Tuesday, January 15, 2013

ဗုဒ္ဓ ၏ ကာယ (၃) ပါး (တြိကာယ) အယူအဆ နှင့် တထာဂတဂဗ္ဘ ဒဿနအမြင်


ဗုဒ္ဓ ၏ ကာယ (၃) ပါး (တြိကာယ) အယူအဆ နှင့် တထာဂတဂဗ္ဘ ဒဿနအမြင် (Buddha-Nature)
(လင်းထက်ဆွေ - စုဆောင်းရှာဖွေတင်ပြသည်။)

မဟာယာနဗုဒ္ဓဘာသာ ၏ ဒဿနအမြင်များ တိုးတက်ဖွံ့ဖြိုးမှု ကိုလေ့လာခဲ့ပြီးသလောက် ပြန်လည် သတ္ထုချကြည့်လျှင် ဟီနယာန ဂိုဏ်းတစ်ခု ဖြစ်သော မူလသဗ္ဗတ္ထိဝါဒ ၏ အဘိဓမ္မာစာပေလာ ပရမတ္တအရှိဝါဒ ကို နာဂဇ္ဇုန ၏ မာဓျမိကဒဿန က ဝေဖန်သုံးသပ်ခဲ့ပုံ နှင့် အရာခပ်သိမ်း (သံသရာ နိဗ္ဗာန် တရားများ) ၏ ပကတိအတွင်းအနှစ်သားသဘာဝ ဆိတ်သုဉ်းမှု =သုညတာဓမ္မ ကို ထွန်းလင်းပြပုံတို့ ကို ဖေါ်ပြပြီး ဖြစ်၏။ မာဓျမိကဒဿန ၏ နတ္ထိက အစွန်း ကို ဟန်ချက်မျှပေးသည့် အနေဖြင့် ယောဂါစာရ (၀ိညတ္တိမတ္တ ဂိုဏ်း) သည် စိတ္တ ၏ ပကတိသဘာဝ သဘော အာလယ၀ိညာဏ် က သတ္တ၀ါတို့ ၏ အနုသယကိလေသာ ကို အခြေခံ၍ ကံ နှင့် ၀ိပါက် တို့၏ အဖန်တလဲလဲ လည်ပတ်နေရသော အမိုက်သံသရာ နှင့် ထိုသံသရာမှ လွတ်မြောက်သော ပကတိထွန်းလင်းတောက်ပသော အပ္ပဋ္ဌီတ၀ိညာဏ် တို့၏ သဘောများ ကို လည်း ဖေါ်ပြပြီး ဖြစ်၏။

ယခုတစ်ဖန် ယောဂါစာရ (၀ိညတ္တိမတ္တ ဂိုဏ်း) ၏ အမြင့်ဆုံး တိုးတက်ဖြစ်ထွန်းမှု အနေဖြင့် ဗုဒ္ဓ ၏ ကာယ (၃) ပါး (တြိကာယ) အယူအဆ နှင့် တထာဂတဂဗ္ဘ ဒဿနအမြင် (Buddha-Nature) ကို ဆက်လက်ဖေါ်ပြ ပါဦးမည်။ မာဓျမိကဒဿန နှင့် ယောဂါစာရဒဿန တို့ သည် မဟာယာနဗုဒ္ဓဘာသာ ၏ အခြေခံ အုတ်မြစ်များ ဟုဆိုခဲ့ လျှင် ဗုဒ္ဓ ၏ ကာယ (၃) ပါး (တြိကာယ) အယူအဆ နှင့် တထာဂတဂဗ္ဘ ဒဿနအမြင် (Buddha-Nature) တို့သည် အဆိုပါ အခြေခံအုတ်မြစ် အပေါ်တွင် ဆောက်တည်ထားသော အဆောက်အဦ ဖြစ်ကြ၏။ ယင်း အမြင်များ ၏ မြစ်ဖျားခံရာ သည် ရှေးဦးမူလဗုဒ္ဓ၀ါဒ၏ စာပေအတွင်း၌ ပင် ဖြစ်ခဲ့သည်ဟု ဆို နိုင်ပါသည်။

ရှေးဦးဗုဒ္ဓ၀ါဒ ၏ ဗုဒ္ဓအမြင်
ရှေးဦးဗုဒ္ဓ၀ါဒ( Early Buddhism) သည် ဘာသာတရားတည်ထောင်သူ အလင်းရှင် ဂေါတမဗုဒ္ဓ မြတ်စွာဘုရားသခင် ၏ ပကတိလူသား အသွင် ကို ကောင်းမွန်စွာ ထိန်းသိမ်း ထား ခဲ့ သည် မှာ ဂေါတမဗုဒ္ဓ လွန်ပြီးနောက် ရာစုနှစ် ၂ ခု တိုင် အောင်ဖြစ်၏။ဂေါတမဗုဒ္ဓ သည် လူသား မိဘ နှစ်ပါးမှ မွေးဖွားသော မဟာလူသား တစ်ဦးသာ ဖြစ်ပြီးလျှင် အရဟံ အစ ဘဂ၀ါ အဆုံး (၉) ပါးသော ဂုဏ်တော်တို့ နှင့် ပြည့်စုံသော ဥတ္တမပုရိသ (အမြတ်ဆုံး လူသား) အဖြစ် သာ ဖေါ်ပြခဲ့ လေသည်။ အဆိုပါ ဂုဏ်တော်များ သည် ဗုဒ္ဓ ကို သဘာဝလွန် ထာဝရဘုရားတစ်ဆူ ဖြစ်အောင် မချီးမြှောက်ခဲ့ပေ။

မဇ္ဇျိမနိကာယ် တွင် တွေ့ရသည်မှာ ရှင် အာနန္ဒာ က အကယ်၍ သာဝက ရဟန္တာများ သည် ဗုဒ္ဓ ရောက်ရှိသော ပန်းတိုင် (နိဗ္ဗာန်) ကို ဗုဒ္ဓ နည်းတူ ရောက်ရှိကြသည်ဟုဆိုလျှင် ရှင်တော်ဗုဒ္ဓသည် အဘယ်ကြောင့် သာဝက ရဟန္တာများ ထက် လွန်မြတ်သူ ဖြစ်ပါသနည်း ဟု မေး၏။ ဗုဒ္ဓ က မိမိ ရအပ်ရောက်အပ်သော အရာ မှန်သမျှ မိမိ၏ သာဝက ရဟန္တာများလည်း မိမိ နည်းတူ ရရှိကြကြောင်း သာဝက ရဟန္တာများ မရရှိနိုင်သော မိမိ တစ်ပါးတည်းနှင့် သီးခြား သက်ဆိုင်သော ဓမ္မတရား မရှိကြောင်း မိမိ ကို လမ်း ကို စတင်တွေ့ရှိသူ ဖေါ်ထုတ်ညွှန်ပြသူ အဖြစ် ဖြင့်သာ သာဝက ရဟန္တာများ ထက် ပိုမို ထူးကဲ သူဖြစ်ကြောင်း ကို ပြန်လည်ရှင်းပြတော်မူခဲ့၏။ ဤ အချက် ကို ထောက်လျှင် ရှေးဦးဗုဒ္ဓဘာသာ သည် ဗုဒ္ဓကို ပကတိ လူသားစင်စစ် တစ်ဦး အဖြစ်ထက်ပို၍ မရှုမြင် သည် မှာ ထင်ရှားလှ၏။[1] သို့သော်လည်း အချို့သော ပါဠိပိဋကတ်လာ ဟောပြောသွန်သင်ချက်များ သည် စိတ်ဝင်စားဖွယ်ကောင်းလှ၏။

(၁) ယော ဝေါ အာနန္ဒ မယာ ဓမ္မော စ ၀ိနယော စ ဒေသိတော ပညတ္တော သော ဝေါ မံ အစ္စယေန သတ္ထာ==အာနန္ဒာ၊ ငါလွန်သော အခါဝယ် ငါဟောပြောသွန်သင်ခဲ့ သော ဓမ္မ နှင့် ၀ိနယ သည် ငါ၏ ကိုယ်စား သင်တို့၏ ဆရာသဖွယ် ဖြစ်လိမ့်မည်။(Digha 11, p. 154; Mil, p. 99.) ထိုနည်းတူ ပင် ဂေါပကမောဂ္ဂလာန ပရိဗိုဇ် က ရှင်အာနန္ဒာ အား ဗုဒ္ဓကို ဆက်ခံ မည့် ခေါင်းဆောင် ရှိမရှိ မေးရာ ရှင် အာနန္ဒာ က ဘုရားရှင်လွန်သော အခါဝယ် ဘုရားရှင်ဟောပြောသွန်သင်ခဲ့ သော ဓမ္မ နှင့် ၀ိနယ သည်သည မိမိတို့၏ ဆရာသဖွယ် ရှိ နေမည် ဖြစ်ကြောင်း ဓမ္မပဋိဿရဏ =တရား သာလျှင် ကိုးကွယ်ရာ ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။[2]

(၂) ဗြဟ္မဏော ပုတ္တော သြရသော မုခတော ဇာတော ဗြဟ္မဇော ဗြဟ္မနိမ္မတော ဗြဟ္မဒါယာဒေါ ဘဂ၀တောသ္မိ ပုတ္တော သြရသော မုခတော ဇာတော ဓမ္မဇော ဓမ္မနိမ္မိတော ဓမ္မဒါယာဒေါ ဣတိ တံ ကိစ္စ ဟေတု တထာဂတဿ ဟေတံ ပဓိဝစနံ ဓမ္မကာယော ဣတိ ပိ ဗြဟ္မကာယော ဣတိ ပိ ဓမ္မဘူတော ဣတိ ပိ တိ။

(ဗြဟ္မဏ သည် ဗြဟ္မာ ၏ ရင်သွေးဖြစ်သကဲ့ သို့ ဗြဟ္မာ၏ ခံတွင်းမှ မွေးဖွားလာပြီး ဗြဟ္မာ၏ ကိုယ်ပွား ဗြဟ္မာ၏ အမွေခံ ဖြစ်သကဲ့ သို့ ဗုဒ္ဓ၏ တပည့်သာဝက ရဟန်းသည်လည်း ဗုဒ္ဓ၏ ရင်သွေးဖြစ်သကဲ့ သို့ ဗုဒ္ဓ၏ ခံတွင်းမှ မွေးဖွားလာပြီး  ဗုဒ္ဓ၏ ကိုယ်ပွား ဗုဒ္ဓ၏ အမွေခံ ဖြစ်ထိုက်သူ ဖြစ်ကြောင်း မိန့်ကြားချက် ဖြစ်လေသည်။)

(၃) ဗုဒ္ဓ က မိမိ ၏ ရူပကာယ ကို တပ်မက်စွဲလန်းနေသော ၀က္ကလိ ရဟန်း ကို ( အလံ ၀က္ကလိ ကိံ တေ ပုတိကာယေန ဒိဋ္ဌေန ယော ခေါ ၀က္ကလိ ဓမ္မ ပဿတိ သော မံ ပဿတိ ယော မံ ပဿတိ သော ဓမ္မံ ပဿတိ= အချင်း ၀က္ကလိ ငါ၏ ပုပ်စပ်တတ်သော ရူပ ကာယ ကို ရှုမြင် နေခြင်း ဖြင့် အချည်းနှီးသာတည်း။ ဓမ္မ ကို မြင်သူသည် ငါဘုရား ကို မြင်သူ ဖြစ်၏။ ငါဘုရား ကို မြင်သူသည် ဓမ္မ ကို မြင်သူဖြစ်၏) ဟု ဟောကြားခဲ့ သည် ကို ထောက်၍ ဗုဒ္ဓ၏ဟူသည်မှာ ပုပ်စပ်တတ်သော ရူပကာယ မဟုတ်ကြောင်း ဓမ္မ သာ ဖြစ် ကြောင်း ညွှန်ပြထား၏။

(၄) အဂုင်္တ္တိုရ် နိကာယ် ဒေါဏိသုတ် တွင် ဒေါဏိ ပုဏ္ဏား က ဗုဒ္ဓ၏ ခြေတော်ရာ မှ ပုံတောင်း အကန့်အထောက် အပြည့် နှင့် စကြာလက္ခဏာတော် ကို တွေ့မြင်သော အခါ ရဟန်းဂေါတမ သင်သည် လူလော နတ်လော ဂန္ဓဗ္ဗလော ဟု မေးရာ ဗုဒ္ဓ က မိမိ သည် လူ လည်းမဟုတ် နတ် လည်းမဟုတ် ဂန္ဓဗ္ဗ လည်းမဟုတ်ကြောင်း မိမိ သည် ဘ၀သစ်အဆုံး ကို ပြုပြီးသော လားရာ ဂတိမရှိတော့သည့် တထာဂတ သာ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့၏။

(၅) အဋ္ဌသာလိနီ အဋ္ဌကထာ တွင် ဗုဒ္ဓ က အဘိဓမ္မာ ဒေသနာတော် ကို တာဝတိံသာ နတ်ပြည်တွင် ဟောကြားရာ၌ မြောက်ကျွန်းသို့ ဆွမ်းခံရန် ဆင်းကြွသက်တော်မူလေတိုင်း ကိုယ်ပွား နိမ္မိတကာယ တစ်ဆူ ကို ဖန်ဆင်းလျှက် ထားခဲ့ ကြောင်း ထို နိမ္မိတကာယ ကို အဆင့်မြင့်သော နတ် ဗြဟ္မာ များသာ ဖူးမြင်နိုင်ကြောင်း ရေးသားထား၏။

အထက်ပါအချက်များ ကို ထောက်ဆ လျှင် ရှေးဦးဗုဒ္ဓ၀ါဒ သည် ဗုဒ္ဓရှင်တော်ကို လူသားစင်စစ် အသွင်ဖြင့် လက်ခံသော် လည်း သာမန်လူသားလွန် တန်ခိုးသတ္တိရှင် အဖြစ် ဖေါ်ပြခဲ့သည်ကို တွေ့ရ၏။

မဟာသံဃိက ဂိုဏ်း ၏ ဗုဒ္ဓကာယ အမြင်
ရှင်တော်ဗုဒ္ဓ ၏ အသွင်သဏ္ဍာန် ကို ဤမျှ အဆန်းတကြယ် ရေးဖွဲ့သီကုံးမှု မှာ နောက်ပိုင်း မဟာယာနစာပေများ၏ ပဓါန လက္ခဏာ တစ်ရပ်သဖွယ် ဖြစ်နေပြီး ယင်း ကို ရှေးဦး မဟာသံဃိက ဂိုဏ်း မှ အမွေဆက်ခံ ခဲ့ ပုံရ၏။ ရှင်တော်ဗုဒ္ဓ ၏ အသွင်သဏ္ဍာန် နှင့်ပတ်သက်၍ ရှေးဦး မဟာသံဃိက ဂိုဏ်း သည် ရှေးဦးဗုဒ္ဓ၀ါဒ နှင့်ကွဲပြားခြားနားစွာ တင်ပြလာခဲ့ သော ဂိုဏ်း ဖြစ်သည် ကို တွေ့ ရ၏။

(၁) ရှေးဦးဗုဒ္ဓ၀ါဒတွင် ဗုဒ္ဓ သည် လောကီအာရုံ ဖြစ်၏။ ဗုဒ္ဓ သည် မိမိ ကိုယ်တိုင် လောက ကို မကပ်ငြိသော်လည်း လောကသား တို့ ကမူ ဗုဒ္ဓ ကို တဏှာဥပါဒါန် အားဖြင့် စွဲလမ်းနိုင်သေးသော ကြောင့် အာသ၀ တရား တို့ ၏ ရင်းမြစ် အဖြစ်မှ မလွန်မြောက်နိုင်သေး ဟု ခံယူ၏။  မဟာသံဃိက ဂိုဏ်း အတွက်မူ ဗုဒ္ဓ သည် လောကုတ္တရာ အာရုံဖြစ်၏။ ဗုဒ္ဓ သည် ကိလေသာ အာဝရဏတရား မှန်သမျှ ကို သုတ်သင်ဖယ်ရှားသန့်စင်ပြီးသူ ဖြစ်သော ကြောင့် ဗုဒ္ဓ၏ လောကတွင်း တည်ရှိနေမှု သည် အပြစ်ဒေါသ မှန်သမျှ ကင်းစင်နေ၏။ လောကသားတို့ ၏ ကို တဏှာဥပါဒါန် အားဖြင့် စွဲလမ်းမှု အားလုံး မှလည်း လွန်မြောက်နေ ပေသည်။

(၂) ရှေးဦးဗုဒ္ဓ၀ါဒ တွင် ဗုဒ္ဓသည် ၀ိမုတ္တဥာဏ် နှင့် လောကုတ္တရာ တရားဓမ္မ များ ကို သင်ကြားပို့ချသည့် နည်းတူ သတ္တ၀ါ တို့ ပါရမီ အလိုက် ဆိုင်ရာ လောကီ ကထာများ ဒါန သီလ ဆိုင်ရာများ ကို လည်း လိုအပ်သလို ဟောကြား တတ်၏။ မဟာသံဃိက ဂိုဏ်း အမြင် အရ မူ ဗုဒ္ဓ ၏ ဟောသမျှ ၀စန မှန်သမျှ သည် ၀ိမုတ္တဥာဏ် နှင့် လောကုတ္တရာ တရားဓမ္မ များ သာ ဖြစ်ကြ၏။

(၃) ရှေးဦးဗုဒ္ဓ၀ါဒ တွင် ဗုဒ္ဓသည်  သမန်လူများထက် သာလွန်သော မဟာပုရိသဖြစ် ပြီး မိမိ ၏ သီးခြား အာဝေဏိက ဂုဏ်တော်များ စွမ်းရည်များ ရှိသော်လည်း ဗုဒ္ဓ ၏ စွမ်းအား သည် အကန့်အသတ် ရှိ၏။ မဟာသံဃိက ဂိုဏ်း အတွက်မူ ဗုဒ္ဓ ၏ ရူပကာယတော် နှင့် တန်ခိုးပြာဋိဟာ တို့၏ စွမ်းအား သည် အကန့်အသတ် လုံးဝ မရှိ ချေ။

(၄) ရှေးဦးဗုဒ္ဓ၀ါဒ တွင် ဗုဒ္ဓသည်  ကိလေသာကုန်ပြီးသော ရဟန္တာ ဖြစ်သောကြောင့် အိပ်မက် မြင်မက်မှု မရှိသော်လည်း ဗုဒ္ဓ ၏ ရူပကာယတော် အခြား လူသားများ နည်းတူ ပင်ပန်းနွမ်းနယ်မှု ကြောင့် အနားယူ အိပ်စက် ရန်လိုအပ်၏။ မဟာသံဃိက ဂိုဏ်း အတွက်မူ ဗုဒ္ဓ ၏ ရူပကာယတော် သည် ပင်ပန်းနွမ်းနယ်မှု မရှိနိုင်သလို အိပ်စက်ရန်လည်း မလို ဟုယူဆကြ၏။

(၅) ရှေးဦးဗုဒ္ဓ၀ါဒ တွင် ဗုဒ္ဓသည်  မိမိ ၏ သဗ္ဗညုတဥာဏ်အစွမ်း ဖြင့် အရာရာ ကို ပိုင်းခြားဆင်ခြင် ထိုးထွင်းသိမြင်နိုင် သော် လည်း ဝေနေယျသတ္တ၀ါ များ အား ကယ်ချွတ်ရာ တွင် မည်သို့မည်ပုံ ကယ်ချွတ်သင့်သည့် နည်းလမ်း ကိုမူ တွေးတော ဆင်ခြင် ရသေးသည် ဟု ယူဆ၏။ မဟာသံဃိက ဂိုဏ်း အတွက်မူ ဗုဒ္ဓသည် တွေးတောဆင်ခြင်မှု ကြံစည် သုံးသပ်တွက်ချက်မှု တို့ ကို လွန်ပြီးသူ ဖြစ်သောကြောင့် မိမိ ၏ သဗ္ဗညုတဥာဏ်အစွမ်း ဖြင့် အရာရာကို အားထုတ်စရာ အထူးမလိုပဲ အလိုအလျှောက် တုန့်ပြန်နိုင်စွမ်းရှိသည် ဟု ယူဆ လေသည်။

မဟာသံဃိက ဂိုဏ်း ၏ ဗုဒ္ဓ အမြင် သည် ရှေးဦးဗုဒ္ဓ၀ါဒ မှ သိသာထင်ရှားစွာ ကွဲပြားခြားနားနေပြီး မဟာယာနဗုဒ္ဓဘာသာ ၏ ဗုဒ္ဓ ကာယ (၃) ပါဒ ရှေ့ပြေး ဗုဒ္ဓအမြင် ဖြစ်သည် ကို တွေ့ နိုင်ပါ၏။

သဗ္ဗတ္ထိဝါဒ ဂိုဏ်း၏ ဗုဒ္ဓကာယ အမြင်
သဗ္ဗတ္ထိဝါဒ သည် မူလ ရှေးဦးဗုဒ္ဓ၀ါဒ မှ ကွဲထွက်သော ဂိုဏ်းတစ်ခုဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓကာယဆိုင်ရာ အမြင်နှင့်ပတ်သက်၍ ရှေးဦးဗုဒ္ဓ၀ါဒ နှင့် များစွာ မကွာခြားချေ။ ယင်း ဂိုဏ်း၏ သက္ကဋပိဋကတ် အပြည်အစုံ မှာ ပျောက်ဆုံးခဲ့ပြီ ဖြစ်သောကြောင့် တရုပ်ပိဋကတ်ဘာသာပြန်ကို သာ ထောက်ထား၍ သဗ္ဗတ္ထိဝါဒ ဂိုဏ်း၏ ဗုဒ္ဓကာယ အမြင်ကို လေ့လာနိုင်မည်ဖြစ်ပါ၏။ သဗ္ဗတ္ထိဝါဒ ဂိုဏ်း၏ ဗုဒ္ဓကာယ အမြင် သည် ရှေးဦးဗုဒ္ဓ၀ါဒ ကဲ့သို့ပင် ဗုဒ္ဓ၏ ရူပကာယ နှင့် ဓမ္မကာယ ကို ခွဲခြားရှုမြင်၏။ ယင်း ဂိုဏ်း အတွက် ဓမ္မကာယ ဟူသည် ဗုဒ္ဓဟောကြားတော်မူခဲ့ သော ဓမ္မဒေသနာ စာပေ တို့ ၏ အစုအဝေးပင်ဖြစ်၏။ သဗ္ဗတ္ထိဝါဒ ဂိုဏ်း၏ ဗုဒ္ဓကာယ အမြင် ကို ယင်းဂိုဏ်း ၏ ဗုဒ္ဓ၀င်ကျမ်း ဖြစ်သော ဒိဗျာဝဒါန တွင် အနည်းငယ်တွေ့နိုင်ပေသည်။ သောဏကောဋိကရဏ သည် မိမိ ဆရာဂုရု၏ ကျေးဇူးကြောင့် ဗုဒ္ဓ၏ ဓမ္မကာယ = အရဟတ္တမဂ်ဥာဏ် ကို မြင်တွေ့ နိုင်သော်လည်း ရူပကာယ ကို ပါ ဖူးတွေ့လိုသောကြောင့် ဘုရားရှင် သီတင်းသုံးတော်မူရာ အရပ်သို့ ကြွရောက်ရကြောင်း ဖေါ်ပြထားသည် ကို ထောက်၍ ဓမ္မကာယ နှင့် ရူပကာယ ကို သီးခြား ခွဲမြင် ပုံ ကို တွေ့နိုင်၏။ ထိုနည်းတူ အရှင်ဥပဂုတ္တမထေရ် သည် မိမိ၏ အရဟတ္တမဂ်ဥာဏ်ဖြင့် ဗုဒ္ဓ၏ ဓမ္မကာယ ကို မြင်တွေ့သော်လည်း ရူပကာယ ကို ဖူးမြင်လိုသောကြောင့် မာရ်နတ် ကို ဘုရားရှင်၏ ရုပ်ပုံလွှာ (၀ိဂ္ဂဟ) ကို ဖန်ဆင်းပြသခိုင်း ကြောင်း လည်း ဖေါ်ပြထား၏။

လလိတာဝတ္တာရ ကျမ်းမှ ဗုဒ္ဓကာယ အမြင်
လလိတာဝတ္တာရ ကျမ်းမှ ဗုဒ္ဓကာယ အမြင်တွင် ဗုဒ္ဓ သည် ပကတိလူသားထက် ပိုလွန်နေသော သဘာဝလွန်ပုဂ္ဂိုလ်ထူး အသွင် စတင် ဖြစ်ပေါ်လာ သောလည်း မဟာယာနဗုဒ္ဓဘာသာ၏ ဗုဒ္ဓကာယ (၃) ပါး အယူအဆများနှင့် မူ အတန်ငယ် ဝေးကွာနေသေးသည်ဟုဆိုနိုင်ပါ၏။ လလိတာဝတ္တာရ ကျမ်းမှ နောက်ဆုံး အခန်း (၂) ခန်းတွင်မူ တထတာ အယူအဆ ကို ဖေါ်ပြထားသည်ကို တွေ့ရ၏။ လောကာနုဝတ္တန(သတ္တလောကသို့ အစဉ်လိုက်ခြင်း၊ သတ္တလောက၏-အလေ့အကျက်-အကျင့်-သို့ အစဉ်လိုက်ခြင်း) သဘောအရ မြတ်စွာဘုရားသည် လူသားလောက၌ ပွင့်ထွန်းလာခြင်း ဖြစ်ပြီး မိမိ အလို တော် ရှိပါက မြင့်မြတ်သော ဘုံဋ္ဌာနများတွင် သီးသန့်နေသန့်စင်လျှက် သီတင်းသုံးပြီး နိဗ္ဗာန်စံဝင်နိုင်ကြောင်း ကိုလည်း လလိတာဝတ္တာရ ကျမ်းမှာ ဖေါ်ပြထားပါ၏။ ကျမ်း၏ တစ်နေရာ၌ မိမိ သည် မိခင်ဖြစ်သူ မာယာဒေ၀ီ၏ ၀မ်းကြာတိုက်ဝယ် စံနေစဉ်က အများသတ္တ၀ါတို့ ကဲ့သို့ ၀မ်းတွင်း အညစ်အကြေးများ လိမ်းကျံလျှက် မနေပဲ ရတနာ ရွှေကြုတ်တော် အတွင်း စံနေကြောင်း ဗုဒ္ဓ က ရှင်အာနန္ဒာ ကို ဟောပြဟန် ရေးဖွဲ့ ထား၏။ လလိတာဝတ္တာရ ကျမ်း၏ နောက်ဆုံးအခန်း တွင် ဗုဒ္ဓ၏ ဂုဏ်တော်များ ကို ဖေါ်ကျူးရာ၌ ဗုဒ္ဓ သည် ဓမ္မကာယ အသိဥာဏ် ကို ပိုင်ဆိုင်သောကြောင့် ကြီးမြတ်သောသစ်ပင် (မဟာဒါရုမ) ဟုခေါ်နိုင်ကြောင်း ဖေါ်ပြထား၏။

အဘိဓမ္မာကောသ ကျမ်းမှ ဗုဒ္ဓကာယ အမြင်
အရှင်ဝသုဗန္ဓု စီရင်သော သဗ္ဗတ္ထိဝါဒအဘိဓမ္မာ အနှစ်ချုပ် အဘိဓမ္မာကောသ ကျမ်း တွင် ဗုဒ္ဓကာယ အမြင် ကို ရူပကာယ နှင့် ဓမ္မကာယ ခွဲခြားဖေါ်ပြခဲ့၏။ သရဏဂုံ (၃) ပါး နှင့် စပ်လျဉ်း၍ ဗုဒ္ဓ ဓမ္မ နှင့် သံဃ တို့ ၏ အနှစ်သာရတရားကိုယ် အနက် များ ကို ဖွင့်ဆိုရှင်းပြခဲ့၏။ ဗုဒ္ဓ ဟူသည်မှာ ဓမ္မ၏ ပကတိ အမှန်သဘော ကို သိသူ ဟူသော အဓိပ္ပါယ် ကို ဆောင် သကဲ့သို့ ဓမ္မ ဟူသည်မှာ လည်း ကိလေသာကုန်ဆုံးမှု ကို သိမြင်ခြင်း (ခယဥာဏ) ဘ၀သစ် ဆင်းရဲ မဖြစ်ပေါ်ပဲချုပ်ငြိမ်းမှု ကို သိမြင်ခြင်း (အနုပ္ပါဒဥာဏ) တို့ သာ ဖြစ်၏။ အဆိုပါ ဓမ္မများ ၏ တည်ရာ သန့်စင်သော လွတ်မြောက်ပြီး သော နိဿရဏခန္ဓာများ သည် သံဃာ ၏ အနက်အဓိပ္ပါယ် ဖြစ်၏။ဤသို့လျှင် ဗုဒ္ဓ ဓမ္မ နှင့် သံဃာတို့ သည် အတွင်း သဘော ဆက်နွယ်မှု ရှိနေကြ၏။ ကောင်းမွန်မြင့်မြတ်သော ဓမ္မတရား အစုအဝေး သည် ဓမ္မကာယ ပင်ဖြစ်ကြောင်း အရှင်ဝသုဗန္ဓု က သက်သေပြခဲ့၏။

အဘိဓမ္မာကောသကျမ်း၏ အလိုအရ ဗုဒ္ဓအဖြစ်ကို ရရှိခြင်းကြောင့် ဗောဓိသတ္တ၏ ရူပကာယ တွင် မည်သည့်ပြောင်းလဲမှု မှ မဖြစ်ပေါ်သောကြောင့် ရူပကာယသည် ကိုးကွယ်အားထားရာ မဟုတ်ပဲ ဗုဒ္ဓ၏ ဥာဏ်တော် နှင့် ဂုဏ်တော် များ သည် သာ ဓမ္မကာယ ဖြစ်၍ ကိုးကွယ်အားထားရာ ဖြစ်ကြောင်းကို တင်ပြခဲ့လေသည်။

သစ္စသိဒ္ဓိ ဂိုဏ်း ၏ ဗုဒ္ဓကာယ အမြင်
ရှေးဦး ဗုဒ္ဓဘာသာဂိုဏ်းကွဲ တစ်ခု ဖြစ်သော သစ္စသိဒ္ဓိ ဂိုဏ်း ၏ ဗုဒ္ဓကာယ အမြင် သည် ပြဆိုခဲ့လေပြီးသော သဗ္ဗတ္တိဝါဒ ဂိုဏ်း ၏ အမြင် နှင့် များစွာ ခြားနားမှု မရှိချေ။ သစ္စသိဒ္ဓိ ဂိုဏ်း ၏ အလိုအရ ဓမ္မကာယ ဟူသည်မှာ သီလ သမာဓိ ပညာ ၀ိမုတ္တိ နှင့် ၀ိမုတ္တိဥာဏဒဿန တို့၏ အစုအဝေးသာဖြစ်၏။ ယင်းအမြင် ကို ရှင်မဟာဗုဒ္ဓဃောသ နာဂဇ္ဇုန နှင့် မိလိန္ဒပဥှာ တို့ ကလည်းထောက်ခံ၏။ [3]သီလ သမာဓိ ပညာ ၀ိမုတ္တိဥာဏဒဿန တို့အားဖြင့် ဗုဒ္ဓ ၏ ခန္ဓာ ၅ ပါး တို့သည် သန့်စင်လွတ်မြောက်မှု ကို ရသော ကြောင့် ဖလူပစာရ အားဖြင့် ၎င်းတို့ သည် ဓမ္မကာယ ဖြစ်ကြ၏။ သို့သော်လည်း ဤသို့သော် ဂုဏ်ရည်များ သည် ရဟန္တာ တိုင်းတွင် အညီအမျှ ရှိသော ကြောင့် ဘုရားရှင်များနှင်သာ စပ်ဆိုင်သော သီးသန့် အာဝေဏိက ဂုဏ်တော်များ ကို ရေတွက်ဖေါ်ပြခဲ့၏။ ယင်း ဂုဏ်တော်တို့ အနက် ဗုဒ္ဓ၏ အားတော် (၁၀)ပါး =ဒသဗလ ရဲရင့်ခြင်း (၄)ပါး အာဝေဏိက ဂုဏ်တော် (၁၈) ပါး စသဖြင့် ဖေါ်ပြထားသည် ကို တွေ့ရ၏။

မဟာယာနဗုဒ္ဓဘာသာ ၏ ကာယသုံးပါး အမြင် ပေါ်ထွန်းခြင်း
မဟာယာနဗုဒ္ဓဘာသာ ၏ အဓိကကျသော ထူးခြားချက်တစ်ခု ကို ပြပါဆိုလျှင် ရှေးဦးဗုဒ္ဓ၀ါဒ ၏ ဗုဒ္ဓရှင်တော် ကို လူသား စစ်စစ် အဖြစ် ယူဆခဲ့ မှု မှ သိသာထင်ရှားစွာ လမ်းခွဲ ထွက်လာခဲ့ ခြင်း ပင် ဖြစ် သည် ဟုဆိုနိုင်ပေသည်။ ရှေးဦးဗုဒ္ဓ၀ါဒ ၏ သုတ္တန်များစွာ တွင် ကျွန်ုပ် ဤသို့ ကြားနာခဲ့ရဖူးပါ၏ (ဧ၀ံ မေ သုတံ) ဟူသော ၀ါကျ ဖြင့် အစချီ ပြီးနောက် သာမန် လူ့လောက ၀န်းကျင် အတွင်း မှ ဗုဒ္ဓ၏ ဟောကြား သင်ပြမှု များ ကို တွေ့ရမည် ဖြစ်သော်လည် မဟာယာနသုတ္တန်များ တွင် မူ ဗုဒ္ဓ ကို သာမန်လူသား ထက် လွန်ကဲမြင့်မား နေသော ထာဝရဘုရားရှင် အသွင် ဖြင့် ဖူးမြင်ရပေမည်။ အောက်ပါ မဟာယာန ဝေပုလ္လ တထာဂတဂဗ္ဘ သုတ္တန် ၏ အဖွင့် ရေးသားချက် ကို လေ့လာကြည့်လျှင် သိနိုင်၏။

“ကျွန်ုပ် ဤသို့ ကြားနာခဲ့ရဖူးပါ၏။ အခါတစ်ပါးတွင် မြတ်စွာဘုရားသခင် သည် ရာဇဂြိုဟ် မြို့ ဂိဇ္ဇကုဋ် တောင်တော်ဝယ် တည်ရှိသော စန္ဒန ၏ ရတနာစန္ဒြ ပြဿဒ်ပြိုင် ၌ သီတင်းသုံးတော်မူနေ၏။ထိုကာလ သည်ကား ဘုရားအဖြစ်သို့ရောက်တော်မူပြီး (၁၀) ၀ါမြောက် သော ကာလဖြစ်၏။ တစ်သိန်းမျှ အရေအတွက်ရှိသော ဘိက္ခု ရဟန်းများ နှင့် ဂင်္ဂါသဲစု ၏ အဆပေါင်း ၆၀ ပမာဏ မက များပြားစွာ သော ဗောဓိသတ္တ-မဟာသတ္တ အပေါင်းတို့ သည်လည်း မြတ်စွာဘုရားသခင် ကို ဖူးမျှော်ခစား လျှက်သာ နေကြကုန်၏။
ယင်း ဗောဓိသတ္တ-မဟာသတ္တ အပေါင်းတို့သည် ကြီးမားများပြားလှစွာသော ဓမ္မဗလ များ ပိုင်ဆိုင်ကြ၏။ နိယုတ ကုဋေ တစ်ထောင် မက သော ရှင်တော်ဗုဒ္ဓ အဆူဆူ တို့အားလည်း ဖူးမျှော်ပြီးသူများ ဖြစ်ကုန်၏။ ပြန်လည်မလျှောကျနိုင်သော ဓမ္မစက် ကို လည်ပြီးစေ သူများ ဖြစ်ကြကုန်၏။ ယင်း ဗောဓိသတ္တ-မဟာသတ္တ အပေါင်းတို့၏ ဘွဲ့နာမတော်များ ကို ကြားဖူးရုံမျှ နှင့်ပင် သမ္မာသမ္ဗောဓိဥာဏ် အထူး ကို ရရှိနိုင်ရန် အကြောင်း အထောက်အပံ့ ဖြစ်နိုင်ချေသေး၏။ ၎င်းတို့ ၏ ဘွဲ့နာမတော်များ မှာ ( ၅၀ မက များပြားသော ဗောဓိသတ္တ-မဟာသတ္တ အပေါင်းတို့၏ ဘွဲ့ အမည်များ ကို ရေတွက် ပြထားလေသည်…..)

ဂင်္ဂါသဲစု ၏ အဆပေါင်း ၆၀ ပမာဏ မက များပြားစွာသော ဗောဓိသတ္တ-မဟာသတ္တ အပေါင်းတို့ နှင့် အတူ ယင်းတို့ ၏ အလုပ်အကျွေး များ အခြွေအရံ များ ဖြစ်သော မရေမတွက်နိုင်ကုန်သော ဒေ၀တာများ၊ နဂါးများ၊ ရက္ခိုက် များ၊ ဂန္ဓဗ္ဗ များ ၊ အသူရာ များ၊ ဂဠုန်များ ကိန္နရာများ နှင့် မဟောရာဂများ တို့သည်လည်း မြတ်စွာဘုရားသခင် ကို ဖူးမျှော်ခစား လျှက်သာ နေကြကုန်၏။ ဤသို့လျှင် ကြီးကျယ်များပြားလှစွာသော ပရိသတ် အပေါင်းတို့သည် လောကသုံးပါးထိပ်ပန် မြတ်စွာဘုရားသခင် ကို ဖူးမျှော်ခစား လျှက်သာ နေကြကုန်၏။။

ထိုအခါ၌ စန္ဒန ၏ ရတနာစန္ဒြ ပြဿဒ်ပြိုင် ၌ သီတင်းသုံးတော်မူနေသော မြတ်စွာဘုရားသခင်သည် ဓမ္မပလ္လင်တော်ထက်ဝယ် ထက်ဝယ်ဖွဲ့ခွေထိုင်နေတော်မူလျှက် တစ်ခုသော မဟာသမာဓိ ကို ၀င်စားတော်မူလျှက် ဆန်းကြယ်လှစွာသော တန်ခိုးပြာဋိဟာ တို့ ကို ပြသ တော်မူလေ၏။ လှည်းဘီး အ၀န်း ပမာဏခန့်ကြီးမားသော ပွင့်ချပ်များရှိကြသည့် ထောင်ပေါင်းများစွာ သော ကြာပန်းများ ဖူးပွင့် လာ လေ၏။ အချို့သော ကြာဖူးများ မှာ မပွင့်အာသေးပဲ ဒေ၀ဋ္ဌာန် မှ ဒေ၀တာ များစွာ ကို ဖုံးကွယ်ထား လေ၏။ ထို ကြာပန်းများ သည် အလွန်လှပ မွှေးပျံ့ကြိုင်သင်းလျှက် ရှိပြီး မိုးကောင်းကင်ထက်သို့ မြင့်မားစွာ ငွားစွင့်ပွင့်အာကြလျှက် အချို့သော ကြာဖူးကြာငုံ တို့သည်ကား မြေပြင်ဖက်သို့ တွဲရရွဲ ပန်ဆိုင်းဆွဲ လျှက် တည်နေပုံ မှာ ပုလဲရတနာ အတိပြီးသော ကောင်းကင် ဗိတာန်ကျက်ထား သည့် ပမာ နှယ်သာ ဖြစ်ကုန်၏။ ထို ကြာပန်းများ သည် အဆုံးအပိုင်းအခြားကင်းသော ရောင်ခြည် အသွယ်ကို ထုတ်လွှတ်လျှက် ပို၍ ပို၍ သာ ကြီးထွားရှင်သန် လာကြလေ၏။ သို့သော်လည်း မြတ်စွာဘုရားသခင်၏ အနှိုင်းမဲ့တန်ခိုးတော် အားဖြင့် ထို ကြာပန်းများ သည် သွေ့ခြောက်ညိုးလျော်လျှက် ပျောက်ကွယ် သွားကြပြိးလေ လျှင် အတွင်း၌ ကိန်းဝပ်စံပယ် နေသော ဗောဓိသတ္တများ မဟာသတ္တများ နှင့် ဒေ၀တာ များ ဟည် မိမိတို့ ၏ သည် အဆုံးအပိုင်းအခြားကင်းသော ရောင်ခြည် အသွယ်ကို ထုတ်လွှတ်လျှက် ပေါ်ထွက်လာကြ လေကုန်၏။ ”

အထက်ဖေါ်ပြပါ သုတ္တန်ကိုးကားချက် ကို လေ့လာကြည့်လျှင် မဟာယာနဗုဒ္ဓဘာသာ၏ ဗုဒ္ဓ အမြင် သည် ရှေးဦးဗုဒ္ဓ၀ါဒ ၏ လူသားဗုဒ္ဓ အသွင်မှ လုံးဝကွဲပြားခြားနားစွာ ဖေါ်ကျူးထားပုံ ကို တွေ့မြင်နိုင်၏။ဗုဒ္ဓ၀င်အဋ္ဌကထာ စသော နှောင်းခေတ် ပါဠိစာပေ များ တွင် တွေ့ရသော ရှင်တော်ဗုဒ္ဓ ကို အတိဿယ၀ုတ္တိ အားဖြင့် အလွန်အကျုး ဖွဲ့ဆို ရေးသားမှု များသည်လည်း ဤသို့သော မဟာယာနသုတ္တန်များ ကို ထင်ဟပ်နေပေသည်။

နိမ္မာနကာယ
မဟာယာနဗုဒ္ဓဘာသာ ၏ ကာယ သုံးပါး အမြင်သည် ရှေးဦးဗုဒ္ဓ၀ါဒ ဂိုဏ်းများ ၏ ရူပကာယ နှင့် ဓမ္မကာယ အမြင် ကို အမွေခံယူကာ တိုးချဲ့တင်ပြထားသည်ကို တွေ့ ရ၏။ ရူပကာယ နှင့် ဓမ္မကာယ တို့ အပြင် သမ္ဘောဂကာယ ကို ပါ ထည့်သွင်းရေတွက်ထား သည်ကို တွေ့ရ၏။ ရှေးဦးဗုဒ္ဓ၀ါဒ ၏ အသွေးအသားနှင့် ဖြစ်တည်သော လူသားဗုဒ္ဓအယူ ကို ပယ်လျှက် ဗုဒ္ဓသည် လောကသားတို့ အကျိုးငှာ လောကတံထွာ အတိုင်း အစဉ်လိုက်၍ (လောကာနုဝတ္ထာန အားဖြင့်) လူသား သဏ္ဍာန် ဆောင်ပြထားခြင်းသာဖြစ်သည်ဟု ဆိုပါသည်။ ရူပကာယ နှင့် သက်ဆိုင်သော မဟာယာန အမြင်သည် မဟာသံဃိကဂိုဏ်း၏ အမြင်နှင့် ထပ်တူဖြစ်၏။

ရှေးဦးမဟာယာနသုတ္တန် ဖြစ်သော ပဉ္စ၀ိံသတိကာ ပညာပါရမိတာသုတ္တန် တွင် ဗောဓိသတ္တ တို့ သည် ကာလကြာမြင့်စွာ ပါရမီတော်များ ကို ဖြည့်ဆည်းပြီးနောက် သမ္မာသမ္ဗုဒ္ဓ ဘုရားများ ဖြစ်လာကြရာဝယ် လောကဓါတု အပေါင်း သို့ မိမိ တို့ ၏ နိမ္မာနိကကာယ များ ကို ဖန်ဆင်း စေလွှတ်လျှက် တရားမိုး ကို သွန်းဖြိုးစေ ကြောင်း ဟောကြားထားသည်ကို တွေ့ ရ၏။[4]

သဒ္ဓမ္မပုဏ္ဍရိကာ သုတ်တွင် မေတ္တေယျ က လုလင်တစ်ဦး အသွင်ဖြင့် ဗုဒ္ဓကို မေးမြန်းလျှောက်ထားပုံကို ဖေါ်ပြထား၏။
နှစ်ပေါင်း အနည်းငယ် အတွင်း ဗုဒ္ဓရှင်တော်၏ ဆောင်ရွက်ချက်များ မည်သို့ များပြားကျယ်ပြန့်စွာ အောင်မြင်ခဲ့ ကြောင်း ကို မေးမြန်ါ်လျှောက်ထားရာ ဗုဒ္ဓရှင်တော် က ပြန်လည် ဖြေကြားတော်မူရာ တွင် မိမိ သည် ရှေး အတီတေ က ပင် ဗောဓိဥာဏ် ကို ရရှိပြီး ဖြစ်ကြောင်း ဒီပင်္ကရာဘုရားရှင်ထံ မှ စတင်၍ ပါရမီ ဖြည့်ကျင့်ရသော ဘ၀ များစွာ တို့ ဆို သည် မှာ ဝေနေယျသတ္တ၀ါများ နားလည် သဘောပေါက်စေရန် အင်္လကာတန်ဆာဆင်၍ ဟောပြချက် များ သာ ဖြစ်ကြောင်း (ဥပါယကောသလ္လ ဓမ္မဒေသနာဘိနိဟာရာ နိမိတ္တာနိ) မိမိ ၏ ဖွားတော်မူခြင်း တောထွက်တော်မူခြင်း ဒုက္ကရစရိယာ ကျင့်တော်မူခြင်း ဘုရားဖြစ်တော်မူခြင်း ဓမ္မစကြာလည်စေခြင်း နှင့် နောက်ဆုံး မဟာပရိနိဗ္ဗာန် စံဝင် တော်မူခြင်း စသည် ဖြစ်တော်စဉ်တို့ မှာ လည်း ဝေနေယျသတ္တ၀ါ ကုသိုလ် ကမ္မပထ တရားများ တိုးတက်ပွားစီး စေရန် ဆောင်ယူပြသော ရုပ်သွင်များ သာ ဖြစ်ကြောင်း တင်ပြထားလေသည်။ သို့ရာတွင် ဝေနေယျသတ္တ၀ါ တို့ အတွက်တထာဂတ ဘုရားရှင် က ဟောမြွက်ပြဆို မှု များ အမှန်ပင်ဖြစ်သော် လည်း ဝေနေယျသတ္တ၀ါ တို့ ၏ ကံ ပါရမီ အကန့်အသတ် တို့ အားဖြင့် သာ ဓမ္မ ကို သိမြင်ရကြောင်း နှင့် ဝေနေယျသတ္တ၀ါ တို့ က သိရှိဖူးမြင်ရသော ဗုဒ္ဓ ဟူသည် မှာ ပကတိဗုဒ္ဓအစစ် (ဓမ္မကာယ) မဟုတ်ပဲ ဝေနေယျသတ္တ၀ါ တို့ ကံအားလျှော်စွာ အာရုံ၌ ဖေါ်ပြလာသော နိမ္မာနကာယ ရုပ်သွင် များသာ ဖြစ်ကြောင်း တင်ပြထား၏။

ထိုနည်းတူ သုဝဏ္ဏပဘာသုတ် တွင်လည်း ရုစိရကေတု နှင့် ကောဏ္ဍိလျ မည်သော ဗောဓိသတ္တ နှစ်ဦး က ဗုဒ္ဓရှင်တော် သည် များစွာသော ကုသိုလ်ကံပါရမီ အဆောက်အဦ ရှိသော်လည်း အဘယ်ကြောင့် သက်တော် တိုတောင်းရ သနည်း ဟူ၍မေးမြန်း သည်ကို ဖေါ်ပြထား၏။ ကောဏ္ဍိလျ ဗောဓိသတ္တ သည် မုန်ညင်းစေ့ပမာဏခန့်မျှ သော် ဗုဒ္ဓ၏ ဓါတ်တော် ကို ဖူးမျှော် ပူဇော်ရန်ရှာဖွေနေသူ ဖြစ်၏။ ရုစိရကေတု ကို သောင်းတိုက်သော စကြာဝဠာတို့မှ ဗုဒ္ဓအရှင်တို့က သကျမုနိ ဗုဒ္ဓရှင်တော်၏ သက်တော် ကို ခန့်မှန်းရန်အလုပ်မှာ မဟာ သမုဒ္ဒရာ အတွင်းမှ ရေစက်ပေါက်ပမာဏ ကို ခန့်မှန်းရန် ကြိုးစားနေဘိသကဲ့သို့ဖြစ်ကြောင်း မြင့်မိုရ်တောင် ကို အမှုန့်ကြိတ်ချေလျှက် ရရှိသော အမှုန် တို့ ကို ရေတွက် နေ သကဲ့သို့ ဖြစ်ကြောင်း နှင့် လောက ရှိ မည်သည့်လူ နတ် ဗြဟ္မာ မျှ ဤသို့ ရေတွက်ခြင်းငှာ မစွမ်းနိုင်ကြောင်း ဟောပြ ကြလေ၏။

ကောဏ္ဍိလျ ဗောဓိသတ္တ ကိုလည်း မုန်ညင်းစေ့ပမာဏခန့်မျှ သော် ဗုဒ္ဓ၏ ဓါတ်တော် ကို ဖူးမျှော် ပူဇော်ရန်ရှာဖွေနေ ခြင်းသည် စင်စစ် အချည်းနှီးသာ ဖြစ်ကြောင်း ရှင်းပြကြဟန် ဖေါ်ပြထားလေသည်။ တထာဂတ ဟူသည် အစမရှိ အနာဒိ အဆုံးမရှိ အနန္တ ဖြစ်သောကြောင့် ပကတိ မရှိသော ရူပကာယ၏  ဓါတ်တော်ဟူ၍ မရှိနိုင်ကြောင်း နှင့် နိမ္မာနကာယ ဟူသည် ဝေနေယျတို့ အလို့ငှာ သာယာယီ ဖန်ဆင်းထားသော ရုပ်သွင်ဖြစ်ကြောင်း အမှန်တကယ် အားဖြင့် ဗုဒ္ဓ= တထဂတ ဟူသည် ဓမ္မကာယ သာ ဖြစ်ကြောင်း ဓမ္မဓါတု သာ ဖြစ်ကြောင်း ဟောပြကြလေသည်။ (Dutt , p. 113)

နာဂဇ္ဇုန ၏ မဟာပညာပါရမိတာသျှတ္တရ ကျမ်းတွင်မူ ဗုဒ္ဓ တွင် ရူပကာယ နှင့် ဓမ္မကာယ ရှိကြောင်း ကို တင်ပြပြီးလျှင်
ရူပကာယ သည် လူသားမိဘ နှစ်ပါးမှ ပေါက်ဖွားလာသော လူသားစစ်စစ် ကိုယ်ကာယ ဖြစ်ပြီး လူသားဘ၀ ၏ ဝေဒနာများ ကို ခံစားရကြောင်း ဓမ္မကာယ မှာ မူ ရာဇဂြိုလ် တွင် စတင်ပေါ်ထွန်းလာခဲ့ကြောင်း တင်ပြထားသည် ကို တွေ့ရ၏။

ဝိညတ္တိမတ္တတာသိဒ္ဓိ ကျမ်း ကို ပြုစုသော ၀သုဗန္ဓု က ==နိမ္မာနကာယ ကို ဖန်ဆင်းရခြင်း မှာ သာဝကများ ပစ္စေကဗုဒ္ဓများ နှင့် အဆင့်နိမ့်သော ဗောဓိသတ္တများ အတွက် သာဖြစ်ကြောင်း တထာဂတ သည် မိမိ ကိုယ်မိမိ နှစ်သက်သော အသွင် မာယာဝိရူပ ဖြင့် ဖေါ်ဆောင်နိုင်ကြောင်း သကျမုနိ အသွင်ဖြင့် ဖြစ်စေ ရှင်သာရိပုတ္တရာ ရှင်သုဘူတိ စသော သာဝက များ၏ အသွင် ဖြင့် ဖြစ်စေ ဖေါ်ဆောင်နိုင်ကြောင်း ထို့ကြောင့် သာ လျှင် ရံခါ၌ သုတ္တန်များ တွင် ရှင်သာရိပုတ္တရာ ရှင်သုဘူတိ စသော သာဝက များက (မိမိ တို့ အစွမ်း ဖြင့် မသိအပ်သော) မဟာယာန တရားတော်များ ကို ဖွင့်ဆိုရှင်းပြ ဟောကြားနေခြင်း မှာ ဤ နိမ္မာနကာယတော် ၏ တန်ခိုးသာလျှင်ဖြစ်၏။

အဘိသမယလင်္ကာရကာရိကာ ကျမ်း အလိုအရ မူ==တထာဂတ၏ ကာယ ကို (၄) ပါးခွဲထား၏။ ၎င်းတို့မှာ နိမ္မာနကာယ သမ္ဘောဂကာယ ဓမ္မကာယ နှင့် ယင်းတို့ အားလုံး ကို လွှမ်းခြုံသော သဘာာဝိကကာယ တို့ ဖြစ်လေသည်။သဘာဝိက ကာယ သည် သာ အစွန်းဆုံးအရှိတရား ဖြစ်ပြီး ကျန် ကာယများ သည် သမ္မုတိယ နယ်ပယ်တွင် အကျုံးဝင်ကြောင်း နှင့် ယင်းတို့ သည် သာဝက များ နှင့် ဗောဓိသတ္တများ အပါအ၀င် ဝေနေယျသတ္တ၀ါတို့ အတွက် သာဖြစ်ကြောင်း ဖေါ်ပြထား လေသည်။

ဤကျမ်း၏ အလိုအရ နိမ္မာနကာယ သည် ပကတိသဘာဝတ္ထ ကိုယ်ခန္ဓာ နှင့် မခြား မပြား သော်လည်း လောကီသံသရာ မှ လွန်မြောက်နေသော တရား (အ-သံသာရ ဓမ္မ) ဖြစ်၏။ နိမ္မာနကာယ မှ ဖေါ်ဆောင်သော (၃၇)ပါးသော ဗောဓိပက္ခိယ တရားစု တို့ သည် စင်စစ် ဓမ္မကာယ၏ ပကတိအစွမ်း ဖြင့်သာ ပေါ်ပေါက် လာရသည်ဟုဆို၏။ထိုတရားများ ၏ အစဉ်လိုက် အဆင့်များကိုလည်း အောက်ပါအတိုင်းဖေါ်ပြထား၏။

(၁) ကုသိုလ် အကုသိုလ် တို့၏ အကြောင်း အကျိုးများ ကို မသိသေးသော ကာလ တွင် ပြုသော ကမ္မသတ္တိအလျှောက် တိရစ္ဆာန်ဘ၀ လူ နတ် ဘ၀ များ ကို ကျရောက်ရခြင်း (ဂတိပရရှမ)
(၂) သင်္ဂဟ၀တ္တု (၄) ပါး ကို ကျင့်သုံးဆောက်တည် ခြင်း
(၃) သုတမယ ပညာ ကို ဆည်းပူးလျှက် ကုသိုလ် အကုသိုလ် တို့၏ အကြောင်း အကျိုးများ ကို သိမြင်လာခြင်းနှင့် အများ အကျိုးကို ဆောင်ရွက်ထမ်းပိုးခြင်း
(၄) ဗောဓိသတ္တိ ပါရမီ (၆) ပါး ကို ဖြည့်ကျင့်ခြင်း နှင့် သန့်စင်ခြင်း ၃ ပါး တြိမဏ္ဍလ၀ိသုဒ္ဓ ကို ရခြင်း
(၅) ဝေနေယျ တို့ ကို ကုသလ ကမ္မပထတရားများ ပြုစေရန် ဆောင်ခြင်း
(၆) အရာခပ်သိမ်း၏ အတွင်းအနှစ်သား အတ္တ အတ္တနိယ ဆိတ်သုဉ်းမှု ကို သိမြင်ရန် အားထုတ်ခြင်း
(၇) အရာခပ်သိမ်း၏ နှစ်ခုမပြား တစ်သားတည်းဖြစ်ခြင်း (အဒွယတာ) နှင့် တထတာ ၏ လုံးစုံပျံ့နှံ့ရပ်တည်ခြင်း (သဗ္ဗဗျာပီ ဘာဝ) ကို သိမြင် ၍ တထဂတ ဘူမိ သို့ ဆိုက်ရောက်ခြင်း

အဘိသမယလင်္ကာရ ၏ အမြင်တွင် နိမ္မာနကာယ ဟူသည် ဗောဓိသတ္တ ၏ ဘ၀ အသင်္ချေ ကို တစ်ဆက်တစ်ဖြတ်တည်း ဖြစ်စေသော ဓမ္မကာယ နှင့် တစ်သားတည်း ဖြစ်ပြီး ယင်း နိမ္မာနကာယ သည်ပင် ဓမ္မဓါတု ဖြစ်၏ဟု ဆိုပါ၏။

လင်္ကာဝတာရသုတ္တန် လည်း နိမ္မာနကာယ နှင့် ဓမ္မကာယ တို့ ၏ ဆက်နွယ်မှု ကို အဘိသမယလင်္ကာရကာရိကာ နည်းတူ ရှင်းပြ၏။ ၎င်း၏ အလိုအရ နိမ္မိတဗုဒ္ဓ တို့ သည် ကံ က ဖန်ဆင်းသော ကမ္မဇတရားများ မဟုတ် တထာဂတသည် နိမ္မိတဗုဒ္ဓ တို့ နှင့် တစ်ခြားစီလည်း မဟုတ် အတူတူလည်းမဟုတ် (သဗ္ဗေ ဟိ နိမ္မိတဗုဒ္ဓါ န ကမ္မပဘာဝါ န တေသု တထာဂတော န စာညတြ တေဘယ တထာဂတာ) ဟု ဆို၏။[5] အလုံးစုံသော လောကဓါတု သည် ပကတိစိတ္တ နှင့် တစ်သား တည်းဖြစ်နေ ခြင်း ကို သိမြင်သော အခါတွင် နိမ္မိတကာယ သည် တမင်ဖန်တီးပြုလုပ်ခြင်း သင်္ခါရ နှင့် အလိုလိုဖြစ်ခြင်း ကြိယာ သဘော များ မှ လွတ်ကင်း ပေမည် ဟု လင်္ကာဝတာရ က ဆို ပါ၏။

သမ္ဘောဂကာယ
ဗုဒ္ဓ၏ ကာယသုံးပါး အယူအဆ တွင် နိမ္မာနကာယ နှင့် ဓမ္မကာယ ဆိုင်ရာတို့သည်နားလည်သဘောပေါက်ရန်လွယ်ကူ၏။ နိမ္မာနကာယ သည် မွေး အို နာ သေ အဆင့်များ ပေါ်လွင်သော သဘာဝတ္ထ ကိုယ်ခန္ဓာ ဖြစ်ပြီး လူသား ပကတိ ကိုယ် ကာယ ဖြစ်၏။ ဓမ္မကာယ သည် ဗုဒ္ဓ၏ တရားတော် (သို့မဟုတ်) သဘာဝနိယာမ သစ္စာတရား တို့ ၏ အစုအဝေး ဖြစ်ပြီး လောကီဓမ္မ သဘောတို့ မှ ကင်းစင်လွန်မြောက်နေ သော ပရမတ္ထသစ္စာ အစစ် ဖြစ်၏။  သမ္ဘောဂကာယ မှာ မူ ရူပကာယ အတွင်းဝင်သော်လည်း နိမ္မာနကာယ ကဲ့သို့ သတ္တ၀ါ အားလုံး မြင်တွေ့နိုင်သည် မဟုတ်ပဲ ကိလေသာ အာသ၀များ သန့်စင်ပြီးကြကုန်သော ဗောဓိသတ္တများသာ ဖူးမြင်နိုင်၏။ အဘယ်ကြောင့် ဆိုသော် ဝေနေယျသတ္တ၀ါ တို့ သည် မိမိ တို့ ဘုန်းကံပါရမီ ရှိသလောက် မိမိ ကမ္မသတ္တိ က ထိုက်တန်သလောက် အတိုင်းအတာ ဖြင့်သာ ဗုဒ္ဓ ကိုဖူးမြင်ရ သောကြောင့် သမ္ဘောဂကာယ ကို များသောအားဖြင့် မဖူးတွေ့ ရပေ။ သမ္ဘောဂကာယ ကို မြင်နိုင်စွမ်း မရှိသော ဝေနေယျသတ္တ၀ါ အပေါင်းမှာမူ ဗုဒ္ဓရှင်တော် ၏ နိမ္မာနကာယ ကိုသာလျှင် ဖူးတွေ့နိုင်၏။ မိမိ ကိုယ်တိုင်၏ သမ္ဘောဂကာယ သန့်စင်နေသူ သာဝကများ သာ ဗုဒ္ဓရှင်တော် ၏ သမ္ဘောဂကာယ ကို ဖူးတွေ့နိုင်ပေ၏။

ဥပမာဆိုရလျှင် ကြည်လင်သန့်စင်နေသော ရေခွက် သည် လမင်း ကို ပကတိ အရိပ် ထင်ဟပ်စေနိုင်သကဲ့သို့ မိမိ ကိုယ်တိုင်၏ သမ္ဘောဂကာယ သန့်စင်နေသူ သာဝကများ သာ ဗုဒ္ဓရှင်တော် ၏ သမ္ဘောဂကာယ ကို ဖူးတွေ့နိုင်ကြ
ညစ်ထေးနောက်ကျိ နေသော ရေခွက် သည် လမင်း ကို မပီမပြင် ၀ိုးတိုးဝါးတား ပုံရိပ် သာ ထင် စေနိုင် သလို သမ္ဘောဂကာယ ကို မြင်နိုင်စွမ်းမရှိသော ဝေနေယျသတ္တ၀ါ အပေါင်းမှာမူ ဗုဒ္ဓရှင်တော် ၏ နိမ္မာနကာယ ကိုသာလျှင် ဖူးတွေ့နိုင်၏။

ရှင်တော်ဗုဒ္ဓ သည် သတ္တ၀ါ အပေါင်း၏ စရိုက် ၀ါသနာ အလျှောက် သင့်လျှော်သောတရားဓမ္မ ကို သင်ကြားပို့ချပေး ရာတွင် နိမ္မာနကာယ ကို အသုံးပြုသလို သမ္ဘောဂကာယ ကို အသုံးပြု ၍ အမြဲမှန်ကန်နေသော ပရမတ္ထ ဒေသနာများ ကို သာ ဟောကြားတော်မူကြောင်း မဟာယာနဗုဒ္ဓ၀ါဒီ တို့ က လက်ခံယုံကြည်ကြ၏။

သမ္ဘောဂကာယ ကို ပါရသမ္ဘောဂကာယ နှင့် သ-သမ္ဘောဂကာယ ဟူ၍ နှစ်မျိုးခွဲထားချေသေး၏။ ပါရသမ္ဘောဂကာယ သည် ဗုဒ္ဓဘုရားရှင်တို့ အချင်းချင်း သာ မြင်နိုင်သော သမ္ဘောဂကာယ ဖြစ်၏။ သ-သမ္ဘောဂကာယ မှာ မဟာယာနသုတ္တန် ဒေသနာ များ ကို ဟောကြား သော ဗုဒ္ဓ၏ ကာယ ဖြစ်ကြောင်း မဟာယာနဗုဒ္ဓ၀ါဒီ တို့ က လက်ခံယုံကြည်ကြ၏။

သမ္ဘောဂကာယ ၏ ဂုဏ် သတ္တိ လက္ခဏာ (၅) ပါး ကို အောက်ပါ အတိုင်းတွေ့ရ၏။

(၁) အကန့်အသတ် အပိတ်အဆို့ အတားအဆီး မရှိသော ၀စန တော်
(၂) အကန့်အသတ် အပိတ်အဆို့ အတားအဆီး မရှိသော ရူပကာယတော်၏ ဖေါ်ဆောင်ချက်များ
(၃) အကန့်အသတ် အပိတ်အဆို့ အတားအဆီး မရှိသော မဟာကရုဏာ တော်
(၄) အကန့်အသတ် အပိတ်အဆို့ အတားအဆီး မရှိသော ကာယ၀စီမနော ကမ္မအမှု များ
(၅)  သတ္တ၀ါ အပေါင်း၏ စရိုက် ၀ါသနာ အလျှောက် သင့်လျှော်သော ရူပါရုံအသွင် ဖြင့် ဖေါ်ဆောင်ချက်များ

သမ္ဘောဂကာယ တွင် ၀ရဇိန်မိုးကြိုးသွား စက်လက်နက် ပမာဖြစ်သော အားတော် (၁၀) ပါး (ဒသဗလ) တည်ရှိ၏။[6]
ကေသရာဇာ ခြင်္သေ့မင်း ပမာ တူသော ရဲရင့်မှု (၄) ပါး (စတု ဝေသာရဇ္ဇပတ္တ) လည်း တည်ရှိနေ၏။
သာဝက ပစ္စေကဗုဒ္ဓတို့ နှင့် မဆက်စပ်သော အာကာသဟင်းလင်းပြင်ပမာ အာဝေဏိက ဂုဏ်တော် ၁၈ ပါး လည်းရှိ၏။[7]
 ကြည်စင်လင်းပ ရွန်းမြ လ ပမာ= မဟာပုရိသ လက္ခဏာ (၃၂) ပါး ဖြင့်လည်း တန်ဆာဆင် အပ်ပါ၏။

မဟာပုရိသ လက္ခဏာ (၃၂) ပါး
မဟာပုရိသ လက္ခဏာ (၃၂) ပါး သည် မဟာယာနစာပေ၌ သမ္ဘောကာယ အဖြစ်သတ်မှတ်၏။ ထေရ၀ါဒစာပေများတွင်မူ ရူပကာယတော်၏ လက္ခဏာများ အဖြစ် သတ်မှတ်၏။ မဟာယာန အလို အရ ရူပကာယ တွင် နိမ္မာနကာယ နှင့် သမ္ဘောဂ ကာယ များ ပါဝင်လေသောကြောင့် အမြင်ချင်း မဆန့်ကျင်ဟု ဆိုနိုင်သည်။

ပါဠိပိဋကတ် ၏ ဒီဃနိကာယ် လက္ခဏ သုတ် တွင် မြတ်စွာဘုရားသည် သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်း၌သီတင်းသုံး နေစဉ် ရဟန်းတို့အား ယောက်ျားမြတ်တို့၏ လက္ခဏာ (၃၂) ပါးဖော်ပြသည့် လက္ခဏသုတ်ကို ဟောကြားတော်မူပါသည်။ ဤလက္ခဏာများရရှိခြင်းသည် ရှေးကာလ၊ ရှေးဘ၀တို့၌လူဖြစ်စဉ်အခါက ကောင်းမှုကုသိုလ်ကံများကို  ပြုခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ လက္ခဏာ (၃၂) ပါး ကို ဖော်ပြရာ၌ ဤသို့ရရှိသည့်အကြောင်းဖြစ်သော ကုသိုလ်ကံတို့ကို ယှဉ်တွဲဖော်ပြ အပ်ပါသည်။

(၁) အညီအညွတ် ကောင်းစွာထိသော ခြေဖ၀ါးရှိခြင်း။ ရှေးဘ၀တို့တွင် ကုသိုလ်တရားကို မြဲမြံစွာဆောက်တည်ခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်ဆောက်တည်ခြင်း၊ မိဘဆရာ သက်ကြီးဝါကြီး ရဟန်းတော်များအား ရိုသေသမှု ပြုဖွယ်ဝတ်တို့ကို ပြုခြင်းတို့ကြောင့် ရရှိခြင်းဖြစ်ပါသည်။
(၂) အောက်ခြေဖ၀ါးပြင်တို့၌ စက်ဝန်းများဖြစ်ပေါ်လာခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် လူအများ၏ချမ်းသာကိုဆောင်ခြင်း၊ ထိတ်လန့်တုန်လှုပ်ဖွယ် ဘေးတို့ကိုပယ်ဖျောက်ပေးခြင်း၊ တရားနှင့်လျော်စွာစောင့်ရှောက်မှု၊ ကာကွယ်မှု၊ လုံခြုံစေမှုတို့ကို စီရင်ပေးခြင်း၊ အခြံအရံနှင့်တကွသော အလှူပေးခြင်း စသော ကုသိုလ်ကံများကို ပြုလုပ်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ရရှိသည်။
(၃-၅) ရှည်သောဖနောင့်၊ ရှည်သွယ်သောလက်ချောင်းနှင့်ခြေချောင်းများ၊ ဗြဟ္မာမင်းကဲ့သို့ ဖြောင့်မတ်သောကိုယ် ရှိခြင်း။ ရှေးဘ၀ လူဖြစ်စဉ်အခါများက အသက်သတ်ခြင်းမှရှောင်ကြဉ်ခြင်း၊ မကောင်းမှုမှရှက်တတ်ခြင်း၊ သနားခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွားကို လိုလားခြင်း၊ စသော ကုသိုလ်ကံကောင်းမှုတို့ကြောင့် ရရှိသည်။
(၆) လက်နှစ်ဖက်၊ ဖြေနှစ်ဖက်၊ ပခုံးစွန်းနှစ်ဖက်၊ လည်ကုပ်တို့၌ ဖြိုးမောက်သောအသားရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ် အခါက မွန်မြတ်သော၊ အရသာရှိသော စားဖွယ်သောက်ဖွယ်တို့ကို ပေးလှူခြင်း စသော ကုသိုလ်ကံကောင်း မှုကြောင့် ရရှိသည်။
(၇-၈) နူးညံ့နုနယ်သော ခြေဖ၀ါး၊ လက်ဖ၀ါး၊ ကွန်ရက်ပမာညီညာသော လက်ခြေ စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပေးကမ်းစွန့်ကြဲခြင်း၊ ချစ်ဖွယ်သောစကားကိုဆိုခြင်း၊ အကျိုးစီးပွားကိုကျင့်ဆောင်ခြင်း၊ မိမိနှင့်တန်းတူရည်တူ ဆက်ဆံခြင်းတို့၏ အကျိုးကျေးဇူးကြောင့် ဤလက္ခဏာတော်တို့ကို ရရှိသည်။
(၉-၁၀) မြင့်သောဖမျက်နှင့် အထက်သို့ကော့တက်သောမွေးညင်းတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အကျိုးရှိ၍ ကုသိုလ်တရားနှင့် စပ်ဆက်သောစကားကိုဟောလျက် လူအများ၏အကျိုးစီးပွားကို ပြခဲ့ခြင်း၊ သတ္တ၀ါတို့၏အကျိုးစီးပွား ချမ်းသာကို ဆောင်ကြဉ်းပေးခြင်း၊ ၀န်တိုမှုကင်းမဲ့ခြင်း၊ တရားအလှူကိုပေးလှူခြင်းတို့ကြောင့် ဤလက္ခဏာနှစ်ပါးကို ရရှိသည်။
(၁၁) ဧဏီသားကောင်ကဲ့သို့ ပြေပြစ်သောသလုံးမြင်းခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ၀ိဇ္ဗာ၊ သိပ္ပံပညာများကို လည်းကောင်း၊ အကျင့်သီလနှင့် ကမဿကတာပညာကိုလည်းကောင်း လျင်မြန်စွာသိမြင်အောင် ဟောပြောပို့ချပေးခဲ့ခြင်း စသည့်ကုသိုလ်ကံတို့ကြောင့်ရရှိသည်။
(၁၂) ချောမွေ့သောအသားအရေရှိခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ရဟန်း၊ ပုဏ္ဏားတို့ထံချဉ်းကပ်၍ အဘယ်တရား ကုသိုလ်မည်၍ ဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ ဘယ်တရားကိုမှီဝဲ၍ ဘယ်တရားကို မမှီဝဲသင့်ပါသနည်းဟု အဖန်ဖန်မေးမြန်းခဲ့သည့်ကံကြောင့် ရရှိသည်။
(၁၃) ရွှေအဆင်းနှင့်တူသော အသားအရေရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က အမျက်ထွက်ခြင်း၊ စိတ်ဆိုးခြင်း၊ ရန်ငြိုးထားခြင်းများကို မပြုခဲ့၊ သိမ်မွေ့သောအ၀တ်အထည်များကို ပေးလှူခြင်း စသည့်ကံတို့ကြောင့် ရရှိခြင်းဖြစ်သည်။
(၁၄) အအိမ်ဖြင့်ဖုံးလွှမ်းအပ်သော ပုရိသနိမိတ်ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြာမြင့်စွာပျောက်ကွယ်နေသော၊ ကြာမြင့်စွာကွဲကွာနေသော ဆွေမျိုးမိတ်ဆွေတို့ကို ပေါင်းဆုံညီညွတ်စေပြီး ၀မ်းမြောက်စေမှုကြောင့် ရရှိသည်။
(၁၅-၁၆) အလုံးနှင့်အရပ် ညီညွတ်လျက် ပညောင်ပင်ကဲ့သို့ လုံးဝန်းသောကိုယ်နှင့် မကိုင်းမညွတ်ဘဲရပ်လျက်ပင် နှစ်ဖက်သောလက်ဝါး အပြင်တို့ဖြင့် ပုဆစ်ဒူးတို့ကို သုံးသပ်ဆုပ်နယ်နိုင်ခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ဤသူသည် ဤအလှူကိုခံထိုက်၏ဟူ၍ ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်များကို ခွဲခြားသိမြင်ပြီး ထိုက်တန်လျောက်ပတ်စွာ ပေးလှူတတ်ခြင်းကြောင့် ရရှိသည်။
(၁၇-၁၉) ခြင်္သေ့၏ကိုယ်အရှေ့ပိုင်းနှင့်တူသော ကိုယ်၊ လက်ပြင်နှစ်ဖက်ကြား၌ တစ်ပြင်တည်းညီလျက် ပြည့်ဖြိုးသော အသားနှင့် ညီညွာစွာလုံးသော လည်ပင်းလည်တိုင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လူအများ၏ယုံကြည်မှု (သဒ္ဓါ)၊ အကျင့်(သီလ)၊ စာပေသင်ကြားမှု (သုတ)၊ စွန့်ကြဲလှူဒါန်းမှု (စာဂ) စသော တရားများနှင့်တကွ ပစ္စည်းဥစ္စာ ချမ်းသာ စည်းစိမ်တိုးပွားအောင်မြင်ခြင်းကို လိုလားတောင့်တမှုတို့ကြောင့် ဤလက္ခာတို့ကို ရရှိသည်။
(၂၀) အရသာကိုဆောင်သော အလွန်ကောင်းမြတ်သောအကြောရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က လက်၊ တုတ်၊ ဓား လက်နက်တို့ဖြင့် သတ္တ၀ါတို့ကို ညှင်းဆဲနှိပ်စက်ခြင်းမပြုခဲ့သော ကုသိုလ်ကံကြောင့် ရရှိသည်။
(၂၁-၂၂) အလွန်ညိုသောမျက်လုံးနှင့် နွားငယ်မျက်တောင်နှင့် တူသောမျက်တောင် စသည်တို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က သူတပါးကို အမျက်ထွက်သဖြင့် မျက်လုံးပြူး၍ကြည့်ခြင်း၊ မျက်စောင်းထိုး၍ကြည့်ခြင်း၊ လျှို့ဝှက်စွာ ကြည့်ခြင်းများကို မပြုခဲ့၊ ရိုးဖြောင့်သော စိတ်ရှိသည်ဖြစ်၍ ရိုးဖြောင့်စွာသာကြည့်ရှုခဲ့ခြင်း၊ မေတ္တာဓာတ် ကိန်းသော မျက်စိဖြင့်သာ လူအများကိုကြည့်ရှုခဲ့ခြင်း စသည်တို့ကြောင့် ရရှိသည်။
(၂၃) သင်းကျစ်တပ်ဆင်ထားဘိသကဲ့သို့သော ဦးခေါင်းရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကာယသုစရိုက်၊ ၀စီသုစရိုက်၊ မနောသုစရိုက် စသည်တို့ကို ပြုကျင့်ခြင်း၊ လှူဒါန်းခြင်း၊ ပေးကမ်းစွန့်ကြဲခြင်း၊ သီလဆောက်တည်ခြင်း၊ ဥပုသ်စောင့်ခြင်း၊ အမိအဖတို့ကို ချစ်ခင်မြတ်နိုးခြင်း၊ ရဟန်းပုဏ္ဏားတို့ကို ကြည်ညိုလေးစားခြင်း၊ အသက်ကြီးသောဆွေမျိုးတို့ကို ရိုသေခြင်း စသောကုသိုလ်တရားတို့၌ လူအများ၏အကြီးအမှူး ရှေ့သွားခေါင်းဆောင်ဖြစ်ခဲ့ခြင်း စသည့်ကံတို့ကြောင့် ရရှိသည်။
(၂၄-၂၅) တစ်ပင်ချင်းပေါက်သော မွေးညင်းနှင့် မျက်မှောင်နှစ်ဖက်ကြား၌ နူးညံ့၍လဲဝါဂွမ်းနှင့်တူသော၊ ဖြူစင်သော ဥဏ္ဏလုံမွေးရှင် စသည်တို့ ပေါက်ခြင်း၊ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မုသားပြောခြင်းမှရှောင်ကြဉ်၍ မှန်သောစကား၊ စွဲမြဲတည်တံ့သောစကားကိုသာ ပြောတတ်ခြင်း၊ တစ်ဖက်သားအား လိမ်လည်လှည့်စားခြင်းကို ပြုလေ့မရှိခြင်း၊ စသောကံတို့ကြောင့် ရရှိသည်။
(၂၆-၂၇) သွားတော် ၄၀ နှင့် မကျဲသောသွားတို့ ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကုန်းချောစကားပြောခြင်းကို ရှောင်ကြဉ်၍ ကွဲပြားနေသူတို့ကို ညီညွတ်အောင်စေ့စပ်ပေးခြင်း၊ ညီညွတ်နေသူတို့ကိုလည်း ပို၍ညီညွတ်အောင် အားပေးခြင်းများ ပြုခဲ့သည့်ကံတို့ကြောင့် ရရှိသည်။
(၂၈-၂၉) ကြီးမားရှည်လျားနူးညံ့သော လျှာနှင့် ဗြဟ္မာ့အသံ၊ ကရ၀ိက်ငှက်အသံနှင့်တူသော အသံတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ကြမ်းတမ်းသောစကားပြောခြင်းမှ ရှောင်ကြဉ်ခြင်း၊ အပြစ်ကင်းသော၊ နားချမ်းသာသော၊ ယဉ်ကျေးသိမ်မွေ့၍ လူအများနှစ်လိုဖွယ်စကားတို့ကိုသာ ပြောဆိုခဲ့ခြင်း စသည်ကံတို့ကြောင့် ရရှိသည်။
(၃၀) ခြင်္သေ့မေးနှင့်တူသောမေးရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က ပြိန်ဖျင်းသောစကားကိုပြောဆိုခြင်းမှရှောင်ကြဉ်ခြင်း၊ မှန်ကန်၍ အကျိုးစီးပွားနှင့် စပ်သောစကားကိုသာ အခါအခွင့်အားလျော်စွာ ပြောဆိုခြင်းတို့ကြောင့် ရရှိသည်။
(၃၁-၃၂) ညီညာသောသွားနှင့် အလွန်ဖြူစင်သော စွယ်တော်လေးချောင်းတို့ရှိခြင်း။ ရှေးဘ၀တို့၌ လူဖြစ်စဉ်က မကောင်းသောအသက်မွေးခြင်းကို ပယ်၍ ကောင်းသောအသက်မွေးခြင်းဖြင့် အသက်မွေးခြင်း၊ အသပြာတုပြု၊ အချိန်အတွယ်အတိုင်းအတာ တို့ကို ကောက်ကျစ်စဉ်းလဲစွာ ချိန်တွယ်တိုင်းတာခြင်းတို့မှ ရှောင်ကြဉ်ခြင်း၊ သတ်ဖြတ်နှောင်ဖွဲ့ခြင်း၊ ခရီးသွားတို့ကို လုယက်ခြင်း၊ ပြည်ရွာကို ဖျက်ဆီးခြင်း၊ အနိုင်အထက်နှိပ်စက်ခြင်းတို့မှ ရှောင်ကြဉ်ခြင်းတို့ကြောင့် ရရှိသည်။
မြတ်စွာဘုရား ပါရမီဖြည့်သည့် (လူ့)ဘ၀အဆက်ဆက်တို့တွင် အကျင့်သီလနှင့် ပြည့်စုံစွာကျင့်ကြံနေထိုင်ခြင်း၊ ကုသိုလ်ကောင်းမှု အလှူဒါန များစွာပြုလုပ်ခြင်း၊ လူအများအပေါ် ကြင်နာထောက်ထားစွာ ဆက်ဆံပြောဆို ကူညီဆောင်ရွက်ပေးခြင်း စသည့် ကောင်းသောကံများ ပြုလုပ်ခဲ့သည့် အကျိုးကြောင့် ယခု ဘုရားဖြစ်မည့်ဘ၀တွင် ယောက်ျားမြတ်တို့၏ မဟာပုရိသလက္ခဏာ ၃၂ ပါးကို ရရှိခြင်းဖြစ်ကြောင့် သိရှိနိုင်စေရန် ဤလက္ခဏသုတ်ကို ဟောရခြင်းဖြစ်သည်။

သမ္ဘောဂကာယ ၏ လက္ခဏာတော် ၁၃ ပါး
မဟာယာနဆိုင်ရာ အနုပညာလက်ရာ များ၌ သမ္ဘောဂကာယ ကို အသွင်သဏ္ဍာန် အားဖြင့်ဖေါ်ပြသောအခါတွင် လက္ခဏာတော် ၁၃ ပါး အားဖြင့်ဖေါ်ပြကြ၏။ နိမ္မာနကာယ အသွင်တွင် ဗုဒ္ဓ ကို ရဟန်းအသွင် သမဏအသွင် ဖြင့်ဖေါ်ပြသော်လည်း သမ္ဘောဂကာယ ကို ဖေါ်ပြရာတွင် ကြွယ်ဝချမ်းသာသော ငယ်ရွယ်နုပျိုသော မင်းညီမင်းသား အသွင်ဖြင့် ဖေါ်ပြလေ့ရှိ၏။ (၁) ဦးရစ်တော် (၂) အပေါ်ဝတ်ရုံလွှာ (၃) ပုဝါရှည် (၄) ခါးစည်းကြိုး (၅) အောက်ပိုင်းဝတ်ရုံလွှာ (၆) သရဖူမှ ကျောက်မျက်ရတနာ (၇) နားဍောင်း (၈) ဘယက်လည်ဆွဲ (၉) လက်ကောက် (၁၀) ဆွဲကြိုးရှည် (၁၁) လက်ပတ် (၁၂) ခြေကျင်း (၁၃) လက်စွပ်များ စသည် ဒွါဒရာ အဆင်အယင် အပြည့်အစုံ ဖြင့် ရေးဆွဲဖေါ်ပြလေ့ရှိ၏။

နိမ္မာနကာယ နှင့် သမ္ဘောဂကာယ ဟူသည်မှာ ဓမ္မကာယ ကို မျက်မှောက်ထင်ထင် သိမြင်သော အခိုက်ဝယ် စိတ္တ ကို ဖုံးကွယ်ထားသော အဖုံးအကာ အာဝရဏတရားများ ကွာကျသွား သောကြောင့် ယောဂီ၏ သဏ္ဍာန်၌ ပေါ်ထွက်လာသော ကာယများ ဖြစ်ကြ၏။

သမ္ဘောဂကာယ ၏ သီးခြားဂုဏ်ရည်လက္ခဏာ (၄) ပါးရှိ၏။
(၁) သမ္ဘောဂကာယ သည် အစဉ်အမြဲ မဟာပုရိသ လက္ခဏာတော်ကြီး ၃၂ ပါး လက္ခဏာတော်ငယ် ၈၀ တို့ ဖြင့် ပြည့်စုံနေခြင်း
(၂) သမ္ဘောဂကာယ သည် မဟာယာနဓမ္မဒေသနာတော် တို့ ကိုသာ အစဉ်အမြဲ ဟောကြားတတ်ခြင်း
(၃) သမ္ဘောဂကာယ သည် ဆိုင်ရာ ဗုဒ္ဓခေတ္တ(Buddha-Land) တစ်ခုတွင် အစဉ်အမြဲ စံပျော်နေထိုင်ခြင်း
(၄) သမ္ဘောဂကာယ သည် မိမိ၏ သမာပတ်သုခများ ဖြင့် မွေ့လျှော်နေထိုင်ခြင်း တို့ဖြစ်၏။

သမ္ဘောဂကာယ၏  ၀သီဘော် နိုင်ခြင်း (၈) ပါး
(၁) မိမိ ၏ ရူပကာယ အသွင် ကို လိုအပ်သလို ဖန်ဆင်းပြောင်းလဲ နိုင်ခြင်း ၀သီဘော်
(၂) မိမိ ၏ ၀ါစန-စကား အသွင်ကို ၆၄ ပါးသော သဒ္ဒဂုဏ်ရည်တို့ မွမ်းထုံစေလျှက် ဓမ္မစကြာများ ကို လည်ပတ်နိုင်ခြင်း ၀သီဘော်
(၃) မိမိ ၏ မနောဒွါရ ကို စေစားနိုင်နင်းလျှက် မဟာကရုဏာဓမ္မ ဖြင့် ပြည့်လျှမ်းစေနိုင်ခြင်းဝသီဘော်
(၄) ပိတ်ဆို့တွန့်လိပ်ထစ်ငေါ့ခြင်း အလျှင်းမရှိသော တန်ခိုး ဣဒ္ဓိပါဒ် တို့ ဖြင့် ပြည့်စုံခြင်း ၀သီဘော်
(၅) ကာမဂုဏ်အာရုံ အပေါင်းနှင့် ဆုံဆည်းသော်လည်း တုန်လှုပ်ခြင်းအလျှဉ်းမရှိ ပကတိငြိမ်သက်ခြင်း ၀သီဘော်
(၆) အလိုခပ်သိမ်း ပြည့်ဝစေသော စိန္တာမဏိရတနာ ကဲ့သို့ ဝေနေယျတို့ အလိုဆန္ဒအပေါင်းအား ဖြည့်ဆည်းနိုင်ခြင်း ၀သီဘော်
(၇) လောက သုံးပါး အား အုပ်စိုးပိုင်သတော်မူသော ဓမ္မရာဇာ အဖြစ် အကနိဋ္ဌဘုံတွင် စံပျော်နေခြင်း ၀သီဘော်
(၈) နိဗ္ဗာန် နှင့် သံသရာ ဆန့်ကျင်ပက္ခတရားများ ကို တစ်ခုတည်းသော ဧကရသ အဖြစ် ၀င်စားသိမ်းဆည်းနိုင်ခြင်း ၀သီဘော်

ထိုထိုအထူးထူး အပြားပြားသော အစိန္တေယျ အပ္ပမေယျ အနန္တ ဂုဏ်လက္ခဏာတော်များ ဖြင့် ပြည့်စုံသော ဗုဒ္ဓ၏ သမ္ဘောဂကာယ သည် ယောဂါဝစာရ တရားကျင့်သူ ၏ ဥာဏ်မျက်လွှာ ၀ယ် အသွယ်သဏ္ဍာန် အမျိုးမျိုး ဖြင့် ဂုဏ်တော် အသီးသီး ကို ကိုယ်စားပြုလျှက် ပေါ်ထွန်းလာ တတ်၏။ ယင်း အသွင် တို့ အနက် ထင်ရှားသည်မှာ= ပညာပါရမိတာ (ဗောဓိဥာဏ်) အ၀လောကိတေသွာရ (ကရုဏာ) ၀ဇိရပါဏိ (တန်ခိုးပြာဋိဟာ) မဉ္ဇူသိရီ (ပညာဥာဏ် ၀ိဘဇ္ဇဥာဏ်) တာရာဒေ၀ီ (အခက်အခက်ကျော်လွန်မှု) ယမန္တက (သေခြင်းအောင်နိုင်မှု) ၀ဇိရာသတ္တ (အညစ်အကြေးသန့်စင်မှု) = စသည်တို့ ဖြစ်ကြ၏။ ယင်းတို့ အကြောင်း အသေးစိတ် ကို နောင်လာလတ္တံသော အခန်းများတွင် ဖေါ်ပြပါမည်။

ဓမ္မကာယ
ဓမ္မကာယ သည် ဗုဒ္ဓ၏ ကာယများ အနက် အသိမ်မွေ့အနက်ရှိုင်းဆုံးဖြစ်၏။ အာရုံငါးပါး ဖြင့် မြင်နိုင်သော တရား မဟုတ် သလို ကြံစည်တွေးတောစဉ်းစား ခြင်း အားဖြင့်လည်း မသိအပ်သော တရားဖြစ်၏။ ဖြစ်ခြင်းပျက်ခြင်း နိမိတ်လက္ခဏာများ မရှိသော ကြောင့် အဗျာကတ လည်း ဖြစ်၏။ ပြုလုပ်စီရင်ခံရသော အရာ မဟုတ်သော ကြောင့် အကတ ဖြစ်ပေါ်မွေးဖွား ခြင်းမရှိသော ကြောင့် အဇာတ အကြောင်းတရားတို့ ကို မတည်မှီသောကြောင့် အပရပစ္စယ စသည့် နာမ၀ိသေသန များ အားဖြင့်လည်း ၀ိဂြိုဟ်ပြုနိုင်ပါ၏။ သင်္ခါရတရားမျိုး မဟုတ်သောကြောင့် အမြဲ ထာဝရတည်နေသော နိစ္စ ဓူဝ သဿတ တရား ဖြစ်၏။ ဗုဒ္ဓ၏ ကာယများ အနက် အသိမ်မွေ့အနက်ရှိုင်းဆုံး ဖြစ်လေသောကြောင့် ဘုရားရှင်တို့ ကျက်စား ရာ ဗုဒ္ဓ၀ိသယ သာ ဖြစ်၏။ သာဝက တို့ ဥာဏ်ဖြင့် ထောက်မှီ ကျက်စားရာမဟုတ်သလို ပုထုဇဉ်အနရိယာ တို့ ၏ တဏှာ ဥပါဒါန် ဒိဋ္ဌိ စသည်တို့ ထောက်တည် ဆွဲကိုင် နိုင်သော အာရုံလည်းမဟုတ်။

ဓမ္မကာယ သည် သန့်စင်မှု (၂) ပါး၏ ပေါင်းစုရာ ဖြစ်၏။
(၁) ပထမ သန့်စင်မှု ကို စိတ္တ၏ ပကတိ သဘော နဂိုသဘော အရ အညစ်အကြေးစွန်းထင်းမှု မရှိ သန်စင်နေမှု= ပကတိပရိသုဒ္ဓ သဘော ဖြစ်၏။ ၎င်း ကို သဘာဝိက ကာယ ဟုခေါ်နိုင်၏။

(၂) ဒုတိယသန့်စင်မှု ကို ပါရမီအကျင့်တရား နှင့် သီလ ဘာဝနာ တို့၏ အစွမ်းအား ဖြင့် အထူးစင်ကြယ်စေမှု = ၀ိသုဒ္ဓ ဖြစ်၏။ ၎င်း ကို ဥာဏကာယ ဟု ခေါ်နိုင်၏။

အားထုတ်စရာမလိုပဲ နဂို သန့်စင်မှု နှင့် အားထုတ်မှ ရရှိပေါ်ပေါက်လာသော ဥာဏ်ပညာ၏ သန့်စင်မှု တို့ သည် ဓမ္မကာယ တည်ဟူသော အရှိတရား၌ တစ်သားတည်း တည်နေကြ သောကြောင့် ဓမ္မကာယ သည် သန့်စင်မှု (၂) ပါး၏ ပေါင်းစုရာ ဖြစ်၏ဟု ဆိုရခြင်း ဖြစ် ပါသည်။ 

စိတ္တဗေဒသဘော အားဖြင့် ဥပမာဆောင်ရပါမူ ဓမ္မကာယ သည် အနက်ရှိုင်းဆုံး အိပ်မက်မဲ့အိပ်စိတ် (Dreamless Sleep) ပမာဖြစ်၏။ အိပ်မက်မဲ့အိပ်စိတ် အတွင်းမှာ အိပ်မက်များ ဖြစ်ပေါ်ရသလို သမ္ဘောဂကာယ အသွင်များ သည်လည်း ဓမ္မကာယ မှ ကွန်းမြူးပေါ်ထွက်လာကြ၏။ နိမ္မာနကာယမှာ မူ နိုးသောစိတ် (waking consciousness) ပမာဖြစ်ပြီး အာရုံငါးပါဗဟိဒ္ဓတရား ဖြစ်လေသည်။ သာဝကများသည် နိမ္မာနကာယကို သာ မြင်နိုင်၏။ သမ္ဘောဂကာယ နှင့် ဓမ္မကာယ ကို မမြင်နိုင်ချေ။ ဗောဓိသတ္တများ သည် သမ္ဘောဂ ကာယ ကို သာ ဖူးမြင်နိုင်၍ ဓမ္မကာယာ ကို တိုက်ရိုက် မကျက်စားနိုင်ပေ။ ရှင်တော်ဗုဒ္ဓတို့ သာလျှင် ဓမ္မကာယ နယ်ပယ် ကို ကျက်စားသက်ဝင်နိုင်လေသည်။

ဓမ္မကာယ၏ တည်ရှိနေမှုသည် ယုတ္တိပညာ နှင့် ဒဿနအတွေးအမြင် တို့ ကို ကျော်လွန်နေသော ကြောင့် ဓမ္မကာယ နှင့် ပတ်သက်၍ အဆိုများ အားလုံးသည် ယုတ္တိလွဲဟန်များ ဖြစ်နေမည်မှာ အမှန်ပင်။
= ဓမ္မကာယ သည် အရာခပ်သိမ်း ကို ဖြစ်ပေါ်စေသည်  ဟူ၍လည်း ဆိုနိုင်၏။
=ဓမ္မကာယ သည် အရာခပ်သိမ်း၏ မွေးဖွားရာ ပြန်လည်စိမ့်သက်ရာ ဟူ၍လည်း ဆိုနိုင်၏။
=ဓမ္မကာယသည် ကာလ အာကာသ ပယောဂ ၀ိညတ္တိ တို့ ကို ကျော်လွန်နေသည် ဟူ၍လည်း ဆိုနိုင်၏။
=ဓမ္မကာယသည် အရာခပ်သိမ်း၌ စိမ့်ဝင်ကိန်းဝပ်နေသည် ဟူ၍လည်း ဆိုနိုင်၏။
=ဓမ္မကာယသည် အရာခပ်သိမ်း ပင်ဖြစ်သည် ဟူ၍လည်း ဆိုနိုင်၏။
=ဓမ္မကာယသည် အရာခပ်သိမ်း ကို ကျော်လွန်နေသည် ဟူ၍လည်း ဆိုနိုင်၏။
=ဓမ္မကာယ သည် အရာခပ်သိမ်း၏ ချုပ်ငြိမ်းမှု ဖြစ်သည် ဟူ၍လည်း ဆိုနိုင်၏။

ဓမ္မကာယ၏ အနှစ်သာရ(Essence) သည် သုညတာ ဖြစ်၏။ ဓမ္မကာယ၏ သဘာဝတ္တ (Nature) သည် နဂိုပကတိ သန့်စင်ကြည်လင်သော စိတ္တဖြစ်၏။ ဓမ္မကာယ၏ ကိစ္စ နှင့် ရသ (Activity) သည် အပိတ့်အဆို့ အတန့်အရပ်မရှိသော ဓမ္မတရားများ၏ စီးဆင်းနေမှုသာ ဖြစ်၏။ ဓမ္မကာယ၏ သဘောသဘာဝ သည် နှောင်းကာလ၀ယ် ပေါ်ထွန်းခဲ့ကြသော တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) အယူအဆဆိုင်ရာ သုတ္တန်များ တွင် ပိုမို၍ အနုစိတ်စွာ ဖေါ်ပြထားသည် ကို လေ့လာတွေ့ရှိရ၏။ ထို့ကြောင့် တထာဂတဂဗ္ဘသုတ္တန်များ နှင့် ယင်းတို့၏ အဖွင့် သျှတ္တရကျမ်းများ ၏ အယူအဆများ ကို လေ့လာသင့်ပါ၏။

တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) အယူအဆ
တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) အယူအဆ၏ ရှေးဦး သဘောတရားများ ကို ပါဠိနိကာယ် စာပေများ တွင် ပင် တွေ့ ရပေ၏။ အဂုင်္တ္တိုရ် နိကာယ် တွင် နဂိုသဘာဝ ပြိုးပြက်တောက်ပသော ၀ိညာဏ် (ပဘဿရ စိတ္တ) နှင့် ထောက်တည်ဆွဲကိုင်ရာ အာရုံမရှိသော ပကတိ တည်ရာမဲ့ဝိညာဏ် (အပ္ပဋ္ဌီတိ ၀ိညာဏ) များ ရှိကြောင်း ဟောကြားသည့် သုတ္တန် များ ကိုတွေ့ရပေ၏။ မဟာသံဃိကဂိုဏ်း က ထို ၀ိညာဏ် အယူအဆ ကို မူလ၀ိညာဏ အယူ အဖြစ် တိုးချဲ့တည်ဆောက် ခဲ့ ၏။

တထာဂတဂဗ္ဘ ဒဿနအမြင် ကို မာဓျမိက နှင့် ယောဂါစာရ ဒဿန ဂိုဏ်းများ ကဲ့သို့ သီးခြားရပ်တည်နေသော မဟာယာန ဗုဒ္ဓဘာသာ ဒဿနအမြင်တစ်ရပ်အဖြစ် ယူဆလျှင် မမှန်ကန်ပေ။တထာဂတဂဗ္ဘ ဒဿနအမြင် ၏ အခြေခံ ကျောရိုး ကျမ်းစာ ဖြစ်သော ရတနဂေါတ္တ၀ိဘာဂသျှတ္တရ သည် အေဒီ (၅)ရာစုခန့် က အိန္ဒိယ တွင်ပေါ်ပေါက်ခဲ့၏။ တိဗက် မဟာယာနဗုဒ္ဓဘာသာတွင် မာဓျမိက နှင့် ယောဂါစာရ ဒဿန ဂိုဏ်းများ သာ အထင်ကရ တွင်တွင် ကျယ်ကျယ် ရပ်တည် ကြပြီး ဂိုဏ်း နှစ်ရပ်စလုံး က ရတနဂေါတ္တ ၀ိဘာဂ သျှတ္တရ ကို မိမိ တို့ သန်သလို ရှုထောင့်များမှ အနက်ဖွင့်ဆို ကြ၏။

တရုပ် မဟာယာနဗုဒ္ဓဘာသာတွင်မူ တထာဂတဂဗ္ဘ ဒဿနအမြင် သည် အလွန်အရေးပါ သော အဓိက ကဏ္ဍတွင် ရပ်တည် နေ၏။ အေဒီ (၇) ရာစုတွင် ပေါ်ထွန်းခဲ့သော တရုပ် မဟာယာန ဗုဒ္ဓဘာသာ ပညာရှင် ဖဇန် (Fa-tsang) က တထာဂတဂဗ္ဘ ဒဿနအမြင် ကို မာဓျမိက နှင့် ယောဂါစာရ ဒဿန ဂိုဏ်းများ နှင့် မတူပဲ သီးခြားရပ်တည် နေသော မဟာယာန ဗုဒ္ဓဘာသာ ဒဿနအမြင်တစ်ရပ်အဖြစ် ယူဆခဲ့၏။ တထာဂတဂဗ္ဘ သုတ္တန်များ ကို စတုတ္ထမြောက် ဓမ္မစကြာလည်ပတ်ခြင်း[8] ဟုပင် သူက အမွန်း တင်ခဲ့၏။

တထာဂတဂဗ္ဘ သုတ္တန်များ ကိုလေ့လာကြည့်သော် ယောဂါစာရ ဒဿန တွင် အဓိက ပါဝင်သော သဘာဝသုံးပါး အယူအဆ နှင့် အာလယ၀ိညာဏ် အယူအဆများ ကို မတွေ့ရသောကြောင့် ယောဂါစာရ ဒဿန နှင့် သီးခြားရပ်တည် နေသော ဒဿနအမြင် ဖြစ်နိုင်ကြောင်း ပညာရှင်များ ယူဆကြ၏။ ဂျပန်လူမျိုး မဟာယာနဗုဒ္ဓဘာသာ သုတေသီ တာကာဆာကီ (Takasaki) ၏ အလို အရ တထာဂတဂဗ္ဘ သုတ္တန်များ သည် သီးခြားရင်းမြစ်များမှ ထွက်ပေါ်လာဟန် ရှိခဲ့ပြီး ယင်းသုတ္တန်များ ပါ အယူအဆများ သည် ယောဂါစာရ ဒဿန ဂိုဏ်းများ အတွင်းသို့ တရွေ့ရွေ့ စိမ့်ဝင်ပေါင်းစည်း ခဲ့ဟန်တူကြောင်း ကောက်ချက်ချ ပါသည်။ ယောဂါစာရ ဒဿန ဂိုဏ်းများ၏ အာလယ၀ိညာဏ် နှင့် တထာဂတဂဗ္ဘ တို့ကို တစ်ခုတည်းသော အရှိဓမ္မအဖြစ် ရှုမြင်ခြင်းအား ဖြင့် တရွေ့ရွေ့ စိမ့်ဝင် ပေါင်းစည်း မှုသည် အပြီးတိုင်ခြင်း သို့ရောက်ခဲ့၏။

တထာဂတဂဗ္ဘ ဟူသော ဝေါဟာရ၏ အနက်
တထာဂတဂဗ္ဘ ဟူသော ဝေါဟာရ၏ အနက်သည် ပင် ပညာရှင်များအကြား ထွေပြားနေ၏။ မဟာယာနဗုဒ္ဓဘာသာ သုတေသီ မိုက်ကယ် ဇင်မာမန်း (Michael Zimmermann) က “တထာဂတဂဗ”္ဘ  ကို တထာဂတ ဘုရားရှင် ကိန်းဝပ်တော် မူရာ ( Containing a Tathagata ) ဟုသာ ရိုးရိုးရှင်းရှင်း အနက်ဖွင့်၏။ ဝေနေယျ သတ္တ၀ါတို့ သည် ပဒုမ္မာ ကြာပန်း ပွင့်များသဖွယ် ဖြစ်၍ တထာဂတ ဘုရားရှင် သည် ယင်းတို့၏ အနက်ရှိုင်းဆုံး ဟဒယနှလုံးသား တွင် ကိန်းဝပ်စံပယ်နေ ဟန် ၀ိဂြိုဟ်ပြု၏။

ဤနေရာတွင် သက္ကဋဝေါဟာရ ( ဂဗ္ဘ=Garbha) ဟူသည်မှာ သားအိမ် (Matrix/Womb)  မျိုးစေ့ သန္ဓေသား (Seed/Embryo) အနှစ်သား (Innermost Part) ဟူသော အနက်ပွားများလည်း ထွက်၏။ထို့ကြောင့်  တထာဂတဂဗ္ဘ ဟူသော ဝေါဟာရ၏ အနက်သည် ဝေနေယျ သတ္တ၀ါတို့ အနက်ရှိုင်းဆုံး ဟဒယနှလုံးသား တွင် ကိန်းဝပ်နေသော တထာဂတ ဘုရားရှင် ဟူသော တိုက်ရိုက်အနက် ကို ညွှန်ပြနေပါ၏။ ရှုထောင့်တစ်ခုမှ အနက်ဖွင့် ရလျှင် ဝေနေယျ သတ္တ၀ါတို့ သည် အနက်ရှိုင်းဆုံး ဟဒယနှလုံးသား တွင် တထာဂတ ဘုရားရှင် များ ဖြစ်ကြ၏ ဟူ၍ ပင် ဆို နိုင်ပါ၏။ ဤအယူအဆသည် မဟာယာနဗုဒ္ဓဘာသာတစ်ခု လုံး၏ ဗဟိုချက်မ မဏ္ဍိုင်ကျသော အယူအဆ ဖြစ်လာပါသည်။ ရှေးဦးဗုဒ္ဓဘာသာဂိုဏ်းများ မှ(( ကြိုးစားက ဘုရားဖြစ်နိုင်သည်)) ဟူသော အယူအဆ နှင့် အလားတူ ဖြစ်၏။ သတ္တ၀ါ တိုင်းတွင် ဘုရားမျိုးစေ့ (ဗုဒ္ဓင်္ကုရ=ဘုရား အညွန့် အညှောက်) ရှိသည် ဟူသော အမြင်မှ သည် သတ္တ၀ါတိုင်းတွင် ဗုဒ္ဓ ဓါတ်သဘာဝ (The Buddha-Nature) ကိန်းဝပ်သည် ဟူသော အမြင်ထိအောင် တိုးတက် သွားခဲ့၏။

တထာဂတဂဗ္ဘသုတ္တန် (Tathagatagarbha Sutra)
သတ္တ၀ါတိုင်းတွင် ဗုဒ္ဓ ဓါတ်သဘာဝ (The Buddha-Nature) ကိန်းဝပ်သည် ဟူသော တထာဂတဂဗ္ဘ အယူအဆ ကို အစောဆုံး တွေ့ ရသည် မှာ တထာဂတဂဗ္ဘသုတ္တန် ဖြစ်ပြီး ယင်း သုတ္တန် တွင် သတ္တ၀ါတိုင်းတွင် ဗုဒ္ဓ ဓါတ်သဘာဝ ) ကိန်းဝပ် နေပုံ ကို ရူပက အလင်္ကာ များ ဖြင့် တန်ဆာဆင် ဖေါ်ပြထား ပါ၏။ ယင်းသုတ္တန် ၏ တရုပ်ဘာသာပြန်မူတွင် အောက်ပါအတိုင်းဖေါ်ပြထားပါသည် ကို တွေ့ရ၏။

ဝေနေယျသတ္တ၀ါအပေါင်း တို့ သည် လောဘ ဒေါသ မောဟ တည်းဟူသော ကိလေသာတရား တို့ နှင့် လုံးထွေးရစ်ပတ် ကျင်လည် နေရသော်လည်း ၄င်းတို့ ၏ အဇ္ဈတ္တသန္တာန်၌ ဗုဒ္ဓဥာဏ်တော် ဗုဒ္ဓစက္ခု နှင့် ဗုဒ္ဓကာယ တို့ စံပယ်ကိန်းဝပ်နေ၏။ ဘ၀ သံသရာ ရေအယဉ်ကြောဝယ် အာသဝေါတရားတို့ စီးပွားလျှက် မျောပါနေရသော်လည်း ၄င်းတို့သည် သန့်စင် မွန်မြတ်သော ကုသိုလ်မူလတရား အပေါင်းတို့ နှင့် ပြည့်စုံသော တထာဂတဂဗ္ဘ ကို ပိုင်ဆိုင်ကြလျှက် ငါဘုရား နှင့် ကွဲပြားမှု မရှိပေ။ ယင်း အမှန်သစ္စာ ကို သိမြင်တော်မူသော မြတ်စွာဘုရားသည် ဝေနေယျသတ္တ၀ါအပေါင်း တို့၏ ဗုဒ္ဓဥာဏ်တော် ဗုဒ္ဓစက္ခု နှင့် ဗုဒ္ဓကာယ ထံသို့ နိုးကြားထမြောက် စေခြင်း အလို့ငှာ တထာဂတဂဗ္ဘ သုတ္တန်ဒေသနာ ကို ဟောကြားတော်မူ လေ၏။(Takasaki 1958: 51)9

တထာဂတဂဗ္ဘ သုတ္တန် ၏ အလို အရ သတ္တ၀ါတိုင်းတွင် ကိန်းဝပ်နေသော တထာဂတဂဗ္ဘ ဗုဒ္ဓ ဓါတ်သဘာဝ သည် ရှင်တော်ဗုဒ္ဓတို့ ပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ ထာဝရမြဲမြံသော နိယတတရား သနန္တနတရား ဖြစ်၏။ တထာဂတဂဗ္ဘ သုတ္တန်ဒေသနာ ကို ဟောတော်မူသည်ဖြစ်စေ ဟောတော်မမူသည် ဖြစ်စေ သတ္တ၀ါတိုင်းတွင် အစဉ်ထာဝရ မဖော်မပြန် မှန်ကန်စွာ ကိန်းဝပ်နေသော အန္တိမသစ္စာတရား လည်း ဖြစ်သည်ဟု ဤသုတ္တန် က ဆို ထားပါသည်။

တထာဂတဂဗ္ဘ သုတ္တန်ဒေသနာ သည် စင်စစ် စနစ်တကျ ဖွဲ့စည်းထားသော သုတ္တန်မျိုး မဟုတ်ပဲ ဗုဒ္ဓဘာသာဝင်တို့ ကို ဓမ္မအကျင့်လမ်း၌ အားမလျှော့စေရန် အားပေးသော သုတ္တန်မျိုး ဖြစ်၏။ သတ္တ၀ါတိုင်းတွင် အစဉ်ထာဝရ မဖော်မပြန် မှန်ကန်စွာ ကိန်းဝပ်နေသော ဗုဒ္ဓ သဘာဝ ကို သက်ဝင်ယုံကြည်စေခြင်း အားဖြင့် သတ္တ၀ါ တို့ မှ အရိယာများ ဘုရားများ ဖြစ်နိုင်ပုံ ကို လည်း ထွန်းလင်း ပြ၏။ (Zimmermann (2002: 76)

တထာဂတဂဗ္ဘ သုတ္တန်ဒေသနာ သည် မဟာယာနဗုဒ္ဓဘာသာ၏ ပင်မရေစီး အမြင် ဖြစ်သော သတ္တ၀ါဟူသမျှ ဘုရားဓါတ် ဘုရားဥာဏ် ကိန်းသည့် အပြင် အားလုံး ဗုဒ္ဓအဖြစ်သို့ ရောက်ရှိပန်းဝင်ကြရမည် ဟူသော တစ်ကြောင်းတည်းသော လမ်းစဉ် (ဧကယာန) အယူအဆ၏ အခြေခံ လည်း ဖြစ်ပါ၏။

တထာဂတဂဗ္ဘ သုတ္တန်ဒေသနာ ကို နက်ရှိုင်းသော အနက်ဖွင့်ချက် ရှုထောင့်မှကြည့်လျှင် သတ္တ၀ါဟူသမျှ တို့ သည် ပကတိပင်ကိုယ်သဘော အရပင်လျှင် ဗုဒ္ဓဘုရားများ ဖြစ်နေနှင့်ပြီးကြပြီဟူသော အမြင် ကို ဟော၏။ နှမ်းဆီ သည် နှမ်းစေ့ အတွင်း၌ ပြကတေ့သဘောအားဖြင့် ကိန်းဝပ်နေသကဲ့သို့ သတ္တ၀ါဟူသမျှ တို့ သည်လည်း ပကတိပင်ကိုယ် သဘော အရပင်လျှင် ဗုဒ္ဓဓါတ် ကို ပိုင်ဆိုင်ပြီးသားဖြစ်ကြ၏။ သတ္တ၀ါတို့ နှင့် အရိယာသူတော်စင်တို့ ခြားနားချက်မှာ အရိယာသူတော်စင်တို့ သည် ထို နှမ်းဆီနှင် တူသော  ဗုဒ္ဓဓါတ် ကို ကို အပြည့်အ၀ ဖေါ်ထုတ်ပြီး သူများ သာ ဖြစ်ကြ၏။

ဥပမာထပ်၍ ဆိုရပါလျှင် ပြောင်လက်သန့်စင်အောင် တိုက်ချွတ်ထား သော ကြေးလင်ပန်း တစ်ချပ် နှင့် မတိုက် မချွတ် ရသေးသော ညစ်ထေးပေကျံ နေသည့် ကြေးလင်ပန်း တစ်ချပ် ကို နိုင်းယှဉ်ကြည့်ပါ။ ယင်းတို့ ၏ ပကတိသဘာဝအစစ် သည် ကြေး ဖြစ်ခြင်း ဟူသော သဘာဝပင် ဖြစ်၏။ တောက်ပပြောင်လက်ခြင်းသဘောသည် ကြေးသတ္တု၏ ပကတိပိုင်ဆိုင် သော သဘာဝဖြစ်သောကြာင့် ယင်း ကြေးလင်ပန်း နှစ်ချပ်သည် အနှစ်သာရ အားဖြင့် အတူတူပင်သာဖြစ်၏။ မတိုက် မချွတ် ရသေးသော ညစ်ထေးပေကျံ နေသည့် ကြေးလင်ပန်း သည်လည်း တိုက်ချွတ်ဆေးကြောသန့်စင် လိုက်လျှင် မိမိ ၏ တောက်ပပြောင်လက်ခြင်း သဘောသည် ပေါ်လွင်ထင်ရှား လာမည်သာ ဖြစ် ပါ၏။

သိရီမာလာဒေ၀ီသုတ္တန် (Sri Mala Devi Sutra)
မဟာယာနဗုဒ္ဓဘာသာစာပေပညာရှင်များ အလိုအရ တထာဂတဂဗ္ဘ အယူအဆနှင့် ပတ်သက်၍ အထင်ရှားဆုံး မဟာယာန သုတ္တန် တစ်ခု မှာ သိရီမာလာဒေ၀ီသုတ္တန် ဖြစ်၏။ ဤ သုတ္တန်သည် အေဒီ (၃) ရာစု ၀န်းကျင် တွင် အန္ဓာရဒေသ ၌ ပေါ်ပေါက် ခဲ့ သော မဟာယာနသုတ္တန် တစ်ခု ဖြစ်ပြီး ရှေးဟောင်း မဟာသံဃိကဂိုဏ်း နှင့် ဆက်စပ်နေသော သုတ္တန် ဖြစ်၏။

သိရီမာလာဒေ၀ီသုတ္တန် ၏ ဗဟိုချက်မ အယူအဆ မှာ တထာဂတဘုရားရှင် တို့ နှင့် ပစ္စေကဗုဒ္ဓ ရဟန္တာ တို့ ၏ သိမှု နယ်ပယ် များ ကွာခြားမှုဖြစ်၏။ ပစ္စေကဗုဒ္ဓ နှင့် ရဟန္တာ တို့ ၏ သိမှုနယ်ပယ် သည် မစင်ကြယ်သေးသော ကံဝါပါက်များ နှင့် အသိဥာဏ်ကို ပိတ်ဆို့ သော အာဝရဏတရားတို့ ကြောင့် တထာဂတဘုရားရှင် တို့ ၏ သိမှုနယ်ပယ် အထိ သို့ မထိုးဖေါက်နိုင် ပေ။ ထို့ကြောင့် သိရီမာလာဒေ၀ီသုတ္တန် ၏ အလိုအရ တထာဂတဂဗ္ဘ သည် တထာဂတ ဘုရားရှင် တို့ ၏ သိမှုနယ်ပယ် အတွက် သီးသန့်သာ ဖြစ်သည်ဟု ဆို သည်။(Buddhahood; Wayman and Wayman 1974: 80 ff 96.).

တထာဂတဂဗ္ဘ သည် ဓမ္မကာယ အစစ်ဖြစ် ပြီးလျှင် ၎င်းသည် = အစမရှိ (အနာဒိ) အဆုံးမရှိ (အနန္တ) ဖန်ဆင်းခံမဟုတ် (အကတ) မွေးဖွားခြင်းမရှိ (အဇာတ) သေဆုံးခြင်းမရှိ (အမတ) ပြောင်းလဲခြင်းမရှိ (ထာဝရ နိစ္စ ဓူဝ သဿတ) မလှုပ်ရှား (အစလ) ငြိမ်သက် (သန္တ) မူလပကတိဖြူစင်သန့်ရှင်း (ပရိသုဒ္ဓ) စသော ဂုဏ်ရည်များဖြင့် ပြည့်စုံ လေ၏။

အထက်ပါဂုဏ်များ ဖြင့် ပြည့်စုံသော  ဓမ္မကာယ အစစ် သည် ယာယီ အာဂန္တုကိလေသာ အညစ်အကြေးများ နှင့် ကပ်ငြိ နေသော အခြေအနေ ကို တထာဂတဂဗ္ဘ ဟူ၍ ခေါ်ဆိုလေသော ကြောင့်  တထာဂတဂဗ္ဘ နှင့် ဓမ္မကာယ တို့ သည်  တရားကိုယ် အားဖြင့် တစ်ခုတည်းသော ဓမ္မတရား ဖြစ်၏။ (Wayman and Wayman 1974: 98)

တထာဂတဂဗ္ဘ နှင့် ဓမ္မကာယ တို့ သည် ရေ နှင့် ရေခဲ တို့ ပမာ ဖြစ်၏။ ရေ နှင့် ရေခဲ တို့ သည် အသွင်အားဖြင့် အရည် နှင် အစိုင်အခဲ ခြားနားသော်လည်း တရားကိုယ်မှာ ရေပင် ဖြစ်သလို တထာဂတဂဗ္ဘ ၏ အသန့်စင်ဆုံး ပကတိသဘာဝ ကို ဓမ္မကာယ ဟု ခေါ်ဆိုပြီး ဓမ္မကာယ ၏ ကိလေသာများ အဖုံးလွှမ်းခံနေရသော ယာယီ အခြေအနေ ကို တထာဂတဂဗ္ဘ ဟု ခေါ်ဝေါ်ခြင်း ဖြစ်၏။

တထာဂတဂဗ္ဘ (ဓမ္မကာယ) ကို ရှုထောင့်တစ်ခု က ကြည့်လျှင် သုညတ တရား ဟုဆို နိုင်၏။ ယင်း၏ ပကတိသဘောထဲ တွင် ကိလေသာညစ်ထေးမှုသဘောတို့ မကပ်ငြိပဲ ပကတိဆိတ်သုဉ်းနေသော ကြောင့် ဖြစ်၏။ တထာဂတဂဗ္ဘ (ဓမ္မကာယ) ကို နောက်ထပ် ရှုထောင့်တစ်ခု က ကြည့်လျှင် အ-သုညတ တရား ဟုဆို နိုင်၏။ ယင်း၏ ပကတိသဘောထဲ တွင် ဂင်္ဂါသဲစုမက များပြားသော ဗုဒ္ဓဂုဏ်တော်များ ကိန်းဝပ်နေသည့် အတွက် အ-သုညတ တရား ဟုဆို နိုင်ခြင်း ဖြစ်၏။[9]
 တထာဂတဂဗ္ဘ (ဓမ္မကာယ) သည် မိမိ ၏ သဘာဝမှ အမြဲတမ်းမပြောင်းမလဲ မဖေါက်မပြန် မှန်ကန်စွာ ရပ်တည်နိုင်သော ကြောင့် ထာဝရ နိစ္စတရား ဖြစ်၏။ အမြဲတည်သော ဓုဝ-သဿတ တရားဖြစ်၏။ (ibid.: 104–5).

ပင်လယ်သမုဒ္ဒရာရေထု သည် လှိုင်းတံပိုးတို့၏ အောက်ခြေအမာခံ အရှိတရားဖြစ်ဘိသကဲ့သို့ တထာဂတဂဗ္ဘ (ဓမ္မကာယ) သည် ဘ၀သံသရာ ၏ အောက်ခြေအမာခံ အရှိတရားလည်းဖြစ်၏။ ဘ၀သံသရာ နှင့် ဘ၀သံသရာ၏ ဆန့်ကျင်ဖက် ချုပ်ငြိမ်းမှု နိဗ္ဗာန်-၀ိမုတ္တိတရား တို့ သည် ငွေဒင်္ဂါးပြား၏ ခေါင်း နှင့် ပန်း ပမာ တထာဂတဂဗ္ဘ (ဓမ္မကာယ) ၏ မျက်နှာစာ နှစ်ခု ဖြစ်၏။ လှိုင်းတံပိုးတို့အနေဖြင့် တထာဂတဂဗ္ဘ (ဓမ္မကာယ) ကို ကြည့်လျှင် သံသရာ အသွင် ကို မြင်ရမည်ဖြစ်ပြီး လှိုင်းတံပိုးတို့၏ အောက်ခြေအမာခံ အရှိတရား ဖြစ်သော ပင်လယ် သမုဒ္ဒရာရေထု အနေဖြင့်ကြည့်လျှင် တထာဂတဂဗ္ဘ (ဓမ္မကာယ) ကို ချုပ်ငြိမ်းမှု နိဗ္ဗာန်-၀ိမုတ္တိတရား၏ အသွင် အဖြစ် တွေ့ရမည် ဖြစ်၏။

ထို့ကြောင့် ဘ၀ သံသရာ သည် အသွင် ရှိ ရှိ နေသလို ဘ၀သံသရာ၏ ဆန့်ကျင်ဖက် ချုပ်ငြိမ်းမှု နိဗ္ဗာန်-၀ိမုတ္တိတရား တို့ သည် လည်း အသွင် ရှိ ရှိ နေခြင်းသာ ဖြစ်၏။ ယင်း ဆန့်ကျင်ဖက် အသွင် နှစ်မျိုးစလုံး (နိဗ္ဗာန် နှင့် သံသရာ) တို့ သည် တရားကိုယ်အားဖြင့် ပကတိသဘာဝအားဖြင့် တထာဂတဂဗ္ဘ (ဓမ္မကာယ) သာဖြစ်၏။ တစ်ခုတည်းသော အဒွိတ္တ-အဒွယ တရားဖြစ်သော တထာဂတဂဗ္ဘ (ဓမ္မကာယ) ကို ရှုထောင့်အမြင်ကိုလိုက်၍ ဆန့်ကျင်ဖက် အသွင် နှစ်မျိုး (နိဗ္ဗာန် နှင့် သံသရာ) အနေဖြင့် မြင်နေရခြင်း ဖြစ်ပါ၏။

သံသရာလောက တွင် အစွဲဥပါဒါန်တရားများ ကို အခြေခံ၍ ဖြစ်ရသော ဒုက္ခတရားများ ကို ငြီးငွေ့မှု လွတ်မြောက်လိုသော ဆန္ဒ တို့ သည် တထာဂတဂဗ္ဘ (ဓမ္မကာယ) ကြောင့် သာ ဖြစ်ရခြင်း ဖြစ်၏။ တထာဂတဂဗ္ဘ (ဓမ္မကာယ) သာ မရှိလျှင် သတ္တ၀ါတို့ သည် သံသရာဒုက္ခများမှ လွတ်မြောက်ချင်သော ဓမ္မဆန္ဒ ဖြစ်ပေါ်မည်မဟုတ်ပေ။ ငြိမ်းအေးမှု သန္တိသုခ ကို တောင့်တခြင်း (Spiritual Longing) ကို ဖြစ်ပေါ်စေသော စွမ်းအင်သည် တထာဂတဂဗ္ဘ (ဓမ္မကာယ) သာ လျှင်ဖြစ်၏။
(ibid.: 105).

တထာဂတဂဗ္ဘ (ဓမ္မကာယ)သည် ထာဝရတည်တံ့သော တရားဖြစ်သော ကြောင့် အနိစ္စဒုက္ခ အနတ္တ တရားစုများ ဖြစ် ကြသော သင်္ခါရတရား တို့ ၏ အနှစ်သာရမဲ့ပုံ နှင့် သတ္တ၀ါကို တရိရှားရှား နှိပ်စက်ပုံ ကို သိမြင်ခံစားနိုင်စွမ်းရှိ၏။ အနိစ္စဒုက္ခ အနတ္တ တရားစုများ ဖြစ် ကြသော သင်္ခါရတရား တို့ သည် တရစပ်ပြောင်းလဲနေသောကြောင့် မိမိတို့ ၏ မတည်မြဲသော သဘော ကို မသိနိုင်ပေ။ တည်မြဲနေသော တထာဂတဂဗ္ဘ (ဓမ္မကာယ)သည်သာ အနိစ္စဒုက္ခ အနတ္တ တရားစုများ ဖြစ် ကြသော သင်္ခါရတရား တို့၏ သဘော သဘာဝ အမှန်ကို သိမြင်နိုင်သည်ဟု သိရီမာလာဒေ၀ီသုတ္တန် က သင်ကြား၏။

တထာဂတဂဗ္ဘ (ဓမ္မကာယ)သည် ဗြဟ္မဏ၀ါဒီ တို့ ၏ ဥပနိသျှဒ်ကျမ်းများ က ပြောသော အတ္တ (အာတ္မ) မဟုတ်ကြောင်း သိရီမာလာဒေ၀ီသုတ္တန် က ရှင်းလင်းပြတ်သားစွာ ငြင်းချက်ထုတ်ထား၏။ သို့သော်လည်း သိရီမာလာဒေ၀ီသုတ္တန် က တထာဂတဂဗ္ဘ ၏ ဂုဏ်ရည်များ ကို သံသရာလောက နှင့် ဆန့်ကျင်ဖက်အနေနှင့် ဖေါ်ပြထား၏။ တထာဂတဂဗ္ဘ သည် အမြဲထာဝရတည်သောကြောင့် နိစ္စ ဖြစ်၏။ သံသရာလောက ၏ ဆင်းရဲဒုက္ခ အပေါင်းမှ ကင်းဆိတ်သောကြောင့် သုခ ဖြစ်၏။ မိမိ ကိုယ်ပိုင် အနှစ်သာရဖြင့် အစိုးရစွာ ရပ်တည်နေသော ကြောင့်သာရတ္ထ ဖြစ်၏။ ကျက်သရေ တင့်တယ်ဖြိုးဝေ သော တရား ဖြစ်သောကြောင့် သုဘ လည်းဖြစ်၏။ လှပမှုအပေါင်း ၏ အထွဋ်အထိပ် ဖြစ် သောကြောင့် သုန္ဒရ လည်းဖြစ်၏။ ထို့ကြောင့် တထာဂတဂဗ္ဘ သည် နိစ္စ အမတ အနာဒိ အနန္တ သုခ သာရတ္ထ သုဘ သုန္ဒရ တည်းဟူသော အမြတ်ဆုံးဂုဏ်ရည်များ ဖြင့် အတိပြီးသော အကောင်းမြတ်ဆုံးသော ဓမ္မ ဖြစ်ပါ၏။

တထာဂတဂဗ္ဘ သည် စင်စစ် ယောဂါစာရဒဿန အမြင် က ပြောသော အစင်ကြယ်ဆုံးစိတ် အမလ၀ိညာဏ (The Stainless Consciousness) နှင့် သဘောတရားခြင်း အတူတူ ပင်ဖြစ်၏။ ယင်း စိတ်ဝိညာဏ်သည်==

·         အစမသိ အဆုံးလည်းမရှိ သော အနာဒိအနန္တ ထာဝရ မျိုး ဖြစ်၏။
·         နဂိုမူလအားဖြင့် ထက်ဝန်းကျင် အလိုလို စင်ကြယ်ပြီးသားဖြစ်သော ပကတိပရိသုဒ္ဓ တရား ဖြစ်၏။
·         ကိလေသာ အာသ၀တရား တို့သည် ယင်း အစင်ကြယ်ဆုံးစိတ် ကို အနှစ်သာရအားဖြင့် မညစ်နွမ်းစေနိုင်ပဲ ယာယီအားဖြင့်သာ ဖုံးလွှမ်းနိုင်သော ဧည့်သည် အာဂန္တုကဓမ္မတရားများ ဖြစ်၏။
·         အစင်ကြယ်ဆုံးစိတ် သည် ပုဂ္ဂိုလ်အတ္တဇီဝမျိုးမှ ဆိတ်သုဉ်းသော သုညတာ ဓမ္မ ဖြစ်၏။ အတ္တဒိဋ္ဌိ ကျော့ကွင်းဝယ် မိနေသော လောကသား တို့ ၏ ကျက်စားရာ နယ်မြေ ဂေါစရာမ် မဟုတ်ပေ။
·         အစင်ကြယ်ဆုံးစိတ် သည် ကောင်းမြတ်သော ကုသလဂုဏ်ရည် အနန္တဖြင့် တင့်ဝေဖြိုးမောက်နေသောကြောင့် အရာရာ ပြီးပြည့်စုံနေသော ပရိပုဏ္ဏ ဓမ္မ အနှစ်သာရမဆိတ်သုဉ်းသော အ-သုညတာဓမ္မ လည်း ဖြစ်၏။
·         တထာဂတဂဗ္ဘ သည် အနက်ရှိုင်းဆုံးသော သစ္စာတရား ဖြစ်သောကြောင့် သဗ္ဗညု တထာဂတ ဘုရားရှင် တို့ နှင့် အဆင့်အမြင့်ဆုံး ဗောဓိသ္တတို့ သာ အပြည့်အစုံ အကုန်အလင် သိစပ်မြင်နှံ့ နိုင်သော အရာ ဖြစ်၏။
·         (Wayman and Wayman 1974: 106)


မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန်
ပါဠိပိဋကတ် နည်းတူ မဟာယာနဗုဒ္ဓဘာသာ စာပေတွင် လည်း မဟာပရိနိဗ္ဗာန သုတ္တန် အမည် ဖြင့် သုတ္တန်တစ်ခု ရှိ၏။ ဤ သုတ္တန် သည် အလွန်ရှည်လျှားသော သုတ္တန်တစ်ခု ဖြစ်ပြီး မဟာယာနဗုဒ္ဓဘာသာ စာပေတွင်း ယင်းသုတ္တန်၏ တိုးတက်ဖွံ့ဖြိုးမှုသမိုင်း သည် အလွန်ရှုပ်ထွေးခဲ့၏။

ဤ သုတ္တန် (မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန်) ၏ အလိုအရ သတ္တ၀ါ တိုင်းဝယ် တရားဓမ္မအလင်းဓါတ် ကို သိမြင်နိုင်သည့် ဗောဓိဥာဏ်မျိုးစေ့ ကိန်းဝပ်နေကြောင်း အဆိုးသွမ်း အရက်စက် အယုတ်မာဆုံး ဗာလအန္ဓ များ သည်ပင် ဗောဓိဥာဏ်မျိုးစေ့ ကို ပိုင်ဆိုင်ကြောင်း ကို ဖေါ်ပြထား၏။ ထူးခြားချက် တစ်ခုမှာ မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန် တွင် တရားဓမ္မအလင်းဓါတ် ကို သိမြင်နိုင်သည့် ဗောဓိဥာဏ်မျိုးစေ့ ကို အတ္တ (အာတ္မ) ဟူသော အမည်ဖြင့် ပေါ်ပေါ်ထင်ထင် ခေါ်ဝေါ်သုံးစွဲလာ မှု ဖြစ်၏။ ဗုဒ္ဓဓါတု ဟူ၍လည်း သုံးစွဲခေါ်ဝေါ်ခဲ့၏။(Zimmermann 2002: 83, n. 176).

သို့သော်လည်း မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန် တွင် အတ္တ (အာတ္မ) ကို ထည့်သွင်း ဖေါ်ပြခြင်း သည် အခြားသော တိတ္ထိတို့ ၏ အတ္တ အရှိအယူ နှင့် မတူကြောင်း ကို မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန် က အလေးအနက် ဖေါ်ပြခဲ့၏
ဗုဒ္ဓသည် အနတ္တတရား ကို ဟောကြားခဲ့ခြင်း မှာ သာမန်လူသားတို့ ၏ လောကီအတ္တစွဲ ကို ပယ်မြစ်လိုသောကြောင့် ဖြစ်၏။ ယင်းတို့ ကို အနိစ္စ ဒုက္ခ အနတ္တ အသုဘ စသော လက္ခဏာများ ကို ဟောခဲ့သည်မှာ လောကီတရားများ ကို နိစ္စ သုခ အတ္တ သုဘ စသည်အားဖြင့် မှားယွင်းစွာ စွဲလန်းမည် ဖြစ်သော ကြောင့် ဖြစ်၏။ ထို့ အတူ မဟာယာန မဟာ ပရိနိဗ္ဗာန သုတ္တန် တွင် ဗုဒ္ဓ က အတ္တ(အာတ္မ) ကို ဟောခဲ့ ခြင်းသည် နတ္ထိကအယူကို ပယ်မြစ်ပြီး တစ်ပါးသောအယူ ရှိသော အညတိတ္တိယ တို့ ကို ချေချွတ်လိုသောကြောင့် ဖြစ်သည်ဟု ဆို၏။

 ဗုဒ္ဓသည် ပရိယာယ် ကျင်လည်သော ဥပါယကောသလ္လဥာဏ် ပိုင်ရှင် ဖြစ်သည့် အားလျှော်စွာ မိမိ ချေချွတ်ရမည့် သတ္တ၀ါ အလိုက် အတ္တ နှင့် အနတ္တ ဟူသော သညာ ဝေါဟာရ များ ကို သင့်တော်သလို သုံးစွဲ သင်ကြားခြင်းသာဖြစ်၏။

မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန် တွင် သတ္တ၀ါ တို့ ၏ အမှား ၀ိပ္ပလ္လာသ တရား ၃ ပါး ကို ဖေါ်ပြထားသည်ကို တွေ့ ရ၏။ ယင်းတို့မှာ==

(၁) အနတ္တတရား ဖြစ်သော ခန္ဓာ အာယတန တရားစု တို့ ကို အတ္တ ဟု မြင်ခြင်း
(၂) အတ္တ(အာတ္မ) ဖြစ်သော တထာဂတဂဗ္ဘ ကို အနတ္တ ဟု မြင်ခြင်း
(၃) လောကီသားတို့ က အတ္တဟု ယူဆသော အရာကို အနတ္တဟု ရှုနေခြင်း== တို့ ဖြစ်ကြ၏။

မည်သို့ပင်ဖြစ်စေ မဟာယာန မဟာပရိနိဗ္ဗာန သုတ္တန် တွင် အတ္တ ဟူသော ဝေါဟာရ ကို ပြောင်ပြောင်တင်းတင်း သုံးစွဲလာသည်ကို တွေ့ရ သောကြောင့် အစဉ်အလာ အရ အနတ္တ-သုညတ တရားများ ကို သာ ရှေ့တန်းတင်ခဲ့သော သဘောတရား များ ကို ပြတ်ပြတ်သားသား တင်ပြခဲ့ပုံပေါ်၏။ အတ္တ(အာတ္မ) ဖြစ်သော တထာဂတဂဗ္ဘ သည် ပုဂ္ဂလအတ္တ မဟုတ်ကြောင်း အတ္တဥပါဒါန်တရား တို့ မထောက်တည်နိုင်ရာ ဖြစ်ကြောင်း ကို လဲ ဖေါ်ပြခဲ့ ကြလေသည်။ ပညာရှင်များ အမြင်တွင်မူ ဤသို့ အခြားသော အိန္ဒိယဒဿန ဂိုဏ်းများ ၏ အတ္တ အယူများ နှင့် ကွဲပြားအောင် ဖေါ်ပြရန် ကြိုးပမ်း ခဲ့ သော်လည်း အတ္တ ၏ အငွေ့အသက် အမြင် များစွာ ကို တွေ့ရ လေသည်။ အဘယ်ကြောင့် ဆိုသော် တထာဂတဂဗ္ဘ သုတ္တန်များ သည် ဂုပ္ပတခေတ် တွင် ပေါ်ပေါက်ခဲ့ သောကြောင့် ဗြဟ္မဏ (ဟိန္ဒူ) ဓမ္မအမြင် အငွေ့အသက်များ လွမ်းခြုံ နေခဲ့မည်မှာ ယုံမှားဖွယ်ရာ မရှိချေ။

အမှန်စင်စစ် အားဖြင့် ဗြဟ္မဏ (ဟိန္ဒူ) ဓမ္မအမြင် က လွှမ်းမိုးသည်ဟု ဆို ခြင်းထက် မဟာယာနဗုဒ္ဓဘာသာ၏ တိုးတက် ပွင့်ကားမှုများသည် ဗြဟ္မဏ (ဟိန္ဒူ) ဓမ္မအမြင် များ နှင့် အလျှော်ဖြစ်လောက်အောင် ပြောင်းလဲ လာသည်ဟုသာ ဆိုသင့် ပေသည်။ ခေတ်၏ အတွေးအမြင် လမ်းကြောင်း ကိုယ်တိုင်က မူလဗုဒ္ဓ၀ါဒ အတွင်း၌ ရှိနေနှင့်သော တက္ကိက ဆန်သော ဗုဒ္ဓ နှင့် နိဗ္ဗာနဓမ္မဆိုင်ရာ အမြင်များကို ပိုမို ပေါ်ပေါ်လွင်လွင် ထင်းထင်ရှားရှား တိုးတက်ခွင့်ပေးခဲ့သလို ဖြစ်ပေလိမ့်မည်။

ယင်း တက္ကိကဆန်သော ဗုဒ္ဓ နှင့် နိဗ္ဗာနဓမ္မ ဆိုင်ရာ အမြင်များ သည် ဓမ္မကျင့်စဉ်များ အားထုတ်နေသော ရဟန်းတော် များ ၏ ကမ္မဋ္ဌာန်းဆိုင်ရာ အတွေ့ထူးများ နှင့် ပေါင်းစပ်လိုက်လေသော အခါဝယ် တထာဂတဂဗ္ဘသုတ္တန်များ အနေဖြင့် ပေါ်ပေါက်လာခဲ့ဟန်တူ၏။ အချို့ ကမူ တထာဂတဂဗ္ဘသုတ္တန်များ သည် ဗြဟ္မဏ (ဟိန္ဒူ) ဓမ္မအမြင် ဆိုင်ရာ ဗဟိုချက် အမြင် ဖြစ်သော အတ္တ(အာတ္မာ) ဟူသော ဝေါဟာရ ကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာခြင်း မှာ ဗုဒ္ဓဘာသာဝင် မဟုတ်သော ဗြဟ္မဏ (ဟိန္ဒူ) ပရိသတ် ကို ဦးတည်ပြောဆို နေဟန်ရှိကြောင်း သုံးသပ်ကြ၏။

ရတနဂေါတြ၀ိဘာဂသျှတ္တရ တွင်လာသော တထာဂတဂဗ္ဘ အယူအဆ
မဟာယာနဗုဒ္ဓစာပေနယ်ပယ်တွင် ရတနဂေါတြ၀ိဘာဂသျှတ္တရ သည် ဗောဓိသတ္တ မေတ္တေယျ ၏ လက်ရာအဖြစ် ယုံကြည်ကြပြီး ယင်း၏ အဖွင့်ဋီကာ ကို အသင်္ဂ က ရေးသားခဲ့ လေသည်။

ရတနဂေါတြ၀ိဘာဂသျှတ္တရ ကို တရုပ်ပြည်တွင် အေဒီ ၅၁၁ တွင် ဘာသာပြန်ခဲ့ပြီး တရုပ်ပြည်တွင်မူ ရတနဂေါတြ ၀ိဘာဂ သျှတ္တရ ၏ ရေးသူ ကို သာရမတိ (Saramati) ဖြစ်သည်ဟု ယူဆခဲ့ကြလေသည်။ ရတနဂေါတြ၀ိဘာဂသျှတ္တရ ၏ ရပ်တည်ချက် နှင့် ဒဿနအမြင် သည် ယောဂါစာရဒဿန နှင့်ဆင်တူသော်လည်း ယောဂါစာရဒဿန အ၀န်းအ၀ိုင်းမှ ထွက်ပေါ်လာသည့်ကျမ်း ဖြစ်သည်ဟု မယူဆနိုင်ပေ။

အရှေ့ဖျားဗုဒ္ဓဘာသာစာပေလောကတွင် ရတနဂေါတြ၀ိဘာဂသျှတ္တရ သည် လွန်စွာ အရေးပါသော အခန်းကဏ္ဍတွင်မရှိခဲ့ သော်လည်း တိဗက် ဗုဒ္ဓဓမ္မ နယ်ပယ် တွင် အလွန် အဓိကကျသော နေရာ ကို ယူထားခဲ့၏။ တိဗက်ဗုဒ္ဓဘာသာ ဂိုဏ်း အားလုံး ၏ ပရိယတ္တိ သင်ကြားမှု နယ်ပယ်တွင် ရတနဂေါတြ၀ိဘာဂသျှတ္တရ သည် မလေ့လာ မရ သော ပဓါနကျမ်းစာ ဖြစ်၏။

ရတနဂေါတြ၀ိဘာဂသျှတ္တရ တွင် တထတာ နှစ်မျိုး ကို ပြခဲ့သည် ကို တွေ့ရ၏။
(၁) ကိလေသာတို့ ဖြင့် စွတ်စိုရောယှက်နေသော တထတာ
(၂) မူလပကတိသဘာဝအားဖြင့် သန့်ရှင်းစင်ကြယ်နေသော တထတာ

ကိလေသာတို့ ဖြင့် စွတ်စိုရောယှက်နေသော တထတာ ကို တထာဂတဂဗ္ဘ ဟု အမည်ပေးခဲ့ သည့် နည်းတူ
မူလပကတိသဘာဝ အားဖြင့် သန့်ရှင်းစင်ကြယ်နေသော တထတာ ကို ဓမ္မကာယ ဟု အမည်ပေးခဲ့၏။
တထတာ သည် ညစ်ထေးခြင်း သန့်စင်ခြင်းဟူသော အသွင် နှစ်ပါးကွဲသော်လည်း အနှစ်သာရတရားကိုယ်အားဖြင့် တစ်မျိုးတည်းသော သဘာဝသာဖြစ်သည့် အပြင် ယင်း၏ အဓိက ဂုဏ်လက္ခဏာများ ကို ဤသို့လျှင် ဖေါ်ကျူး၏။

·         တထတာ သည် မိမိ၏ မူလပကတိသဘာဝမှ ပြောင်းလဲရွေ့လျောမှုမရှိ။
·         တထတာသည် အညစ်အကြေးဟူသမျှတို့မကပ်ငြိပဲ ပကတိသန့်စင်၏။
·         တထတာ သည် မွန်မြတ်ခမ်းနားထယ်ဝါမှု အပေါင်းတို့ ၏ ရင်းမြစ် ဖြစ်၏။
·         တထတာ သည် သန့်ရှင်းစင်ကြယ်စွာပြိုးပြက်တောက်ပသော မူလပကတိဌီတိ ၀ိညာဏ် = အဒွယဓမ္မ ဖြစ်၏။
·         တထတာ ကို သာမန်ပုထုဇဉ်တို့ မမြင်နိုင်ပဲ ယုံကြည်မှု ဖြင့် သာ သိနိုင်၏။ ဓမ္မစက္ခုရှင်တို့ အရာသာ ဖြစ်၏။[10]


သက်ရှိသတ္တ၀ါ အားလုံး ၏ သန္တာန်ဝယ် ကိလေသာတို့ ဖြင့် စွတ်စိုရောယှက်နေသော တထတာ=တထာဂတဂဗ္ဘ တည်ရှိ၏။  ယင်း ကိလေသာတို့ ဖြင့် စွတ်စိုရောယှက်နေသော တထတာ=တထာဂတဂဗ္ဘ သည် ၀ိညာဏဓါတ် စင်စစ် ဖြစ်သလို ယင်း ၀ိညာဏဓါတ်သည် ပင် အနှစ်သာရအားဖြင့် မူလပကတိသဘာဝအားဖြင့် သန့်ရှင်းစင်ကြယ်နေသော ဓမ္မကာယ ဖြစ်လေသည်။ ဤသို့လျှင် ကိလေသာတို့ ဖြင့် စွတ်စိုရောယှက်နေသော တထတာ တထဂတဂဗ္ဘ နှင့် ဓမ္မကာယ တို့ သည် အနှစ်သား အားဖြင့် တစ်ခုတည်း သဘော ကို ဆောင်နေပါ၏။

·         ဓမ္မကာယ သည် သက်ရှိသတ္တ၀ါ အားလုံး ၏ သန္တာန်ဝယ် ကိလေသာတို့ ဖြင့် စွတ်စိုရောယှက်နေ ပြီး ၎င်းသည် သစ္စာအလင်းရောင်၏ မျိုးဗီဇ ဖြစ်သော ကြောင့် တထာဂတဂဗ္ဘ ဟူသော အမည် ကို ရ၏။
·         ဓမ္မကာယ သည် ဗောဓိသတ္တအရှင်မြတ် တို့ ၏ သန္တာန်ဝယ် တစ်ဝက် ညစ်ထေး တစ်ဝက်သန့်စင်နေ၏။
·         ဓမ္မကာယ သည် ရှင်တော်ဗုဒ္ဓ တို့ ၏ သန္တာန်ဝယ် အပြည့်အ၀ သန့်ရှင်းစင်ကြယ်နေ၏။အနန္တဂုဏ်တော် အပေါင်း ခညောင်းကိန်းဝပ်ရာ လည်း ဖြစ်၏။
·         ဓမ္မကာယ သည် ပကတိသဘောအားဖြင့် ထက်ဝန်းကျင်ပြီးပြည့်စုံနေသော တရား (ပကတိ ပရိပုဏ္ဏ ဓမ္မ) ဖြစ်သော ကြောင့် ထပ်၍ ဖြည့်စွက်စရာ မရှိ သလို နုတ်ပယ်စရာလဲ မရှိ ပကတိ အတိုင်းတိုင်းသဘောအားဖြင့် ကောင်းမြတ်ပြည့်စုံငြိမ်းချမ်းသော မဟာ အသင်္ခတ ပရမတ္ထ ဓမ္မတရား ဖြစ်ပါ၏။

ရတနဂေါတြ၀ိဘာဂသျှတ္တရ မှ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ဆိုင်ရာ ဥပမာများ
ရတနဂေါတြ၀ိဘာဂသျှတ္တရ ကျမ်းတွင် အသင်္ဂသည်  တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ဆိုင်ရာ နှင့် ပတ်သက်၍ မြောက်များလှစွာ သော ဥပမာ ဥပမေယျများ ဖြင့် တန်ဆာဆင်လျှက် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ သဘောသဘာဝ ကို ဖေါ်ကျူး ခဲ့ ၏။

(၁) တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် သဘာဝလက္ခဏာ အား ဖြင့် ကျောက်မျက်ရတနာ ကောင်းကင်ဝဠာ နှင့် ရေ တို့ ပမာ ဖြစ်၏။ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် ကျောက်မျက်ရတနာ ကဲ့သို့ ဖြစ်ရခြင်းမှာ ယင်း၏ ပကတိ သန့်စင်ပြီး မည်သည့် အညစ်အကြေး မှ မစိမ့်ဝင် မကပ်ငြိ နိုင်သော ကြောင့် ဖြစ်၏။ ကျောက်မျက်ရတနာ သည် ဘုန်းတန်ခိုးအာနုဘော်ကြီးမား၍ ဘ၀၏ ပြီးပြည့်စုံခြင်း ပျော်ရွှင်ချမ်းမြေ့ခြင်းများ ကို ဆောင်ကြဉ်းနိုင်ဘိ သကဲ့သို့ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည်လည်း သတ္တ၀ါ တို့ ၏ အဆုံးစွန်သော ၀ိမုတ္တိသုခ နှင့် ဘ၀၏ အမြင့်ဆုံး ဂုဏ်ကျက်သရေများ ကို ဆောင်ကြဉ်းလာနိုင်ပေ၏။

တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် ကောင်းကင်ဝဠာ ကဲ့သို့ ဖြစ်ရခြင်း မှာ ကောင်းကင်၏ ပကတိ ဟင်းလင်းဗလာ လွတ်လပ် မှု သဘောနှင့် ထပ်တူဖြစ်သောကြောင့် ဖြစ်၏။ တိမ်သားတိမ်စိုင်တို့ ခဏမျှ တည်နေနိုင်သော်လည်း ယင်းတို့သည့် ကောင်းကင်၏ ပကတိ သန့်ရှင်းမှု လွတ်လပ်မှုသဘောများ ကို မဖုံးလွှမ်းနိုင်သကဲ့သို့ ယာယီပေါ် ကိလေသာများ သည် လည်း တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို ပကတိ မဖုံးလွှမ်းနိုင်ပေ။ ထို့ အတူ ကောင်ကင်းဝဠာ သည် ပြောင်းလဲမှု မရှိသော နိစ္စမျိုး ဖြစ်၏။ မြေပြင်ပေါ်မှ အရာဝတ္တုများ သတ္တ၀ါများ တောတောင်ရေမြေ များ မတည်မငြိမ် ပြောင်းလဲကြရသော်လည်း ကောင်းကင်ဟင်းလင်းပြင် သည် ကာ မိမိ ၏ လွတ်လပ်ခြင်း သန့်ရှင်းခြင်း သဘာဝ မှ ရွှေ့လျှော ဖေါက်ပြန်ပျက်စီး သည် ဟူ၍ မရှိတတ်ပဲ အမြဲထာဝရ တည်မြဲခိုင်ခံ့ နေပေသည်။ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည်လည်း ကောင်းကင်သဘာဝနှင့် အတူ မပြောင်းမလဲ ထာဝရမြဲလေ သသော နိစ္စ ဓူဝ အသင်္ခတ တရားမျိုး ဖြစ်လေ၏။

တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် ရေဇလာ နှင့် တူရခြင်းမှာ ရေ သည် အညစ်အကြေး တို့ ဖြင့် နောက်ကျိ ညစ်ထေး နိုင်သောဘည်း မိမိ ၏ ပကတိ သဘာဝမှာ သန့်စင်လေသည့် နည်းတူ ယာယီပေါ် ကိလေသာများ သည် လည်း တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို မစွန်းထင်း မညစ်ပတ်စေနိုင်ပေ။ ထို့အပြင် ရေဓါတ်သည် မိမိ ၏ အစိုဓါတ် ဖြင့် အပင်များ သတ္တ၀ါများ ကို သက်ရှင်ကြီးထွား အောင် ထောက်ပံ့နေသကဲ့ သို့ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် လည်း သတ္တ၀ါ တို့ သန္တာန် ၀ယ် ပုညကိရိယာ ကုသိုလ် ကမ္မပထတရားများ စရဏတရားများ (ဒါန သီလ ဘာဝနာ) နှင့် ပါရမီတရားများ ပြန့်ပြောပွားစီး ရှင်သန်အောင် ထောက်ပံ့ နေ လေသည်။

(၂) တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် သတ္တ၀ါတို့ ၏ ဓမ္မလမ်းခရီး အတွက် အားကြီးသော အကြောင်းတရား ကို ဖြစ် ပေါ်စေနိုင်၏။ အချို့သော သတ္တ၀ါတို့သည် လောကီ သာယာမှု တို့ ကို ခုံမင်၏။ ဥစ္စာပစ္စည်း နှင့် ရာထူးအာဏာတို့ ကို မက်မော စွဲလန်း၏။ ထို သတ္တ၀ါ တို့ သည် လောကမှ ထွက်မြောက်ကြောင်း ဓမ္မတရား တို့ ကို မနှစ်သက်တတ်ချေ။ ဤသို့သော သတ္တ၀ါမျိုး အတွက် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် သံသရာဘေး ကို ထိတ်လန့်စေရန်နှင့် ဓမ္မလမ်းခရီး ကို လျှောက်စေရန် ဆင့်ခေါ်လှုံ့ဆော် ပေးတတ်၏။

အချို့သော သတ္တ၀ါတို့သည် အတ္တ ၏ အရှိတရား ကို များစွာ နှစ်သက်စွဲလန်းကြ၏။ ထို သတ္တ၀ါ တို့ သည် လောကမှ ထွက်မြောက်ကြောင်း ဓမ္မတရား တို့ ကို ကျင့်ကြံအားထုတ် ကြစေဦးတော့ ယင်းတို့သည် မိမိ အတ္တ ကို သာ ဗဟိုပြုလျှက် ကျင့်ကြကုန်၏။ မိမိ အတ္တ၏ လွတ်မြောက်ရေး ဟူသော အစွဲအလန်းလည်း ရှိကြပေ၏။ ဤသို့သော သတ္တ၀ါမျိုး အတွက် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် သတ္တ၀ါ အားလုံး သန္တာန် တွင် အညီအမျှ ကိန်းဝပ်တည်ရှိ နေသော ဗောဓိဥာဏ်မျိုးစေ့ ကို ညွှန်ပြလျှက် မိမိအတ္တ ဗဟိုပြုသော အမြင်ကျဉ်းဘာဝနာ အကျင့် ကို ပယ်ခွာပေးနိုင်၏။

အချို့သော သတ္တ၀ါတို့သည် လောကမှ ထွက်မြောက်ကြောင်း ဓမ္မတရား တို့ ကို မိမိ အတ္တ အတွက်သာမက အများ အတွက် ကျင့်ကြံလိုသော စေတနာ ရှိကြသော်လည်း ဘ၀သံသရာ၏ ဒုက္ခ အဖုံဖုံ ကို ကြောက်ရွံ့တတ်ကြ၏။ မဟာယာနဓမ္မတရား ၏ ပါရမီလမ်းစဉ် ကို မြင်လျှင် တုန်လှုပ်ခြောက်ခြား တွန့်ဆုတ်တတ်ကြလေ၏။ ဤသို့သော သတ္တ၀ါမျိုး အတွက် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် ဒုက္ခဆင်းရဲမှုတရားတို့ အတွင်းအနှစ်သား မခိုင်မြဲ ပုံ နှင့် သံသရာဆင်းရဲ၏ အနှစ်သာရ သည် ဗုဒ္ဓ သဘာဝ ၏ ဥာဏ်ပညာ နှင် ငြိမ်းချမ်းမှု တို့ သာ ဖြစ်ကြောင်း ညွှန်ပြ၏။

အချို့သော သတ္တ၀ါတို့သည် ဘ၀သံသရာ၏ ဒုက္ခ အဖုံဖုံ ကို ကြောက်ရွံ့တတ်ကြ သောကြောင့် အများဝေနေယျ ကို ကူညီကယ်တင်ရင် အလို မရှိကြတော့ပဲ မိမိ ၏ အတ္တချုပ်ငြိမ်းရေး သံသရာဆက် ပြတ်တောက်ရေး ကိုသာ ဦးတည်လျှက် ကျင့်ကြံကြလေသည်။ ဤသို့သော သတ္တ၀ါမျိုး အတွက် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် အများနှင့် သက်ဆိုင်သော သာမညဓမ္မ ဖြစ်ကြောင်း ကို ပြညွှန်နေပါ၏။

(၃) တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် ဓမ္မဘာဝနာ တို့ ၏ အမြင့်မြတ်ဆုံးသော အကျိုး ဖလ အဖြစ် ကိုလည်း ထင်လင်းစွာ ပြ၏။ လောက သည် မသန့်ရှင်းမစင်ကြယ်သော တရားများ (အကုသိုလ် နှင့် အကျိုး ဒုက္ခ) ရှိသလို သန့်ရှင်းစင်ကြယ်သောတရားများ (ကုသိုလ် နှင့် အကျိုးသုခ) လည်းရှိကြ၏။ ဘာဝနာရှင် သည် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို ဆိုက်ရောက်လေသော် လောက ၏ သန့်စင်ခြင်း-မသန့်စင်ခြင်း တည်းဟူသော ဒွိစုံအစွန်းတရား များ မှာ လွန်မြောက်လျှက် လောကုတ္တရာဓမ္မ ၏ ပကတိ သန့်စင်ခြင်း အစစ် (အနှိုင်းမဲ့ သန့်စင်ခြင်း) ကို ရရှိစေ၏။

ထိုနည်းတူ လောက သည် အတ္တဘာဝ (မိမိ ဖြစ်ခြင်း ကိုယ်ပိုင် ဖြစ်ခြင်း အစိုးရခြင်း) ရှိသလို အနတ္တဘာဝ (မိမိ မဖြစ်ခြင်း မိမိ မပိုင်ခြင်း အစိုးမရခြင်း) တို့လည်းရှိကြ၏။ ဘာဝနာရှင်သည် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို ဆိုက်ရောက်လေသော် လောက ၏ အတ္တဘာဝ-အနတ္တဘာဝ တည်းဟူသော ဒွိစုံအစွန်းတရား များ မှာ လွန်မြောက်လျှက် လောကုတ္တရာဓမ္မ ၏ ပကတိ အတ္တဘာဝ (အနှိုင်းမဲ့ တည်ရှိခြင်း) ကို ရရှိစေ၏။

ထိုနည်းတူ လောက သည် နိစ္စဘာဝ (တည်မြဲခြင်း ခိုင်မာခြင်း မရွှေ့လျှောခြင်း) ရှိသလို အနိစ္စဘာဝ (မတည်မြဲခြင်း မခိုင်မာခြင်း ရွှေ့လျှောခြင်း) တို့လည်းရှိကြ၏။ ဘာဝနာရှင် သည် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို ဆိုက်ရောက် လေသော် လောက ၏ နိစ္စဘာဝ-အနိစ္စဘာဝ တည်းဟူသော ဒွိစုံအစွန်းတရား များ မှာ လွန်မြောက်လျှက် လောကုတ္တရာဓမ္မ ၏ ပကတိ နိစ္စဘာဝ (အနှိုင်းမဲ့ ခိုင်မြဲခြင်း) ကို ရရှိစေ၏။

(၄) တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို ဟင်းလင်းပြင် အာကာသ နှင့် တူကြောင်း ဆိုခဲ့ပြီ။ အာကာသဓါတ် သည် နေရာခပ်သိမ်း၌ ပျံ့နှံ့တည်ရှိနေသလို တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) လည်း နေရာတိုင်း၌ တည်နေသော သဗ္ဗဗျာပီဓမ္မ ဖြစ်၏။ စိတ်၏ မူလပကတိသဘာဝ နှင့် ထပ်တူ ဖြစ်သော တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် အနှစ်သာရ အာဖြင့် သုညတာ ဖြစ်သလို ယင်း သုညတာ သည် သိမှု လက္ခဏာ ရှိသော တရားလည်း ဖြစ်၏။ ဤ သဘာဝ နှစ်ရပ် (သုညတာ နှင့် ထင်လင်းသိမှု) တို့ သည် သတ္တ၀ါတိုင်း ၏ သန္တာန်တွင် ကိန်းသော အမတေ တရားများ ဖြစ်လေသော ကြောင့် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို နေရာတိုင်း၌ တည်နေသော သဗ္ဗဗျာပီဓမ္မဟူ၍ ဆိုရခြင်း ဖြစ်၏။

ထိုနည်းတူပင် ဟင်းလင်းပြင် အာကာသ သည် အတိတ် အနာဂတ် ပစ္စုပ္ပန် ကာလ သုံးပါး နှင့် အတွင်း အပြင် အနီး အဝေး အယုတ် အမြတ် တွင် ရှိသမျှ သော ဖြစ်ပျက်ပြောင်းလဲမှု တို့၏ အဆုံးစွန်သော တည်ရာ (Ultimate Locus) ဖြစ်ဘိ သကဲ့သို့ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) လည်း ခန္ဓာ အာယတန ဓါတ် သစ္စာ လောကီ လောကုတ္တရာ ဓမ္မတရား အားလုံး တို့၏ အဆုံးစွန်သော တည်ရာ ဖြစ်ပါ၏။ သတ္တ၀ါတို့ ၏ မွေးဖွားခြင်း ရင့်ကျက်ခြင်း သေဆုံးခြင်း ဓမ္မကိုကျင့်သုံး ဆောက်တည်ခြင်း ဓမ္မကိုသိမြင်ခြင်း နိဗ္ဗာန်ဝင်စံခြင်း စသော အဖြစ်အပျက် အစုအပေါင်းဟူသမျှတို့သည် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ ရင်ခွင်အတွင်း ၌ ဖြစ်ခွင့်ရသော အရာများ သာဖြစ်၏။ လှိုင်းတို့ မည်သည် မဟာ သမုဒ္ဒရာ ၏ နယ်နမိတ် အတွင်း၌သာ ဖြစ်ရိုးပျက်ရိုး ထုံးစံ ရှိသကဲ့သို ဖြစ်၏။

မြေထု သည် ရေထုပေါ် တည်နေ၏ ရေထုသည် လေထုပေါ်တည်နေ၏ လေထု သည်ကား ဟင်းလင်းပြင် အာကာသ ၌တည်နေပြီး ဟင်းလင်းပြင် အာကာသ သည် အရာခပ်သိမ်း၏ အဆုံးစွန်သော တည်ရာ ဖြစ် နေပုံ ကို ရူပကအင်္လကာ အဖြစ်ဖြင့် ဖေါ်ပြရလျှင် ခန္ဓာ အာယတန ဓါတ် တရားတို့ သည် ကမ္မသတ္တိပေါ်တည်နေ၏ ကမ္မသတ္တိ သည် ကိလေသာ တရား တို့အပေါ် တည်နေ၏။ ကိလေသာတရားတို့ သည် အာသ၀တရားတို့ ပေါ်တည်နေ၏။ အာသ၀တရား တို့ သည်ကား တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ)၌ တည်နေ၍ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် အဆုံးစွန်သော တည်ရာ ဖြစ်ပါပေ၏။ ဤနည်းအားဖြင့် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) သည် လောကီ လောကုတ္တရာ သင်္ခတ အသင်္ခတ တရားစု အပေါင်းတို့ တည်မှီရာ မူလအရှိတရားအခြေခံ (Ground of Being) သဖွယ် ဖြစ်ပါ၏။

(၅) တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ ဂုဏ်ရည် အပေါင်း သည် စင်စစ် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ ကွဲပြားသော အမည်နာမ များသာ ဖြစ်၏။ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ကို ဓမ္မကာယ ဓမ္မဓါတု မူလစိတ္တ ပကတိသဘာဝ သုညတာ တထတာ နိဗ္ဗာန အာဒိဗုဒ္ဓ စသော အမည်များ ဖြင့် ခေါ်ဝေါ်နိုင်သော်လည်း တကယ့် တရားကိုယ် အစစ် မှာ မကွဲမပြား တစ်သားတည်းတစ်ခုတည်း သာ ဖြစ်ပါ၏။

(၆) သတ္တ၀ါတို့၏ သန္တာန်ဝယ် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ ဂုဏ်ရည် အပေါင်း ကိန်းဝပ်ခညောင်း နေသော်လည်း သတ္တ၀ါတို့ သည် အ၀ိဇ္ဇာ အာသ၀ နှင့် ကိလေသာ အမှောင်တိုက် မောဟတရားတို့ မှေးယှက်ပိတ်ဖုံးနေမှု ကြောင့် မသိမမြင်နိုင် ဖြစ်နေရပုံ ကို ဥပမာ ၉ ပါး ဖြင့် ဆောင်ပြခဲ့၏။ မီးခိုး ကို မြင်လျှင် မီးရှိ ကြောင်းဆင်ခြင်နိုင်သကဲ့သို့ တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ ဂုဏ်ရည် ကို မြင်လျှင် တထာဂတဂဗ္ဘ (ဗုဒ္ဓ သဘာဝ) ၏ ကိန်းဝပ်နေမှု ကို ဆင်ခြင် နိုင်ပါ၏။

(က) ပထမဥပမာ မှာ တင့်တယ်သပ္ပါယ်လှပသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ကို အကျည်းတန်ညိုးနွမ်းသော ကြာပန်း က ငုံအုပ်ဖုံးကွယ် ထားပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည် အကျည်းတန်ညိုးနွမ်းသော ကြာပန်း   ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည် တင့်တယ်သပ္ပါယ်လှပသော ဗုဒ္ဓရုပ်ပွားတော်တစ်ဆူ ပမာ ဖြစ်၏။

(ခ) ဒုတိယဥပမာမှာ ရသမွှေးပျံ့သင်းကြိုင်သော ပျားရည်ရှိရာ ပျားလဘို့ ကို အန္တရာယ်ပျားကောင်အုပ်စု က ၀န်းရံကာဆီး နေပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည်  အန္တရာယ်ပျားကောင်အုပ်စု  ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည် ရသမွှေးပျံ့သင်းကြိုင်သော ပျားရည် ပမာ ဖြစ်၏။

(ဂ) တတိယဥပမာမှာ အဆီအနှစ်ပြည့်ဝသော သလေးဆန် သည် စပါးခွံအဖုံးအကာ အောက်တွင် ရောက်ရှိနေသည့် ပုံပမာဖြစ်၏။ ကိလေသာ တို့ သည် စပါးခွံအဖုံးအကာ ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည်  အဆီအနှစ်ပြည့်ဝသော သလေးဆန် ပမာ ဖြစ်၏။

(ဃ) စတုတ္ထဥပမာမှာ ခရီးသွားတစ်ဦးသည် ရွှေအဿပြာထုပ် ချောက်ထဲ ကျရောက်ပျောက်ဆုံးလေရာ ရွှေအဿပြာထုပ် ကို တောနွယ်ချုံပုတ်ပိတ်ပေါင်း တို့ က ဖုံးကွယ်ပျောက်ဆုံးနေစေသည့် ပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည် တောနွယ်ချုံပုတ်ပိတ်ပေါင်း တို့ပမာ   ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည် ရွှေ အဿပြာထုပ် ပမာ  ဖြစ်၏။

(င) ပဉ္စမဥပမာမှာ သူဆင်းရဲ တစ်ဦး သည် ဘ၀၀မ်းစာ ကို တရိရှားရှား ဖွေရှာ နေရသော်လည်း သူ၏ အိမ်စုတ်ကလေး အောက်တွင် ရတနာရွှေအိုးကြီး ရှိနေခဲ့ သည့် ပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည် သူဆင်းရဲ တစ်ဦး သည် ဘ၀၀မ်းစာ ကို တရိရှားရှား ဖွေရှာ နေရခြင်း    ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည် အိမ်စုတ်ကလေး အောက်တွင် ရှိနေသော ရတနာရွှေအိုးကြီး ပမာ ဖြစ်၏။

(စ) ဆဋ္ဌမဥပမာမှာ ဧရာမကြီးမားလာမည့် ပညောင်ပင်ကြီး၏သဏ္ဍာန်နှင့် အရှိတရားသည် အလွန် သေးငယ်လှသော ပညောင်မျိုးစေ့ကလေးထဲ တွင် ဆန်းကြယ်စွာ ကိန်းအောင်းတည်ရှိနေသည့် ပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည် သေးငယ်လှသောပညောင်မျိုးစေ့ ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည် ဧရာမကြီးမားလာမည့် ပညောင်ပင်ကြီးပမာ ဖြစ်၏။

(ဆ) သတ္တမဥပမာမှာ ရတနာမျိုးစုံ စီချယ်မွမ်းမံအပ်သော ရုပ်ပွားတော်တစ်ဆူ ကို ညစ်ပေစုတ်ပြတ်သော အ၀တ်စတို့ ဖြစ် ပတ်ရစ်ဖုံးလွှမ်း ထား သည့် ပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည် ညစ်ပေစုတ်ပြတ်သော အ၀တ်စတို့    ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည် ရတနာမျိုးစုံ စီချယ်မွမ်းမံအပ်သော ရုပ်ပွားတော်တစ်ဆူပမာ ဖြစ်၏။

(ဇ) အဋ္ဌမဥပမာမှာ ကူကယ်သူမဲ့နေသော အရုပ်ဆိုး သူတောင်းစားမ တစ်ယောက် သည် အနာဂတ်ကာလတွင် ရေမြေသနင်း ဧကရာဇ်မင်း ဖြစ်မည့် ဘုန်းကံရှင် သားရတနာ တစ်ပါး ကို သန္ဓေလွယ်ထား သည့် ပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည်  ကူကယ်သူမဲ့နေသော အရုပ်ဆိုး သူတောင်းစားမ  ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည်  ဧကရာဇ်မင်း ဖြစ်မည့် ဘုန်းကံရှင် သားရတနာ ပမာ ဖြစ်၏။

(ဈ) န၀မ ဥပမာမှာ ရန်သူတို့ လုယက်ယူငင်မည့် ဘေးကြောင့် ရွံစေး တို့ ဖြင့် ဖုံးအုပ်လိမ်းကျံလျှက်ထားရ သော ရွှေစင်သားအတိပြီး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ၏ ပုံပမာ ဖြစ်၏။ ကိလေသာ တို့ သည်  ရွံစေး တို့ ဖြင့် ဖုံးအုပ်လိမ်းကျံလျှက်ထားရ သောအခြေအနေ  ဖြစ်၍  ဗောဓိဥာဏ်သဘာဝသည်  ရွှေစင်သားအတိပြီး ဗုဒ္ဓရုပ်ပွားတော် တစ်ဆူ ပမာ ဖြစ်၏။

အထက်ပါဥပမာ (၉) မျိုး ကို ကြည့်လျှင် မွန်မြတ်ကောင်းမွန်သော တန်ဖိုး ကို အပေါ်ယံ ညစ်နွမ်းသော အခြေအနေ က ဖုံးကွယ်ထား သော ဥပမာများ ဖြစ်၏။ ညစ်နွမ်းမှု ဆင်းရဲနိမ့်ကျမှု တို့ သည် အမှန်တရားမပေါ်ပေါက်သေးခင် ယာယီ မျှသာ ဖြစ်သကဲ့သို့ သတ္တ၀ါ တို့ ၏ ကိလေသာဖြင့်လိမ်းကျံနေရသော အခြေအနေ မှာ လည်း ယာယီမျှသာ ဖြစ်ပါ၏။ တထာဂတဂဗ္ဘ ၏ ဗုဒ္ဓသဘာဝ က ထွန်းလင်းတောက်ပလာသော အခါတွင် မကောင်းသော ဂုဏ်ရည်များ အားလုံး ကွယ်ပျောက်လွှင့်စင်ရမည်သာ ဖြစ်ပါ၏။ တထာဂတဂဗ္ဘ သည် ကိလေသာအပေါင်းမှ စင်ကြယ်သောကြောင့် အ၀ိနိမုတ္တကိလေသာကောသ ဖြစ်သည်ဟုလည်း ဆိုပါ၏။

မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ (Awakening of Faith) တွင် လာသော တထာဂတဂဗ္ဘ နှင့် တထတာ
 မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ သည် တရုတ်မဟာယာနဗုဒ္ဓဘာသာ တွင် အရေးပါပြီး ယင်း ကျမ်းကို ဗုဒ္ဓဓမ္မ ကဗျာဆရာ ကြီး အဿဃောသ က ရေးသားစီရင်ခဲ့ သည်ဟု ယုံကြည်ကြလေသည်။ သို့သော်လည်း ယနေ့ခေတ် ဗုဒ္ဓ၀ါဒ စာပေ
ပညာရှင် အများ ကမူ ဤ အချက်ကို လက်မခံ ပဲ မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ သည် တရုပ်ပြည်ထွက် လက်ရာ ဖြစ်ကြောင်း သတ်မှတ်ကြ၏။ မဟာယာနစာပေ ပညာရှင် ဝေါ်လတာ လီဘန်ထယ်(Walter Liebenthal)  ၏ အလို အရ ဒေါင်ချွန်း ဟု အမည်ခံ သော ကွန်ဖြူးရှပ်ဝါဒီ ပညာရှင် တစ်ဦး က အေဒီ- ၅၃၄ ခန့် တွင် ရေးသားခဲ့ ဟုဆိုပါသည်။   ( Daochong; Liebenthal 1961: 42; cf. Liebenthal 1959).

မဟာယာနစာပေ ပညာရှင် ၀ီလီယျံ ဂရော့စနစ် (William H Grosnick) ကမူ မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ သည် အိန္ဒိယ မဟာယာနရဟန်းတော် ပရမတ္ထ ၏ လက်ရာ ဖြစ်သည်ဟု ဆိုပြန်သည်။ ပရမတ္ထ သည် တရုပ်ပြည်တွင် ဗုဒ္ဓသာသနာ ပြုခဲ့သော အိန္ဒိယ ရဟန်းတော်တစ်ပါး ဖြစ်၏။

ဤသို့ ပညာရှင်များ အယူအဆကွဲပြားနေသော မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ သည် အိန္ဒိယ ဆန်သော ဒဿန အမြင် များ ကို တရုတ် အတွေးအခေါ် များ နှင့် ပေါင်းစပ်ရောမွှေ ထားဟန်တူသော လက်ရာ ဖြစ် ပြီး ယောဂါစာရဒဿန နှင့် တထာဂတ ဂဗ္ဘ ဆိုင်ရာ အယူအဆများ ကို ပေါင်းစည်းဆက်စပ်ပြထားသော အမြင်သစ် ကို တွေ့ရလေသည်။
မူလ တထာဂတ ဂဗ္ဘ ဆိုင်ရာ အယူအဆများ မှာ သတ္တ၀ါတို့ ၏ သိမှုအခြေခံသဘော နှင့် လွတ်မြောက်ခြင်းဥာဏ်အမြင် (၀ိမုတ္တိဥာဏဒဿန) တို့ ဖက် ကို အလေးပေးထားသည်နှင့် နိုင်းစာလျှင် မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ သည် တက္ကိက အမြင် လွန်ကဲ နေသော ကျမ်း ဖြစ် သည်။ စကြ၀ဠာ ဖန်ဆင်းဖြစ်ပေါ်ပုံ ကို နာမ်ဝါဒ ဆန်ဆန် တင်ပြထားသည်ကို တွေ့ရ၏။

မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ ၏ အလို အရဆိုရလျှင် လောကီ လောကုတ္တရာ နှစ်ဖြာသော နယ်ပယ်တို့ ၌ ရှိရှိသမျှ ခပ်သိမ်းကုန်သောဓမ္မသဘော တို့ သည် တထတာ (တထာဂတဂဗ္ဘ ) က ဖေါ်ဆောင်ထုတ်ပြသောအရာများသာဖြစ်သည်။ အရှိဓမ္မ တရား ၏ တစ်လုံးတစ်ဝတည်း ပေါင်းစည်းဖြစ်တည် နေမှု သဘော သည် မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ ၏ အခြေခံ အကျဆုံးသော အမြင် ဖြစ်သည်။ ဒင်္ဂါးပြားတစ်ချပ်၏ သတ္တုသားသည် ခေါင်းဖက် နှင့် ပန်းဖက်တို့၏ အောက်ခြေအမာခံအရှိတရား သဖွယ်ဖြစ်ဘိ သကဲ့သို့တထာဂတဂဗ္ဘ သည် နိဗ္ဗာန် နှင့် သံသရာ တို့၏ အောက်ခြေ အမာခံအရှိတရား သဖွယ်ဖြစ် ကြောင်း မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ က ဆိုပါသည်။ (Hakeda 1967: 32 77–8).

မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ ၏ အလိုအရ တထာဂတဂဗ္ဘ ၏ ပင်ကိုယ်သဘာဝ သည် တထတာဖြစ်၏ နိဗ္ဗာန် ဖြစ်၏ အမတ တရား ဖြစ်၏။ တထာဂတဂဗ္ဘ သည် အစ မွေးဖွားခြင်း မရှိသော အနာဒိ-အဇာတ တရား ဖြစ်၏ ဘာသာဗေဒ နှင့် ပညတ်လောက ကို ကျော်လွန်နေ လေသည်။ လောက၏ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားမှု နာနတ္ထ တရားများ သည် မာယာ လှည့်စားမှုမျှသာဖြစ်ပြီး တထတာ သည် လောက၏ အမျိုးမျိုး အဖုံဖုံ ကွဲပြားခြားနားမှု နာနတ္ထ တရားများ မှ ကင်းဝေးသုဉ်းဆိတ်သောကြောင့် သုညတာဓမ္မ ဖြစ်သည် ဟုလည်း မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ က ယူဆသည်။ သို့သော် တထတာသည် စစ်မှန်ခြင်း ခိုင်မာမြဲမြံခြင်း မွန်မြတ်ခြင်း သန့်ရှင်းစင်ကြယ်ခြင်း စသော တန်ဖိုးများ နှင့် ပြည့်ဝနေသောကြောင့် အ-သုည (ပရိပုဏ္ဏ ဓမ္မ) ဟု လည်းခေါ်ပါသည်။

တထာဂတဂဗ္ဘ ကို စကြ၀ဠာ ဖြစ်ပေါ်တိုးတက်မှုဖြစ်စဉ်၏ အခြေခံမောင်းနှင်အား အနေဖြင့် ယူဆထားသည်ကို တွေ့နိုင်ပါ သည်။  မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ ၏ အလိုအရ မူလပကတိစိတ္တ (သို့မဟုတ်) တထာဂတဂဗ္ဘ သည် (၁) ဗောဓိဥာဏ် သဘာဝ လည်းရှိ (၂) အ၀ိဇ္ဇာသဘာဝ လည်းရှိလေသည်။ ဗောဓိဥာဏ်သဘာဝ ကို = သဘာဝတ္ထ ဗောဓိဥာဏ်သဘာဝ= အားထုတ်ကြိုးပမ်းရရှိသော ဗောဓိဥာဏ်သဘာဝ ဟူ၍ နောက်ထပ် ၂ မျိုးထပ်ခွဲ ထားပါသည်။

(၁) သဘာဝတ္ထ ဗောဓိဥာဏ်သဘာဝ ဟူသည် မှာ စိတ်၏ ပကတိသဘာဝ ဖြစ်သော  ကိလေသာအညစ်အကြေးတို့မှ သန့်စင်ကင်းပလျှက် ထာဝရတည်တံ့နေခြင်း (ပရိပုဏ္ဏ ကူဋဌာယီနိစ္စ) နေရာခပ်သိမ်းဝယ်ပျံ့ နှံ့တည်ရှိခြင်း (သဗ္ဗဗျာပီ) အာကာသဟင်းလင်းပြင်ကဲ့သို့ အပိတ်အဆို့အတားအဆီးမရှိခြင်း (အပ္ပဋိဟတ) အရာခပ်သိမ်းကို သိမြင်နိုင်ခြင်း (သဗ္ဗဒဿီ) စသည့် ဂုဏ်အင်အပေါင်း ကိုဆိုပါ၏။

မူလဘူတအရင်းခံ ပညာဟူသည်မှာ အခြားမဟုတ် စိတ်၏ ပကတိသဘာဝသာ ဖြစ်ပြီး ၎င်း သည်တွေးကြံသိတို့ မှ လွန်မြောက် ပြီးပြည့်စုံ သော သဘောရှိ ၏။ ဟင်းလင်းပြင်ကဲ့သို့ နေရာမလပ် ပျံ့နှံ့တည်ရှိ ပြီး ကြေးမုံ ကဲ့သို့ ပုံရိပ် ထင်သော်လည်း အတွင်းသား ဆိတ်သုဉ်းနေသော သဘာဝ လည်း ဖြစ်၏။ ယင်း မူလဘူတအရင်းခံပညာသည် ဓမ္မကာယ ဖြစ်ပါ၏။

(၂) စိတ်၏ မူလအရင်းခံသဘာဝ အတွင်းမှာ မသိမှု အ၀ိဇ္ဇာဓါတ် ကိန်းဝပ်နေခဲ့ ပြီး ထို သိမ်မွေ့နုးညံလှသော အ၀ိဇ္ဇာသည် ပြိုးပျက်တောက်ပစင်ကြယ်သော စိတ်၏ မူလအရင်းခံသဘာဝ ကို အတ္တ အဖြစ် မှောက်မှားထင်မြင်လေရာ မှ သံသရာ သည် စခဲ့ပါ၏။ အ၀ိဇ္ဇာဓါတ် ကို အခြေခံ သော သညာအစု အဝေးတို့ ကြောင့် ပရမတ်အရှိတရား တို့ ကို ပညတ္တိ တရားမျိုး တို့ က ဖုံးလွှမ်းသွားလေသော အခါဝယ် မရှိသော အရှိယောင်လောကတရားတို့ အပေါ် သတ္တ၀ါတို့ ၏ ကိလေသာတရားများ က ပူးကပ်နှိပ်စက် စေ၏။ မရှိသော အရာ ကို အရှိ မမြဲသောအရာ ကို တည်မြဲ တင်းရဲသော အရာ ကို ချမ်းသာ အနေဖြင့် လှည့်စားခံရသော သတ္တ၀ါတို့ သည် လောကသံသရာဝယ် ကျင်လည်နေကြရကြောင်း နှင့်
မူလဘူတအရင်းခံ ပညာ ပေါ်ပေါက် စေရန် ကျင့်စဉ်မှာ တွေးကြံသိတို့ မှ လွန်မြောက်ရန် အတွက် အတွေး အကြံ မှန်သမျှ ကို သိမှတ်ပိတ်ဆို့ တားဆီးနိုင်ရန် အတွက် ကျင့်သုံးရမည် ဖြစ်ကြောင်း မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ ကျမ်း က အဆိုပြုထား၏။ (Hakeda 1967: 50)

တွေးသိစိတ် အလျှင် ကို ဖြတ်တောက် ပစ်လိုက်ခြင်း အားဖြင့် စိတ်၏ မူလသဘာဝ အခြေအနေသို့ပြန်လည် ရောက်ရှိစေ နိုင်ပြီးလျှင် ကြေးမုံပြင် တစ်ချပ်ကဲ့သို့ အညစ်အကြေး လုံးဝကင်းစင်နေပြီး သန့်စင်တောက်ပနေ သော စိတ်၏ ပကတိ သဘာဝ ကို မျက်မှောက်ပြု နိုင်ပေလိမ့်မည် ဖြစ်၏။ ယင်းသည်ကား ဓမ္မကာယ အစစ် သာ ဖြစ်တော့၏။ ထို့ကြောင့်  ဓမ္မကျင့်စဉ် အားထုတ်မှု မှန်သမျှ သည် အဆိုပါစိတ် သဘာဝ ကို ဖုံးကွယ်ထား လေသော ယာယီ အာဂန္တုက ကိလေသာ အညစ်အကြေး များ လွင့်စင်သွားစေရန် သာ ဖြစ်= သန့်စင်တောက်ပနေ သော စိတ်၏ ပကတိ သဘာဝ သည် သူ့ အလိုလို ရုတ်တရက် ဖြိုးဖျတ်တောက်ပ ပေါ်လွင်လာမည် ဖြစ်ပေသည်။

မဟာယာနသဒ္ဓေုပ္ပါဒ သျှတ္တရ ၏ အမြင်သည် တာအိုဝါဒီ ဟွေနန်ဇူ (Huai Nan Tsu) ၏ သန့်စင်တောက်ပနေ သော စိတ်၏ ပကတိ သဘာဝ အယူအဆ နှင့် ဆင်တူ၏။ တာအိုဝါဒီ ဟွေနန်ဇူ က အောက်ပါအတိုင်း ဆိုခဲ့၏။

“လူသား၏ မူလဘူတ ပကတိသဘာဝ သည် သန့်ရှင်းစင်ကြယ်ပြီး အညစ်အကြေးမရှိပဲ တောက်ပနေ၏။ လူ့စိတ်သည် ထိုထိုရာရာ လောကီဝတ္တုများ နှင့် တွေ့ထိလျှက် တဏှာရာဂ စိတ် နှင့် ခံစားမှု ဝေဒနာ များ ဖြစ်ပေါ်လာသော အခါ ၀ယ် ယင်း နဂို သဘာဝ သည် အဖုံးကွယ် ခံ လိုက်ရပေသည်။တိမ်တိုက်မဲတို့ သည် ကြယ်တာရာ တို့ ကို ဖုံးကွယ်ထားသည့် နည်းတူ လူ၏ ပင်ကိုယ်ကောင်းမြတ်သော သဘာဝကို ယာယီ ဖြစ်ပေါ်လာသော တဏှာရာဂ စိတ် နှင့် ခံစားမှု ဝေဒနာ များ က ဖုံးကွယ်လို့ ထားလေသည်။” (Wilhelm 1985; 108–9)

နိဂုံးချုပ် သုံးသပ်ရလျှင် တထာဂတဂဗ္ဘ အယူအဆသည် အာရှအရှေ့ဖျား ဒေသရှိ တရုပ် နှင့် ဂျပန် မဟာယာန ဂိုဏ်းများ အတွက် ဗဟိုချက်မ အရေးပါသော မဏ္ဍိုင်ပြုဒဿန တစ်ရပ် ဖြစ်လာခဲ့၏။ ချန်(ဇင်) တိယင်တိုင်း (တင်ဒိုင်း) ဟွာယင်း (ကီဂွန်း) နှင့် ရှင်ဂွန်း ဂိုဏ်းများ တွင် အထွဋ်တင် ဆွေးနွေးခဲ့ကြ၏။ ရှေ့ အခန်းတွင် ဟွာယင်း (ကီဂွန်း) ဂိုဏ်း၏ တထာဂတဂဗ္ဘ အယူအဆ နှင့်အ၀ဋံသကသုတ္တန်ကို အခြေခံသော အရာခပ်သိမ်း၏စိမ့်ဝင်နွယ်ယှက် ပေါင်းစည်းဆက်စပ် ခြင်း သဘောဓမ္မ ( The Doctrine of the Interdependence and Interpenetration of All) ကို စေ့ငုလေ့လာ ကြည့်ကြပါစို့။                            


[1] Majjhima, 111, p. 8.)
[2] Majjhima, Gopaka-Moggalldna Sutta (No. 108) . Cf. Saddhamma Sarigaha (JPTS., 1890), ch. x, p. 65 : Buddha says "84,000 dhammakkhandhas have been preached by me in 45 years, I alone only pass away while there are 84,000 dhammakkhandas, which like 82,000 Buddhas (Buddha-sadisa) will admonish you."

[3] Vir. M., p. 234; M. Vr. (as opinion of non-Madhyamikas), p. 423; Mil., p. 98.
[4] Patica. (Cambr. ms.) , leaf 343c.
[5] Lanka., p. 242.
[6] ၁။ အကြောင်းဟုတ်/မဟုတ်ကို အမှန်တိုင်းကွဲကွဲပြားပြားသိမြင်းခြင်း၊
၂။  အတိတ် အနာဂတ် ပစ္စုပန် အားဖြင့်အလုံးစုံသောကံတို့၏အကျိုးကို အမှန်အတိုင်းကွဲကွဲပြားပြားသိမြင်ခြင်း
၃။ ဘုံဘဝအားလုံးသို့ လာရောက်ကြောင်းအကျင့်တို့ကို အမှန်အတိုင်းကွဲကွဲပြားပြားသိမြင်ခြင်း
၎။ များစွာသောဓာတ်သဘော အမျိုးမျိုးသောဓာတ်သဘောရှိသည့် လောကကိုအမှန်အတိုင်းကွဲကွဲပြားပြားသိမြင်ခြင်း၊
၅။ သတ္တဝါတို့၏ အလို အဇ္ဈာသအမျိုးမျိုးကို အမှန်အတိုင်းကွဲကွဲပြားပြားသိမြင်းခြင်း။
၆။ သတ္တဝါတို့၏ ဣနြေ္ဒ အနုအရင့်ကို ဟုတ်တိုင်းမှန်စွာ ခွဲခြားသိမြင်ခြင်း။
၇။ ဈာန် သမာဓိ သမာပတ် တို့၏ ညစ်ညူးခြင်းဖြူစင်ခြင်း ထမြောက်ခြင်းတို့ကို ဟုတ်တိုင်းမှန်စွာ ခြွဲုခားသိမြင်ခြင်း၊
၈။ သတ္တဝါတို့၏ ကံအားလျော်စွာ သေခြင်း ဘဝသစ်၌ ဖြစ်ခြင်းကို ဟုတ်တိုင်းမှန်စွာခွဲခြားသိမြင်နိုင်ခြင်း၊
၉။ မိမိဖြစ်ခဲဖူးသည့် ဘဝများစွာတို့ကို ပြန်ပြောင်းအောက်မေ့နိုင်ခြင်း၊
၁၀။ အာသဝေါကင်းသော စေတောဝိမုတ္တိ ပညာဝိမုတ္တိ ကိုမျက်မှောက်ပြု၍ နေနိုင်ခြင်း။

[7] အာဝေဏိက ဂုဏ်တော် ၁၈-ပါး
၁) အတိတ် အဖို့၌
၂) အနာဂတ် အဖို့၌
၃) ပစ္စုပ္ပန် အဖို့၌
ဉာဏ်တော်၏ အပိတ်အပင် အတားအဆီးမရှိခြင်း။

၎) ကာယကံမှု အလုံးစုံ၌
၅) ၀စီကံမှု အလုံးစုံ၌
၆) မနောကံမှု အလုံးစုံ၌
ဉာဏ်တော်သာလျှင်ရှေ့သွားရှိခြင်း၊ ဉာဏ်တော်သို့သာအစဉ်လိုက်ခြင်း။

၇) အလိုဆန္ဒတော်
၈ ) အားထုတ်မှုဝီရိယ
၉) သမာဓိတော်
၁၀) ပညာတော်
၁၁) တရားဟောရာ ၌
၁၂) ၀ိမုတ္တိတရား အဖို့၌
ယုတ်လျှော့အားနည်းမှု မရှိခြင်း။

၁၃) ပြက်ရယ်ပြုမှု မြူးတူးမှုမရှိခြင်း။
၁၄) ချွတ်ချော်တိမ်းပါးမှုမရှိခြင်း။
၁၅) ဉာဏ်တော်နှင့် မတွေ့ထိသော အရာဟူ၍မရှိခြင်း။
၁၆) အဆောအလျင်ပြုရသည်၏ အဖြစ်မျိုးမရှိခြင်း။
၁၇) ကြောင့်ကြမဲ့စိတ်မျိုးမရှိခြင်း။
၁၈ ) ပညာ ဉာဏ်မဆင်မခြင် ရှုလေ့မရှိခြင်း။
[8] ပထမဓမ္မစကြာ သည် ရှေးဟောင်း ဗုဒ္ဓဘာသာသုတ္တန်များဖြစ်၏။ ဒုတိယဓမ္မစကြာ ဟူသည် မာဓျမိကဒဿန က အခြေခံသော ပညာပါရမီတာသုတ္တန်များ ဖြစ်၏။ တတိယဓမ္မစကြာ ဟူသည် ယောဂါစာရဒဿန က အခြေခံသော သံဓိနိမောစနသုတ္တန်ဖြစ်၏။
[9] [T]he Tathagatagarbha is void of all the defilement-stores, which are discrete and knowing as not liberated [or ‘apart from knowledge which does not lead to liberation’; Chang 1983: 378] . . . the Tathagatagarbha is not void of the Buddha dharmas which are nondiscrete, inconceivable, more numerous than the sands of the Ganges, and knowing
as liberated. (ibid.: 99)

[10] The Highest Truth of the Buddhas
Can be understood only by faith,
Indeed, the eyeless one cannot see
The blazing disc of the sun.
(Takasaki 1966: 296; cf. pp. 380 ff.)

No comments:

Post a Comment