Friday, October 19, 2012

ယောဂါစာရ ဗုဒ္ဓဒဿန (၀ိညတ္တိမတ္တ) ဂိုဏ်း



ယောဂါစာရ ဗုဒ္ဓဒဿန (၀ိညတ္တိမတ္တ) ဂိုဏ်း
(လင်းထက်ဆွေ လေ့လာ စုစည်းတင်ပြသည်။)

ယောဂါစာရ (၀ိညတ္တိမတ္တ) ဂိုဏ်းသည် အေဒီ (၄) ရာစု ၀န်းကျင်တွင် မဟာယာန-မာဓျာမိက ဒဿန ကို အခြေခံ၍ ပေါ်ပေါက်လာ သော မဟာယာန ဗုဒ္ဓဒဿန ဂိုဏ်း တစ်ခုဖြစ်၏။ ယောဂါစာရ (၀ိညတ္တိမတ္တ) ဂိုဏ်း ပေါ်ပေါက်လာခြင်း အားဖြင့် မဟာယာနဗုဒ္ဓဘာသာ၏ ဘာသာရေး နှင့် ဒဿန ဆိုင်ရာ တိုးတက် ဖြစ်ထွန်းမှု များသည် အစွမ်းကုန် ဖူးပွင့် ထွန်းကားခြင်း သို့ ရောက်ခဲ့၏။ ယောဂါစာရ (၀ိညတ္တိမတ္တ) ဂိုဏ်း သည် မဟာယာန-မာဓျာမိက ဒဿန ၏ ယုတ္တိဗေဒ နည်း ဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှု များထက် ယောဂ ကျင့်စဉ် (ပဋိပတ္တိ ဓမ္မ) ကို ပိုမို ရှေ့တန်းတင် အသားပေးခဲ့ သော မဟာယာန လှုပ်ရှားမှု ဖြစ်ခဲ့၏။ လူသား ၏ ကိလေသာ အာသဝေါ ဖြင့် နစ်မြုပ်ညစ်နွမ်းနေသော သဘာဝ ကို ယောဂ ကျင့်စဉ် (ပဋိပတ္တိ ဓမ္မ) အားဖြင့် သန့်ရှင်း ဖြူစင်သော ဥာဏ်ပညာ စိတ်ဓါတ်သဘာဝ ဖြစ်အောင် ပြုပြင်ပြောင်းလဲ ရေးသည် ယောဂါစာရ (၀ိညတ္တိမတ္တ) ဂိုဏ်း ၏ ပဓါန ပန်းတိုင်ဖြစ်၏။

ရှုထောင့် တစ်ခုမှ ဆိုရလျှင် ယောဂါစာရ (၀ိညတ္တိမတ္တ) ဂိုဏ်းသည် သာမန်လူတို့ ထောက်မမှီနိုင်လောက် အောင် နက်ရှိုင်း လွန်းသော မဟာယာန-မာဓျာမိက ဒဿန၏ သဘာဝသုညတာဒဿနအမြင် (Profound View on Emptiness of the Inherent Existence/reality) ကို ကမ္မဋ္ဌာန်းဘာဝ နှင့် စိတ္တဗေဒ ရှုထောင့် စရဏတ္ထဗေဒရှုထောင့်တို့မှလူသားတိုင်း လက်လှမ်းမီ နားလည်စေရန် အကျယ်ဖွင့်ပြသော ဂိုဏ်း ဖြစ်သည်ဟုဆို နိုင်ပါ၏။ ယောဂါစာရ (၀ိညတ္တိမတ္တ) ဂိုဏ်း ဖြစ်ပေါ် တိုးတက်မှု ကို လေ့လာလိုလျှင် မဟာယာန-မာဓျာမိက ၏ သမိုင်းနှင့် ဆက်စပ်လေ့လာကြည့်ရမည် ဖြစ်၏။

မဟာယာန-မာဓျာမိက ကို ထူထောင်ခဲ့ သော အရှင်နာဂဇ္ဇုန သည် အေဒီ ၂-၃ ရာစုဝန်းကျင်တွင် ရှင်သန်ခဲ့ကြောင်း သိရပြီး ၎င်းသည် ဗဟို အိန္ဒိယ ဒေသ နှင့် အရှေ့ပိုင်း ဒက္ကာ အထိ လွှမ်းမိုးခဲ့ သော သာတာဝါဟန မင်းဆက် နှင့် ကျွမ်းဝင်မှု ရှိခဲ့၏။ ဘီစီ ၁ ရာစု မှ အေဒီ ၃ ရာစု အထိ နှစ်ပေါင်း ၄၀၀ အတွင်း အိန္ဒိယ နိုင်ငံသည် ပြည်ပ မှ ကျူးကျော် ၀င်ရောက်တိုက်ခိုက်မှု အကြိမ်ကြိမ် ကို ခံခဲ့ရလေသောကြောင့် အရာခပ်သိမ်း၏ မတည်မြဲခြင်းသဘော အနှစ်သား အခိုင်အမာ မရှိမှု သဘော များ ကို စစ်ဘေးဒဏ်များက ပြသခဲ့ ပါ၏။

အေဒီ ၄ ရာစုတွင် ဂုတ္တ (ဂုပ္ပတား)မင်းဆက် (Gupta Dynasty) ပေါ်ထွန်း လာခဲ့ ပြီး နိုင်ငံရေး စီးပွားရေး နှင့် ယဉ်ကျေးမှု အခြေအနေ များ ပြောင်းလဲ ခဲ့ပြီးလျှင် ဂုတ္တ (ဂုပ္ပတား)မင်းဆက် စိုးစံခဲ့ သော နှစ်ပေါင်း ၂၀၀ အတွင်း ရှေးဟောင်း အိန္ဒိယ နိုင်ငံ သည် နိုင်ငံရေး စီးပွားရေး နှင့် ယဉ်ကျေးမှု အခြေအနေများ အထွဋ်အထိပ်သို့ ရောက်ခဲ့လေ၏။ အိန္ဒိယ၏ ရှိတ်စပီးယား ဟု တင်စားကြသော ကဗျာက၀ိကြီး ကာလီဒါသ သည် စန္ဒဂုတ္တ (ချန္ဒရဂုပ္ပတား- အေဒီ ၃၇၆-၄၁၅) ၏ ခေတ်တွင် ပေါ်ထွန်းခဲ့၏။

ဂုတ္တ (ဂုပ္ပတား)မင်းဆက် ထွန်းကားခဲ့သောကာလတွင် တရုပ်ပြည်မှ တရုပ်ရဟန်းတော်များ အိန္ဒိယ သို့ ရောက်ရှိလာပြီး ဗုဒ္ဓဘာသာ ပိဋကတ်စာပေများ ကို တရုပ်ပြည်သို့ဆောင်ယူ၍ တရုပ်ဘာသာပြန်ဆိုခြင်း လုပ်ငန်း ကို စတင်ခဲ့ကြ၏။
တရုပ်ရဟန်းတော် ဖာယီဟန် အိန္ဒိယ သို့ ရောက်ရှိလာသောကာလ မှာ ဂုတ္တ (ဂုပ္ပတား)မင်းဆက် ကြီးကျယ်ခမ်းနားစွာ ထွန်းကားခဲ့သောကာလ ဖြစ်ပြီး တရုပ်ရဟန်းတော် ရွှင်ကျန် အိန္ဒိယ သို့ ရောက်ရှိလာသောကာလမှာ ဟာရှမင်းဆက် (Harsa Dynasty)-အေဒီ ၇ ရာစု ခေတ်ဖြစ် ပြီး ရွှင်ကျန်၏ မှတ်တမ်းတွင် အိန္ဒိယတွင် ဗုဒ္ဓသာသနာတော် ဆုတ်ယုတ်နေ ကြောင်း မှတ်တမ်းတင်ခဲ့သည်ကို တွေ့ရ၏။

တရုပ်ရဟန်းတော် ရွှင်ကျန် ၏ ခရီးသွား မှတ်တမ်းတွင် ဘီဟာပြည်နယ်ရှိ နာလန္ဒာတက္ကသိုလ်ကြီး ၏ အကြောင်း အသေး စိတ် မှတ်တမ်းတင်ခဲ့ရာဝယ် နာလန္ဒာတက္ကသိုလ်ကြီး သည် ရဟန်းတော်များစွာ ကျောင်းအိပ်ကျောင်းစား နေထိုင် လျှက် ပညာဆည်းပူးလေ့လာရာ ဌာနကြီး ဖြစ် ကြောင်းဖေါ်ပြခဲ့၏။ နာလန္ဒာတက္ကသိုလ်ကြီး ကား ဗုဒ္ဓ၀ါဒဆိုင်ရာ ဒဿနဗေဒ အပြင် ဟိန္ဒူဘာသာကျမ်းများ လောကီပညာရပ်ဆိုင်ရာဖြစ်သော ဆေးပညာ နက္ခတ္တဗေဒပညာတို့ကို ပါ သင်ကြားပေး သော တက္ကသိုလ်ကြီး ဖြစ်လေ၏။

သမိုင်းရှုထောင့် အရ ပြောရလျှင် နာလန္ဒာတက္ကသိုလ်ကြီး သည် မဟာယာနဗုဒ္ဓဘာသာ ကို မီးရှုးသန့်စင်ပေးခဲ့ရာ ဘူမိ နက်သန် ဖြစ်သည့် အပြင် အာရှတိုက်အလယ်ပိုင်း တိဗက် နှင့် တရုပ်ပြည် တို့ အထိ မဟာယာနဗုဒ္ဓဘာသာ ကို ဖြန့်ဖြူး ပေးသော ဌာနချုပ် ဖြစ်ပါသည်။ နာလန္ဒာတက္ကသိုလ်ကြီးမှ ပညာရှင် အများအပြားတို့ တိဗက်ဒေသ သို့ ကြွရောက် လျှက် မဟာယာနဗုဒ္ဓဘာသာ ၏ လင်းရောင်ခြည် ကို ဖြန့်ဝေခဲ့ ကြပါ၏။ ဗုဒ္ဓဘာသာ သာမက ဟိန္ဒူဘာသာ (ဝေဒန္တ ဒဿန) သည်လည်း ဂုတ္တ (ဂုပ္ပတား) မင်းဆက် ကာလတွင် စတင် ထွန်းကားခဲ့ ကြောင်း သိရ သဖြင့် မဟာယာန ဗုဒ္ဓဘာသာ နှင့် ဟိန္ဒူဘာသာ (ဝေဒန္တ ဒဿန) တို့ ၏ အချင်းချင်း အပြန်အလှန်လွမ်းမိုးမှု အားပြိုင်မှု များ၏ သဲလွန်စ ကို လည်း ဆ၀ါး နိုင်ပါ ၏။ မဟာယာနဗုဒ္ဓဘာသာ ၏ အဓိက ဒဿနဂိုဏ်းကြီး နှစ်ခု အနက်မှ တစ်ခု ဖြစ်သော ယောဂါစာရ ဒဿနဂိုဏ်း ကို တည်ထောင်ခဲ့ သော (အမေတူ အဖေကွဲ) ညီနောင်နှစ်ဦး ဖြစ်ကြသည့် အသင်္ဂ နှင့် ၀သုဗန္ဓု တို့ သည် ဂုတ္တ (ဂုပ္ပတား) မင်းဆက် ကာလတွင် ပေါ်ထွန်းခဲ့ကြ၏။

မဟာယာနဗုဒ္ဓဘာသာ ၏ တိုးတက်ဖြစ်ထွန်းမှုသမိုင်း ကို ခြေရာကောက်ရာ၌ မဟာယာနဗုဒ္ဓဘာသာ ၏ ပိဋကတ် ကျမ်းစာ များ က ရှေ့ဆုံးမှ ပေါ်ပေါက်ခဲ့ပြီး နောက်ခေတ်များတွင် အဖွင့် အဋ္ဌကထာ-ဋီကာများ ရေးသားစီရင်ကာ ဒဿနဂိုဏ်းများ ကွဲပြားခဲ့ကြသည်ဟု ယူဆလျှင် မှားပေမည်။စင်စစ် မဟာယာနဗုဒ္ဓဘာသာ ၏ ပိဋကတ်ကျမ်းစာများ သည် မဟာယာန ဗုဒ္ဓဘာသာ ၏ တိုးတက်ဖြစ်ထွန်းမှု သမိုင်း တစ်လျှောက်လုံးတွင် တစ်ရွေ့ရွေ့ဖြစ်ထွန်းပေါ်ပေါက် နေခဲ့၏။ ဥပမာပြဆို ရပါလျှင် ရှေးအကျဆုံးဟု သတ်မှတ်ထားသော ပညာပါရမီတာ သုတ္တန်များ သည် ပင်လျှင် နှောင်းကာလ သုတ္တန်များ နှင့် ယှဉ်ပြိုင်လျှက် ရာစုနှစ်ပေါင်းများစွာ တစ်ရွေ့ရွေ့ ဖြစ်ထွန်းပေါ်ပေါက်နေခဲ့လေသည်။

ပိဋကတ်ကျမ်းစာများ နှင့် အဖွင့် အဋ္ဌကထာ-ဋီကာ များ သျှတ္တရကျမ်းများ ဘာသာကျမ်းများ သည် စင်ပြိုင် ပေါ်ထွက်နေ ခဲ့ဟန်ရှိကြောင်း ပညာရှင်များ က ယူဆကြပါသည်။  ဥပမာ ယောဂါစာရ ဂိုဏ်း၏ ထင်ရှားသော ပိဋကတ်ဝင် သုတ္တန် ဖြစ်သည့် သံဓိနိမောစနသုတ္တန် (Samdhinimocana Sutra) သည် ယင်းဂိုဏ်း ၏ သျှတ္တရကျမ်း တစ်ဆူ ဖြစ်သော ယောဂါစာရဘူမိသျှတ္တရ (Yogacara Bhumi Sastras) ထက် နောက်ကျပြီးမှ ပေါ်ထွက်လာဟန်ရှိခဲ့ပါသည်။

သံဓိနိမောစနသုတ္တန် ၏ အခန်း ၅-၆-၇ တို့ တွင် ယောဂါစာရ မဟာယာနဗုဒ္ဓဘာသာ၏ အခြေခံအကျဆုံးသော အမြင်များ ကို တွေ့ရပြီး ရှင်တော်ဗုဒ္ဓ၏ တရားစက် (ဓမ္မစက္က) လည်ခြင်းခြင်း (၃) ပါး ကို တင်ပြခဲ့၏။ ၎င်း တရားစက် (ဓမ္မစက္က) လည်ခြင်းခြင်း (၃) ပါး တို့မှာ=

(၁) ပထမ ဓမ္မစက္က = အရိယသစ္စာလေးပါး အခြေခံတရား (သာဝကယာန လမ်းစဉ်)
(၂) ဒုတိယ ဓမ္မစက္က= သဗ္ဗ ဓမ္မသုညတာ တရား-ပညာပါရမိတာသုတ္တန်များ (ဗောဓိသတ္တယာနလမ်းစဉ်)
(၃) တတိယ ဓမ္မစက္က = သံဓိနိမောစနသုတ္တန် လာ ယောဂါစာရ အမြင်

သံဓိနိမောစနသုတ္တန် ၏ အလိုအရ ပထမ နှင့် ဒုတိယ ဓမ္မစက္က နှစ်ပါး သည် တိုက်ရိုက်အနက်ယူအပ်သော နိတတ္ထဒေသနာ မဟုတ်ပဲ ထပ်မံရှင်းလင်း ဖွင့်ဆိုရန်လိုအပ်သော နေယျတ္ထဒေသနာများ သာဖြစ်ကြောင်း အထူးသဖြင့် သဗ္ဗ ဓမ္မသုညတာ တရား-ပညာပါရမိတာသုတ္တန်များ ကို ဟောကြားသော ဒုတိယ ဓမ္မစက္က သည် ရှိရှိသမျှသော ရုပ် နာမ် သင်္ခတ အသင်္ခတ ပညတ် တရားဟူသမျှ၏ အချင်းချင်းမှီတွယ်ဆက်စပ်ရပ်တည်နေခြင်းသဘော (Interdependent Existence) နှင့် ကိုယ်ပိုင်သဘာဝ ပကတိအနှစ်သာရ ဆိတ်သုဉ်းမှု သဘော (Emptiness of Inherent Existence) တို့ ကို ဖေါ်ထုတ်ဟောကြားသော ဒေသနာဖြစ်ရာ ပညာဥာဏ်အဆင့်နိမ့်ကျသူတို့အနေဖြင့် သဗ္ဗ ဓမ္မသုညတာသဘော ကို အရာခပ်သိမ်း ဘိတ်စတုံးမရှိခြင်း-နတ္ထိသဘာဝ အနေဖြင့် မှားယွင်းစွာ အနက်ကောက်နိုင်သော အန္တရာယ်ရှိကြောင်း တို့ ကို ဖေါ်ပြထား၏။ ထို့ကြောင့် သဗ္ဗ ဓမ္မသုညတာ အနက်သစ် ကို အရှိသဘော-အတ္ထိဘာဝ အနေဖြင့် ဖွင့်ဆိုရှင်းပြသော ဒေသနာအနေဖြင့် သံဓိနိမောစနသုတ္တန် ကို ဟောကြားတော်မူခဲ့ရပြီးလျှင် သံဓိနိမောစနသုတ္တန် သည် ဗုဒ္ဓဓမ္မ ၏ အဆုံးစွန်သော အနက်အဓိပ္ပါယ် ထပ်မံဖွင့်ဆိုရန်မလိုအပ်တော့သော ပကတိအမှန်တရား = နိတတ္ထဒေသနာ သာဖြစ် ကြောင်း ကို လည်း ခိုင်မာစွာ ဆိုထားလေသည်။ ယောဂါစာရ ၏ သမိုင်း ကို လေ့လာလျှင် ထိပ်ဆုံးနေရာတွင် ရပ်နေသူမှာ အသင်္ဂ ပင်ဖြစ်သောကြောင့် အသင်္ဂ ၏ ဘ၀ နှင့် စာပေ များ ကို ဦးစွာ လေ့လာ သင့်ပေ၏။

အသင်္ဂ၏ ဘ၀ အတ္တုပ္ပတ္တိ
အသင်္ဂ၏ ဘ၀ အတ္တုပ္ပတ္တိသည် ဒဏ္ဍာရီ အရေးအသားများလွှမ်းခြုံနေခဲ့လေသည်။တိဗက်သမိုင်းပညာရှင် တာရာနာထ ၏ အဆိုအရ အသင်္ဂ၏ မိခင် သည် ရှေးဘ၀ တစ်ခုက ပိဋကတ်သုံးပုံဆောင် ရဟန်းတော်တစ်ပါး ဖြစ်ခဲ့ပြီး အခြားရဟန်းတော် တစ်ပါးနှင့် ပညာရည်ယှဉ်ပြိုင်ရာဝယ် အနိုင်ရခဲ့ပြီး ရှုံးနိမ့်သော ရဟန်းကို မိန်းမဦးနှောက်ပိုင်ရှင်လူညံ့ ဖြစ်ကြောင်း နှိမ်ပြီး ပုတ်ခတ်ပြောဆိုခဲ့သည်ဟူ၏။ ရှုံးနိမ့်သော ရဟန်းက အ၀လောကိတေသွာရ ဗောဓိသတ္တထံ ဆုတောင်းရာ အ၀လောကိ တေသွာရ က သူ၏ ကျူးလွန်ခဲ့သော ၀စီကံအတွက် ဘ၀များစွာ အမျိုးသမီးဘ၀ ကို ရရှိပြီး အပြစ်ပေးဆပ်ရမည် ဖြစ် ကြောင်း ဗျာဒိတ်ပေးခဲ့လေသည်။

အဆိုပါ (အသင်္ဂ၏ မိခင် အလောင်းအလျာ) ရဟန်းသည် ဘ၀များစွာ မိန်းမသား အဖြစ်ကျင်လည်ခဲ့ပြီးနောက် အေဒီ ၄ ရာစု တွင် ပုရုသျှပူရ (ယနေ့ခေတ် ပက်ရှဝါ ) မြို့ဝယ် ပြကသျှရှိလာ အမည်ရှိသော အမျိုးသမီး အနေဖြင့် ဖွားမြင်ခဲ့ပါ၏။
ပြကသျှရှိလာ သည် ဗြဟ္မဏမျိုးရိုးဖြစ်သော်လည်း ခတ္ထိယနွယ်ဝင် အမျိုးသားတစ်ဦးနှင့် လက်ထပ်ကာသားယောက်ျား တစ်ဦး  (အသင်္ဂ) ကို ဖွားမြင် ခဲ့သည်။ နောက်ကာလတွင် ဗြဟ္မဏမျိုးရိုးမှ အမျိုးသားတစ်ဦးနှင့် ဒုတိယအကြိမ် လက်ထပ်ကာ သားယောက်ျားလေး နှစ်ဦး (၀သုဗန္ဓု နှင့် ၀ိရိန္ဆိဝဿ ) တို့ကို ထပ်မံ ဖွားမြင်ပြန်၏။

အသင်္ဂ သည် သူ၏ အမေတူအဖေကွဲ ညီငယ်များထက်ကြီးပြီး ခတ္ထိယမျိုးရိုး၏ တာဝန်အရ စစ်သူရဲ လုပ်ရန်ဖြစ်သော်လည်း မိခင်ဖြစ်သူက ရဟန်းဘောင် သို့ဝင်ရောက်ရန်သာ တိုက်တွန်းခဲ့ပါ၏။ အသင်္ဂ သည် အပြာရောင်သင်္ကန်း ဆင်မြန်းတော် မူကြသော ရှေးဟောင်းဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခုဖြစ်သော မဟိသာသက ဂိုဏ်းသို့ ၀င်ရောက်ကာ ရဟန်းပြုခဲ့ ပိဋကတ် စာပေ နှင့် မဟာယာနသုတ္တန်များ ကို လေ့လာဆည်းပူးခဲ့၏။ မဟိသာသက ဂိုဏ်း၏ ကမ္မဋ္ဌာန်းဘာဝနာ နည်းစနစ်များ ကို အားထုတ်ခဲ့ သော အသင်္ဂ သည် သူ့ ၏ ဆရာဖြစ်သူ နှင့် ဓမ္မသိမြင်မှု အဆင့်တူညီလာသော အခါ ကုက္ကုဋပါဒ ဂုရ်ပပဗ္ဗတ ဂုရုပဒ စသော တောတောင်လှိုဏ်ဂူများ အတွင်း ၀ယ် လျှို့ဝှက် ကမ္မဋ္ဌာန်းဘာဝနာ နည်းစနစ်များ ကို ကျင့်ကြံ ခဲ့လေ၏။

အသင်္ဂ သည် တုသိတာနတ်ပြည်၌ စံနေတော်မူသော မေတ္တေယျ ဗောဓိသတ္တ ကို ဖူးတွေ့နိုင်ရန် (၁၂) နှစ်တိုင်တိုင် ရည်စူး ကျင့်ကြံ ခဲ့ ရာတွင်ဘာဝနာလုပ်ငန်းမအောင်မြင်မှုကြောင့် ပထမ (၃) နှစ်ပြည့်သော စိတ်ပျက်အားလျှော့၍ ပြန်ရန်ဆုံးဖြတ်ရာ အသိုက်နေ ငှက်များ အတောင်ပံခတ် ရုန်းကြွပျံသန်းပုံ ကို တွေ့မြင်ရ၍ စိတ်အားပြန်တက်လာကာ မိမိ၏ ဘာဝနာ လုပ်ငန်းကို ပြန်လည် အားထုတ်ခဲ့သည်ဟု ဆို၏။ ဒုတိယ (၃) နှစ်ပြည့်သောအခါ တွင်လည်း ဘာဝနာ လုပ်ငန်း က အောင်မြင်မှု မရှိပြန်သောကြောင့် အသင်္ဂ မှာ စိတ်ပျက်အားလျှော့ကာ ပြန်ရန် ဆုံးဖြတ်မိပြန်၏။
ဤတစ်ကြိမ်တွင်မူ ဂူ မျက်နှာကျက်မှ တစ်စက်စက်ကျသော ရေ များက ကျောက်သားပြင်ကို ချိုင့်ဝင်စေ သည်ကို တွေ့ရပြန်သော် အထပ်ထပ်အဖန်ဖန်ကြိုးစားအားထုတ်ခြင်း၏ အကျိုးကို ဆင်ခြင်မိပြန်သောကြောင့် စိတ်အားပြန် တက်လာကာ မိမိ၏ ဘာဝနာ လုပ်ငန်းကို ပြန်လည် အားထုတ်ခဲ့လေသည်။

တတိယ (၃) နှစ်ပြည့်သောအခါ တွင်လည်း ဘာဝနာလုပ်ငန်း က အောင်မြင်မှု မရှိပြန်သောကြောင့် အသင်္ဂ မှာ စိတ်ပျက် အားလျှော့ကာ ပြန်ရန် ဆုံးဖြတ်မိပြန်တော့သည်။ ဤတစ်ကြိမ်တွင်မူ အဖိုးအိုတစ်ဦးသည် သံတုံး ကို အ၀တ်စ ဖြင့် ပွတ်တိုက် ၍ အပ် ဖြစ်အောင်ကြိုးစား နေသည်ကို တွေ့ရပြန်သောကြောင့် ယခင်နည်းအတိုင်း စိတ်အားပြန်တက်လာကာ မိမိ၏ ဘာဝနာ လုပ်ငန်းကို ပြန်လည် အားထုတ်ခဲ့ပြန်၏။ နောက်ဆုံး သုံးနှစ်ခန့်ထပ်မံ ကျင့်ကြံအားထုတ်သော်လည်း မည်သို့မျှမထူးခြားသောကြောင့် (၁၂) နှစ်ပြည့်ချိန်တွင် သူ၏ ဘာဝနာလုပ်ငန်း ကို လုံးဝ အကြွင်းမဲ့ လက်လျှော့ စွန့်လွှတ်ရန်ဆုံးဖြတ်ခဲ့ပါသည်။

အသင်္ဂ သည် စိတ်ညစ်ညူးစွာဖြင့် တောင်အောက်သို့ ဆင်းလာခဲ့ပြီး အနီးရှိ အစိန္တ မြို့ သို့ ဦးတည်ထွက်ခွာလာရာဝယ် လမ်းနံဘေးတွင် အနာပေါက် လောက်တစ်ဖွားဖွားကျနေသော ခွေးတစ်ကောင်ကို တွေ့ လေ၏။ သူသည် ခွေး၏ ခံစားနေရရှာသော ဒုက္ခဝေဒနာ ကို သနားကရုဏာသက်မိသော်လည်း လောက်များကိုလဲ မသေစေလိုသောကြောင့် အသင်္ဂ သည် မိမိ ၏ အသား ကို လှီးဖြတ်၍ လောက်များကို ထိုအသားပေါ်သို့ ဖယ်ရှားပေးခဲ့သည်ဟု ဆိုပါသည်။ ဤသို့ ထူးမြတ်သော ဒါနဥပပါရမီ ကို ပြုလျှင်ပြုချင်း ခွေး၏ သဏ္ဍာန်လဲ ပျောက်ကွယ်လျှက် ရောင်ခြည်တော်အသွယ်သွယ် ထိန်ဝင်းလျှက် အရိမေတ္တေယျ ဗောဓိသတ္တအရှင် အဖြစ်ပေါ်တော်မူလာခဲ့တော့၏။

မိမိ ၏ ဖြစ်အင်ကို တွေးမိသော အသင်္ဂက မျက်ရည်များစီးယိုကျလျှက် အဘယ်ကြောင့် ဤသို့နှစ်ပေါင်းများစွာ ပုန်းကွယ် နေရပါသနည်းဟု မေးသောအခါ အရိမေတ္တေယျ ဗောဓိသတ္တအရှင်က မိမိ သည် အသင်္ဂ နှင့် အတူတကွအမြဲရှိနေ ခဲ့ကြောင်း အသင်္ဂ ၌ လုံလောက်သော ကရုဏာဓါတ်နှင့် ပညာစက္ခု မရှိခဲ့သေးသောကြောင့် သာ မိမိ ကို မဖူးမြင်ခဲ့ ရခြင်းဖြစ်ကြောင်း တို့ကို ရှင်းပြပြီး လိုရာဆု ကို တောင်းစေခဲ့၏။ အသင်္ဂ က လည်း မိမိ အလိုရှိသော အရာမှာ ဗုဒ္ဓဓမ္မ၏ အနက်ရှိုင်းဆုံး ဥာဏ်ပညာ ဖြစ်ကြောင်း ဆုပန်သောကြောင့် အရိမေတ္တေယျ ဗောဓိသတ္တအရှင်က အသင်္ဂ ကို တုသိတာ နတ်ပြည်သို့ ဆောင်ကြဉ်းခဲ့ကာ ပညာပါရမိတာသုတ္တန်တို့၏ အနက်ရှိုင်းဆုံး အနက်အဓိပ္ပါယ် ဖွင့်ဆိုချက်ကိုသင်ကြား ပို့ချ ပေးခဲ့လေသည်။

အရိမေတ္တေယျ ဗောဓိသတ္တအရှင်က သင်ကြားပေးခဲ့သော ကျမ်း (၅) ကျမ်း တို့မှာ-
(၁) အဘိသမယာလင်္ကာရ ( ပညာပါရမိတာ သုတ္တန်အဖွင့် ဋီကာ)
(၂) မဇ္ဈန္တ၀ိဘာဂ (အစွန်းတရားများ နှင့် အစွန်းလွတ်အလယ်လမ်းတရား ခွဲခြားချက်)
(၃) ဓမ္မာဓမ္မတာဝိဘာဂ (ဓမ္မတရား များ နှင့် ၎င်းတို့၏ ပကတိသဘာဝ ဓမ္မ-တာ ခွဲခြားချက်)
(၄) မဟာယာန သုတ္တ လင်္ကာရ ( မဟာယာန သုတ် များ ကို တန်ဆာဆင်ဖွင့်ဆိုချက်)
(၅) ရတနဂေါတြ ၀ိဘာဂ (ဥတ္တရ တန္တရ) (ဗုဒ္ဓသဘာဝ နှင် တထာဂတဂဗ္ဘ အကြောင်း ရှင်းပြချက်)

ပေါလ် ၀ီလျှံ ၏ အမြင်  အဘိသမယာလင်္ကာရ နှင့် ရတနဂေါတြ ၀ိဘာဂ (ဥတ္တရ တန္တရ) တို့ သည် ကျမ်းပြုသူ တစ်ဦးတည်း၏ လက်ရာ မဖြစ်နိုင် သော်လည်ူ ကျန်သော ကျမ်းစာများမှာ ကျမ်းပြုသူ တစ်ဦးတည်း၏ လက်ရာ ဖြစ်နိုင်ပေသည်။

ခေတ်သစ်ပညာရှင်များက အသင်္ဂ၏ တုသိတာနတ်ပြည်သွားသော ဒဏ္ဍာရီဇာတ်လမ်း ကို အယုံအကြည်မရှိကြ သောကြောင့်  ဤကျမ်းစာများ မှာ အသင်္ဂ ကိုယ်တိုင်ရေးသားပြုစုသော ကျမ်းစာများ ဖြစ်ချင်ဖြစ် သို့မဟုတ် ၎င်း၏ ဆရာဂုရု ဖြစ်မည်ဟုယူဆ ရသော မေတ္တေယျနာထ အမည်ရှိသော ပုဂ္ဂိုလ်တစ်ပါး က ပြုစုခဲ့ဟန်ရှိကြောင်း ယူဆကြ လေသည်။ အသင်္ဂ ကိုယ်တိုင် ရေးသားပြုစုခဲ့သည်ဟု သေချာစွာဆိုနိုင်သော ကျမ်းစာ မှာ အဘိဓမ္မသမုစ္စယ ကျမ်းဖြစ် ပြီး မဟာယာန ယောဂါစာရဂိုဏ်း၏ အဘိဓမ္မာ အယူအဆများ ကို တင်ပြထား၏။ ၎င်း ကျမ်းအပြင် မဟာယာနသင်္ဂဟ ကျမ်း နှင့် ယောဂါစာရဘူမိ ကျမ်း များကိုလည်း အသင်္ဂ ကိုယ်တိုင် ရေးသားပြုစုခဲ့သည်ဟု အခိုင်အမာ ယုံကြည်လက်ခံကြ ပါသည်။

အထက်ပါ ကျမ်းစာများရေးသာပြီးနောက် အသင်္ဂ သည် ကျောင်းတိုက်များထူထောင်လျှက် မဟာယာန ယောဂါစာရ ဂိုဏ်းကို တိုးတက်ကြီးပွားအောင် ကြိုးပမ်းခဲ့ရာတွင် အသင်္ဂ ၏ သီလ သမာဓိ ပညာဂုဏ် များနှင့် လူသာမန်တို့ ထက် ထူးကဲသော အဘိညာဉ် (ဥတ္တရိမနုဿဓမ္မ) တို့ကြောင့် ဂုဏ်သတင်းကောင်းများ ကျော်ဇောလာရာ ဂမ္ဘီရပက္ခ မင်းကြီး က ကိုးကွယ်ပူဇော် ချီးမြောက်ထောက်ပံ့ခဲ့ပါသည်။ အသင်္ဂ သည် မိမိ၏ ညီတော်ဖြစ်သော ၀သုဗန္ဓု ကို သဗ္ဗတ္ထိဝါဒ-ဟီနယာန ဂိုဏ်းမှ ကျွတ်စေလျှက် မဟာယာနသာသနာ သို့ ကူးပြောင်းစေခဲ့၏။ မဟာယာနသာသနာ ၏ အရှိန်အ၀ါ ထွန်းလင်း တောက်ပ အောင် များစွာသော ပညာ ကရုဏာ တို့ ဖြင့် စွမ်းစွမ်းတမံ ဆောင်ရွင်ပြီးနောက် ၀ယ် အသင်္ဂ သည် ပထမ သင်္ဂါယနာတင်ရာ ရာဇဂြိုဟ်မြို့ တွင် ခန္ဓာဝန်ချခဲ့ရာ သူ၏ တပည့် သာဝက များက ကြွင်းကျန်ရစ်သော ဓါတ်တော်များ ကို အထိမ်းအမှတ် စေတီတော်တစ်ဆူ တည်ထားခဲ့ပါသည်။ အသင်္ဂ လွန်ပြီးနောက် ယောဂါစာရ ဒဿနကို ဆက်လက် တိုးတက်ဖွံ့ဖြိုးစေခဲ့သူမှာ အသင်္ဂ၏ ညီဖြစ်သူ ၀သုဗန္ဓု ပင် ဖြစ်ပါ၏။

ဝသုဗန္ဓု ၏ ဘ၀ အတ္တုပ္ပတ္တိ
ဝသုဗန္ဓု သည် နောင်တော် ဖြစ်သော အသင်္ဂကဲ့သို့ ခတ္ထိယအနွယ် မဟုတ်ပဲ ဗြဟ္မဏ မျိုးရိုးမှ ဆင်းသက်ခဲ့သည်။ နောင်တော် အသင်္ဂ ရဟန်းဘောင် သို့ တက်ရောက်ချိန်လောက်တွင် မွေးဖွားခဲ့မည်ဟု ယူဆကြ ပါသည်။ ၀သုဗန္ဓု သည်
ဗြဟ္မဏ မျိုးရိုးမှ ဆင်းသက် သူဖြစ်သောကြာင့် ငယ်စဉ်က ဝေဒကျမ်းများ ကို လေ့လာဆည်းပူးခဲ့၏။ ကြီးပြင်း၍ အသိဥာဏ်ရင့်ကျက်လာသော် ဗြဟ္မဏ ဘာသာကို စွန့်လွှတ်၍ ဗုဒ္ဓဘာသာ ရဟန်းတော်အဖြစ်ကိုခံယူခဲ့၏။
ဝသုဗန္ဓု ရဟန်းဖြစ်ချိန် တွင် သူ၏ အစ်ကို ဖြစ်သူ အသင်္ဂ မှာ နာမည်ကျော်ကြား ထင်ရှားသော ဗုဒ္ဓဘာသာရဟန်းတော် တစ်ပါး အဖြစ် ရောက်ရှိနေပြီး မဟာယာန ယောဂါစာရ ဒဿနဆိုင်ရာ ကျန်းဂန်အများအပြား ရေးထုတ်ပြီးဖြစ်သော ကာလ ဖြစ်၏။

ဝသုဗန္ဓု သည် ထိုခေတ် အခါက နာမည်ကျော် နာလန္ဒ တက္ကသိုလ် ကြီးဝယ် ပိဋကတ်စာပေများကို လေ့လာဆည်းပူးခဲ့သူ ဖြစ်သည်။ သူ၏ တောက်ပြောင်ထက်မြက်သော ဥာဏ်ပညာ ကြောင့် အစ်ကို ဖြစ်သူ အသင်္ဂ ကဲ့သို့ ဓမ္မကျင့်စဉ်ဖက်သို့ မတိမ်းညွတ်ပဲ ပရိယတ္တိစာပေ လေ့လာဆည်းပူးမှု ကို သာ ဇောက်ချလုပ်ဆောင်ခဲ့သည်။ ၀သုဗန္ဓု သည် ကသ္မီရ (ကက်ရှမီးယား) ဒေသ သို ခရီးထွက်ခဲ့ပြီး နောက် ဆရာဖြစ်သူ သံဃဘဒြ နှင့်ဆုံတွေ့ခဲ့ ပြီးနောက်ဝယ် သံဃဘဒြ က ၀သုဗန္ဓု အား ရှေးဦးဗုဒ္ဓဘာသာဂိုဏ်း (၁၈) ဂိုဏ်း ၏ ပိဋကတ်စာပေများ ကို လေ့လာ ရန်တိုက်တွန်းခဲ့ ၏။
တိဗက်သမိုင်းပညာရှင် ဘုထွန် (Bu-Ton) ၏ အလိုအရ ပိဋကတ်စာပေများ ကို လေ့လာပြီးလတ်သော် ၀သုဗန္ဓု သည် နာလန္ဒတက္ကသိုလ် သို့ ပြန်လည်ရောက်ရှိ ခဲ့ပါ၏။
ဝသုဗန္ဓုသည် သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အဘိဓမ္မာ ၀ိဘာသာကျမ်းများ ကို လေ့လာဆည်းပူးပြီးလတ်သော် ထိုကျမ်းများ ၏ အနှစ်ချုပ် အဋ္ဌကထာ သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အနေဖြင့် အဘိဓမ္မာကောသ ကျမ်းကြီးကို စီရင်ခဲ့ သည်။ ထိုကျမ်းသည် ယနေ့တိုင် မဟာယာနဗုဒ္ဓဘာသာလောက တွင် အဘိဓမ္မာသံခိပ် ကျမ်း တစ်ဆူ အဖြစ် ထင်ရှား နေဆဲ ဖြစ်သည်။ ၀သုဗန္ဓု သည် သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အယူအဆ များစွာ ကို လည်း စိစစ်ဝေဖန်ထိုးနှက်ခဲ့ သော လက်ရာ ဖြစ်သည်။ မိမိ ကိုယ်တိုင်ပင် အဘိဓမ္မာကောသ ကျမ်းကြီး ၏ အဖွင့် ဋီကာဖြစ်သော အဘိဓမ္မာကောသ ဘာသာ ကို သုတ္တန္တိကဒဿနရှုထောင့်မှ ရပ်တည်၍ သဗ္ဗတ္ထိဝါဒ (ဝေဘာသိက) ဂိုဏ်း၏ အယူအဆများကို ဝေဖန်ခဲ့သူ လည်း ဖြစ်သည်။
တိဗက်သမိုင်းပညာရှင် တာရာနာထ က ထပ်မံဖြည့်စွက်ပြောဆိုခဲ့သည်မှာ ၀သုဗန္ဓု သည် ပါဠိစာပေထွန်းကားရာ မဂဓ တိုင်းတွင် နှစ်ပေါင်းများစွာ သီတင်းသုံးခဲ့သည်ဟုဆိုပါသည်။ ၀သုဗန္ဓု သည် မဂဓတိုင်းတွင် နေထိုင်နေစဉ်ကာလအတွင်း နောင်တော် အသင်္ဂ ၏ ယောဂစာရဘူမိ ကျမ်းကြီးကို ဖတ်ရှုပြီး သဘောမပေါက်နိုင်လောက်အောင်ဖြစ်ခဲ့ရ၏။
တုသိတာနတ်ပြည်သို့ အသင်္ဂ ရောက်ရှိခဲ့သည်ဆိုသော ဇာတ်လမ်း ကို ၀သုဗန္ဓု လည်း ကြားခဲ့ပြီးဖြစ်ရာ=အော် အသင်္ဂ က ၁၂ နှစ်တောင် တောရဆောက်တည်ပြီးကျင့်ပေမဲ့ တရားထူးမရပဲ ဆင်နဲ့ ထမ်းပိုးသယ်ဆောင်ရလောက် အောင် ကြီးမားများပြားတဲ့ ကျမ်းစာတွေ သာ ရေးခဲ့တာ ကိုး = ဟူ၍မှတ်ချက်ပေးခဲ့သည်ဟူ၏။

ထို အကြောင်း ကို အသင်္ဂ ကြားလေသော ညီတော်ဖြစ်သူ ကို မဟာယာနဓမ္မလမ်းစဉ်တော်ပေါ်သို့ ရောက်အောင် ဆွဲဆောင်ခေါ်ယူရန် အချိန်တန်ပြီဟု ဆုံးဖြတ်ခဲ့လေ၏။ မိမိ စိတ်ကြိုက် လက်ရွေးစဉ် ရဟန်းတော် နှစ်ပါးကို ရွေးချယ်ကာ မဟာယာနသုတ္တန် နှစ်ခု ကို သင်ပေးပြီး ၀သုဗန္ဓုထံသို့ စေလွှတ်ခဲ့သည်။

ပထမ ရဟန်းက မဟာယာနဓမ္မလမ်းစဉ် ၏ အခြေခံအယူအဆများ ကို ဖေါ်ပြသော သုတ္တန်ကို ၀သုဗန္ဓု အား ရွတ်ဆိုပြရာ စိတ်ဝင်စားမှုရှိသော်လည်း အနည်းငယ်မျှ ယိမ်းယိုင်တုန်လှုပ်မှုမရှိခဲ့ပေ။ နောက်တစ်နေ့တွင် ဒုတိယရဟန်း က ဗောဓိသတ္တ မဂ်လမ်းစဉ်၏ အဆင့် (၁၀) ခု ကို ဖေါ်ကျူးသော ဒသဘူမိက သုတ္တန် ကို ရွတ်ဆိုပြသောအခါမှသာ ၀သုဗန္ဓု၏ နှလုံးသားကို ထိခိုက်ကြေကွဲစေခဲ့တော့၏။

နောင်တော် အသင်္ဂ ၏ မဟာယာနဓမ္မလမ်းစဉ် အပေါ် စော်ကားနှိမ်ချပြောဆိုခဲ့မိသည်များအပေါ် အပြစ်နောင်တရ ၍ မိမိ လျှာ ကို ဖြတ်ရန် စိတ်ကူးရာ အနားမှ သီတင်းဖော်ရဟန်းများက ၀ိုင်းတားကြပြီး ထိုသို့ မလုပ်သင့်ကြောင်းနှင့် အပြစ် ကြွေးကြေရန်မည်သို့လုပ်သင့်ကြောင်း ကို နောင်တော် အသင်္ဂ ၏ အကြံဥာဏ်ကို ယူသင့်ကြောင်းပြောဆို ကြသဖြင့် ၀သုဗန္ဓုသည် နောင်တော် အသင်္ဂ ထံသို့ သွားရောက်ခဲ့ပါသည်။အသင်္ဂ က ၀သုဗန္ဓုအား မိမိ ကိုယ်ကို မညဉ်းဆဲရန်နှင့် မိမိ ၏ ပညာဥာဏ်အလင်းရောင်ကို ဝေနေယျသတ္တ၀ါအများအတွက် အကျိုးရှိရှိ အသုံးချသင့်ကြောင်း ဆုံးမခဲ့ရာ ၀သုဗန္ဓု သည် မဟာယာနဗုဒ္ဓဘာသာဝင် အဖြစ်ကို ကူးပြောင်းခံယူခဲ့သည်ဟု ဆိုပါသည်။
သူ၏နောင်တော်ဖြစ်သူ အသင်္ဂ ၏ လမ်းညွှန်ပြမှု ဖြင့် မဟာယာနဗုဒ္ဓဓမ္မလမ်းစဉ်ပေါ် ရောက်ရှိပြီးနောက် အရေးပါသော ယောဂါစာရဒဿန အဖွင့်ကျမ်းများ ကို ပြုစုခဲ့ ရာတွင် ၀ိံသတိကာဝိညတ္တိမတ္တာသိဒ္ဓိ (ဂါထာ ၂၀ ပါ ကျမ်း) နှင့်          တိံသိကာ ၀ိညတ္တိမတ္တာ (ဂါထာ ၃၀ ပါ ကျမ်း) နှစ်ဆူ သည် အထူးထင်ရှားခဲ့သည်။  ၀သုဗန္ဓု သည် အလွန်တရာ တိုတောင်းကျစ်လစ်သိပ်သည်းလှသော ဂါထာ အနည်းငယ်မျှဖြင့် ယောဂါစာရဒဿန ၏ အနက်ရှိုင်းဆုံး အခြေခံအကျဆုံး ဓမ္မအမြင်များကို စုစည်းဖေါ်ပြ နိုင်ခဲ့သူ ဖြစ်လေသည်။
ဝသုဗန္ဓု ရေးသားပြုစုခဲ့သောကျမ်းများအနက် ထင်ရှားသော ကျမ်းစာများမှာ
(၁) မဟာယာနသင်္ဂဟ အဋ္ဌအထာ
(၂) ဒသဘူမိက-ဘာသာ
(၃) စတုသာတကသျှတ္တရ
(၄) အမိတာယု သုတ္တောပဒေသ
(၅) မဟာယာန သတဓမ္မာ ပကာသမုခ သျှတ္တရ
(၆) သုဒ္ဓ၀ါသဘူမိ သျှတ္တရ
(၇) ၀ိညတ္တိမတ္တာ သျှတ္တရ
(၈) ကမ္မသိဒ္ဓိ ပကာရဏ
(၉) ၀ါဒ ၀ိဓိ (ယုတ္တိဗေဒကျမ်း)

သင်္ချဒဿန ကို ငြင်းဆိုရန်အတွက် ပရမတ္ထသတ္တတိ အမည်ရှိသော ကျမ်းကို ၀သုဗန္ဓု က ပြုစုခဲ့ပြီး ဤကျမ်း၏ သက္ကဋ မူရင်းမှာပျောက်ဆုံးခဲ့ပြီဖြစ်  တရုပ်ဘာသာပြန်မူ ပဲ ကျန်ရစ်ခဲ့ ကြောင်း သိရပါသည်။

ဝသုဗန္ဓု လွန်ပြီးနောက် တွင် နှောင်းကာလ ယောဂါစာရဒဿန ဖြစ်ပေါ်တိုးတက်မှုများ ကို အုပ်စုကြီး (၃) စု အဖြစ်တွေ့ ရ၏။ ၎င်းတို့ မှာ==

(၁) ထိရမတိ နှင့် ဓမ္မပါလ တို့ ထူထောင်ခဲ့ ကြသော ယောဂါစာရ အဘိဓမ္မာ ဆိုင်ရာ ကျမ်းများ ဖြစ်ပြီး ယောဂါစာရ သည် တက္ကိကနာမ်ဝါဒ တစ်ခု အသွင်သို့ ပြောင်းလဲ သွားခဲ့သည်။

(၂) ဒိန္နာဂ နှင့် ဓမ္မကိတ္တိတို့ ၏ သုတ္တန္တိက ယောဂါစာရ အမြင် ကို အခြေခံသော ဗုဒ္ဓယုတ္တိဗေဒပညာ (Buddhist Logic) ထွန်းကား လာခဲ့ သည်။ ဒဿနစနစ်များ နှင့် ယှဉ်ပြိုင်ချေပမှုများ ခေတ်စားခဲ့ ၏။

(၃) သန္တရက္ခိတ နှင့် ကမလာသီလ တို့ ၏ ယောဂါစာရ နှင့် မာဓျာမိက အယူအဆ များ ကို မဟာသမူဟသစ် အဖြစ် ပေါင်းစည်း ပေးသော ဗုဒ္ဓဓမ္မ သစ် ဖြစ်ပေါ်လာခဲ့ ပြီး တိဗက် ဗုဒ္ဓဘာသာ အပေါ် များစွာ လွမ်းမိုးခဲ့ လေဟည်။

ယောဂါစာရ ဟူသော အမည် နှင့် ပညာရှင်များအမြင်
ယောဂါစာရ ဂိုဏ်း ကို စိတ္တမတ္တ ၀ိညတ္တိမတ္တ ၀ိညာဏ၀ါဒ စသဖြင့် အမည် အမျိုးမျိုး ခေါ်ဆိုကြသည် ကို တွေ့ရ၏။
ခေတ်သစ်ဗုဒ္ဓစာပေပညာရှင်များသည် ယောဂါစာရ ဂိုဏ်း ကို နာဂဇ္ဇုန၏ မာဓျမိကဂိုဏ်း ကို ဆန့်ကျင်ရပ်တည်ခဲ့သော မဟာယာနဂိုဏ်း အဖြစ်ရှုမြင်ကြလေသည်။ ဒေါက်တာ အက်ဒ၀ပ်ကွန်ဇီ ၏ အမြင်တွင် ယင်း ဂိုဏ်း နှစ်ခုသည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ငြင်းခုံချေတင်ခဲ့ကြကြောင်း နှင့်တစ်ဂိုဏ်း၏ ဓမ္မကျမ်းစာ ကို တစ်ဂိုဏ်း က အသိအမှတ်မပြုလက်မခံကြောင်း ဖေါ်ပြခဲ့၏။[1]

ဂျပန် မဟာယာနဗုဒ္ဓဘာသာသုတေသီ ဂန်ဂျင် နာဂါအို ကမူ ကွန်ဇီ နှင့်ဆန့်ကျင်လျှက် ယင်း ဂိုဏ်း နှစ်ခုသည် တစ်ခုနှင့်တစ်ခု အလျှော်အကန် အသင့်အမြတ်ဖြစ်ခဲ့ကြောင်းဆိုခဲ့  မာဓျမိက ကို နားလည်သဘောပေါက်မှ ယောဂါစာရ ကို အမှန်နားလည်နိုင်မည်ဖြစ်ကြောင်း ယူဆခဲ့၏။[2]

စိတ္တမတ္တ (ကျိတ္တမာတြ ) ဟူသော ဝေါဟာရ သည် လောကသုံးပါး သည် စိတ် သက်သက်သာ ဖြစ်ကြောင်း ခံယူသည့်အမြင်ကိုညွှန်းနေပြီး ၀ိညတ္တိမတ္တ ဟူသော ဝေါဟာရ သည် လောကသုံးပါး သည် ၀ိညတ် (သိမှုပညတ်) သက်သက်သာ ဖြစ်ကြောင်း ခံယူသည့်အမြင်ကိုညွှန်းနေပါသည်။ ထို့ကြောင့် စိတ္တမတ္တ (ကျိတ္တမာတြ ) ၀ိညတ္တိမတ္တ ဟူသော ဝေါဟာရ များကို ရှေးဦး ယောဂါစာရစာပေများတွင် အလွန်းနည်းပါးစွာ အသုံးပြုခဲ့သည် ကို တွေ့ရသည်။ အသင်္ဂရေးသော အလွန်ရှည်လျှားသည့် ယောဂါစာရဘူမိကျမ်းကြီးတွင် ဤ ဝေါဟာရများ ကို မတွေ့ရပေ။ လင်းဘတ် စမစ်ဟောင်ဆန် ၏ အမြင်အရဆိုလျှင် ယောဂါစာရဂိုဏ်း၏ ရှေးဦးပိုင်းကျမ်းစာများတွင် နောက်ပိုင်းခေတ်ကျမ်းများ၌ လှိုင်လှိုင်အသုံးပြုသော ၀ိညတ္တိမတ္တ စိတ္တမတ္တ စသည့် ဝေါဟာရစကားလုံးများ ကို မတွေ့ရသလောက်ဖြစ်ပြီး တွေ့ရသော တစ်နေရာမှာ လည်း ယောဂါစာရ အယူအဆအနေဖြင့်မဟုတ်ပဲ ဆန့်ကျင်ဖက် ပရ၀ါဒီတစ်ဦး၏ အဆို အနေနှင့် ဖေါ်ပြထား ပြင်ပလောက မရှိပဲ စိတ်-၀ိညတ် သက်သက်ပဲ ရှိမရှိ ပြဿနာ မဟုတ်ပဲ စိတ် အပြင် အခြားသော ဝေဒနာ သင်္ခါရ စသော စေတသိကတရားများ လည်း လိုအပ်ကြောင်းဆွေးနွေးချက်သာဖြစ်သည်ကို တွေ့ ရလေသည်။[3] သို့သော်လည်း သံဓိနိမောစနသုတ္တန် နှင် မဟာယာနသင်္ဂဟ ကျမ်းများတွင် ဤဝေါဟာရများ ကို တွေ့ရှိရပြီး ၎င်း ဝေါဟာရများမှာ လောက၏ ပကတိအရှိတရား ကို ညွှန်ပြခဲ့ခြင်း မဟုတ်ပဲ ကမ္မဌာန်းဘာဝနာလုပ်ငန်း၏ အစိတ်အပိုင်းအနေဖြင့်သာ ဖေါ်ပြခဲ့ ကြောင်း တွေ့ရ၏။[4]

အဆိုပါ သုတ္တန်တွင် သမာဓိဝင်စားနေစဉ်အခိုက် တွေ့မြင်ရသော အာရုံဝတ္တုများသည် စိတ်မှ တစ်ခြားစီဖြစ်သလော စိတ်နှင့်ထပ်တူပင်ဖြစ်သလောဟု မေတ္တေယျဗောဓိသတ္တ က ရှင်တော်ဗုဒ္ဓ ကို မေးမြန်းရာတွင် ရှင်တော်ဗုဒ္ဓက ၎င်း အာရုံဝတ္တုများသည် စိတ်နှင့်ထပ်တူပင်ဖြစ်သည် (သို့မဟုတ်) စိတ်၏သိမှု ၀ိညတ်အသွင်အပြင်များ သက်သက်သာ ဖြစ်ကြောင်း ဖြေကြားတော်မူခဲ့လေသည်။

အသင်္ဂ နှင် ၀သုဗန္ဓုတို့ လွန်ပြီး နှစ် ၂၀၀ ခန့် အကြာတွင် ယောဂါစာရ ဂိုဏ်းမှ ဂိုဏ်းကွဲ စီးကြောင်း နှစ်ခု ကွဲထွက်လာခဲ့
ဓမ္မပါလဦးဆောင်သော ဂိုဏ်း ကို ၀ိညာဏ၀ါဒ ဟူသော အမည်ဖြင့် ခေါ်ဝေါ်ခဲ့ပေသည်။ ယင်း ဂိုဏ်းသည် ပြင်ပ ဗဟိဒ္ဓ လောက ကို စိတ်၏ အသွင် သဏ္ဍာန် အဖြစ်သာလက်ခံခဲ့ သည့် အပြင် မူလ ပကတိအရှိတရား =ပရမတ္ထတရား စစ်စစ် မှာ လည်း စိတ္တ (၀ါ) ၀ိညာဏဓါတု သာဖြစ်ကြောင်း လက်ခံခဲ့သောကြောင့် ၀ိညာဏ၀ါဒ အမည်တွင်ခဲ့ရလေသည်။ ယောဂါစာရ ဟူသော မူလ အမည်သည် ၀ိညာဏ၀ါဒ စသည်တို့နှင့် မပတ်သက်ပဲ ယောဂ (ဓမ္မကျင့်စဉ်) ကို အားထုတ် ရန် ဟူသော ဦးတည်ချက်သာ ရှိခဲ့ ကြောင်း ထင်ရှား၏။

ဥပမာ- အေဒီ (၂) ရာစု က ဗုဒ္ဓစာဆိုတော်ကြီး အဿဃောသ ၏ စာပေများ၌ ယောဂါစာရ ဟူသော ဝေါဟာရကို သုံးခဲ့ သော်လည်း ဒဿန၀ါဒ တစ်ရပ်ကို မရည်ညွှန်းပဲ ဓမ္မအကျင့် ကို အားထုတ်ရန် သုံးခဲ့ခြင်း ဖြစ်၏။ မာဓျမိကဂိုဏ်း၏ နေမင်းကြီးတစ်ဆူဖြစ်သော နာဂဇ္ဇုန၏ အန္တေ၀ါသိက သာဝက အရိယဒေ၀ ၏ ကျမ်း အမည်မှာလည်း “ဗောဓိသတ္တ ယောဂါစာရ သျှတ္တရ စတုသတက ကာရိကာ ” ကို ထောက်လျှက် ယောဂါစာရ ဟူသော အသုံးသည် ပဋိပတ္တိ အကျင့် ဟူသော အနက်ထက် မပိုကြောင်းထင်ရှား နေပါသည်။

အမ်-ဒေးဗစ် အက်ကဲလ် ၏ အလိုအရ မာဓျမိက နှင့် ယောဂါစာရ တို့ သည့် သော့ချက်ကျသော ဗုဒ္ဓဒမ္မ ဆိုင်ရာ ၀ိဘာဂများ နှင့်ပတ်သက်၍ ကွဲပြားခြားနားစွာ အနက်ဖွင့်ဆိုကြကြောင်း ကို ဆိုထားသည်။[5]

အယ်လဗင်ဂျုန်းစ် အလိုအရဆိုလျှင် ဗုဒ္ဓဒဿန ကို ရှိမှုဗေဒအမြင် (၃) မျိုး ပိုင်ခြားထားပါသည်။ ယင်းတို့မှာ=
(၁) ဓမ္မတရား အားလုံး အရှိသဘော ဖြစ်သော အမြင် (ဝေဘာသိက နှင့် သုတ္တန္တိက)
(၂) ဓမ္မတရားအားလုံး မရှိသဘော (သုညတ) ဖြစ်သော အမြင် (မာဓျမိက)
(၃) အချို့ ဓမ္မတရားများ အရှိသဘော ဖြစ်ပြီး အချို့ဓမ္မတရားများ မရှိသဘော (သုညတ) ဖြစ်သော အမြင် (ယောဂါစာရ)[6]
ထို့ကြောင့် ယောဂါစာရ ဒဿန ကို ဗုဒ္ဓဒဿနသမိုင်း၏ အဆင့်အမြင့်ဆုံး ပွင့်ကားတိုးတက်မှု အဖြစ် ယူဆခဲ့၏။

အိန္ဒိယဗုဒ္ဓဘာသာပညာရှင်တစ်ဦး ဖြစ်သည့် တီ အာရ် ဗီ မူရ်တိ (T .R. V. Murti) လည်း ယောဂါစာရ အဒွယ- ၀ိညာဏ၀ါဒ သည် မာဓျမိက ဒဿန ကို အပြုသဘော ခြေခံများ ဖြင့် ဆန်းစစ်ပြုပြင် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သုံးသပ်၏။[7]

အလားတူစွာပင် ကေ အင်န် ချာတာဂျီ နှင့် သီအိုဒို ချာဗက်စကီ တို့က နာဂဇ္ဇုန ၏ ပညတ္တိသက်သက်အမြင် သုညတ၀ါဒ အမြင်တို့ သည်  နတ္ထိက၀ါဒ ဥစ္ဆေဒ၀ါဒဆန်လွန်း နေပြီး အိန္ဒိယဗုဒ္ဓဘာသာ၏ နောက်ဆုံး သမူဟပေါင်းစည်းမှု သည် အသင်္ဂ နှင် ၀သုဗန္ဓု ညီနောင်နှစ်ဦး၏ အဒွယ- ၀ိညာဏ၀ါဒ ပင်ဖြစ်၏။ ဟူ၍ ကောက်ချက်ချခဲ့ ကြပါ၏။[8]

ဒေါက်တာဆူဇူကီး ၏ ဝေဖန်သုံးသပ်ချက်မှာမူ ဗုဒ္ဓစာပေပညာရှင်အများစုသည် မာဓျမိကဒဿန နှင့် ယောဂါစာရ ဒဿန နှစ်ခု ကို တစ်သီးတစ်ခြားရပ်တည်သော အချင်းချင်း ပြတ်သားစွာ ဆန့်ကျင်နေသော အယူအမြင် နှစ်ရပ် အဖြစ် ရှုမြင်ကြ မာဓျမိကဒဿန က လောက၏ ရှိသမျှ အရာအားလုံးကို အတွင်းအနှစ်သားဆိတ်သုဉ်းသော သုညတာ အဖြစ် မြင်သလို ယောဂါစာရ ဒဿန က လောက၏ ရှိသမျှ အရာအားလုံးကို အခြေခံ ပကတိ မူလ စိတ္တ ၏ ဖေါ်ဆောင်မှုများ အဖြစ်ယူဆ ယင်းပညာရှင်များ သည် သုညတာ သဘော နှင့် အခြေခံ ပကတိ မူလ စိတ္တ သဘော တို့ ကို အချင်းချင်း ပြတ်သားစွာ ဆန့်ကျင်နေသော အယူအမြင် နှစ်ရပ် အဖြစ် ရှုမြင်ကြ သည်မှာ သမိုင်းကြောင်းအရ မှန်ကန်သော အမြင်ဟု မဆိုနိုင်ပေ။ ဟု ဆိုခဲ့လေသည်။[9]

ဒိုင်ယာနာ ပေါလ် ၏ အလိုအရ ယောဂါစာရ ဒဿန သည် မဟာယာန (မာဓျမိက) ဒဿန ၏ ပင်မကျောရိုး ဖြစ်သော သုညတာ ဓမ္မ ကို ပုဂ္ဂလလူသား၏ အတ္တဘ၀ ရှုထောင့် စိတ်ပညာရှုထောင့် တို့ မှ အနက်သစ် ဖွင့်ဆိုရန်ကြိုးပမ်းမှု တစ်ခုသာဖြစ်ကြောင်း ၀ိဂြိုဟ် ပြုပါသည်။[10]

ထို့ အတူပင် အသင်္ဂ နှင့် ၀သုဗန္ဓု တို့၏ ယောဂါစာရ ဒဿနဆိုင်ရာ တိုးတက် ထုတ်ဖေါ်မှုများ သည် ၎င်းတို့ ရှေ့မှ ပေါ်ပေါက်ခဲ့ကြ သော မာဓျမိက ဒဿန ပညာရှင်များ ကို တိုက်ရိုက် မဆန့်ကျင်ခဲ့ပဲ ရှိကြောင်း ဒေါက်တာ ရစ်ချတ် ကင်း မှ ယူဆခဲ့ ပြန်သည်။[11]

ပေါလ် ဂရစ်ဖစ်သ် ၏ လေ့လာချက်အရ ယောဂါစာရ ဂိုဏ်း၏ တိုးတက်ပွင့်ကားမှု အဆင့် (၄) ခုရှိ သည်ဟုဆို၏။

(၁) ပထမ အဆင့် ကို အကြို ယောဂါစာရ Pre-Systematic ဟုခေါ် သံဓိနိမောစနသုတ် ၏ သင်ကြားချက်များ
(၂) ဒုတိယ အဆင့်ကို ရှေးဦး ယောဂါစာရ Early Systematic ဟုခေါ် (ယောဂါစာရဘူမိ-မဟာယာနသုတ္တလင်္ကာရ-
မဇ္ဇျန္တ၀ိဘာဂ စသော ကျမ်းများ ခေတ်)
(၃) တတိယ အဆင့်ကို ဂန္ထ၀င်ယောဂါစာရ Classical Yogacara ဟုခေါ် (အသင်္ဂ၏ မဟာယာနသင်္ဂဟ အဘိဓမ္မသမုစ္စယ နှင့် ၀သုဗန္ဓု၏ ၀ိံသတိကာ -တိံသိကာ- တြိသဘာဝနိဒ္ဒေသ စသော ကျမ်းများ ခေတ်)
(၄) စတုတ္တ နှင့် နောက်ဆုံး အဆင့် ကို အဋ္ဌကထာဋီကာ ကျမ်းများခေတ် ဟုခေါ် (ဓမ္မပါလ ထိရမတိ အဿဘာဝ စသည်တို့၏ ယောဂါစာရ အဋ္ဌကထာဋီကာ ကျမ်းများ)[12]
အလန် စပွန်းဘာ့ခ် ၏ အလိုအရ ရှေးဦး ယောဂါစာရ ဒဿနပညာရှင်များ သည် တြိသ-ဘာဝ အယူအဆ ကို ဖေါ်ထုတ်တင်ပြခြင်းအားဖြင့် အစဉ်အလာ မာဓျမိကဒဿန၏ သစ္စာ နှစ်ပါး အမြင် ကို ထပ်ဆင့်တိုးချဲ့ခဲ့သည့်အပြင် သစ္စာ နှစ်ပါး အမြင်၏ အကန့်အသတ်များကိုပင် ကျော်လွန်၍ ရှိမှုဗေဒ အသိအမြင်များ ကို ဖေါ်ပြခဲ့ကြကြောင်း တင်ပြခဲ့ ပါသည်။ [13]
မဟာယာနဗုဒ္ဓဘာသာအစ ယောဂါစာရ က
ယောဂါစာရ ကို လေ့လာလိုပါလျှင် မာဓျာမိက ဒဿန နှင့် ဆက်စပ်လျှက်ရှိသော ယောဂါစာရ အယူအဆ များ မှ စတင် လေ့လာသင့်ပေသည်။ ယောဂါစာရသည် မဟာယာနဗုဒ္ဓဘာသာ ၏ အခြေခံအကျဆုံးသော အယူအမြင်များ ဖြစ်သည့် ဗောဓိသတ္တ ဗုဒ္ဓ သဘာဝ ဗုဒ္ဓ၏ ကာယသုံးပါး အာလယ၀ိညာဏ် စသော အကြောင်းအရာ များစွာ ကို အခြေခံ အုတ်မြစ် များအဖြစ် ဖေါ်ထုတ်ခဲ့သည့် အပြင် မဟာယာနဗုဒ္ဓဘာသာ သည် လည်း ပေါ်ဦးသစ်စ ဘာသာရေးလှုပ်ရှားမှု အသစ် ဖြစ်ခဲ့သော ကာလဖြစ်သောကြောင့် ရှေးဦးယောဂါစာရဂိုဏ်း၏ ဒဿနပညာရှင်များ သည် မဟာယာနဗုဒ္ဓဘာသာ ကို ကာကွယ်ခုခံချေပခဲ့ကြဟန်တူလေသည်။

အသင်္ဂ ၏ မယာယာနသုတ္တလင်္ကာရ နှင့် မဟာယာနသင်္ဂဟ စသော ကျမ်းများ ၀ယ် အခြားသော ခေတ်ပြိုင် (ဟီနယာန) ဗုဒ္ဓဘာသာဂိုဏ်းကွဲ များ နှင့် အခြေအတင် ငြင်းခုန်ပြောဆိုရေးသားခဲ့၏။ ယင်းကျမ်း၏ ပထမဆုံးသော အခန်း အမည် ကပင် မဟာယာနသိဒ္ဓိ အဓိကာရ ဖြစ်သောကြောင့် မဟာယာန၏ ပကတိ အရေးပါမှုကို ရေးသားခုခံ ခဲ့ ဟန်ရှိသည်ကို ထောက်လျှက် မဟာယာနလှုပ်ရှားမှု သည် ခေတ်ပြိုင် ဟီနယာန ဗုဒ္ဓဘာသာဂိုဏ်းများ နှင့် သူတင်ကိုယ်တင် အပြိုင်အဆိုင် ရုန်းကန်နေရသော  ကာလဖြစ်မည်ဟု ခန့်မှန်းရပါ၏။ မယာယာနသုတ္တလင်္ကာရ ကျမ်း တွင် မဟာယာနဗုဒ္ဓဘာသာ ၏ ကြီးမြတ်မှု ကို ဖေါ်ပြသော ယာနာနုတ္တရ (အမြတ်ဆုံးသောလမ်း) အမည်ရှိသော အခန်း နှင့် အဆုံးသတ်ထား သည် ကို တွေ့ရ၏။ မဟာယာနဗုဒ္ဓဘာသာ ၏ စစ်မှန်မှု ကို ကာကွယ်တင်ပြသော အားဖြင့် မဟာယာနဗုဒ္ဓဘာသာ သည် အသစ် ဖန်တီးတီထွင်မှု တစ်ခု မဟုတ်ကြောင်း ကို အသင်္ဂ က အကျယ်တ၀င့် ရေးသားရှင်းလင်းခဲ့၏။

သူ့ အလို အရ ဆိုရပါလျှင်==

  •   မဟာယာနဗုဒ္ဓဘာသာ သည် သာဝကယာန (ဟီနယာန) နှင့် တစ်ချိန်တည်းပင် စတင်ခဲ့ကြောင်း ရှင်တော်ဗုဒ္ဓ ကိုယ်တိုင်နုတ်မြွက်ဟောကြားခဲ့သော ဗုဒ္ဓ၀စန ဖြစ်၏။

Ø မဟာယာနဗုဒ္ဓဘာသာ ၏ အမြင်များ သည် အခြားသော ဘာသာရေးအုပ်စုများ ဖြစ်သည့် တက္ကိက တိတ္ထိက ပရိဗိုဇ် တို့ ၏ အမြင်များ နှင်မတူညီ ကွဲပြားခြားနားနေပြီး  ၎င်းတို့ ကျက်စားရာ နယ်ပယ်၏အပ (အဂေါစာရ ) ဖြစ်သော ဓမ္မတရားဖြစ်၏။
Ø  မဟာယာနဗုဒ္ဓဘာသာ သည် ဗုဒ္ဓ၀စန ဖြစ်ရန်လိုအပ်သော အညွှန်းကိန်းများ နှင့်ပြည့်စုံနေ၏။
Ø  ဗုဒ္ဓ၀စန သည် ဓမ္မ နှင့် ၀ိနယ ဖြစ်သောကြောင့် မဟာယာနဗုဒ္ဓဘာသာ ၏ ကိုယ်ပိုင် ဓမ္မ နှင့် ၀ိနယ လည်းရှိ သောကြောင့် ဗုဒ္ဓ၀စန ဖြစ်ပေ၏။
Ø  ဗုဒ္ဓ၀စန သည် ဓမ္မနိယာမ နှင့် အညီ ဖြစ်ရမည်ဖြစ်သလို မဟာယာနဗုဒ္ဓဘာသာ ၏ တရားတော်များသည်လည်း ဓမ္မနိယာမ နှင့် အညီ ဖြစ်၏။
Ø  ဟီနယာန တရား အမြင်အရ သုညတာဓမ္မ သည် ဗုဒ္ဓတရားမဟုတ်ကြောင်းတင်ပြတတ်ကြသော်လည်း အသင်္ဂ နှင့်  ၀သုဗန္ဓု တို့ က ဆိုသည်မှာ သုညတာဓမ္မ သည် ရှေးဦးဗုဒ္ဓ သုတ္တန်များ တွင် ကွယ်ဝှက်သော အနက် အနေနှင့် ပါဝင်နေသော မူလတရားအမြင် သာ ဖြစ်၏။
Ø  မဟာယာနဗုဒ္ဓဘာသာ ၏ တန်ဖိုးကို ညွှန်းဆိုရလျှင်  ရောဂါပျောက်စေသော ဆေးဝါးသည် ခါးသက်ယောင်ရှိသော်လည်း စားကြည့်လျှင်ချိုသကဲ့ တန်ဖိုးမဖြတ်နိုင်သော မဏိဇောတရတနာ သည် အသိဥာဏ်မဲ့သောသူ အတွက် တန်ဖိုးမရှိသကဲ့သို့ ဖြစ်သော်လည်း ရတနာတန်ဖိုးဖြတ်နိုင်သူတို့ အတွက် အတုမရှိသော တန်ဖိုးကို ဆောင်ယူနေသကဲ့သို့  မဟာယာနဗုဒ္ဓဘာသာ သည်လည်း ဓမ္မအနက် ကို အကုန်အစင် မြင်သူတို့ တန်ဖိုးထားရာ ဓမ္မ ဖြစ်ပါ၏။

သစ္စာ (၂) ပါး နှင့် သဘာဝ (၃) ပါး အမြင်
ဗုဒ္ဓ၀ါဒ အစဉ်အလာများစွာ တွင် ဓမ္မ ကို ဖွင့်ဆို ရှင်းပြရာ၌  သမ္မုတိသစ္စာ နှင် ပရမတ္ထသစ္စာ (၂) ပါး ကို အသုံးပြု လေသည်။ သစ္စာ (၂) ပါး အယူ အဆ သည် ဗုဒ္ဓရှင်တော်လက် ထက် ခဲ့ ပေါ်ပေါက်ခဲ့ ခြင်း မရှိ ပဲ နှောင်းကာလ အဘိဓမ္မာစာပေများ ပေါ်ပေါက်လာချိန် မှ ထင်ရှားလာသော အယူအဆဖြစ်၏။ ရှေးဦးသုတ္တန်များ တွင် တိုက်ရိုက်အနက် ကောက်ယူနိုင်သော နိတတ္ထ ဒေသနာ နှင် ထပ်ဆင့် ဖွင့်ဆိုရှင်းပြရန်လိုအပ်သော နေယျတ္ထဒေသနာ ဟူ၍ ခွဲခြား မှု ရှိ ခဲ့သည် ကို အခြေခံ၍ သစ္စာ (၂) ပါး အယူ အဆ ပေါ်ပေါက်လာ ဟန်ရှိပေသည်။

ဗုဒ္ဓ၀ါဒ အဘိဓမ္မာစာပေများ ပေါ်ပေါက်လာချိန် တွင် သတ္တ၀ါ၏ ဖြစ်တည်မှု ကို ခန္ဓာ အာယတန ဓါတု သစ္စာ အသေးစိတ် ပိုင်းခြား ဝေဖန်ကြ၏။ ထိုသို့ ဝေဖန်ရာမှ ထွက် ပေါ်လာသော ခန္ဓာ အာယတန ဓါတု သစ္စာ တရားများ သည် ပကတိ အမှန်ရှိသော အရှိတရားများ အဖြစ်ယူဆသောကြောင့် ပရမတ္ထသစ္စာ များ ဟု သတ်မှတ်ပြီး ယင်းတို့ ၏ ကိုယ်ပိုင်ပကတိ သဘာဝ သည် ဖေါက်ပြန်ပြောင်းလဲခြင်းမရှိ (အ-၀ိပရိတ) ဟု ယူဆကြ၏။ ဥပမာ ပထ၀ီ ဓါတ်သည် မိမိ၏ ကိုယ်ပိုင်ပကတိ သဘာဝ အားဖြင့် ခက်မာခြင်း သဘော ရှိပြီး ဤ ကိုယ်ပိုင်ပကတိသဘာဝ သည် ပထ၀ီ အတွက် မည်သည့်အခါ မှ ဖေါက်ပြန်ပြောင်းလဲခြင်း မရှိနိုင် ဟု ယူဆကြ၏။ ထို့ကြောင့် ပရမတ္ထတရားများ ၏ ကိုယ်ပိုင်ပကတိ သဘာဝတို့ သည် ကာလမရွေး ဒေသမရွေး ပုဂ္ဂိုလ်မရွေး အမြဲမှန်ကန် မဖောက်ပြန် သော ကြောင့် ၎င်းတို့ ကို ပရမတ္ထသစ္စာ များ ဟု သတ်မှတ်ခြင်း ဖြစ်၏။ ထိုပရမတ္တတရားများ စုပေါင်းဖွဲ့စည်း၍ ဖြစ်ပေါ်လာသော အစုအဝေးများ ကို မူ စိစစ်ကြည့်လျှင် အမှန်တကယ် မတည်ရှိသော ပညတ်သက်သက် များသာ ဖြစ်သောကြာင့် သမ္မုတိသစ္စာ များ ဟု သတ်မှတ်ခြင်း ဖြစ်၏။

ရှေ့ အခန်း၌ တင်ပြခဲ့ပြီး သလို နာဂဇ္ဇုန၏ မာဓျမိကဒဿန အမြင် သည် ခေတ်ပြိုင် ဗုဒ္ဓ၀ါဒ အဘိဓမ္မာစာပေများ ၏ ခန္ဓာ အာယတန ဓါတု သစ္စာ တရားများ သည် ပကတိ အမှန်ရှိသော အရှိတရားများ အဖြစ်ယူဆသော ပရမတ်အရှိ အယူအဆ ကို တစ်စစီကြွေလွင့်ပျက်သုဉ်းအောင် ထိုးနှက်ခဲ့ သည်ကို တွေ့ခဲ့ ကြပြီး ဖြစ်ပေမည်။ နာဂဇ္ဇုန၏ မာဓျမိကဒဿန အမြင် တွင် ပရမတ္ထသစ္စာ ဟူ သည် ဓမ္မတရားတို့ ၏ အတွင်း အနှစ်သား သဘာဝ -မိမိ ကိုယ်ပိုင် ပကတိသဘာဝဆိတ်သုဉ်းခြင်း (သုညတာ သဘာဝ ) သာ ဖြစ်လေသည်။ ဤ သုညတာ သဘာဝ မှလွဲ၍ ကျန် အရာအားလုံး ကို အချင်းချင်း ကြောင်းကျိုး ဆက်နွယ်မှီတွယ် လျှက် ပညတ်သဘောအရသာ ဖြစ်ပွား တည်ရှိခွင့်ရသော သမ္မုတိသစ္စာ များ အဖြစ် ရှုမြင်ခဲ့၏။

ထို့ကြောင့် သစ္စာနှစ်ပါး နှင့် ပတ်သက်၍ ဗုဒ္ဓဘာသာဂိုဏ်းကြီးများ ဖြစ်သော သဗ္ဗတ္ထိဝါဒ (ဝေဘာသိက ဂိုဏ်း) သုတ္တန္တိက ဂိုဏ်း နှင့် မာဓျမိကဂိုဏ်း တို့ တွင် အောက်ပါအတိုင်း အမြင် ကွဲပြားနေပုံ ကို သိနိုင်ပါ၏။

ဗုဒ္ဓဘာသာဂိုဏ်းအမည်
သမ္မုတိ သစ္စာ နယ်ပယ်
ပရမတ္ထသစ္စာ နယ်ပယ်
ဝေဘာသိက ဂိုဏ်း
အစုအဝေး သဘော ပညတ်တရားများ
ပကတိရှိသော ရုပ်နာမ်ဓမ္မတရားများ
သုတ္တန္တိကဂိုဏ်း
ယေဘုယျသဘော ပညတ် တရားများ
ဝိသေသသဘော အဖြစ် တရား များ
မာဓျမိက ဂိုဏ်း
ပညတ်နှင့် မှီတွယ်ဆက်နွယ်သော တရားများ
သုညတာ သဘော

သဗ္ဗတ္ထိဝါဒ (ဝေဘာသိက ဂိုဏ်း) အလိုအရ လူ တိရစ္ဆာန် အိမ် လှည်း စသော အစုအဝေး သဘော ပညတ်တရားများ သည် သမ္မုတိ သစ္စာ နယ်ပယ် ၌ သာ မှန်ကန်သော အရှိတရား များ ဖြစ်၏။ ကာလ (၃) ပါးစလုံးတွင် မဖေါက်မပြန် အမြဲတည်ရှိ သော (၀ါ) ပကတိရှိသော ရုပ်နာမ်ဓမ္မတရားများ သည်သာ ပရမတ္ထသစ္စာ နယ်ပယ် တွင် အဟုတ်အမှန်ရှိသော အရှိတရား စစ်စစ် များ ဖြစ် ကြ၏။

သုတ္တန္တိကဂိုဏ်း ၏ အမြင် က မူ သိမှု နယ်ပယ် ကို အခြေခံ လျှက် သစ္စာ နယ်ပယ် ကို ခွဲခြားခဲ့၏။ သုတ္တန္တိကဂိုဏ်း အမြင် အရ ဆို လျှင် သဗ္ဗတ္ထိဝါဒ က တရားကိုယ် ကောက်ယူပြသော ပညတ် ပရမတ် တရား ဟူသမျှတို့ သည် ယေဘုယျအမည် နာမပညတ် (Universals) များ သာ ဖြစ် သောကြောင့် ၎င်းတို့ သည် သမ္မုတိ သစ္စာ နယ်ပယ် ၌ သာ မှန်ကန်သော အရှိတရား များ ဖြစ်၏။

မာဓျမိက ဂိုဏ်း ၏ အမြင် ကမ အထက်ပါ ဗုဒ္ဓဘာသာဂိုဏ်း နှစ်ခုလုံး၏ အမြင် နှင့် မတူပါ။ ပရမတ္ထသစ္စာ ဟူ သည် ဓမ္မတရားတို့ ၏ အတွင်း အနှစ်သား သဘာဝ -မိမိ ကိုယ်ပိုင် ပကတိသဘာဝဆိတ်သုဉ်းခြင်း (သုညတာ သဘာဝ ) သာ ဖြစ်လေသည်။ ဤ သုညတာ သဘာဝ မှလွဲ၍ ကျန် အရာ အားလုံး ကို အချင်းချင်း ကြောင်းကျိုးဆက်နွယ်မှီတွယ် လျှက် ပညတ်သဘောအရသာ ဖြစ်ပွား တည်ရှိခွင့်ရသော သမ္မုတိသစ္စာ များ အဖြစ် ရှုမြင်ခဲ့၏။ သိစိတ်ဖြင့် သိအပ်သော ရှိရှိသမျှ ပညတ်တရား ပရမတ်တရား အစုစုတို့ သည် မိမိ ကိုယ်ပိုင်ဂုဏ်သတ္တိအားဖြင့် တစ်သီးတစ်ခြားရပ်တည်နိုင်မှု တည်း ဟူသော သဘာဝသတ္တိမှ ကင်းဆိတ်သည် ဖြစ်သောကြောင့် ၎င်းတို့ သည် သမ္မုတိ သစ္စာ နယ်ပယ် ၌ သာ မှန်ကန်သော အရှိတရား များ ဖြစ်၏။ ဤသို့ အရာခပ်သိမ်း၏ မိမိ ကိုယ်ပိုင်ဂုဏ်သတ္တိအားဖြင့် တစ်သီးတစ်ခြားရပ်တည် နိုင်မှုတည်း ဟူသော သဘာဝသတ္တိမှ ကင်းဆိတ်သည့် သုညတာသဘာဝ သည်သာ လျှင် ပရမတ္ထသစ္စာ ဟု ခေါ်ဆိုရန်ထိုက်သော သဘော ဖြစ်ကြောင်း မာဓျမိက ဂိုဏ်း က ခံ ယူပါ၏။

ဤ သစ္စာ(၂) ပါး နယ်ပယ် ကို အခြေခံ လျှက် ယောဂါစာရ ဂိုဏ်း ကလည်း သဘာဝ (၃) ပါး အယူအဆ ကို အောက်ပါအတိုင်း ဖေါ်ထုတ်ခဲ့ကြောင်း တွေ့ ရ၏။

(၁) သဘာဝ (၃) ပါး အနက် ပထမ သဘာဝ ကို ပရိကပ္ပိတသဘာဝ (Parikalpita Svabhava) ဟု ခေါ်၏။ သံဓိနိမောစနသုတ္တန်၏ အလို အရ ပရိကပ္ပိတသဘာဝ ဟူသည် အမည်နာမ ပညတ် သက်သက် မျှ ရှိနေသော အသွင်အရှိများ ကို ရည်ညွှန်း၏။ ဘာသာစကား ၏ ရည်ညွှန်းရာ သင်္ကေတများ အမည်နာမ များ ယေဘုယျစိတ်ကူး ၀ိဘာဂများ အားလုံးသည် ပရိကပ္ပိတသဘာဝ ဖြစ်ပြီး ၎င်းတို့ သည် အမြုံမ၏သား ကဲ့သို့၎င်း ယုံချိုလိပ်မွှေး ပုဇွန်သွေး ကဲ့သို့၎င်း ခေါ်ဝေါ်စရာ အမည်နာမ အသံ သင်္ကေတ သာ ရှိပြီး အမှန်တကယ် ရည်ညွှန်းခံဝတ္တုမရှိ သော သဘာဝ ဖြစ် ပါ၏။ ထို့ကြောင့် ယင်း သဘာဝတို့ ကို အမှတ်သညာပြုသော သိညတ်သက်သက် အရှိတရား (၀ိညတ္တိမတ္တ) ဟူ၍လည်း ခေါ်ဆိုနိုင်ပါ၏။

ပရိကပ္ပိတသဘာဝ အဆင့်တွင် အရှိတရား သည် နှစ်မျိုးနှစ်ခု ဒွိတ္တဘာဝ (Duality/Dualism) အသွင်ဖြင့် ပေါ်လွင်လာ၏။ အဓိက အကျဆုံး ဒွိတ္တဘာဝ အတွဲ မှာ သိသူ နှင့် အသိခံ (Knower and Known) ဆုပ်ကိုင်သူ နှင့် ဆုပ်ကိုင်ခံ (Grasper and Grasped) အတွင်းအဇ္ဇျတ္တ နှင်အပြင်ဗဟိဒ္ဓ ဟူသော အတွဲ ဖြစ်၏။ ဤ တရား များ သည် တစ်ခု နှင့် တစ်ခု လုံးဝ သီးခြားကင်းလွတ် ရပ်တည်နေသော အရှိတရား များ အဖြစ် ပရိကပ္ပိတသဘာဝ အဆင့်တွင် သိရ၏။ ပရိကပ္ပိတသဘာဝ သည် ပုထုဇဉ် သတ္တ၀ါတို့ နေ့စဉ် ရှင်သန်ရုန်းကန်နေရသော လောက ၏ သရုပ်သကန်လည်း ဖြစ်၏။ သစ္စာဓမ္မ ကို ယထာဘူတ အရှိအတိုင်း မသိ ပဲ စိတ်ကူးပုံရိပ် (ပရိကပ္ပ) များ က ချယ်မှုန်း လှည့်စား သည့် အတိုင်း မြင်တွေ့ နေရသော အတုအယောင်ပုံရိပ်လောက (ပဋိဗိမ္ဗ ဓမ္မ)  လည်း ဖြစ်ပါ၏။ ဂရိဒဿနပညာရှင်ကြီး ပလေတို ၏ အသွင်လောက ဝေဒန္တ ဒဿန ၏ မာယာလောက နှင့် သဘောချင်းတူ၏။

(၂) ယောဂါစာရ ဂိုဏ်း ၏ အမြင်အရ ဒုတိယသဘာဝ ကို ပရတန္တရ သဘာဝ ( Paratantra Svabhava) ဟု ခေါ်၏။ ပရတန္တရ ဟူ သော ဝေါဟာရ သည် ပြင်ပ အကြောင်းအထောက်အပံ့တရား ကို မှီစွဲ ဖြစ်ပွား ရသော သဘာဝ ဟူသော အနက် ကို ဆောင် သော ကြောင့် ပရတန္တရ သဘာဝ သည် ယောဂါစာရ ဂိုဏ်း ၏ အမြင်အရ ပကတိရှိနေသော ယထာဘူတ ဓမ္မတရား ဖြစ်လေသည်။ ကြိုး ကို မြွေ ဟု အမြင်မှောက်မှားမှု ဖြစ်ရာ၌ မြွေဟူသော အမြင်မှား သည် ကြိုးတည်းသူသော ပကတိအရှိ တရားတစ်ခု ကို တည်မှီ နေသကဲ့ သို့ ပရိကပ္ပိတသဘာဝ သည် ပရတန္တရသဘာဝ ကို တည်မှီလျှက်သာ ဖြစ်ပွား ခွင့် ရ လေ၏။ ထို့ ကြောင့် ယောဂါစာရ အလို အရ ပရတန္တရ သဘာဝ သည် စင်စစ် ပဋိစ္စသမုပ္ပါဒ ၏ အမည် သာ ဖြစ် လေသည်။ ပဋိစ္စသမုပ္ပါဒ ဖြစ်စဉ် ကို မှီတည် အခြေခံပြုလျှက် အသွင်လောက အရှိတရား များ ကို ပညတ် စွဲလန်း ရ သကဲ့ သို့ ပရတန္တရသဘာဝ ကို မှီတည် အခြေခံပြုလျှက် သိသူ နှင့် အသိခံ (Knower and Known) ဆုပ်ကိုင်သူ နှင့် ဆုပ်ကိုင်ခံ (Grasper and Grasped) အတွင်းအဇ္ဇျတ္တ နှင်အပြင်ဗဟိဒ္ဓ ဟူသော ပရိကပ္ပိတ လောက ၏ ဒွိစုံ တရားများ လည်း (အမှန်စင်စစ် မရှိပါပဲလျှက်) ထင်ယောင်ထင်မှား ဖြစ်ကာ ပေါ်လွင်ထင်ရှား လာ ကြ ရပေ၏။  (Lamotte 1935: 6: 5) (v. 2; Vasubandhu 1932–3).

ရူပကအလင်္ကာ ပုံရိပ်လွှာ ဖြင့် ပမာပြုတင်စား ရလျှင် ပရတန္တရသဘာဝ သည် တစ်သွင်သွင်စီးဆင်း နေသော မြစ်နဒီ တစ်ခု နှင့် အလားသဏ္ဍာန်တူ၏။ မြစ် ၌ ပါဝင်နေသော ရေစက်ရေပေါက် တို့ သည် မိမိ ကိုယ်ပိုင်သဘော မရှိပဲ အချင်းချင်း အပြန်အလှန် မှီတွယ်စပ်ယှက်ပေါင်းစည်း ကာ စီးဆင်း နေရ ခြင်း ဖြစ်၏။ အတွင်းအနှစ်သား အတ္တသဘာဝ ဆိတ်သုဉ်းသော သုညတ သဘာဝများ သာ ဖြစ်ပါ၏။ မြစ်ရေပြင် ပေါ် ကို လေပြင်းတိုက်သော အခါ လှိုင်းလုံးများ ဖြစ်ပေါ်လာ ရ သလို တစ်သွင်သွင်စီးဆင်း နေသော ပရတန္တရသဘာဝ ပေါ်တွင် အ၀ိဇ္ဇာ-မောဟ ၏ လေပြင်းတိုက်သော အခါ ပရိကပ္ပိတလောက ၏ ဆုပ်ကိုင်သူ နှင့် ဆုပ်ကိုင်ခံ သိသူ နှင့် အသိခံ စသော ဒွိစုံ တရားတည်း ဟူသော လှိုင်းလုံးများ လည်း ဖြစ်ပေါ်လာ ရ လေ၏။

တစ်သွင်သွင်စီးဆင်း နေသော ပရတန္တရသဘာဝ သည် ဘာသာစကား ၏ သင်္ကေတစံနစ်များ ဝေါဟာရပညတ်များ နှင့် ဆင်ခြင်သိ ယုတ္တိဗေဒအသိ များ မှ လွန်မြောက် နေသော နယ်ပယ် ဖြစ်၏။ ဘာသာစကား ၏ သင်္ကေတစံနစ်များ ဝေါဟာရပညတ်များ ဟူ သည် စီးဆင်းပြောင်းလဲနေ သော ယထာဘူတ ဓမ္မ ကို ပုံဖျက်လျှက် အမှား ကို သိစေ၏။ အမှန်တကယ် မရှိသော ပညတ်သက်သက် အရာများ ကို အရှိယောင် ထင်မှားစေတတ်၏။ ဆုပ်ကိုင်သူ နှင့် ဆုပ်ကိုင်ခံ သိသူ နှင့် အသိခံ စသော ဒွိစုံ တရားများ အနေဖြင့် ပိုင်းခြားမရသော ပရတန္တရသဘာဝ ကို ဘာသာစကား နှင့် ပညတ်စနစ်များ က ဒွိစုံ တရားများ အနေဖြင့် အမှားမြင် စေလျှက် အမြင်မှောက်မှား ပရိကပ္ပိတလောက ကြီး ကို ထူထောင် ဖန်ဆင်းထားခြင်း သာ ဖြစ်ပါ၏။ ပရိကပ္ပိတလောက ကြီး သည် အဖန်ဆင်းခံ ဖြစ်လျှင် ပရတန္တရသဘာဝ သည် ဖန်ဆင်းသော ဓမ္မတရားစု ဖြစ်ပေမည်။

ဤနေရာတွင် ယောဂစာရ ၏ သုညတ အမြင် သည် မာဓျမိက ၏ သုညတ အမြင် နှင့် ကွဲပြားခြားနားစွာ ရပ်တည်နေ သည် ကို တွေ့ ရ၏။ မာဓျမိက အမြင်၌ သမ္မုတိတရား အသွင်သဏ္ဍာန် မှန်သမျှ သည် ကြောင်းကျိုးမှီစွဲဆက်စပ်ဖြစ်ပွား ရသော ပဋိစ္စသမုပ္ပါဒ ဖြစ်စဉ် ကို အခြေခံ ရသောကြောင့် ၎င်း သမ္မုတိတရား အသွင်သဏ္ဍာန် တို့ သည် သုညတ တရားများ ဖြစ်၏။ ထိုနည်းတူစွာပင် ပဋိစ္စသမုပ္ပါဒ ဖြစ်စဉ် တွင် ပါဝင်နေသော ရုပ်နာမ်ဓမ္မသင်္ခါရတရားများ သည်လည်း အဟုတ်အမှန်ရှိသော ပကတိတရားများ မဟုတ်ပဲ အချင်းချင်း အပြန်အလှန် မှီတွယ်စပ်ယှက်ပေါင်းစည်းနေရသော အရှိယောင် သုညတ တရားများ သာ ဖြစ်၏။ ထို့ ကြောင့် မာဓျမိက အမြင် ကို အနှစ်ချုပ် လျှင် လောက၌ ပကတိအရှိ တရားစစ်စစ် (Inherent Existence/Absolute Reality) ဟူ၍ မရှိပဲ အချင်းချင်း အပြန်အလှန် မှီခိုနေသော သုညတ ဓမ္မများ သာ ဖြစ်ပြီး ၎င်းတို့ ၏ အတည်ခံ အခြေခံ ရာ အမာခံအနှစ်သာရတရား လုံးဝမရှိ ကြောင်း ယတိပြတ်ငြင်းဆို ထားသော အမြင် ဖြစ်လေသည်။

ယောဂစာရ ၏ အမြင်တွင် အခြေခံအမာခံအနှစ်သာရတရား လုံးဝမရှိ ကြောင်း အကြွင်းမဲ့ ယတိပြတ်ငြင်းဆို ထားသော မာဓျမိကဂိုဏ်း၏ အမြင် သည် အစွန်းရောက် နတ္ထိက၀ါဒ အမြင် (Nihilist View) ဖြစ်သည်ဟု ဝေဖန်သည်။ အသွင်လောက ကို လက်ခံလျှင် အသွင်လောက တည်မှီရာ အစစ်အမှန်တရား တည်ရှိမှု ကို လည်း လက်ခံရမည် ဟု ဆို သည်။ တစ်နည်းအားဖြင့် သုည သဘာဝ ကို လက်ခံလျှင် ၎င်း၏ ဆန့်ကျင်ဖက် ဖြစ်သော အ-သုည သဘာဝ (၀ါ) ပကတိအစစ်အမှန်တရား ၏ အရှိသဘော ကိုလည်း လက်ခံရမည် ဟု ဆို သည်။ ပကတိအစစ်အမှန်တရား ၏ အရှိသဘော ကို လက်မခံ လျှင် အမှန်တကယ်မရှိသော အရှိယောင် လောကအတု ၏ ဖြစ်ပေါ်တည်ရှိပုံ ကို ယုတ္တိရှိရှိ ရှင်းပြရန် မဖြစ်နိုင်ဟု ယောဂါစာရ ဂိုဏ်း က အခိုင်အမာ ခံယူ ခဲ့ သည် ကို တွေ့ ရပါသည်။ ထို့ ကြောင့် ယောဂါစာရ သည် အရာရာကို အရှိသဘော အဖြစ် လက်ခံ သော သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အစွန်း (အတ္ထိ အစွန်း) နှင့် အရာရာ ကို မရှိသဘော-သုညသဘော အဖြစ် လက်ခံသော မာဓျာမိကဂိုဏ်း ၏ အစွန်း (နတ္ထိ အစွန်း) တို့ ကို ကွင်းရှောင်ပယ်ရှား လျှက် ပရိကပ္ပိတသဘာကို မရှိတရား အဖြစ် ပရတန္တရ သဘာဝကို အရှိတရား အဖြစ် ရှုမြင်ခံယူသော အလယ်အလတ် လမ်းစဉ် (မဇ္ဈိမပဋိပဒါ) ကို ဖေါ်ထုတ်ခဲ့ သည်ဟု ဆိုကြပါ၏။ (MahAyAnasaTgraha 2: 25; Asaóga 1938).


(၃) ယောဂါစာရ ၏ တတိယ နှင့် နောက်ဆုံး သဘာဝ မှာ ပရိနိပ္ဖန္နသဘာဝ (Parinispanna Svabhava) ဖြစ်သည်။
ပရိနိပ္ဖန္န ဟူသည် ထက်ဝန်းကျင် ကောင်းမြတ်သန့်စင်ပြီးပြည်စုံခြင်း ဟူသော အနက်အဓိပ္ပါယ်ရှိ၏။ သံဓိနိမောစနသုတ္တန်၏ အလိုအရ ပရိနိပ္ဖန္နသဘာဝ သည် ပရတန္တရ သဘာဝ မှ တစ်သီးတစ်ခြား မဟုတ်မူ ပဲ ပရတန္တရ သဘာဝ ၏ ပရိကပ္ပတရား များ မရောယှက်ပဲ ပကတိသန့်စင်နေသော မူလနဂို သဘာဝ ဖြစ်သော ကြောင့် ဘူတ တထတာ ဟူ၍လည်း ခေါ်နိုင်၏။ (Lamotte1935: 6: 6). တစ်နည်းဆိုရလေသော် ဒုတိယသဘာဝ ဖြစ်သော ပရတန္တရ သဘာဝ အတွင်း၌ ပထမသဘာဝ ဖြစ်သော ပရိကပ္ပတရားများ ပကတိ ကင်းပဆိတ်သုဉ်း နေခြင်း (၀ါ) ပရိကပ္ပတရားများ ကင်းစင်လျှက် ပရတန္တရ သဘာဝ သူ့ အတိုင်းတိုင်း ဖြစ်နေခြင်း သဘောမျှ သည် ပရိနိပ္ဖန္နသဘာဝ (ထက်ဝန်းကျင် ကောင်းမြတ်သန့်စင် ပြီးပြည်စုံခြင်း သဘာဝ) ဖြစ်လေသည်။

အထက်တွင် ဖေါ်ပြခဲ့သော ကြိုး နှင့် မြွေ ထင်ယောင်မှား မှု ဥပမာ ဖြင့် ချိန်ထိုးကြည့်ပါက (၁) ကြိုးကို မြွေ ဟု ထင်ယောင် မှတ်မှားမှု သဘော သည် ပထမသဘာဝ ဖြစ်သော ပရိကပ္ပိတ သဘာဝ ဖြစ်၏ (၂) အတုအယောင် မြွေ သဏ္ဍာန် ၏ တည်ရာ မှီရာ ကြိုးသည် ဒုတိယ သဘာဝ ဖြစ်သော ပရတန္တရ သဘာဝ ဖြစ်၏ (၃) ကြိုး ၏ ကြိုး သက်သက် ဖြစ်နေခြင်း (၀ါ) အတုအယောင် မြွေ သဘော ကင်းဆိတ် နေခြင်း သည် တတိယ သဘာဝ ဖြစ်သော ပရိနိပ္ဖန္န သဘာဝ ဖြစ် ၏။ ဤ သဘာဝ သုံးပါး သည် အကယ်စင်စစ် အားဖြင့် တစ်သီးတစ်ခြား စီ ရှိ နေသော သဘာဝ များ မဟုတ် ပဲ အရှိတရား ကို ရှု မြင်ပုံ (၃) မျိုး ဟု ဆို နိုင်၏။ ၎င်း တို့ အနက်  ဒုတိယ သဘာဝ ဖြစ်သော ပရတန္တရ သဘာဝ သည် အခြေခံ ဖြစ်ပြီး ပထမသဘာဝ ဖြစ်သော ပရိကပ္ပိတ သဘာဝ နှင့် တတိယ သဘာဝ ဖြစ်သော ပရိနိပ္ဖန္န သဘာဝ တို့ သည် ပရတန္တရ သဘာဝ အပေါ် မြင်ပုံမြင်နည်း နှစ်မျိုး သာဖြစ်ပါ၏။

ပကတိ ရှိနေသော ပရတန္တရ သဘာဝ ကို အ၀ိဇ္ဇာ မောဟ ဖြင့် မှောက်မှောက်မှားမှား မြင် သော အခါ အရှိတရား သည် ပရိကပ္ပိတ သဘာဝ အနေဖြင့် ပေါ်လွင်လာ ၏။ ပုထုဇဉ်သတ္တ၀ါ တို့ ကျက်စား ရှင်သန် ရုန်းကန် အားပြိုင် နေရသော သံသရာ လောက ကြီး အသွင် ပေါ်လာလေ၏။ ယင်း ပရတန္တရ သဘာဝ ကို ပင် ဓမ္မကျင့်စဉ်၏ အဆုံးပန်းတိုင် အဖြစ် မျက်မှောက်ပြု အပ်သော ဗောဓိဥာဏ်ပညာ စက္ခု အားဖြင့် ကြည့်သော အခါ အတုအယောင် ပရိကပ္ပိတ သဘာဝ အရှိတရား များ (၀ါ) သိသူ အသိခံ တည်းဟူသော ဒွိစုံတရား များ ဆိတ်သုဉ်းလျှက် ရှိနေသော သုညတာဓမ္မ ကို သာ တွေ့ရသောကြောင့် အရှိတရား သည် ပရိနိပ္ဖန္န သဘာဝ အနေဖြင့် ပေါ်လွင်လာ ၏။

ပကတိ သန့်ရှင်းစင်ကြယ်စွာ စီးဆင်း နေသော ပရတန္တရ သဘာဝ သက်သက် ကို ပရိကပ္ပိတ သဘာဝ ၏ ညစ်ညူး လှည့်စားမှု များ မပါဝင်ပဲ အတိုင်းတိုင်း ထိတွေ့သိမြင်ရခြင်း စဘော လည်း ဖြစ်၏။ ဤ ပရတန္တရ သဘာဝ သက်သက်၌ အတ္တ နှင့် အတ္တနိယ အတွင်း နှင့် အပြင် အနီး နှင့် အဝေး အတိတ် နှင့် အနာဂတ် သိသူ နှင့် အသိခံ သံသရာ နှင့် နိဗ္ဗာန် စသော ဆန့်ကျင်ပက္ခတရားများ ကို လုံးဝ မတွေ့ ရတော့ သဖြင့် အဒွယတာ = နှစ်ခုမပြာတစ်သားတည်းဖြစ်ခြင်း (Non-Duality) သို ဆိုက်ရောက် ကိန်းဝပ် နေခြင်း ဟူ၍လည်း ခေါ်ဆို နိုင်ပါ၏။(MahAyAnasaTgraha 2: 4; Asaóga 1938).

ထို့ကြောင့် ပရိနိပ္ဖန္နသဘာဝ ရှိ သုညတာ သဘော ကို ငြင်းဆိုမှု ရှုထောင့် (Negative point of view)  နှင့် လက်ခံမှုရှုထောင့်  (Positive point of view) နှစ်ရပ်စလုံးမှ တစ်ပြိုက် နက် သိနိုင်၏။ အမှန်စင်စစ် မရှိသော အတု အယောင် ပရိကပ္ပတရား များ မရှိ ခြင်း သည် ငြင်းဆိုမှု ရှုထောင့် မှ မြင်ခြင်း ဖြစ်၏။ ပရတန္တရ သဘာဝ သက်သက် အမှန်တကယ် ရှိနေခြင်း သည် မည်သို့မျှ မငြင်းဆိုနိုင်သော အရှိတရား ဖြစ်သောကြောင့်  လက်ခံမှုရှုထောင့် မှ ကြည့်လျှင် အခြေခံ အရှိတရား (Substratum Reality) ဖြစ်သည်ဟု ဆိုနိုင်လေသည်။ (Willis 1979: 163; Thurman 1984: 214).  

ဥပမာ ထပ်ဆင့်ခိုင်းနှိုင်းဖေါ်ပြရသော် ကန္တာရ ခရီးသွားတစ်ဦးသည် တံလျှပ် (ရေ အတု ) ကို မြင်၍ ရေ အစစ် ဟု အထင်မှား ရာ ၌ ရေ အစစ် ဟု အထင်မှား မှု သည် ပရိကပ္ပိတ ဖြစ်၏ အထင်မှားမှု ၏ အခြေခံ တံလျှပ် (ရေ အတု ) သည် ပရတန္တရ ဖြစ်၏ တံလျှပ်သဘာဝ တွင် ရေအစစ် မတည်ရှိခြင်း သဘော သည် ပရိနိပ္ဖန္န ဖြစ်၏။ ဤ နေရာ တွင် ယောဂါစာရ ဒဿန သည် မာဓျမိက နှင့် ပညာပါရမိတာသုတ္တန်များ ၏ သုညတာ အမြင် ကို ရှုထောင့်သစ်မှ လင်းပြခဲ့ သည် ဟု သုံးသပ်နိုင်ပါသည်။ ပရတန္တရ သဘာဝ သက်သက် သည် အခြေခံ အရှိတရား (Substratum Reality) အဖြစ် အသတ် မှတ်ခံ ခဲ့ ရသော ကြောင့် မာဓျမိက ၏ သုညတာဓမ္မ သဘော သည်သာ အဆုံးစွန်သော သဘောတရား ဟူသော အမြင်နှင့် စိုးစဉ်းမျှ ကွဲလွဲ နေကြောင်း ကို လည်း တွေ့ရှိရပါ၏။

ထို့ကြောင့် ယောဂါစာရအမြင်တွင် သုညတာ အမြင် ကို ရှုထောင့်သစ်မှ ဖွင့်ဆိုမှု ကို ဖေါ်ပြခဲ့ပြီးသော သဘာဝ(၃)ပါး နှင့် စပ်ဟပ်၍ လည်း မြင်တွေ့ရပါသည်။

(၁) အစစ်အမှန်မရှိသော ၀ိညတ်သက်သက်လောက ၏ ပရိကပ္ပိတသဘာဝ တွင် ကိုယ်ပိုင်အနှစ်သာရ လက္ခဏာ ဟူသမျှ ဆိတ်သုဉ်းနေသောကြောင့် ၎င်း သည် လက္ခဏာ-နိဿဘာဝ ဖြစ်သည်။
(၂) အစစ်အမှန်ရှိသော်လဲ အပြန်အလှန်ဆက်နွယ်မှီစွဲဖြစ်ပွားနေသော ပရတန္တရသဘာဝ တွင် မိမိကိုယ်ပိုင်စွမ်းအားဖြင့် ဖြစ်ထွန်းပေါ်ပေါက်မှု သဘော ဆိတ်သုဉ်းနေသောကြောင့် ၎င်း သည် ဥပတ္တိ-နိဿဘာဝ ဖြစ်သည်။
(၃) ပရတန္တရသဘာဝ တွင် ပရိကပ္ပိတသဘာဝ တရားများ နဂိုမူလသဘော ကင်းဆိတ်နေသည့် ပရိနိပ္ဖန္နသဘာဝ တွင် မူ အဆုံးစွန် အရှိသဘောဓမ္မများ အကြွင်းမဲ့ ဆိတ်သုဉ်းနေသောကြောင့် ၎င်း သည် ပရမတ္ထ-နိဿဘာဝ ဖြစ်လေသည်။


ဝိညာဏ ဓါတ် (၈) ပါး (သို့မဟုတ်) စိတ်၏ အလွှာအထပ် (၃) ပါး
အထက်တွင် ခင်းကျင်းပြသခဲ့ ပြီးသော သဘာဝ (၃) ပါး အမြင် ကို မာဓျမိက ၏ သစ္စာ (၂) ပါး အမြင် နှင့် ချိန်ထိုးဆ၀ါး ကြည့်ပါလျှင် ယောဂါစာရဒဿန အမြင် သည် အဆုံးစွန်သော ပကတိအရှိတရား အလွှာတစ်ရပ် ကို လက်ခံထားသည် မှာ အထင် အရှား ဖြစ်၏။ သို့သော်လည်း ယောဂါစာရ သည် မာဓျမိက ကဲ့သို့ ပင် ပညာပါရမိတာသုတ္တန်များ မှ ဆင်းသက် လာ သည် ဖြစ်သောကြောင့် ၎င်း အရှိတရား ကို ဗြဟ္မဏ တို့ နှင့် အညတိတ္ထိယ တို့ ကဲ့ သို့ မပြောင်းမရွေ့ ထာဝရ တည်မြဲခိုင်မာသော အတ္တဘာဝ အရှိတရားအနေနှင့် မယူဆခဲ့ ပေ။ ယောဂါစာရ က လက်ခံထားသော အဆုံးစွန်သော ပကတိအရှိတရား အလွှာတစ်ရပ် သည် အစဉ်ပြောင်းလဲ ရွေ့လျှားစီးဆင်းနေသော ပရတန္တရ သဘာဝ သာ ဖြစ်ကြောင်း ကို လည်း အထက်တွင် ရှင်းလင်းဖေါ်ပြခဲ့ ပြီး ဖြစ်၏။ ဤသို့ဆိုလျှင် ပရတန္တရသဘာဝကို အသေအချာ စေ့ငုလေ့လာဆန်းစစ် ရန် လိုအပ်ပါ၏။ အစဉ်ပြောင်းလဲ ရွေ့လျှားစီးဆင်းနေသော ပရတန္တရ သဘာဝ ဟူသည် ဓမ္မကျင့်စဉ် အားဖြင့် သာ အသိ ရောက်နိုင်သော ကြောင့် နာမ်တရား (စိတ္တ) ဖြစ်မည်မှာ မလွဲ ဧကန်ပင် ဖြစ်၏။

ယောဂါစာရ ဂိုဏ်း ၏ ဒဿန အမြင် ကို စိတ်သက်သက် အရှိ ၀ါဒ (စိတ္တမတ္တ ၀ါဒ) ဟု အများ က အသိအမှတ်ပြု ကြ၏။ တိဗက် လူမျိုး လာမာ ကုန်ချော့ ဂျစ်မေ ၀မ်ပို က ယောဂါစာရ ဂိုဏ်း ၏ ဒဿန အမြင် ကို ကြောင်းကျိုးမှီတွယ် ဆက်စပ်မှုများ ဖြင့် စီးဆင်းရွှေ့လျှား နေသော သိစိတ် နှင့် နာမ်ခန္ဓာ များ ၏ အရှိ သဘော ကို လက် ခံ ပြီး ဗဟိဒ္ဓ ရုပ်လောက ၏ သီးခြား အရှိသဘော ကို ငြင်းပယ်သော ဒဿန အမြင် တစ်ခု အဖြစ် ပုံဖော်ထား ၏။ (Sopa and Hopkins 1976: 107).

တိဗက် လာမာ မိဖန် (Mi pham (1846–1914) ကလည်း ဒွိစုံ ဆန့်ကျင်ပက္ခ တရားများ မှ ကင်းဆိတ်နေသော အဒွယစိတ္တ (Non-Dual Mind) သည်သာလျှင် အစစ်အမှန် ပရမတ္ထတရား အဖြစ် လက်ခံ ထားသော အမြင် ကို ယောဂါစာရ ဂိုဏ်း ၏ ဒဿန အမြင် ဖြစ်ကြောင်း အတည်ပြု ရေးသား ထား၏။(Guenther 1972: 113).

ယောဂါစာရ ဂိုဏ်း ၏ ဒဿန အမြင် ကို ထူထောင်ခဲ့ သူ ဟု သတ်မှတ်ခြင်း ခံရသော မေတ္တေယျနာထ ၏ မဇ္ဈန္တ၀ိဘာဂ ကျမ်း၏ အဖွင့်ဂါထာ တွင် “ အဘူတပရိကပ္ပ (Abhuta-parikalpa) ဟု ပညတ်သော အရှိယောင်တရား သည် ( အရှိ ယောင် အနေအားဖြင့် ) ရှိ၏။ ယင်း အရှိယောင်တရား ၌ ဒွိစုံ ဆန့်ကျင်ပက္ခ တရားများ သည် အမှန်စင်စစ် အားဖြင့် မရှိ။ ယင်း အရှိယောင်တရား ၌ ဒွိစုံ ဆန့်ကျင်ပက္ခ တရားများ ကင်းဆိတ်ခြင်း (သုညတာ) သဘောသက်သက် သည် သာ ရှိ၏။” ဟု ရေးသား ထား သည် ကို ကြည့် ပါက မရှိခြင်း=သုညတ ၏ တည်မှီ ရာ အဖြစ် အဒွယစိတ္တ ပကတိရှိ နေကြောင်း အထင်အရှား ဖော်ပြထား သည် ကို တွေ့ ရ၏။[14]

ဝသုဗန္ဓု ၏ အလို အရ လည်း ယောဂါစာရ ဒဿန အမြင်၌ ဆိတ်သုဉ်းမှု (သုညတာ) ဟု ဆို ရာတွင် လုံးဝ ဘိတ်စတုံး မရှိ နတ္တိဘော သက်သက် ကို ဆို လို သည် မဟုတ်ပဲ တစ်စုံတခု တွင် အကြင် တစ်စုံ တစ်ရာ ၏ မရှိ ခြင်း ကို သာ ဆို လို သည်ဟု ဆို ပါသည်။ ဥပမာ-အိုး ထဲ၌ ရေ မရှိ ဟု ဆိုရာဝယ် အိုး ၏ အရှိတရား ကို မူ ငြင်းဆို၍ မရချေ။ အိုး ၏ အရှိသဘော ကို မှီ ၍သာလျှင် အိုး ထဲ၌ ရေ မရှိ ဟု ဆိုနိုင်ခွင့် ရှိသလို ပရတန္တရသဘာဝ ထဲ တွင် ပရိကပ္ပိတသဘာဝ မရှိ ဟု ဆို ရာ ၌ ပရတန္တရသဘာဝ သက်သက် ၏ အရှိသဘော ကို မူ လက်ခံ ပြီး ပြော ဆို မှ အဓိပ္ပါယ်ရှိ နိုင်ပေမည်။ ဤသို့လျှင် ယောဂါစာရ ၏ သုညတာ သည် မာဓျမိက တို့၏ သုညတာ နှင့် အကောက်အယူ ကွဲ ပြား၏။ မာဓျာမိက အတွက် သုညတာ ဟူသည် ပကတိအရှိသဘော ဟူသမျှကို ငြင်းပယ်သော သုညတာ ဖြစ်သည်။ ယောဂါစာရ အမြင် တွင် မူ သုညတာ သည် ပရတန္တရသဘာဝ အရှိတရား ၌ ဒွယသဘော များ ဒွိစုံ သဘောများ ကို သာ ငြင်းဆိုပြီး ပရတန္တရ သဘာဝ ၏ အရှိ သဘော ကို မူ မငြင်း ပဲ လက်ခံထားသော အမြင် ဖြစ်ပါသည်။

ထို့ကြောင့် ယောဂါစာရ ဂိုဏ်းသည် ပရတန္တရသဘာဝ ၏ ရှိမှုဗေဒ ကို အခြေခံလျှက် စိတ္တ ၏ ကျယ်ဝန်းသော ဖြန့်ကျက် ပြန့်ကားမှု များ ကို အဘိဓမ္မာစံနစ် တည်ဆောက်၍ ရှင်းလင်းပြ ရန် ကြိုးစား ခဲက သည် ကို တွေ့ ရပါ၏။ လောက သည် ပညတ်အသွင်အားဖြင့် သာ ရှိနေသော အတုအယောင် (ပဋိဗိမ္ဗ) စိတ်ကူးအားဖြင့် တည်ဆောက်မှု (စိတ္တ ပရိကပ္ပ) သာ ဖြစ်ပြီး လောက ၏ ထောက်တည်ရာ သည် ပရတန္တရသဘာဝ ဖြစ်သော တစ်သွင်သွင်စီး နေသည် စိတ္တ၏ အလျှဉ် ပင် ဖြစ်လေရာ စိတ္တ ၏ သဘာဝ သည် ယောဂါစာရ ဒဿ အတွက် ဗဟိုချက်မ တွင် အရေးပါသော အကြောင်းအရာ တစ်ရပ် ဖြစ် လာ ခဲ့ ပါသည်။

ယောဂါစာရ ဂိုဏ်းသည် စိတ်ဝိညာဏ် ၏ အလွှာ ကို (၃) ဆင့် ခွဲ ခြား၍ တင်ပြခဲ့ သည်။

(၁) ပထမ အလွှာ သည် အနက်ရှိုင်းဆုံး အလွှာ ဖြစ် ပြီး စိတ်ဖြစ်စဉ်တစ်ခုလုံး ရပ်တည်ပေါက်ဖွား ရာ ရေခံမြေခံ သဖွယ် အချက်အချာ ဖြစ် သော ကြောင့် အာလယ၀ိညာဏ် (Alaya-Vijnana/ Repository Consciousness) ဟု အမည် ပေးသည်။ ၎င်း အခြေခံ စိတ်သဘာဝ နှင်ပတ်သက်၍ သိမှတ်ဖွယ်ရ အချက် များမှာ အောက်ပါအတိုင်း ဖြစ်၏။

Ø  အာလယ၀ိညာဏ်သည် ဟိန္ဓူဗြဟ္မဏ၀ါဒ ၏ ဗြဟ္မာန်-အာတ္မာန် ကဲ့သို့ အများဆိုင် ဘုံ အရှိတရား မဟုတ်ပဲ သတ္တ၀ါတစ်ဦးချင်းစီ အတွက် သီးခြား စီ တည်ရှိ၏။ ကိုယ့် အာလယ၀ိညာဏ် နှင့် ကိုယ် ရှင်သန်နေသည် ဟု ဆို နိုင်ပါ၏။

Ø  အာလယ၀ိညာဏ်သည် ပကတိမူလ နဂိုသဘာဝ အားဖြင့် အညစ်အကြေးကင်းစင်သော ပြိုးပြက်တောက်ပ သန့်ရှင်းသော သိမှုသဘော သက်သက် ဖြစ်၏။ သို့သော်လည်း သတ္တ၀ါတို့ ပြုလုပ်သမျှ ကောင်းမှုမကောင်းမှု ကံ စေတနာ သတ္တိတို့ သည် ပျောက်ပျက်မသွားပဲ ကံဗီဇမျိုးစေ့ များ အနေဖြင့် အာလယ၀ိညာဏ် ၌ ကိန်းအောင်းကပ်ငြိ နေကြလေသည်။ ထို့ကြောင့် အာလယ၀ိညာဏ်သည် သဗ္ဗဗီဇက (အလုံးစုံသော ကမ္မမျိုးစေ့များ ကိန်အောင်းရာ) ဟုလည်း အမည်ရသည်။

Ø  အာလယ၀ိညာဏ်သည် ဆိုင်ရာ သတ္တ၀ါ ၏ ကံဗီဇမျိုးစေ့ အားလျှော်စွာ ဂတိလားရာ နှင် ဘုံဘ၀ ပတ်ဝန်းကျင် များကို ဖန်ဆင်းပေး ၏။ ယောဂါစာရ အဘိဓမ္မာ အမြင် အရ ကံဗီဇမျိုးစေ့ မတူညီသော သတ္တ၀ါများ သည် မိမိ တို့ ဘုံဘ၀ အလျှောက် ခြားနားသော အာရုံသိမြင်မှုများ ကို ရရှိခံစားကြရလေ၏။ ဥပမာ လူသားတို့ အမြင် တွင် တသွင်သွင်စီးဆင်းနေသော မြစ် သည် ရေ ဖြင့် အတိပြီး ၏။ ထို မြစ် ကိုပင် နတ်ဒေ၀တာ တို့ က အမြိုက်သုဒ္ဓာ အဖြစ်လည်းကောင်း ပေတ (ပြိတ္တာ) တို့ က ပြည်ပုပ်သွေးပုပ်များ အဖြစ်လည်းကောင်း ငရဲသားတို့ က ချော်ရည်ပူမီးလျှံများ အဖြစ်လည်းကောင်း အသီးသီး သိမြင်ခံစားကြရ လေသည်မှာ ကံဗီဇမျိုးစေ့ များ ၏ ဖန်ဆင်းချက် ဖြစ်၏။ ထိုဖန်ဆင်းချက်များ ကို ပဋိဗိမ္ဗ (ပုံရိပ်တု လောက) ဟုလည်း ဆို ပါ၏။ အာလယ၀ိညာဏ် သည် သတ္တ၀ါတို့ သိမြင်ခံစားသော စကြ၀ဠာ ပုံရိပ်ယောင် ကို ဖန်ဆင်းသူဖြစ်၏။[15]

Ø  သတ္တ၀ါပြုသော ကုသိုလ် အကုသိုလ် ကံတရားတို့ က အာလယ၀ိညာဏ် အပေါ် ရနံ့စွဲစေ (Perfuming) ပြီးလျှင် စွဲထင်နေသော ကုသိုလ် အကုသိုလ် ကံတရားတို့၏ ကံမျိုးစေ့ ကမ္မဗီဇတို့ အလိုအရ သတ္တ၀ါသည် ကောင်းဆိုးနှစ်တန် အကျိုးပေးသော ကံဝိပါက်များ ကို ဖြစ်ပေါ်စေသောကြောင့် ကံမျိုးစေ့ အမွေခံသူ သတ္တ၀ါ၏ ဘ၀၀ယ် ချမ်းသာသုခ နှင့် ဆင်းရဲဒုက္ခ အတွေ့အကြုံများ ကို ကြုံတွေ့ခံစားလာရ၏။ ထို့ကြောင့် အာလယ၀ိညာဏ် အယူအဆ သည် သတ္တ၀ါ၏ ချမ်းသာသုခ နှင့် ဆင်းရဲဒုက္ခ အတွေ့အကြုံများ သည် ပြင်ပဗဟိဒ္ဓ အကြောင်းတရား များကြောင့် ဖြစ် ရခြင်းမဟုတ်ကြောင်း ရှင်းပြရန် ကြိုးပမ်းချက် ဖြစ်နိုင်ကြောင်း ပညာရှင်များ က သုံးသပ်ကြ၏။ (see Griffiths 1992: 119–20)

Ø  ဤသို့အားဖြင့် အာလယ၀ိညာဏ် ၏ လှုပ်ရှားပြောင်းလဲ မှု ကို တူရူ နှစ်ရပ် အဖြစ် တွေ့ ရ၏။ ပထမတူရူမှာ အပြင် မှ အတွင်းသို့ ပြောင်းလဲ သော တူရူဖြစ်၏။ သတ္တ၀ါတို့ ကိလေသာ အရပ်ရပ်လွှမ်းမိုးခံရသည်ဖြစ်၍ ပြုသမျှသော ကောင်းမှု မကောင်းမှု ကမ္မဗီဇမျိုးစေ့များ ကို အကြောင်းတရားများအဖြစ် ပြောင်းလဲသိုမှီးခြင်း ဖြစ်၏။ ဟေတု ပရိဏာမ ဟု ခေါ်၏။ ဒုတိယ တူရူမှာ ကမ္မဗီဇမျိုးစေ့များ မှ ဆိုင်ရာ အကျိုးပေးတရားများ အဖြစ် ပြောင်းလဲပေါ်ထွန်းလာခြင်း ဖြစ်၏။ ဖလ ပရိဏာမ ဟု ခေါ်၏။

Ø  အာလယ၀ိညာဏ်သည် ကမ္မဗီဇမျိုးစေ့များ ကို သိုမှီးရာ ဖြစ်သည့် အပြင် အထုံ (၀ါသနာ) တို့၏ ကိန်းဝပ်တည်ရှိ ရာလည်း ဖြစ်ပေ၏။ ၀ါသနာ မှာ (၂) မျိုးရှိ၏။ ပထမ ၀ါသနာ မျိုး မှာ ပိုအခြေခံကျပြီး သတ္တ၀ါ၏ ခန္ဓာအစဉ် ကို ထိန်းကွပ်ထား ၏။ ကံအကျိုးပေးမှုများ၏ အခြေခံ ဖြစ်သော ကြောင့် ၀ိပါက-၀ါသနာ ဟု ခေါ်၏။ သတ္တ၀ါ တစ်ကောင် မရဏဖြင့် သေဆုံး ချုပ်ငြိမ်းလျှက် ခန္ဓာ ကြွေပျက်လေသော ၎င်း ၀ိပါက-၀ါသနာ စွမ်းအင် က ဘ၀သစ်၏ အာလယ၀ိညာဏ် ကို အသစ်ဖန်တီး စီးဆင်းစေ၏။ ဘ၀များစွာ ကို သီကုံးထားသော ကြိုး သဖွယ် ဖြစ်၏။ဒုတိယ ၀ါသနာ မျိုးမှာ ပစ္စုပ္ပန်ဘ၀၏ ပ၀တ္ထိတရား ဘောင်အတွင်း သိမြင်ခံစားရသော အတွေ့အကြုံများ ကို ဖြစ်စေ၏။ ကံ အကျိုးဆက်တရားများ ယိုစီးထွက်ပေါ်စေသော သတ္တိရှိ သောကြောင့် နိဿန္ဒ-၀ါသနာ ဟု ခေါ်၏။ ၀ိပါက-၀ါသနာ က ဘ၀ရေစီး၏ အခြေခံ ဖြစ်လျှင် နိဿန္ဒ-၀ါသနာ က ပစ္စုပ္ပန်ဘ၀၏ ထွေရာလေးပါး အကောင်းအဆိုး အတွေ့အကြုံ များကို ဖြစ်ပေါ်စေသည်ဟု ဆို နိုင်ပါ၏။

Ø  အာလယ၀ိညာဏ်သည် ဆိုင်ရာ သတ္တ၀ါ ၏ ဘ၀ သံသရာ တစ်လျှောက်လုံး အမျှင်အဆက်သွယ်တန်းလျှက် ပြတ်တောက်ချုပ်ငြိမ်းသည် မရှိပဲ အစဉ်အမြဲ စီးဆင်းလိုက်ပါလာ၏။ သတ္တ၀ါတို့ အိပ်ပျော်နေစဉ် နှင့် မိန်းမော နေစဉ်တွင်လည်း အာလယ၀ိညာဏ် ရှိနေ၏။ အသညသတ် နာမ်မဲ့ ဘုံတွင် ကပ်ရောက် နေသော ကာလတွင် လည်း အာလယ၀ိညာဏ် ရှိနေ၏။ နိရောဓ သမာပတ် ၀င်စားနေစဉ် ကာလတွင်လည်း အာလယ၀ိညာဏ် ရှိနေ၏။ အာလယ၀ိညာဏ် သည် အဟုန်ပြင်းသော မြစ်ရေယဉ်ပမာ တစ်သွင်သွင် စီးဆင်းနေပြီး သတ္တ၀ါတစ်ဦး ချင်းစီနှင့်သာသီးသန့် သက်ဆိုင်လေသည်။ အားလုံး နှင့် ဘုံဆိုင် ၀ိညာဏ်မျိုး မဟုတ်ပေ။[16]

Ø  အာလယ၀ိညာဏ်သည် စိတ္တ၏ အနက်ရှိုင်းဆုံး အသွင် ဖြစ်သောကြောင့် သိမှု ရှိသည်သာတည်း။ သို့သော် လည်း ၀ီထိစိတ်များ တွင် ဖြစ်သော သိမှု ကဲ့သို့ သိစိတ် နှင့် အသိခံ အရာတို့ ပြတ်ပြတ်သားသား  ပိုင်းပိုင်းခြားခြားမရှိပေ။ အာလယ၀ိညာဏ်သည် မိမိ၏ အသိခံအာရုံ နှင့် တစ်သားတည်း တစ်ဆက်တည်း တစ်ဖြတ်တည်း ပေါင်းနေ ဘိသကဲ့သို့တည်နေဟန်ရှိသည်ဟု သာ ဆို ရန်ရှိပေ၏။ အာလယ၀ိညာဏ်၏ အာရုံမှာ လည်း ပကတိ ဓမ္မဒိဋ္ဌာန် သဘောသက်သက် သာဖြစ်ပြီး တိုင်းတာပိုင်းခြားမှုများ အလျှင်းကင်းသော ဂုဏ်သတ္တိမဲ့အာရုံမျိုးသာ ဖြစ်သော ကြောင့် အပရိစ္ဆန္နာဘာဇန ဓမ္မ ဟု သာ ခေါ်နိုင်၏။ သိစိတ် နှင့် အသိခံ အရာ ပိုင်းပိုင်းခြားခြားမရှိသော်လည်း အာလယ၀ိညာဏ်သည် မိမိ၏ အာရုံ အပရိစ္ဆန္နာဘာဇန ဓမ္မ သဘော နှင့်လည်း အစစ်အမှန် ပကတိ တစ်ခုတည်း ဖြစ်နေသည် မဟုတ်သောကြောင့် သိစိတ် နှင့် အသိခံ ဒွယသဘာဝ က မျိုးစေ့အနေနှင့် ရှိနေခဲ့ပြီး ဖြစ်သည် ဟု ဆိုရပေမည်။

Ø  အာလယ၀ိညာဏ်သည် သတ္တ၀ါ၏ ကောင်းဆိုးနှစ်တန်လောကဓမ် တရားများ ဖြစ်ပေါ်စေရန်ဖန်တီးနေသော မူလအခြေခံ တရား ဖြစ်သော်လည်း ရှေးဟောင်း ဥပနိသျှဒ်ကျမ်းများ၏ အာတ္မာန် (Atman) နှင့် လုံးဝမတူပေ။ အဓိက ကွဲလွဲချက်များမှာ ==

(၁) အာတ္မာန် ၏ ပကတိအခြေခံလက္ခဏာ မှာ တည်မြဲခြင်း နိစ္စသဘော ဖြစ်ပြီး အာလယ၀ိညာဏ်၏  ပကတိအခြေခံလက္ခဏာ မှာ မတည်မြဲခြင်း အနိစ္စသဘော ပြောင်းလဲခြင်း ပရိဏာမသဘော ဖြစ်၏။
(၂) အာတ္မာန် ၏ သဘာဝ သည် သက်သေပြုအသိသက်သက် (Bare witnessing) ဖြစ်သော်လည်း အာလယ၀ိညာဏ် ၏ သဘာဝ မှာ တက်ကြွစွာ ပါဝင်ဖန်တီးမှု သဘော ဖြစ်၏။
(၃) အာတ္မာန် သည် ကြောင်းကျိုးဆက်စပ်မှုများကို လွန်နေသော အဆုံးစွန်သော အစစ်အမှန်တရား ဖြစ်သော်လည်း အာလယ၀ိညာဏ်သည် ကား ကြောင်းကျိုးဆက်စပ်မှုများကို မှီတွယ်ဆက်နွယ် ဖြစ်ပွားနေရသော သင်္ခါရတရား သာ ဖြစ်၏။

Ø  ဓမ္မကျင့်စဉ် အား ဖြင့် ပကတိ သန့်ရှင်းစင်ကြယ်သွားသော အာလယ၀ိညာဏ် ကိုမူ အာလယ၀ိညာဏ် ဟုမခေါ်တော့ပဲ စင်ကြယ်သော ၀ိညာဏ် (အမလ ၀ိညာဏ်) ထောက်တည်ရာမဲ့ ၀ိညာဏ် (အပ္ပဋ္ဌီတိ ၀ိညာဏ်) ဟု ခေါ်ဆို ပြီး ၎င်း သည် လောကုတ္တရာ အစစ် ဖြစ်လေသည်။ အာလယ၀ိညာဏ် သည် ပရတန္တရ သဘာဝ နှင့် အတူတူပဲ ဖြစ်ပြီး ပရတန္တရ သဘာဝ သည်သာ ပကတိရှိနေသော အဒွယ-စိတ္တဘာဝ ဖြစ်၏။[17]

(၂) စိတ္တ၏ ဒုတိယအလွှာ ကို သံကိလိဋ္ဌ ၀ိညာဏ် (Sankilistha Vijnana) ဟု ယောဂါစာရ ဒဿန က အမည်ပေးထား၏ အာလယ၀ိညာဏ် သည် မိမိ ၏ ပကတိ သဘာဝ ကို အမှန်အတိုင်း မသိသောကြောင့် (အ၀ိဇ္ဇာ မျိုးစေ့ များ က ဖုံးလွှမ်းကာဆီး ထားသောကြောင့် ) မိမိ ကိုယ်ကို ပကတိအရှိ အတ္တ အနေ အဖြစ် မှားယွင်းသုံးသပ် မိလေသော အခါ သံကိလိဋ္ဌ ၀ိညာဏ် အသွင် ဖြစ်ပေါ်လာ၏။ သံကိလိဋ္ဌ ၀ိညာဏ် သည် အတ္တမောဟ (အတ္တအမှောင်ဖုံးခြင်း) အတ္တဒိဋ္ဌိ (အတ္တအရှိအယူ) အတ္တမာန (မိမိဟူသော ထောင်လွှားခြင်း) အတ္တပေမ (မိမိကိုယ်ကို စွဲလန်းခြင်း) စသော တရားတို့ ၏ရေသောက်မြစ်လည်းဖြစ်၏။

သံကိလိဋ္ဌ ၀ိညာဏ် သည် စင်စစ် မူလ အ-၀ိဇ္ဇာတရား ၏ အမည် ဖြစ်၏။ အာလယ၀ိညာဏ် သည် မိမိ ၏ ပကတိ သဘာဝ ကို အမှန်အတိုင်း မသိသော အ၀ိဇ္ဇာတရားကြောင့် မိမိ ကိုယ်ကိုလည်း ပကတိအရှိ အတ္တသဘာဝ အဖြစ် မြင်၏။ မိမိ မှ အပ အာရုံတရား ကို လည်း အတ္တပိုင်ဆိုင် ဆုပ်ကိုင် ရာ အတ္တနိယ တရား အဖြစ် မြင်၏။ ယောဂါစာရ ဒဿနတွင် အတ္တ-အတ္တနိယ ကို ဂါ-ဟ-ဂါဟက (ဆုပ်ကိုင်သူ နှင့် ဆုပ်ကိုင်ခံတရားများ) အဖြစ်ယူဆပါ၏။ သံကိလိဋ္ဌ ၀ိညာဏ် သည် ယောဂါစာရ ဒဿနတွင် အလွန်အရေးကြီးသော အခန်းကဏ္ဍ တွင်ပါဝင်နေ၏။ သံသရာ ဖြစ်စဉ်တစ်ခုလုံး ၏ လက်သည် တရားခံ မှာ သံကိလိဋ္ဌ ၀ိညာဏ် ဖြစ်သလို သံသရာမှ လွတ်မြောက်မှု ဟူသည်မှာလည်း သံကိလိဋ္ဌ ၀ိညာဏ် ၏ အကြွင်းမဲ့ ချုပ်ငြိမ်းမှု ပင် ဖြစ်၏။ စင်စစ် သံကိလိဋ္ဌ ၀ိညာဏ် သည် အာလယ၀ိညာဏ် မှ တစ်သီးတစ်ခြား တည်နေသော အရှိဓမ္မမဟုတ် ပဲ အာလယ၀ိညာဏ၏ အတွင်းအဇ္ဈတ္တ မငြိမ်သက်မှု ပင် ဖြစ်သည်ဟု ဆိုနိုင်သည်။

သံကိလိဋ္ဌ ၀ိညာဏ် ၏ လုပ်ငန်းတာဝန် မှာ နှစ်ရပ်ရှိ၏။ ပထမ လုပ်ငန်းတာဝန် မှာ စိတ်၏ သိမှတ်ခံစားတုန့်ပြန်မှုဟူသမျှ ကို ကိလေသာတရားများ ဖြင့် အရောင်ဆိုးရန်ဖြစ်၏။ အစစ်အမှန်မရှိသော အတ္တ နှင့် အတ္တပိုင်ဆိုင် ဆုပ်ကိုင် ရာ အတ္တနိယ တရား များ အဖြစ် ဒွိစုံ ဖြစ်အောင် ခွဲခြား ပေးနေ သလို ဆုပ်ကိုင်သူ နှင့် ဆုပ်ကိုင်ခံတရားများ အဖြစ်လဲ ပေါ်လွင်စေ ပါ၏။ ဤသို့ အားဖြင့် သတ္တ၀ါ တို့ သိနေသော လောက အသီးသီး သည် ပေါ်လွင်လာပေ၏။

ဤသို့ အတွင်း အပြင် သိသူ အသိခံ ဒွိစုံ ဖြစ်သော အတုအယောင် ပရိကပ္ပိတ လောက ကြီးပေါ်လွင်လာစေ ရန် သံကိလိဋ္ဌ ၀ိညာဏ် သည် အာလယ၀ိညာဏ် အဖြစ်သိုမှီးသိမ်းဆည်းထားသော အတိတ်ကံ မျိုးစေ့ (ကမ္မဗီဇ) များ ကို အသုံးချ၏။ အတိတ်ကံ မျိုးစေ့ (ကမ္မဗီဇ) ကွာခြား သလောက် ဆိုင်ရာ သတ္တ၀ါတို့ သိရ မြင်ရ ရှင်သန်ရသော လောက အသီးသီး သည် ပေါ်လွင်လာပေ၏။ ဥပမာ ဆို ရလျှင် လူသား တို့ က မိမိတို့ ၏ အတိတ်ကံ မျိုးစေ့ (ကမ္မဗီဇ) အရ မြစ်ကြီးတစ်စင်း ၌ ရေများ စီးဆင်း နေသည် ဟု တွေ့မြင်၏။ အဆိုပါမြစ်ကို နတ်ဒေ၀တာ တို့ က ၎င်းတို့ အတိတ်ကံ မျိုးစေ့ (ကမ္မဗီဇ) အရ အမြိုက်သုဒ္ဓါရည်များ အဖြစ်၎င်း ပြိတ္တာ တို့ က ပြည်ပုပ်သွေးပုပ်ရည်များ အဖြစ်၎င်း ငရဲသတ္တ၀ါတို့ က ချော်ရည်ပူ မီးကျီများ အဖြစ်၎င်း အသီးသီး တွေ့ မြင်ကြရမည်ဖြစ်၏။ ထိုထို သတ္တ၀ါ အသီးသီး တို့ သည် မိမိတို့ သိရ မြင်ရ ရှင်သန်ရသော လောက တို့ သည် အာလယ၀ိညာဏ် အဖြစ်သိုမှီးသိမ်းဆည်းထားသော အတိတ်ကံ မျိုးစေ့ (ကမ္မဗီဇ) များ ကို ကုန်ကြမ်းသဖွယ်ပြု၍ သံကိလိဋ္ဌ ၀ိညာဏ် က လှည့်စားဖန်ဆင်းထားသည် ကို မသိလေပဲ အဟုတ်ရှိ အမှန်ရှိ လောကများ အဖြစ် စွဲ လန်း၍ နေပြန်လေသည်။

သံကိလိဋ္ဌ ၀ိညာဏ် ၏ ဒုတိယ လုပ်ငန်းတာဝန် မှာ သတ္တ၀ါတို့ သည် မိမိတို့ ၏ မသိမှုဖြင့် သံကိလိဋ္ဌ ၀ိညာဏ် က လှည့်စားဖန်ဆင်းထား သော လောက အပေါ် တပ်မက်ခြင်း ရယူသိမ်းပိုက်လိုခြင်း စွဲလန်းခြင်း စူးနစ်ကျွံဝင်ခြင်းများ ဖြစ်လျှက် ကောင်းမှု (ကုသိုလ်တရား) နှင့် မကောင်းမှု (အကုသိုလ်တရား) များ ကို ကမ္မပထ မြောက်အောင် ပြုလုပ်စေခြင်း ဖြစ်၏။ ထိုသို့ ပြုမိသော ကမ္မတရားများ အပေါ် စွဲလန်းသိမ်းပိုက်လိုသော ဇော စေတနာတို့ အားဖြင့် သံကိလိဋ္ဌ ၀ိညာဏ် သည် ပစ္စုပ္ပန် ကံမျိုးစေ့ (ကမ္မဗီဇ)များ ကို ဖန်တီးဖြစ်ပေါ်စေလျှက် အာလယ၀ိညာဏ် အဖြစ် သိမ်းဆည်း ထားပြန်၏။ ထိုထို ကုသိုလ် အကုသိုလ် ပစ္စုပ္ပန် ကံမျိုးစေ့ (ကမ္မဗီဇ)များ သည်လည်း အနာဂတ် ကာလ တွင် ဆိုင်ရာ လောက အတွေ့ အကြုံများ အဖြစ် အကျိုးပေးပေလိမ့်မည် ဖြစ်၏။

ဤသို့လျှင် သံကိလိဋ္ဌ ၀ိညာဏ် သည် အတိတ် ကံမျိုးစေ့ (ကမ္မဗီဇ)များ အရ ပစ္စုပ္ပန်လောက ၏ အာရုံခံစားမှုများ ကို ဖန်ဆင်းတည်ဆောက် နေသလို ထို အာရုံခံစားမှုများ ကို အမှန်သဘာဝ အတိုင်း မမြင်သောကြောင့် ဖြစ်ပေါ်လာသော ကိလေသာ နှင့် ပစ္စုပ္ပန် ကောင်းမှု မကောင်းမှု များ ကို ပစ္စုပ္ပန် ကံမျိုးစေ့ (ကမ္မဗီဇ)များ အဖြစ် သိုမှီးခြင်း ကိုလည်း တစ်ပြိုင်နက် ပြုလုပ် ဆောင်ရွက်နေလေ၏။စင်စစ် ဗောဓိမဏ္ဍိုင်တွင် တဏှာယောကျာ်း လက်သမား (ဂဟ ကာရက) ဟူ၍ ဘုရားရှင် ကျူးရင့် သည် မှာ ဤ သံကိလိဋ္ဌ ၀ိညာဏ် ပင်ဖြစ်ပါ၏။ ၎င်း ကို သိမြင်ပယ်သတ်နိုင်ခြင်း သည်သာ ဘ၀သံသရာ ကို အရင်းအမြစ်မှ သုတ်သင်ရှင်းလင်းနိုင်သည် မည်ပါ၏။

(၃) စိတ္တ၏ တတိယအလွှာ မှာ မူ မြင်သိစိတ် ကြားသိစိတ် နံသိစတ် အရသာသိစိတ် တွေ့ထိသိစိတ် နှင့် တွေးသိစိတ် များ ဖြစ်သော ၀ိညာဏ (၆) ပါးဖြစ်၏။ နက်ရှိုင်းသော အာလယစိတ္တ ၏ တုန်ခါမှု စီးကြောင်းများအဖြစ် ဖြာထွက်လာသော ကြောင့် ပရ၀ီထိဝိညာဏ ဟူ၍လည်းခေါ်လေ၏။ သတ္တ၀ါ ၏ အာရုံသိလောက တစ်ခုလုံး သည် ပရ၀ီထိဝိညာဏ တို့ ၏ နယ်ပယ်ပင် ဖြစ်၏။

ဤနေရာတွင် ယောဂါစာရဂိုဏ်း၏ ဒဿနအမြင်သည် ရှေးဦးဗုဒ္ဓ၀ါဒ အဘိဓမ္မာဂိုဏ်း များ ၏ အမြင်များ နှင့် လုံးဝခြားနား နေသည်ကို တွေ့ ရလေသည်။ သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အမြင်တွင် ၀ိညာဏ (၆) ပါး ဖြစ်ပေါ်လာပုံမှာ အတွင်းဒွါရများ ဖြစ်သော မျက်စိ နား နှာ လျှာ ကိုယ် စိတ် (မနော) တို့ နှင့် အပြင်အာရုံများ ဖြစ်သော အဆင်း အသံ အနံ့ အရသာ အထိတွေ့ နှင့် ဓမ္မာရုံ များ တိုက်ခတ်မိရာ မှ ဖြစ်ပေါ်လာပြီး သိစိတ် သည် မိမိ ၏ ဗဟိဒ္ဓ ရှိ အာရုံ ကို ပကတိ အတိုင်း သိရှိခြင်း ဖြစ်၏။ ထို့ကြောင့် သိစိတ် နှင့် ဒွါရများ ရှိသလို ပြင်ပ အာရုံလောကကြီးလည်း ပကတိ တည်ရှိနေသည်ဟု သဗ္ဗတ္ထိဝါဒ ဂိုဏ်း ၏ အမြင် က ဆိုသည်။ ယင်း အမြင် ကို ယောဂါစာရဂိုဏ်း၏ ဒဿနအမြင် က လက်မခံပေ။ ယောဂါစာရဂိုဏ်း၏ ဒဿနအမြင် တွင် ပြင်ပ ဗဟိဒ္ဓလောကကြီးသည် သီးခြားပကတိ ရှိနေသည်မဟုတ်ပေ။ အထက်တွင် ဆိုခဲ့သည့် အတိုင်း အာလယ၀ိညာဏ် အတွင်း ၌ ကိန်းဝပ်တည်ရှိနေသော ကံမျိုးစေ့ များ က သံကိလိဋ္ဌ ၀ိညာဏ် ကြောင့် ဖူးပွင့်ပေါက်ဖွား လာရာတွင် သိမှုခဏတိုင်း အတွင်းဒွါရများ နှင့် အတွင်းဒွါရများအနေ ဖြင့် အစုံအစုံ ပေါ်ပေါက် နေခြင်း ဖြစ်၏။

ယောဂါစာရဂိုဏ်း က ဤဖြစ်စဉ် ကို အိပ်မက် နှင့် ရူပကတင်စားပြ လေသည်။ အိပ်မက် မက်သူသည် မိမိ အိပ်မက်တွင်း ၀ယ် ပြင်ပ အာရုံလှုံ့ဆော်မှု မပါပဲ နှင့် တောတောင်ရေမြေကို လဲ မြင်တွေ့ ရသလို နန်းတော်ကြီးများ ကိုလဲ တွေ့မြင်နိုင် သည်။ အိပ်မက် ပတ်ဝန်းကျင် နှင့် အိပ်မက်လူသား သည် စင်စစ် အိပ်မက်သူ၏ စိတ်တွင်း ၌ ကိန်းအောင်းနေသော အမှတ် သညာ နှင့် ခံသားမှုများ၏ ရုပ်လုံးများသာ ဖြစ်သကဲ့ သို့ သတ္တ၀ါတို့ သိမြင်နေသော အာရုံ ၆ ပါး လောက သည်လည်း စင်စစ် သိစိတ်၏ ပြင်ပတွင် ရှိနေသော ဗဟိဒ္ဓတရားများ မဟုတ်ပေ။ ပြင်ပဗဟိဒ္ဓလောက ဟူ၍ မရှိသော ကြောင့် အတွင်း အဇ္ဈတ္တဟူ၍လည်း မရှိနိုင်ပေ။ သိသူ (သိစိတ်) နှင့် အသိခံ (ပြင်ပလောက) ဟူသည်မှာ အာလယ ၀ိညာဏ် နှင့် သံကိလိဋ္ဌ ၀ိညာဏ် တို့ က အယောင်ဆောင် ပြသသော အတုအယောင် (ပဋိဗိမ္ဗ) လောက သို့မဟုတ် ကံလွှမ်းမိုးချက်ခံ ရသည့် စိတ်အတွေးက ဖန်ဆောင်သော ပရိကပ္ပိတ သဘာဝ သက်သက် အနေဖြင့်သာ ဖြစ်ကြောင်း ယောဂါစာရဂိုဏ်း က ဆိုပါသည်။

ပိုမို ရှင်းလင်းအောင် အများသိလွယ်မြင်လွယ်သော ဥပမာ ဖြင့် ပြပါဦးမည်။ ရုပ်ရှင်ဖလင် ကြိုးခွေ ကို ပြစက်မှ မီးဖြင့်ထိုး၍ ပိတ်ကားအဖြူပေါ်ထင်စေသော အခါ အရုပ်သဏ္ဍာန်များ လှုပ်ရှားမှုများ ပေါ်လာရပုံနှင့် ဥပမာ စပ်ဟပ်ကြည့်ပါ။ ဤ ဥပမာ တွင် ရုပ်ရှင်ပြစက်မှ ထွက်လာသောမီးရောင် သည် မူလ သန့်စင်သော အာလယ၀ိညာဏ် နှင့် အလားတူ၏။ ထို မီး အလင်းဓါတ်သည် ဖလင်ကော်ပြား ပေါ်မှ ထွေထွေရာရာ ရုပ်ပုံများ ကို ဖြတ်သွားသော် အခါဝယ် မူလ အလင်းစစ် ကဲ့ သို့ မသန့်စင်နိုင်တော့ ပြီ။ ဤနေရာတွင် ဖလင်ကော်ပြား ကို သံကိလိဋ္ဌ၀ိညာဏ် ကဲ့သို့ မှတ်ယူနိုင်၏။ ရုပ်ရှင်ဖလင် ကြိုးခွေ ကို ပြစက်မှ မီးဖြင့်ထိုး၍ ပိတ်ကားအဖြူပေါ်ထင်စေသောအခါ ပေါ်ပေါက်လာသော အရုပ်သဏ္ဍာန်များ လှုပ်ရှားမှုများ ကိုမူ ၀ိညာဏ (၆) ပါး နှင့် ယင်းတို့ ၏ တွဲဖက် အာရုံ (၆) ပါး လောက ကဲ့သို့ မှတ်ယူနိုင်၏။

ရှေးဟောင်း ယောဂါစာရ ဆိုင်ရာ စာပေများ တွင်လည်း ဤ ၀ိညာဏ (၃) ပါး ၏ ဆက်သွယ်မှု ကို ပင်လယ်သမုဒ္ဒရာ ၏ လှိုင်းလုံးများ နှင့် ဥပမာ ဆောင်လေ့ရှိ၏။ ပင်လယ်သမုဒ္ဒရာ ၏ မူလ သဘာဝ သည် တည်ကြည်ငြိမ်သက်သော သဘာဝ ဖြစ်၏။ ပကတိ တည်ငြိမ်သော ပင်လယ်သမုဒ္ဒရာ ၏ သဘောသည် အာလယ၀ိညာဏ် နှင့် အလားတူ၏။ လေပြင်းမုန်တိုင်းများ ကျရောက်လေသောအခါ ပကတိ တည်ငြိမ်သော ပင်လယ်သမုဒ္ဒရာ ၏ သဘောသည် ဖေါက်ပြန် ရွေ့လျော ကာ မတည်မငြိမ်ပဲ လှိုင်းတံပိုးများ ထကြွလှုပ်ရှား လာကြဘိသကဲ့သို့ သံကိလိဋ္ဌ၀ိညာဏ် တည်းဟူသော လေပြင်းမုန်တိုင်းများ ကျရောက်လေသောအခါ ပကတိ တည်ငြိမ်သော အာလယ၀ိညာဏ် သည် ခြောက်စုံသော သိစိတ် နှင့် အသိခံ လှိုင်းတံပိုးများ အဖြစ် သို့ ပြောင်းလဲ ထကြွလှုပ်ရှား လာကြလေသည်။

ဆိုခဲ့ပြီးသော အာလယ၀ိညာဏ် သံကိလိဋ္ဌ၀ိညာဏ် နှင် ပရ၀ီထိဝိညာဏ် များ ကို ရှေးဦးဗုဒ္ဓ၀ါဒ မှ ကိလေသာ-ကမ္မ-၀ိပါက ၀ဋ်များ လည်ပတ်ပုံနှင့် လည်း ထပ်တူပြုလေ့လာ နိုင်ပါ၏။ အာလယ၀ိညာဏ် သံကိလိဋ္ဌ၀ိညာဏ် တို့ သည် ကိလေသာဝဋ် သဖွယ်ဖြစ်၏။ ယင်းတို့ လှုပ်ရှားသက်ဝင်မှုကြောင့် ဖြစ်ပေါ်နေရသော ပရ၀ီထိဝိညာဏ် များ သည် ရှုထောင့်တစ်ခုက ကြည့် လျှင် အကျိုးဆက်တရားများဖြစ်သောကြောင့် ၀ိပါက၀ဋ် ဟုဆိုနိုင်ပြီး နောက်ရှုထောင့်တစ်ခုက ကြည့်လျှင် ကမ္မမျိုးစေ့အသစ်များ ကို ဖန်တီးနေသောကြောင့် ကမ္မ၀ဋ် ဟုလည်းခေါ်နိုင်ပါ၏။

ယောဂါစာရ ဒဿန သည် နာမ်ဝါဒ မဟုတ်
လောက သံသရာဟူသည် ဤ ၀ိညာဏ အလွှာ (၃) ပါး တွင် ကိလေသာ-ကမ္မ-၀ိပါက ၀ဋ်များ တရစပ် ဖန်ဆင်းလည်ပတ် နေသော ဖြစ်စဉ်သာ ဖြစ်၏။ သတ္တ၀ါ အသီးသီး တို့ ၏ သုခ ဒုက္ခ ခံစားရာ ထွေထွေရာရာ ဘုံဘ၀ ဋ္ဌာန တို့ သည် လည်း ဂန္ဓဗ္ဗနတ်တို့ ဖန်ဆင်းအပ်သော အတုအယောင် မာယာလောက များကဲ့ သို့ စိတ်ဖန်ရုပ်သွင် အရိပ်အယောင် သက်သက် ၀ိညတ်သက်သက် များသာ ဖြစ်ကြပါ၏။ ထို့ကြောင့် ယောဂါစာရ ဒဿန ကို ၀ိညတ္တိမတ္တ၀ါဒ ဟု ခေါ်ဆိုခြင်း သည် သင့်လျှော်၏။ လောကသုံးပါး နှင့် အနန္တ သတ္တ၀ါ တို့ သည် စိတ်ဖန်ရုပ်သွင် အရိပ်အယောင် သက်သက် ၀ိညတ်သက်သက် များသာ ဖြစ်ကြောင်း အတည်ပြုပြောဆိုခြင်း ဖြစ်၏။

ယောဂါစာရ ဒဿန ၏ အဘိဓမ္မာ တွင် စိတ်ဖန်ရုပ်သွင် အရိပ်အယောင် သက်သက် လောက ကို ဖွဲ့စည်းထားသော အခြေခံယူနစ် ဓမ္မတရား များ ကို အမျိုးအစားပေါင်း (၁၀၀) အထိ အသေးစိတ်ခွဲခြမ်းစိတ်ဖြာ မှု များ ပြုခဲ့ ၏။ အကျဉ်းအား ဖြင့် ရေတွက် ဖေါ်ပြရလျှင် အောက် ပါအတိုင်း ဖြစ်၏။

·         ၀ိညာဏဓါတ် (၈)ပါး (စက္ခု-သောတ-ဃာန-ဇိဝှာ-ကာယ-မန-သံကိလိဋ္ဌ-အာလယ၀ိညာဏ် စသည်…..)
·         သာမည စေတသိက် (၅) ပါး ( ဖဿ-မနသိကာရ-ဝေဒနာ-သညာ-သင်္ခါရ စေတနာ)
·         ၀ိသေသ စေတသိက် (၅) ပါး ( ဆန္ဒ-အဓိမောက္ခ-မှတ်ဥာဏ်-သမာဓိ-ပညာ)
·         ကုသိုလ်စေတသိက်(၁၁) ပါး    (သဒ္ဓါ-ဟီရိ-သြတပ္ပ-အလောဘ-အဒေါသ-အမောဟ-၀ီရိယ-ဓီတိ-ဥပေက္ခာ-အဟိံသာ စသည်…..)
·         အကုသိုလ်စေတသိက် (၆) ပါး (လောဘ-ဒေါသ-မောဟ-မာန-၀ိစိကိစ္ဆာ-မိစ္ဆာဒိဋ္ဌိ)
·         အရံ အကုသိုလ်စေတသိက် (၂၀) (ကောဓ-ဣဿာ-မစ္ဆရိယ-မာယာ-သာထေယျ-မုသာ-ဟိံသာ-မာန-အဟီရိက- အနောတပ္ပ-ဥဒ္ဒစ္စ-ထိန-မိဒ္ဓ-သံသယ-မဒ္ဒ-ကုက္ကစ္စ-အမနသိကာရ စသည်…)
·         အနေကန္တ စေတသိက် (၄) ပါး (နောင်တ-ငိုက်မြီးခြင်း-ပြန်လည်သုံးသပ်ခြင်း-စူးစမ်းခြင်း)
·         ရူပ (၁၁) ပါး (မျက်စိ နား နှာခေါင်း ကိုယ် လျှာ အဆင်း အသံ အနံ့ အထိတွေ့ အရသာ စိတ်ဖန်ရုပ်သွင်)
·         စိတ္တ၀ိပ္ပယုတ္တ တရား (၂၄) ပါး (ပညတ်တရားစုများ)
·         အသင်္ခတ ဓမ္မ (၆) ပါး (အာကာသ- ပဋိသင်္ခါနိရောဓ-အပဋိသင်္ခါနိရောဓ-သဘာဝနိရောဓ-နိဝိကပ္ပနိရောဓ-တထတာ)

အထက်ဖေါ်ပြပါ ဓမ္မတရား တို့ သည် အသင်္ဂ၏ အဘိဓမ္မသမုစ္စယ ကျမ်းကြီး ၏ အလို ဖြစ်ပြီး ၎င်းတို့ အားလုံး သည် ပရိကပ္ပတိ-ပရတန္တရ-ပရိနိပ္ဖန္န သဘာဝ (၃) ပါး အတွင်း တွင် အကျုံးဝင် နေသော တရားစု များ ဖြစ်ကြလေသည်။
ထို့အပြင် ယောဂါစာရ ဒဿန ကို စိတ္တမတ္တ၀ါဒ ဟု ခေါ်ဆိုခြင်းသည် ၎င်း ကို နာမ်ဝါဒ ဖြစ်သည်ဟု မထင်မှတ်သင့်ပေ။ နာမ်ဝါဒ ၏ သဘော မှာ မူလနာမ်စွမ်းအင်တရားကြီးတစ်ခုသည် မပြောင်းမလဲ အမြဲတည်နေပြီး ၎င်းမှ မိမိ ကိုယ်ပိုင်စွမ်းအင် သတ္တိအားဖြင့် လောကသုံးပါး နှင့် အနန္တ သတ္တ၀ါ တို့ ကို ဖန်ဆင်းခဲ့သည် ဟူသော အမြင်မျိုး ဖြစ်၏။ လောကရှိ ထာဝရဘုရားရှိဝါဒ (Theism) များ အားလုံးသည် အဆိုပါ နာမ်ဝါဒ မျိုး ဖြစ်ကြ၏။ ဘာကလေ ဟေဂယ် ဘရက်ဒလေ စသော အနောက်တိုင်း ဒဿနပညာရှင်များ ၏ တက္ကိကနာမ်ဝါဒ (Metaphysical Idealism) များ သည်လည်း အဆိုပါ နာမ်ဝါဒ မျိုး ဖြစ်ကြ၏။ တက္ကိကနာမ်ဝါဒ ဟူသည် သဿတ၀ါဒ တစ်မျိုးသာ ဖြစ်သောကြောင့် ဗုဒ္ဓ၀ါဒ အခြေခံသော ယောဂါစာရ ဒဿန အနေဖြင့် လက်ခံ နိုင်သော အမြင်မဟုတ်ပေ။ လောကမာယာ သည် စိတ် ပန်းချီ စိတ်ပန်းပု စိတ်ဂီတ သာ ဖြစ်ကြောင်းကို သိမှုဗေဒအမြင်ဖြင့်သာ ချဉ်းကပ်ပြခြင်း ဖြစ်၏။

ယောဂါစာရဒဿန အမြင်တွင် စိတ္တ ၏ သရုပ်သကန် ကို အလွန်ဝေေ၀ဆာဆာ ချဲ့ထွင်ရှင်းပြ ထားပြီး စိတ္တ သည် အမြဲ ပြောင်းလဲစီးဆင်းလှုပ်ရှားနေသော အစဉ် (Dynamic Process) အဖြစ်သာ မြင်လေသည်။ ထို စိတ္တ ၏ အနှစ်သာရ မှာ လည်း ပကတိအရှိတရားသဘောများ ဆိတ်သုဉ်းခြင်း ဟူသော ပရမတ္ထ-နိဿဘာဝ (သို့) ပရိနိပ္ဖန္န သဘာဝ (သို့) သုညတာ သာ ဖြစ်လေသည်။ ယောဂါစာရ၏ အမြင်၍ ယင်း သုညတာသဘာဝ သည် သာလျှင် အဆုံးစွန်သောအရှိတရား (Absolute Reality) ဖြစ်ပြီး သုညတာ ကို ပကတိ သူ့သဘာဝ အတိုင်းသူ ရှိနေသော အတိုင်းတိုင်းသဘော (တထတာ) ဟူ၍လည်း ခေါ်ဆို နိုင်ကြောင်း တင်ပြခဲ့၏။ ဓမ္မတရားဟူသမျှတို့ ၏ ဖြစ်မြဲနိယာမ သဘောသဖွယ် ဖြစ်သောကြောင့် ဓမ္မတာ ဟူ၍လည်း ခေါ်ဆို နိုင်ကြောင်း တင်ပြခဲ့၏။

ဤ အယူအဆများ သည် နှောင်းကာလ တွင် တထဂတ-ဂဗ္ဘ သုတ္တန်များ အဖြစ် ပေါ်ထွက်လာခဲ့ ပြီး ပီပြင်ထင်ရှားသော မဟာယာနဗုဒ္ဓဘာသာဆိုင် ရာ အယူအဆများ အဖြစ်သို့ ပွင့်ကားတိုးတက်ခဲ့ ၏။ (တထဂတ-ဂဗ္ဘ သုတ္တန်များ အကြောင်း ကို “ ဗုဒ္ဓ-သဘာဝ (Buddha Nature) နှင့် ဗုဒ္ဓ၏ ကာယ(၃)ပါး အကြောင်း” အခန်းတွင် ဆက်လက် တင်ပြ ပါမည်။) တထတာ ကို မျက်မှောက်ပြုသိမြင်နိုင်ရန် မှာ ကမ္မဋ္ဌာန်းဘာဝနာ-ယောဂကျင့်စဉ် အားထုတ်ခြင်းမှ အပ မရှိ ကြောင်း အသင်္ဂ၏ ယောဂါစာရဘူမိ ကျမ်း ကြီးက လည်း ညွှန်ပြ နေပါ၏။ မဟာယာနဗုဒ္ဓဘာသာဆိုင် ရာ ကမ္မဋ္ဌာန်းဘာဝနာ-ယောဂကျင့်စဉ် အားထုတ်ခြင်း နှင့် ဗောဓိသတ္တ မဂ် ကျင့်စဉ် ၏ တက်စဉ်များ ကို ရှေ့တွင် ရေးသားဖေါ်ပြလတ္တံသော “ဗောဓိသတ္တဘူမိ (၁၀) ပါး နှင့် မဂ်လမ်း ကျင့်စဉ်” အခန်းတွင် ပိုမို ရှင်းလင်းစွာ အသေးစိတ် ရေးသား ဖေါ်ပြ သွားမည် ဖြစ် ပါသည်။             








[1] Conze, Edward. Thirty Years of Buddhist Studies. 1934-1972. San Francisco: Wheelwright Press, 1980, p. 102.

[2] Nagao, Gadjin. Madhyamika and Yogacara: A Study of Mahayana Philosophies. Albany: State University of New York Press, 1991
[3] Sclunithausen, Lambert. "On the Problem of the Relation of Spiritual Practice and Philosophical Theory in Buddhism," in German Scholars on India. Contributions to Indian Studies, vol. 2. Bombay: Nachiketa Publications, 1976, p.238.

[4] See John Powers' edition and translation of the Samdhininnocana in Wisdom of Buddha: The Samdhininnocana Mahayana Sutta: Essential Questions and Direct Answers for Realizing  Enlightenment. Berkeley: Dharma Publishing, 1994.) For the use of the terms cittamiitra and vijiiaptimiitra in the Mahayanasamgaha. see, for example, 2:7. {See Etienne Lamotte's edition and translation of the Mahayanasamuaha in La Somrne du Grand V Blicule d'Asail&a(Mahayanasamgaha). 2 vols. Louvain: Universite de Louvain, 1973.)

[5] Eckel, Malcolm David. "Bhavaviveka's Critique of Yogacara Philosophy in Chapter XXV of the Puijfiapradip3." in Miscellanea Buddhica. Indiske Studier 5. Christian Lindtner, ed. Copenhagen: 1985, p. 25.)

[6] Jones, Elvin W. "Buddhist Theories of Existents: The Systems of Two Truths"
in Mahayana Buddhist Meditation: Themy and Practice. Minoru Kiyota, ed.
Honolulu: The University Press of Hawaii, 1978, p. 19

[7] Murti, T.R.V. The Central Philosophy of Buddhism. Boston: Unwin
Paperbacks, 1980,p. 104.)

[8] Chatterjee, K.N. Vasubandhu's Vijfiaptimitratisiddhi with Sthiramati's Commentary. Varanasi: Kishor Vidya Niketan, 1980, p. xxxvi  = Stcherbatsky, Theodor. The Madhy3nta-vibhaIi2a: Discourse onDiscrimination Between Middle and Extremes. Leningrad: BibliothecaBuddhica vol. 30, 1936, p.
[9] Suzuki. Daisetz Teitaro. "The Lankavatara Sutra as a Mahayana Text. In Especial Relation to the Teaching of Zen Buddhism." EB 4 (1928) p. 255.

[10] Paul, Diana Y. Philosophy of Mind in Sixth-CenturY China: Paramartha's 'Evolution of Consciousness.' Stanford: Stanford University Press, 1984, p. 5

[11] King, Richard. "Early Yogacara and its Relationship with the Madhyamaka School." PEW 44:4 (1994) 659-683

[12] Griffiths (1986) pp. 77-79.

[13] Sponberg, Alan. "The Trisvabhdva Doctrine in India and China: A Study of Three Exegetical Models." Ryukoku Dai&aIru Bukkyo BUDka Kenk;yujo Kiyo XXI (1983)  p. 97.

[14] (see Maitreyanatha 1937 and See Urban and Griffiths 1994: 15 and Sthiramati 1937: 10).

[15] TriTZikA v. 5,see Vasubandhu 1984; cf. SaTdhinirmocana 5: 5, see Lamotte 1935; Waldron 2003: 97–101, 138)

[16] on MadhyAntavibhAga 1: 3, see Maitreyanatha 1937; cf. MahAyAnasaTgraha 1: 61, see Maitreyanatha 1970)

[17] "With the non-apprehension of duality, the appearance of duality collapses, and with this collapse, the actual nature is realized as the non-existence of duality." — Trisvabhavanirdesa, verse 33.

2 comments:

  1. သုတ္တန္တိကဂိုဏ်းရဲ့ ယေဘုယျသဘော ပညတ် တရားများနဲ့ ၀ိသေသသဘော အဖြစ် တရား များ ကို အသေးစိတ် ဖေါ်ပြပေးပါလား။ ဟိန္ဒူရဲ့ ဥာယ-၀ိသေသိက ဒဿန ဘယ်လို ကွာခြားသလဲဆိုတာ ရှင်းပြပေးပါအုံး။ Nyaya-Vaisesika မှာ သာမည (ယေဘုယျ) Universal နဲ့ ၀ိသေသ Unique ဆိုတာ ပါတယ်။ သုတ္တန္တိကဂိုဏ်း နဲ့ Nyaya-Vaisesika တို့ရဲ့ ယေဘုယျသဘော၊ ၀ိသေသသဘော ဘယ်လို ကွာခြားတယ်ဆိုတာ ရှင်းပြပေးပါအုံး။
    တင်ထားတဲ့ ပို့စ်အားလုံးဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ ပြန်လည်ဖြေကြားချက်ကို စောင့်မျှော်လျက်ပါ။ ကျေးဇူးအရမ်းတင်ပါတယ်။

    ReplyDelete
  2. သိပ်စိတ်ဝင်စားဖို့ကောင်းတယ် ။

    ReplyDelete