြစ်စဉ်၌ ပါဝင်နေသော အဖို့အစုများ ကို ဥာဏ်ဖြင့်လွှာထုတ်ပိုင်းခြားလျှက် အမည်နာမ ဖြင့် ပညတ်တင်ထားခြင်း သာ ဖြစ်၏။
ဥပမာ-မျက်စိ (စက္ခာယတန) ကို ကြည့် ပါ။ အဆင်း ကို မြင်နိုင်သော စွမ်းအားသည် မျက်စိ၏ အတွင်းသဘော၌ ကိုယ်ပိုင် အနှစ်သာရ အနေဖြင့် တည်ရှိနေပါသလော။ လောကတွင် မျက်စိ ဖြင့်မြင်နိုင်သော အရာဝတ္တု အဆင်း ဟူသမျှ ကို အပြီး တိုင် ဖယ်ထုတ်ထားခဲ့လျှင် မြင်စရာမရှိသော မျက်စိတွင် အဆင်း ကို မြင်နိုင်သော စွမ်းအား သည် အတွင်းသဘော၌ ကိုယ်ပိုင် အနှစ်သာရ အနေဖြင့် တည်ရှိ နေသောကြောင့် မျက်စိသည် မိမိ ကိုယ်ကို (၀ါ) မိမိ ၏မျက်စိအနေဖြင့်တည်ရှိမှု ကို ပြန်လည်မြင်နိုင်စွမ်း ရှိရပေမည်။ သို့သော်လည်း လက်တွေ့ အားဖြင့် ဤသို့ မမြင်နိုင်သည် မှာ ထင်ရှားသောကြောင့် မျက်စိသည် မိမိ မဟုတ်သော အပ အရာဝတ္တုများ ကို မိမိ ကိုယ်ပိုင်စွမ်းအား ဖြင့် မြင်သည်ဟု မဆို နိုင်တော့ချေ။ စင်စစ် မြင်ခြင်း သဘော သည် မျက်စိ အဆင်း အလင်းရောင် အရာဝတ္တု မြင်သိစိတ် စသော ဓမ္မတရားပေါင်းများစွာ တိုက်ဆိုင် ပေါင်းဆုံမှု အခိုက်တွင် ပေါ်လွင်လာသော (အတွင်းအနှစ်သားဆိတ်သုဉ်းသည့်) သုညတာ သဘောမျှ ပင်ဖြစ်၏။ အဆင်း ကို မြင်နိုင်သော စွမ်းအား-မြင်နိုင်ခြင်းသတ္တိ သည် မျက်စိ အဆင်း အလင်းရောင် အရာဝတ္တု မြင်သိစိတ် စသော ဓမ္မတရား များ တစ်ခုခြင်းစီ၏ အတွင်း အဇ္ဈတ္တများတွင် မရှိချေ။ ထို့ကြောင့် မျက်စိ သည် မိမိ ၏ ကိုယ်ပိုင် အနှစ်သား သဘော မရှိ သော သုညတာ ဓမ္မတရားတစ်ခု သာ ဖြစ်ပေ၏။ ကျန်သော ခန္ဓာ အာယတန ဓါတု သစ္စာ တရားများ ကို လည်း ဤပုံ နမူနာယူ၍ ကိုယ်ပိုင် အနှစ်သား သဘော မရှိသော သုညတာ ဓမ္မတရား များ သာ ဖြစ်ကြောင်း သိအပ်၏။
ထိုနည်းတူစွာ မြင်သိမှု ဖြစ်စဉ် ကို လေ့လာကြည့်လျှင် ယုတ္တိလွဲဟန်များ ကို ဤသို့တွေ့ ရ၏။ မြင်ခြင်း သည် မြင်ခဲ့ပြီး သော အရာ တို့ ကို မြင်သည် ဟု ဆိုလိုသလား မမြင်ရသေးသော(မြင်လတ္တံ့သော) အရာ တို့ ကို မြင်သည် ဟု ဆိုလို သလား စဉ်းစားကြည့်ပါ။ မြင်ခဲ့ပြီးသော အရာ တို့ ကို မြင်သည် ဟုဆိုခြင်းသည် ဆိုရန်မသင့်သော စကား ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော မြင်ခဲ့ပြီးသော အရာ တို့ ကို ထပ်မြင်ရန်အတွက် မြင်ခြင်းကိစ္စ မလိုအပ်တော့ သောကြောင့်ပင် ဖြစ်၏။ မမြင်ရသေးသော(မြင်လတ္တံ့သော) အရာ တို့ ကို မြင်သည် ဟု ဆို ခြင်းမှာလည်း အဓိပ္ပါယ် မရှိချေ။ မမြင်ရသေး သော အချိန်တွင် မြင်ခြင်း ကိစ္စ မရှိသောကြောင့် ဖြစ်၏။ ဤ အခြေအနေ နှစ်ရပ် ကိုကြဉ်၍ တတိယ အခြေအနေ ဟူ၍ လည်း မရှိနိုင်သော ကြောင့် မြင်ခြင်း ၏ ကိုယ်ပိုင် အနှစ်သာရသဘောသည် ရှာဖွေလေ မတွေ့နိုင်လေ သာဖြစ်၏။ ကျန်သော အာယတနများ ကို လည်း ဤပုံ နမူနာယူ၍ ကိုယ်ပိုင် အနှစ်သား သဘော မရှိသော သုညတာ ဓမ္မတရား များ သာ ဖြစ်ကြောင်း သိအပ်၏။
ထို့ပြင်တစ်ဝ အဆင်းကြောင့် မြင်သိမှု ဖြစ်သည်ဟူ၍ ကြောင်းကျိုးဆက်သွယ်ပြမှု သည် လည်း အချည်းနှီးသာဖြစ်၏။ အသိခံရသော အဆင်း သည် မြင်သိစိတ် အလျင် ဖြစ်ပေါ်နေသလား သို့မဟုတ် သိတတ်သော မြင်သိစိတ်သည် အဆင်း အလျင် ဖြစ်ပေါ်နေသလား စိစစ် ကြည့် လျှင် အသိခံရသော အဆင်း နှင့် သိတတ်သော မြင်သိစိတ်သည် တစ်ခုမပါ ပဲ ကျန်တစ်ခု က သီးသန့်အနက်မထင်နိုင်သော သဘောများ သာ ဖြစ်သည် ကို တွေ့ရမည်ဖြစ်၏။ ထို့ ကြောင့် တစ်ခု ထက်တစ်ခု အလျင်ဖြစ်ပေါ်နေရန် မထိုက်သော တရားများ သာ ဖြစ်လေသည်။ ဤသို့ ဖြစ်လျှင် အသိခံရသော အဆင်း နှင့် သိတတ်သော မြင်သိစိတ်သည် ပြိုင်တူ ဖြစ်ကြလေသလား ဟူ၍ဆန်းစစ်ကြည့်လျှင် ပြိုင်တူဖြစ်ပေါ်သော အရာများ သည် အကြောင်း အကျိုး သဘော ဆက်နွယ်မှု မရှိသဖြင့် အကြောင်းနှင့်အကျိုးများ အနေဖြင့် ခံယူထားသော အသိခံရ သော အဆင်း နှင့် သိတတ်သော မြင်သိစိတ်သည် ပြိုင်တူလဲ ဖြစ်ခွင့်မရှိသော သဘောများ သာဖြစ်ကြလေသည်။ ကျန်သော အာယတနများ ကို လည်း ဤပုံ နမူနာယူ၍ ကိုယ်ပိုင် အနှစ်သား သဘော မရှိသော သုညတာ ဓမ္မတရား များ သာ ဖြစ်ကြောင်း သိအပ်၏။
သင်္ခတတရားများ ၏ သုညတာ သဘော
သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အဘိဓမ္မာ အလို အရ ဓမ္မတရားများ သည် အကြောင်းအထောက်အပံ့များ ကို မှီစွဲ ၍ ဖြစ်ပွားရသောကြောင့် အကြောင်းတရားတို့ပြုပြင်စီရင်ဖန်တီးအပ်သော သင်္ခတတရားများ အဖြစ်သတ်မှတ်ထားပါသည်။
သင်္ခတတရားများ ၏ သင်္ခတတရားများဖြစ်ကြောင်း ပြသနေသည့် လက္ခဏာ မှာ ၎င်းတို့တွင် ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) တို့ပင်ဖြစ်၏။ ဤသို့ ဖြစ်-တည်-ပျက် လက္ခဏာများ ကို ပိုင်ဆိုင်သော သင်္ခတတရားများ သည် အဟုတ်အမှန် ရှိနေသော ဓမ္မတရားများ ဖြစ်ကြောင်း သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အဘိဓမ္မာ က ထောက်ပြ၏။
သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အဘိဓမ္မာ က အဟုတ်ရှိအမှန်ရှိ အဖြစ် လက်ခံသော ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) စသော လက္ခဏာများ ကိုယ်တိုင်သည် ပကတိကိုယ်ပိုင် အနှစ်သာရဖြင့် တည်ရှိနေခြင်း မဟုတ် ကြောင်း ကို နာဂဇ္ဇုန က ရှုဒေါင့် အမျိုးမျိုး က လင်းပြပြန်ပါ၏။ ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) စသော လက္ခဏာများ ကိုယ်တိုင်သည် ပကတိကိုယ်ပိုင် အနှစ်သာရဖြင့် တည်ရှိနေခြင်းသာဖြစ်ပါက ၎င်း တို့ သည် တစ်ခု နှစ်တစ်ခု မရောယှက်ပဲ သီးခြားစီ ဖြစ်နေသော သဘောဓမ္မများ ဖြစ်ရပေမည်။ ဖြစ်ခြင်း သည်လည်း ဖြစ်ခြင်း သဘော၏ ပကတိကိုယ်ပိုင် အနှစ်သာရဖြင့်တည်ရှိနေသလို တည်ခြင်း နှင့်ပျက်ခြင်း သဘောတို့သည်လည်း ပကတိ ကိုယ်ပိုင် အနှစ်သာရဖြင့် တည်နေရပေမည်။ သို့သော်လည်း ဖြစ်ပေါ်ခြင်း (ဥပါဒ်) သဘောသည် မိမိ ရှေ့က ရှိခဲ့သော ပျက်စီးခြင်း (ဘင်) သဘောနှင့်ကင်း၍ မဖြစ်နိုင်ပေ။ အကြောင်းပစ္စည်းတို့ချုပ်မှ အကျိုးပစ္စယုပ္ပန် တရားများ ဖြစ်ပေါ်ခွင့် ရပေမည်။ ထို့အတူ တည်တံ့ခြင်း (ဋ္ဌီ) သည်လည်း ဖြစ်ပေါ်ခြင်း ကို တည်မှီနေရလေသည်။ ဖြစ်ခြင်းမရှိလျှင် တည်ခြင်း လည်း မရှိနိုင်ပေ။ အလားတူပင် ပျက်စီးခြင်း (ဘင်) သည် ဖြစ်ခြင်း တည်ခြင်း စသော အရာများ၏ အကျိုးဆက် သာဖြစ်ပြီး မိမိ ဘာသာ သီးခြား အနက်မထင်သော သဘောဓမ္မဖြစ်သည်ကို တွေ့ရပေမည်။ ဤသို့ လင်းပြပြန်ပါ၏။ ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) စသော လက္ခဏာများသည် အချင်းချင်း အညမညမှီခိုလျှက် အနက်ထင် ရသော အရာများ ဖြစ်သော ကြောင့် သ-ဘာဝ တရားများ မဟုတ်ကြပဲ နိဿဘာဝ (သုညတာ) သဘောများ သာဖြစ် ကြောင်းတွေ့ရပေမည်။
ထို့အပြင် ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) စသော လက္ခဏာများ ကို သီးခြားအရှိတရားများ အနေဖြင့် လက်ခံထားလျှင်ရင်ဆိုင်ရမည့် အခက်အခဲ တစ်ခု ရှိသေး၏။ ဖြစ်ပေါ်ခြင်း (ဥပါဒ်) သည် သီးခြားအရှိသဘော ဖြစ်ပါက ၎င်း၏ ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) သဘောတို့ ရှိရပြန်ပေဦးမည်။ တစ်ဖန် ဖြစ်ပေါ်ခြင်း ၏ ဖြစ်ပေါ်ခြင်းအတွက် အခြားသော ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) သဘော တို့ ရှိရပြန်ပေဦးမည်။ ဤသို့ဖြင့် အဆုံးမရှိထပ်ကျော့နေရခြင်း သဘော ကို မြင်လျှင် ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) စသော လက္ခဏာများ ကို သီးခြားအရှိတရားများ အနေဖြင့် လက်ခံ ရန်မဖြစ်နိုင်ကြောင်း ထင်ရှား၏။
ဤကဲ့သို့ ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင့် ပျက်စီးခြင်း (ဘင်) စသော သဘောတရားများ၏ သီးခြားအရှိ ဖြစ်ခြင်း ကို ငြင်းပယ်ခြင်းသည် သင်္ခတတရားတို့ ၏ ပကတိအရှိသဘောကိုလည်း ငြင်းပယ်ပြီးသားဖြစ်၏။ အဘယ် ကြောင့် ဆိုသော် ဖြစ်ပေါ်ခြင်း (ဥပါဒ်) တည်တံ့ခြင်း (ဋ္ဌီ) နှင် ပျက်စီးခြင်း (ဘင်) စသော လက္ခဏာများ မရှိပဲ နှင့် သင်္ခတတရား ကို အတည်မပြုနိုင်သောကြောင့် ဖြစ်၏။
သင်္ခတတရား ကို အတည်မပြုနိုင်လျှင် ၎င်း၏ ဆန့်ကျင်ဖက် အ-သင်္ခတတရား၏ ပကတိအရှိသဘော ကိုလည်း အတည် မပြုနိုင်တော့ချေ။ အ-သင်္ခတတရား၏အနက် သည် သင်္ခတတရား ကို မှီခိုလျှက် ဖွင့်ဆိုရခြင်းကြောင့် သင်္ခတတရား ကို အတည်မပြုနိုင်လျှင် ၎င်း၏ ဆန့်ကျင်ဖက် အ-သင်္ခတတရား၏ ပကတိအရှိသဘောကိုလည်း အတည်ပြုပြောဆို၍ မရနိုင် ခြင်း ဖြစ်သည်။
အသင်္ခတတရား (နိဗ္ဗာန်) ၏ သုညတာ သဘော
သင်္ခတတရား ကို အတည်မပြုနိုင်လျှင် ၎င်း၏ ဆန့်ကျင်ဖက် အ-သင်္ခတတရား၏ ပကတိအရှိသဘော ကိုလည်း အတည် မပြုနိုင်ကြောင်းကို အထက်တွင် ပြဆိုခဲ့ပြီးဖြစ်လေသည်။ သင်္ခတ တရားစု တို့ ကို သံသရာ (သို့မဟုတ်) သံသရာ၏ တည်မှီရာ အဖြစ် မှတ်ယူ ပါလျှင် သင်္ခတ တရားစု တို့၏ အဟုတ်အမှန်သဘော -ပကတိသဘောအားဖြင့် မတည်ရှိမှု ကို သက်သေပြနိုင် ခြင်း သည် သံသရာ ၏ အဟုတ်အမှန် သဘော ပကတိသဘောအားဖြင့် မတည်ရှိမှု ကို သက်သေပြနိုင် ခြင်း ပင် ဖြစ်သည် ဟု ဆိုနိုင်၏။ သံသရာ တည်ရှိမှု ကို အခိုင်အမာမပြုနိုင်လျှင် သံသရာ၏ ဆန့်ကျင်ပက္ခတရား ဖြစ်သော နိဗ္ဗာန် (၀ါ) အသင်္ခတတရား (၀ါ) သံသရာ၏ ချုပ်ငြိမ်းမှုသဘောကိုလည်း အဟုတ်အမှန်သဘော ပကတိသဘောအားဖြင့် တည်ရှိနေကြောင်း အခိုင်အမာ မပြုနိုင်တော့ချေ။
ပကတိ သ-ဘာဝ အရှိတရားစစ်စစ် ကို လက်ခံသူတို့ အတွက် လည်း နိဗ္ဗာန် (သံသရာ၏ ချုပ်ငြိမ်းမှုသဘော) သည် မလိုအပ်ချေ။ ပကတိ သ-ဘာဝ အရှိတရားစစ်စစ် မည်သည် ဖြစ်ပေါ်ခြင်းလည်းမရှိ ပျက်စီးခြင်းလည်းမရှိ ပြောင်းလဲ ရွေ့လျှားခြင်းလည်း မရှိ နိုင်သောကြောင့် သင်္ခတတရားစု တို့ ၏ လက္ခဏာ များ မရှိနိုင်ပေ။ ထို့ကြောင့် မရှိသော သင်္ခတတရားစု တို့ ၏ ချုပ်ငြိမ်းမှု ဆိုသည်မှာ လည်း အဓိပ္ပါယ်မရှိသော အဆိုတစ်ရပ် သာ ဖြစ်ပေလိမ့်မည်။
နာဂဇ္ဇုန၏ အလို အရ (လောက အရာဝတ္တုများ ကဲ့သို့ပင်) နိဗ္ဗာန် သည်လည်း ရှိ-မရှိ ဖြစ်-မဖြစ် လာရောက်ခြင်း-ထွက်ခွာခြင်း တည်မြဲခြင်း-ချုပ်ပျက်ခြင်း စသော အစွန်းရောက် ၀ိဘာဂ များ ဖြင့် သတ်မှတ်၍ မရနိုင်ပေ။ ) နိဗ္ဗာန် ကို အဖြစ်အရှိ-ဘာဝတရား အနေ ဖြင့် ယူဆပါက အဖြစ်အရှိ-ဘာဝတရား မှန်သမျှ မွေးခြင်း သေခြင်း နှင့် မကင်းနိုင်ပေ။ နိဗ္ဗာန်သည် မွေးခြင်းသေခြင်းတို့ ကုန်ရာချုပ်ရာ ဖြစ်သည်ဟု ထင်ရှားသောကြောင့် နိဗ္ဗာန် သည် အဖြစ်အရှိ-ဘာဝတရား သဘော တစ်ရပ် မဟုတ်နိုင်ချေ။
အချို့ ကလည်း နိဗ္ဗာန် ကို မဖြစ်မရှိ-အဘာဝတရား အနေဖြင့်ယူဆကြ၏။ မဖြစ်မရှိ-အဘာဝတရား ဟူသည် မွေးခြင်း သေခြင်း တို့ မရှိနိုင်သောကြောင့် အသင်္ခတ တရား ဖြစ်သည်ဟု ယူဆလိုကြပုံရ၏။ သို့သော်လည်း မဖြစ်-မရှိ အဘာဝ တရား သည် အရှိ အဖြစ်-ဘာဝတရား ကို ထောက်မှီ၍ ပညတ်ရသော ၀ိဘာဂ သာ ဖြစ်ပြီး မိမိ ဘာသာ သီးခြား အနက် မထင်နိုင်သော သဘော ဖြစ်လေသည်။ ထို့ အပြင် မဖြစ်-မရှိ အဘာဝ တရား ကို အရှိတရား အနေဖြင့် ကြံဆ ၍ စွဲလန်းခြင်း သည် ယုန်ချို လိပ်မွှေး ပုဇွန်သွေး အမြုံမ၏သား စသော မရှိသည့်အရာများ ကို အရှိပမာယူဆ ၍ ရှာဖွေနေခြင်း ပမာ ရူးသွပ်မှု သာ ဖြစ်၏။ နိဗ္ဗာန် သည် အရိယာပုဂ္ဂိုလ်များ ထူးကဲသောဥာဏ်ဖြင့် မျက်မှောက်ပြုအပ်သော တရား ဖြစ်သော ကြောင့် မဖြစ်-မရှိ အဘာဝ တရားဟူ၍ မဆိုသင့်ပေ။
စင်စစ် နိဗ္ဗာန် သည် အရှိ-မရှိ အတ္ထိ-နတ္ထိ စသော အစွန်ရောက် ၀ိဘာဂ များ၏ ချုပ်ငြိမ်းမှု ၎င်းတို့ ကြောင့် ဖြစ်သော အစွဲဥပါဒါန် ဟူသမျှတို့၏ ချုပ်ငြိမ်းမှုသာ ဖြစ်၏။ ဝေါဟာရ စကားလုံးများ စိတ်ကူးဘောင် များ အားလုံး ကို လွန်မြောက် သော ကြောင့် (သုညတာ အမြင် ကိုယ်တိုင် အပါအ၀င်) အယူအမြင် (ဒိဋ္ဌိ) မှန်သမျှ ဖရိုဖရဲပြိုကွဲပျက်စီးခြင်း ပင်ဖြစ်၏။ အစွဲဥပါဒါန် ဟူသမျှတို့၏ ချုပ်ငြိမ်းမှုကြောင့် အစွဲဥပါဒါန် တို့ ကို အကြောင်းပြု၍ ဖြစ်ပွားရသော ဒုက္ခဆင်းရဲမှု အစုစု တို့၏ ချုပ်ငြိမ်းခြင်း လည်းဖြစ်၏။
နိဗ္ဗာန် သည် ပရမာနုတ္တရသုညတာ ကို သိမြင်ခြင်း
နိဗ္ဗာန် ကို အရှိတရား အနေဖြင့် ယူဆခြင်းသည် သဿတအစွန်း ကို စွဲယူခြင်းဖြစ်သလို မရှိတရား အနေဖြင့် ယူဆခြင်း သည် ဥစ္ဆေဒအစွန်း ကို စွဲယူခြင်း ဖြစ်သည်ဟု ဆိုနိုင်၏။ လောက ဝေါဟာရပညတ်အားဖြင့် ဤ အစွန်းများမှ လွတ်ကင်း အောင် ပြောနိုင်စွမ်းလည်း မရှိချေ။ ထို့ကြောင့် နိဗ္ဗာန်၏ အနက်မှန်ကို ဆိတ်ဆိတ်နေခြင်း (တုဏှဘာဝ) အားဖြင့်သာ အနီးစပ်ဆုံးဖေါ်ပြနိုင်ပေလိမ့်မည်။
သံသရာ ဟူသည် အရှိ-မရှိ အတ္ထိ-နတ္ထိ စသော အမြင်အစွဲများ ကို အခြေခံသော အချင်းအရာ ဖြစ်သော ကြောင့် သံသရာ ၏ ဆန့်ကျင်ဖက် နိဗ္ဗာန် သည် အရှိ-မရှိ အတ္ထိ-နတ္ထိ စသော အမြင်အစွဲများ၏ ချုပ်ဆုံးမှု မှလွဲ ၍ အခြားမရှိပေ။ ဓမ္မ၏ ကြောင်းကျိုး ဆက်စပ်မှီတွယ်နေသောဖြစ်စဉ် ကို အရှိ-မရှိ အတ္ထိ-နတ္ထိ စသော အမြင်အစွဲများ ကို အခြေခံ၍ ရှုမြင်ပါက သံသရာဟု ခေါ်ဆိုနိုင်ပြီး ယင်းဖြစ်စဉ်၏ ပကတိအရှိတရားများဆိတ်သုဉ်းမှု-သုညတာ ကို မြင်၍ အရှိ-မရှိ အတ္ထိ-နတ္ထိ စသော အမြင်အစွဲများ ၏ အနှောင်အဖွဲ့ မှ လွတ်မြောက်မှု သည် နိဗ္ဗာန် ဟု ဆိုနိုင်ပေမည်။ ဤနည်းအား ဖြင့် နိဗ္ဗာန် နှင့် သံသရာ သည် ကြောင်းကျိုး ဆက်စပ်မှီတွယ်နေသောဖြစ်စဉ် အရ တစ်ထပ်တည်း တစ်သားတည်းဖြစ်လျှက် သိမှုသဘော အရ လုံးဝပြောင်းပြန်ဆန့်ကျင်နေသော ရှုထောင့် နှစ်ခု ဖြစ်ကြ လေသည်။ ထို့ကြောင့် နာဂဇ္ဇုန က သံသရာ ၏ အကန့် အသတ်သည် နှင့် နိဗ္ဗာန် ၏ အကန့်အသတ် ပင်ဖြစ်သည်။ သံသရာ နှင့် နိဗ္ဗာန် တို့ အကြား ပိုင်းခြားထား သောသဘော တစ်စုံတစ်ရာမျှ မရှိချေ ဟု ဆိုခဲ့ လေသည်။
ဤအဆိုကို အခြေခံ၍ အချို့ ဥာဏ်နည်းသူတို့ က နာဂဇ္ဇုန ၏ မာဓျမိကဒဿနအမြင် သည် သံသရာ နှင့် နိဗ္ဗာန် ကို ထပ်တူဖြစ်သည် ဟု ဆိုခဲ့ သယောင်ယောင် စွပ်စွဲ ပြောဆိုတတ်ကြ၏။ မာဓျမိကဒဿနအမြင် အလိုအရ ထပ်တူညီခြင်း တစ်သီးတစ်ခြားကွဲပြားခြင်း စသော ဆန့်ကျင်ပက္ခ ၀ိဘာဂတရား တို့ သည် လောက ပညတ်တရား နယ်ပယ် ၌သာ ပြောဆိုစရာ ဖြစ် သော ကြောင့် သံသရာ နှင့် နိဗ္ဗာန် ကို ထပ်တူဖြစ်သည် ဟု ဆိုရန် အကြောင်းမရှိချေ။ စင်စစ် နာဂဇ္ဇုန ၏ မာဓျမိကဒဿနအမြင် အရ သံသရာ နှင့် နိဗ္ဗာန် တို့သည် ထပ်တူခြင်း ခြားနားခြင်း စသောစွဲယူမှုများ သည် အနက် အဓိပ္ပါယ် မရှိပေ။
အကယ်၍ သံသရာ နှင့် နိဗ္ဗာန် ကို ထပ်တူဖြစ်သည် ဟု ဆို ပါက ဗုဒ္ဓ ဓမ္မ ၏ သီလ သမာဓိပညာ အကျင့်တရားများ ကျင့်ရန် မလို အပ်တော့ ဟု ဆိုရမလို ဖြစ်နေပေမည်။ ရရှိ ရောက်ရှိပြီးသား နိဗ္ဗာန်ကို ရရှိရန် သံသရာမှ လွတ်မြောက်ခြင်း ဟူ၍ မဖြစ်နိုင်သောကြောင့်ပင်ဖြစ်၏။ အကယ်၍ သံသရာ နှင့် နိဗ္ဗာန် ကို တစ်သီးတစ်ခြားကွဲပြားနေသော နယ်ပယ် နှစ်ခု အဖြစ် သတ်မှတ်ပါက လည်း ဗုဒ္ဓ ဓမ္မ ၏ သီလ သမာဓိပညာ အကျင့်တရားများ ကျင့်ရန် မလို အပ်တော့ ဟု ဆိုရ မလို ဖြစ်နေပေမည်။ သံသရာနယ်ပယ်သည် ဖြစ်ပျက်ပြောင်းလဲမှု ဆင်းရဲဒုက္ခများ၏နေရာနယ်ပယ် ဖြစ်ပြီး နိဗ္ဗာန် သည် ဖြစ်ပျက်ပြောင်းလဲမှု ဆင်းရဲဒုက္ခများမရှိရာ နေရာနယ်ပယ် ဖြစ်သောကြောင့် သဘာဝခြင်း လုံးဝခြားနားနေသော တစ်သီးတစ်ခြားကွဲပြားနေသော နယ်ပယ် နှစ်ခု အကြား ကူးတက်ဆက်နွယ်မှု မရှိနိုင်ပေ။ သံသရာ က သပ်သပ် နိဗ္ဗာန်က သပ်သပ် ထာဝရ ပိုင်းခြား ဝေးကွာနေသော သဘောများ ဖြစ်ကြလျှင် မည်သို့မည်ပုံ သီလ သမာဓိ ပညာ အကျင့်တရား များ ကျင့်၍ သံသရာမှထွက်မြောက် နိဗ္ဗာန်သို့ ခရီးပေါက်နိုင်ပေမည်နည်း။
ဤနေရာတွင် အများမြင်သာထင်သာရှိစေရန် ဆိုရိုးပြုလေ့ရှိသော ကြိုးနှင့်မြွေ ဥပမာ ဖြင့် အနည်းငယ် ရှင်းပြလိုပါ၏။ ခရီးသွားတစ်ယောက် သည် မှောက်မိုက်သောည တစ်ညတွင် လမ်းပေါ်၌ ခွေနေသော မြွေတစ်ကောင်ကို တွေ့၏။ မြွေ ဟူသော အမှတ်သညာဖြင့် ကြောက်ရွံ့မှုဖြစ်သောကြောင့် တောင်ဝှေးဖြင့် ထိုမြွေ ကို လမ်းမပေါ်မှ ဖယ်ရှားရန် အားထုတ် လေ၏။ ထိုအချိန်တွင် လျှပ်စီးဝင်းလက် သောကြောင့် အလင်းရောင်အောက်ဝယ် မိမိ မြွေဟုထင်မှတ်နေသောအရာသည် ကြိုးခွေတစ်ခုသာ ဖြစ်သည် ကို တွေ့ လိုက်ရသောကြောင့် မြွေ အမှတ်သညာ လည်းပျောက် ကြောက်စိတ်လည်း ကွယ်ပ ၍ ချမ်းသာခြင်း ကို ရလေ၏။
ဤ ဥပမာ တွင် (၁) မြွေဟု ထင်မှတ်မှား မှု (၂) ပကတိရှိနေသောကြိုးခွေ နှင့် (၃) ကြိုးခွေဟု အမှန်မြင်ခြင်းကြောင့် မြွေဟု ထင်မှတ်မှား မှု ပျောက်ကွယ်ခြင်း နှင် ကြောက်စိတ်ချုပ်ငြိမ်းခြင်း ဟူသော သဘောတရား သုံးခု ကို ရအပ်၏။ ၎င်း သဘောတရား သုံးခု သည် ထပ်တူ ဖြစ်သလော ဟု စဉ်းစားလျှင် ထပ်တူ မဟုတ်ကြောင်း သိသာထင်ရှား၏။ ၎င်း သဘော တရား သုံးခု သည် လုံးဝခြားနားနေသော တစ်သီးတစ်ခြားကွဲပြားနေသော အရာများ ဖြစ်သလော ဟု စဉ်းစားလျှင် လည်း တစ်သီးတစ်ခြားကွဲပြားနေသော အရာများ မဟုတ်ကြောင်း သိနိုင်ပါ၏။ ပကတိရှိနေသောကြိုးခွေ ကို အပထား၍ မြွေဟု ထင်မှတ်မှား မှု မဖြစ်နိုင်ပေ။ ပကတိရှိနေသောကြိုးခွေကို အပထား၍ ကြိုးခွေဟုအမှန်မြင်ခြင်းကြောင့် မြွေဟု ထင်မှတ်မှား မှု ပျောက်ကွယ်ခြင်း နှင် ကြောက်စိတ်ချုပ်ငြိမ်းခြင်း တို့ လည်း မဖြစ်နိုင်ပေ။ မြွေဟု ထင်မှတ်မှား မှု ကို အခြေမခံပဲနှင့် မြွေဟု ထင်မှတ်မှား မှု ပျောက်ကွယ်ခြင်း လည်း မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤ တရား သုံးပါး သည် ထပ်တူလည်းမကျ တစ်သီးတစ်ခြားစီလည်းမဟုတ် ပဲ ၎င်းတို့ အကြား အကြား ပိုင်းခြားထားသောသဘောတစ်စုံတစ်ရာမျှ မရှိဟူ၍သာ ဆိုရပေမည်။
ဤ ဥပမာနှင့် သံသရာ-နိဗ္ဗာန် ဆက်စပ်မှု ကို ထင်ဟပ်ပြရလျှင် သံသရာဟူသည် မြွေဟု ထင်မှတ်မှားမှု နှင့် အလားတူ၏။ ကြောင်းကျိုးဆက်နွယ်မှီစွဲဖြစ်ပွားရသော ဓမ္မသဘောတို့သည် ပကတိရှိနေသောကြိုးခွေ နှင့် အလားတူ၏။ နိဗ္ဗာန် သည် ကြိုးခွေဟု အမှန်မြင်ခြင်းကြောင့် မြွေဟု ထင်မှတ်မှားမှု ပျောက်ကွယ်ခြင်း နှင့် ကြောက်စိတ်ချုပ်ငြိမ်းခြင်း တို့ ပမာ အလား တူ၏။ကြောင်းကျိုးဆက်နွယ်မှီစွဲဖြစ်ပွားရသော ဓမ္မသဘောတို့ ၏ ယထာဘူတသဘော ဖြစ်သော သုညတာဓမ္မ ကို မမြင်ပဲ ပကတိအရှိတရားစစ်စစ်များ ၏လောက အဖြစ် စွဲမှတ်ခြင်းသည် သံသရာဖြစ်၏။ ကြောင်းကျိုးဆက်နွယ်မှီစွဲ ဖြစ်ပွားရသော ဓမ္မသဘောတို့ ၏ ယထာဘူတသဘော ဖြစ်သော သုညတာဓမ္မ ကို မြင်လျှက် ပကတိအရှိတရားစစ်စစ်များ အပေါ်စွဲလန်း မှု ကို ပယ်သတ်နိုင်ခြင်း နှင့် အကျိုးဆက်အားဖြင့် ဆင်းရဲဒုက္ခတို့ ချုပ်ငြိမ်းရခြင်းသည် နိဗ္ဗာန် ဖြစ်၏။
ဤနေရာတွင် ကြိုးခွေ ဥပမာအရ ကြောင်းကျိုးဆက်နွယ်မှီစွဲဖြစ်ပွားရသော ဓမ္မသဘောတို့သည် ပကတိ ရှိနေသော ကြိုးခွေ အလား အဟုတ်အမှန်ရှိနေ သယောင်ထင်မှတ်နိုင်သေး၏။ အထက်တွင်ဖေါ်ပြခဲ့သလို ကြောင်းကျိုးဆက်နွယ် မှီစွဲဖြစ်ပွားရသော ဓမ္မသဘောတို့သည် အရှိတရားများ မဟုတ်ပဲ သုညတာ ဓမ္မများ သည် ဖြစ်သည့် အပြင် ၎င်း သုညတာ ဓမ္မ ကို လည်း အရှိတရားစစ်စစ် အဖြစ် မသတ်မှတ်နိုင်သောကြောင့် နောက်ဆုံး တွေ့ကြုံရရှိသည့် နိဗ္ဗာန် သည် တွေ့ကြုံ ရရှိမှုသဘောကိုကျော်လွန်နေသော အတုမရှိသည့် အဆုံးစွန်သော သုညတသဘော (ပရမာနုတ္တရသုညတာ) ဖြစ်၏။
အတ္တ ၏ သုညတာ သဘော
ရှေးဟောင်း အိန္ဒိယဘာသာရေးနယ်ပယ်တွင် အတ္တ နှင့် ပတ်သက်သော အယူအဆရေးရာ ငြင်းခုံမှုများ သည် အလွန် ထင်ရှား၏။ အချို့ က အတ္တ သည် အရှိတရား ဖြစ်ကြောင်း ယူဆ သလို အချို့ ကလည်း အတ္တ မရှိကြောင်း ယူဆကြ၏။ အချို့ က အတ္တ သည် ခိုင်မာမြဲမြံသော ထာဝရ အရှိတရား အဖြစ် ယူဆ ၍ အချို့ က အတ္တ သည် ပြောင်းလဲပျက်စီးနိုင် သော သဘော အဖြစ် သတ်မှတ်ကြ၏။ အချို့ က အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ထပ်တူ ဖြစ် သည်ဟု ထင်ကြသလို အချို့က အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် ကွဲပြားလျှက် တစ်သီးတစ်ခြားတည်ရှိသည်ဟု ထင်ကြ၏။ အတ္တ သည် အရှိတရား ဖြစ်ကြောင်း ယူဆ သူတို့ က အတ္တသည် မြဲခိုင်သောအရာ (နိဝါသီ) ပိုင်ဆိုင်သူ (သာမီ) ခံစားသူ (ဝေဒက) ပြုလုပ်သူ (ကာရက) ဆုပ်ကိုင်စွဲမက်သူ (ဂါဟက) မိမိ ကိုယ်ပိုင်သဘာဝရှိသူ (သယံဝသီ) လွမ်းမိုးတည်တံ့သူ (အဓိဋ္ဌာန) ပိုင်စိုးသူ (၀တ္တန) စသဖြင့် အတ္တ ၏ ဂုဏ်ရည်များ ကို သတ်မှတ်ကြ၏။
အတ္တ နှင့် ပတ်သက်သော အယူအဆရေးရာ ငြင်းခုံမှုများ ကို အနှစ်ချုပ်လျှင် (၁) အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ထပ်တူ ဖြစ် သည် ဟူသော အယူအဆ နှင့် (၂) အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် ကွဲပြားလျှက် တစ်သီးတစ်ခြားတည်ရှိသည် ဟူသော အယူအဆ နှစ်မျိုး ကို သာ တွေ့ ရမည်ဖြစ်၏။ မာဓျမိကဒဿန အမြင်အရ စိစစ် ကြည့်လျှင် အထက်ပါ အယူအဆ နှစ်ခုလုံး သည် ထောက်တည်ရာကင်းမဲ့သော ယုတ္တိလွဲဟန်များ သာ ဖြစ်ကြောင်းတွေ့ရပေမည်။
အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ထပ်တူ ဖြစ် သည်ဟူ၍ ယူဆပါက အတ္တ သည် ရုပ်နာမ် ခန္ဓာတို့ နည်းတူ အကြောင်း အထောက်အပံ့များကြောင့် ဖြစ်ပေါ်တတ်သော အရာ ပြောင်းလဲပျက်စီးနိုင်သော အရာ ဟူ ၍ ဆိုရပေမည်။ အကြောင်း အထောက်အပံ့များကြောင့် ဖြစ်ပေါ်တတ်သော အရာ ပြောင်းလဲပျက်စီးနိုင်သော အရာ သည် အတ္တ မဟုတ်ပဲ အနတ္တ သာ ဖြစ်ရပေမည်။ ထို့ကြောင့် အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ထပ်တူ ဖြစ် သည်ဟူသော အမြင် သည် ယုတ္တိမရှိပေ။
ထို့အပြင် အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ထပ်တူ ဖြစ် သည်ဟုယူဆ ပါက ရုပ်နာမ်ခန္ဓာ တို့ သည် အများသဘော (နာနတ္ထ) ကို ဆောင် နေသောကြောင့် အတ္တသည် လည်း အများ သဘော ဖြစ်နေပေမည်။ အတ္တ သည် သတ်မှတ်ချက် အရ တစ်ခုတည်းသဘော (ဧကတ္ထ) သာ ဖြစ်ရမည် ဖြစ်သောကြောင့် အများသဘောဆောင်နေသော အရာ သည် အတ္တ မဟုတ်ပဲ အနတ္တ သာ ဖြစ်ရပေမည်။ ထို့ကြောင့် အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ထပ်တူ ဖြစ် သည်ဟူသော အမြင် သည် ယုတ္တိမရှိပေ။
ထိုနည်းတူစွာ အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် ကွဲပြားလျှက် တစ်သီးတစ်ခြားတည်ရှိသည် ဟူသော အယူအဆ သည် လည်း မမှန်ကန်နိုင်ပေ။ အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် ကွဲပြားလျှက် တစ်သီးတစ်ခြားတည်ရှိသည် မှန်ပါက အတ္တ ၌ ရုပ်နာမ်ခန္ဓာတို့ ၏ လုပ်ဆောင်နိုင်မှုစွမ်းရည်သတ္တိများ တည်ရှိတော့မည်မဟုတ်သောကြောင့် အတ္တ သည် သိမှတ်ခြင်း ခံစားခြင်း မှတ်သားခြင်း တုန့်ပြန်လုပ်ဆောင်ခြင်း စသည် အမှုကိစ္စတို့ ကို ဆောင်ရွက်ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။ အတ္တ သည် အသက်ဝိညာဉ်ကင်းမဲ့သော အာကာသဟင်းလင်းပြင်ပမာ ဖြစ်ရပေတော့မည်။ ထို့ကြောင့် အတ္တ သည် ရုပ်နာမ်ခန္ဓာတို့ နှင့် ကွဲပြားလျှက် တစ်သီးတစ်ခြားတည်ရှိသည် ဟူသော အမြင် သည် ယုတ္တိမရှိပေ။
ဂျိန်းဘာသာဝင် တို့ က ဤအမြင် နှစ်ရပ်ကို ပေါင်းလျှက် အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် အတူတူလည်းဖြစ် တစ်ကွဲစီ လည်းဖြစ် ဟူ၍ ခံယူကြသလို ဗုဒ္ဓဘာသာဂိုဏ်းကွဲတစ်ခုဖြစ်သော သမ္မိတိယဂိုဏ်း က အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် အတူတူလည်း မဟုတ် တစ်ခြားလည်းမဟုတ် ဟူ၍ ခံယူကြ သေး၏။ ဤ ရှုထောင့်များ သည်လည်း အဓိပ္ပါယ်ကင်းမဲ့ နေသော ယုတ္တိလွဲဟန်များ သာ ဖြစ်ကြ၏။ အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် အတူတူလည်းဖြစ် တစ်ကွဲစီလည်းဖြစ် ဟူသော ဂျိန်းဘာသာဝင်တို့ ၏ အမြင် သည် အတွင်းဝိရောဓိ ဖြစ်နေသော အမြင်ဖြစ်သည်။ တစ်စုံတစ်ရာ သည် ဆန့်ကျင်ဖက်ဂုဏ်ရည်များ ကို တစ်ပြိုင်နက်တည်း မပိုင်ဆိုင်နိုင်သောကြောင့် ဖြစ်၏။
ထို့ အတူ အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် အတူတူလည်း မဟုတ် တစ်ခြားလည်းမဟုတ် ဟူ၍ မြင်သော သမ္မိတိယဂိုဏ်း ၏ အမြင် သည်လည်း ယုတ္တိဗေဒ စည်းမျဉ်းအခြေခံ ဖြစ်သော အလယ်ပုဒ်ထုတ်ပယ်ခြင်းဥပဒေသ (The Law of Excluded Middle) ကို ချိုးဖေါက် နေပါသည်။ အလယ်ပုဒ်ထုတ်ပယ်ခြင်းဥပဒေသ အလို အရ အစွန်းရောက် ဖြစ်ခြေ နှစ်ခုတည်းရှိနေသော အခြေအနေတွင် ကြားအခြေအနေတစ်ရပ် ကို မရ ရှိနိုင်ပေ။ ဥပမာ မောင်ဖြူ သည် အသက်ရှင် နေသည် (သို့မဟုတ်) မောင်ဖြူသည် အသက်မရှင်တော့ပေ ဟူသော အခြေအနေ ၌ အဆိုပါ ဖြစ်ရပ်ခြေ နှစ်မျိုးအပြင် တတိယ အခြေအနေ ကို မရအပ်ပေ။ အတ္တသည် ရုပ်နာမ်ခန္ဓာတို့ နှင့် အတူတူလည်း ဖြစ်ချင်ဖြစ် (သို့မဟုတ်) တစ်ခြားစီ လည်းဖြစ် ဟူသော အစွန်းရောက် ဖြစ်ခြေ နှစ်ခုတည်းရှိနေသော အခြေအနေတွင် ကြားအခြေအနေတစ်ရပ် ကို မရ ရှိနိုင် သော်လည်း သမ္မိတိယဂိုဏ်း ၏ အမြင် သည် ယင်းမဖြစ်နိုင်သော ကြားအခြေအနေ ကို လက်ခံထားခြင်း ဖြစ်လေရာ အလယ်ပုဒ်ထုတ်ပယ်ခြင်းဥပဒေသ ကို ချိုးဖေါက် နေသောကြောင့် ယုတ္တိလွဲနေသော အမြင်သာ ဖြစ်လေသည်။
ထို့ကြောင့် အတ္တ ကို ပကတိကိုယ်ပိုင်သဘာဝဖြင့် စွဲမှတ်ယူဆ နိုင်သော အရာ အဖြစ်ယူဆ ပါက အထက်ဖေါ်ပြပါ အစု အဖို့ (၄)ခု မှ တစ်ပါး အခြား မရှိချေ။ အထက်ဖေါ်ပြပါ အစုအဖို့ (၄)ခု၏ ယုတ္တိနည်းအရ မှားနေသော အတွင်းဝိရောဓိများ ကို ထောက်၍ အတ္တ ကို ပကတိကိုယ်ပိုင်သဘာဝဖြင့် စွဲမှတ်ယူဆ နိုင်သော အရာ မဟုတ်ကြောင်း (၀ါ) အတ္တ သည် ကိုယ်ပိုင်သဘာဝ အနှစ်သာရ ဆိတ်သုဉ်းနေသော သုညတာ တရားသာ ဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာ သိမြင် နိုင်ပါ၏။
သုညတာ ၏ သုညတာ သို့မဟုတ် အဒွယတာ (Non-duality)
အထက်တွင် ရေးသားဖေါ်ပြခဲ့သော ပိုင်းခြားစိတ်ဖြာစိစစ်လေ့လာမှု များ အရ ပုဂ္ဂိုလ်သတ္တ၀ါ တို့ ၏ အရှိတရားသာ မက ခန္ဓာ အာယတန ဓါတ် သစ္စာ ပရမတ်တရားများ နှင့် အသင်္ခတဓါတု ဖြစ်သော အာကာသ နိဗ္ဗာန စသော ဓမ္မတရားများ သည်ပင်လျှင် မိမိကိုယ်ပိုင်အနှစ်သာရသဘာဝအားဖြင့် အစစ်အမှန် တည်ရှိသော အရှိတရားများ မဟုတ် ကြပဲ သုညတာ တည်းဟူသော သဘောတရား၌ ပျော်ဝင်ပျောက်ကွယ် ရကြောင်း ကို အထင်အရှား မြင်တွေ့ခဲ့ ကြရပြီး ဖြစ်၏။
ဤသို့ဆိုလျှင် သုညတာ တည်းဟူသော သဘောတရား သည် မည်သို့သော သဘောတရားဖြစ်မည်နည်း။ ရှေးဟောင်း ဥပနိသျှဒ် ကျမ်း ဘဂ၀ါဂီတ ကျမ်း တို့တွင်လာသော အာတ္မာန်-ဗြဟ္မာန် (Atman/Brahman) ကဲ့သို့ အရာဝတ္တုအားလုံး ကို ပေါင်းစည်းဆက်စပ်ပေးသော လောက၏ နောက်ကွယ်မှ ထာဝရတည်တံ့ခိုင်မြဲသော ကူဋဌာယီ အရှိတရားစစ်စစ် တစ်မျိုး ဖြစ်လေသလော။ သုညတာ တည်းဟူသော သဘောတရား ကို ဤသို့ ထင်မြင်ယူဆ လိုက်သည်နှင့်တစ်ပြိုင်နက် သုညတာ သည် သုညတာ မဟုတ်တော့ပဲ လူသားတို့ ကြံစည်စွဲလန်းအပ်သော တက္ကိကဆန်သော အရှိတရား သာ ဖြစ်ပေတော့မည်။ ဤ သို့သော အရှိတရားစစ်စစ် မျိုးသည် သုညတာသဘာဝ နှင့် လုံးဝဆန့်ကျင်နေပြီး နာဂဇ္ဇုန ၏ ဒဿနအမြင်တွင် မိမိကိုယ်ပိုင်အနှစ်သာရသဘာဝအားဖြင့် အစစ်အမှန် တည်ရှိသော အရှိတရားမျိုး အတွက် နေရာ မရှိပေ။
နာဂဇ္ဇုန ၏ ဒဿနအမြင်တွင် လူသား၏ အာရုံထိုးထွင်းသိမြင်မှု ကို ကျော်လွန်နေသော မည်သည့်တရား ၏ အရှိသဘော ကို မျှ လက်ခံလိမ့်မည်မဟုတ်ချေ။ သုညတာ သည် နိစ္စ ထာဝရမျိုး ဖြစ်သော ရှိမှု အခြေခံတရားကြီး ဖြစ်ပြီး အရာဝတ္တုများ သည် သုညတာ မှ မွေးဖွားပေါ်ပေါက်လာ ကြပြီး နောက် သုညတာ ထဲ တွင်ပြန်လည်ပျော်ဝင်ပျောက်ကွယ် သွားကြသည် ဟူသော တွေးလုံး ကြံလုံး သည် တက္ကိကဆန်သော အစွဲအလန်းသာ လျှင်ဖြစ်ပြီး ဗုဒ္ဓဒဿန အမြင် စိုးစဉ်းမျှ မဟုတ် ဟု နာဂဇ္ဇုန က ယူဆပါသည်။
စင်စစ် သုညတာ သဘာဝ ဟူသည် လောက ရှိ ပုဂ္ဂိုလ် သတ္တ၀ါ နှင့် ပရမတ္ထဓမ္မတရား မှ ကင်းလွတ်၍ တစ်သီးတစ်ခြား တည်ရှိနေသော အရှိတရားလည်းမဟုတ်ပေ။ ယင်းတို့ ၏ အတွင်းသား၌ ထူးခြားဆန်းကြယ်စွာဖြင့် ကိန်းအောင်းတည်ရှိ နေသည့် လျှို့ဝှက်နက်နဲသော အရှိတရားလည်းမဟုတ် ပေ။ သုညတာ သဘာဝ ဟူသည် ရှိရှိသမျှ ပညတ် ပရမတ် သင်္ခတ အသင်္ခတ လောကီ လောကုတ္တရာ ဓမ္မတရားဟူသမျှတို့ ၏ “တည်ရှိနေပုံ ဟန်ပန်” (Manner of Existing) သာ ဖြစ်လေသည်။ သုညတာ သည် ဓမ္မတရားတို့ ၏ ပကတိသဘော (ဓမ္မ-တာ) မျှဖြစ်ပြီး ဓမ္မတရား တို့ မရှိလျှင် သုညတာ ဟူ၍လည်း မရှိနိုင်ပေ။ သိစိတ်၏ အစွန်းတရားများ ၀ိဘာဂများ ကို ကျော်လွန်၍ ဓမ္မတရား တို့ ၏ ပကတိသဘော ကို သိခြင်းသည် ပင် သုညတာ ကို သိခြင်း ဖြစ်၏။ အပြန်အလှန် အား ဖြင့် သုညတာသဘော ကို သိစိတ်၏ အစွန်းတရားများ ၀ိဘာဂများ တပ်ဆင်ပုံသွင်း၍ မြင်ခြင်း သည် ဓမ္မတရား များ ကို မြင်ခြင်း ဖြစ်၏။ သုညတာ သည် ဓမ္မတရားတို့ နှင့် တစ်ခဏသော်မျှ ကွဲကွာခြင်း မရှိပေ။ သုညတာ သည် ဓမ္မတရားတို့ ကို တည်မှီလျှက် မိမိ အရှိသဘော ကို ထင်ရှားဖြစ်စေ သောကြောင့် သုညတာ ကိုယ်တိုင်သည်ပင်လျှင် အတ္တဘာဝ မှ ကင်းဆိတ်သော သုညသဘော ဖြစ်သည် ဟု ဆိုပါသည်။
ဓမ္မတရား တို့၌ ခိုင်မာသော အတွင်းသားအတ္တဘာဝ တစ်ခု တည်ရှိနေသည်ဟူသော အစွဲအလန်း ရှိမှသာ သုညတာ ( ထို အတ္တဘာဝ ကို ငြင်းပယ်မှု) သည် အနက်အဓိပ္ပါယ်ရှိပေလိမ့်မည်။ အတ္တဘာဝ အပေါ်ဆုပ်ကိုင်ထားသော အစွဲအလန်း မရှိတော့ ပါက သုညတာ သဘောတရားလည်း မလို အပ်တော့ပေ။[14] တစ်နည်းဆိုရလျှင် သုညတာ သဘော သည်
အတွင်းသားအတ္တ မဆိတ်သုဉ်းသော အရာဝတ္တု (ဘာဝ ၀တ္တု) များ ၏ ပကတိအရှိသဘော ကို ငြင်းခဲ့ပြီးဖြစ်သောကြောင့် ထို အရာဝတ္တုများ ၏ မရှိသဘော (၀ါ) မရှိသော အရာဝတ္တု (အဘာဝ ၀တ္တု) များ ၏ ပကတိအရှိသဘော ကိုလည်း အခိုင်အမာ ပြုလုပ်၍ လက်ခံသိမ်းပိုင်ရန် မလို တော့ပေ။[15]သုညတာ ဓမ္မ သည် ပကတိအရှိ အတ္တ အစွဲတို့ ကို ချေချွတ်ရန် လက်နက်ကိရိယာ ဖြစ်သော်လည်း သုညတာ ဓမ္မ ကို အယူအမြင်တစ်ရပ် အနေဖြင့် သိမ်းပိုက်စွဲလန်းနေခြင်း သည် အမှားတကာ တို့ တွင် အဆိုးဝါးဆုံး အမှား ဖြစ်၏။ [16]
ထို့ကြောင့် နာဂဇ္ဇုန ၏ အမြင်၌ သုညတာသဘောသည် အတ္ထိ-ဘာဝ သဘော ဟူသော (သဿတ) အစွန်း နှင့် နတ္ထိ-အဘာဝ သဘောဟူသော (ဥစ္ဆေဒ) အစွန်း တို့ ကို မကပ်ငြိပဲ ကျော်လွန်လွတ်မြောက် နေသော သဘာဝ ဖြစ်ပြီး ယင်း သဘာဝ သည် အကြောင်းအထောက်အပံ့တရားတို့ ကို စွဲမှီလျှက် အကျိုးတရားဆက်များ ဖြစ်ပွားရသည့် ပဋိစ္စသမုပ္ပါဒ သဘော နှင့် တရား ကိုယ် အား ဖြင့် အတူတူ ပင် ဖြစ်၏။
အရာဝတ္တုတို့ ကို ပကတိအနှစ်သာရသဘော အားဖြင့် ရှိသည်=မရှိသည် ဖြစ်သည်=မဖြစ်သည် ပေါ်ပေါက်လာသည်= ပျောက်ကွယ်သွားသည် အတူတူဖြစ်သည်= တစ်ခြားစီဖြစ်သည် တစ်ခုတည်းသဘော (အစုအပေါင်း) ဖြစ်သည်= အများသဘော (အစိတ်အပိုင်း) ဖြစ်သည်စသဖြင့် အတိအကျ ပိုင်းဖြတ်ဆုံးဖြတ် မဆိုနိုင်သောကြောင့် အရာဝတ္တုအားလုံး တို့ သည် ဤ အစွန်းတရား အခြေအနေများမှ ပကတိသဘာဝ အား ဖြင့် လွန်မြောက်လျှက် ရှိသည်မှာ သုညတာ သဘော ၏ အနက်ရှိုင်းဆုံး အဓိပ္ပါယ် ပင် ဖြစ်ပါ၏။
သုညတာ ကို မြင်ခြင်း သည် အကြောင်းအထောက်အပံ့တရားတို့ ကို စွဲမှီလျှက် အကျိုးတရားဆက်များ ဖြစ်ပွားရသည့် ပဋိစ္စသမုပ္ပါဒ သဘော ကို မြင်ခြင်း ဖြစ်ပြီး ဤ ကြောင်းကျိုးဖွဲ့ယှက်ဆက်နွယ်ဖြစ်ပွားနေသော ဓမ္မ-တာ သဘောတွင် အထက်တွင်ဖေါ်ပြခဲ့သော ရှိခြင်း=မရှိခြင်း ဖြစ်ခြင်း=မဖြစ်ခြင်း ပေါ်ပေါက်လာခြင်း=ပျောက်ကွယ်သွားခြင်း အတူတူဖြစ်ခြင်း= တစ်ခြားစီဖြစ်ခြင်း တစ်ခုတည်းသဘော (အစုအပေါင်း) ဖြစ်ခြင်း=အများသဘော (အစိတ်အပိုင်း) ဖြစ်ခြင်း စသော အစွန်းတရား အခြေအနေများအားလုံး လုံးဝဆိတ်သုဉ်းချုပ်ငြိမ်း လျှက် ရှိနေပါ၏။
သုညတာ သည် နတ္ထိက၀ါဒ မဟုတ်ကြောင်း
နာဂဇ္ဇုန ၏ မဓျာမိက(မဇ္ဈမိက)ဒဿန အလိုအရ သုညတာ သည် နိစ္စ ထာဝရ အသင်္ခတ အရှိတရားမျိုး မဟုတ်ကြောင်း ကို ဖော်ပြခဲ့ပြီးဖြစ်ရာ အစွန်းရောက်မှု တွင်မွေ့လျှော်သော ဒိဋ္ဌိသည် အစွန်းတစ်ဖက် ကို ဆုပ်ကိုင်စွဲလန်းပြန်၏။ ယင်း အမြင်မှား သည် ကား သုညတာ သည် လောက နှင့် အရာခပ်သိမ်းတို့ ဘိတ်ဘိတ်သား မရှိ ဘာဆို ဘာမှ မရှိသော မရှိတရား သက်သက် သာ ဖြစ်သည် ဟူသော နတ္ထိက၀ါဒ ပင် ဖြစ်၏။
နာဂဇ္ဇုန ၏ မဓျာမိက(မဇ္ဈမိက)ဒဿန အလိုအရ သုညတာ ကို နတ္ထိကတရား အဖြစ် မြင်မိ သည်ထက် ပိုမို ဆိုးဝါးသော အမှား မရှိချေ။ သုညတာ ကို နတ္ထိကတရား အဖြစ်ဆုပ်ကိုင်စွဲလမ်း မိသူ သည် အဆိပ်ပြင်းသော မြွေကို အမြီးမှ ဖမ်းကိုင် မိသူ နှင့် အလားသဏ္ဍာန်တူ၏။ မြွေဆိုးကို မဖမ်းတတ်သူသည် မြွေကိုက်ခံရဘိသကဲ့သို့ သုညတာသဘော ကို အမှန်အကန် ဥာဏ်မသက်ဝင်နိုင်သူ လူမိုက်သည် နတ္ထိက၀ါဒ (ဘာမှမရှိ ဟူသော အယူမှား) ၏ ကိုက်ခဲမှု ကို ခံရလေ၏။[17]
စင်စစ် နတ္ထိက-အဘာဝ သဘော သည် အတ္ထိက-ဘာဝ သဘော အလားတူ စွဲမှီဆက်နွယ်မှတည်ရှိနိုင်သော စိတ်ကူး ဘောင် ပညတ္တိ တရား များ သာ ဖြစ်ပါ၏။ အရှေ့ဟူသော အရပ် ကို ပယ်လိုက်သည် နှင့် အနောက် ဟူသောအရပ် (အရှေ့အရပ်၏ ဆန့်ကျင်ဖက်) ကိုပါ ပယ်ပြီး ဖြစ်သကဲ့သို့ အတ္ထိက-ဘာဝ သဘောကို ပယ်လိုက်ပြီးသည်နှင့် ၎င်း၏ ဆန်ကျင်ဖက်ဖြစ်သော နတ္ထိက-အဘာဝ သဘော ကို ပါ ပယ်ပြီး ဖြစ်သည် ဟု သိအပ်ပါ၏။
နာဂဇ္ဇုန ၏ မဓျာမိက(မဇ္ဈမိက)ဒဿန အလိုအရ သုညတာ ကို နတ္ထိကတရား အဖြစ် မြင်မိခြင်းသည် သုညတာတရား က ပယ်အပ်သောဝတ္တု (ပဟာတဗ္ဗ၀တ္တု) အပေါ် သဲကွဲစွာ မသိမြင်သောကြောင့်ဖြစ်၏။ အထက်တွင် ပြခဲ့သော နှင်းဆီပန်း ကိုပင် ဥပမာ အနေဖြင့်ပြန်လည်၍ ဆင်ခြင်ကြည့်ပါ။ နှင်ဆီပန်း နှင့်ပတ်သက်၍ သုညတာတရား က ပယ်အပ်သောဝတ္တု (ပဟာတဗ္ဗ၀တ္တု)သည် လူသားတို့ အာရုံခံစားသိရှိနေသော နှင်းဆီပန်းမဟုတ် သမ္မုတိသဘောအားဖြင့် နှင်းဆီပန်း ဟု ခေါ်ဝေါ်သမုတ်ထားသော အစိတ်အပိုင်းအင်္ဂါများပေါင်းစုထားသော နှင်းဆီပန်းမဟုတ်။ အကြောင်းအထောက်အပံ့များစွာ ကို စွဲမှီတည်ရှိနေသော နှင်းဆီပန်းမဟုတ်။ နှင်ဆီပန်း နှင့်ပတ်သက်၍ သုညတာတရား က ပယ်အပ်သောဝတ္တု (ပဟာတဗ္ဗ၀တ္တု) သည်ကား နှင်းဆီပန်း၏ ပကတိပင်ကိုယ်သဘာဝသတ္တိသက်သက်အားဖြင့်ရှိနေပုံ ဟန်ပန်သဘော (its manner of existing intrinsically or existing from its own side or by its own power) ကို သာ ပယ်ရှားသည် ဖြစ်ပါ၏။
ဤ အချက်သည် အလွန် အရေးကြီးသော အချက်ဖြစ်၍ မာဓျာမိကဒဿနတစ်ခုလုံး၏ နှလုံးသည်းပွတ် ပမာလည်း ဖြစ်၏။ သုညတာတရား က ပယ်အပ်သောဝတ္တု (ပဟာတဗ္ဗ၀တ္တု) ကို အတိအကျ မမြင်ပဲ ပိုမိုပယ်ရှားမိပါက နတ္ထိက၀ါဒ အစွန်းသို့ ကျရောက်နိုင်သောကြောင့်ဖြစ်၏။ နှင်းဆီပန်းကဲ့သို့သော လောက အရာဝတ္တုများ တွင် အသိခံတရား နှစ်ပါး ရှိပါသည်။ တစ်ခု မှာ သတ္တ၀ါတိုင်း ဗီဇစိတ်ဖြင့် စွဲနေသော အရာဝတ္တု ပကတိပင်ကိုယ်သဘာဝသတ္တိသက်သက် အားဖြင့် ရှိနေပုံ ဟန်ပန်သဘော ဖြစ်၏။ ယင်း သဘော သည် လောကအရာဝတ္တုတို့၌ အမှန်တကယ် မရှိပါပဲနှင့် သတ္တ၀ါတို့၏ အနုသယ အာသ၀တရားများ က မှားယွင်းဖေါက်ပြန်စွာ မြင်မက်စွဲလန်း နေသာ အတ္တဒိဋ္ဌိ ဖြစ်၏။ ဓမ္မအသိဥာဏ် မပေါက်ရောက် သေးသော သတ္တ၀ါ မှန်သမျှသည် မိမိတို့ ၏ လောက ကို အဟုတ်အမှန် အခိုင်အမာ ရှိနေသော အရာဝတ္တုများ၏လောက အဖြစ် ယုံကြည်လျှက် စွဲလန်းတပ်မက် ရှင်သန်နေကြခြင်းဖြစ်၏။ မိမိ တို့ ကိုယ် မိမိတို့လည်း အခိုင်အမာ ရှိနေသော အရာဝတ္တုများ၏လောကထဲ ၌ အခိုင်အမာ တည်ရှိရှင်သန်နေသော သတ္တ၀ါများ အနေဖြင့် ယုံကြည်လျှက် စွဲလန်းတပ်မက် ရှင်သန်နေကြခြင်းဖြစ်၏။ ဤ စွဲလန်းမှု အတ္တဒိဋ္ဌိ နှင့် ယင်းအတ္တဒိဋ္ဌိမှ စွဲယူဆုပ်ကိုင်ထား သော (အမှန်တကယ်မရှိသည့်) ပကတိအရှိတရားစစ်စစ်သဘော တို့ သည်ကား သုညတာ ဖြင့် ပယ်ရမည့် တရားများ ဖြစ်ပါ၏။
ပယ်ရမည့် တရားများ ကို ပယ်လိုက်သော အခါ လောက နှင့် လောက အရာဝတ္တုများ သည် လုံးဝ ဘိတ်စတုံး မရှိ ပဲ ပျောက်ကွယ်လျှက် ဗလာနတ္ထိ ဟင်းလင်းပြင်အဖြစ်သို့ ရောက်သည်မဟုတ်ချေ။ လောက နှင့် လောက အရာဝတ္တုများ ပုဂ္ဂိုလ်သတ္တ၀ါများ သည် လောက နှင့် လောက အရာဝတ္တုများ ပုဂ္ဂိုလ်သတ္တ၀ါများ အနေဖြင့် ကျန်ရှိနေဦးမည်သာ ဖြစ်ပါ၏။ သို့သော်လည်း သုညတာ ဓမ္မအသိဥာဏ် ပေါက်ရောက်ပြီးသူ ၏ အာရုံတွင် ပကတိအရှိတရားစစ်စစ်သဘော ဆိတ်သုဉ်းနေသော လောက နှင့် လောက အရာဝတ္တုများ ပုဂ္ဂိုလ်သတ္တ၀ါများ သည် (၁) အိပ်မက် ပမာ (၂)မျက်လှည့်ပမာ (၃) တံလျှပ်ပမာ (၄) မြူခိုးမင်းလွင် ပမာ (၄) ကြေးမုံရိပ်သွင် ပမာ (၅) ပဲ့တင့်သံ ပမာ (၆) မှော် တိုင်းပြည် ပမာ (၇) ရေပေါ်လအရိပ် ပမာ (၈) သက်တန့် ပမာ (၉) ရေမြုပ် ပမာ (၁၀) အမြင်မှောက်မှားခြင်း ပမာ (၁၁) လျှပ်ပန်းနွယ် ပမာ (၁၂) ကသိုဏ်း နိမိတ် ပမာ သာလျှင် ပေါ်လွင် ထင်ရှားလာ လေ၏။[18]
ရူပကအလင်္ကာ အားဖြင့်ညွှန်ပြသော ဤ ဥပမာ အားလုံး ၏ ဆုံချက်တူညီမှု သဘော မှာ ၎င်းတို့ အားလုံး သည် ပကတိ အပြည့်အ၀ ရှိခြင်း လည်းမဟုတ် လုံးဝဘိတ်စတုံး မရှိခြင်း လဲ မဟုတ်ပဲ ရှိ=မရှိ ယတိပြတ် ဆုံးဖြတ် သတ်မှတ်၍ မရနိုင် စကောင်းသော အရှိယောင် အာရုံတရား များ ဖြစ်နေကြခြင်းပင် ဖြစ်၏။ ဓမ္မတရား ဟူသမျှတို့သည် ကြောင်းကျိုး ဆက်နွယ်မှု - မဆက်နွယ်မှု သဘောတို့ ၏ အစုအဝေးတို့ သာ ဖြစ်၍ ၎င်းတို့ ကို သီးခြားဝိသေသ သဘော ဖြင့် ရပ်တည် နေသော အရှိတရားများ အနေဖြင့် ထပ်တူစွဲ ၍ မရနိုင်ပေ။ ထပ်တူစွဲ ၍ မရနိုင်သော ကြောင့် ၎င်းဓမ္မတရား တို့၌ အရှိသဘော (Being) အားဖြင့် ယူဆ၍ မရနိုင်ပေ။ အရှိသဘော (Being) အားဖြင့် ယူဆ၍ မရနိုင် သော ဓမ္မတရား တို့ ၏ မရှိသဘော (Non-Being) ကိုလည်း ယူဆ၍ မရနိုင်ပေ။ ကြောင်းကျိုးဆက်နွယ်မှု - မဆက်နွယ်မှု သဘောတို့ ၏ အစုအဝေး ဖြစ်သော ဓမ္မတရား တို့ သည် ဖြစ်ရပ်သဘော (Event/Entity) များ မဟုတ်ပဲ ဖြစ်စဉ်သဘော (Process/ Becoming) အနေဖြင့် ရှုမြင်နိုင်မှသာ ၎င်းတို့ ကို ပကတိသဘောအတိုင်း အမှန်အကန်မြင်နိုင်သည်ဟုဆိုနိုင်ပေလိမ့်မည်။
လောက ကို ရှိ-မရှိ သဘော ဖြင့် မြင်ခြင်းသည် ဗုဒ္ဓဓမ္မ ၏ ကျင့်စဉ်တရားများ အတွက် စိုးစဉ်းမျှ အကျိုးမပြုပေ။ လောက ကို အရှိတရား အဖြစ်ဆုပ်ကိုင် သူအတွက် လောက သည် အခြေခံ အားဖြင့် ပြောင်းလဲစရာ ဘာမျှမရှိသောကြောင့် ဓမ္မအကျင့်မြတ် ကျင့်သုံးခြင်း သည် အဓိပ္ပါယ် မရှိချေ။ ထိုနည်းတူစွာ လောက ကို မရှိတရားအဖြစ်ဆုပ်ကိုင် သူ အတွက် လောက သည် အခြေခံ အားဖြင့် ပြောင်းလဲစရာ ဘာမျှမရှိသောကြောင့် ဓမ္မအကျင့်မြတ် ကျင့်သုံးခြင်း သည် အဓိပ္ပါယ် မရှိချေ။ နာဂဇ္ဇုန ၏ မာဓျမိကဒဿန အလိုအရ လောက ကို ရှိ-မရှိ သဘောအမြင်များ ထက် ကြောင်းကျိုးဆက်နွယ်မှု - မဆက်နွယ်မှု သဘောတို့ ၏ ဖြစ်စဉ် အားဖြင့် မြင်နိုင်မှသာ ဗုဒ္ဓဓမ္မ ၏ ကျင့်စဉ်တရားများ ဖြစ်သော အဓိသီလ အဓိစိတ္တ အဓိပညာ တို့ ကို အားထုတ်ပွားများ နိုင်ပေလိမ့်မည်။
သုညတာသည် ဖေါ်ထုတ်ပြောဆိုမရသော အနိဗ္ဗစနီယဓမ္မ
နာဂဇ္ဇုန ၏ မာဓျမိကဒဿန အမြင်၌ သုညတာဓမ္မ ပဋိစ္စသမုပ္ပါဒ ဓမ္မ နှင့် အစွန်းလွတ်အလယ်လမ်း ဖြစ်သော မဇ္ဈိမပဋိပဒါ တရား တို့ သည် အတူတူ ပင် ဖြစ်ကြောင်း ဆိုခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် သုညတာ သဘောဆောင်နေသော ကြောင်းကျိုးဆက်နွယ်မှု - မဆက်နွယ်မှု သဘောတို့ ၏ ဖြစ်စဉ် ကို ရူပကအလင်္ကာထက် ပိုမို၍တိကျသေချာသော ၀ိဘာဂများ (Concepts and Definitions) အားဖြင့် ပုံဖော်လိုပါက လေကိုဖမ်း၍ ကြိုးတန်းချည်ရဘိသကဲ့ သို့ မဖြစ်နိုင် သော အရာ ဖြစ်သည်ဟု နာဂဇ္ဇုန က ဆိုပါသည်။ ဘာသာစကား သည် ဆန့်ကျင်ပက္ခဖြစ်နေသည့် အစုံအစုံတွဲနေသော ဒွန္နသဘောများ (Binary Opposites) ဖြင့် ဖွဲ့စည်းထားလေရာ ဆန့်ကျင်ဖက် အစွန်းဟူသမျှတို့ မှ ကင်းလွတ်နေသော သုညတာသဘော (၀ါ) အစွန်းလွတ်အလယ်လမ်း ဖြစ်သော မဇ္ဈိမပဋိပဒါ သဘော ကို ဘာသာစကား အားဖြင့် ဖွဲ့စည်း တည်ဆောက်ဖေါ်ထုတ်တင်ပြ ရန် အလျှင်းမဖြစ်နိုင်ချေ။
အကယ်စင်စစ် မှန်သော အမြင်ဟူသည် ရှိခြင်း နှင့် မရှိခြင်း အယူစွဲများ မှ ကင်းလွတ်ကြောင်း ကို ရှေးအကျဆုံးဖြစ်သော ပါဠိပိဋကတ် သံယုတ္တနိကာယ်လာ ကစ္စာနဂေါတ္တသုတ်တွင် ပင် ဤသို့ တွေ့ ရ၏။
“ကစ္စာန ဤသတ္တဝါအပေါင်းသည် များသောအားဖြင့် ရှိသည်၏အဖြစ်ကိုလည်းကောင်း၊ မရှိသည်၏အဖြစ်ကိုလည်းကောင်း နှစ်ပါးကို မှီ၏။ ကစ္စာန သင်္ခါရလောက၏ ဖြစ်ပေါ်ကြောင်းကိုဟုတ်မှန်သော အတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား သင်္ခါရလောက၌ မရှိဟူသော အယူသည် မဖြစ်။ ကစ္စာန သင်္ခါရလောက၏ ချုပ်ငြိမ်းရာကိုဟုတ်မှန်သောအတိုင်း ကောင်းသော ပညာဖြင့် မြင်သော သူအား (သင်္ခါရ) လောက၌ ရှိ၏ဟူသော အယူသည် မဖြစ်။
ကစ္စာန ဤသတ္တဝါအပေါင်းကို ကပ်ရောက်မှု 'ဥပယ'၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'၊ နစ်မြုပ်စူးဝင်မှု 'အဘိနိဝေသ'တို့သည် သတ္တဝါအပေါင်း ကို များသောအားဖြင့် နှောင်ဖွဲ့အပ်၏။ ဤအရိယာတပည့်သည်ကား စိတ်၏ တည်ရာ နစ်မြုပ်စူးဝင်ရာ ကိန်းအောင်း ရာဖြစ်သော ထိုကပ်ရောက်မှု 'ဥပယ'၊ ပြင်းစွာ စွဲလမ်းမှု 'ဥပါဒါန်'ကို ''ငါ၏ အတ္တတည်း''ဟု မကပ်ရောက်၊ မစွဲလမ်း၊ မဆောက်တည်။ ''ဖြစ်ခဲ့သော် ဆင်းရဲသာ ဖြစ်၏၊ ချုပ်ခဲ့သော် ဆင်းရဲသာ ချုပ်၏''ဟု ယုံမှားမှု မရှိ၊ တွေး တောမှု မရှိ။ ဤအရာ၌ ထိုပုဂ္ဂိုလ်အား သူတစ်ပါးကို အားထား၍ ယုံကြည်သည် မဟုတ်၊ (ကိုယ်တိုင်) သိခြင်းသာ ဖြစ်၏။ ကစ္စာန ဤမျှဖြင့် မှန်သောအမြင် 'သမ္မာဒိဋ္ဌိ' ဖြစ်၏။
ကစ္စာန ''အလုံးစုံသည် ရှိ၏''ဟူသော ဤအယူသည် တစ်ခုသော အစွန်းပေတည်း၊ ''အလုံးစုံသည် မရှိ''ဟူသော ဤအယူ သည်လည်း နှစ်ခုမြောက်ဖြစ်သော အစွန်းပေတည်း။ ကစ္စာန ဤနှစ်ပါးသော အစွန်းတို့ကို မကပ်ရောက်မူ၍ အလယ် အလတ် အားဖြင့် မြတ်စွာဘုရား သည် တရားဟောတော်မူ၏၊ မသိမှု 'အဝိဇ္ဇာ' အကြောင်းခံကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ ဖြစ်ကုန်၏၊ ပြုပြင်စီရင်မှု 'သင်္ခါရ' အကြောင်းခံ ကြောင့် သိမှု 'ဝိညာဏ်' ဖြစ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ဖြစ်ပေါ်၏၊ မသိမှု 'အဝိဇ္ဇာ'၏သာလျှင် အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ခြင်းကြောင့် ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ ချုပ်ကုန်၏၊ ပြုပြင်စီရင်မှု 'သင်္ခါရ'တို့ ချုပ်ခြင်းကြောင့် သိမှု 'ဝိညာဏ်' ချုပ်၏။ပ။ ဤသို့လျှင် အလုံးစုံသော ဆင်းရဲအစု ချုပ်၏ဟု (ဟောတော်မူ၏)။
နာဂဇ္ဇုန ၏ မဓျာမိက(မဇ္ဈမိက)ဒဿန အမြင် ၏ အခြေခံ ဖြစ်သော ရှိ-မရှိ အစွန်းတရားများ မှ ရှောင်ဖယ်သော ရပ်တည် ချက် သည် အထက်ပါ ကစ္စာနဂေါတ္တသုတ် လာ ရှင်တော်ဗုဒ္ဓ၏ အမြင်နှင့် တစ်ထပ်တည်း ဖြစ်၏။ ထို့ကြောင့် နာဂဇ္ဇုန ၏ မာဓျမိက ဒဿန သည် ရှေးဦးမူလ ဗုဒ္ဓဓမ္မ ကို ပြန်လည်ဖေါ်ထုတ်သော အမြင်အဖြစ် အချို့ပညာရှင်တို့ က သတ်မှတ် ကြခြင်းဖြစ်၏။ နာဂဇ္ဇုန၏ အလိုအရ အရှိသဘောကို ဆုပ်ကိုင်ခြင်းသည် မြဲခိုင်၏ဟူသော သဿတအစွန်းဖြစ်ပြီး မရှိသဘော ကို ဆုပ်ကိုင်ခြင်းသည် ပျောက်ဆုံးပျက်သုဉ်း၏ဟူသော ဥစ္ဆေဒအစွန်း ဖြစ်၏။ ထို့ကြောင့် ဓမ္မတရားတို့ ၏ ပကတိသဘာဝ အမှန် (သုညတာ) ကို မြင်သူသည် ရှိ-မရှိ အစွန်းတရားများမှ ရှောင်ဖယ်ကင်းလွတ်ရာ၌သာရပ်တည်၏။[19]
အတ္တ-အနတ္တ အတ္ထိ-နတ္ထိ ဘာဝ-အဘာဝ တို့ ကို ကျော်လွန်နေသော သုညတာ
စဉ်ဆက်မပြတ်စီးဆင်းနေသော ကြောင်းကျိုးဆက်နွယ်မှုတရားသဘောတို့ ၏ ဖြစ်ပေါ်မှု နှင့် ချုပ်ငြိမ်းမှု တစ်လှည့်စီ ဖြစ်ပွားနေ သော ဓမ္မသန္တတိ အစဉ်တွင် သီးခြားရပ်တည်နိုင်သော ခိုင်မာမြဲမြံသော အနှစ်သာရအားဖြင့်ပကတိ တည်ရှိ နေနိုင်သောအရာဝတ္တု ဟူ၍ စိုးစိမျှ မရှိပြီ။ ဤ ဖြစ်စဉ် ၏ အစိတ်အပိုင်းများ ကို လည်း ရှိ-မရှိ စသော ပုံသေကားကျ ထပ်တူပြု သတ်မှတ် ချက်များ ဖြင့် ဖေါ်ညွှန်းရန် မဖြစ်နိုင်ပေ။ အကြောင်းတရား နှင့် အကျိုးတရားများ ထပ်တူမညီ သောကြောင့် (၀ါ) တစ်သားတည်း မဖြစ်ခြင်းကြောင့် မြဲခိုင်တည်တံ့ခြင်းသဘော ဟူ၍ မရှိ သလို အကြောင်းတရား နှင့် အကျိုးတရားများ လုံးဝတစ်သီးတစ်ခြားမဟုတ်ပဲ ဆက်နွယ်နေကြသောကြောင့် အလုံးစုံချုပ်ငြိမ်းခြင်းသဘော ဟူ၍လည်း မရှိနိုင်ပေ။
စဉ်ဆက်မပြတ်စီးဆင်းနေသော ကြောင်းကျိုးဆက်နွယ်မှုတရားသဘောတို့ ၏ သဘောအမှန် ကို မြင်ခြင်း သည် ပဋိစ္စသမုပ္ပါဒ = အစွန်းအလွတ်အလယ်လမ်း အမြင် ကို ရရှိခြင်း ဖြစ်သည်။ အစွန်းအလွတ်အလယ်လမ်း အမြင် ကို ရရှိခြင်း သည် အရာဝတ္တု ဟူသမျှ ဓမ္မတရားဟူသမျှတို့ ၏ ပကတိငြိမ်းအေးနေသော သဘာဝ (သန္တဓမ္မ) ကို မျက်မှောက်ပြုရခြင်း ဖြစ်လေသည်။ ယင်း ပကတိငြိမ်းအေးနေသော သဘာဝ (သန္တဓမ္မ) ၌ ဖြစ်ပေါ်ခြင်း ပျက်စီးခြင်း တည်မြဲခြင်း ပျက်သုဉ်းခြင်း လာရောက်ခြင်း ထွက်ခွာခြင်း တစ်ခုတည်းသဘောဖြစ်ခြင်း အများသဘောဖြစ်ခြင်း စသော သဘောတရားများ လုံးဝ မရှိ ကြောင်း ကို လည်း နာဂဇ္ဇုန က ညွှန်ပြခဲ့ပါ၏။[20]
သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ တို့၏ အနက်အဓိပ္ပါယ်သစ်
မာဓျမိကဒဿန ၏ ဝေဖန်သုံးသပ်မှု ဓမ္မစက် အောက်တွင် ရှိရှိသမျှသော လောကီ လောကုတ္တရာ သင်္ခတ အသင်္ခတ ပညတ် ပရမတ် တရား ဟူသမျှတို့ ၏ ကိုယ်ပိုင်ပကတိအနှစ်သာရ သဘာဝ ဆိတ်သုဉ်းပုံ ကို ရှည်လျှားစွာ ပြဆိုခဲ့ပြီး ဖြစ်ရာ မာဓျမိကဒဿန ၏ အမြင် ကို အကျဉ်းမျှ ဆ၀ါးနိုင်လောက်ပြီဟု ယူဆ ပါ၏။ ဤသို့ဖြစ်လျှင် အရာခပ်သိမ်း သုညတာ ဖြစ်သော ကြောင့် လောက သည် အရှိသဘော စိုးစဉ်းမျှ မရှိပဲ ဘိတ်စတုံး နတ္ထိဟင်းလင်းလဟာ ဖြစ်ပါသလော ဟု မေးပါလျှင် ထို သို့ မဟုတ်ကြောင်း ကို လည်း သုညတာဓမ္မ သည် နတ္ထိက၀ါဒ အယူအဆ မဟုတ်ကြောင်း ပြဆို ခဲ့ ပြီးဖြစ်ပါ၏။
ဤသို့ဆိုလျှင် မာဓျမိကဒဿန ၏ အမြင်၌ အဟုတ်အမှန်ရှိသော တရားသည် အဘယ်နည်း။ မှန်ကန်ခြင်း သစ္စာတရား အသိများ ကို မာဓျမိကဒဿန အလို အရမည်သို့ အနက်ဖွင့်ဆိုမည်နည်း။ ဤ မေးခွန်းများ အတွက် မာဓျမိကဒဿန က သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ ဟူ၍ သစ္စာအသိ နှစ်မျိုး ခွဲခြားပြသခဲ့၏။ သစ္စာအသိ နှစ်မျိုး ခွဲခြား မသိသူ သည် ဓမ္မ ၏ အနက်မှန်ကို သိသူ မဟုတ်ကြောင်း ကိုလည်း ဖေါ်ပြခဲ့၏။ သမ္မုတိသစ္စာ သည် အခြေခံဖြစ်၏ နည်းလမ်း ဖြစ်၏ ပရမတ္ထသစ္စာ သည် ပန်းတိုင်ဖြစ်၏ ပကတိအမှန်တရား ဖြစ်၏ ပရမတ္ထသစ္စာ ဆီသို့ဆိုက်ရောက်ရန်အတွက် သမ္မုတိသစ္စာ ကို အသုံးမချ ပဲ မရောက်နိုင်ကြောင်း မာဓျမိကဒဿန က ယူဆပါ၏။ [21]
မာဓျမိကဒဿန သည် သဗ္ဗတ္ထိဝါဒ အဘိဓမ္မာ နှင့် ကွဲပြားစွာ သမ္မုတိသစ္စာ နှင့် ပရမတ္ထသစ္စာ တို့၏ အနက်အဓိပ္ပါယ်သစ် ကို ဖွင့်ဆိုခဲ့၏။ သဗ္ဗတ္ထိဝါဒ အဘိဓမ္မာ အလိုအရ ပရမတ္ထသစ္စာ သည် ကာလသုံးပါးစလုံးတွင် အစစ်အမှန်တည်ရှိ နေသော ဓမ္မတရားများ (ခန္ဓာ-အာယတန-ဓါတု-သစ္စာ) ဖြစ်ပြီး ယင်း ဓမ္မတရားများ အပေါ် နာမပညတ်တင် သတ်မှတ်ထားသော အစု အဝေး သဘောများ (လူ-သတ္တ၀ါ-အရာဝတ္တု စသည်) မှာ သမ္မုတိသစ္စာ ဖြစ်သည်ဟု ဆိုသည်။ မာဓျမိကဒဿန အမြင် အရ ခန္ဓာ-အာယတန-ဓါတု-သစ္စာ စသော ဓမ္မတရားများ ကို အစစ်အမှန်တည်ရှိ နေသော သ-ဘာဝ တရားများ အဖြစ် လက်မခံပဲ အတွင်းသားအနှစ်သာရမရှိသော သုညတ တရားစုများ အနေဖြင့်သာလက်ခံသော ကြောင့် ယင်း တို့ သည်လည်း သမ္မုတိသစ္စာ ၏ နယ်ပယ် အတွင်းသာ ၀င်ရောက်နေပေသည်။ အစုအဝေး သဘောများ ကို ခွဲခြမ်းစိတ်ဖြာ လျှင် အစိတ်အပိုင်း သဘော များ ကို ရသလို အစိတ်အပိုင်း သဘော များ ကို ခွဲခြမ်းစိတ်ဖြာလျှင်နောက်ဆုံးကျန်ရှိသည်မှာ အတွင်းသားအနှစ်သာရမရှိသောသဘော (သုညတာဘာဝ) သက်သက် သာဖြစ်သောကြောင့် မာဓျမိကဒဿန ၏ အမြင်၌ ယင်း သုညတာဘာဝ သည်ပင်လျှင် ပရမတ္ထသစ္စာ ဖြစ်လေသည်။ တစ်နည်းအားဖြင့် ပရမတ္ထသစ္စာ ဟူသည် သမ္မုတိသစ္စာတရားတို့ မှ တစ်သီးတစ်ခြား တည်ရှိနေသည်မဟုတ်ပဲ သမ္မုတိသစ္စာတရားတို့ ၏ ပကတိသဘော (သမ္မုတိသစ္စာ ၏ သမ္မုတိ ဖြစ်မှု-သုညတာ ဖြစ်မှု ) ပင်ဖြစ်လေသည်။ သမ္မုတိသစ္စာတရားတို့ကို ဖယ်ကြဉ်၍ ပရမတ္ထသစ္စာ ကို မရနိုင်ပေ။
ထို့ကြောင့် မာဓျမိကဒဿန သည် သိမှုအလွှာ အမျိုးမျိုး ကို လက်ခံသော်လည်း အရှိတရား သဘောတစ်မျိုးတည်းကို သာ လက်ခံ၏။ ယင်း အရှိတရား သည် တက္ကိကဗေဒ အမြင်များမှ ထွေထွေရာရာ ကြံဆဖန်တီးအပ်သော ကာလ-အာကာသ-ကြောင်းကျိုး တရား တို့ ကို ကျော်လွန်၍ နိစ္စထာဝရ သဘောအားဖြင့် တည်နေသော တစ်ခုတည်းသော အဒွိတ္တ အရှိတရား မျိုး လည်း မဟုတ် သလို ကာလ-အာကာသ-ကြောင်းကျိုး တရား တို့ ၏ ဘောင်အတွင်းမှ မိမိ ကိုယ်ပိုင် ပကတိအနှစ်သာရအားဖြင့် စစ်စစ်မှန်မှန် ရပ်တည် နေသော ဓမ္မအခြေခံတရားများ လည်း မဟုတ်ချေ။ ပထမအယူအဆ သည် ဝေဒန္တဒဿန၏ အမြင် ဖြစ်ပြီး ဒုတိယ အယူအဆ သည် ဂျိန်း ညာယ-၀ိသေသိက နှင့် ရှေးဦးဗုဒ္ဓ၀ါဒ အဘိဓမ္မာဂိုဏ်းများ (အထူးသဖြင့် သဗ္ဗတ္ထိဝါဒ ဂိုဏ်း ) တို့ ၏ အမြင် ဖြစ်၏။
မာဓျမိကဒဿန က လက်ခံ သော အရှိတရားမှာ အရာခပ်သိမ်း၏ ပကတိအနှစ်သာရဆိတ်သုဉ်းမှု (သုညတာ ဓမ္မ) သာလျှင် ဖြစ်ပြီး ၎င်း သည် အရာခပ်သိမ်း၏ စွဲမှီပေါင်းစပ်ဖြစ်ပွားရသည့် ပဋိစ္စသမုပ္ပါဒ သဘော နှင့် တရားကိုယ်အားဖြင့် အတူတူ ပင်ဖြစ်လေသည်။ ဤ သုညတာ ဓမ္မ= ပဋိစ္စသမုပ္ပါဒ သဘော သည်သာ မာဓျမိကဒဿန က လက်ခံ သော အရှိတရား (၀ါ) ပရမတ္ထသစ္စာ ဖြစ်၏။ ကျန်သော ဓမ္မတရား ဟူသမျှ ကို သမ္မုတိသစ္စာ၏ နယ်ပယ်၌ ထည့်သွင်းရေတွက် ခဲ့ပါသည်။
မာဓျမိကဒဿန က အမြင်အရ ရှင်တော်ဗုဒ္ဓသည် ပထမအဆင့် အနေဖြင့် သမ္မုတိသစ္စာအရ အရှိတရားများ ကို အခြေခံ အဖြစ်ဟောသည်။ ဒုတိယအဆင့်အနေဖြင့် ယင်းတို့ ၏ မရှိမှုသဘော ကို ဟောပြန်သည်။ တတိယ အဆင့် အနေဖြင့် ရှိခြင်း နှင့် မရှိခြင်းတို့ သည် အပြန်အလှန်ဆက်နွယ်နေသော ရှုထောင့်နှစ်ခု အဖြစ် ဟောသည်။ နောက်ဆုံး စတုတ္တ အဆင့် အနေဖြင့် ပရမတ္ထသစ္စာတရား သည် ရှိခြင်း မရှိခြင်း စသော ဆန့်ကျင်ပက္ခ ၀ိဘာဂ တရားများ ကို ကျော်လွန်နေ သည့် အနေဖြင့်ဟောသည်။ ဤသို့လျှင် ဗုဒ္ဓဓမ္မ သည် သမ္မုတိသစ္စာ မှ စတင်၍ အလွှာလွှာ အဆင့်ဆင့် နက်ရှိုင်းလျှက် နောက်ဆုံး ပရမတ္ထသစ္စာ ဆီသို့ ဆိုက်ရောက်ရကြောင်း မာဓျမိကဒဿန က လက်ခံ ထားပါသည်။[22]
မာဓျမိကဒဿနသည် မူလ ဗုဒ္ဓဓမ္မ ၏ လက်တွေ့အကျိုးရလာဒ်အခြေပြုချဉ်းကပ်နည်း ကို ပြန်လည်ဖော်ထုတ် သည့် လှုပ်ရှားမှု အဖြစ် မြင်နိုင်သည်။ ဓမ္မ သည် ၀ိမုတ္တိတရား တည်းဟူသော တစ်ဖက်ကမ်းသို့ ပို့ဆောင်ပေးမည့် လှေဖောင် သဖွယ် သာ ဖြစ်ပြီး စွဲလန်းဆုပ်ကိုင် ရန်အတွက် မဟုတ်ပေ။ သုညတာဓမ္မသည် ပကတိသဘာဝအရှိတရား အပေါ် စွဲလန်း ဆုပ်ကိုင်မှုများ ကို ပယ်နုတ်ရန်အတွက် လက်နက် ကိရိယာသာ ဖြစ်သည့် အတွက် သုညတာဓမ္မ ကို လည်း အမြင် တစ်ခု အနေနှင့် မစွဲလန်း အပ်ပေ။ လေတိုက်၍ ပွတ်တိုက်သော သစ်ကိုင်းတို့သည် မိမိ တို့ ကြောင့်ဖြစ်ပေါ်သော မီး က မိမိ တို့ ကိုပါ ၀ါးမျိုလောင်မြိုက်သကဲ့သို့ သုညတာဓမ္မ သည် ကိလေသာအရင်းအမြစ် ဖြစ်သော အ၀ိဇ္ဇာ အာသ၀ မောဟ တရားများ ကို လောင်မြိုက်သည့် နည်းတူ မိမိ ကိုယ်ကို လည်း မချွင်းမချန် လောင်မြိုက်ပျောက်ဆုံးစေ၏။ နောက်ဆုံး ကျန်ရစ်သည့် အရာမှာ တွေးစိတ်၏ (အ၀ိဇ္ဇာ-တဏှာ-ဥပါဒါန်တို့ဖြင့်) ဖန်ဆင်းမှုဟူသမျှတို့ ငြိမ်းချုပ်နေသည့် (အတ္တ-အနတ္တ သုည-အသုည ဘာဝ-အဘာဝ နိစ္စ-အနိစ္စ သုခ-ဒုက္ခ စသည့်) ဆန့်ကျင်ပက္ခ၀ိဘာဂ များ အားဖြင့် မညွှန်ပြ စကောင်းသော လွတ်မြောက်ခြင်းသဘောသက်သက်မျှ သာ ဖြစ်လေသည်။[23]
References
Bhikkhu Bodhi (trans.) (2000) The Connected Discourses of the Buddha: A New Translation of the SaÅyutta Nikaya, The Teachings of the Buddha, Boston, MA: Wisdom Publications.
Kalupahana, David J. (1986) Nagarjuna: The Philosophy of the Middle Way, Albany, NY: State University of New York Press.
Garfield J (1995) The Fundamental Wisdom of the Middle Way, Oxford University Press
Hopkins, J (1989), Meditation on Emptiness, Boston, Wisdom Publication
La Vallée Poussin, Louis de (ed.) (1970) Mulamadhyamakakarikas (Madhyamikasutras) de Nagarjuna avec la Prasannapada, Commentaire de Candrakirti, Bibliotheca Buddhica, vol. IV. Osnabrück, Germany: Biblio Verlag (Reprint; originally, St. Pétersbourg: Académie Impériale des Sciences, 1913).
Lindtner, Christian (1982) Nagarjuniana: Studies in the Writings and Philosophy of Nagarjuna, Indiske Studier 4. Copenhagen: Akademisk Forlag.
—— (1997) Master of Wisdom: Writings of the Buddhist Master Nagarjuna, Tibetan Translation Series (rev. edn), Berkeley, CA: Dharma Publishing.
Mi-pham-rgya-mtsho, ‘Jam-mgon ‘Ju (2002) Introduction to the Middle Way: Chandrakirti’s Madhyamakavatara with Commentary by Jamgön Mipham, Translated by the Padmakara Translation Group, Boston, MA: Shambhala Publications.
Murti, T R V (1955), The Central Philosophy of Buddhism. London, Allen & Unwin
Napper, E. (1989), Dependent Arising and Emptiness, Boston, Wisdom Publication
Ramanan, V (1975). Nagarjuna’s Philosophy, New Delhi: Motilal Banarsidass
Streng, Frederick J. (1967) Emptiness: A Study in Religious Meaning, Nashville, TN: Abingdon Press.
Tsültrim Gyamtsho, Khenpo (2003) The Sun of Wisdom: Teachings on the Noble Nagarjuna’s Fundamental Wisdom of the Middle Way, Translated and edited by Ari Goldfield, Boston, MA: Shambhala Publications.
Williams, P. (1989). Mahayana Buddhism, The Doctrinal Foundations. London: Routledge
Wood, T (1994). Nagarjunian Disputations:A Philosophical Journey Through an Indian Looking Glass Honolulu: University of Hawaii Press
[3] “That which arises dependently is tranquil [or “extinct,” Santa] with regard to intrinsic nature (svabhavatah).”
(MMK 7.16ab)
[4] It will be unborn and unceasing and immovable.
If there is intrinsic nature, the world is devoid of various [temporal] stages.
(MMK 24.38)
[5] If there were existence by intrinsic nature,8 there would not [ever] be
nonexistence of this [thing that exists by intrinsic nature],
For alteration of intrinsic nature is never possible.
(MMK 15.8)
[6] Of what would there be alteration if intrinsic nature does exist? Neither the alteration of that [thing] itself nor of what is different [from it] is logical, Because a young man does not grow old [and] because an old man does not grow old.
If there is alteration of that [thing itself], milk itself would become curds. What other than milk will become curds?
(MMK 13.4-5-6)
[7] If intrinsic nature does not exist, of what will there be alteration? If intrinsic nature does exist, of what will there be alteration?
(MMK 15.9)
[8] Arising and ceasing are not possible for something empty.
Arising and ceasing are not possible for something nonempty.
(MMK 21.9)
[9] One who sees dependent origination sees these [Four Noble Truths], Suffering, the origin [of suffering], the cessation [of suffering], and the path [to its cessation]. (MMK 24.40)
What dependent origination is, that we call emptiness.That is designation dependently (prajñaptir upadaya). Just that is the Middle
Way. (MMK 24.18)
[10] Everything works for one for whom emptiness works.Nothing works for one for whom emptiness does not work. (MMK 24.14)
[11] Because there is not any dharma that is not dependently originated, therefore there is no dharma that is not empty. (MMK 24.19)
[12] Because origination, duration, and cessation are not established, the conditioned does not exist.
Since the conditioned has not been established, how will one establish the unconditioned? (MMK 7.33)
[13] Not ascertained from another, peaceful, not elaborated by conceptual elaborations,
Without dualistic thoughts (vikalpa), not something manifold: this is the definition of reality.
(MMK 18.9)
But there is not anything nonempty, [so] how will something empty exist?
(MMK 13.7)
[15] If there is no establishment of an entity, a nonentity is indeed not established,
For people call the alteration of an entity a nonentity.
(MMK 15.5)
[16] Emptiness was taught by the Victors as a remedy for all views,
But they declared to be incurable those for whom emptiness is a view.
(MMK 13.8)
[17] Emptiness wrongly seen destroys the slow-witted, Like a serpent wrongly grasped or a spell wrongly performed.(MMK 24.11)
So origination, so duration, so cessation are spoken of.
(MMK 7.34)
[19] “It exists” is a grasping of permanence; “it does not exist” is a view of Annihilation.
Therefore one who sees clearly does not rely on existence and nonexistence.
(MMK 15.10)
For what exists by intrinsic nature does not [ever] not exist; thus it is permanent.
“Now it does not exist; [but] it existed previously” thus annihilation follows.
(MMK 15.11)
Whatever arises in dependence on something is, in the first place, not just that;
Nor is it different. Therefore it is neither annihilated nor permanent.
(MMK 18.10)
Not one thing, not something manifold, without annihilation, without permanence:
This is the nectar of the teaching of the Buddhas, the protectors of the world.
(MMK 18.11)
[20] He who taught dependent origination, [which is] without cessation, without origination,
Without annihilation, without permanence, not one thing, not something manifold.
(MMK1.A)
Without coming, without going, the quiescence of conceptual elaboration (prapañca), tranquil,[Is] the perfect Buddha. I pay homage to that best of speakers.
(MMK 1.B)
The weak-minded who see the existence and nonexistence of Entities
Do not see the tranquil quiescence of the visible,
(MMK 5.8)
[21] The Dharma teaching of the Buddhas is based on two truths: The worldly superficial truth and the truth in the ultimate sense.
(MMK 24.8)
Those who do not know the distinction between these two Truths
Do not know the profound reality in the Buddha’s teaching.
(MMK 24.9)
Without resorting to conventional expression, the ultimate truth cannot be taught.
Without arriving at ultimate truth, nirvaja cannot be attained.
(MMK 24.10)
[22] Everything is real, or not real, both real and not real, neither real nor not real: this is the progressive teaching of the Buddha.
(MMK 18.8)
“Self ” has been designated; “nonself,” too, has been taught.
“Neither [any] self nor any nonself,” has also been taught by the Buddhas.
(MMK 18.6)
“Empty” should not be said, nor should “nonempty,”
Both, or neither; but it is said for the sake of communication (prajñapti).
(MMK 22.11)
the tranquil quiescence of conceptual elaboration.
No dharma has been taught by the Buddha to anyone anywhere.
(MMK 25–24)
Because of the end of action (karman) and afflictive emotions (klefa), there
is liberation. Action and afflictive emotions are due to dualistic thoughts.
Those are due to conceptual elaboration, but conceptual elaboration ceases
in emptiness.
(MMK 18.5)
No comments:
Post a Comment