Tuesday, January 15, 2013

ကျွန်ုပ်၏ ဘာသာတရား အကြောင်း


ကျွန်ုပ်၏ ဘာသာတရား အကြောင်း

နှစ်ခုမပြား တစ်သားတည်းသော သစ္စာတရား ကို မြတ်နိုးခြင်းသည် ကျွန်ုပ်၏ ဘာသာတရား ဖြစ်ပါ၏။ သစ္စာတရား သည် အနှစ်သား တရားကိုယ်အားဖြင့် ဧကောဓမ္မော ဖြစ်သော်လည်း ပွင့်ချပ်တစ်ထောင် ရှိသော ကြာပန်း ကဲ့သို့ ပေါ်လွင်ကိုယ်ထင်ပြ တတ်၏။ အကွက်ပေါင်း တစ်ထောင် ရှိ သော စိန်ပွင့် ပမာ ပြိုးပျက်တောက်ပ လင်းပြတတ်၏။ သစ္စာတရား သည် အယူဝါဒ အစွန်းတရား ဟူသမျှမှ လွန်မြောက်သောကြောင့် ကျွန်ုပ်၏ ဘာသာတရား အတွက် လောကနှင့် ငြင်းခုံ ရန် နေရာ မရှိချေ။ အတိတ် ပစ္စုပ္ပန် အနာဂတ် အတွင်း အပြင် အနီး အဝေး အကြမ်း အနု အကောင်း အဆိုး အယုတ် အမြတ် အဖြစ် အပျက် စသော (၁၅) ပါးသော လောက အချင်းအရာ တို့၌ ပကတိအနှစ်သား သဘာဝ ဆိတ်သုဉ်းခြင်း သဘော နှင့် ယင်း ကို အခြေခံ၍ အရာခပ်သိမ်း၏ ပေါင်းစည်း ဆက်နွယ် ဖြစ်တည်နေမှု သဘော တို့ သည် ဓမ္မ၏ အခြေခံအကျဆုံးသော သစ္စာတရား အဖြစ် ကျွန်ုပ်၏ ဘာသာတရား က ခံယူသည်။

သိမှတ်ခံစားတတ်သော သက်ရှိဟူသမျှ ကို မိမိ နှင့်ထပ်တူချစ်ခင်လေးစားတန်ဖိုးထားခြင်းသည် ကျွန်ုပ်၏ ဘာသာတရား ဖြစ်ပါ၏။ အတိုင်းအတာ အပိုင်းအခြား အကန့်အသတ် မရှိသော မေတ္တာတရား ကရုဏာတရား တို့ အတွက် လူမျိုး နိုင်ငံ ဘာသာ စာပေ ယဉ်ကျေးမှု ၀ါဒ အတွေးအမြင် ဆင်းရဲ ချမ်းသာ ဆူကြုံ နိမ့်မြင့် အယုတ် အမြတ် ကောင်း အဆိုး စသော ခြားနားမှု များ မလိုအပ်သည် သာတည်း။  ထက်အောက်ဖီလာ အဆုံးမရှိသော အနန္တအာကာသ သည်သာလျှင် ကျွန်ုပ်၏ ဘာသာတရား အတွက် ကျက်စားရာ ဖြစ်ပါ၏။ ငါ နှင်သူ ၏ မကွဲပြားမှု (၀ါ) မိမိတို့ နှင့် သူတစ်ပါးတို့ ၏ တစ်သားတည်း ဖြစ်မှု သည် ကျွန်ုပ်၏ ဘာသာတရား အတွက် အမြင့်မြတ်ဆုံးသော တန်ဖိုး ဖြစ်ကြောင်း ရှုမြင်ပါသည်။

အချစ် အမုန်း အမိုက် တရားများ မှ ဖန်းတီးချယ်လှယ်အပ်သော အနှောင်အဖွဲ့ဟူသမျှ ကို ဖြတ်တောက် လွတ်ကျွတ် နိုင်ခြင်း သည် ကျွန်ုပ်၏ ဘာသာတရား ဖြစ်ပါ၏။ ကိုယ်နုတ် နှလုံး သုံးပါးသော ဒွါရတံခါးတို့၌ လွန်ကျူးမှုမရှိစေခြင်း သည် ကျွန်ုပ်၏ ဘာသာတရား အတွက် စည်းရိုးအကာအရံ သဖွယ် ဖြစ်၏။ ဆင်ခြင်ချင့်ချိန်ဥာဏ်ဖြင့်ယှဉ်သော ယုံကြည်မှုသည် အခြေခံ အုတ်မြစ်သဖွယ် ဖြစ်၏။ အပိုင်းအခြား အကန့်အသတ် မရှိသော ချစ်ခြင်း ကြင်နာခြင်း ၀မ်းမြောက်ခြင်း မတုန်မလှုပ်အညီအမျှလက်ခံခြင်း တရားတို့ သည် လေးဖက်သော အကာအရံများ သဖွယ် ဖြစ်ပါ၏။ လွန်စွာ ခိုင်မြဲ သောစိတ်၏ တည်ကြည်သန့်ရှင်းစင်ကြယ်မှုသည် ထုတ်ရောက်ဒိုင်းမြား များ သဖွယ်ဖြစ်ပါ၏။ တရားသဘောတို့ ကို ဝေဖန်ပိုင်းဖြာခွဲစိတ်ထိုးထွင်း သိမြင်နိုင်သော ဥာဏ်ပညာ သည် အမိုးကဲ့ သို့ ဖြစ်ပါ၏။ အစွဲဥပါဒါန်တရား တို့၏ နှောင်ဖွဲ့ထိုးကျင့်နှိပ်စက်ခြင်း မှ လွတ်မြောက်ခြင်းသည် အထွဋ်ထုပိကာ ဖြစ်ပါ၏။

တစ်ဦးခြင်းစီ၏ ငြိမ်းချမ်းရေးမှသည် လောက၏ ငြိမ်းချမ်းရေး ဆီသို့ဦးတည်ခြင်းသည် ကျွန်ုပ်၏ ဘာသာတရား ဖြစ်ပါ၏။လောက နှင့် ဘ၀ သည် အကောင်း နှင့် အဆိုး အလင်း နှင့် အမှောင် အမှန် နှင့် အမှား စသော ဆန့်ကျင်ဖက် တရားစုများ၏ ဒွန်တွဲ၍ အားပြိုင် လွန်ဆွဲ နေသော ဖြစ်စဉ် အဖြစ် ကျွန်ုပ်၏ ဘာသာတရား က ရှုမြင်သည်။ လောက သည် တစ်ဦးခြင်းစီ၏ ရုန်းကန်လှုပ်ရှားမှုများ ပေါင်းစုဖွဲ့စည်းထားခြင်းသာ ဖြစ်သောကြောင့် တစ်ဦးခြင်းစီ၏ သဏ္ဍာန်၌ အချစ် အမုန်း အမိုက် တရားများ ချုပ်ငြိမ်း၍ ကောင်းမြတ်ခြင်း တရားများ ဖြစ်ပေါ်လာ သည့်နည်းတူ လောက ၌ လူမှုကျင့်ဝတ်များ ထွန်းကားခြင်း တရားမျှတခြင်း လွတ်လပ်ခြင်း စည်းလုံးညီညွတ်ခြင်း တန်းတူအခွင့်အရေးရရှိခြင်း မခွဲခြားခြင်း အားလုံး ပါဝင်နိုင်ခွင့် နှင့် ကာကွယ်စောင့်ရှောက်ခံခွင့် လွတ်လပ်စွာ ထုတ်ဖော်နိုင်ခွင့် စသော လောကပါလ တရားများ ထွန်းကားမှသာ  လောက၏ ငြိမ်းချမ်းရေး ဆီသို့ဦးတည်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်၏ ဘာသာတရား က ယုံကြည်သည်။

လူသည် ယဉ်ကျေးမှုသတ္တ၀ါဖြစ်သော ကြောင့် ယဉ်ကျေးမှု၏ အင်္ဂါအစိတ်အပိုင်များဖြစ်သော ထုံးဓလေ့ ပုံပြင် ဒဏ္ဍာရီ သမိုင်း စာပေ အနုပညာ ဘာသာတရား ဒဿနပညာ သိပ္ပံပညာ လူမှုရေး စီးပွားရေး နိုင်ငံရေး စသော နယ်ပယ် အသီးသီး၏ ဆက်နွယ်တည်ရှိမှု ဆင့်ကဲ ဖြစ်ထွန်းတိုးတက်မှု နှင့် ဗဟုသဘောဆောင်၍ သီးခြားရပ်တည် နိုင်မှုတို့ ကို ကျွန်ုပ်၏ ဘာသာတရား က ယုံကြည်သည်။ ဤ နယ်ပယ်များ ၏ ဆိုင်ရာ နားလည်ကျွမ်းကျင်တတ်မြောက်မှု အသီးသီးကို မရောယှက် အပ် ဟူ၍လည်း ကျွန်ုပ်၏ ဘာသာတရား က အလေးအနက် ခံယူပါသည်။ ယဉ်ကျေးမှုသတ္တ၀ါဖြစ်သော လူသား သည် မတူညီ ကွဲပြားခြားနားသော ယဉ်ကျေးမှု စံနစ် အသီးသီး ၏ နိုင်းရ သဘော နှင့် အချင်းချင်း အပြန်အလှန် လေးစားလျှက် အတူတကွ လက်တွဲ ရပ်တည် မှု ကိုလည်း ကျွန်ုပ်၏ ဘာသာတရား က အပြည့်အ၀ ထောက်ခံပါသည်။


No comments:

Post a Comment