Tuesday, January 15, 2013

ဆူဖီ လမ်းစဉ်အကြောင်း တစ်စေ့တစ်စောင်း


ဆူဖီ လမ်းစဉ်အကြောင်း တစ်စေ့တစ်စောင်း
(လင်းထက်ဆွေ- စုဆောင်းတင်ပြသည်)

ဘာသာတရားတိုင်း မှာ အပြင်လမ်း နဲ့ အတွင်းလမ်း ဆိုပြီး လမ်း ၂ သွယ် ရှိ တယ်။ အပြင်လမ်း ဆို တာက တော့ အခြေခံ မိရိုးဖလာ ဘာသာတရား ရဲ့လမ်းပါ။ ဘာသာရေး ကျမ်းဂန်တွေ ပုံဝတ္တုတွေ ကိုးကွယ်ယုံကြည်မှု တွေ နဲ့ အတူ လူသားတို့ ကျင့်သုံးအပ်တဲ့ ဒါနတွေ သီလတွေ ကိုယ်ကျင့်တရား ဘာဝနာတွေ ပါပါလိမ့်မယ်။ အပြင်လမ်း က တော့ လူ အများစု အတွက် ဖြစ်ပါတယ်။ ဘ၀ထိုထို အတွက် ရုန်းကန်ရင်း လူ့ဘောင် အဖွဲ့ အစည်း ထဲ မှာ နေထိုင်နေ ကြတဲ့ လူသား အများ စု အတွက် စိတ်ပိုင်းဆိုင်ရာ ၀ိညာဉ်ခွန်အား ကို ဖြစ်စေမဲ့ ဘာသာရေး ကျင့်ထုံးတွေ ဓလေ့တွေ ယဉ်ကျေးမှု တွေ ပါပဲ။
အတွင်းလမ်းစဉ် ဆို တာ ကတော့ အပြင်လမ်း မှာ အတိုင်းအတာ တစ်ရပ်အထိ ကျင့်သုံးဆောက်တည်ပြီးတဲ့ ဘာသာဝင်တွေ ဟာ သစ္စာအလင်းရောင် ကို သိဖို့ မရောင့်ရဲနိုင်လို့ သစ္စာအလင်းကို မျက်ဝါးထင်ထင် တွေ့ မြင်နိုင်ဖို့ ဓမ္မခရီး ကို စချီ ခဲ့ ရာ က အတွင်းလမ်း ဆို ပြီး ဖြစ်ပေါ်လာပါတယ်။ အတွင်းလမ်း က တော့ အများနဲ့ မသက်ဆိုင် ပဲ တကယ် စိတ်ကို ပြဋ္ဌာန်းပိုင်းဖြတ်ပြီးတဲ့ လူနည်းစု အတွက်ပဲ ဖြစ် ပါတယ်။ အတွင်းလမ်း ဆို တဲ့ အတိုင်း မိမိ နှလုံးသားရဲ့ အတွင်းဖက်ဆုံးမှာ တည်ရှိနေတဲ့ သစ္စာအလင်းဓါတ်ဆီ ကို ဦးတည် သွားဖို့ ဆုံး ဖြတ်ခဲ့ တဲ့ အာဇာနည် ပုဂ္ဂိုလ် တွေ အတွက် ဖြစ်ပါတယ်။ 

အစ္စလာမ် ဘာသာ မှာ လဲ အခြားသော ဘာသာကြီးများ နည်းတူ အပြင်လမ်း နဲ့ အတွင်းလမ်း နှစ်သွယ် ရှိ ပါတယ်။ ဒီ ၂ ခု ဟာ လဲ အတွင်းသဘော အရ ခွဲမရ အောင် ဆက်စပ် နေ ကြပေမဲ့ ဦးတည်ချက် တွေ က မတူကွဲပြားခြားနား ကြပါ တယ်။ အစ္စလာမ်ဘာသာရဲ့ အခြေခံ ဖြစ်တဲ့ ကုရ်အာန် ကျမ်းစာ နဲ့ တမန်တော်ကြီး ရဲ့ ဘ၀ဖြစ်စဉ်တွေ ကို အခြေခံတဲ့ ဟဒီးစ် တွေ က အစ္စလာမ် အပြင်လမ်း အတွက် အခြေခံ ဖြစ်ပါတယ်။ ဒါတွေ ကနေပြီး အစ္စလာမ်ဘာသာဝင် တွေ လိုက်နာကျင့်သုံးကြရမဲ့ ဓမ္မသတ် ဥပဒေ-သျှာရီယတ် ကို ပြဋ္ဌာန်းတယ်။ အခြေခံ ဖြစ်တဲ့ အစ္စလာမ် ဒေါက်တိုင်ကြီး ၅ ပါး အပြင် အခြား သော လူမှုဘ၀ဆိုင်ရာ ကျင့်ဝတ်များစွာ ကို ပြဋ္ဌာန်း ထားပြီး သာမန် ဘာသာဝင်တစ်ဦး အတွက် တော့ ဒီ များမြောင်လှတဲ့ ကျင့်ဝတ်တွေ ကို အတိအကျ လိုက်နာနေခြင်း က ပဲ အစ္စလာမ်ဘာသာဝင် အနေနဲ့ တာဝန်ကျေသူ ဖြစ် ပါတယ်။
ဒါပေမဲ့ တစ်ချို့သော နှလုံးသားတွေ က ဒီလောက်နဲ့ မရောင့်ရဲကြပါဘူး။ ဖန်ဆင်းသော ထာဝရ အရှင် ရဲ့ ပြဋ္ဌာန်းချက် တွေ ကို လိုက်နာ ကျင့်သုံးရုံလောက်မျှနဲ့ အားမရ ပဲ မိမိ ဟဒယနှလုံးအိမ်မှာ ဖန်ဆင်းသော ထာဝရ အရှင် ရဲ့ သစ္စာ အလင်းဓါတ် ကို ကိုယ်တိုင်မျက်မှောက်ကြုံတွေ့ သိမြင် ခံစားချင် ခဲ့ ကြပါတယ်။ တမန်တော် နဲ့ အတူ နေထိုင်ခဲ့ ကြတဲ့ အနီးနေသာဝက ကြီးတွေ ဖြစ်တဲ့ အဘူ ဘက်ကရ် အိုမာ စသူ တို့ အတွက် တော့ ကုရ်အာန် နဲ့ တမန်တော် အပေါ် မမှိတ်မသုံသော ယုံကြည်မှု နဲ့ ပဲ နေထိုင်ခဲ ကြပေမဲ့ အစ္စလာမ် ဘာသာကြီးထွားပြန့်ပွားလာ ရာ အစပိုင်း မှာ ဘာသာ တရား ဟာ နိုင်ငံရေး ဆန်လာ ခဲ့ ပါတယ်။ ဥမ္မယတ် ခေတ် မှာ အင်ပါယာတစ်မျှ ကြီးမားလာ ခဲ့ တဲ့ အခါ မှာ သစ္စာတရား မြတ်နိုးတဲ့ ရှာမှီးသူ တွေ ဟာ ပြင်ပ ကမ္ဘာကြီးထက် အတွင်း အဇ္ဈတ္တ လောက မှာ ပဲ ဘုရားရဲ့ အလင်းဓါတ် ကို ရှာဖွေဖို့ ခြေဦးလှည့်ခဲ့ ကြ တယ် ဆို ပါတယ်။ ဒီလို နဲ့ ဆူဖီလမ်းစဉ် ဆိုတဲ့ အစ္စလာမ် ဘာသာရဲ့ အတွင်းလမ်း တစ်ရပ် ပေါ်ထွန်း လာခဲ့ ပါတယ်။ ဆူဖီ ရဲ့ စတင်ဖြစ်ပေါ်ပုံ နဲ့ ပြန့်ပွားတဲ့ သမိုင်း ဆိုင်ရာတွေ က ကျယ်ပြန့်လွန်းလို့ ဒီနေရာ မှာ မဖေါ်ပြနိုင်တော့ ပါ။ အောက် ပါ ကျမ်းတွေ ကို ပဲ လေ့လာ ပါလို့ ညွှန်းလို ပါတယ်။
·         Arberry, A. J. Introduction to the History of Sufism. London: Longmans,Greene, 1943.
·         Arberry, A. J. Sufism: Account of the Mystics of Islam. London: Allen and Unwin,1972.
·         Burckhardt, Titus. An Introduction to Sufi Doctrine. Trans. D. M. Matheson.Lahore: Sh. Muhammad Ashraf, 1959.
·         Chittick, William C. Sufism: A Short Introduction. Oxford: Oneworld Publications,2000.
·         Ernst, Carl W. The Shambhala Guide to Sufism. Boston: Shambhala, 1997.
·         Fadiman, J., and R. Frager, eds. Essential Sufism. San Francisco: Harper-Collins, 1997.
·         Knysh, Alexander. Islamic Mysticism: A Short History. Leiden: Brill, 2000.
·         Schimmel, A. Mystical Dimensions of Islam. Chapel Hill: U of North Carolina P, 1975.

ဆူဖီလမ်းစဉ် ဘယ်ကစ သလဲ လို့ မေးရင် တမန်တော်ကြီး က စတယ်လို့ ပဲ အစ္စလာမ် ဘာသာမှာ ခံယူကြတယ်။ တမန်တော် ဆီ ကို ကောင်းကင်တမန် ဂေဘရီယယ် က လူငယ်တစ်ဦး အသွင် နဲ့ ရောက်လာပြီးတော့ ဆူဖီလမ်းစဉ် ရဲ့ ဓမ္မစဉ် တွေ အကြောင်း ဆွေးနွေးဟောပြော သွားတယ် ဆိုတာ မျိုး က စလို့ တမန်တော်ကြီး က ဟီရာတောင် ပေါ်မှာ ရက် ၄၀ ကမ္မဋ္ဌာန်းကျင့်လို့ ဆုတောင်းပတ္တနာပြု တာ တွေ အထိ မူလ အစ္စလာမ် ဓမ္မကျမ်းစာ တွေ မှာ ဖေါ်ပြထား ပါတယ်။ ကုရ်အာန် မှာလဲ သာမန် ဘာသာရေးဝတ္တရား ထက်ပိုလို့ ဘုရားသခင် ကို စိတ်အာရုံညွှတ်နူး လို့ အထူးပြု ကိုးကွယ်ဝတ်ပြုမှု တွေ ကို တန်ဖိုးထား ချီးကျူး ပါတယ်။ ဆူဖီ ဓမ္မတရား တွေ ရဲ့ အစမှာ ရာဘီယာ သခင်မ (AD 714-801) ရဲ့ မေတ္တာ ဒေသနာ တွေ က အရေးပါခဲ့ ပါတယ်။ ရာဘီယာ သခင်မ က လူသား နဲ့ ဖန်ဆင်းရှင်ဘုရားသခင် အကြား က မေတ္တာ နှောင်ကြိုး ကို ရဲရင့်စွာ ထုတ်ဖေါ်သီကျူးခဲ့ ကဗျာဆရာမ ဖြစ်ပါတယ်။

အဦးအစ ဆူဖီ တွေ ဟာ မချုပ်မဆိုးတဲ့ သိုးမွေးထည် အကြမ်းစား တွေ ကိုပဲ ခြိုးခြံစွာ နေမှု ရဲ့သင်္ကေတ အနေနဲ့ ၀တ်ဆင်ကြပါတယ်။ အာရဗီဘာသာ နဲ့ သိုးမွေး = ဆူဖ် (suf) ဖြစ်တာကြောင့် ဆူဖီ ဆိုတာ သိုးမွေး = ဆူဖ် ကို ၀တ်ဆင်သူ တွေ လို့ ဆိုကြတယ်။ နောက် ဆူဖီ နဲ့ နီးစပ်တဲ့ စကားလုံး တစ်ခုက တော့ သန့်စင်ခြင်း = ဆာဖာ (Safa) ပဲ ဖြစ်တယ်။ ဆူဖီလမ်းစဉ် ဟာ မိမိ နှလုံးသား ကို အပြည့်အ၀ သန့်စင် အောင် ကျင့် ရတဲ့ လမ်းစဉ် ဖြစ်လို့ သန့်စင်သော ပရိသုဒ္ဓလမ်းစဉ် ကို လိုက်သူ တွေ ကို ဆူဖီ လို့ ခေါ်တယ်လို့ ဆိုပါတယ်။ 

အစဉ်အလာ အစ္စလာမ် အသိုင်းအ၀ိုင်း မှာ တော့ ဆူဖီကျင့်စဉ် ကို တစောင်ဝဖ် (Tasawwuf) လို့ ပဲ ခေါ်ကြပါတယ်။ ဘုရားသခင်၏ တစ်လုံးတစ်ဝ တည်း ဖြစ်မှု သဘော = တောင်ဟီးဒ် (Tawheed) ဆိုတာ အစ္စလာမ်ဘာသာဝင်တိုင်း ရဲ့ ပဓါန ယုံကြည်ချက် ဖြစ်ပါတယ်။ ((လာ ဤလာဟာ ဤလာ အလ္လာဟ် ))= အလ္လာဟ်အရှင်မြတ်မှ တစ်ပါး အခြားသော ကိုးကွယ်ရာဘုရား မရှိ ဆို တာ တောင်ဟီးဒ် ကို မမှိတ်မသုံ ယုံကြည်သက်ဝင်ခြင်း အား ဖြစ် မွတ်စလင်မ် တစ်ယောက် ဖြစ်ရခြင်း ရဲ့ အခြေခံ ပါပဲ။ ဆူဖီ တွေ က တော့ ဘုရားသခင်၏ တစ်လုံးတစ်ဝ တည်း ဖြစ်မှု သဘော = တောင်ဟီးဒ် ကို ယုံကြည်သက်ဝင်နေယုံ မကပဲ မိမိ ကိုယ်တိုင် ဟဒယနှလုံးသား မှာ တွေ့ထိခံစား မျက်မှောက်ပြု လိုသူ ဖြစ်ပါတယ်။ မိမိ ရဲ့ နာမကာယ နဲ့ ဘုရားရှင်ရဲ့ အရှိတရား ကို တွေ့ထိခံစား မျက်မှောက်ပြု လိုသူ ဖြစ်ပါတယ်။ တစ်နည်း အားဖြင့် ဆူဖီတွေ ဟာ ဘာသာရေး လက်တွေ့ သမားတွေ ဖြစ်ပါတယ်။ ဒီအခါမှာ ဆူဖီတွေ ဟာ အစဉ်အလာ ဘာသာရေး အင်စတီကျူးရှင် တွေ နဲ့ ဆန့်ကျင်ဖက် လားရာ ကို သွားနေသလို ဖြစ်တယ်လို့ မြင်ကြပါတယ်။ အစဉ်အလာ ဘာသာရေး ဆရာ တွေ ကတော့ ဆူဖီ တွေ ကို အပျော့ပြောင်းဆုံး အားဖြင့် လေးမြတ်ဖွယ် သူတော်စင်တွေ ချွင်းချက်လူသား တွေ အဖြစ်မြင်ပြီး အပြင်းထန်ဆုံး အနေနဲ့တော့ အစ္စလာမ်ဓမ္မသတ် တွေ ကို သွေဖည်နေတဲ့ လောကုတ္တရာဝါဒီ တွေ အဖြစ် မြင် ကြပါတယ်။ ရိုးရာ အစ္စလာမ် အနေနဲ့ က တော့ ဘာသာဝင် တစ်ဦး ဟာ အစ္စလာမ် အခြေခံမူ (၅) ချက် နဲ့ လိုက်နာရမဲ့ရှာရီယတ် ဓမ္မသတ် တွေ ကို လိုက်နာ ကျင့်သုံး နေထိုင်ရင် ဘာသာဝင်တစ်ဦးတာဝန် ကျေပွန် နေ ပါတယ်။ ဘုရားကို မျက်မှောက်ပြုဖို့ ကတော့ အာခေရတ်=တမလွန် လောက ရဲ့ ကိစ္စ ပါပဲ။ ဆူဖီ တွေ က တော့ ဒီဘ၀ ဒီကိုယ်ခန္ဓာ နဲ့ ရှင်သန်နေရစဉ် မှာ ပဲ မျက်မြင်ဒိဋ္ဌိ တရား အနေနဲ့ ဘုရား ကို ဖူးတွေ့ချင် သူတွေ ပါပဲ။
ဆူဖီတွေ ရဲ့ ဓမ္မလမ်းစဉ် ကို တာရီကာ (Tariqa) လို့ ခေါ်ပါတယ်။ တစောင်ဝဖ် က ဆူဖီလမ်းစဉ် တစ်ခု လုံး ကို ခြုံငုံ ခေါ်ဆိုတာ ဆို ရင် တာရီကာ တွေ ကတော့ ဆူဖီ ဓမ္မတရား အသီးသီး ရဲ့ ဂိုဏ်းဂဏ တွေ လို့ ပြောရင် ပို မှန် ပါတယ်။

 အစ္စလာမ်ဘာသာစပေါ်စဉ် အခါတည်းက ယနေ့ထိ ကမ္ဘာပေါ် မှာ ဆူဖီ တာရီကာ ပေါင်း တစ်ဒါဇင် မက ပေါ်ထွန်းခဲ့ ပါတယ်။ ဒီ အထဲ က ထင်ရှား နေတာ တွေ ကတော့==ဘာဒါဝီယာ ဘက်တာရှိယာ ==ကျစ်ရှ်တီယာ== ဒါကာဝီယာ == ဖီရာဒေါဆီယာ== ခါလ၀ါတီယာ ==ကူဘ၀ီယာ မာလာမာတီယာ== မာလ၀ီယာ ==နာကက်ရှ်ဘန္ဒီယာ == နီမာတယ်လာ ==ကာဒရီယာ== ရီဖာရိယာ ဆူဒရာဝါဒိယာ== တီဂျနိယာ== ယာဆ၀ိယာ စတဲ့ ဆူဖီ တာရီကာ တွေ ပါပဲ။
ဆူဖီ တာရီကာ တစ်ခု ကို လိုက်နာကျင့်သုံးသူ ကို ဆူဖီ ဓမ္မခရီးသည် = ဆာလိက် (Salik) လို့ ခေါ်ပါတယ်။ သူ ဟာ အစ္စလာမ်ဘာသာရဲ့ အဆုံးစွန် သစ္စာတရား = အယ်လ် ဟာက် (al Haqq) ကို ဦးတည်လို့ ခရီးနှင် နေသူ ဖြစ်လို့ သူ့ ကို သစ္စာရှာမှီးသူ = တာလိဘ် (Talib) လို့ လဲ ခေါ်ပါသတဲ့။ ဓမ္မခရီးသည် ရဲ့ ပန်းတိုင် က သစ္စာ၌ ပေါင်းစည်းခြင်း = ဟာကီကာ (Haqiqa) သို့မဟုတ် တောင်ဟီးဒ် ကို သက်သေခံနိုင်ခြင်း ပဲ ဖြစ်ပါတယ်။
ဆူဖီတာရီကာ တစ်ခု ကို ကျင့်သုံးဆောက်တည်တော့ မယ်ဆိုရင် ဆူဖီဆရာ ဂုရု = ရှိတ်ခ် (၀ါ) မူရှိဒ် (၀ါ) ပိရ် (Sheikh/Murshid/Pir) တစ်ဆူ ကို လိုက်လံ ရှာဖွေရပါတယ်။ ဆူဖီလမ်းစဉ် ဟာ ဆရာမရှိ ပဲ လျှောက်လို့မရပါဘူး။ ဒါက တိဗက် တန္တရ ဗုဒ္ဓဘာသာ နဲ့ ဝေဒန္တယောဂ လမ်းစဉ် တွေ နဲ့ အလွန်ဆင် ပါတယ်။ မိမိ ဘာသာ အနှစ် ၂၀၀ သွား ရမဲ့ ခရီး ကို ဆရာအရှင် က ၂ ရက် နဲ့ ရောက် အောင် လမ်းပြနိုင်တယ် ဆိုတဲ့ ဆိုထုံးရှိ ပါတယ်။ ဆရာအရှင် ဟာ သူ ကိုယ်တိုင် ဘုရားသခင်၌လင်းပွင့်ခြင်း = မာရီဖာ (marifa) အတွေ့အကြုံ ကို ရရှိပြီးသူ သူကိုယ်တိုင် အန္တိမသစ္စာဥာဏ် ရရှိပြီးတဲ့ ဥာဏ်ပွင့်သူ = အာရိဖ် (Arif) တစ်ဆူ ဖြစ်ဖို့ လို ပါတယ်။ မဟုတ်ရင် တော့ အကန်း က အကန်း ကို လမ်းပြနေသလို ခရီးမရောက် နိုင် ပါ။ ဒီတော့ ဆူဖီတာရီကာ ကို လိုက်စားမဲ့သူ ဟာ ဆရာစစ် ဆရာမှန် ကို တွေ့ရှိဖို့ က အသက်တမျှ အရေးကြီး လှ ပါတယ်။ ဆရာစစ်ဆရာမှန် နဲ့ တွေ့ တဲ့ အခါ မှာ လဲ မိမိ ကို အလွယ်တကူ လက်ခံချင်မှ လက်ခံ မှာ ပါ။ မိမိ ရဲ့ ယုံကြည်သက်ဝင်မှု နဲ့ စိတ်ပိုင်းဖြတ်မှု ခံနိုင်ရည်ရှိမှု တွေ ကို အသေးစိတ် စစ်ဆေးစမ်းသပ်ပြီး မှ မိမိ ကို တပည့်သာဝက အနေနဲ့ ဆရာ က လက် ခံ မှာ ဖြစ်ပါတယ်။

ဆူဖီ တွေ ဟာ မိမိ ဆရာအရှင်ဆီ က ရရှိမဲ့ ၀ိညာဏ်ကောင်းချီးဓါတ် = ဘာရကာ (Baraqa) ကို အလွန်မြတ်နိုး တန်ဖိုး ထားကြပါတယ်။ ဘာရကာ ရဲ့ ပင်ရင်း က ဘုရားသခင် ကိုယ်တိုင်ဖြစ်ပြီး တမန်တော် အဆင့်ဆင့် ဆူဖီသူတော်စင် ဆရာအဆင့်ဆင့်ဆီ က နေ မိမိ နှလုံးသား အထိ မကျိုးမပြတ်ဆင်းသက် လာတယ် လို့ ယုံကြည်ပါတယ်။ ဒီ ဘာရကာ ကို ဆရာတပည့် အစဉ်အဆက် လက်ဆင့်ကမ်း သယ်ဆောင်လာ ပါတယ်။ ဒီ ဆရာစဉ်သမားစဉ် အဆက် ကို ဆီဆီလာ (Silsila) လို့ ခေါ်ပြီး ဆူဖီဓမ္မခရီးသည် တစ်ဦးဟာ ဆီဆီလာ တစ်ခုခု မှာ သက်ဝင် နေ ရပါတယ်။ 

ဆီဆီလာ တစ်ခု မှာ ထောက်တည်ရာ ရတဲ့ သာဝက အသစ် ကို ဆရာအရှင် က ခီရကာ (Khirqa) လို့ခေါ်တဲ့ စပ်ထည်ဝတ်ရုံလွှာ တစ်ခု ချီးမြှင့်ပါတယ်။ ခီရကာ ဟာ ဓမ္မခရီးရှည် ကို နောက်မတွန့်တန်း လျှောက်လှမ်းတော့မဲ့ ဆူဖီဓမ္မခရီးသည် ဆို တဲ့ သင်္ကေတ ပါပဲ။ တစ်ချို့ ကလဲ ခီရကာ ဟာ ရုပ်အလောင်း ကို ထုပ်ပိုးတဲ့ ပိတ်စ ကို သတိရစေတာမို့ ဘ၀ ရဲ့ မမြဲတဲ့ အနိစ္စမျိုး သင်္ခါရတရား တွေ ကို သတိရဖို့ အတ္တ ရဲ့ သေဆုံးမှု ကို သတိရဖို့ ဖြစ်ပါသတဲ့။ ဆူဖီလမ်းစဉ်မှာ ခီဒရ် (Khidr) လို့ ခေါ်တဲ့ နာမ်လောက နေ ၀ိညာဉ်လမ်းပြ တွေ လဲ ရှိတယ်။ တစ်ချို့ ဆူဖီတွေ ဟာ ဒီ နာမ်လောက က ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ ခီဒရ် တွေ ထံ ကနေ ခရီကာဝတ်ရုံ ကို ရရှိ တာ မျိုးလဲ ရှိသတဲ့။ ဒါကတော့ တကယ် လောကီလွန် ကိစ္စ ပဲ ဖြစ် ပါတယ်။
ဆူဖီတွေ ရဲ့ ပဓါန ကျင့်စဉ်တွေ ကို လေ့လာကြည့်တော့ အောက်ပါ ဓမ္မတရားတွေ ကို တွေ့ ရပါတယ်။

ဆူဖီ လမ်းစဉ် ကတော့ မိမိ ဘ၀ ကို သတိသံဝေဂ ရခြင်း နဲ့ စတင် ပါတယ်။ သံဝေဂဥာဏ် = တောင်ဘာ (Tauba) ဟာ ဘ၀ထဲ ကို ပုံစံ မျိုးစုံ နဲ့ ၀င်လာတတ် ပါတယ်။ တစ်ခါ က သမားတော်ကြီး တစ်ဦးဆီ ကို ဆူဖီတစ်ယောက် ရောက်လာ တယ်။ ဘ၀ရဲ့ မမြဲပုံ နဲ့ စည်းစိမ်ဥစ္စာတွေ ရဲ့ အချည်းနှီးဖြစ်မှုတွေ ကို ဟော ပေမဲ့ သမားတော်ကြီး က လက်မခံ ပါဘူး။ ဒါနဲ့ ဆူဖီဆရာကြီး က သမားတော်ကြီး လူနာ စမ်းသပ်တဲ့ ကုတင်ပေါ်တက်အိပ်ပြီး ((သေတယ် ဆိုတာ ဒီလိုပဲ ကွဲ့)) လို့ ပြောပြီး သူ့ခန္ဓာဝန် ကို စွန့်သွား ပါသတဲ့။မျက်မြင်ဒိဋ္ဌ သေခြင်းတရား ကို မြင်တွေ့ လိုက်ရတဲ့ သမားတော်ကြီးဟာ သံဝေဂဥာဏ် = တောင်ဘာ (Tauba) ဖြစ်ပေါ်လာလို့ ပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာ တွေ ကို စွန်လွှတ်ပြီး ဆူဖီတာရီကာ တစ်ခု ကို ကျင့်သုံးဆောက်တည်သူ အဖြစ် ကို ခံယူခဲ့ ပါသတဲ့။

ဘုရား ဂုဏ်တော် အောက်မေ့ပွားစည်းခြင်း = ဇိကရ် (Dhikr) က တော့ ဆူဖီ လမ်းစဉ် ရဲ့ အခြေခံ အကျဆုံး အစိတ် အပိုင်းပါပဲ။ ဆရာသခင် က ရွေးချယ် ချီးမြင့်ပေးတဲ့ ဘုရားသခင် ဂုဏ်တော် တစ်ခုခု ဖြစ်ဖြစ် ကျမ်းစာပိုဒ် တစ်ခု ကို ဖြစ်ဖြစ် အဖန်ဖန် အထပ်ထပ် ရွတ်ဆို နှလုံးသွင်းလို့ ဘုရား ဂုဏ်တော် အောက်မေ့ပွားစည်းခြင်း ပဲ ဖြစ်ပါတယ်။ ဒီလို ပွားများ တဲ့ အခါ မှာ မိမိ တကိုယ်တည်း စိပ်ပုတီး = တာဆဘီ (Tasbih) ကို အသုံးပြုလို့ ပွားများနိုင်သလို အများနဲ့ စုဝေးပြီးလဲ ရွတ်ဆိုပွားများနိုင် ပါတယ်။ တစ်ချို့ က ဂီတသံစဉ် တွေ ကို အသုံးပြုလို့ တစ်ဖြစ်လဲစိတ် Trances တွေ ရအောင် ပွားများ အားထုတ်ကြ တာ လဲ ရှိပါတယ်။ Whirling Dervishes လို့ခေါ်တဲ့ ၀တ်ရုံဖြူတွေ ကို မွတ်နေရောင် ဝှေ့ပတ်ယမ်းလို့ ကခုန်သီဆို ကြတဲ့ ဆူဖီတွေ ကို မြင်ဖူးကြမယ် ထင် ပါတယ်။

ဆူဖီ ဓမ္မခရီးသည် ဟာ မကောင်းမှု မှရှောင်ကြဉ်ခြင်း နဲ့ ကောင်းမှုတွေ ဖြည့်ကျင့်ခြင်း တွေ ကို လဲ လုပ်ဆောင်ရပါတယ်။ အင်ဒ်ဘာ (Indba) ဆိုတာ က မေတ္တာတရား ကို ဆောက်တည်ပြီး မကောင်းမှုလေးတွေ ကို သုတ်သင်ဖယ်ရှားရခြင်းပါ။ အောဘာ(Auba) ဆိုတာ က တော့ မိမိ အတ္တ ဗဟိုချက် ကလေး ကို စွန့်ပြီးတော့ ဘုရားသခင် ဆီ ကို ကိုင်းညွှတ် ဦးတည် ခြင်းပါပဲ။

စွန့်လွှတ်ခြင်း နိက္ခမတရား = ဇူဟ်ဒ်(Zuhd) ကလဲ ဆူဖီ ဓမ္မခရီးသည် တို့ အတွက် အရေး ပါသော ကျင့်ဝတ် တစ်ခုပါ။ လောကီဘ၀ ရဲ့ ရည်မှန်းချက်တွေ သိမ်းပိုက် ပြိုင်ဆိုင်လို တဲ့ သဘောတွေ ဣဿာ မစ္ဆရိယစိတ်မိုက်တွေ ကို စွန့်ပယ်လို့ သစ္စာအလင်း ရောင်ဆီ ကိုပဲ ဦးတည် ထားရမယ် ဖြစ်ပါတယ်။

စွန့်လွှတ်ခြင်း နဲ့ အတူ ပါလာတဲ့ ကျင့်ဝတ်ကတော့ ဆင်းရဲခေါင်းပါးခြိုးခြံနေထိုင်ခြင်း = ဖကရ်(Faqr) ပါ။ ဆူဖီ ဓမ္မခရီးသည် တွေ ကို ခေါင်းပါးစွာနေထိုင်သူဖကိရ်တွေ= Fakirs လို့ လဲ အများ က သိကြပါတယ်။ ကာမဂုဏ် အာရုံတွေ က စိတ် ကို နောက်ကျိညစ်နွမ်းစေပါတယ်။ ဥစ္စာပစ္စည်း ပိုင်ဆိုင်မှု တွေကလဲ စိတ်ကို အချစ်အမုန်းအမိုက်တရားတွေ ရဲ့ ကျေးကျွန်ဖြစ်စေပါတယ်။ ဒီတော့ ဆူဖီ ဓမ္မခရီးသည် ဟာ ဆင်းရဲခေါင်းပါးခြိုးခြံနေထိုင်ခြင်း ကိုပဲ ကျင့်သုံးလို့ ဘုရားသခင် ရဲ့ အလင်းဓါတ် ကို ရှာ ဖွေသူ ဖြစ်ပါတယ်။

အစ္စလာမ်ဘာသာ အရ ဘုရားသခင် ရဲ့ ဂုဏ်တော်အပေါင်း မှာ ဖေါ်ပြထားတာက ဘုရားသခင်ဟာ ထင်ရှားသူ = အယ် ဇာဟိဒ် (Al Zarhid) သလို တစ်ပြိုင်နက်တည်း မှာ ပုန်းကွယ် နေသူ= အယ် ဘာတင် (Al Batin) လဲ ဖြစ်တယ်။ သစ္စာအလင်းဥာဏ် ကို ဖွင့်လှစ်ပြသပေးနိုင်သူ= အယ်လ် ဖတ္တားရ် (Al Fattah) ဖြစ်တာ မို့ ဆူဖီလမ်းစဉ်မှာ မိမိ ကိုယ်ကို ဘုရားရှင်ထံ ဆက်ကပ်ခြင်း = တ၀က္ကူလ် (Tawakkaul) ဟာ အလွန် အရေးကြီးပါတယ်။ မိမိ ရဲ့ ၀ိညာဉ် နဲ့ တကွ အလုံးစုံသော ခန္ဓာတို့ ကို နှစ်ဘ၀ အရှင်သခင် ထံ မှာ အပြည့်အ၀ဖူဇော်ဆပ်ကပ်ခြင်း ဆိုတဲ့ တ၀က္ကူလ် စိတ်ဓါတ် ချို့တဲ့ နေရင် ဆူဖီလမ်း ကို လျှောက်လို့ မရပါ။
ဘုရားရှင်ထံ မှာ မိမိ ကံကြမ္မာ ကို ပုံအပ်လိုက်တဲ့ အတွက် ဘ၀ မှာ ကြုံတွေ့ရသမျှ ကောင်းဆိုး မြင့် နိမ့် လောကဓံတွေ ကို သည်းခံခြင်း မိမိကြမ္မာ မိမိ ရင်ဆိုင်ခံယူခြင်း = ဆာဘ်ရ် (Sabr) ဟာ လဲ ဆူဖီ ကျင့်ဝတ် တစ်ရပ်ပါ။ မိမိ ဟာ ဘုရားသခင် နဲ့ နှိုင်းစာလို့ မရတဲ့ အတွက်  မိမိဘ၀ ကို ဘုရားလက်ထဲ ၀ကွက်ပြီး အပ်လိုက်ခြင်း အားဖြင့် အနှိုင်းမဲ့ မဟာကရုဏာတော် နဲ့ လမ်းညွှန်မှု ကို ရမယ် လို့ ဆူဖီ တွေ က ယုံကြည်ပါတယ်။ 

ကျေးဇူးတော်ဂုဏ် ကို ချီးမွမ်းခြင်း= ရှုကရ် (Shukr) နဲ့ ရောင့်ရဲခြင်း သန္တောသတရား = ရိဓရ်(Ridr) နှစ်ပါးစုံတွဲ ကလဲ ဆူဖီတွေ အမြဲ နှလုံးသွင်းကျင့်ကြံသော ဓမ္မ ဖြစ်ပါတယ်။ မိမိ ကိုယ် မိမိ ဘုရားသခင် အလိုတော် ကို ၀ကွက်ပေးအပ် ဆက်ကပ်ပြီးသူ ဆူဖီဓမ္မခရီးသည်ဟာ အသက်ရှင်သန်ခွင့် နဲ့ မိမိ ကို သစ္စာအလင်းရောင်လမ်းဆီ ကို ရွေးချယ် ပို့ဆောင် ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ဂုဏ် ကို ချီးမွမ်းခြင်း အမြဲပြုနေရမဲ့ အပြင် မိမိ အသက်တာကာလ မှာ ရသလောက် နဲ့ ရောင့်ရဲတင်းတိမ် ပျော်ရွှင်နေနိုင်အောင် ကျင့်ကြံ နေထိုင် ပါတယ်။

လိုအပ်တဲ့ အခါတိုင်းမှာ ဧကစာရီ ဆောက်တည်ခြင်း =ခါလ၀ါ (Khalwah) ကိုလည်း ကျင့် သုံးဆောက်တည် ပါသေး တယ်။ လောက လူမှုပတ်ဝန်းကျင် နဲ့ အဆက်ဖြတ်လို့ ထီးတည်းနေထိုင်ရင်း ဆုတောင်းပတ္တနာ များ နှင့် စိတ်နှလုံးအိမ် ကို မွမ်းထုံစေပါတယ်။ အခြေခံ တာဝန် ၀တ်ပြုခ၀ပ်ကိုးကွယ်မှု = ဖာရေဇ် (Faraiz) တွေ ကို အခြား မွတ်စလင်မ် များ နည်းတူဖြည့်ကျင့်တဲ့ အပြင် ဆူဖီ တစ်ဦးဟာ အပို ၀တ်ပြုခ၀ပ်ကိုးကွယ်မှု = န၀ဖိလ် (Nawafil) တွေ ကို လဲ လုပ်ပါ တယ်။ ဘုရားတစ်ဆူတည်းဖြစ်ကြောင်း သက်သေခံခြင်း = ရှာဟဒါ (Shahadah) ကို နေ့ည မပြတ် ဆင်ခြင်ရွတ်ပွား တည်ဆောက်တဲ့ အခါ မှာ မူရာကာဗာ(Muraqabah) လို့ ဆိုတဲ့ အပ္ပနာ ဇောတွေ ကျပြီး မိမိ အာရုံပြုနေသော ဂုဏ်တော် နဲ့ တစ်သားတည်း တစ်လုံးတစ်ဝတည်း ဖြစ်သွားတာ မျိုးတွေ လဲ ကြုံရတတ်ပါတယ်။

ဆူဖီလမ်းစဉ် တစ်ခုလုံးရဲ့ ပင်မ အသက်သွေးကြော ကတော့ ဘုရားသခင် ကို လောကခပ်သိမ်းထက် ပိုလို့ တန်ဖိုးထား လို့ ရှိုက်မက်ချစ်ခင်မြတ်နိုးခြင်း = အစ်ရှခ် (Ishkr) ပါပဲ။ ချစ်သူ နှစ်ဦး ရဲ့ မခွဲနိုင်မခွာရက်တဲ့ ပြင်းပြလောင်မြိုက်တဲ့ အချစ်ပမာ ဆူဖီခရီးသည် ရဲ့ နှလုံးသား မှာ တစ်ဆူတည်းသော ဘုရားသခင် ပဲ စိုးမိုးနေပါတယ်။ ရှောင်ပုန်းနေတဲ့ ချစ်သူ ကို မရမက ရှာဖွေ နေရ သလို့ ပြင်းအားကြီးလွန်းတဲ့ ဆွဲငင်မှု နောက် ဒရွတ်ဆွဲ လိုက် ပါသွား ရ တာမျိုး ပါ။
((ချစ်သူက အလှမျက်နှာ ဆို မိမိ က ဖုံးတဲ့ပုဝါ ချစ်သူက ပုလဲရတနာ ဆို မိမိ က ကနုကမာ)) စသဖြင့် အရာရာမှာ ချစ်သူ ကို အမြတ်နိုးဆုံးတန်ဖိုးထားတဲ့ ရိုမန်တစ်အချစ်မျိုး နဲ့ ဘုရားကို အိပ်သွန်ဖာမှောက် အင်အားကုန် သွန်ထုတ်ပြီ ချစ်ရတာ က ဆူဖီ ဓမ္မတရား ရဲ့ သော့ချက်ပဲ ဖြစ်တယ်။ ဒီ ရူးသွပ်မတတ်ပြင်းထန်တဲ့ အချစ် မပါ ရင် ကျန်တဲ့ ဓမ္မကျင့်သုံးမှု တွေ က မိမိ အတ္တမာန တံခွန်ထူဖို့ အတွက် ပဲ ဖြစ်ပြီး သစ္စာအနှစ် ကင်းမဲ့ သွားပါလိမ့်မယ်။

မိမိကလဲ အထက်ပါ ကျင့်ဝတ်တွေ ကို ဆရာညွှန်ပြတဲ့ အတိုင်း ဖြည့်ကျင့်သလို ဆရာသခင် ကလဲ မေတ္တာကရုဏာ အပြည့်နဲ့ မိမိ ရဲ့ နာမ်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ ကို အနီးကပ် စောင့်ရှောက်ဖေးမခြင်း ဟာ ဆူဖီတစ်ယောက် အဖို့ နောက်ဆုံး ပန်းတိုင်စခန်း ကို ရောက်စေ ပါတယ်။ မိမိ ကိုယ်ကို ငြင်းပယ်ပြီး ဘုရားသခင် ရှိရာဆီ တရွေ့ရွေ့တိုးဝင် သွားတဲ့ ဓမ္မခရီးသည် ဟာ နောက်ဆုံးမှာ အတ္တ ရဲ့ ချုပ်ငြိမ်းသေဆုံးခြင်း=ဖနာ (Fana) ကို ဆိုက်ရောက်သွားပါသတဲ့။ 

ဖနာ ဟာ အနက်ရောင်အလင်း (The Black Light) အနေနဲ့ ကြုံတွေ့ရတဲ့ အတွေ့အကြုံလို့လဲ ဆို ပါတယ်။ အနက်ရောင်အလင်း လို့ ဆိုရတာက ဒီ အလင်းထဲ မှာ ဘာနိမိတ် ပုံသဏ္ဍာန် မှ ဆုပ်ကိုင်ပြစရာ မရှိလို့ ပါပဲ။ ဘုရားအလင်းဓါတ် Divine Light ကို တွေ့ကြုံရတာ ဖြစ်လို့ ဒီ အတွေ့အကြုံဟာ သာမန် လောကီ ဝေါဟာရစကားလုံး တွေ နဲ့ ဖော်ပြလို့မရနိုင်တဲ့ ကာလ အာကာသ ကို ကျော်လွန်နေသော အတိဂမ္ဘီရဓမ္မ အတွေ့အကြုံ ဖြစ်ပါတယ်။ မိမိ ရဲ့ အတ္တ တည်ရှိမှု နဲ့ မိမိ ပိုင်ဆိုင်မှု အတ္တနိယ ဟူသမျှ ဘ၀ရဲ့ ဂုဏ်လက္ခဏာ ဟူသမျှ က ဖနာ မှာ အစအန တောင် ရှာမရအောင် ပျောက်ဆုံးချုပ်ငြိမ်း သွား ပါတယ်။
ဒါပေမဲ့ ဖနာ ဟာ ဘာမှ မရှိတော့တဲ့ ဘိတ်စတုံး နတ္ထိဗလာ အခြေအနေမဟုတ် ပဲ ဘုရားသခင် တစ်ဆူတည်း နှစ်ခုမပြား တစ်ပါးတည်း အဒွိတ္တဘာဝ (Non-Duality) အခြေအနေ ကိုဆိုက်ရောက် နေတာပဲ ဖြစ်တယ်။ ဖနာ နဲ့ ပတ်သက်လို့ ရူပက နိမိတ်ပုံ နဲ့ ဖေါ်ပြပုံ က တော့ မီးတောက်ကြီးထဲ ကို သံတုံးတစ်ခု ထည့်ထားလိုက်ရင် ရဲရဲငြီးငြီး လောင်မြိုက်နေတဲ့ သံတုံးဟာ မိမိ ရဲ့ သီးခြား သံတုံး သဘော ပျောက်ကွယ်ပြီး မီးတောက်ကြီး ပဲ ရှိနေတော့တဲ့ ပမာ ပြောဆိုကြပါတယ်။ မိမိ အတ္တရဲ့ အလင်းဓါတ်ဟာ ဘုရားသခင် ရဲ့ အနန္တအလင်းဓါတ် နဲ့ ပေါင်းစည်းမီတဲ့ တစ်ခဏမှာပဲပျောက်ဆုံးချုပ်ငြိမ်းသွားပြီး ဘုရားသခင် ရဲ့ အနန္တအလင်းဓါတ် သက်သက်ပဲ ကျန်နေတဲ့ အခြေအနေ ကိုပဲ ဖနာ လို့ ခေါ်ပါတယ်။

ဖနာ ရဲ့ နှလုံးသည်းပွတ်ထဲ မှာ တော့ ဆူဖီလမ်းစဉ် ရဲ့ အထွဋ်မြတ်ဆုံး ဗကာ (Baqa) ကို နောက်ဆုံး မျက်မှောက်ပြုရမှာ ဖြစ်ပါတယ်။ဗကာ ဆိုတာ ဖနာ ရဲ့ အနက်ရှိုင်းဆုံးသော အစိတ်အပိုင်း လို့ဆိုနိုင်ပါတယ်။ အတ္တ နဲ့ အတ္တစွဲ ကို အခြေခံတဲ့ စိတ် အညစ်အကြေး တွေ ချုပ်ဆုံးပျောက်ကွယ် သွားပြီးတဲ့ အခါ မှာ ဓမ္မခရီးသည် ရဲ့ ၀ိညာဏ် မှာ မေတ္တာ နှင့် ဥာဏ်လင်းပွင့်မှု (မာဟဘ္ဘာ နှင့် မာရိဖာ) တွေ အပြင် ဘုရားသခင်ရဲ့ ကောင်းမြတ်သော ဂုဏ်ရည် အပေါင်း ကတော့ ကျန် ရစ်ပါတယ်။မိမိ ဘ၀ ကို မိမိ အတ္တနဲ့ နေထိုင်တာ မဟုတ်တော့ပဲ ဘုရားသခင် ရဲ့ ကောင်းချီးမင်္ဂလာ သက်သက်နဲ့ ရှင်သန်နေထိုင်ခြင်း ဖြစ်သွား ပါပြီ။  မိမိ ပြောဆိုတွေးကြံလုပ်ကိုင်သမျှဟာ ဘုရားရှင်တဲ့ ဘုန်းတော် နဲ့ မဟာကရုဏာ တော် ကို ချီးမွမ်းခ၀ပ် ရန် အတွက် သက်သက်ပဲ ဖြစ်ပါတော့တယ်။ မန်ဆူး ဆိုတဲ့ ဆူဖီသူတော်စင်တစ်ပါးက ((ငါသည် အလ္လာဟ်အရှင်မြတ် ပင်ဖြစ်၏)) လို့ မိမိ ရဲ့ ဖနာ-ဗကာ အတွေ့အကြုံကို ဖော်ထုတ်ခဲ့လို့ အခြေခံဝါဒီတွေ က သတ်တာ ကို ခံခဲ့ ရဖူးပါတယ်။

ဆူဖီကဗျာဆရာကြီး အတ္တား ရဲ့ ငှက်သခင်ညီလာခံ ကဗျာရှည် ကြီးမှာ ဘုရားသခင်ဆီ ကို ခရီးနှင်တဲ့ ၀ိညာဉ်တွေ ကို မိမိတို့ရဲ့ ပျောက်ဆုံးနေတဲ့ ခေါင်းဆောင် ဆစ်မာဂ် ကို လိုက်ရှာတဲ့ ခရီးကြမ်း အဖြစ်ပုံဖေါ်ထားတယ်။ ဒီ ၀ိညာဉ်ငှက်တွေ ဟာ လျှိုမြှောင်ကြီး (၇)သွယ် ကို ဖြတ်ကျော်ရတယ်လို့ ဆိုတယ်။

(၁) ပထမ လျှိုမြှောင်ကြီး ကတော့ ရှာမှီးခြင်း လျှိုမြှောင်ကြီး (The Valley of Quest) ပါ။
ဒီနေရာ ကတော့ ဆူဖီခရီးသည်ရဲ့ စတင်ရာနေရာပါ။ ဘုရားသခင်နဲ့ သစ္စာတရား ကို သိချင်လာမယ်။ ဆင်ခြင်ဥာဏ် ကို အသုံးချပြီးတော့ သစ္စာ ကို လိုက်လံရှာဖွေပါတယ်။

(၂) ဒုတိယ လျှိုမြှောင်ကြီး ကတော့ ချစ်ခြင်းမေတ္တာ လျှိုမြှောင်ကြီး (The Valley of Love) ပါ။
ဆင်ခြင်ခြင်းနဲ့ အန္တိမသစ္စာတရား ကို ရှာ မတွေ့တဲ့ အခါ ဒုတိယနေရာ ဖြစ်တဲ့ ချစ်ခြင်းမေတ္တာ လျှိုမြှောင်ကြီး ကို ရောက်လာပါတယ်။ ဆင်ခြင်ခြင်း က မီးခိုး ဆိုရင် မေတ္တာ က မီးလျှံ ဖြစ်ပါသတဲ့။ မေတ္တာ နဲ့ လောင်ကျွမ်းနေတဲ့ ၀ိညာဉ်ဟာ ချစ်မြတ်နိုးရတဲ့ ဘုရားသခင် ကို ပြင်းပြတပ်မက်စွာ ရှာ မှီးတဲ့ အဆင့်ဖြစ်ပါတယ်။
(၃) တတိယ လျှိုမြှောင်ကြီး ကတော့ နားလည်ခြင်း လျှိုမြှောင်ကြီး (The Valley of Understanding) ပါ။
ဒီအဆင့်မှာတော့ ၀ိညာဉ်ဟာ မိမိ ကိုယ်ကို နားလည်လာပါတယ်။ မိမိ ရဲ့ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေ ခွန်အား နဲ့ အားနည်းပျော့ညံ့ချက်တွေ ကို လဲ နားလည်လာပါတယ်။ ပိုမိုလို ဟန်ချက်ညီလာပါတယ်။

 (၄) စတုတ္ထ လျှိုမြှောင်ကြီး ကတော့ စွန့်ခွာခြင်း လျှိုမြှောင်ကြီး (The Valley of Detachment) ပါ။
ဒီအဆင့်မှာ တော့ ၀ိညာဉ်တွေဟာ ရှာမှီးလိုတဲ့ တွေ့မြင်ရရှိပိုင်ဆိုင်ချင်တဲ့ ဆန္ဒဇောတွေ ကို စွန့်ပယ်လိုက်ပါတယ်။ သူဟာ စကြ၀ဠာကြီးနဲ့ တစ်သားတည်းဖြစ်လို့ ကြယ်တာရာတွေ နဲ့ သဲပွင့်တွေ က သူ့ အတွက် တန်ဖိုးအတူတူလို ဖြစ်နေပါတယ်။

(၅) ပဉ္စမ လျှိုမြှောင်ကြီး ကတော့ ပေါင်းစည်းခြင်း လျှိုမြှောင်ကြီး (The Valley of Unity) ပါ။
ပေါင်းစည်းခြင်း လျှိုမြှောင်ကြီးထဲ ရောက်တဲ့ အခါမှာ ပိုင်းခြားခွဲဖြာစေတဲ့ အတွေးအမြင် မှန်သမျှ ရပ်တန့်သွားပါတယ်။ ဘုရားသခင်ဟာ လောကီ နဲ့ေ လာကုတ္တရာ ဧကတ္ထ နဲ့ နာနတ္ထ အတွင်း နဲ့ အပ စတဲ့ ဆန့်ကျင်ပက္ခတရားတွေ ကို ကျော်လွန်တည်ရှိနေတယ် ဆိုတာ မြင်လာရပါတယ်။

(၆) ဆဋ္ဌမ လျှိုမြှောင်ကြီး ကတော့ အံ့သြခြင်းခြင်း လျှိုမြှောင်ကြီး (The Valley of Astonishment) ပါ။
ဘုရားသခင်ရဲ့ ဓမ္မာရုံကို မြင်ရလို့ တုနှိုင်းမဲ့ အလှသစ္စာတရား မှာ နစ်မွန်းလို့ ၀ိညာဉ်ဟာ ဆောက်တည်ရာမရ ဖြစ်ပါတယ်။ သိသမျှ တတ်သမျှ ပိုင်သမျှ အတ္တ အတ္တနိယ ဟူသမျှက လဲ ခ၀ါကျသွား ပါသတဲ့။ မိမိ ကိုယ်မိမိ မေ့လျှော့နေတဲ့ အံ့ချီးဝမ်းမြောက်ခြင်း သဘောကြီးပဲ ရှိနေ ပါတော့ တယ်။ 

(၇) သတ္တမ လျှိုမြှောင်ကြီး ကတော့ သေဆုံးခြင်း လျှိုမြှောင်ကြီး (The Valley of Death) ပါ။
သေဆုံးခြင်း လျှိုမြှောင်ကြီး ကတော့ သတ္တမ နဲ့ နောက်ဆုံး အဆင့်ပါ။ သူတို့ရှာနေတဲ့ ငှက်ခေါင်းဆောင် ဆစ်မာဂ် ရဲ့ စံပျော်ရာ ဘုံဋ္ဌာန ပါပဲ။ ဒါပေမဲ့ ဘယ်လို ရှာရှာ ဆစ်မာဂ် ကို မတွေ့ပါဘူး။ စောင့်မျှော်နေရင်းနဲ့ သူတို့ အရှိတရားဟာ လေးလံထုံထိုင်းမေ့လျှော့မှိန်ဝါး လို့ လာပါတယ်။ နောက်ဆုံးမှာ သီးခြား အတ္တရဲ့ အလင်းရောင်လေး ဟာ မဟာအတ္တကြီးရဲ့ ထာဝရနေအလင်းရောင်အောက်မှာ ဘိတ်စတုံးချုပ်ငြိမ်း ပျောက်ကွယ်လို့ သွာပါတော့တယ်။

တစ်ချိန်တည်းမှာ ပဲ သူတို့ ရှာဖွေနေခဲ့တဲ့ ငှက်ခေါင်းဆောင် ဆစ်မာဂ် ဟာ သူတို့ ကိုယ်တိုင်ပဲ ဆို တာလဲ အသိကြီး သိမြင်လိုက်ရပါတော့တယ်။ ဒါက ဖနာ=ဗကာ အတွေ့အကြုံပဲ ဖြစ်ပါတော့တယ်။

ဆူဖီသူတော်စင်ဟာ ဖနာ မှာ မိမိ ရဲ့ သီးခြားအတ္တ သေဆုံးသွားပေမဲ့ ဗကာမှာ လူသစ် တစ်ယောက်အနေနဲ့ ဘ၀သစ် မွေးဖွား လာရတာ မိမိ သန္တာန်မှာ ဘုရားရှင် ရဲ့ မွန်မြတ် သန့်စင်တဲ့ ကျေးဇူးတော် နဲ့ ရှင်သန်ခွင့် ရ တာ ဟာ ဗကာ ရဲ့ အနှစ်သာရ ပါပဲ။ အကန့်အသတ်ရှိတဲ့ အတ္တဘ၀ က ချုပ်ငြိမ်းသွားပေမဲ့ အကန့်အသတ်မဲ့ တဲ့ အနန္တ ထာဝရ ဘ၀ က မွေးဖွားခဲ့ ပါပြီ။ မိမိ နဲ့ လောက= ဖန်ဆင်းရှင် နဲ့ ဖန်ဆင်းခံ စတဲ့ အရာခပ်သိမ်း၏ ပေါင်းစည်းခြင်း သဘော= ၀ါဒတ် အယ်လ် ၀ူဂျုဒ် (Wahdat al Wujud) ကို လဲ မျက်ဝါး ထင်ထင် သိမြင်လျှက် ရှင်သန်နေရတဲ့ ဘ၀ ကပဲ ဆူဖီသူတော်စင်တစ်ပါး ရဲ့ အကြီးမြတ်ဆုံး ပတ္တနာ အမြင့်မြတ်ဆုံး ၀န္ဒနာ (The Greatest Prayer and the Highest Worship) ပဲ ဖြစ် ပါတော့တယ်။                 

No comments:

Post a Comment